အခန်း ၁၃၈၇
Vol. 93 Ch. 1387
အခန်း (၁၃၈၇) ဗုဒ္ဓကြာပန်း မိန်းကလေး
ထိုအတွေးဖြင့် ဝမ်ဟန်ရှင်းသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ ထွက်လာသည်။ သူမ နေထိုင်သော ခြံဝင်းမှာ ရွှယ်အန်း တည်းခိုနေသော နေရာနှင့် သိပ်ပြီး မဝေးလှချေ။ လမ်းတစ်လျှောက်တွင် ဝမ်ဟန်ရှင်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာကို မြင်တွေ့ရသော အစေခံတိုင်းမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး ခေါင်းကိုပင် မမော့ရဲကြဘဲ ဘေးသို့ အလျင်အမြန် ဖယ်ပေးလိုက်ကြသည်။
ဝမ်ဟန်ရှင်းက ဤအောက်ခြေသိမ်း အစေခံများကို အဖက်လုပ်နေရန် စိတ်မဝင်စားချေ။ သူမသည် ရွှယ်အန်း နေထိုင်ရာ ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။ တံခါးဝမှ အစောင့်များက တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်သော်လည်း ဝမ်ဟန်ရှင်းက သူတို့ကို စူးရဲစွာ စိုက်ကြည့်သည်။
သူတို့မှာ ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ကြပြီး လိမ္မာကျိုးနွံစွာဖြင့် ဘေးသို့ဖယ်ကာ သူမကို ဖြတ်သန်းသွားခွင့် ပြုလိုက်ကြသည်။ ဝမ်ဟန်ရှင်းသည် ခြံဝင်းထဲသို့ ဝင်ရောက်လာစဉ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း တံခါးမှာ တင်းကြပ်စွာ ပိတ်ထားကြောင်း တွေ့လိုက်ရသည်။
သူမ၏ မုန်တိုင်းထန်နေသော မျက်နှာအမူအရာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။ နေ့ခင်းကြောင်တောင်ကြီး တံခါးပိတ်ထားရအောင် သူမ၏ အစ်ကိုဖြစ်သူက ဘာတွေများ လုပ်နေတာလဲ...
ဝမ်ဟန်ရှင်းက မံ့ကို ကြိတ်လိုက်ပြီး အတွင်းဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို ခိုးနားထောင်ရန် ရည်ရွယ်ကာ နီးကပ်စွာ တိုးသွားသည်။ သို့သော် ထိုအချိန်မှာပင် တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်။
ရွှယ်အန်းက အတွင်းဘက်မှ ထွက်လာသည်။ သူတို့၏ အကြည့်များက ဆုံသွားကြသည်။ ဝမ်ဟန်ရှင်းမှာ ဆွံ့အသွားကာ ထိုနေရာတွင်ပင် အေးခဲသွားသော်လည်း သူမ၏ အကြည့်များက အတွင်းဘက်ရှိ စောက်ရူးမများကို ရှာဖွေနိုင်ရန် ရွှယ်အန်းကို ကျော်လွန်၍ လှမ်းကြည့်သည်။ ရွှယ်အန်းက သူ၏ အနောက်မှ တံခါးကို တည်ငြိမ်စွာ ပိတ်ပြီး အရေးမစိုက်သော လေသံဖြင့် မေးသည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ"
ရွှယ်အန်းသည် ဤခန္ဓာကိုယ်ပိုင်ရှင်၏ ညီမဖြစ်သူအပေါ် လုံးဝ နှစ်သက်မှု မရှိချေ။ မှတ်ဉာဏ်များနှင့် လေ့လာစောင့်ကြည့်မှုများအရ ဤမိန်းကလေးမှာ မည်မျှ အကြမ်းဖက်တတ်ပြီး မာနထောင်လွှားကြောင်း သူ့အတွက် ရှင်းလင်းနေပြီး ဖြစ်သည်။
အကယ်၍ မလိုအပ်သော ရုတ်ရုတ်သဲသဲဖြစ်မှုများကို ရှောင်ရှားလိုသော သူ၏ ဆန္ဒသာ မရှိခဲ့လျှင် ရွှယ်အန်းက သူမကို စောစီးစွာကတည်းက ရှင်းလင်းပြီး ဖြစ်နေပေမည်။ ရွှယ်အန်း၏ အမေးကို ကြားသောအခါ ဝမ်ဟန်ရှင်းမှာ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူမက နှာခေါင်းရှုံ့မိသည်။
"ညီမ ဒီကို ဘာလို့ လာတာလဲဆိုတာ ကိုကို မသိသေးဘူးလား၊ ဘာဖြစ်လို့လဲ၊ အရှက်မရှိတဲ့ မိန်းမ တချို့ကို ဖမ်းမိပြီးနောက်မှာ ဆက်ပြီး မအောင့်ထားနိုင်တော့ဘူးလား"
သူမ၏ စကားများမှာ ကြမ်းတမ်းပြီး နာကျင်စေ၏။ သို့သော် ထိုသို့ ပြောလိုက်ရခြင်းက ဝမ်ဟန်ရှင်းအတွက် ရှားပါးသော ကျေနပ်မှု တစ်ရပ်ကို ဖြစ်ပေါ်စေသည်။ သို့သော် သူမ အောင်ပွဲခံနေသော စိတ်ခံစားချက်မှာ ခဏတာမျှသာ ကြာမြင့်ပြီးနောက် ပဲ့တင်ထပ်သွားသော ပါးရိုက်သံ တစ်ခုဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ပြတ်သားသော အသံတစ်သံနှင့်အတူ ဝမ်ဟန်ရှင်းသည် သူမကိုယ်သူမ လွင့်စင်သွားကြောင်း ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည်။ ရွှယ်အန်းက သူ၏ လက်များကို ပေါ့ပေါ့ပါးပါး ခါထုတ်ပြီး အေးစက်သော လေသံဖြင့် ပြောသည်။
"ငါ့ကို အဲဒီလို ထပ်ပြောကြည့်စမ်း၊ မင်းရဲ့ သွားတွေကို သတိထားနေတာ ပိုကောင်းလိမ့်မယ်"
ပါးရိုက်ခံရမှုကြောင့် ကြောင်တောင်တောင် ဖြစ်သွားသော ဝမ်ဟန်ရှင်းက ပြန်လည်တုံ့ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း ရွှယ်အန်း စကားများကြောင့် ဆွံ့အသွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူမနှုတ်ခမ်းများမှ ထွက်ပေါ်လာတော့မည့် စကားလုံးများကို အတင်းအဓမ္မ မြိုချလိုက်ရသည်။
သူမ အစ်ကိုဖြစ်သူမှာ စိတ်ပျက်ထိတ်လန့်ဖွယ် ကောင်းလောက်အောင် စိမ်းသက်နေသကဲ့သို့ သူမ ရုတ်တရက် သဘောပေါက်သွားသည်။ သူမကို ဆွံ့အသွားစေလောက်အောင်ပင် စိမ်းသက်နေခြင်းဖြစ်၏။ အထူးသဖြင့် သူ၏ အကြည့်များပင်။
အကယ်၍ သူမက ထပ်ပြီး တစ်စုံတစ်ရာ ပြောရန် ရဲတင်းပါက ရွှယ်အန်းက သူမကို သတ်ပစ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း ဝမ်ဟန်ရှင်း ယုံမှားသံသယ မရှိချေ။ ဤသို့သော အခြေအနေများအောက်တွင် သူမမှာ ဒေါသတကြီးဖြင့် မတ်တတ်ရပ်ကာ ရွှယ်အန်းကို နက်ရှိုင်းပြီး စူးရဲသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
ရွှယ်အန်းမှာ တုန်လှုပ်ခြင်း မရှိပဲ ကိုယ်ကိုကိုယ် အထင်ကြီးပြီး စည်းကမ်းမဲ့နေသော ကလေးဆိုးတစ်ယောက်သာ ဖြစ်ကာ ကျယ်လောင်စွာ ခြိမ်းခြောက်တတ်သော်လည်း အရေးမပါသော ကမ္ဘာမြေပေါ်မှ လမ်းဘေးလူမိုက်များနှင့် ခြားနားခြင်းမရှိချေ။ ရွှယ်အန်းက ဝမ်မိသားစု၏ စံအိမ်မှနေ၍ ချူကျိုးမြို့တော်၏ လမ်းမများပေါ်သို့ အေးအေးလူလူ လမ်းလျှောက် ထွက်သွားသည်။
ဤသည်မှာ သူ့ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော အလေ့အကျင့်တစ်ခုသဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။ မြို့သစ်တစ်ခုသို့ ရောက်ရှိလာတိုင်း ကမ္ဘာမြေနှင့် လုံးဝကွဲပြားခြားနားသော ဒေသဆိုင်ရာ ယဉ်ကျေးမှုကို လေ့လာစောင့်ကြည့်ရင်း လမ်းမများပေါ်တွင် လျှောက်လည်လေ့ရှိသည်။
ယခုတစ်ကြိမ်လည်း ချွင်းချက်မဟုတ်ချေ။ မနက်ဖြန်ည စားသောက်ပွဲ မတိုင်မီ အချိန်တစ်ရက် အပြည့် လွတ်လပ်နေသေးရာ သူ၌ အချိန်များစွာ ရှိနေသည်။ သူက လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်ပြီး လမ်းတစ်လျှောက် ရှန်းရှန်းနှင့် နျန်နျန်တို့အတွက် ကစားစရာ အချို့ကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေမည်။
ဤအကြောင်းကို တွေးမိသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် ခပ်ဟဟ အပြုံးတစ်ခုက တွဲခိုလာခဲ့သည်။ လတ်တလောတွင် မှော်ရတနာ မဏ္ဍပ်မှာ ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။ အန်းယန်ပင်လျှင် ယခုရက်ပိုင်းများတွင် ပေါ်ထွက်လာခြင်း ရှားပါးလေသည်။
အရာအားလုံးက ဤအမျိုးသမီးများ အချိန်ဖြုန်းစရာ ကစားစရာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က သူ မှော်ရတနာမဏ္ဍပ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ အတွင်းဘက်တွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့ပြီး အံ့ဩလန့်ဖြန့်သွားခဲ့ရသော မြင်ကွင်းကို ရွှယ်အန်း ရှင်းလင်းစွာ မှတ်မိနေသေးသည်။ ချူကျိုးမြို့တော် လမ်းမများမှာ သိပ်ပြီး လူစည်ကားလှခြင်းမရှိဘဲ ဆိုင်ခန်းများမှာလည်း သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပုံရသည်။
မည်သို့ပင်ဆိုစေကာမူ လတ်တလော အပြောင်းအလဲများကြောင့် မြို့တော်မှာ သိသိသာသာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရ၏။ ထို့အပြင် ဤပြင်ပ တစ္ဆေမျိုးနွယ်စုများ၏ အပြုအမူများက အမြဲတစေ ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေပြီး သူတို့၏ အကျိုးစီးပွားကို ရှာဖွေရာတွင် မည်သည့် နယ်နိမိတ် ကန့်သတ်ချက်မျှ မရှိကြချေ။
ရလဒ်အနေဖြင့် ချူကျိုးမြို့တော်မှာ သိသိသာသာ ခြောက်ကပ်သွားသည်။
သို့တိုင်အောင် ဤလောကနယ်ပယ်၏ အဓိက ကျက်စားရာ နေရာတစ်ခု ဖြစ်သည့်အားလျော်စွာ ၎င်းသည် ဆွဲဆောင်မှုများနှင့် ဖျော်ဖြေမှု အချို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရသော် အရှေ့ဘက်ရှိ တံခါးအပြင်ဘက်အထိ လူတန်းရှည်ကြီး စီတန်းနေသော ဆိုင်တစ်ဆိုင်မှာ အထူးသဖြင့် ထင်ရှားသော မြင်ကွင်းတစ်ခုပင်။
ထိုဆိုင်မှ လွင့်ပျံလာသော ဆွဲဆောင်မှုရှိသည့် ရနံ့က ဖြတ်သွားဖြတ်လာများကို ရပ်တန့်၍ ရှူရှိုက်စေလောက်အောင်ပင် ညှို့ယူဖမ်းစားနိုင်ပြီး သူတို့၏ ပါးစပ်များမှ သွားရည်ကျမတတ် ဖြစ်သွားစေသည်။
ဒါက ချွဲဝမ်ယွမ် အကြိတ်အနယ် ထောက်ခံပေးခဲ့ပြီး ပြန်လာရင် ဝယ်လာခဲ့ဖို့ ရွှယ်အန်းကို အကြိမ်ကြိမ် တောင်းဆိုထားတဲ့ သရေစာဆိုင်ပဲ ဖြစ်ရမယ်...
ရွှယ်အန်းက ဆိုင်ကို လေ့လာစောင့်ကြည့်ရန် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိသည်။ တစ္ဆေနယ်ပယ်တွင် နေ့စဉ်ဘဝ၏ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော ဤကဲ့သို့သော မြို့တော်မျိုးမှာ ရှားပါးသည်။
အဘယ်ကြောင့်ဆိုသော် တစ္ဆေမျိုးနွယ်စုများသည် ယေဘုယျအားဖြင့် အစားအစာ မလိုအပ်ဘဲ လူသားခန္ဓာကိုယ်များအဖြစ် ပြောင်းလဲသွားချိန်၌ပင် သူတို့သည် လူသားမျိုးနွယ်စု၏ ဖန်တီးနိုင်စွမ်း စိတ်ဓာတ် ကင်းမဲ့နေသောကြောင့် ဖြစ်သည်။
သို့သော် ဤလောကနယ်ပယ်က ကွဲပြားခြားနားသည်။ ဤနေရာ၏ မွေးရပ်မြေတစ္ဆေမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့မှာ အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။ လူသားများနှင့် တစ္ဆေများ အတူတကွ နေထိုင်ကြသော ချူကျိုးမြို့တော်က သဘာဝကျကျပင် ဤကဲ့သို့သော သက်ဝင်လှုပ်ရှားသည့် နေရာများကို ဖြစ်ပေါ်စေသည်။
ဆွဲဆောင်မှုရှိသော ရနံ့က ကြည်နူးဖွယ်ကောင်းသည့် အရသာကို ကတိပေးနေသဖြင့် ရွှယ်အန်းကိုယ်တိုင်ပင် အချို့ ဝယ်ယူရန် စဉ်းစားသွားစေခဲ့သည်။ ထိုအချိန်မှာပင် သူ၏ အာရုံစိုက်မှုက လမ်းအဆုံးမှနေ၍ ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်ရှုရင်း ချဉ်းကပ်လာသော မိန်းကလေးငယ် တစ်ဦးထံသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်နှာအမူအရာမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေပြီး ဆိုင်သို့ ရောက်ရှိလာသောအခါ သူမ၏ မျက်နှာမှာ ဝမ်းသာကြည်နူးမှုများဖြင့် လင်းလက်သွားခဲ့သည်။ သူမသည် အလှည့်ကို စောင့်ဆိုင်းရန် လူတန်းထဲသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားလေသည်။
ရွှယ်အန်းက အသက် ဆယ့်လေးငါးနှစ်ခန့် အရွယ်ရှိမည့် ဤမိန်းကလေးကို ကြည့်လိုက်ပြီး ခဏတာ အေးခဲသွားခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ မကြာမီမှာပင် သူကိုယ်တိုင်လည်း လူတန်း အဆုံးတွင် ဝင်ရောက် တန်းစီလိုက်သည်။
စောင့်ဆိုင်းရခြင်းမှာ ကြာမြင့်ပြီး ပျင်းစရာကောင်းသော်လည်း ရွှယ်အန်း၏ အာရုံစိုက်မှုက ထိုမိန်းကလေးအပေါ်တွင်သာ ရှိနေခဲ့သည်။ အဆုံးတွင် သူမ၏ အလှည့်သို့ ရောက်လာသောအခါ သူမက အစားအစာ သုံးပွဲကို တစ်ပြိုင်နက် ဝယ်ယူသည်။ သူမက လှည့်လာပြီး ရွှယ်အန်းကို စူးရဲစွာ စိုက်ကြည့်ကာ ငေါက်ငမ်းလာသည်။
"ရှင့်ကိုယ့်ရှင် ကြည့်လို့ ဝပြီလား"
ထိုသို့ပြောပြီးနောက် သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ လှည့်ထွက်သွားလေတော့သည်။ ဘေးမှ ကြည့်နေသူများမှာ စူးစမ်းချင်စိတ်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။ သို့သော် ရွှယ်အန်းကမူ အရှက်ရသည့် အရိပ်အယောင်မျှ မပြဘဲ ထွက်ခွာသွားသော မိန်းကလေး၏ ပုံရိပ်ကို ရယ်မောချင်စရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဆိုင်ရှင်ဘက်သို့ လှည့်ပြောသည်။
"ငါ့ကို ငါးပွဲ ပေးပါ... အာ... နေဦး... ခြောက်ပွဲ ပြောင်းလုပ်ပေးပါ"
စောင့်ဆိုင်းနေစဉ် ရွှယ်အန်းက အနီးအနားရှိ လမ်းကြားတစ်ခုတွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ အစားအစာကို ကြည်နူးစွာ စားသောက်နေသော ထိုမိန်းကလေးကို သူ၏ နတ်ဘုရားအာရုံဖြင့် လေ့လာစောင့်ကြည့်နေခဲ့သည်။ သူမ မျက်ခုံးနှစ်ခုကြားတွင် ခပ်ရေးရေး အနီရောင်ကြာပန်းတစ်ခုကို မြင်တွေ့နိုင်ပြီး ၎င်းမှာ မသိသာလှသော်လည်း ဗုဒ္ဓကျင့်စဉ်၏ ဝိသေသလက္ခဏာဖြစ်သော ဖြူစင်ပြီး တည်ငြိမ်သည့် စွမ်းအင်များကို ထုတ်လွှင့်နေလေသည်။
သို့သော် ထိုအချိန်မှာပင် မိန်းကလေးမှာ အစားစားနေရင်း ရုတ်တရက် အေးခဲသွားခဲ့သည်။ သူမ၏ အကြည့်များက ရွှယ်အန်း၏ နတ်ဘုရားအာရုံ လွှမ်းခြုံထားသော နေရာဆီသို့ စူးရဲစွာ ပြောင်းလဲသွားပြီး တိုးညင်းသော လေသံဖြင့် မေးသည်။
"ဘယ်သူက ငါ့ကို ကြည့်နေတာလဲ"
သူမ၏ စကားများနှင့်အတူ ကြာပန်းတစ်ခုဖြင့် တိုက်ခိုက်မှုတစ်ခုကို စတင်လာသည်။ သို့သော် ထိုတိုက်ခိုက်မှု မကျရောက်လာခင်မှာပင် ရွှယ်အန်းက နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းပြီး ဖြစ်သည်။ မမြင်ရသော စောင့်ကြည့်သူ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါ မိန်းကလေး၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့သည်။
"ခုနက တစ်ယောက်ယောက် ငါ့ကို ကြည့်နေတာ ငါ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်၊ ပြီးတော့ သူက ထူးထူးဆန်းဆန်း ရင်းနှီးနေသလိုပဲ၊ နေဦး... အဲဒါ သူပဲ"
မိန်းကလေး၏ မျက်လုံးများက မှတ်မိသွားမှုနှင့်အတူ လင်းလက်သွားပြီးနောက် ဒေါသတကြီးဖြင့် သူမ၏ ခြေထောက်ကို ဆောင့်လိုက်ကာ ကျန်ရှိနေသော အစားအစာများကို စားလိုက်ပြီး ထွက်သွားတော့သည်။
"စိတ်ဝင်စားစရာပဲ၊ မြင့်မြတ်တဲ့ လမ်းစဉ်ကို လိုက်နေတာပေါ့လေ"
ရွှယ်အန်းက သူ၏ နတ်ဘုရားအာရုံကို ပြန်လည်ရုပ်သိမ်းပြီးနောက် ခပ်ဟဟ ရယ်မောကာ တီးတိုး ရေရွတ်မိသည်။
--