အခန်း ၈၄၅
Vol. 57 Ch. 845
အခန်း (၈၄၅) - နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ၏ ကြမ်းတမ်းသော တိုက်ပွဲ
“ဂိုဏ်းချုပ်ကြီး...”
ပေရွှမ် ဂိုဏ်းမှ အကြီးအကဲများမှာ အလွန်အမင်း ထိတ်လန့် ပြာယာခတ်နေကြပြီး တိုက်ခိုက်လိုစိတ်များပင် ပျောက်ဆုံးနေတော့၏။ သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ရှင်းထျန်းကိုသာ စောင့်ကြည့်နေကြသည်။
လိန်ယွင်ခုံး၏ စွမ်းအားများက ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ရှင်းထျန်း တစ်ယောက် လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
“လိန်ယွင်ခုံး... မင်း သိပ်ပြီး မောက်မာမနေနဲ့နော်...”
အကြီးအကဲ တစ်ဦးက လိန်ယွင်ခုံးကို ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဟွန့်... မင်းတို့ကိုယ်မင်းတို့ အရင် စိုးရိမ်တာ ပိုကောင်းမယ်...”
ယဲ့ချန်ရွှေက ရက်စက်စွာ သရော်လိုက်ပြီး ထိုအကြီးအကဲကို မထီမဲ့မြင် အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သွေးအေး ရက်စက်သော သတ်ဖြတ်ချင်စိတ်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။
ဒုတိယ အကြီးအကဲ ချန်ယွင်ကလည်း အေးစက်စက် ကြွေးကြော်လိုက်သည်။
“အညံ့ခံတဲ့သူတွေကို အသက်ချမ်းသာ ပေးမယ်... မခံတဲ့သူတွေ အားလုံး ပြာကျသွားစေရမယ်...”
ပေရွှမ် ဂိုဏ်း၏ ပထမ အကြီးအကဲ မျက်နှာမှာ ဒေါသကြောင့် ပြင်းထန်စွာ တွန့်လိမ်သွားပြီး ရက်စက်စွာ ဟိန်းဟောက်လိုက်၏။
“ဒါ အရမ်းကို လွန်လွန်းနေပြီ... မင်းတို့ ငါ့ကို အစွန်းရောက်အောင် လုပ်မယ် ဆိုရင် မင်းတို့ အားလုံးကို ငါနဲ့အတူ သေရွာကို ဆွဲခေါ်သွားမယ်ကွ...”
နတ်ဘုရား ဘုရင် နန်းတော်က မည်သည့် အကြောင်းပြချက်မှ မရှိဘဲ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ပြီး အလွန်တရာ မောက်မာကာ လွှမ်းမိုးဖိနှိပ်လွန်းလှ၏။ ပေရွှမ် ဂိုဏ်းကို နည်းနည်းလေးမျှ အလေးမထားဘဲ အချိန်မရွေး အမြစ်ပြတ် ချေမှုန်းနိုင်သည့်အလား ပြုမူနေခြင်းပင်။ လိန်ယွင်ခုံး၏ မထီမဲ့မြင် ပြုမှုများက ပေရွှမ် ဂိုဏ်းမှ အကြီးအကဲများကို ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်သွားစေတော့၏။
“ရှင်းထျန်း... ဒီနန်းတော်သခင် အနေနဲ့ မင်းကို အလွယ်တကူ သတ်ပစ်လို့ ရတယ်... ဒါပေမဲ့ ပေရွှမ် ဂိုဏ်းက တပည့်တွေ အကုန်လုံး ငါ့လက်ချက်နဲ့ သေကုန်တာကို မင်း တကယ်ပဲ မျက်မြင်ကိုယ်တွေ့ ကြည့်ရက်လို့လား...”
လိန်ယွင်ခုံးက အေးစက်စွာ မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှင်းထျန်းက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး လိန်ယွင်ခုံးကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်၏။
“လိန်ယွင်ခုံး... ငါ့ရဲ့ ပေရွှမ် ဂိုဏ်းကို မင်းက အထင်သေးနေတာလား...”
မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ နံပါတ်တစ် ပညာရှင်ကြီးက တကယ်ပဲ ဒီလောက် အားနည်းနေသလား။
သေချာပေါက် မဟုတ်ပေ။
ရှင်းထျန်းက ဒဏ်ရာရထားသော်ငြား သူ၏ အရှိန်အဝါများက နည်းနည်းလေးမျှ အားနည်းသွားခြင်း မရှိချေ။
စောစောက တိုက်ပွဲမှာ သွေးပူလေ့ကျင့်ခန်း လုပ်ရုံ သက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။
လိန်ယွင်ခုံး၏ မျက်ခုံးတန်းများ အနည်းငယ် ကြုတ်ဝင်သွားပြီး ရှင်းထျန်းကို ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်၏။ ရှင်းထျန်း၏ အရှိန်အဝါများ နည်းနည်းလေးမျှ လျော့ကျသွားခြင်း မရှိသည်ကို သူ ယခုမှသာ သတိပြုမိသွားသည့်အလား ပင်ဖြစ်တော့သည်။
ရှင်းထျန်း၏ စကားများက ယဲ့ချန်ရွှေနှင့် အခြားသူများ၏ အာရုံကိုလည်း ဖမ်းစားသွားတော့၏။
ရှင်းထျန်း၏ အရှိန်အဟုန်က ရူးသွပ်စွာ မြင့်တက်လာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများ လေထုထဲသို့ ပြန့်ကျဲလာကာ ဟင်းလင်းပြင် တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
“စွမ်းအားတွေကို ဖုံးကွယ်ထားတာလား... သူ့ရဲ့ အင်မော်တယ် လက်နက် ချပ်ဝတ်က ဧရာမ ကာကွယ်ရေး စွမ်းအားတွေ ရှိနေတာပဲ... သူရထားတာက အပေါ်ယံ ဒဏ်ရာလေးတွေ သက်သက်ပဲ... တိုက်ခိုက်နိုင်စွမ်းကို လုံးဝ မထိခိုက်ဘူး...”
လိန်ယွင်ခုံးက မှတ်ချက်ချလိုက်၏။ ဒါက ရှင်းထျန်းနှင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင် တိုက်ခိုက်ဖူးခြင်း ဖြစ်ရာ ရှင်းထျန်း၏ စွမ်းအား အတိုင်းအတာကို သူ အသေအချာ မသိရှိသေးပေ။
“ဒီအဘိုးကြီးရဲ့ စွမ်းအားတွေ တိုးလာပြန်ပြီ...”
ယဲ့ချန်ရွှေက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။
“အားလုံး နောက်ဆုတ်ကြ...”
ရှင်းထျန်းက အေးစက်စက် အမိန့်ပေးလိုက်ပြီး ပေရွှမ် ဂိုဏ်းမှ အကြီးအကဲများနှင့် အစွမ်းထက် ပညာရှင်များ အားလုံးကို ဆုတ်ခွာရန် အချက်ပြလိုက်၏။
ပေရွှမ် ဂိုဏ်းမှ အကြီးအကဲ သုံးဦးနှင့် ထျန်းကျီဘုံ ပညာရှင်များ အားလုံး နောက်သို့ ဆုတ်ခွာသွားကြပြီး သူတို့၏ အံ့အားသင့်နေသော အကြည့်များက ရှင်းထျန်းထံသို့သာ စူးစိုက်နေကြတော့သည်။
“လိန်ယွင်ခုံး... မင်းက ဘာလို့ ငါ့ရဲ့ ပေရွှမ် ဂိုဏ်းကို လာတိုက်ခိုက်လဲ ဆိုတာ ငါ မသိဘူး... ဒါပေမဲ့ ငါတို့က မင်းထင်သလောက် အားနည်းမနေဘူးကွ...”
ရှင်းထျန်းက အေးစက်စွာ ပြောလိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ကြောက်မက်ဖွယ် စွမ်းအားများက မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ဖောက်ထွက်သွားတော့သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ... ဘုရားရေ... ငါ အမြင်မှားနေတာများလား... ဂိုဏ်းချုပ်ကြီးရဲ့ စွမ်းအားတွေက တိုးလာပါလား...”
“ဂိုဏ်းချုပ်ကြီးဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး တကယ်ကြီး ရှိနေတာပဲ...”
“ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို အချိန်တိုင်း ဖုံးကွယ်ထားခဲ့တာကိုး...”
ရှင်းထျန်း၏ စွမ်းအားများ နောက်တစ်ကြိမ် ရူးသွပ်စွာ ထိုးတက်သွားသည်ကို အာရုံခံမိလိုက်သည့်အခါ အကြီးအကဲ သုံးဦးနှင့် ထိပ်သီး ခေါင်းဆောင်များ အားလုံး၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့် တုန်လှုပ်မှုများက အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။
တပည့်များမှာလည်း မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြသည်။ ပေရွှမ် ဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်ငြား ရှင်းထျန်း တစ်ယောက် သူ၏ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းကို ဖုံးကွယ်ထားခဲ့ကြောင်းကို မည်သူကမျှ မသိရှိခဲ့ကြချေ။
“အဘိုးကြီး... မင်းက စွမ်းအားတွေကို တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ...”
လိန်ယွင်ခုံးက နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ သူ၏ ကိုယ်ပိုင် စွမ်းရည်အပေါ် ယုံကြည်မှု အပြည့်ဖြင့် မှတ်ချက်ချလိုက်၏။
“ဖျန်း…”
ရှင်းထျန်းက လက်နှစ်ဖက်ကို ပူးကပ်ကာ ရိုက်လိုက်ရာ ကျယ်လောင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သူနှင့် တစ်ပုံစံတည်း တူညီပြီး စွမ်းအားချင်းလည်း အတူတူပင် ဖြစ်သော ပုံရိပ်နှစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာတော့၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်ရှိ ရှင်းထျန်း သုံးယောက် တစ်ပြိုင်နက်တည်း ပေါ်လာသည့်အလား ပင်ဖြစ်တော့သည်။
“မင်းရဲ့ လမင်းကြေးမုံ ရေပြင်လှိုင်း သိုင်းကွက်က တစ်ဖက်လူကို လှည့်စားတဲ့ နေရာမှာ အလွန်တရာ အစွမ်းထက်တယ် ဆိုတာ ငါ ကြားဖူးတာ ကြာပါပြီ... ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ ကြုံခွင့်ရလို့ ကံကောင်းတာပဲ...”
လိန်ယွင်ခုံးက သရော်သော အပြုံးဖြင့် ပြောလိုက်၏။ သူ၏ တိုက်ခိုက်လိုစိတ်များက လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် ပြင်းထန်လာခဲ့၏။
စကားပြောနေစဉ်မှာပင် လိန်ယွင်ခုံးက သူ၏ အင်မော်တယ် လက်နက် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီး အစွမ်းကုန် အင်အားကို အသက်သွင်းလိုက်၏။ သူ၏ အရှိန်အဝါက တဟုန်ထိုး မြင့်တက်သွားပြီး နောက်ဆုံးတွင် နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ နဝမအလွှာသို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေတွင် ရပ်တန့်သွားတော့သည်။
ဤမျှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများကြောင့် လိန်ယွင်ခုံးကို တိုက်ကြီး၏ နံပါတ်တစ် ပညာရှင်ဟု တင်စားခေါ်ဝေါ်ကြသည်မှာ အံ့သြစရာ မရှိတော့ပေ။
“နောက်ဆုတ်ကြ...”
လိန်ယွင်ခုံးက အေးစက်စွာ အမိန့်ပေးလိုက်၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်တော့မည့် အရှိန်အဟုန်များဖြင့် ပထမဆုံး စတင် တိုက်ခိုက်တော့သည်။
"အုန်း.. အုန်း"ရှင်းထျန်း၏ ပုံရိပ် သုံးခုက ရုတ်တရက် ပျောက်ကွယ်သွားပြီး သာမန် မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် အံ့မခန်း အမြန်နှုန်းဖြင့် ရွေ့လျားသွားကြတော့၏။
"အုန်း.. အုန်း"အထက် ကောင်းကင်ယံတွင် အနက်ရောင် အရိပ်များက အချိန်မရွေး လျှပ်တစ်ပြက် ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေပြီး ဟင်းလင်းပြင် တစ်ခုလုံး ပြည့်နှက်နေသည့်အလား ပင်ဖြစ်တော့သည်။
“ဝှစ်…”
နောက်တစ်စက္ကန့်တွင် အနက်ရောင် အရိပ်တစ်ခုက လိန်ယွင်ခုံး၏ အနောက်ဘက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားပြန်၏။
တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် လိန်ယွင်ခုံးက ချက်ချင်း လှည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကံမကောင်းစွာဖြင့် သူက စက္ကန့်ဝက်ခန့် နောက်ကျသွားပြီး အနက်ရောင် အရိပ်မှာ ပျောက်ကွယ်သွားခဲ့၏။
“ဝှစ်... ဝှစ်…”
သို့သော် လိန်ယွင်ခုံး လှည့်၍ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ အနောက်ဘက်တွင် ပုံရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက် တိုက်ခိုက်တော့၏။
ပထမ တိုက်ခိုက်မှုက အလစ်အငိုက် ဖမ်းရန် သက်သက်သာ ဖြစ်ပြီး အစစ်အမှန် တိုက်ခိုက်မှုက အနောက်ဘက်မှ လာနေခြင်း ဖြစ်ကြောင်း လိန်ယွင်ခုံး သဘောပေါက်သွားသဖြင့် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူက ချက်ချင်းပင် လှည့်၍ ရင်ဆိုင်လိုက်၏။
“ဘုန်း... ဘုန်း…”
"ဝူး.. ဝူး... ဝူး"
ရက်စက်ကြမ်းကြုတ်လှသော ဝင်တိုက်မိမှုကြောင့် နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေကာ အတားအဆီးမဲ့ တဝေါဝေါ ရိုက်ခတ်သွားတော့သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ စွမ်းအား အပြည့်ရှိတဲ့ ကိုယ်ပွားတွေကို ဖန်တီးနိုင်တာ တကယ်ကို ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးပဲ...”
လိန်ယွင်ခုံးက မထီမဲ့မြင် သရော်လိုက်၏။
“မြေကမ္ဘာအဆင့် သိုင်းကွက်... ဝိညာဉ်ဖြတ် လစ်လျူရှု လက်ဝါး...”
တတိယ ပုံရိပ်က တစ္ဆေ တစ်ကောင်ပမာ ရုတ်တရက် ထွက်ပေါ်လာပြီး လိန်ယွင်ခုံးအား သိုင်းကွက် တစ်ခုဖြင့် လက်ဝါးရိုက်ချလိုက်၏။ လက်ဝါး လေပြင်းက တဝီဝီ မြည်ဟည်းနေပြီး တိုက်ခိုက်မှုမှာ အလွန်တရာ ထက်မြက်ကာ ရက်စက်ကြမ်းကြုတ်လှ၏။
“ဟွန့်... မြေကမ္ဘာအဆင့် သိုင်းကွက်လေး တစ်ခုက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မင်းက ထင်နေတာလား...”
လိန်ယွင်ခုံးက လှောင်ပြောင်လိုက်ပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ခရမ်းရောင် စွမ်းအင် ဒိုင်းကာ တစ်ခု လျင်မြန်စွာ ဖွဲ့တည်လာတော့၏။
ရှင်းထျန်း၏ တတိယ ပုံရိပ်က ညှာတာမှု ကင်းမဲ့စွာ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များ ပြန့်ကျဲလာပြီး ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
“ဒုက္ခပဲ...”
သို့သော် ရှင်းထျန်း၏ တိုက်ခိုက်မှုက လိန်ယွင်ခုံးကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့်အပြင် ကြောက်မက်ဖွယ် ပြန်ကန်အားကြောင့် သူကိုယ်တိုင်ပင် အနောက်သို့ ပစ်လွင့်သွားရ၏။
“ထွက်သွားစမ်း...”
လိန်ယွင်ခုံးက ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး ပေါက်ကွဲထွက်လာသော စွမ်းအားများကို အသက်သွင်းလိုက်ရာ အခြား ရှင်းထျန်း နှစ်ယောက်ကိုပါ တစ်ပြိုင်နက်တည်း ပစ်လွင့်သွားစေတော့သည်။
"အုန်း.. အုန်း"ရှင်းထျန်း၏ ပုံရိပ် သုံးခုစလုံး အနောက်သို့ လွင့်စင်သွားစဉ်မှာပင် သူတို့က လှုပ်ရှားမှု ပညာရပ်ကို နောက်တစ်ကြိမ် အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြပြီး ဖမ်းဆုပ်၍ မရနိုင်လောက်အောင် ဖြစ်သွားပြန်၏။
ရှင်းထျန်း၏ စွမ်းအားက လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိရုံသာမက သူ၏ လှုပ်ရှားမှု ပညာရပ်ကလည်း အလွန်တရာ အစွမ်းထက်လှသည်ဟု ဆိုရမည်ပင်။
ရှင်းထျန်း၏ ပုံရိပ် သုံးခုစလုံး ပြန်လည် ထွက်ပေါ်လာချိန်တွင် လိန်ယွင်ခုံး၏ ပတ်ပတ်လည် နေရာ သုံးခုတွင် နေရာယူထားကြပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်ကြတော့သည်။
ယ ပုံရိပ် သုံးခု၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး အလစ်အငိုက် တိုက်ခိုက်ရာတွင် လုပ်ကြံသတ်ဖြတ်သူများပမာ ကျွမ်းကျင်လှ၏။
“မင်းရဲ့ လှုပ်ရှားမှု ပညာရပ်က တကယ်ကို အထင်ကြီးစရာ ကောင်းပေမယ့်... မင်းက ဒီနန်းတော်သခင်ကို တကယ်ပဲ ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ သေချာနေတာလား...”
လိန်ယွင်ခုံးက မောက်မာစွာ ကြွေးကြော်လိုက်၏။ ရှင်းထျန်း၏ တိုက်ခိုက်မှုများကို သူက နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ လုံးဝ အလေးမထားကြောင်း ထင်ရှားလှ၏။
ပုံရိပ် သုံးခု၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုများက လိန်ယွင်ခုံး၏ စွမ်းအင် ဒိုင်းကာကို တစ်ပြိုင်နက်တည်း ဝင်ရောက် ထိုးနှက်သွားကြရာ အထက် ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံပမာ ပေါက်ကွဲသံများ နောက်တစ်ဖန် ပဲ့တင်ထပ်လာပြန်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ပညာရှင် သုံးဦး၏ ပေါင်းစပ် အင်အားကြီးမှာ အလွန်တရာ ကြောက်စရာ ကောင်းလွန်းလှ၏။
“ဘာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ရှင်းထျန်းကို အလွန်အမင်း အံ့အားသင့်သွားစေသည့် အရာမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ စွမ်းအား သုံးခု ပေါင်းစပ် တိုက်ခိုက်လိုက်သည့်တိုင် လိန်ယွင်ခုံး၏ စွမ်းအင် ဒိုင်းကာကို မချိုးဖျက်နိုင်ခဲ့ခြင်းပင်။ လိန်ယွင်ခုံးကို ဒဏ်ရာရစေရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။
ရှင်းထျန်း၏ မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ အပြည့်အဝ ဖုံးလွှမ်းနေတော့၏။
“ရှင်းထျန်း... မင်းနဲ့ စွမ်းအားချင်း အတူတူပဲ ဖြစ်တဲ့ ကိုယ်ပွားတွေကို မင်း ဖန်တီးနိုင်ရင်တောင်မှ... ငါ့ကိုတော့ ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး...”
လိန်ယွင်ခုံးက မာနထောင်လွှားစွာ ကြွေးကြော်လိုက်တော့သည်။
--