← Chapters

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း (၈၄၇) - အစွမ်းထက် အကူအညီ

“ပေရွှမ် ဂိုဏ်းချုပ်ကြီး ရှင်းထျန်း... သွားရမယ့် အချိန် ရောက်ပြီ...”

လိန်ယွင်ခုံး၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ မျက်လုံးများထဲတွင် ထက်မြက်စူးရှသော သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ပြည့်နှက်နေတော့၏။

“လိန်ယွင်ခုံး... ရပ်လိုက်စမ်း...”

မြောက်ဘက် ဆန်းကြယ် နယ်မြေမှ အကြီးအကဲ တစ်ဦးက ပြာယာခတ်စွာ အော်ဟစ်လိုက်ပြီး အကြီးအကဲ သုံးဦးက အရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားကြတော့သည်။

“လိန်ယွင်ခုံး...တိုက်ခိုက်ရဲ တိုက်ခိုက်ကြည့်လေ... ပေရွှမ် ဂိုဏ်းက မင်းနဲ့ အသေအလဲ တိုက်ပွဲဝင်ဖို့ ဝန်မလေးဘူး...”

အကြီးအကဲ တစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ အိုမင်းသော မျက်နှာမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်နေတော့၏။

အကြီးအကဲ သုံးဦးကို ထက်မြက်စူးရှသော အကြည့်များဖြင့် စူးစိုက်ကြည့်ရင်း လိန်ယွင်ခုံးက သရော်လိုက်သည်။

“မင်းတို့လို ကောင်တွေကများ... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ...”

စကားသံ အဆုံးတွင် လိန်ယွင်ခုံးက နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားမတတ် ကြောက်မက်ဖွယ် ခရမ်းရောင် စွမ်းအင် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်လာတော့၏။

ထိုစွမ်းအင်၏ ပြင်းထန်မှုက လူတိုင်းကို မျှော်လင့်ချက် ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

“ဖူး... ဖူး... ဖူး…”

အကြီးအကဲ သုံးဦးမှာ ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ဘဲ အပြည့်အဝ တိုက်ခိုက်ခံလိုက်ရ၏။ ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် သူတို့ သုံးဦးစလုံး သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်ကာ အနောက်သို့ အကြမ်းပတမ်း လွင့်စင်သွားကြပြီး အနက်ရောင် မြားတန်းများပမာ ဟင်းလင်းပြင်ထဲသို့ ပစ်ထွက်သွားကြတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဖြူဖျော့နေသော ရှင်းထျန်းမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အားယူကာ အော်ဟစ်လိုက်၏။

“လိန်ယွင်ခုံး...”

“အကြီးအကဲတို့...”

မြောက်ဘက် ဆန်းကြယ် နယ်မြေမှ တပည့်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေကြတော့သည်။

“ပြီးသွားပြီ... ငါတို့ရဲ့ ပေရွှမ် ဂိုဏ်းတော့ ပြီးသွားပြီ... နတ်ဘုရား နန်းတော်က ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ငါတို့ကို ရုတ်တရက် လာတိုက်ခိုက်ရတာလဲ...”

ဇီချုံ နတ်သမီးမှာ လုံးဝ စိတ်ပျက်အားငယ်သွားပြီး ဤမျှ အစွမ်းထက်သော ပြိုင်ဘက်ကို ရင်ဆိုင်ရန် ခုခံလိုစိတ်ပင် ပျောက်ဆုံးနေတော့၏။

သူမ ခံစားနေရသည်က အကူအညီမဲ့နေသော ခံစားချက် သက်သက်သာ ဖြစ်သည်။

လိန်ယွင်ခုံးက အကြီးအကဲ သုံးဦးကို တိုက်ခိုက်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်း ယူ၍ ရှင်းထျန်းက လက်ဝါး အရွယ်အစားခန့်ရှိ အင်းကွက် တစ်ခုကို အလျင်အမြန် ထုတ်ယူကာ သူ၏ အစစ်အမှန်ယွမ်များကို ထည့်သွင်းလိုက်တော့၏။

“ဆင့်ခေါ်တဲ့ အင်းကွက်လား...”

လှုပ်ရှားမှုကို သတိပြုမိသွားသည့် လိန်ယွင်ခုံး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မှောင်မိုက်သွားတော့သည်။

လိန်ယွင်ခုံးက အေးစက်စွာ ပြောလိုက်၏။

“လာပြီး အသေခံဖို့ လူတွေကို မင်းက ခေါ်နေတာလား...”

ဒဏ်ရာအပြင်းအထန် ရရှိထားသော ရှင်းထျန်းက ပြန်လည် မဖြေကြားဘဲ အသက်ကို ပြင်းပြင်း ရှူရှိုက်ရင်း လိန်ယွင်ခုံးကိုသာ ရက်စက်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေတော့၏။

ဝူကျိနယ်မြေရှိ အင်မော်တယ် လက်နက် စံအိမ် အတွင်း၌...

ကျင့်ကြံနေဆဲ ဖြစ်သော ချီယွမ်မှာ ရုတ်တရက် သတင်းစကား တစ်ခုကို လက်ခံရရှိလိုက်ပြီး သူ၏ မျက်နှာအမူအရာက ဆိုးရွားစွာ ပြောင်းလဲသွားတော့သည်။

“နတ်ဘုရား နန်းတော်က မြောက်ဘက် ဆန်းကြယ် နယ်မြေကို တိုက်ခိုက်နေတယ် ဟုတ်လား...”

ချီယွမ်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး ထိုသတင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။

နတ်ဘုရား နန်းတော်က အဘယ်ကြောင့် မြောက်ဘက် ဆန်းကြယ် နယ်မြေကို ရုတ်တရက် တိုက်ခိုက်ရသနည်း။

“တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ... မြောက်ဘက် ဆန်းကြယ် နယ်မြေနဲ့ နတ်ဘုရား နန်းတော်က အမြဲတမ်း ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတာကို... လိန်ယွင်ခုံးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

ချီယွမ်မှာ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေသော်ငြား ဆက်လက်၍ တွေးတောနေရန် အချိန်မရှိတော့ချေ။

ကျင့်ကြံခြင်းမှ ချက်ချင်း ထွက်လာပြီးနောက် ချီယွမ်က အစောင့်အရှောက်များနှင့် အကြီးအကဲများထံသို့ သတင်းစကားများ အလျင်အမြန် ပေးပို့လိုက်တော့သည်။

“ကျန်းမိသားစု ခေါင်းဆောင်... နတ်ဘုရား နန်းတော်က မြောက်ဘက် ဆန်းကြယ် နယ်မြေကို တိုက်ခိုက်နေတယ်... သူတို့ကို ကူညီဖို့ ငါတို့ အခုချက်ချင်း သွားရမယ်...”

လှုပ်ရှားနေစဉ်မှာပင် ချီယွမ်က ကျန်းဝူဟန်ထံသို့ အလောတကြီး ဆက်သွယ်လိုက်၏။

ကျန်းမိသားစု နန်းတော် အတွင်း၌ ကျန်းဝူဟန်သည်လည်း ထိုသတင်းကို ရရှိလိုက်သည့်အခါ အလွန်အမင်း အံ့အားသင့်သွားပြီး လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။

ကျန်းဝူဟန်က ကျန်းမိသားစုမှ အစွမ်းထက် ပညာရှင်များကို ဦးဆောင်ကာ မြောက်ဘက် ဆန်းကြယ် နယ်မြေဆီသို့ အပြေးအလွှား ထွက်ခွာသွားကြတော့၏။

အချိန်တိုလေး အတွင်းမှာပင် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုမှ အစွမ်းထက် ပညာရှင်များ အားလုံး စုရုံးကာ မြောက်ဘက် ဆန်းကြယ် နယ်မြေဆီသို့ အလျင်စလို ထွက်ခွာသွားကြ၏။

မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အထက် ကောင်းကင်ယံတွင် လိန်ယွင်ခုံးက ချက်ချင်း တိုက်ခိုက်ရန် အလောတကြီး မဖြစ်နေပေ။ ရှင်းထျန်း အနေဖြင့် မည်သို့သော အစွမ်းထက် ပညာရှင်များကို ဆင့်ခေါ်မည်နည်း ဆိုသည်ကို သူ အမှန်တကယ် သိချင်နေမိ၏။

ပေရွှမ် ဂိုဏ်းမှ လူများကလည်း သူတို့ကို ကူညီရန် ရှင်းထျန်း မည်သူ့ကို ဆင့်ခေါ်လိုက်သနည်း ဆိုသည်ကို အလွန်အမင်း သိချင်နေကြသည်။ လိန်ယွင်ခုံးကို တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပညာရှင်ဟု သတ်မှတ်ထားကြရာ သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူကို သူတို့ လုံးဝ စဉ်းစား၍ မရနိုင်ချေ။

“ဒီအဘိုးကြီးက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ပညာရှင်တွေကို ခေါ်တာကလွဲရင် တခြား ဘယ်သူ့ကို ခေါ်နိုင်မှာလဲ...”

ဟု ချန်ယွင်က မထီမဲ့မြင် သရော်လိုက်၏။

ရှင်းထျန်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်ရာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ပညာရှင်များ ရောက်လာလျှင်တောင်မှ သိပ်ပြီး စိုးရိမ်စရာ အကြောင်း မရှိတော့ချေ။

သူတို့ စိုးရိမ်နေသည်မှာ ရှင်းထျန်းနှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျောင်းအုပ်ကြီးတို့ ပူးပေါင်းသွားမည်ကိုပင်။ အကယ်၍ ထိုနှစ်ဦးသာ ပူးပေါင်းလိုက်ပါက လိန်ယွင်ခုံး အနေဖြင့် သူတို့ကို အမှန်တကယ် အနိုင်မယူနိုင် ဖြစ်သွားနိုင်သည်။

"အုန်း.. အုန်း"

"ဝူး.. ဝူး... ဝူး"

မကြာမီမှာပင် ဝေးကွာသော ကောင်းကင်ယံဆီမှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလာသော ပြင်းထန်သည့် အသံများ ထွက်ပေါ်လာတော့၏။ သို့သော် ထိုအသံများ လာရာ လမ်းကြောင်းက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ရှိရာဘက်မှ မဟုတ်ပေ။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ပညာရှင်တွေ မဟုတ်ဘူးလား... ဒါ ဘယ်လမ်းကြောင်းက လာတာလဲ...”

“နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အထွတ်အထိပ်... ဝူကျိနယ်မြေ ကများလား...”

“ချီယွမ်ရဲ့ အရှိန်အဝါပဲ... ပြီးတော့ ကျန်းဝူဟန်နဲ့ တခြားသူတွေရဲ့ အရှိန်အဝါတွေရော... အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုက လူတွေပဲ..”

နတ်ဘုရား ဘုရင် နန်းတော်မှ အကြီးအကဲ သုံးဦးစလုံးမှာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြတော့၏။ အလွန်တရာ အစွမ်းထက်လှသော ဝူကျိနယ်မြေမှ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့ ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

“မိတ်ဆွေဟောင်းတွေကိုး...”

လိန်ယွင်ခုံးက နည်းနည်းလေးမျှ တုန်လှုပ်မသွားဘဲ သူ၏ နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့၏။

မကြာမီမှာပင် ချီယွမ် ဦးဆောင်သော ဧရာမ အင်အားစုကြီး နှစ်ခုမှ အစွမ်းထက် ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပြီး သူတို့၏ ကြီးစိုးသော အရှိန်အဝါများ ဖိစီးလာတော့သည်။

“ဝူကျိနယ်မြေက အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုက အစွမ်းထက် ပညာရှင်တွေပါလား...”

“သိပ်ကောင်းတာပဲ... ငါတို့ လွတ်ပြီ... ပေရွှမ် ဂိုဏ်း ကယ်တင်ခံလိုက်ရပြီကွ...”

“အင်မော်တယ် လက်နက် စံအိမ်ရဲ့ စံအိမ်သခင်နဲ့ ကျန်းမိသားစုရဲ့ ခေါင်းဆောင်ဟောင်းတို့ ရောက်လာကြပြီဟေ့...”

ချီယွမ်နှင့် ကျန်းဝူဟန်တို့ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အသက်ကယ်ကြိုး တစ်ချောင်းကို ဆွဲကိုင်မိသွားသည့်အလား ပေရွှမ် ဂိုဏ်းမှ တပည့်များ အားလုံး စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် အော်ဟစ် အောင်ပွဲခံလိုက်ကြသည်။ ပျော်ရွှင်လွန်း၍ မျက်ရည်များပင် ကျလာကြတော့၏။

ကောင်းကင်ဘုံမှနေ၍ ငရဲပြည်သို့ ကျဆင်းသွားပြီးနောက် ငရဲပြည်မှနေ၍ ကောင်းကင်ဘုံသို့ ပြန်လည် တက်လှမ်းခွင့် ရရှိသွားသည့် ပျော်ရွှင်မှုကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်တော့ပေ။

“ချီယွမ်... ကျန်းမိသားစု ခေါင်းဆောင်... မတွေ့ရတာ ကြာပြီနော်... အားလုံး အဆင်ပြေကြတယ် မဟုတ်လား...”

လိန်ယွင်ခုံးက သူ၏ ထက်မြက်စူးရှသော အကြည့်များကို ချီယွမ်ထံသို့ စူးစိုက်ကြည့်ရင်း မာနထောင်လွှားစွာဖြင့် အေးစက်စက် သရော်လိုက်၏။

ချီယွမ်က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး မောက်မာနေသော လိန်ယွင်ခုံးကို ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဒဏ်ရာအပြင်းအထန် ရရှိထားသော ရှင်းထျန်းထံသို့ အကြည့်ကို ပြောင်းလိုက်၏။

“အကြီးအကဲ ရှင်း... ခင်ဗျား အဆင်ပြေရဲ့လား...”

ကျန်းဝူဟန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ငါ အဆင်ပြေပါတယ်...”

ရှင်းထျန်းက ခေါင်းခါယမ်းပြရင်း အားယူကာ ဖြေကြားလိုက်၏။

ကျန်းဝူဟန်က ဆက်မေးလိုက်သည်။

“တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ...”

“လိန်ယွင်ခုံးက ကျုပ်တို့ကို သူ့လက်အောက် အညံ့ခံခိုင်းနေတာ...”

ပေရွှမ် ဂိုဏ်းမှ ခန်းမဆောင်သခင် တစ်ဦးက ဒေါသတကြီး ဝင်ရောက် ဖြေကြားလိုက်၏။

“ဟွန့်... လောဘကတော့ တော်တော် ကြီးတာပဲ...”

ချီယွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“စကားပြောတာ တော်လောက်ပြီ... မင်းတို့ ရောက်လာတာလည်း အတော်ပဲ... ဒီနေ့ ဒီနန်းတော်သခင်က မင်းတို့ အားလုံးကို တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းပေးမယ်... အညံ့မခံတဲ့သူ မှန်သမျှ သေရမယ်...”

လိန်ယွင်ခုံးက မာနထောင်လွှားစွာ ကြွေးကြော်လိုက်ရာ သူ၏ အေးစက်သော အသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားတော့၏။ ချီယွမ်နှင့် ကျန်းဝူဟန်တို့ ပူးပေါင်းပြီး သူ့ကို ရင်ဆိုင်မည် ဆိုလျှင်တောင်မှ သူက နည်းနည်းလေးမျှ မတွန့်ချေ။

“ဟုတ်လား... ဘယ်သူက အညံ့ခံရမလဲ ဆိုတာ စောင့်ကြည့်ကြသေးတာပေါ့...”

ကျန်းထျန်းယွင်က ရက်စက်စွာ တုံ့ပြန်လိုက်၏။

“ဂိုဏ်းချုပ် ရှင်းထျန်း... ခင်ဗျားရဲ့ ဒဏ်ရာတွေကို အရင် ကုသလိုက်ပါဦး... ဒီနေရာကို ကျုပ်နဲ့ ကျန်းမိသားစု ခေါင်းဆောင်ကိုသာ လွှဲထားလိုက်ပါ...”

ချီယွမ်က လေးနက်စွာ ပြောလိုက်ပြီး နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။

ရှင်းထျန်းက ခေါင်းညိတ်ပြရင်း သတိပေးလိုက်၏။

“သတိထားကြပါ... လိန်ယွင်ခုံးရဲ့ ကနဦး ဖရိုဖရဲ စွမ်းအားက အလွန်တရာ ကြောက်စရာ ကောင်းတယ်...”

“အဆုံးမဲ့ စွမ်းအား ဟုတ်လား...”

ကျန်းဝူဟန်၏ မျက်ခုံးတန်းများ အနည်းငယ် ကြုတ်ဝင်သွားပြီး သူ၏ မျက်နှာအမူအရာမှာ ပိုမို လေးနက် တင်းမာလာတော့သည်။

"ဝူး.. ဝူး... ဝူး"

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ချီယွမ်က အဆင့်မြင့် အင်မော်တယ် လက်နက် နှစ်ခုကို ဆက်တိုက် ထုတ်ယူလိုက်ရာ သူ၏ စွမ်းအားများက ရူးသွပ်စွာ ထိုးတက်သွားပြီး အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါက ပတ်ဝန်းကျင်ရှိ လေထုကိုပင် ကြပ်တည်းသွားစေတော့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ချီယွမ်၏ အရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်သို့ ရောက်ရှိသွားပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ကျန်းဝူဟန်ကလည်း သူ၏ အစစ်အမှန်ယွမ်များကို အစွမ်းကုန် အသက်သွင်းနေ၏။ အဆင့်မြင့် အင်မော်တယ် လက်နက်များကို ဆင့်ခေါ်လိုက်ရာ သူ၏ အရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အဆင့်သို့ တက်လှမ်းသွားတော့သည်။

ပြန်လည် လင်းလက်စ ပြုနေသော ဟင်းလင်းပြင်ကြီးမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်တစ်ကြိမ် ပြိုကျ ပျက်စီးသွားပြန်ပြီး ပတ်လည် ကျန်းသောင်းချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံး မှောင်မိုက်ကာ ဖရိုဖရဲ ဖြစ်သွား၏။

မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အင်အားစု အသီးသီးမှာ ပိုမို ပြာယာခတ်လာကြပြီး ဆက်နေပါက ကြောက်မက်ဖွယ် ရိုက်ခတ်မှုများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်သဖြင့် အများအပြားမှာ အခြား နယ်မြေများသို့ စတင် ထွက်ပြေးနေကြပြီပင်။

“မင်းတို့ရဲ့ ကျင့်ကြံခြင်းက တကယ်ပဲ နည်းနည်းတော့ တိုးတက်လာတာပဲ... လာစမ်း... မင်းတို့ဆီမှာ ဘာအစွမ်းတွေ ရှိလဲ ဆိုတာ ငါ့ကို သေချာ ပြစမ်းပါဦး...”

လိန်ယွင်ခုံးက မာနထောင်လွှားစွာ ကြွေးကြော်လိုက်၏။ သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေတော့သည်။

“ဘုန်း... ဘုန်း…”

ချီယွမ်နှင့် ကျန်းဝူဟန်တို့က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဧရာမ အရှိန်အဟုန်များဖြင့် တစ်ပြိုင်နက်တည်း တဟုန်ထိုး ပြေးဝင်သွားကြတော့၏။

လိန်ယွင်ခုံးကလည်း အလျှော့မပေးဘဲ သူ၏ စွမ်းအားများကို ပေါက်ကွဲထွက်လာစေသည်။ အမြန်နှုန်းတွင် ဖြစ်စေ၊ စွမ်းအားတွင် ဖြစ်စေ၊ အရှိန်အဝါတွင် ဖြစ်စေ ချီယွမ်နှင့် ကျန်းဝူဟန် နှစ်ဦးစလုံးကို သူက အပြည့်အဝ လွှမ်းမိုး ဖိနှိပ်ထားတော့၏။

"ဝူး.. ဝူး... ဝူး"

ရက်စက်ကြမ်းကြုတ်လှသော အသေအလဲ တိုက်ပွဲကြီး စတင်လာ၏။ ကြောက်မက်ဖွယ် ဝင်တိုက်မိမှုများက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး အဖျက်စွမ်းအား လှိုင်းဂယက်များက ဒေါသတကြီး ရိုက်ခတ်နေသော ရေလှိုင်းကြီးများပမာ တစ်ခုပြီးတစ်ခု အတားအဆီးမဲ့ တဝေါဝေါ ရိုက်ခတ်နေတော့သည်။

တိုက်ကြီး တစ်ခုလုံးရှိ အထွတ်အထိပ် ပညာရှင်များ၏ ဤတိုက်ပွဲကြီးမှာ အမှန်တကယ်ပင် အသက်ရှူမှားလောက်အောင် ခမ်းနား ကြီးကျယ်လှပေတော့၏။

--

All Chapters