← Chapters

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း (၈၅၀) - ကျောင်းအုပ်ကြီး ယွင်ယိုဇီ

"ယွင်ယိုဇီ..."

လိန်ယွင်ခုံး၏ မျက်ခုံးတန်းများ အနည်းငယ် ကြုတ်ဝင်သွားပြီး မည်သူ ရောက်လာသနည်း ဆိုသည်ကို သူ အလွယ်တကူ ခန့်မှန်းမိလိုက်၏။

"ဒီအဘိုးကြီးက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာကို တကယ် ဖောက်ထွက်သွားတာလား"

လိန်ယွင်ခုံးက မျက်မှောင်ကြုတ်လျက် တီးတိုး ရေရွတ်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပိုမို လေးနက် တင်းမာသွားတော့သည်။

"သူ တကယ်ပဲ ရောက်လာတာကိုး... ဒါက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာရဲ့ စွမ်းအားလား..."

ရှင်းထျန်း၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း အံ့အားသင့်မှုများက ဖုံးလွှမ်းနေပြီး လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ... နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာပါလား"

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ယွင်ယိုဇီပဲ..."

"ဟုတ်တယ်... ဒီအသံက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ယွင်ယိုဇီရဲ့ အသံပဲ... သိပ်ကောင်းတာပဲဟေ့..."

အံ့အားသင့် တုန်လှုပ်မှုများ ပြီးဆုံးသွားပြီးနောက် ပေရွှမ် ဂိုဏ်း တစ်ခုလုံး ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားပြီး တပည့်များ အားလုံး စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် အော်ဟစ် အောင်ပွဲခံလိုက်ကြတော့၏။

"ဆယ်စုနှစ်နဲ့ချီ ပျောက်ကွယ်နေခဲ့တဲ့ ဒီအဘိုးကြီးက ဘယ်လိုလုပ် ရုတ်တရက် ထွက်ပေါ်လာရတာလဲ... ပြီးတော့ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာကို သူက ဘယ်လိုလုပ် ဖောက်ထွက်နိုင်ခဲ့တာလဲ"

ယဲ့ချန်ရွှေမှာ အနောက်ဘက်မှ နေထွက်လာသည်ကို မြင်လိုက်ရသည့်အလား အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားတော့၏။

“ဝှစ်…”

ဟင်းလင်းပြင်ကို ဆုတ်ဖြဲလာသော ပြင်းထန်သည့် အသံ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လူရိပ်တစ်ခုက ပေရွှမ် ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာတော့၏။ ကြီးစိုးသော အရှိန်အဝါ တစ်ခုကလည်း ထိုသူထံမှနေ၍ တဝေါဝေါ ရိုက်ခတ်လာတော့သည်။

ရောက်လာသူမှာ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော အကြီးအကဲ တစ်ဦး ဖြစ်ပြီး ခမ်းနားသော အဖြူရောင် ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားကာ တကယ့် နတ်မင်းကြီး တစ်ပါးအလား လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့၏။

သူသည် အမှန်တကယ်ပင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျောင်းအုပ်ကြီး... ယွင်ယိုဇီ ပင် ဖြစ်၏။

"တကယ်ကြီး နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာပဲ... ဒီအဘိုးကြီး တကယ် ဖောက်ထွက်သွားတာပဲ..."

ရှင်းထျန်းက အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ ယွင်ယိုဇီ ကိုယ်တိုင် သူ၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာသည့်တိုင် ယွင်ယိုဇီ တစ်ယောက် နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေဆဲပင်။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က နန်းတော်သခင်ထက်တောင် သာလွန်နေပြီပါလား..."

အကြီးအကဲ ချန်ယွင်မှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေတော့၏။

ယွင်ယိုဇီ ရောက်ရှိလာမှုက နတ်ဘုရား ဘုရင် နန်းတော်မှ လူတိုင်းကို ဧရာမ ခြိမ်းခြောက်မှုကြီး တစ်ခု အဖြစ်သို့ ရောက်ရှိသွားစေတော့သည်။

"စံအိမ်သခင် ချီယွမ်... ကျန်းမိသားစု ခေါင်းဆောင်ဟောင်း... အကြီးအကဲ ဝူဖုန်း... ပြီးတော့ ဂိုဏ်းချုပ် ရှင်းထျန်း... မတွေ့ရတာ ကြာပြီနော်..."

ယွင်ယိုဇီက သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း အိုမင်းသော မျက်လုံးများဖြင့် သူတို့ကို တစ်ချက် ဝေ့ကြည့်ကာ ပြုံးလျက် နှုတ်ဆက်လိုက်၏။

"ယွင်ယိုဇီ... မင်းက အရပ်မျက်နှာ အနှံ့ လျှောက်သွားနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် မြောက်ဘက် ဆန်းကြယ် နယ်မြေကို ရောက်နေရတာလဲ..."

ရှင်းထျန်းက အရင်ဆုံး ဝင်မေးလိုက်၏။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးမှ ယွင်ယိုဇီကို ပြန်လည် တွေ့ဆုံရခြင်း ဖြစ်၏။

"ဆေးပညာ ပြိုင်ပွဲကလည်း နီးလာပြီလေ... ပြီးတော့ ပါရမီရှင် လူငယ် ဆေးပညာရှင်တွေ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲကြီး ဆိုတော့... ငါကိုယ်တိုင် ပြန်လာပြီး ကြည့်ရမှာပေါ့..."

ယွင်ယိုဇီက ခပ်ရေးရေး ပြုံးရင်း ရှင်းပြလိုက်သည်။ စကားပြောနေစဉ်မှာပင် သူက ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ရှင်းထျန်းထံသို့ ကမ်းပေးလိုက်၏။

"အဆင့် (၈) ဆေးလုံးပါလား..."

ရှင်းထျန်းမှာ အလွန်အမင်း ဝမ်းသာသွားတော့၏။ အဆင့် (၈) ဆေးလုံး တစ်လုံးက သူ၏ ဒဏ်ရာများကို အမြန်ဆုံး သက်သာပျောက်ကင်းစေရန် လုံလောက်သည်ထက်ပင် ပိုနေ၏။

ရှင်းလင်းစွာ သိသာနေသည်မှာ ယွင်ယိုဇီသည် အဆင့် (၈) ဆေးပညာရှင် တစ်ဦး ဖြစ်နေခဲ့၏။

ဘေးနားမှ ချီယွမ်က ဝင်ရောက် ပြောဆိုလိုက်၏။

"နှစ်တွေ အများကြီး ကြာပြီးတဲ့ နောက်မှာ မင်းက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာကို တကယ် ဖောက်ထွက်နိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ... တကယ်ကို ထင်မှတ်မထားတဲ့ ကိစ္စပဲ..."

"ကံကောင်းထောက်မစွာနဲ့ ဖောက်ထွက်နိုင်ခဲ့တာပါ..."

ယွင်ယိုဇီက နှိမ့်ချစွာ ပြုံးရင်း ပြန်လည် ဖြေကြားလိုက်သည်။

ယွင်ယိုဇီ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ဖောက်ထွက်သွားသည်ကို ရှင်းထျန်းနှင့် အခြားသူများ အလွန်အမင်း အံ့အားသင့်နေရခြင်းမှာ အကြောင်းပြချက် ရှိ၏။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ယွင်ယိုဇီမှာ နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ အဆင့်၌သာ ရှိနေခဲ့သောကြောင့်ပင်။

ဆယ်စုနှစ် အနည်းငယ်ဆိုသည့် အချိန်တိုလေး အတွင်းမှာပင် သူက အဆင့်သုံးဆင့်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိသွားခဲ့ခြင်းက အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော အမြန်နှုန်း တစ်ခု ဖြစ်၏။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ချီယွမ် ကိုယ်တိုင်လည်း နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ အဆင့်၌သာ ရှိနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ရှင်းထျန်းနှင့် အခြားသူများ အနေဖြင့် ယွင်ယိုဇီ၏ တိုးတက်မှုကို အလွန်အမင်း အံ့အားသင့်နေရခြင်းပင်။

"ဟီး ဟီး... မင်းတို့ အားလုံးလည်း ကျင့်ကြံခြင်း အဆင့်တွေ တော်တော်လေး တိုးတက်လာကြတာပဲ..."

ယွင်ယိုဇီက ချိုသာသော အပြုံးလေးဖြင့် မှတ်ချက်ချလိုက်၏။

ထိုအခိုက်အတန့်တွင် ယွင်ယိုဇီ၏ အကြည့်များက လိန်ယွင်ခုံးထံသို့ ရောက်ရှိသွားသော်ငြား သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာ ပြောင်းလဲမှုမျှ မရှိဘဲ ယခင်ကအတိုင်း တည်ငြိမ် အေးချမ်းနေဆဲပင်။

"မတွေ့ရတာ ကြာပြီနော်... လိန်ယွင်ခုံး... မင်းရဲ့ လောဘကတော့ အရင်ကထက် အများကြီး ပိုကြီးလာပုံရတယ်..."

ယွင်ယိုဇီက ခပ်ပေါ့ပေါ့ပင် မှတ်ချက်ချလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ လိန်ယွင်ခုံးက အေးစက်စွာ ပြန်ပြောလိုက်သည်။

"ဒီနန်းတော်သခင်ရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မင်းမှာ အခွင့်အရေး မရှိဘူး..."

"မင်းရဲ့ ကိစ္စတွေကို ငါကလည်း နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး... ဒါပေမဲ့ ဒါကိုတော့ မမေ့နဲ့နော်... ဒီနေရာက မြောက်ဘက် ဆန်းကြယ် နယ်မြေ... မင်းရဲ့ နယ်မြေ မဟုတ်ဘူး... မြောက်ဘက် ဆန်းကြယ် နယ်မြေက မင်း သောင်းကျန်းလို့ ရတဲ့ နေရာ မဟုတ်ဘူး..."

ယွင်ယိုဇီက ပြတ်သားစွာ သတိပေးလိုက်၏။

ယခုအခါ သူ၏ ကျင့်ကြံခြင်း အဆင့်က လိန်ယွင်ခုံးထက် သာလွန်နေပြီ ဖြစ်ရာ လိန်ယွင်ခုံးကို သူက လုံးဝ ကြောက်ရွံ့နေစရာ အကြောင်း မရှိတော့ချေ။

"ယွင်ယိုဇီ... ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး... မင်း အခုချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ..."

လိန်ယွင်ခုံးက အေးစက်စက် လေသံဖြင့် ပြန်လည် ခြိမ်းခြောက်လိုက်၏။ ယွင်ယိုဇီ၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် သာလွန်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ရာ အကယ်၍သာ တိုက်ပွဲ ဖြစ်ပွားလာပါက ကနဦး ဖရိုဖရဲ စွမ်းအားကို အသုံးပြုမည် ဆိုလျှင်တောင်မှ ယွင်ယိုဇီကို သူ အနိုင်ယူနိုင်ရန် မလွယ်ကူလှပေ။

ထို့အပြင် ချီယွမ်လည်း ရှိနေသေးရာ ထိုနှစ်ဦးသာ ပူးပေါင်းလိုက်ပါက သူ့အနေဖြင့် အနိုင်ရရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း လိန်ယွင်ခုံး ကောင်းကောင်းကြီး သဘောပေါက်ထား၏။ နှစ်ယောက် တစ်ယောက် ရင်ဆိုင်ရလောက်အောင်အထိတော့ လိန်ယွင်ခုံး တစ်ယောက် မမောက်မာရဲသေးချေ။

"ပထမ အကြီးအကဲ... နတ်ဆိုး မျိုးနွယ်စုရဲ့ တတိယ အကြီးအကဲဆီကို အခုချက်ချင်း သတင်းပို့လိုက်စမ်း..."

လိန်ယွင်ခုံးက အသံလှိုင်းဖြင့် တိတ်တဆိတ် အမိန့်ပေးလိုက်သည်။

"နန်းတော်သခင်က တတိယ အကြီးအကဲကို ဝင်ပါစေချင်လို့လား..."

ယဲ့ချန်ရွှေက လိန်ယွင်ခုံးကို လှမ်းကြည့်ရင်း အသံလှိုင်းဖြင့် ပြန်လည် မေးမြန်းလိုက်၏။

"ရှင်းထျန်းက ဒဏ်ရာအပြင်းအထန် ရထားပြီး ကျန်းဝူဟန်ရဲ့ စွမ်းအားတွေကလည်း ချီယွမ်ဆီကို ရောက်နေပြီ... အခုလောလောဆယ် ချီယွမ်နဲ့ ယွင်ယိုဇီ နှစ်ယောက်တည်းကပဲ ငါတို့အတွက် ခြိမ်းခြောက်မှု ဖြစ်နေတာ... တတိယ အကြီးအကဲက ငါတို့ကို ပေရွှမ် ဂိုဏ်းနဲ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နှစ်ခုစလုံးကို နှိမ်နင်းစေချင်နေတာ မဟုတ်ဘူးလား... အခု ယွင်ယိုဇီ ရောက်လာတာ ကွက်တိပဲ... ဒါဆို ပေရွှမ် ဂိုဏ်းကိုတင် မကဘူး ဝူကျိနယ်မြေကိုပါ ငါတို့ ထိန်းချုပ်နိုင်တော့မယ်..."

လိန်ယွင်ခုံးက အသံလှိုင်းဖြင့် ပြန်လည် ရှင်းပြလိုက်၏။ စကားပြောနေရင်း သူ၏ လေသံမှာ ပိုမို စိတ်လှုပ်ရှားလာပြီး ထိုမြင်ကွင်းကို ကြိုတင် မြင်ယောင်နေသည့်အလား ပင်ဖြစ်တော့သည်။

"ဟုတ်ကဲ့... တတိယ အကြီးအကဲဆီကို အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ်..."

ယဲ့ချန်ရွှေက စိတ်လှုပ်ရှားစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"သတင်းပို့နေတာလား..."

ယွင်ယိုဇီက ခပ်ရေးရေး ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

"လိန်ယွင်ခုံး... နတ်ဘုရား ဘုရင် နန်းတော်နဲ့ နတ်ဆိုး မျိုးနွယ်စုကြားက လျှို့ဝှက် ပူးပေါင်းမှုကို ငါ မသိဘူးလို့တော့ မထင်နဲ့နော်..."

စကားပြောနေစဉ်မှာပင် ယွင်ယိုဇီ၏ ပုံရိပ်က ယဲ့ချန်ရွှေ၏ အရှေ့တွင် ရုတ်တရက် အသံတိတ် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး သူ၏ ကြောက်မက်ဖွယ် ဖိအားကြီးက ယဲ့ချန်ရွှေကို အပြည့်အဝ လွှမ်းခြုံသွားရာ ယဲ့ချန်ရွှေမှာ ကြောက်လန့်လွန်းသဖြင့် ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားရတော့၏။

"သတိထားပါ.. ပထမ အကြီးအကဲ..."

လိန်ယွင်ခုံးက ပြာယာခတ်စွာ အော်ဟစ် သတိပေးလိုက်သည်။ ယွင်ယိုဇီ၏ ကြောက်မက်ဖွယ် အမြန်နှုန်းကို သူကိုယ်တိုင်ပင် တုံ့ပြန်ရန် အချိန်မရလိုက်လောက်အောင် အလွန်အမင်း အံ့အားသင့်သွားခဲ့ခြင်းပင်။

ယွင်ယိုဇီက နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ သူ၏ လက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်ရာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး ပေါက်ကွဲထွက်လာပြီး ယဲ့ချန်ရွှေမှာ သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်ကာ အမြောက်ဆံ တစ်ခုပမာ အနောက်သို့ ပစ်လွင့်သွားတော့၏။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ယဲ့ချန်ရွှေ တစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ခြင်းပင်။ သို့သော် ယွင်ယိုဇီက သူ့ကို အသေသတ်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

ယဲ့ချန်ရွှေမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ဦးနှောက်များပင် လုံးဝ အလုပ်မလုပ်တော့ဘဲ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ အမှန်တကယ်တော့ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည့် စွမ်းရည်မျိုး သူ့ထံတွင် မရှိခဲ့ပေ။

"ပထမ အကြီးအကဲ..."

နတ်ဘုရား ဘုရင် နန်းတော်မှ ထိပ်သီး ခေါင်းဆောင်များ အားလုံး အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြတော့၏။

ယွင်ယိုဇီ၏ အမြန်နှုန်းက လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး သူ၏ တိုက်ခိုက်မှုကလည်း ရုတ်တရက် အလွန် ဆန်လွန်းသဖြင့် မည်သူကမျှ တုံ့ပြန်ရန် အချိန်မရလိုက်ကြပေ။

"ယွင်ယိုဇီရဲ့ စွမ်းအားက ဒီလောက်အထိ ရောက်သွားပြီပါလား..."

ချီယွမ်က မျက်မှောင်ကြုတ်လျက် တိတ်တဆိတ် ရေရွတ်လိုက်သည်။

ရှင်းထျန်း၊ ကျန်းဝူဟန်နှင့် အခြားသူများ အားလုံးမှာလည်း လုံးဝ ဆွံ့အ မှင်သက်သွားကြပြီး သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်ယင်နေကြတော့၏။

ပေရွှမ် ဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်များမှာမူ ဝမ်းသာရွှင်မြူးစွာ အော်ဟစ် အောင်ပွဲခံနေကြ၏။ လိန်ယွင်ခုံး ကိုယ်တိုင်ပင် ထိုတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့သဖြင့် ယွင်ယိုဇီ၏ စွမ်းအားမှာ လိန်ယွင်ခုံးထက် သေချာပေါက် သာလွန်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။

"ဒါ အရမ်း လွန်လွန်းနေပြီ..."

လိန်ယွင်ခုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်သွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့၏။

ဘုန်း...

အလွန်အမင်း ဒေါသထွက်နေသော လိန်ယွင်ခုံးက ဟင်းလင်းပြင်ကို အားကုန် နင်းလိုက်ရာ မိုးခြိမ်းသံပမာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ယွင်ယိုဇီထံသို့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်များဖြင့် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“ဝှစ်…”

“ဝီ…”

ရုတ်တရက် ယွင်ယိုဇီက သူ၏ လက်နှစ်ဖက်ကို ပူးကပ်ကာ ရိုက်လိုက်ရာ ကျယ်လောင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခု ပြန့်ကျဲလာတော့၏။

"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... ဝိညာဉ် ပိတ်လှောင် ကျိန်စာ..."

ယွင်ယိုဇီက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသော သံကြိုးပုံစံ အင်းကွက်များက လျှပ်တစ်ပြက် ပစ်ထွက်သွားသည်။ သူ့ထံသို့ ပြေးဝင်လာသော လိန်ယွင်ခုံး၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ ရစ်ပတ် ပိတ်လှောင်လိုက်တော့၏။

"အဘိုးကြီး... ဒီလောက်လေးနဲ့ ငါ့ကို ပိတ်လှောင်နိုင်မယ် ထင်နေတာလား..."

လိန်ယွင်ခုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် လိန်ယွင်ခုံးက ပြင်းထန်စွာ ဟိန်းဟောက်ကာ အင်းကွက် သံကြိုးများကို ချိုးဖျက်ပစ်လိုက်တော့၏။

"ဒါတွေက အင်းကွက်တွေ ဆိုတာကို မင်း မမြင်ဘူးလား..."

ယွင်ယိုဇီက ခပ်ရေးရေး ပြုံးကာ အေးစက်စက် သရော်လိုက်သည်။

"ဘာ..."

လိန်ယွင်ခုံး၏ မျက်နှာမှာ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားတော့၏။

“ဂျုန်း”

လိန်ယွင်ခုံး တစ်ယောက် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို သဘောပေါက်သွားချိန်တွင်တော့ ပြတ်ထွက်သွားသော အင်းကွက် သံကြိုးများ အားလုံး တပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့၏။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်က မျက်တောင်တစ်ခတ် အတွင်းမှာပင် လိန်ယွင်ခုံးကို လုံးဝ ဝါးမြိုသွားတော့သည်။

--

All Chapters