အခန်း ၁၂၀၃
Vol. 101 Ch. 1203
အခန်း ၁၂၀၃ -
စောင့်မျှော်နေသူ ရောက်ရှိလာခြင်း။
“ ဟမ့် ... ဒီနန်းတော်ထဲမှာ ... ငါ့ရဲ့ ယခင်ဘဝတုန်းက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေ တစ်ခုခု ရှိနေတာလား ... ။ ”
တောင်ခါးပန်းပေါ်တွင် မှိန်ဖျော့ဖျော့ လင်းနေသည့် နန်းတော်ကြီးထံမော့ကြည့်ကာ စုရီတစ်ယောက် မျက်မှောင်ကြုတ် လိုက်မိသည်။
များမကြာမီ တန်လင်းချီဦးဆောင်မှုဖြင့် တန်ပေါင်အာနှင့် စုရီတို့သည် ထိုနန်းတော်ဆီသို့ ဦးတည်လိုက်ကြတော့၏။
“ အခု နန်းတော်ထဲမှာ စုဝေးနေကြတဲ့သူအများစုက ပိုင်လုပြည်နယ်ရဲ့ သူတော်စင်အင်မော်တယ်တွေပဲ ... သူတို့ရဲ့ အဆင့်အတန်းနဲ့ နောက်ခံက ငါတို့ထက် အနည်းငယ် နိမ့်ကျနိုင်ပေမယ့် ...
... အားလုံးက တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေကြသူတွေဖြစ်လို့ မာနကြီးတာ မလေးမစားလုပ်တာမျိုး မရှိစေနဲ့။ ”
“ အဖိုး ... စိတ်ပူမနေပါနဲ့ ပြဿနာမရှာဘူးလို့ ကတိပေးပါတယ်။ ”
လမ်းတွင် တန်လင်းချီက သတိပေးစကားဆိုလိုက်သည်။ တန်ပေါင်အာမှ ပြုံးပြီး ခေါင်းညိတ်ပြ၏။ စုရီက ဘေးမှနေ၍ ပြုံးလိုက်သည်။
တန်လင်းချီသည် တန်ပေါင်အာကို သတိပေးနေခြင်း ဖြစ်ခဲ့သော်လည်း ၎င်းမှာ သူ့ထံသွယ်ဝိုက် သတိပေးနေခြင်းဖြစ်၏။
များမကြာမီ တောင်ခါးပန်းရှိ ဟောင်းနွမ်းပျက်စီးနေသော နန်းတော်ကြီးဆီသို့ ရောက်ရှိလာကြသည်။
နေရာတိုင်း ဟောင်းနွမ်းဆွေးမြေ့မှုများ ပြည့်နှက်နေသော်လည်း အဓိက ခန်းမဆောင် အတွင်း၌မူ မီးများလင်းထိန်နေ၏။
ထိုမီးရောင်အောက်တွင် ကျင့်ကြံသူ အများအပြားစုဝေးနေကာ စကားပြောဆိုလျက် ရယ်မောပျော်ရွှင်နေကြတော့၏။
သူတော်စင်အင်မော်တယ် ဆယ်ယောက်ကျော်နှင့် ငယ်ရွယ်သောတပည့် အချို့ ပါရှိနေသည်။
တန်လင်းချီ ရောက်ရှိလာသောအခါ ခန်းမအတွင်းရှိ ထိုလူအများသည် ထရပ်ကာ ချက်ချင်းနှုတ်ဆက်လာကြ၏။
တန်လင်းချီသည် ခန်းမဗဟိုသို့ တန်းလျှောက်သွားကာ ထိုင်လိုက်ပြီး စုရီနှင့် တန်ပေါင်အာမှာမူ ဘေးတွင် ဝင်ထိုင် လိုက်ကြသည်။
ဤအခြေအနေအရ တန်မျိုးနွယ်စု၏ ဩဇာကြီးမားမှုကို ပြသနေချေပြီ။ စုရီကမူ ထိုအချင်းအရာများကို ဂရုမစိုက်ချေ။ ယင်းသည် ထိုင်ခုံအနိမ့်အမြင့်မျှသာဖြစ်၏။
သို့သော် ခန်းမထဲရှိ ကျင့်ကြံသူများ အတွက်မူ ဤအရာသည် တန်လင်းချီအပေါ် အလေးအနက်ထားကြောင်း ပြသခြင်းပေပင်။
“ ချင်းခွန်ဓားနန်းတော်ရဲ့ အကြီးအကဲ လီဝူကျန်းတစ်ယောက်ပဲ ရောက်လာဖို့အတွက် လိုတော့တယ်၊ တာအိုတန် ... မင်းမှာကော ထူးထူးခြားခြား ဘာအစီစဉ်တွေရှိလဲ။ ”
သူတော်စင် အင်မော်တယ် အဖိုးအို တစ်ဦးက ရတနာတစ်သောင်းခန်းမကြီးနှင့် ပတ်သတ်သော အကြောင်းအရာကို ဆွေးနွေးရန်စကားစလာသည်။
တန်လင်းချီမှ ပြုံးရွှင်စွာဖြင့် သူတို့နှင့် စကားများဖလှယ်တော့၏။ စုရီမှမူ အလွန်ပင် ပျင်းရိငြီးငွေ့လာချေပြီ။ ဝိုင်ကိုတစ်ငုံချင်း သောက်လျက် တိတ်ဆိတ်နေ၏။
“ ကောင်လေး ... မင်းပျင်းနေပြီလား။ ”
တန်ပေါင်အာက သူမ၏ မျက်တောင်ရှည်များကို ပုတ်ခပ်ပုတ်ခပ်ဖြင့် စုရီ အနားသို့ တိုးကပ်၍မေးမြန်းလိုက်သည်။ စုရီမှ ပြန်မဖြေနိုင်ခင်မှာပင် ဝမ်ပေါင်အာက၊
“ ဒီလို နှုတ်ဆက်စကားတွေ ... ၊ အခမ်းအနားတွေဆိုတာ အပေါ်ယံတွေပါပဲ ငါတော့ ဘယ်တုန်းကမှ မကြိုက်ဘူး။ ”
-ဟု ပွင့်ပွင့်လင်းလင်း ပြောကြားလာ၏။
“ ဆွေမျိုးသားချင်းတွေ ... သူငယ်ချင်း အစစ်အမှန်တွေ ဆုံကြတာဆိုရင်တော့ တကယ် ပျော်စရာကောင်းပါတယ် ဒါပေမယ့် ဒီလို အကျိုးစီးပွားအတွက် စုကြတဲ့ပွဲမျိုးကတော့ ... မင်း ပြောသလိုပဲ အဓိပ္ပာယ်မရှိဘူး။ ”
တန်ပေါင်အာတစ်ယောက် ချက်ချင်းပြုံးရွှင်သွားကာ အမြင်တူသူတစ်ဦးကို ရရှိလိုက်သဖြင့် ကျေနပ်သွား၏။
“ ငါမင်းကို လွဲမှားစွာ မဆုံးဖြတ်မိဘူးဆိုတာ သိနေတယ် မင်းစကားကြီးစကားကျယ်ပြောတဲ့ အချိန်မှာ အမြင်ကပ်စရာကောင်းပေမယ့် အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ ”
“ ဟမ့် ... ငါဘယ်တုန်းက ကြွားခဲ့လို့လဲ။ ”
စုရီမှ အံ့အားသင့်သွား၏။ တန်ပေါင်အာက ဗာဒံစေ့ပုံစံ မျက်ဝန်းလှလှလေးများကိုပင့်လျက်၊
“ ငါတို့ ပထမဆုံးတွေ့တုန်းကလေ... လောင်မြစ်အောက်မှာ နတ်ဆိုးနဂါး(၃၆)ကောင် ရှိတယ်တို့၊ ဧကရာဇ်ဖူရှင်းက သူ့ကိုယ်သူ သတ်သေတယ်လို့ မင်းပြောခဲ့တာလေ ...
... တကယ်တော့ ငါတို့မိသားစုရဲ့ စာကြည့်တိုက်က မှတ်တမ်းတွေထဲမှာ အဲဒီနေ့ တိုက်ပွဲအကြောင်း အသေးစိတ်ရှိတယ် မင်း ပြောနေတာတွေ လုံးဝမပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။ စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ တန်ပေါင်အာက ပြုံးလျက်၊
“ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ မင်းကို မလှောင်ပါဘူး ငါတို့လို လူငယ်တွေမှာ အမှားနဲ့ အားနည်းချက်လေးတွေ ရှိတတ်တာ သဘာဝပဲ အဲဒါကမှ တကယ့် လူသားဆန်တာ။ ”
-ဟု နှစ်သိမ့်ပေးလာ၏။
ဝမ်ပေါင်အာ၏ မျက်ဝန်းများမှာ ဆွဲဆောင်မှုရှိလာပြီး ဆော့ကစားလိုသောအသွင် ဆောင်နေတော့သည်။
စကားပြောနေစဉ် ဆံနွယ်လေးများ ယိမ်းနွဲ့သွားပုံမှာ အလွန် ချစ်စရာကောင်းလှရာ စုရီပင်ပြုံးလိုက်မိ၏။
“ ဒါဆို ... မင်းရဲ့ အားနည်းချက်တွေကကော ဘာလဲ။ ”
စုရီမှ စိတ်ဝင်တစား မေးလိုက်သည်။ တန်ပေါင်အာကစိတ်ပျက်ဟန်ဖြင့် ခေါင်းရမ်းပြီး၊
“ ငါ့မှာ အားနည်းချက်တွေက ရှာလို့တောင်မကုန်နိုင်ဘူး ဥပမာ ... လှလွန်းလို့ ချီးကျူးသူတွေ ခဏခဏဝိုင်းနေတာမျိုး ... ပြီးတော့ကျင့်ကြံခြင်း ပါရမီကလည်း ...
... မြင့်မားလွန်းတော့ မျိုးနွယ်စုက အကြီးအကဲတွေက နေ့တိုင်း ချီးကျူးနေတာမျိုး၊ ငါ့ရဲ့အနာဂတ်က ဘိုးဘေးတွေကို ကျော်လွန် သွားလိမ့်မယ်ဆိုတဲ့ စကားမျိုး ... ဟူး ...
... ဒါက တကယ်ပဲ နေ့တိုင်း ကြားနေခဲ့ရတော့ ... ပျင်းစရာကောင်းလာရော ငါ့အားနည်ချက်က အဲဒါတွေပဲ ... ။ ”
-ဟု မကျေမနပ် ပြောကြားလာ၏။
စုရီမှာမူ သူမစကားကြောင့် ရယ်ချင် စိတ်ကိုထိန်းလိုက်ရသည်။ ဤအရာများအပေါ် အားနည်းချက်ဟု သတ်မှတ်၍ ရသည်လော။
ရုတ်တရက် ဘေးနားရှိ ထိုင်ခုံမှ မီးခိုးရောင်ဆံပင်ရှည်များနှင့် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက ရယ်မောလျက် စုရီထံလှမ်းကြည့်ကာ၊
“ တာအိုမိတ်ဆွေတန် ... မင်းဘေးက ဒီကောင်လေးက မင်းတို့ မျိုးနွယ်စုကပဲလား။ ”
-ဟု မေးမြန်းလိုက်၏။ ခန်းမထဲရှိ လူတိုင်းသည် တန်ပေါင်အာကို တန်မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်အဖြစ် သိကြသော်လည်း စုရီကို မသိကြချေ။ ထို့ကြောင့် မေးခွန်းကို စိတ်ဝင်စားလာကြသည်။ တန်လင်းချီက ပြုံးလျက်၊
“ သူ့အမည်က စုရီပါ ... ငါတို့ လမ်းမှာဆုံပြီး အတူတူလာခဲ့ကြတာ။ ”
-ဟု ပြန်ဖြေလိုက်၏။
စုရီသည် တန်မိသားစုဝင်တစ်ဦး မဟုတ်ကြောင်း သိရှိသွားသောအခါ လူတိုင်းမှ စိတ်ဝင်စားမှု ပျောက်ဆုံးသွား၏။
“ တာအိုမိတ်ဆွေတန်လို ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်မှု ခံရတာ ဒီလူငယ်လေး ကံထူးတာပဲ။ ”
“ ဒီလို ဆက်ဆံရေးမျိုး ရထားမှတော့ သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပ နေတော့မှာသေချာတယ်။ ”
လူတိုင်း၏ စကားဝိုင်းသည် တန်လင်းချီထံသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ စုရီက ဂရုမစိုက်ချေ။ တန်လင်းချီကမူ ပြုံး၍ လက်ဝှေ့ယမ်းပြကာ၊
“ အထင်မလွဲကြပါနဲ့ ... ဒီတာအိုစုက သာမန်လူမဟုတ်ဘူး ငါ့ရဲ့စောင့်ရှောက်မှုခံယူဖို့ မလိုအပ်ပါဘူး။ ”
-ဟု အမှန်အတိုင်း ပြောလိုက်သည်။ ထိုစဉ်အဝါရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက ရုတ်တရက် ထရပ်လာကာ၊
“ အကြီးအကဲတို့ ... စည်းမျဉ်းတွေအရ ဒီနေ့မှာ ဂျူနီယာတစ်ယောက်ပဲ ပါဝင်ခွင့်ရှိတယ် မဟုတ်လား ... ။ ”
-ဟု မေးမြန်းလိုက်သည်။
သူသည် စုရီကို မလိုလားအပ်သော ပြိုင်ဘက်တစ်ဦးအဖြစ် ကန့်ကွက်ဟန်မျိုး ပြသလာ၏။ စုရီက ဝိုင်ခွက်ကို ပြန်ချကာ၊
“ စိတ်မပူပါနဲ့ ... ငါ ... မင်းတို့အတွက် ခွဲတမ်းကိုလုယူဖို့ ရည်ရွယ်ချက်မရှိပါဘူး မင်းရဲ့ ပြိုင်ဘက်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ ”
-ဟု တိုက်ရိုက် ငြင်းဆိုလိုက်သည်။ ထိုလူငယ်ခမျာ မျက်နှာအေးစက်တင်းမာလျက် အရှက်ရသွားဟန်ဖြင့်၊
“ ငါက စည်းကမ်းကို မေးတာပါ မင်း ပါဝင်ခဲ့ရင်တောင် ဒီအခွင့်အရေးအတွက် မင်းနဲ့ ယှဉ်ပြိုင်ရမှာကို မကြောက်ဘူး။ ”
-ဟု ချက်ချင်း တုံ့ပြန်လေသည်။
စုရီက ပြုံး၍ ဆက်မပြောတော့ချေ။ လူငယ်သည်လည်း ပြန်လည်တိတ်ဆိတ်သွား လေသည်။ သို့သော် သူ့မျက်လုံးများသည် ဝမ်ပေါင်အာနှင့် ရယ်မောစကားပြောနေသော စုရီဆီသို့ ရံဖန်ရံခါ ရောက်ရှိလာသည်။
“ ဒါပေမယ့် မိတ်ဆွေလေးက တာအိုမိတ်ဆွေတန်နဲ့ အတူလာတာဆိုတော့ အပြင်လူ မဟုတ်ပါဘူး သူ့ကိုပါတစ်နေရာ ပေးလိုက်တာ ဘာများခက်ခဲမှာလဲ။ ”
ရုတ်တရက် အဝါရောင်ဝတ် အမျိုးသားက တန်လင်းချီကို မျက်နှာသာပေးရန်ကြိုးစားခဲ့၏။ ကျန်သူများသည်လည်း သူ့စကားကို ထောက်ခံကြလေသည်။
သို့သော် ဤအရာက ငယ်ရွယ်သော ပါရမီရှင်များကို မကျေမနပ် ဖြစ်သွားစေသည်။ အပြင်လူတစ်ယောက်သည် သူတို့၏ အခွင့်အရေးကို လုယူနေခြင်းပေပင်။
“ အကြီးအကဲတွေက သဘောထားကြီးပေးတာကို နားလည်ပါတယ် ဒါပေမယ့် နေရာတစ်ခုကို ဒီလိုပေါ့ပေါ့ပါးပါး ပေးလိုက်ရင်တော့ အားလုံးကျေနပ်နိုင်မယ် မထင်ဘူး ဒီဂျူနီယာမှာ အကြံတစ်ခုရှိပါတယ် ...
... အဲဒီတာအိုစုသာ ငါတို့နဲ့ယှဉ်ပြိုင်ဖို့ သဘောတူရင် ပါဝင်ခွင့်ပေးလိုက်ပါမယ် ဒါက ဘယ်လိုသဘောရပါသလဲ။ ”
အစောပိုင်းက စုရီကို မေးခွန်းထုတ်ခဲ့သောလူငယ်မှ ဝင်ရောက် ပြောကြားလာသည်။
သူ့အမည်မှာ ဟန်ကျင်စုန့်ဖြစ်ပြီး ဤနေရာရှိလူငယ်မျိုးဆက်ထဲတွင် ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်၏။ သူ့အကြံပြုချက်ကို ကျန်ရှိသောလူငယ်များမှလည်း ချက်ချင်းပင် ထောက်ခံလာကြသည်။
ထို့ကြောင့် အကြီးအကဲများက တားဆီးခြင်းမရှိဘဲ စိတ်ဝင်တစား စောင့်ကြည့် လာကြတော့၏။ ဤသည်မှာ လူငယ်ပေပင်။ ပြိုင်ဆိုင်မှုနှင့် စိတ်အားထက်သန်မှုမှာ လူငယ်တစ်ယောက်၏ ဟန်ဖြစ်၏။
ဟန်ကျင်းစုန့်က တားဆီးမည့်သူ မရှိသောကြောင့် စုရီကိုရန်လိုသောအကြည့်ဖြင့် လှည့်ကြည့်လိုက်ကာ၊
“ တာအိုစုရီ ... မင်းရောဘယ်လိုထင်လဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ ယှဉ်ပြိုင်ဖို့ မလိုပါဘူး ... ငါ မင်းတို့ရဲ့ ခွဲတမ်းကို စိတ်မဝင်စားဘူးလို့ ပြောပြီးသားပဲ ဆက်လုပ်ကြပါ။ ”
စုရီမှ ငြင်းပယ်လိုက်သည်။
“ ပျင်းစရာကောင်းလိုက်တာ။ ”
ဟန်ကျင်းစုန့်မှ မျက်ခုံးပင့်လျက် အဆုံးတွင်လှောင်ပြုံးပြုံးကာ ပြန်ထိုင်သွား၏။ ကျန်လူများပင် အထင်သေးသော အကြည့်များ ဖြစ်ပေါ်လာသည်။
ဤသည်မှာ သေရှင်တိုက်ပွဲမဟုတ်ဘဲ စမ်းသပ်ရုံမျှကိုပင် မယှဉ်ရဲသည့် သတ္တုနည်းသူ တစ်ဦး တကယ်ပင် ရှိနေချေ၏။
တန်လင်းချီမှ စုရီအဘယ်ကြောင့် ငြင်းပယ်သည်ကို တွေးတောလျက် မည်သည့် စကားမျှ ဝင်မပြောခဲ့ချေ။ သူတို့သည် ခရီးကြုံ ကြသူများသာဖြစ်၏။
သို့သော် တစ်ဖက်တွင် တန်ပေါင်အာမှ မကျေမနပ် ဖြစ်သွားပြီး၊
“ ဒီလို ကလေးဆန်တဲ့ စိန်ခေါ်မှုကို ဘယ်လိုကြီးမြတ်တဲ့လူက လက်ခံချင်မှာလဲ ငါသာဆိုရင်လည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ”
- ဟု တုန့်ပြန် လှောင်ပြောင်တော့သည်။
ချက်ချင်းပင် ဟန်ကျင်းစုန့်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အရှက်ရမှုနှင့် ဒေါသများ ပြည့်နှက်သွားလေသည်။
ဤသည်မှာ ကလေးဆန်သည်လော။ အနိုင်အရှုံးပြိုင်ဆိုင်ရုံအတွက် ကြောက်ရွံ့သူမှာ ကြီးမြတ်သူ ဖြစ်သွားသည်လော။ မည်သို့သော ဒသနများမည်နည်း။
“ ပေါင်အာ ... ရိုင်းပျမနေနဲ့။ ”
တန်လင်းချီက မျက်ဝန်းများမှေးစင်းပြီး အော်ငေါက်လိုက်သော်လည်း တန်ပေါင်အာမှ နှာခေါင်းရှုံ့ကာ၊
“ ဟမ့် ... ပေါင်အာက အမှန်အတိုင်း ပြောတာ။ ”
-ဟု ဂျစ်ကန်ကန် တုံ့ပြန်လာသည်။
တန်လင်းချီတစ်ဘောက် ခါးသီးစွာ ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို တောင်းပန်သည့် အကြည့်ဖြင့်၊
“ လူတိုင်း အပြစ်မယူပါနဲ့ ... ဒီကောင်မလေးကို မျိုးနွယ်စုရဲ့အဖိုးကြီးတွေက ပျက်စီးစေခဲ့တာပါ။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်း နားလည်မှုရှိစွာ ပြုံးကုန်၏။ ဟန်ကျင်းစုန် တစ်ယောက်တည်းသည်သာ မသက်မသာ အမူအရာဖြင့် အံကြိတ် တိတ်ဆိတ်သွားလေသည်။
သူ့ရာထူးသည် တန်ပေါင်အာထက် နိမ့်ကျသောကြောင့် ဒေါသကို စုရီပေါ်သို့သာ ပုံချလိုက်ရတော့၏။
( တကယ် သတ္တိနည်းတဲ့ကောင် ... တန်ပေါင်အာရဲ့ ကာကွယ်မှုကိုခံယူနေရတာ တကယ့်ကို အရှက်မရှိဘူး။ )
“ ဒီလောက် နောက်ကျနေပြီ ... ချင်းကွန်ဓားနန်းတော်က တာအိုမိတ်ဆွေလီ ဘာလို့ မရောက်သေးတာလဲ လမ်းမှာ တစ်ခုခု ကြုံနေရလို့လား။ ”
ရုတ်တရက် အဖိုးကြီးတစ်ယောက်မှ ခန်းမအပြင်သို့ မျှော်ကြည့်ကာ ညည်းတွား၏။ သို့မှသာ လူတိုင်းသည်လည်း သတိရလာပြီး မျက်မှောင်ကြုတ်သွားကြသည်။
“ ဟမ့် ... မင်းတို့ ပြောနေတာ ဒီလူအကြောင်းလား ... ။ ”
ထိုစဉ် အေးစက်သော အသံနှင့်အတူ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြင့် လူတစ်ယောက် ခန်းမထဲသို့ လှမ်းဝင်လာသည်။ ငွေရောင်ဝတ်ရုံ ဆင်မြန်းထားပြီး မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ အေးစက်နေကာ လက်ထဲတွင် ဦးခေါင်းပြတ် တစ်လုံးကိုင်ဆောင်ထား၏။
ထို့နောက် ငွေရောင်ဝတ် အမျိုးသားက သွေးများစီးကျနေသော ထိုဦးခေါင်းပြတ်ကြီးကို ကြမ်းပြင်ပေါ် ပစ်ချပေးလာခဲ့သည်။
“ ဒုန်း ... ။ ”
***