← Chapters

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း (၈၄၉) - အနိုင်ရရန် အခွင့်အရေး မရှိခြင်း

"ဒဏ်ရာ နည်းနည်းလေးတောင် မရဘူးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လိန်ယွင်ခုံး၏ မာနထောင်လွှားသော သရော်သံကို ကြားလိုက်ရသဖြင့် သူသည် ကြောက်မက်ဖွယ် စွမ်းအားများ၏ ထိခိုက်မှုကို လုံးဝ မခံရကြောင်း ရှင်းလင်းစွာ သိသာနေ၏။ ထိုအချက်က ချီယွမ်၏ မျက်နှာအမူအရာကို အလိုအလျောက် တောင့်တင်းသွားစေတော့သည်။

"သူ့ရဲ့ စိန်ခန္ဓာကိုတောင် မချိုးဖျက်နိုင်ဘူးလား"

ကျန်းဝူဟန်လည်း အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

လိန်ယွင်ခုံးက အလွန်တရာ အစွမ်းထက်ကြောင်း ချီယွမ်နှင့် ကျန်းဝူဟန် နှစ်ဦးစလုံးက အခြားသူများထက် ပိုမို သိရှိထားကြ၏။ သို့သော် သူတို့၏ စွမ်းအားများက လိန်ယွင်ခုံးကို ဒဏ်ရာရအောင် မလုပ်နိုင်ခြင်းက သူတို့အတွက် လက်ခံရန် အလွန်တရာ ခက်ခဲနေတော့သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ လိန်ယွင်ခုံး၏ စွမ်းအင် ဒိုင်းကာကိုပင် သူတို့ မချိုးဖျက်နိုင်ခြင်း ဖြစ်၏။

အံ့အားသင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော လူတိုင်း၏ အကြည့်များက ကောင်းကင်ယံရှိ ပေါက်ကွဲမှု ဗဟိုချက်ဆီသို့ စူးစိုက်နေကြ၏။ မျက်တောင်ပင် မခတ်ရဲကြဘဲ ခမ်းနားသော မြင်ကွင်း တစ်ခုခုကို လက်လွတ်သွားမည်ကို စိုးရိမ်နေကြတော့သည်။ ကောင်းကင်ယံရှိ စွမ်းအင် လှိုင်းဂယက်များနှင့် ပေါက်ကွဲမှု ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားချိန်တွင် မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်း တစ်ခု ပြန့်ကျဲလာပြီး ခရမ်းရောင် စွမ်းအင် ဒိုင်းကာ တစ်ခုကို မြင်တွေ့လိုက်ရ၏။

စွမ်းအင် ဒိုင်းကာ အတွင်း၌ ရှိနေသူမှာ လိန်ယွင်ခုံး ကိုယ်တိုင်ပင်။ လိန်ယွင်ခုံး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ အနည်းငယ်မျှပင် မရှိသလို စွမ်းအင် ဒိုင်းကာပေါ်တွင်လည်း အက်ကွဲကြောင်း တစ်ခုမျှ မရှိခဲ့ချေ။

ဆိုလိုသည်မှာ ချီယွမ်နှင့် ကျန်းဝူဟန်တို့၏ ရူးသွပ်သော တိုက်ခိုက်မှုများက လိန်ယွင်ခုံး၏ စွမ်းအင် ဒိုင်းကာကို တုန်လှုပ်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ထင်ရှားနေ၏။

နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အဆင့်ရှိသော ကျန်းဝူဟန် အနေဖြင့် လိန်ယွင်ခုံးကို မထိခိုက်နိုင်သည်မှာ သဘာဝကျသော်ငြား ချီယွမ်မှာ ထိုသို့ မဟုတ်ပေ။ ကြီးစိုးသော နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ စွမ်းအားကို ပိုင်ဆိုင်ထားပြီး အင်မော်တယ် သိုင်းကွက်ကိုပါ အသုံးပြုခဲ့ရာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေသင့်သော်လည်း လိန်ယွင်ခုံး၏ စွမ်းအင် ဒိုင်းကာကို မချိုးဖျက်နိုင်ခဲ့ချေ။ အလွန်တရာ ကြီးမားလှသော စွမ်းအား ကွာခြားချက်ပင်တည်း။

"ဒဏ်ရာ နည်းနည်းလေးတောင် မရဘူးလား"

ကျန်းထျန်းယွင်က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်၏။ ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားခဲ့သော်ငြား မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားရဆဲပင်။

"လိန်ယွင်ခုံးရဲ့ စွမ်းအားက ငါတို့ တွေးထားတာထက် အများကြီး ပိုပြီး ကြီးမားနေတယ်"

ရှင်းထျန်းက မျက်မှောင်ကြုတ်လျက် မှတ်ချက်ချလိုက်သည်။

ပေရွှမ် ဂိုဏ်းမှ ထိပ်သီး ခေါင်းဆောင်များနှင့် သောင်းနှင့်ချီသော တပည့်များမှာ လုံးဝ ဆွံ့အ မှင်သက်နေကြပြီး သူတို့၏ ရင်ထဲတွင် ဧရာမ မုန်တိုင်းကြီး တစ်ခု တဝေါဝေါ ရိုက်ခတ်နေတော့၏။ ယင်းနှင့် ဆန့်ကျင်ဘက် နတ်ဘုရား ဘုရင် နန်းတော်မှ ထိပ်သီး ခေါင်းဆောင်များနှင့် အစွမ်းထက် ပညာရှင်များ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာရွှင်မြူးသော အပြုံးများ အတိုင်းသား ပေါ်လွင်နေပြီး အပျက်အစီးကို အားရပါးရ ငေးကြည့်နေကြတော့သည်။

အထက် ကောင်းကင်ယံတွင် လိန်ယွင်ခုံးက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ စွမ်းအင် ဒိုင်းကာကို ရုပ်သိမ်းလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မာနထောင်လွှားသော အေးစက်စက် အပြုံးတစ်ခု ဖုံးလွှမ်းနေပြီး ခပ်ဟဟ ပြောလိုက်သည်။

"မင်းတို့ဆီမှာ တခြား သိုင်းကွက်တွေ ကျန်သေးရင်လည်း အကုန် ထုတ်သုံးလိုက်စမ်းပါ... ဒီနန်းတော်သခင်က အခွင့်အရေး မပေးဘူးလို့တော့ မပြောနဲ့နော်"

လိန်ယွင်ခုံး၏ ထက်မြက်စူးရှသော အကြည့်များက ချီယွမ်နှင့် ကျန်းဝူဟန်တို့ထံသို့ စူးစိုက်သွားပြီး ဆက်ပြောလိုက်၏။

"တိုက်ကြီးပေါ်မှာ အစွမ်းအထက်ဆုံး လက်နက်သွန်းလုပ်ရေး ပညာရှင်တွေ အနေနဲ့ မင်းတို့ သိတဲ့ အစွမ်းထက် ပညာရှင်တွေ အများကြီး ရှိမှာပဲ... သူတို့ကိုလည်း ခေါ်ချင်ရင် ခေါ်လိုက်ပါ"

"အကြီးအကဲ ရှင်း ဒဏ်ရာအပြင်းအထန် ရသွားတာ တကယ်ကို နှမြောစရာပဲ... မဟုတ်ရင် ငါတို့ သုံးယောက် ပူးပေါင်းလိုက်ရင် သူ့ကို သေချာပေါက် ဒဏ်ရာရအောင် လုပ်နိုင်မှာ..."

ကျန်းဝူဟန်က မျက်မှောင်ကြုတ်ရင်း ဒေါသတကြီး ရေရွတ်လိုက်သည်။ သူတို့ နှစ်ယောက်တည်းဖြင့် လိန်ယွင်ခုံးကို လုံးဝ မယှဉ်နိုင်ကြောင်း သူ ကောင်းကောင်းကြီး သိရှိနေ၏။

"ကျန်းဝူဟန်... မင်းရဲ့ စွမ်းအားတွေကို ငါ့ဆီ ခဏလွှဲပေး"

ချီယွမ်က လေးနက်သော အသံဖြင့် တောင်းဆိုလိုက်သည်။

ကျန်းဝူဟန်မှာ အနည်းငယ် လန့်ဖြတ်သွားသော်ငြား မည်သည့် မေးခွန်းမျှ ထပ်မမေးတော့ချေ။ သူက ချီယွမ်၏ အနောက်ဘက်သို့ အလျင်အမြန် နေရာယူလိုက်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားများကို ချီယွမ်၏ ခန္ဓာကိုယ် အတွင်းသို့ စတင် ထည့်သွင်းလိုက်တော့သည်။ ကျန်းဝူဟန် အနေဖြင့် သူ၏ စွမ်းအားက လိန်ယွင်ခုံးကို မယှဉ်နိုင်ကြောင်း သိရှိထားရာ သူ၏ စွမ်းအားများကို ချီယွမ်ထံသို့ ပေးအပ်လိုက်ခြင်းက အနိုင်ရရန် အခွင့်အရေး ပိုများစေမည် ဖြစ်၏။

ချီယွမ်က သူ၏ ဘယ်ဘက်လက်ကို ဓားပုံစံ ကွေးညွတ်ကာ နဖူးပေါ်တွင် တင်လိုက်ပြီး သူ၏ သိုင်းဝိညာဉ် စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်တော့၏။

ဝီ...

ချီယွမ်၏ နဖူးမှနေ၍ ကြောက်မက်ဖွယ် သိုင်းဝိညာဉ် စွမ်းအားများ ပြန့်ကျဲလာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။ မျက်စိကျိန်းမတတ် တောက်ပသော အပြာရောင် အလင်းတန်းများက ကျယ်ဝန်းလှသော ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွား၏။

"သိုင်းဝိညာဉ် စွမ်းအား ဟုတ်လား"

လိန်ယွင်ခုံးက အေးစက်စက် ပြုံးကာ သရော်လိုက်၏။ သူက နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေသည့်ဟန် မရှိချေ။

သိုင်းဝိညာဉ် စွမ်းအားနှင့် ကျန်းဝူဟန်၏ စွမ်းအားများ ပေါင်းစပ်သွားသည့်အခါ ချီယွမ်၏ အရှိန်အဝါက နောက်တစ်ကြိမ် ရူးသွပ်စွာ ထိုးတက်သွားတော့၏။ သူ၏ စွမ်းအားများက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ အဆက်မပြတ် တက်လှမ်းနေ၏။

"ဒီစွမ်းအားက တကယ်ပဲ မဆိုးဘူး..."

လိန်ယွင်ခုံးက မာနထောင်လွှားစွာ ရယ်‌လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ကနဦး ဖရိုဖရဲ စွမ်းအားရဲ့ တကယ့် ကြောက်စရာကောင်းတဲ့ အင်အားကို မင်းကို ငါ ပြရသေးတာပေါ့..."

စကားပြောနေစဉ်မှာပင် ကနဦး ဖရိုဖရဲ စွမ်းအားများက စတင် လှုပ်ရှားလာတော့၏။

လိန်ယွင်ခုံး၏ ခန္ဓာကိုယ်မှ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တောက်ပသော ခရမ်းရောင် အလင်းတန်းများက ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားတော့သည်။ ဧရာမ ကြောက်မက်ဖွယ် စွမ်းအင်က လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် ရိုက်ခတ်လာရာ လူတိုင်းကို ပြန်လည် ခုခံနိုင်စွမ်း ကင်းမဲ့သွားစေတော့၏။

"ဝူး.. ဝူး... ဝူး"

ကြောက်မက်ဖွယ် လေလှိုင်းကြီးများက ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေပြီး ဒေါသတကြီး ရိုက်ခတ်နေသော ရေလှိုင်းကြီးများပမာ လိမ့်တက်လာတော့သည်။ ရှေးဟောင်း စွမ်းအား၏ ကြောက်မက်ဖွယ် အရှိန်အဟုန်က ထိုနေရာရှိ လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်သွားစေတော့၏။

"ချီယွမ်... မင်းဆီမှာ တခြား လျှို့ဝှက်ချက်တွေ ကျန်သေးရင်လည်း အခု အကုန် ထုတ်သုံးလိုက်တော့... ဒီနန်းတော်သခင်က မင်းအတွက် အမြဲတမ်း အသင့်ပဲ..."

လိန်ယွင်ခုံးက မောက်မာစွာ ကြွေးကြော်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် ပြုမှုများက အတိုင်းသား ပေါ်လွင်နေတော့သည်။

“ဘုန်း…”

ချီယွမ်၏ အရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်မှာပင် ဟင်းလင်းပြင်ကို အားကုန် နင်းလိုက်ရာ မိုးခြိမ်းသံပမာ ပေါက်ကွဲသံ ထွက်ပေါ်လာတော့၏။ သူ၏ လက်ထဲရှိ အင်မော်တယ် လက်နက် ဓားက အပြာရောင် လျှပ်စီးတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် တဟုန်ထိုး ပစ်ထွက်သွားတော့သည်။

"ဒီနန်းတော်သခင်ရဲ့ ဓားသိုင်းကလည်း မင်းထက်တော့ နိမ့်ကျနေမှာ မဟုတ်ဘူး..."

လိန်ယွင်ခုံးက အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် ဟင်းလင်းပြင်ထဲသို့ လက်လှမ်းကာ ဆုပ်ကိုင်လိုက်ရာ အနက်ရောင် ရှည်လျားသော ဓားတစ်လက် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာတော့၏။

ဓားသွားကို လှည့်လိုက်ရာ အေးစက်သော အလင်းတန်းများ ဖြာထွက်လာပြီး အံ့မခန်း ဓားအရှိန်အဝါ ပြန့်ကျဲလာတော့သည်။

"အဆင့်မြင့် အင်မော်တယ် လက်နက်ပါလား..."

ချီယွမ်၏ မျက်နှာမှာ အနည်းငယ် မှောင်မိုက်သွား၏။ လိန်ယွင်ခုံး တစ်ယောက် အစကတည်းက သူ၏ အစွမ်းကုန် အင်အားကို မသုံးရသေးကြောင်း ချီယွမ် ရှင်းလင်းစွာ ရိပ်စားမိလိုက်ခြင်းပင်။

"လိန်ယွင်ခုံးရဲ့ အရှိန်အဝါတွေက အများကြီး တိုးလာပြန်ပြီ..."

ရှင်းထျန်းက စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။ လိန်ယွင်ခုံး၏ အရှိန်အဝါများ တိုးလာခြင်းက သူတို့အတွက် အလွန်တရာ ဆိုးရွားသော အခြေအနေပင်။ ပေရွှမ် ဂိုဏ်းမှ ထိပ်သီး ခေါင်းဆောင်များနှင့် သောင်းနှင့်ချီသော တပည့်များ အားလုံး အလွန်အမင်း တင်းမာလာပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့၏။

“ဝှစ်…”

"ဝူး.. ဝူး... ဝူး"

လိန်ယွင်ခုံးကလည်း အလျှော့မပေးဘဲ တဟုန်ထိုး ပြေးဝင်သွားတော့၏။ သူ၏ ဧရာမ အရှိန်အဟုန်ကြောင့် သူ ဖြတ်သန်းသွားသော ဟင်းလင်းပြင် တစ်လျှောက် တဝီဝီ မြည်ဟည်းနေတော့သည်။

"ဝူး.. ဝူး... ဝူး"

ကြမ်းတမ်းသော တိုက်ပွဲကြီး နောက်တစ်ဖန် စတင်လာခဲ့ပြန်၏။ သူတို့ နှစ်ဦးစလုံး ဓားသိုင်းများကို အသုံးပြုကာ အသေအလဲ ယှဉ်ပြိုင်နေကြပြီး သိုင်းကွက်တိုင်းက အသက်အန္တရာယ် ရှိကာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှ၏။

ဓားအလင်းတန်းများက လျှပ်တစ်ပြက် ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြင်းထန်စွာ ဝင်တိုက်မိကြရာ မီးပွားများ အရပ်မျက်နှာ အသီးသီးသို့ ပစ်လွင့်သွားတော့၏။ ရက်စက်ကြမ်းကြုတ်သော ဝင်တိုက်မိမှု တိုင်းက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေသည့်အလား ပင်ဖြစ်တော့သည်။

တိုက်ပွဲက မိနစ်အနည်းငယ်သာ ကြာသေးသော်ငြား ချီယွမ်မှာ အလွန်အမင်း အံ့အားသင့်သွားရ၏။ လိန်ယွင်ခုံး၏ ဓားကွက်များက ခမ်းနား ကြီးကျယ်လှပြီး ဓားသိုင်း အပေါ် သူ၏ နားလည် သဘောပေါက်မှုက အလွန်တရာ မြင့်မားကာ ချီယွမ်ထက် နည်းနည်းလေးမျှ မနိမ့်ကျကြောင်း သတိပြုမိသွားခြင်းပင်။

ရက်စက်ကြမ်းကြုတ်လှသော ဓားကွက်များက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍ မရနိုင်လောက်အောင် ဖြစ်ပေါ်နေတော့၏။ ချီယွမ်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ဖြေရှင်းနိုင်ရုံသာမက အကြိမ်တိုင်းတွင် သူ့ကို အသက်အန္တရာယ် ရှိသော အခြေအနေများသို့ ဖိအားပေး တွန်းပို့နေတော့သည်။

လိန်ယွင်ခုံး၏ နက်နဲလှသော ဓားသိုင်း ပညာရပ်က ချီယွမ်ကို မိမိကိုယ်ကိုယ် အားငယ်သွားစေတော့၏။ ဓားသိုင်းများ ဖိနှိပ်ခံရပြီး စွမ်းအားများလည်း ဖိနှိပ်ခံလိုက်ရ၏။ ကျန်းဝူဟန်၏ စွမ်းအားများကို ရယူထားသည့်တိုင် ချီယွမ်မှာ ညှာတာမှု ကင်းမဲ့စွာ ဖိနှိပ်ခံနေရဆဲပင်။

ဆယ်မိနစ်ပင် မပြည့်သေးမီမှာပင် ချီယွမ်၏ ခန္ဓာကိုယ်ထက်၌ ဓားဒဏ်ရာ ဒါဇင်ကျော် ရရှိနေခဲ့ပြီ ဖြစ်ပြီး သူ၏ ဝတ်ရုံများမှာ သွေးများဖြင့် ရဲရဲနီနေတော့၏။ ပေရွှမ် ဂိုဏ်းမှ လူများမှာ စိုးရိမ်တကြီး စောင့်ကြည့်နေကြသော်ငြား ဝင်ရောက် ကူညီရန်ကား လုံးဝ အကူအညီမဲ့ ဖြစ်နေကြရသည်။

"ချီယွမ်... မင်းရဲ့ ဓားသိုင်းကလည်း သိပ်ပြီး ထူးခြားလှတာတော့ မဟုတ်ပါဘူး... ဓားသိုင်းကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာတောင် ဒီလောက်လေးပဲ တတ်နိုင်တာလား..."

လိန်ယွင်ခုံးက လှောင်ပြောင်လိုက်၏။

ချီယွမ်က အစွမ်းထက်နေပြီးသား ဖြစ်သော်ငြား လိန်ယွင်ခုံးက ပို၍ပင် အစွမ်းထက်နေခဲ့ခြင်းပင်။ ယင်းမှာ ဓားသိုင်း ပညာရပ် ကွာခြားချက်ထက် စွမ်းအား အင်အား ကွာခြားချက် ပြဿနာ သက်သက်သာ ဖြစ်၏။

နတ်ဘုရား ဘုရင် နန်းတော်၏ နန်းတော်သခင်နှင့် တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပညာရှင် တစ်ဦး အနေဖြင့် လိန်ယွင်ခုံး၏ စွမ်းအားက နတ်ဆိုး မျိုးနွယ်စု၏ တတိယ အကြီးအကဲထက် နည်းနည်းလေးမျှ မနိမ့်ကျကြောင်း သေချာလှ၏။

"မင်းမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူး... ဒီနန်းတော်သခင်လည်း စိတ်မရှည်တော့ဘူး... ဒီကစားပွဲကို အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ..."

လိန်ယွင်ခုံးက အေးစက်စွာ ပြောလိုက်ရာ သူ၏ ပြင်းထန်လှသော သတ်ဖြတ်ချင်သည့် အငွေ့အသက်များက လေထု တစ်ခုလုံးကို စိမ့်ဝင်သွားတော့၏။

"အဆိုးဆုံး အခြေအနေ ရောက်လာရင်တော့ ငါနဲ့အတူ သေရွာကို လိုက်ခဲ့ပေတော့..."

ချီယွမ်က အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ဖြူဖျော့ဖျော့ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်နေတော့သည်။

"ငါနဲ့အတူ သေရွာ လိုက်ခဲ့ တဲ့လား..."

လိန်ယွင်ခုံးက မထီမဲ့မြင် ပြုကာ တုံ့ပြန်လိုက်သည်။

"စောစောက ငါ့ရဲ့ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကိုပဲ ငါ သုံးရသေးတာ... ဒီနန်းတော်သခင်ရဲ့ စွမ်းအားနဲ့ မင်းကို သတ်ဖို့ ဆိုတာ လက်ဖဝါး လှန်လိုက်သလို လွယ်ကူတဲ့ ကိစ္စပဲ... ငါနဲ့အတူ သေရွာ လိုက်ဖို့ ဆိုတာ အိမ်မက်ထဲမှာတောင် မဖြစ်နိုင်ဘူး"

"တကယ်လို့ ငါပါ ပါဝင်လာမယ် ဆိုရင်ရော ဘယ်လိုလဲ..."

လိန်ယွင်ခုံး၏ မာနထောင်လွှားသော စကားများ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် အဝေးရှိ ကောင်းကင်ယံဆီမှ အန္တရာယ်များပြီး အိုမင်းသော အသံ တစ်ခု ပဲ့တင်ထပ်လာတော့၏။

ထိုအသံကို ကြားလိုက်ရသည့်အခါ လိန်ယွင်ခုံး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။

"ဒီအသံက..."

ချီယွမ်မှာ အံ့အားသင့်သွားပြီး အဝေးရှိ ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်၏။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များက အသံထွက်ပေါ်လာရာ နေရာသို့ တစ်ပြိုင်နက်တည်း စူးစိုက်သွားကြတော့သည်။ ထိုနေရာမှ အလွန်တရာ ကြီးစိုးသော အရှိန်အဝါ တစ်ခုက ရူးသွပ်စွာ တဝေါဝေါ ရိုက်ခတ်လာတော့၏။

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးပါလား..."

ကျန်းဝူဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

--

All Chapters