အခန်း ၁၂၀၂
Vol. 101 Ch. 1202
အခန်း ၁၂၀၂ -
ရတနာတစ်သောင်းခန်းမ ... ။
မီးခိုးရောင်သန်းသော မြူထုကြီးက လေထုထဲပျံ့လွင့်နေသည်။ အဖြူရောင်အရိုးရွှံ့နွံ တစ်ခုလုံးသည် ဆိတ်ဆိတ်ရာမှ ရုတ်ချည်း အသက်ဝင်လာတော့၏။
အနက်ရောင်ဝတ် အဖိုးကြီးနှင့် လူငယ်နှစ်ယောက်သည် သူတို့ခန္ဓာကိုယ်များသို့ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား အငွေ့အသက်များ ရစ်သိုင်းလာသည်ကို ခံစားလိုက်ရသည်။
တဆက်တည်းမှာပင် သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများဖြင့် စိုက်ကြည့်ခြင်း ခံလာရတော့၏။ အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာပေပင်။
“ ဒါ ... ။ ”
အရိုးရွံ့နွံကြီးတစ်ခုလုံး နိုးထလာသလိုပေပင်။ အနက်ရောင်ဝတ်ရုံဝတ် အဖိုးကြီးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး ဦးရေပြားတစ်ခုလုံး ထုံကျင်သွားလေသည်။
သူ့ဘေးရှိ လူငယ်နှစ်ဦးမှာလည်း ကြောက်လန့်တကြားဖြင့် ပြင်းစွာ တုန်လှုပ် နေကြတော့၏။
“ ဘယ်လိုလုပ် သူတို့ ဖြတ်သွားတုန်းက ရှိမနေကြပဲ အခုမှ နိုးလာတာလဲ။ ”
ဤမတိုင်မီ တန်မြေအဖိုးသည် အန္တရာယ် ကင်းစွာဖြင့် ဖြတ်ကျော်သွားသည်ကို မျက်မြင် ဖြစ်သည်။
ယခုမူ သူတို့ဖြတ်ကျော်စဉ် ဤသေလွန်ဝိညာဉ်များသည် အစုလိုက် အပြုံလိုက် ထွက်ပေါ်လာနေ၏။
“ မြန်မြန် ဆုတ်ခွာကြ ... ။ ”
အနက်ရောင်ဝတ် အဖိုးအိုမှ ချက်ချင်း လူငယ်နှစ်ဦးနှင့်အတူ လှည့်ပြေးရန်ပြင်သည်။ သို့သော် နောက်ကျသွားချေပြီ။
ပြည့်ကျပ်နေသော သေလွန်ဝိညာဉ်အုပ်စုကြီးက သူတို့လမ်းတွင် ထွက်ပေါ်လာတော့၏။
“ မလုပ်နဲ့ ... ။ ”
“ အကြီးအကဲ ငါ့ကို ကယ်ပါ။ ”
“ အား ... ။ ”
မျက်စိတမှိတ်အတွင်းမှာပင် သုံးဦးလုံး အစအနမကျန်အောင် ဝါးမြိုချေမှုန်းခြင်းခံလိုက် ရလေသည်။ သူတို့၏ အသားစများနှင့် ဝိညာဉ် သည်ပင် မကျန်ခဲ့ချေ။
“ တကယ်ပဲ ရက်စက်တယ်။ ”
ထိုမြင်ကွင်းကို ဝေးကွာသော တစ်နေရာမှ စောင့်ကြည့်နေသည့် တန်ပေါင်အာနှင့်အဖိုးအိုးမှ အံ့အားသင့်ကုန်၏။
အဘိုးအို အမည်မှာ တန်လင်းချီဖြစ်သည်။ သူအသက်အရွယ်ဖြင့်ပင် အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ချမ်းတုန်လာချေပြီ။
သူတို့အပေါ် အမှောင်ရိပ်ထဲမှ လုပ်ကြံသူမည်သူဖြစ်ကြောင်း လက်စားချေရန် ချောင်းမြောင်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ သေလွန်ဝိညာဉ်စစ်တပ်ကြီး ပေါ်ထွက်လာကာ ထိုသုံးဦးကို သတ်ဖြတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ ဘာတွေဖြစ်ကုန်တာလဲ ... အဖိုး အဲဒီကြောက်စရာ သေလွန်ဝိညာဉ်တွေက မျက်နှာသာပေးတတ်တာလား။ ”
“ ဟမ့် ... မဟုတ်တာတွေ မတွေးနဲ့ အဲဒီသေလွန်ဝိညာဉ်တွေအားလုံးက ထာဝရည ဧကရာဇ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ နတ်ဆိုးတွေပဲ ...
... သူတို့ သေပြီးနောက်မှာ ဝိညာဉ်အပိုင်းအစတွေက ဒီကမ္ဘာ့ကြီရဲ့စည်းမျဉ်း ဥပဒေတွေကြောင့် ဗီဇအသိပဲကျန်ရှိစေခဲ့တဲ့ ဝိညာဉ်တွေအဖြစ် ပြောင်းလဲသွားတာ ...
... ဘယ်လိုလုပ်ပြီး သူတို့က လူတွေလိုမျက်နှာသာပေး လူရွေးသတ်တာမျိုး လုပ်တတ်မှာလဲ။ ”
တန်လင်းချီ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေလေသည်။ အဆုံး၌ ခေါင်းရမ်းကာ၊
“ တကယ်ပဲ ဒီအပျက်အစီးမြေက ငါတို့မသိနိုင်တဲ့ လျှို့ဝှက်ချက်များစွာနဲ့ ပြည့်နှက်နေတာပါလား။ ”
-ဟု ညည်းတွားလိုက်သည်။
အတွေ့အကြုံရင့်ကျက်သော သူတော်စင်အင်မော်တယ် တစ်ပါးအနေဖြင့် ဤအခြေအနေသည် ရိုးရှင်းသောကံကောင်းမှု မဟုတ်နိုင်ကြောင်း ခံစားမိချေ၏။
သို့သော် အဖြေရှာမရနိုင်သည်မှာ သဘာဝပေပင်။ ရုတ်တရက် အတွေးများက စုရီထံရောက်ရှိသွားပြီး လှည့်ကြည့်လိုက်၏။
( ဒီလူငယ်နဲ့ ဆက်စပ်နေတာများလား ... ။ )
သူ့သံသယများကို နားမလည်ဟန်ဖြင့် စုရီက အဝေးသို့ငေးနေသည်။ ထို့ကြောင့် မျက်ခုံးပင့်ပြီး ခေါင်းရမ်းလိုက်၏။
( မဖြစ်နိုင်ဘူ ... သူ ဒီလောက် အစွမ်းထက်စရာအကြောင်း မရှိဘူး။ )
အမည်ခံ အင်မော်တယ် သာမန်လူငယ်လေးတစ်ဦးသည် ဤကဲ့သို့သော အစွမ်းမျိုးကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။
လမ်းတလျှောက် လူငယ်သည် မသင်္ကာဖွယ်ရာ မည်သည့်လှုပ်ရှားမှုတစ်ခုကိုမျှ မလုပ်ခဲ့ချေ။
“ ကောင်လေး ဒါဆို ဘယ်လိုထင်လဲ ... ။ ”
တန်ပေါင်အာမှ စုရီကို သတိရလာပြီး မေးမြန်းလိုက်သည်။ စုရီမှ လှည့်ကြည့်ကာ၊
“ ငါ့ကို တာအိုစုလို့ ခေါ်ပါ ကောင်လေးဆိုတာက နားဝင်မချိုဘူး။ ”
-ဟု ပြင်ပေးလိုက်သည်။
“ ဟားဟားဟား ... ။ ”
မိန်းကလေးက ရယ်မောလျက်၊
“ မင်းက တကယ်ရှေးရိုးဆန်တာပဲ ကောင်လေးဆိုတဲ့ အခေါ်အဝေါ်က ပိုပြီးတော့ ရင်းနှီးစေတာ နားမလည်ဘူးလား။ ”
-ဟု ပြန်ပြောသည်။ စုရီ တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ဆက်လက်ငြင်းခုံခြင်းမပြု တော့ချေ။
“ သွားရအောင် ... ။ ”
ထို့နောက် သုံးယောက်သား ထာဝရညအကယ်ဒမီ၏ အပျက်အစီးများထံ ဦးတည်လာခဲ့သည်။
သူကင်းမဲ့သော တောင်တန်းတစ်ခုသို့ ရောက်ရှိလာချိန်၌ ကောင်းကင်တစ်ခုလုံးသည် မှောင်မိုက်နေပြီး ခဲနက်ရောင်မိုးတိမ်ကြီးများက မိုးကြိုးများဖြင့် မြေပြင်ပေါ်သို့ ပစ်ချနေသော မြင်ကွင်းကြီးတစ်ခုကို မြင်လာရသည်။
မျက်စိကွယ်လုမတတ် တောက်ပသော လျှပ်စီးအလင်းရောင်များကြောင့် တောင်တန်း တစ်ခုလုံး ဆိတ်သုဉ်းနေ၏။
ထိုမိုးကြိုးလျှပ်စီးများကြား တောင်တန်းကြီးပေါ်တွင် ပြိုပျက်နေသော ရှေးဟောင်း အဆောက်အအုံများစွာကို မျက်စိတစ်ဆုံးမြင်လာရသည်။
အချို့သည် ခေါင်းမာစွာဖြင့် မိုးကြိုးလျှပ်စီးများကြား မတ်မတ်ရပ်နေဆဲ ပေပင်။ ယင်းကြောင့် ဒဏ္ဍာရီလာရှေးဟောင်း မြို့တော်ကြီးတစ်ခုလား ထင်မှားစေ၏။
ဤသည်မှာ ထာဝရညအကယ်ဒမီ ကျောင်းတော်ပေပင်။ ယခုအပျက်အစီးများသာ ရှိနေတော့၏။ စုရီ၏ စိတ်အာရုံထဲတွင် ထိုစဉ်က ပုံရိပ်များ ပေါ်လာသည်။
ထိုစဉ်က ဤနေရာကြီးသည် နတ်အလင်းရောင်များနှင့် မင်္ဂလာအလင်း ရောင်ခြည်များ ဖုံးလွှမ်းနေခဲ့၏။
လူပေါင်းတစ်သိန်းဆံ့သော လေ့ကျင့်ရေးကွင်းကြီး၊ အဖိုးတန် အင်မော်တယ် ဆေးဘက်ဝင်အပင်စိုက်ခင်းများ၊ ဥယျာဉ်များ၊ တပည့်များအတွက် ကျင့်ကြံရန် ဂူဗိမာန်များ၊ စသည်တို့ ပြည့်ကျပ်နေ၏။
နံနက်ခင်းတိုင်းတွင် တပည့်များ သွားလာလှုပ်ရှားနေကြပြီး အလွန်စည်ကား၏။ ကျင့်ကြံသူအားလုံး၏ အထွတ်အမြတ်ထားရာ နယ်မြေအဖြစ်ပင် ကျော်ကြားခဲ့သည်။
တာအိုကျမ်းပေါင်း တစ်သောင်းကျော်နှင့် အမွေအနှစ်များစွာ ကိန်းဝပ်ရာနေရာဖြစ်ချေ၏။ သူတော်စင်အင်မော်တယ်အဆင့် ဆရာပေါင်း တစ်ရာကျော်ရှိပြီး ထိုဆရာများကို ကွပ်ကဲရန် အကြီးအကဲကိုးယောက် ခန့်အပ်ထား၏။
ထိုအကြီးအကဲကိုးယောက်မှာ အင်မော်တယ်ဘုရင်အဆင့်တွင် ဖြစ်လေသည်။ သို့သော် ယခုအခါတွင်မူ ထိုဘုန်းအသရေနှင့် အတိတ်သည် ပျက်စီးယိုယွင်းသွားခဲ့ချေပြီ။
လောကဓံ၏ အပြောင်းအလဲမှာ ရက်စက်လွန်း၏။ ထိုအရာကို တွေးတောလျက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“ ငါတို့ မိုယွင်တောင်ကို အရင်သွားမယ် အဲဒီမှာ တခြားအင်အားစုက ကျင့်ကြံသူတွေနဲ့ တွေ့ဖို့ ငါ စီစဉ်ထားတယ်။ ”
အဖိုးအိုက တန်ပေါင်အာကို ပြောကြားပြီးနောက် စုရီထံလှည့်ကြည့်လာကာ၊
“ မင်းလည်း ဆန္ဒရှိရင် လိုက်ခဲ့လို့ရတယ်။ ”
-ဟု ဖိတ်ခေါ်လေသည်။
“ မိုယွင်တောင်လား ... ။ ”
စုရီက တိုးတိုးလေး ရေရွတ်လိုက်ပြီး၊
“ ဒါဆို မင်းတို့အားလုံးက ရတနာတစ်သောင်းခန်းမကို စိန်ခေါ်ဖို့အတွက် ရောက်လာကြတာလား။ ”
-ဟု မေးမြန်းလိုက်သည်။ တန်လင်းချီက အံ့အားသင့်သွားကာ၊
“ မိတ်ဆွေလေး ... မင်းလည်း အဲဒီအပျက်အစီးအကြောင်း သိနေတာလား။ ”
-ဟု ပြန်လည်မေးမြန်း၏။ စုရီက ခေါင်းညိတ်ပြသည်။ မိုယွင်တောင်ခါးပန်းတွင် တည်ရှိသော ရတနာများစွာခန်းမသည် ထာဝရညအကယ်ဒမီ၏ အမြင့်မြတ်ဆုံး တားမြစ်နယ်မြေတစ်ခုဖြစ်၏။
၎င်းတွင် အင်မော်တယ်မြေအနှံ့မှ ဝမ်ယဲ့စုဆောင်းထားခဲ့သော တာအိုကျမ်းပေါင်း (၉၀,၀၀၀)နီးပါး ရှိနေခဲ့ပြီး စာပေ၊ တာအို၊ဗုဒ္ဓ၊ နတ်ဆိုးနှင့် ဓား စသည့်ကျမ်းစာများ အားလုံး ပါရှိနေလေသည်။
အထွတ်အထိပ်ကာလတွင် ဤခန်းမသည် အင်မော်တယ်မြေတစ်ခုလုံး၌ အကြီးဆုံးသော တာအိုရတနာသိုက် လေးခုအနက် တစ်ခုအဖြစ် ကျော်ကြားခဲ့၏။
အင်မော်တယ်ဘုရင်များပင် အဖိုးတန်ကျမ်းစာများကို ဖတ်ရှုခွင့်ရရှိနိုင်ရန် ခမ်းနားသော လက်ဆောင်များနှင့် မတန်တဆ စျေးနှုန်းများ ပေးဆောင်ရချေပြီ။
“ ကောင်လေး ... ငါတို့နဲ့ လိုက်ခဲ့ပါ။ ”
တန်ပေါင်အာက စုရီကို သဘောကျနေ၏။ တစ်ဖက်လူသည် ငယ်ရွယ်ပြီး မောက်မာနေကာ ဝါကြွားရာ၌ အမှန်ပင် ပျော်စရာကောင်းသည်။
တစ်ခါတစ်ရံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသောအဖိုးကြီးများကဲ့သို့ လျစ်လျူရှု တတ်ပြီး လူငယ်တစ်ယောက်အလား အခေါ်အဝေါ်ကို ငြင်းဆန်တတ်၏။
စုရီထံမှ ငြင်းဆန်ခြင်း မရှိသောကြောင့် တန်လင်းချီက ခရီးကို ဆက်လက်ဦးဆောင်လာ ခဲ့လေသည်။
ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေကာ မိုးကြိုးလျှပ်စီးမုန်တိုင်းများသည် မြေပြင်ပေါ်သို့ တဝုန်းဝုန်းထိမှန်နေ၏။ လမ်းတစ်လျှောက်တွင် တန်လင်းချီသည် လျှို့ဝှက်ရတနာများစွာတို့ကို အသုံးပြု၍ သတိကြီးစွာ ရှေ့ဆက်လာသည်။
မိန်းကလေး တန်ပေါင်အာသည်လည်း သိသိသာသာ တိတ်ဆိတ်သွား၏။ သူမသည် ဤအပျက်အစီးများတွင် အင်မော်တယ်ဘုရင် တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် အန္တရာယ်များရှိကြောင်း နားလည်လာသည်။
“ ကျီး ... ။ ”
ရုတ်တရက် နတ်ဆိုးတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ တန်လင်းချီပင် တုန်ခါသွားပြီး မျက်နှာပျက်သွားရလေသည်။
ထိုစဉ် လျှပ်စီးအလင်းများကြား မိုးကြိုးမုန်တိုင်းများကိုဖျက်ဆီးနေသော ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာ၏။
ဤသည်မှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော အနက်ရောင်ဖားကြီးပေပင်။ မျက်လုံးသုံးလုံးပါရှိကာ ထူးဆန်းသော ရွှေရောင်များ တောက်ပနေ၏။
တန်လင်းချီခမျာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့ တုန်ယင်လာသည်။
ဤအနက်ရောင်ဖားကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လှချေ၏။ အဝေးမှ လှမ်းကြည့်ရုံမျှဖြင့် သူ့ကဲ့သို့ သူတော်စင်အင်မော်တယ်တစ်ပါးပင် အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို ခံစားလာရစေသည်။
တန်ပေါင်အာလည်း ပေတစ်သောင်းခန့် မြင့်သော ဤဖားကြီးကိုကြည့်ကာ ဆွံ့အလျက် တိတ်ဆိတ်သွားသည်။
ထိုစဉ် စုရီသည် ခါးတွင်ချိတ်ထားသော အနက်ရောင်ကျောက်စိမ်းဆွဲသီးကို အသာပင် တို့ထိလိုက်တော့၏။ ချက်ချင်းပင် တောင်ကဲ့သို့ ကြီးမားသောဖားကြီးသည် ပြန်၍ပျောက်ကွယ် သွားတော့သည်။
“ ဘယ်ရောက်သွားတာလဲ ... ။ ”
မြေအဖိုးနှစ်ယောက်မှာ မျက်ဝန်းများ ပွတ်သပ်လျက် ကြောက်ကြောက်လန့်လန့်ဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လေသည်။
“ ငါသိရသလောက်တော့ အရင်က ကျင့်ကြံသူတချို့လည်း အဲဒီဖားနတ်ဆိုးကြီးကို မြင်ဖူးခဲ့ကြတယ် သူက ထာဝရညအကယ်ဒမီရဲ့ အစောင့်နတ်ဆိုးပဲ ကောင်းကင်ဘုရင်အဆင့် သားရဲတစ်ကောင်လို့ ပြောကြတယ် ...
... ထာဝရညအကယ်ဒမီကို အခွင့်မရှိဘဲ ဝင်ရောက်ကြတဲ့လူတိုင်း သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်။”
“ ကောင်းကင်ဘုရင်အဆင့် နတ်ဆိုးလား ... ။ ”
တန်ပေါင်အာခမျာ လုံးဝ ထိတ်လန့်သွားချေပြီ။ ဤနေရာသည် အမှန်ပင် ကြောက်စရာကောင်းလွန်းလှချေ၏။ စုရီမှာမူ တန်လင်းချီ၏စကားကြောင့် ပြုံးလိုက်ကာ၊
“ ဘယ်လိုလုပ် ဖားနတ်ဆိုးဖြစ်မှာလဲ ... ကျောက်ပြားထဲမှာ တံဆိပ်ခတ်တာကို ခံနေရတဲ့ ကောင်းကင်ဘုရင်တစ်ပါးရဲ့ ဝိညာဉ်ပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် မြေးအဖိုးနှစ်ယောက်စလုံးက ချက်ချင်း လှည့်ကြည့်၏။ စုရီမှ နှာခေါင်းကို ပွတ်သပ်ကာ၊
“ ကံကောင်းတယ် ဒီဖားလေးက ဒီမှာ ရှိနေသေးတယ်ဆိုတာ လျှို့ဝှက်နန်းတော်ဆီကို သွားတဲ့ လမ်းကြောင်း ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ”
-ဟု ရေရွတ်လိုက်တော့သည်။
ထို့နောက်တွင် တန်လင်းချီသည် အဖွဲ့ကိုဦးဆောင်ကာ ရှေ့ဆက်လာခဲ့တော့၏။ လမ်းတလျှောက် စုရီထံသို့လည်း မကြာမကြာ လှည့်ကြည့်လာခဲ့သည်။
ဤလူငယ်သည် သေချာပေါက် မရိုးရှင်းလှချေ။ သို့သော် အန္တရာယ်များကို သတိထားနေရသဖြင့် ထိုထက်ပို၍ စူးစမ်းရန် အချိန်မရှိသည်မှာ သဘာဝပေပင်။
များမကြာခင် ပေတစ်သောင်းခန့် မြင့်မားသော တောင်ကတုံးကြီးတစ်ခုကို မြင်လိုက်ရသည်။
ထိုတောင်ကတုံးကြီးသည် မြက်ပင်တစ်ပင်မျှမပေါက်ဘဲ ချွန်ထက်သော ကျောက်တုံးကြီးများဖြင့်သာ ပြည့်နှက်နေ၏။
တောင်ထိပ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသည့် ထူထပ်မည်းမှောင်လွန်းသော တိမ်ထုကြီးဖုံးလွှမ်းထားသည်။
တောင်ခါးပန်းတွင် ပျက်စီးနေသော နန်းတော်တစ်ခုရှိနေပြီး အမှောင်ထုအောက်၌ တစ်ခုတည်းသော အလင်း၏အရင်းမြစ်အဖြစ် မှိန်ဖျော့ဖျော့အလင်းအချို့ ဖြာထွက်နေ၏။
ထိုအလင်းရောင်ကို မြင်ချိန်တွင် တန်လင်းချီသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။
သူသည် လမ်းခရီးတွင် ပြင်းထန်သော တိုက်ပွဲများကြုံရမည်ကိုတွေးကာ သတိကြီးစွာ ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။
သို့သော် မည်သည့် အန္တရာယ်မျှ ထပ်မံ မကျရောက်လာသည်မှာ ကံကောင်းလွန်းချေပြီ။ ထိုအကြောင်းတွေးမည်ဆိုသော် မိုရှင်းတောင်သို့ ရောက်ရှိချိန်မှစကာ မည်သည့်အန္တရာယ် တစိုးတစိမှ မကြုံခဲ့ရခြင်းပေပင်။
“ ဒီတစ်ခါတော့ ... ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို အပြည့်အဝရခဲ့တာပဲ။ ”
တန်လင်းချီတစ်ယောက် တိုးတိုးလေး မှတ်ချက်ပေးလိုက်သည်။ တစ်ဖက်တွင် စုရီက ရုတ်တရက် မျက်ခုံးပင့်ကာ တောင်ပေါ် မော့ကြည့်လိုက်၏။
ဤနန်းတော်တဝိုက်တွင် သူနှင့် အလွန်ရင်းနှီးနေသော အရှိန်အဝါတစ်ခုသည် အမှောင်ရိပ်အတွင်း ပုန်းအောင်းနေသည်ကို ခံစားလိုက်ရချေပြီ။
***