အခန်း ၁၃၈၅
Vol. 93 Ch. 1385
အခန်း (၁၃၈၅) အဘိုးကြီး၊ ကျွန်တော် ပြန်ရောက်ပြီ
သို့သော် ဝမ်ဟန်ရှင်းသည် သူမ အစ်ကိုဖြစ်သူ ဝမ်ကောင်းရှင်းကို အလွန်ချစ်ခင်ပြီး မောင်နှမနှစ်ယောက်ကြားတွင် နီးကပ်သော သံယောဇဉ် ရှိကြသည်။
မောင်နှမများကြား ပြိုင်ဆိုင်မှုများက မကြာခဏဆိုသလို သွေးထွက်သံယိုမှုများဖြင့် အဆုံးသတ်လေ့ရှိသော တစ္ဆေမျိုးနွယ်စု၏ အထက်တန်းလွှာ မိသားစုများတွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုးမှာ ရှားပါးလှသည်။
ယခုတစ်ကြိမ်တွင် ဝမ်ကောင်းရှင်းသည် ရှေးဟောင်းကြေးမုံပြင်ကို ရှာဖွေရန် ထွက်ခွာသွားခဲ့ပြီး မူလက ဝမ်ဟန်ရှင်းကလည်း သူ့အနားတွင် လိုက်ပါသွားချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ စွမ်းအင်အားနည်းမှုက သူမကို မလိုက်ပါနိုင်စေခဲ့ချေ။
ရလဒ်အနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် အိမ်၌ ဒေါသတကြီး ရမ်းကားနေခဲ့ပြီး သူမ၏ ဒေါသအလျောက် အစေခံမိန်းကလေး အများအပြားကို ဒဏ်ရာရစေခဲ့သည်။
ယနေ့လည်း ချွင်းချက်မဟုတ်ချေ။ သူမသည် အနောက်ဘက်ရှိ သူမ၏ အခန်းထဲတွင် စိတ်ကောက်နေစဉ် ဝမ်ကောင်းရှင်း ပြန်ရောက်လာပြီဖြစ်ကာ လူအများအပြားကိုပင် ခေါ်ဆောင်လာခဲ့ကြောင်း သတင်းကို ရုတ်တရက် ကြားလိုက်ရသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ခုန်ထလိုက်ပြီး အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဝမ်ကောင်းရှင်းကို မြင်သည်နှင့်တပြိုင်နက် ဝမ်ဟန်ရှင်းက သူ့လက်မောင်းကို ဖက်တွယ်လိုက်ပြီး ချွဲနွဲ့စွာဖြင့် ပြောသည်။
"ကိုကိုသွားတာ ရက်အတော်ကြာသွားပြီ။ ညီမလေ ကိုကို့ကို သတိရလွန်းလို့ သေတော့မလို့ပဲ"
ရွှယ်အန်းက စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သော်လည်း အပြင်ပန်းတွင်မူ သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထား၏။ သူက လက်ကို မြှောက်ကာ သူမပါးကို ဆွဲလိမ်ပြီး ပြောသည်။
"ကောင်းပါပြီကွာ။ အခု ကိုကို ပြန်ရောက်နေပြီ မဟုတ်လား"
"အာ... ဒါတွေက ကိုကို ဖမ်းလာတဲ့သူတွေလား"
ဝမ်ဟန်ရှင်း၏ အကြည့်များက ကြိုးတုပ်ခံထားရသော ယင်းနင်နှင့် အခြားသူများအပေါ် ကျရောက်သွားသည်။ သူမသည် ဤမိန်းမများ၏ အလှတရားကြောင့် အံ့ဩမှင်တက်သွားခဲ့ပြီးနောက် မေးသည်။ ရွှယ်အန်းက ခေါင်းညိတ်သည်။
"ဟုတ်တယ်"
"ကိုကိုက အရမ်းတော်တာပဲ"
ဝမ်ဟန်ရှင်းက ပို၍ နီးကပ်စွာ တိုးသွားပြီး သုံ့ပန်းများကို စူးစမ်းချင်စိတ်ဖြင့် သေချာစွာ ကြည့်ရှုသည်။ သို့သော် အချိန်တိုလေးမျှသာ လေ့လာကြည့်ရှုပြီးနောက် သူမ၏ မျက်လုံးများထဲတွင် မနာလိုမှုများက ရုတ်တရက် တဖျပ်ဖျပ် လင်းလက်သွားသည်။
ဤမိန်းမများ တစ်ဦးချင်းစီ၏ ရုပ်ရည်သွင်ပြင်က သူမထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ အထူးသဖြင့် ချွဲဝမ်ယွမ်၏ ဖြူစင်သော အမူအရာက အမျိုးသမီးချင်း ဖြစ်သော်လည်း ဝမ်ဟန်ရှင်း၏ နှလုံးသားကိုပင် လှုပ်ခတ်သွားစေသည်။ ဤအခြေအနေမျိုးတွင် ဝမ်ဟန်ရှင်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီးပြော၏။
"ဈေးပေါတဲ့ မိန်းမတစ်သိုက်ပဲ"
ထိုသို့ပြောပြီးနောက် သူမက ဒေါသတကြီးဖြင့် လက်ကို မြှောက်လိုက်ပြီး ချွဲဝမ်ယွမ်ကို ပါးရိုက်ရန် ရွယ်လိုက်သည်။ ထိုပါးရိုက်ချက်မှာ လေတိုးသံကိုပင် သယ်ဆောင်လာပြီး အင်အားများဖြင့် ပြည့်လျှံနေ၏။ အရိုက်သာခံရပါက ချွဲဝမ်ယွမ်၏ မျက်နှာမှာ ပျက်စီးသွားမည် ဖြစ်သည်။
ဝမ်ဟန်ရှင်း၏ မျက်နှာမှာ ကျေနပ်မှုများဖြင့် လင်းလက်သွားသည်။ သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက သူမ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သူမလက်မောင်းကို ဆွဲဖမ်းကာ အေးစက်စွာ ပြောသည်။
"ဒီလူတွေက ငါ့လူတွေပဲ၊ သူတို့က အသုံးဝင်သေးတယ်၊ လျှောက်ပြီး ရမ်းကားမနေနဲ့"
ဝမ်ဟန်ရှင်းမှာ အေးခဲသွားပြီး သူမ၏ အစ်ကိုဖြစ်သူက တားဆီးလိုကာသည့်အတွက် အံ့ဩသွားပုံရသည်။ သို့သော် ချက်ချင်းလိုလိုပင် သူမ၏ နှလုံးသားထဲတွင် ဒေါသများက ပြည့်နှက်သွားသည်။
"ဒီလို ဈေးပေါတဲ့ မိန်းမအတွက်နဲ့ ကိုကိုက ညီမကို တားတယ်ပေါ့လေ၊ ကောင်းပြီလေ၊ ဒါဆိုရင် သူမ သေရမှာပဲ"
ထိုသို့ပြောပြီးနောက် သူမသည် ချွဲဝမ်ယွမ်၏ အသက်ကို တိုက်ရိုက်ရည်ရွယ်ကာ ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ကျောက်သည်။ သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက လက်ကို မြှောက်ကာ သူမ မျက်နှာကို ဖြတ်ရိုက်လိုက်ရာ ဝမ်ဟန်ရှင်းမှာ သူမကိုယ်သူမ ပြန်မထိန်းနိုင်ခင် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ ယိုင်နဲ့သွားသည်။
ဤပါးရိုက်ချက်က ဝင်ပေါက်တွင် စုရုံးနေကြသော အစေခံများကို မျက်နှာဖြူရော်သွားစေခဲ့ပြီး သူတို့၏ ခေါင်းများကိုပင် မော့မကြည့်ရဲတော့ချေ။ ဝမ်ဟန်ရှင်းက သူမ၏ ပါးကို ဖိကိုင်ထားပြီး ရွှယ်အန်းကို ကြောင်တောင်တောင် စိုက်ကြည့်မေသည်။
"ကိုကို... ကိုကိုက ညီမကို ရိုက်ရဲတယ်ပေါ'
ရွှယ်အန်းက သူ၏ လက်ကို ပြန်ရုပ်လိုက်ပြီး ဝမ်ကောင်းရှင်းအဖြစ် ဟန်ဆောင်ထားသော သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခုက ဖြတ်ပြေးသွားသည်။
"ငါ ဒီလူတွေကို အသုံးချစရာ ရှိတယ်၊ ဒါကြောင့် လျှောက်ပြီး ရမ်းကားမနေနဲ့"
ဝမ်ဟန်ရှင်းမှာ ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်သွားပြီး အဆက်မပြတ် နှာခေါင်းရှုံ့လာသည်။
"အသုံးချစရာ ဟုတ်လား၊ သူတို့က ဘာအသုံးဝင်မှာမို့လို့လဲ၊ ကိုကို့ ကိုယ်ပိုင် သာယာပျော်ရွှင်မှုအတွက်ပဲ မဟုတ်ဘူးလား၊ ညီမကတော့..."
သူမ စကားများကို အဆုံးသတ်ခွင့်မရလိုက်ဘဲ ရွှယ်အန်းက လက်ကို ထပ်မံ မြှောက်လာသည်။ ဝမ်ဟန်ရှင်းမှာ ကြောက်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ မောင်နှမနှစ်ယောက် တံခါးပေါက်ဝတွင် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေကြစဉ် အတွင်းဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ကောင်းရှင်း... မင်းက ငါ့ မျှော်လင့်ချက်တွေနဲ့အညီကို ဒီလောက်မြန်မြန် ပြန်ရောက်လာခဲ့တာကိုး"
ကြီးကျယ်ခမ်းနားသော အမူအရာရှိသည့် အမျိုးသားတစ်ဦးက ပြောဆိုနေစဉ်မှာပင် အပြင်သို့ ထွက်လာခဲ့သည်။
ဝမ်ဟန်ရှင်းက ချက်ချင်းပင် သူမ၏ သဘောထားကို ပျော့ပျောင်းသွားစေပြီး လိမ္မာကျိုးနွံစွာဖြင့် ခေါ်လိုက်သည်။
"ဖေဖေ"
ရောက်ရှိလာသူမှာ ဝမ်မိသားစု၏ ခေါင်းဆောင်၊ ဝမ်ကောင်းရှင်းနှင့် ဝမ်ဟန်ရှင်းတို့၏ ဖခင်ဖြစ်သော ဝမ်ထိုက်ဟွေပင် ဖြစ်သည်။ ရွှယ်အန်းက သူ့ကို အဖေဟု ခေါ်ဆိုနိုင်မည် မဟုတ်ချေ။ အမှန်တကယ်တော့ မြို့ထဲသို့ ရဲဝံ့စွာ ဝင်ရောက်လာကတည်းက ရွှယ်အန်းသည် သူ လိုအပ်သောအရာကို ရှာဖွေရန်အတွက် နတ်ဘုရားအာရုံမှတစ်ဆင့် မြို့တော်ကို တိတ်တဆိတ် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤပြင်ပ တစ္ဆေမျိုးနွယ်စုဝင်များမှာ ငတုံးများ မဟုတ်ကြောင်း ရှင်းလင်းနေပြီး ထိုပစ္စည်းမှာ ကောင်းစွာ ဖုံးကွယ်ထားခြင်း ခံရသည်။ အပြင်ပန်းတွင်မူ မည်သည့် ပုံမှန်မဟုတ်မှုမျှ မရှိပုံပေါ်နေသည်။
သို့သော် အရာအားလုံးက ပုံမှန်ဖြစ်လေလေ အောက်ခြေတွင် ဖုံးကွယ်ထားသော တစ်စုံတစ်ရာ ရှိနေရမည်ကို ရွှယ်အန်းက ပို၍ နားလည်လေလေ ဖြစ်သည်။ သို့မဟုတ်ပါက ဤတစ္ဆေမျိုးနွယ်စုဝင်များက ရှေးဟောင်းကြေးမုံပြင်ကို ရရှိရန် ဤမျှလောက် စိတ်အားထက်သန်နေကြမည် မဟုတ်ချေ။
ဤအတွေးဖြင့် ရွှယ်အန်းက သူ၏ လက်ချောင်းများဖြင့် ကြာပန်းတစ်ခုကို ပေါ့ပါးစွာ ဖန်တီးလိုက်ပြီး နတ်ဘုရားအာရုံ တစ်စက်ကို ဝမ်ထိုက်ဟွေ၏ ဝိညာဉ်ပင်လယ်ထဲသို့ တိတ်တဆိတ် ပို့လိုက်သည်။ ထုံးစံအရဆိုလျှင် ဝမ်ထိုက်ဟွေမှာ အင်မော်တယ်နယ်ပယ်သို့ အနည်းဆုံး ခြေတစ်လှမ်းဝက်ခန့် ဝင်ရောက်နေပြီးဖြစ်ရာ ဤမျှလွယ်ကူစွာ ကျူးကျော်ခံရမည် မဟုတ်ပေ။
သို့သော်လည်း ရွှယ်အန်းက သူ၏ တစ်ဦးတည်းသော သားဖြစ်သူ ဝမ်ကောင်းရှင်းအဖြစ် ဟန်ဆောင်ထားသောကြောင့် ဝမ်ထိုက်ဟွေကာ ခုခံကာကွယ်မှုများကို လျှော့ချထားခဲ့ပြီး သူ၏ ဝိညာဉ်အစိတ်အပိုင်းများကို ရွှယ်အန်းအား သိမ်မွေ့စွာ ပြောင်းလဲခွင့်ပြုသည်။
"အဘိုးကြီး... ကျွန်တော် ပြန်ရောက်ပြီ"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောသည်။ ဤခေါ်ဝေါ်မှုကို ကြားသောအခါ ယင်းနင်၊ ချွဲဝမ်ယွမ်နှင့် အခြားသူများအားလုံးမှာ အံ့ဩမှင်တက်သွားကြသည်။ ဤသည်မှာ ဟန်ဆောင်မှုများကို မပေါ်သွားစေဘူးလား။
မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းက လက်ရှိတွင် ဝမ်မိသားစု၏ သခင်လေး ဝမ်ကောင်းရှင်းအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်သည်။ မည်သို့သားမျိုးက သူ့အဖေကို အဘိုးကြီးဟု ခေါ်မည်နည်း။
ဒါက သတင်းဆိုးပဲ၊ သူတို့ မြို့ထဲရောက်နေတာ သိပ်မကြာသေးဘဲ သူတို့ရဲ့ အထောက်အထားက ပေါ်လာတော့မှာပဲ၊
ယင်းနင်မှာ ဒေါသထွက်လုမတတ် ဖြစ်သွားသည်။ သို့သော် နောက်တစ်ခဏတွင်တော့ ဝမ်ထိုက်ဟွေ၏ တုံ့ပြန်မှုက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ ဝမ်ထိုက်ဟွေမှာ ထိုရိုင်းစိုင်းသော ခေါ်ဝေါ်မှုကို လုံးဝ မကြားလိုက်ရသကဲ့သို့ အလွန်တရာ ဝမ်းသာသွားပုံရသည်။ ထိုအစား သူက နွေးထွေးစွာ ပြုံးပြီးပြောသည်
"လိမ္မာလိုက်တဲ့ ကလေးလေး၊ တကယ်ကို ယဉ်ကျေးနေတာပဲ၊ မင်း ပင်ပန်းနေပြီလား"
လူတိုင်း "..."
နင်းချိုက်ချန်က သူ၏ဘေးမှ နျဲ့ရှောင်ချန်ကို တီးတိုးပြောသည်။
"ချန်အာ... တစ္ဆေမျိုးနွယ်စုက လူတွေက သူတို့ရဲ့ ဖခင်တွေကို ဒီလိုပဲ ခေါ်ကြတာလား"
နျဲ့ရှောင်ချန်မှာလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော်လည်း သူမ၏ ခေါင်းကို ခါယမ်းကာ ပြောသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါပေမယ့် ဒီပြင်ပ တစ္ဆေမျိုးနွယ်စုဝင်တွေမှာ ဒီလို ဓလေ့စရိုက်တွေ ရှိနေနိုင်တယ်"
လူတိုင်း၏ အံ့ဩမှင်တက်မှုကိုတော့ ထည့်ပြောစရာပင် မလိုတော့ချေ။ စိတ်ပူပန်မှုများစွာ ပြသပြီးနောက် ဝမ်ထိုက်ဟွေက ကြိုးတုပ်ခံထားရသော သုံ့ပန်းများကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ကောင်းရှင်း... ဒီတစ္ဆေမျိုးနွယ်စုဝင်တွေကို ကိုင်တွယ်ဖို့ မင်းမှာ ဘယ်လို အစီအစဉ်တွေရှိလဲ"
ရွှယ်အန်းက အရေးမစိုက်သော လေသံဖြင့် ပြောသည်။
"အဘိုးကြီး... ကျွန်တော်က ဒီလူတွေကို ကျွန်တော့် နေရာမှာ အရင်ဆုံး သော့ခတ်ထားပြီး သေချာ စစ်ဆေးမေးမြန်းပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ အစီအစဉ်ရှိတယ်"
"ကောင်းတယ်၊ ကောင်းတယ်"
ဝမ်ထိုက်ဟွေက ယောက်ျားတွေသာ နားလည်နိုင်သော အဓိပ္ပါယ်ပါသည့် အပြုံးတစ်ခုကို ပြသလိုက်သည်။ သူက ရွှယ်အန်း၏ ပခုံးကို ပုတ်သည်။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်၊ ဒါနဲ့ မနက်ဖြန်ညကျရင် ချူကျိုးမြို့တော်မှာ စားသောက်ပွဲတစ်ခု ရှိတယ်၊ မင်းလည်း ပြန်ရောက်နေပြီဆိုတော့ ဘာလို့ ငါတို့နဲ့ အတူ သွားရင်ရော"
ထိုသို့ပြောပြီးနောက် ဝမ်ထိုက်ဟွေက ရွှင်လန်းသော အပြုံးတစ်ခုဖြင့် ထွက်ခွာသွားသည်။ ဝမ်ဟန်ရှင်းက ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ပြီး ယင်းနင်နှင့် ချွဲဝမ်ယွမ်ကို အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခြေထောက်ကို ဆောင့်၍ ထွက်သွားသည်။
ရွှယ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ စားသောက်ပွဲ ဟုတ်လား၊ ဘယ်လို စားသောက်ပွဲမျိုးလဲ။
အနည်းဆုံးတော့ စားသောက်ပွဲကို တက်ရောက်ခြင်းက ပါဝင်သူများကြားထဲမှ သဲလွန်စများကို ပိုမို ရှာဖွေနိုင်ခွင့် ရရှိစေလိမ့်မည်။ ထိုအတွေးဖြင့် ရွှယ်အန်းက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောသည်
"ဒီလူတွေကို ငါ့ ခြံဝင်းထဲ ခေါ်သွားကြ"
"ဟုတ်ကဲ့ပါ"
မကြာမီမှာပင်။ ဝမ်မိသားစု၏ သခင်လေး ဝမ်ကောင်းရှင်းသည် တစ္ဆေမျိုးနွယ်စုမှ သုံ့ပန်းအများအပြားကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာကြောင်း သတင်းက ချူကျိုးမြို့တော် တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အထူးသဖြင့် သူတို့ထဲမှ အများအပြားမှာ အလွန်တရာ လှပသော အမျိုးသမီးများ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ကြီးမားသော လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"ကျစ်... ဘာဖြစ်လို့ အဲဒီ အရူး ဝမ်ကောင်းရှင်းက အဲဒီလောက် ကံကောင်းနေရတာလဲ၊ သူက တစ်ခေါက် ထွက်သွားရုံနဲ့ အလှလေးတွေ အများကြီးကို ခေါ်လာနိုင်တယ်ပေါ့လေ"
အခြား ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခုတွင် ဆိုးယုတ်သော မျက်နှာရှိသည့် အမျိုးသားတစ်ဦးက ဒေါသတကြီး
ပြောသည်။
"ဟီးဟီး... သခင်လေးကျုံးက မနာလို ဖြစ်နေတာလား"
သေးသွယ်ပြီး ဖြူရော်နေသော လူငယ်တစ်ဦးက ကုလားထိုင်ပေါ်တွင် မှီထိုင်နေပြီး သူ၏ ပါးစပ်က နားရွက်များအထိ ရောက်မတတ် ပြုံးဖြီးနေကာ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
"ဟွန့်"
သခင်လေးကျုံးက အေးစက်စွာ နှာမှုတ်လိုက်ပြီး ထိုလူငယ်ကို ဘေးတိုက် စောင်းကြည့်သည်
"မင်းရော ဘယ်လိုလဲ အစ်ကိုပိုင်၊ မနာလို မဖြစ်ဘူးလား”
--