အခန်း ၈၅၃
Vol. 57 Ch. 853
အခန်း (၈၅၃) - ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား
ပေရွှမ်ဂိုဏ်း နန်းတော်၏ အထက်ကောင်းကင်ယံတွင် စွမ်းအင်အလွှာတစ်ခု ဖုံးလွှမ်းနေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ရှိနေ၏။
ချီယွမ်နှင့် ကျန်းဝူဟန် အပါအဝင် စောင့်ကြည့်နေသူအားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေကြသည်။
ယွင်ယိုဇီနှင့် နတ်ဆိုးမျိုးနွယ်စုမှ ပြိုင်ဘက်တို့၏ အသေအလဲ တိုက်ပွဲက လူတိုင်းကို အသက်ရှူရပ်မတတ် မှင်သက်စေခဲ့သည်။
၎င်းမှာ အင်အားချင်း မျှတနေသော သေရေးရှင်ရေး တိုက်ပွဲတစ်ခုဟု ထင်ရသော်လည်း နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ စတင်ခြေချခဲ့သော ယွင်ယိုဇီသည် သူ၏ပြိုင်ဘက်ကဲ့သို့ အမြန်နှုန်းရော ခွန်အားပါ မသာလွန်ကြောင်း ချီယွမ်နှင့် အခြားသူများ ရိပ်မိကြ၏။
'ယွင်ယိုဇီရဲ့ စွမ်းအားက နတ်ဆိုးမျိုးနွယ်စုရဲ့ ပထမအကြီးအကဲကို ယှဉ်နိုင်ဖို့ မလွယ်ဘူး... ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်လုနီးပါး ဖြစ်နေပြီ' ဟု ချီယွမ်က မျက်မှောင်ကြုတ်လျက် တွေးတောလိုက်ရာ မတည်ငြိမ်မှုများက သူ၏စိတ်ကို လွှမ်းမိုးလာတော့သည်။
"မင်းက စိတ်ပူနေလို့ အာရုံမစိုက်နိုင်တာလား... ဒါမှမဟုတ် ဒီနန်းတော်သခင်ကို အထင်သေးနေတာလား..."
ရူးသွပ်စွာ တိုက်ခိုက်နေသော လိန်ယွင်ခုံးက ချီယွမ်၏ စိုးရိမ်ပူပန်နေမှုကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ သရော်လိုက်၏။
"မကောင်းတော့ဘူး..."
ချီယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း..."
ချီယွမ် အာရုံလွတ်သွားသည့် အခိုက်အတန့်ကို လိန်ယွင်ခုံးက အမိအရ ဆုပ်ကိုင်လိုက်၏။ ချီယွမ်၏ ရင်ဘတ်ဆီသို့ လက်သီးတစ်ချက် အားကုန် ထိုးနှက်လိုက်ရာ မိုးခြိမ်းသံပမာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ပြင်းထန်လှသော အင်အားကြောင့် ချီယွမ်မှာ အနောက်သို့ ပစ်လွင့်သွားရတော့သည်။
"ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားခွင့် မရှိဘူး... ငါ့လက်အောက်ကို လိမ္မာသေချာစွာ အညံ့ခံကြစမ်း..."
လိန်ယွင်ခုံးက မာနထောင်လွှားစွာ ကြွေးကြော်လိုက်ပြီး တဖြည်းဖြည်း အရေးနိမ့်လာနေသော ယွင်ယိုဇီကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ထို့နောက် သူက မထီမဲ့မြင် သရော်ရင်း အခွင့်အရေးကို ဆက်လက် အသုံးချလိုက်တော့သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ တိုက်ပွဲမှာ ပိုမို ပြင်းထန်လာခဲ့၏။ ယွင်ယိုဇီမှာ ပြိုင်ဘက်၏ ရက်စက်ကြမ်းကြုတ်ပြီး အနားမပေးသော တိုက်ခိုက်မှုများအောက်တွင် စတင်၍ ယိုင်နဲ့လာတော့၏။ သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ပိုမို ကြီးမားလာပြီး ယွင်ယိုဇီမှာ အသည်းအသန် ရုန်းကန်နေရတော့သည်။
ရက်စက်လှသော ဝင်တိုက်မိမှုတိုင်းက သူတို့၏ အစစ်အမှန်ယွမ်များကို အလွန်အမင်း ကုန်ခမ်းစေတော့၏။
"ဘုန်း... ဘုန်း... ဘုန်း..."
ပြိုင်ဘက်၏ ပြင်းထန်လှသော လက်သီးချက်များက ယွင်ယိုဇီထံသို့ တစ်ခုပြီးတစ်ခု ကျရောက်သွားရာ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ၏ လက်သီးချက်တစ်ချက်က မည်မျှ ကြောက်စရာကောင်းကြောင်း ထင်ရှားစွာ သက်သေပြနေ၏။
ယွင်ယိုဇီက ရင်တွင်း၌ ကျိန်ဆဲနေမိ၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ခက်ခဲစွာ တက်လှမ်းနိုင်ခဲ့သော်လည်း ဂုဏ်ယူဝင့်ကြွားခွင့်ပင် မရသေးမီမှာပင် မိမိထက် သာလွန်သော ပြိုင်ဘက်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် သူ ရူးသွပ်မတတ် ဖြစ်နေရတော့သည်။
"ယွင်ယိုဇီ... မင်းရဲ့ အကန့်အသတ်ကို ရောက်သွားပြီလား..."
ပြိုင်ဘက်က သရော်လိုက်ပြီး စကားအဆုံးတွင် သူ၏ပုံရိပ်က ရုတ်တရက် အရှိန်မြင့်တက်လာကာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သွားတော့၏။
'သူက တကယ်ပဲ သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းတွေကို ဖုံးကွယ်ထားခဲ့တာကိုး' ဟု ယွင်ယိုဇီ၏ အိုမင်းသော မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။
"ဘုန်း..."
"ဖူး..."
ထိုထိတ်လန့်မှုများကြားမှာပင် သူ၏ အနောက်ဘက်ဆီမှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် နာကျင်မှုများက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် သူ သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ အနက်ရောင် မြားတန်းတစ်ခုပမာ ရှေ့သို့ ပစ်ထွက်သွားတော့သည်။
'သူ့စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ' ဟု စိုးရိမ်တကြီး စောင့်ကြည့်နေသော ကျန်းဝူဟန်က တွေးတောလိုက်မိ၏။ ယွင်ယိုဇီ တစ်ယောက် ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း သူ ရိပ်မိနေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။
"အုန်း.. အုန်း"ပြိုင်ဘက်၏ ပုံရိပ်က ခန့်မှန်း၍ မရနိုင်လောက်အောင် လျှပ်တစ်ပြက် လှုပ်ရှားနေပြီး မျက်တောင်တစ်ခတ်အတွင်း ယွင်ယိုဇီ အနီးသို့ ချဉ်းကပ်လာခဲ့၏။
"ဘုန်း..."
လျင်မြန်စွာ ချဉ်းကပ်လာသော ပြိုင်ဘက်က အနက်ရောင် အလင်းတန်းများ ဖြာထွက်နေသော လက်ဝါးဖြင့် ယွင်ယိုဇီထံသို့ ညှာတာမှုကင်းမဲ့စွာ ရိုက်ချလိုက်ရာ ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံနှင့်အတူ အဖျက်စွမ်းအားလှိုင်းများက မိုင်ပေါင်းများစွာအထိ မျက်တောင်တစ်ခတ်အတွင်း ပြန့်ကျဲသွားတော့၏။
သို့သော် ဤလက်ဝါးချက်မှာ လွဲချော်သွားခဲ့သည်။
ပြိုင်ဘက်က ရက်စက်သော အကြည့်များ၊ သရော်သော အပြုံးများဖြင့် မှတ်ချက်ချလိုက်၏။
"ငါ့ရဲ့ တိုက်ခိုက်မှုကို မင်းက ရှောင်နိုင်သေးတာပဲ... မင်းရဲ့ လှုပ်ရှားမှု ပညာရပ်က တကယ်ကို ထူးခြားပါတယ်..."
အဝေးတစ်နေရာရှိ အထက်ကောင်းကင်ယံတွင် ယွင်ယိုဇီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ အသက်ရှူသံများမှာလည်း အလွန်အမင်း မြန်ဆန်နေတော့၏။
အစွမ်းကုန် အားစိုက်၍ ယှဉ်ပြိုင် တိုက်ခိုက်ရသည့်အခါ ယွင်ယိုဇီမှာ သူ၏ပြိုင်ဘက်ကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။
'ပြိုင်ဘက်ရဲ့ စွမ်းအားက အရင်တုန်းကထက် အများကြီး ပိုပြီး တိုးတက်လာတာပဲ... ဒီလို မိစ္ဆာအဘိုးကြီး တစ်ယောက်ကို ဆွဲထုတ်မိလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ' ဟု ယွင်ယိုဇီက သူ၏ အလွန်တရာ ဆိုးရွားလှသော မျက်နှာထားဖြင့် ရင်တွင်း၌ ညည်းတွားလိုက်မိသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် ယွင်ယိုဇီမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေတော့၏။
"နဂါးနတ်ဘုရား နန်းတော်သခင်က လိန်ယွင်ခုံးကို မနိုင်သလို ယွင်ယိုဇီလည်း ဒဏ်ရာရသွားပြီ ဆိုတော့... ငါတို့ ဘယ်လို လုပ်ကြမလဲ..."
"နတ်ဆိုးမျိုးနွယ်စု ဆိုတာက ဘယ်လို အဖွဲ့အစည်းမလို့ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေ ရှိနေရတာလဲ... ငါတို့ရဲ့ စီနီယာ ယွင်ယိုဇီတောင် သူ့ကို မယှဉ်နိုင်ဘူးလား..."
"ပြီးသွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီ..."
ယွင်ယိုဇီ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရပြီး ချီယွမ်လည်း လိန်ယွင်ခုံးကို မယှဉ်နိုင်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ပေရွှမ်ဂိုဏ်းမှ ထိပ်သီး ခေါင်းဆောင်များနှင့် တပည့်များ အားလုံး ပြာယာခတ်သွားကြတော့သည်။
ခက်ခဲစွာ တည်ဆောက်ထားခဲ့သော မျှော်လင့်ချက် ရောင်ခြည်လေးမှာ နောက်တစ်ဖန် အေးစက်စွာ ရိုက်ချိုးခံလိုက်ရပြန်၏။ ဤတစ်ကြိမ်တွင်မူ အားလုံးမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့၏။
"နတ်ဆိုးသခင်က သူ့ရဲ့အစွမ်းကုန် အင်အားကို ထုတ်မသုံးရသေးပုံပဲ" ဟု ကျန်းထျန်းယွင်က ပိုမို လေးနက် တင်းမာသော အမူအရာဖြင့် ရေရွတ်လိုက်ရာ သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများက အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အကြီးအကဲ သုံးယောက် ရောက်လာပြီ" ဟု ရှင်းထျန်းက ရုတ်တရက် ပြောလိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ အရှိန်အဝါ အချို့ သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို သူ အာရုံခံမိလိုက်ခြင်းပင်။
"အုန်း.. အုန်း"
အကြီးအကဲ ခြောက်ဦး လျှပ်တစ်ပြက် ထွက်ပေါ်လာကြသည်။ သူတို့မှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ အကြီးအကဲ လေးဦးနှင့် အစောင့်အရှောက် နှစ်ဦးတို့ ဖြစ်ကြပြီး အားလုံးမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တွင် ရှိနေကြသူများ ဖြစ်၏။
"ဟွန့်... လာပြီး အသေခံမယ့်သူတွေ ထပ်တိုးလာတာပဲ..."
အကြီးအကဲ ချန်ယွင်က အပျက်အစီးကို အားရပါးရ ကြည့်လိုသော အမူအရာဖြင့် သရော်လိုက်၏။
တတိယအကြီးအကဲ ပိုင်ချင်းကျွယ်ကလည်း အေးစက်စက် လှောင်ပြောင်လိုက်သည်။
"ဒါက ပိုတောင် အဆင်ပြေသွားတာပေါ့... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်အထိ သွားနေစရာ မလိုတော့ဘူး... သူတို့ကို အခုပဲ ဖမ်းမိထားရင် နောက်ကျရင် ကျောင်းတော်ကို ထိန်းချုပ်ဖို့ ပိုလွယ်သွားတာပေါ့..."
နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲ ကိုယ်တိုင် ပါဝင် တိုက်ခိုက်နေပြီ ဖြစ်ရာ မည်မျှပင် များပြားလှသော အစွမ်းထက် ပညာရှင်များ ရောက်ရှိလာပါစေ နတ်ဘုရား ဘုရင် နန်းတော် အနေဖြင့် နည်းနည်းလေးမျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။
ယွင်ယိုဇီကို တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပညာရှင်ဟု ခေါ်ဆိုနိုင်သော်ငြား သူကိုယ်တိုင်ပင် နတ်ဆိုးသခင်ကို မယှဉ်နိုင်သည် မဟုတ်ပါလော။ အခြား မည်သူကများ တတ်နိုင်ဦးမည်နည်း။
နတ်ဆိုးမျိုးနွယ်စုမှ ပထမအကြီးအကဲ၏ စွမ်းအားက အစွမ်းကုန်အထိ ကြောက်မက်ဖွယ် ကောင်းလှ၏။ နတ်ဆိုးမျိုးနွယ်စု အတွင်း၌ နတ်ဆိုးသခင်ထက် ပိုမို အစွမ်းထက်သော သူများမှာ သွေးမိစ္ဆာ၊ စွန်ဟန်နှင့် နတ်ဆိုး ဧကရာဇ်တို့ ကဲ့သို့သော ပုဂ္ဂိုလ်များ ရှိနေသေး၏။
ဤသည်ကို ကြည့်ခြင်းဖြင့်ပင် နတ်ဆိုးမျိုးနွယ်စု၏ အင်အား မည်မျှ ကြီးမားခမ်းနားကြောင်း ထင်ရှားစွာ သိသာနိုင်၏။
"ကျောင်းအုပ်ကြီး..."
ယွင်ယိုဇီ ဒဏ်ရာရသွားပြီး သူ၏ အိုမင်းသော မျက်နှာမှာ ဖြူဖျော့နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ကျိကျုံးနှင့် အခြားသူများ အလွန်အမင်း ထိတ်လန့်သွားကြတော့၏။
"အကြီးအကဲ... စံအိမ်သခင် ချီယွမ်ကို မြန်မြန် သွားကူလိုက်ကြ..." ဟု ယွင်ယိုဇီက အလောတကြီး တိုက်တွန်းလိုက်ရာ သူ၏ အိုမင်းသော မျက်လုံးများက နတ်ဆိုးသခင်ကို သတိထား စောင့်ကြည့်နေတော့၏။
"အကြီးအကဲ...ကျုပ်တို့လည်း ပါဝင် တိုက်ခိုက်မှ ဖြစ်မယ်..." အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက် တစ်ဦးက အော်ဟစ်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ အစောင့်အရှောက်မှာ ဆက်လက်၍ လက်ပိုက် ကြည့်မနေနိုင်တော့ချေ။
အကြီးအကဲ၏ ရင်ထဲတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပွက်လောရိုက်နေပြီး သူ၏ အိုမင်းသော မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားတော့သည်။ သူက အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါ တော်တော်ကြာအောင် သည်းခံခဲ့ပြီးပြီ... အသေခံရမယ် ဆိုရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး... တိုက်ခိုက်ကြ..."
"ဝူး.. ဝူး... ဝူး"
ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အင်မော်တယ် လက်နက် စံအိမ်နှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ အစောင့်အရှောက်များ၊ အကြီးအကဲများ အားလုံး ချက်ချင်းပင် စတင် လှုပ်ရှားလိုက်ကြ၏။ သူတို့က ချီယွမ်ကို ကူညီရန် ပထမဆုံး အခွင့်အရေးကို အသုံးချကာ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
"လာကြစမ်း... အကုန်လုံး လာခဲ့ကြ... ဒီနန်းတော်သခင် အားရပါးရ သတ်ဖြတ်နိုင်အောင် အကုန်လာခဲ့ကြ..." လိန်ယွင်ခုံးက ရက်စက်စွာ ရယ်လိုက်ရာ သူ၏ ပုံစံမှာ ပိုမို အရိုင်းဆန်လာပြီး မောက်မာမှုများက အထွတ်အထိပ်သို့ ရောက်ရှိနေတော့၏။
"လိန်ယွင်ခုံး... သူတို့က အသုံးဝင်သေးတယ်... အကုန် မသတ်နဲ့ဦး..." ဟု နတ်ဆိုးသခင်က လိန်ယွင်ခုံးကို တစ်ချက် လှမ်းကြည့်ရင်း သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ... အကြီးအကဲ စိတ်ချပါ..." လိန်ယွင်ခုံးက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ပြီးနောက် သူ၏ ရက်စက်သော တိုက်ခိုက်မှုများကို စတင်တော့၏။
နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိ ပုဂ္ဂိုလ် ရှစ်ဦးက ချီယွမ်နှင့် ပူးပေါင်းလိုက်ပြီး သူတို့၏ အစွမ်းကုန် အင်အားများဖြင့် ပြန်လည် တိုက်ခိုက်ကြရာ ရက်စက်လှသော သေရေးရှင်ရေး တိုက်ပွဲကြီး နောက်တစ်ဖန် စတင်လာခဲ့၏။ လိန်ယွင်ခုံးမှာ ပြိုင်ဘက် ကိုးဦးနှင့် ရင်ဆိုင်နေရသော်ငြား နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားနေပုံ ရတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးသခင်ကလည်း နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်၏။
"ဝူး.. ဝူး... ဝူး"
ယွင်ယိုဇီက သူ၏ အစစ်အမှန်ယွမ်များကို အစွမ်းကုန် အသက်သွင်းလိုက်ရာ တောက်ပသော အဖြူရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မှိုင်းညို့နေသော ဟင်းလင်းပြင်ကြီးကို ပြန်လည် လင်းလက်သွားစေတော့သည်။ သူက အင်မော်တယ် လက်နက် ချပ်ဝတ်နှင့် ကျောက်စိမ်းရောင် အင်မော်တယ် လက်နက် ကျောက်စိမ်းပြား တစ်ခုကို ဆင့်ခေါ်လိုက်ရာ သူ၏ အရှိန်အဝါက ရူးသွပ်စွာ ထိုးတက်သွားပြီး သူ၏ ကြောက်မက်ဖွယ် စွမ်းအားက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေတော့၏။
ဒါက ယွင်ယိုဇီ၏ အစွမ်းထက်ဆုံး အခြေအနေပင် ဖြစ်သည်။
"လာစမ်းပါ... သေရေးရှင်ရေး တိုက်ပွဲဆိုတာ ငါ ကြောက်နေစရာ မလိုဘူး..."
ယွင်ယိုဇီက မိုးခြိမ်းသံပမာ ဟိန်းဟောက်လိုက်၏။ သူ၏ စွမ်းအားလှိုင်းများက တဝေါဝေါ ရိုက်ခတ်လာပြီး နောက်ဆုံး အသေအလဲ တိုက်ပွဲအတွက် သူ အဆင်သင့် ဖြစ်နေခဲ့၏။
နတ်ဆိုးသခင်က ရက်စက်သော အပြုံးလေးဖြင့် မှတ်ချက်ချလိုက်သည်။
"မင်းရဲ့ အစွမ်းကုန် အင်အားကို ထုတ်သုံးတာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ..."
“ဝှစ်…”
သူ၏စကားသံ အဆုံးတွင် နတ်ဆိုးသခင်၏ ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်အယောင် လုံးဝ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
"အုန်း.. အုန်း"
အနက်ရောင် အလင်းတန်းများက အလွန်တရာ မြန်ဆန်စွာ ဖြတ်သန်းသွားကြရာ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များပင်လျှင် ရှင်းလင်းစွာ မမြင်ရတော့ချေ။ နတ်ဆိုးသခင်၏ တည်နေရာကို မည်သို့မျှ အာရုံခံ၍ မရနိုင်တော့ပေ။
"အင်မော်တယ် အင်းကွက်... အကြွင်းမဲ့ နယ်ပယ်..."
ယွင်ယိုဇီက နည်းနည်းလေးမျှ နောက်တွန့်သွားခြင်း မရှိဘဲ အင်းကွက် တစ်ခုကို ဆင့်ခေါ်လိုက်သည်။
၎င်းမှာ ချက်ချင်းပင် တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ ကာကွယ်လိုက်တော့၏။
--