အခန်း ၁၂၀၄
Vol. 101 Ch. 1204
အခန်း ၁၂၀၄ -
ထာဝရအမှောင် ဧကရာဇ်၏ လက်ရေးလှစာမူ။
လီဝူကျန်း၏ ခေါင်းပြတ်ကြီးသည် ကြမ်ပြင်ပေါ်လိမ့်ဆင်းလာကာ အများသူငှာ ခြေထောက်အောက်တွင် ငြိမ်သက်နေ၏။
သူ့မျက်ဝန်းများသည် ပြူးကျယ်လျက် မသေခင်က ထိတ်လန့်ကြောက်ရွံနေကြောင်း ပြသနေသည်။
ခန်းမတစ်ခုလုံး၏ လေထုမှာ ချက်ချင်းပင် အသက်ရှူရကျပ်မတတ် ဖိအားများဖြင့် လွှမ်းမိုး သွားရတော့၏။
သူတော်စင် အင်မော်တယ်အဆင့် အဖိုးကြီးများအားလုံး ဗီဇအသိဖြင့် ချက်ချင်း ထရပ်လိုက်ကြပြီး မိမိတို့၏ တပည့်များကို ကာကွယ်လိုက်ကြသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ငွေရောင်ဝတ်ရုံနှင့် အမျိုးသားက ခရမ်းရောင် နတ်မီးတောက်များ ခြံရံလျက် အေးစက်စွာ ပြုံးပြုနေတော့၏။
သူ့ဝန်းကျင်၌ အလောင်းပင်လယ်နှင့် သွေးညှီရနံများ ထုံမွှန်းနေသည်။ လူတိုင်းက လုံးဝတုန်လှုပ်လာ၏။ သို့သော် စုရီသာလျှင် မတုန်မလှုပ်ဆက်ထိုင်နေသည်။
ထိုအမူအရာကြောင့် တန်ပေါင်အာမှ စိတ်ထဲမှ လက်မထောင်ပြလိုက်မိလေသည်။ ဤလူငယ်သည် ကြွားဝါတတ်သလောက် သတ္တိလည်း မဆိုးလှချေ။
သူရဲကောင်းဆန်ပြီး ချစ်စရာကောင်း၏။ ထို့ကြောင့် မူလကထရပ်ရန် ပြင်နေခဲ့သော သူမ သည်လည်း ဆက်ထိုင်နေလိုက်တော့သည်။
သို့သော် ယခုအချိန်တွင် မည်သူမျှ စုရီနှင့်တန်ပေါင်အာကဲ့သို့ ဂျူနီယာများကို အာရုံမစိုက်နိုင်ကြချေ။ တန်လင်းချီ အပါအဝင် အဖိုးကြီးများအားလုံး၏ အကြည့်များသည် ငွေရောင်ဝတ် အမျိုးသားထံ၌သာ ရှိနေ၏။
“ မိတ်ဆွေ ... မင်းက ဘယ်သူမို့လို့ တာအိုမိတ်ဆွေလီဝူကျန်းကို သတ်ပစ်ရတာလဲ။ ”
အရပ်မြင့်မြင့်နှင့် ခရမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသော သူတော်စင်အင်မော်တယ် တစ်ပါးက သတိကြီးစွာဖြင့် မေးမြန်းသည်။
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက အေးစက်စက်ပြုံးပြပြီး လူတိုင်းထံဝေ့ကြည့်ကာ ထိုင်နေဆဲဖြစ်သော စုရီနှင့်တန်ပေါင်အာတို့ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွား၏။ သို့သော် ချက်ချင်းပင် လျစ်လျူရှုလိုက်သည်။
သူက လက်ညှိုးသုံးချောင်းကို ထောင်ပြလိုက်ပြီး အထီတရီအပြုံးမျိုးဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလာ၏။
“ မကြောက်ကြနဲ့ ... ငါ ဒီကိုလာတာ ကိစ္စသုံးခုပဲ လုပ်ဖို့ပါ ... ပထမကိစ္စကတော့ ... ဒီလူရဲ့ဦးခေါင်းကိုလာပို့ပြီး မင်းတို့ကို သတိပေးချင်တာပဲ ... ။ ”
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများတွင်ဒေါသနှင့် ထိတ်လန့်မှုများ ဝင်ရောက်လာတော့၏။
သူတို့ကဲ့သို့ သူတော်စင် အင်မော်တယ်များကို ဤသို့ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ဝံ့သည်မှာ ရိုင်းစိုင်းရဲတင်းချေပြီ။
တစ်ဖက်တွင် ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက သူတို့ကို လုံးဝပင်ဂရုမစိုက်ဘဲ သူ့စကားဆက်ပြောလာ၏။
“ ဒုတိယကိစ္စက ... မင်းတို့ရဲ့ အဖိုးတန်ရတနာအားလုံး ငါ့ကိုပေးအပ်ကြပါ အပ်တိုတစ်ချောင်းတောင် မကျန်စေနဲ့။ ”
“ ဟားဟားဟား ... ။ ”
ဤတစ်ကြိမ်တွင် ခရမ်းရောင်ဝတ်နှင့် အရပ်မြင့်မြင့် သူတော်စင် အင်မော်တယ်က ဒေါသတကြီး ရယ်မောလိုက်သည်။
“ မင်းက ငါတို့အားလုံးကို ဓားပြတိုက်နေတာပဲ။ ”
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက မျက်မှောင်ကြုတ်သွားပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ပန်းချီစာလိပ်တစ်ခု ထွက်ပေါ်လာ၏။
“ ကလန် ... ။ ”
ပန်းချီကားအတွင်းမှ ဓားတစ်လက် မြည်ဟည်းသံထွက်ပေါ်လာပြီး ခရမ်းရောင်ဝတ် သူတော်စင် အင်မော်တယ်ကို လွင့်ထွက်သွားစေတော့၏။
“ ဝုန်း ... ။ ”
ပြင်းထန်သော အဟုန်ကြောင့် ခန်းမနံရံနှင့်ဆောင့်မိကာ ပါးစပ်မှသွေးများ စီးကျလျက် ရင်ဘတ်ရှိ ကာကွယ်ရေးချပ်ဝတ် ကြွေမွှထွက်ပေါ်လာချေပြီ။
လူတိုင်း ကြက်သီးမွေးညင်းများ ထသွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်လက် အရှိန်အဝါပေပင်။ အကယ်၍သာ တစ်ဖက်လူတွင် အဖိုးတန် နှလုံးကာကွယ်ရေး ချပ်ဝတ်သာမရှိသော် တစ်ချက်တည်းဖြင့်ပင် အသက်ပျောက်သွားမည်မှာ သေချာသည်။
စုရီအကြည့်များက ငွေရောင်ဝတ် အမျိုးသား၏ ရှေ့တွင်လွင့်မျောနေခဲ့သော ထိုပန်းချီလိပ်ထံ ချက်ချင်းရောက်ရှိသွား၏။
“ ငါ စကားပြောနေတဲ့အချိန်မှာ ဖြတ်ပြောတာကို မကြိုက်ဘူး။ ”
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက အာဏာရှင်ဆန်သောအပြုံးဖြင့် ဖြည်းဖြည်းချင်း ဆိုလာလေသည်။ ထို့နောက် သူကပင်၊
“ အားလုံးပဲ မင်းတို့ရဲ့ ရတနာတွေကို အရင်အပ်ကြပါ ... ပြီးမှ ငါ တတိယကိစ္စကို ဆက်ပြောမယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
လူတိုင်း မျက်နှာများ မည်းမှောင် ကုန်တော့၏။ မီးခိုးရောင်ဆံပင်နှင့် လူက ဒေါသကို မထိန်းနိုင်တော့ဘဲ၊
“ စကားအပိုတွေ ပြောမနေနဲ့ ... လူတိုင်းငါနဲ့အတူတူလက်တွဲပြီး ဒီရိုင်းစိုင်းတဲ့ ဓားပြကောင်ကို သတ်ပစ်ကြစို့။ ”
-ဟု လှုံ့ဆော်လိုက်သည်။
“ ဟမ့် ... ။ ”
ထိုစဉ် ငွေရောင်ဝတ်အမျိုးသားက လက်ညှိုးဖြင့် အသာအယာတောက်လိုက်ရာ ပန်းချီလိပ်ထဲမှ ဓားအလင်းတစ်လက် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ ရွှပ် ... ။ ”
ထိုဓားအလင်းသည် အားရုဏ်ဦးအလင်းကဲ့သို့ စူးရှတောက်ပလှပြီး မီးခိုးရောင်ဆံပင်နှင့် လူထံ ဝင်ရောက်လာသည်။
“ ချိုးဖြတ် ... ။ ”
မီးခိုးရောင်ဆံပင်နှင့်လူမှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် မိမိ၏ ကျင့်ကြံမှုကို အသက်သွင်းကာ ကာကွယ်ရေး ရတနာများ ထုတ်ယူလိုက်သည်။
“ ဘောင်း ... ဘောင်း ဘောင်း။”
ပြင်းထန်လှသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
ထက်ရှလှသော ဓားအလင်းအောက်၌ မီးခိုးရောင်ဆံပင်နှင့်လူ၏ ကာကွယ်ရေးရတနာ အားလုံးသည် စက္ကူကဲ့သို့ပင် အပိုင်းပိုင်း ပေါက်ကွဲ သွားရတော့သည်။
သူကိုယ်တိုင်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ခန်းမထောင့်သို့ လွင့်စင် ပြုတ်ကျသွား၏။ ပြန်၍ပင် မထနိုင်တော့ချေ။
( ဒီကောင် ဘယ်သူလဲ ... သူ ထိန်းချုပ်ထားတဲ့ ပန်းချီကားက ဘာမိုလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။)
ကျန်ရှိနေသော သူတော်စင် အင်မော်တယ်များအားလုံး ဦးရေပြားများ ထုံကျင်ကုန်ကြလေသည်။
“ မင်းတို့ကို အသက်ရှူချိန် သုံးရှိုက်စာ အခွင့်အရေးပေးမယ် နောက်တစ်ယောက်သာ ထပ်ပြီး ဆန့်ကျင်ရင် ငါ့ကိုအပြစ်မတင်နဲ့။ ”
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားမှ အေးစက်သောအမူအရာဖြင့် လူတိုင်းထံသို့ စောင့်ကြည့်နေချေပြီ။
လူတိုင်း၏ စိတ်နှလုံးမှာ အောက်ခြေသို့ ကျဆင်းသွားရပြီး ယခုတစ်ကြိမ်တွင် တကယ့် ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။
တန်ပေါင်အာပင် ဆက်၍ မတည်ငြိမ်နိုင်တော့ဘဲ ထရပ်လိုက်မိပြီး သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် စိုးရိမ်မှုများ ပြည့်နှက်လာခဲ့သည်။
သူမ၏ အတွေ့အကြုံအရ လက်ရှိအခြေအနေမှာ မည်မျှအထိ အန္တရာယ် ကြီးမားနေသည်ကို မြင်နိုင်ချေပြီ။
လူတိုင်းက တန်လင်းချီ၏ တုန့်ပြန်မှုကိုစောင်းဆိုင်းနေဟန် လှည့်ကြည့် လာကြသည်။ တန်လင်းချီမှ လေးနက်သော အနူအရာဖြင့်၊
“ ငါ မမှားဘူးဆိုရင် ... မိတ်ဆွေက နတ်ဘုရားမီးလျှံဂိုဏ်းက ပုဂ္ဂိုလ်တစ်ဦးပဲ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ နတ်ဘုရားမီးလျှံဂိုဏ်း ... ။ ”
ထိုအမည်ကို ကြားလိုက်ရသောအခါ ခန်းမထဲရှိ ကျင့်ကြံသူများအားလုံး မိုးကြိုးပစ်ခံရ သကဲ့သို့ တုန်လှုပ်သွားကြသည်။
ရှေးဟောင်းခေတ်က ဆိုးဝါးလှသော မိစ္ဆာဂိုဏ်းကြီးတစ်ခုကို သတိရသွားကြတော့၏။ ဓမ္မအဆုံးခေတ်မတိုင်မီက နတ်ဘုရားမီးလျှံ ဂိုဏ်းသည် အင်မော်တယ်မြေ၏ ထိပ်တန်း မိစ္ဆာဂိုဏ်းကြီး တစ်ခုဖြစ်သည်။
သူတို့၏ တည်ထောင်သူဘိုးဘေးမှာ အင်မော်တယ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော နတ်ဆိုးဧကရာဇ်ဖြစ်၏။
သို့သော် မဟာကပ်ဘေးကြီးအတွင်း နတ်ဘုရားမီးလျှံဂိုဏ်းသည်လည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခဲ့သည်။ ယနေ့တွင် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဟုပင် ကောလာဟလများ ထွက်ပေါ်နေခဲ့၏။
ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်၊
“ ဒီဘက်ခေတ်မှာ ငါ့တို့ရဲ့ ဂိုဏ်းအကြောင်းကို မှတ်မိတဲ့လူ ရှိနေသေးတာပဲ မင်းဘယ်သူလဲ။ ”
- ဟု ပြန်လည်မေးမြန်းလာသည်။
“ ငါ့နာမည်က တန်လင်းချီပါ ရှေးဟောင်းနတ်တောင်တန်း တန်မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ”
“ အိုး ... တကယ်ပဲ ရှေးဟောင်းတန်မျိုးနွယ်ကိုး။ ”
တန်မျိုးနွယ်စုသည်လည်း ဓမ္မအဆုံးခေတ်မတိုင်မီ ထိပ်တန်းအင်အားကြီး မျိုးနွယ်စုတစ်ခု ဖြစ်ချေသည်။ တန်လင်းချီက လက်ဝှေ့ယမ်းပြကာ၊
“ မိတ်ဆွေအနေနဲ့ ငါတို့မျိုးနွယ်စုကို သိထားမှတော့ ... ငါတို့မျိုးနွယ်စုရဲ့ မျက်နှာကို ထောက်ထားပြီး ဒီနေရာမှာတင် ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ”
-ဟု အလွန် ယဉ်ကျေးပြီး လျှော့ပေးသော လေသံဖြင့် ပြောကြားလိုက်သည်။
“ ဟားဟားဟား ... တန်မျိုးရိုးက တကယ်ပဲအစွမ်းထက်ပါတယ် ဒါပေမယ့် ငါတို့ နတ်ဘုရားမီးလျှံဂိုဏ်းက ကြောက်ရလောက်တဲ့ အထိတော့ မဟုတ်သေးပါဘူး ...
... မင်းတို့တွေ အချိန်မဖြုန်းနဲ့ နှစ်ပေါင်းများစွာကတည်းက ဒီဖူရှင်းတောင်ရဲ့ ထာဝရညအကယ်ဒမီ အပျက်အစီးတွေကို ငါတို့ နတ်ဘုရားမီးလျှံဂိုဏ်းက ထိန်းချုပ်ထားတယ် ...
... ဒီနှစ်တွေထဲမှာ မင်းတို့လိုမျိုး အခွင့်အရေးလာရှာတဲ့ လူမှန်သမျှဒီနေရာမှာပဲ အသက်ပျောက်ခဲ့ကြတာ ငါတို့လက်ချက်ပဲ။ ”
“ ဒါ ... ဒါဆို ... ။ ”
“ ဟုတ်တယ် ... ဒါက ထောင်ချောက်တစ်ခုပဲ။ ”
လူတိုင်း၏ စိတ်နှလုံးသည် ချက်ချင်း လေးလံထိုင်းမှိုင်းသွားပြီး ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြတော့သည်။
ဤအရာများအားလုံးသည် နတ်ဘုရားမီးလျှံဂိုဏ်း၏ ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူထင်မည်နည်း။
“ ဒါနဲ့ မင်းတို့ကို မသေချင်ရင် အညံ့ခံဖို့ အကြံပေးချင်တယ် မင်းတို့မှာဘယ်လိုဝှက်ဖဲပဲ ရှိရှိ အသုံးမဝင်ဘူး ငါ့လက်ထဲက ပန်းချီကားဟာ ဘယ်လိုရတနာလဲကြည့်ပါ။ ”
စကားဆုံးသည်နှင့် ငွေရောင်ဝတ် အမျိုးသားက ပန်းချီကားကို ဖြန့်ချလိုက်သည်။ ဤသည်မှာသုံးပေခန့်ရှိသော ဝါကျတစ်ကြောင်း ပါရှိသည့် ပန်းချီကားပေပင်။
“ ကောင်းကင်ထက် သုံးပေပိုမြင့်တယ်။ ”
စကားလုံးတစ်လုံးချင်းစီတွင် အလွန် အားကောင်းမောင်းသန်ပြီး ကောင်းကင်ကို ထိုးဖောက်မည့် ဓားသွားကဲ့သို့ ထက်ရှသော ရောင်ဝါပါရှိနေ၏။
လူတိုင်း၏ ဝိညာဉ်များသည်ပင် ထိုရောင်ဝါကြောင့် စူးရှနာကျင်သွားပြီးနောက် ကြောက်မက်ဖွယ်ရာ ဖိအားကြီးများ ခံစား လာရတော့သည်။
“ ဒါ ... ဒါက ထာဝရညဧကရာဇ်ရဲ့ လက်ရေးလှတစ်စောင်ပဲ။ ”
တန်လင်းချီတစ်ယောက် ထိတ်လန့်သွားလေသည်။ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်လျက် လုံးဝတည်ငြိမ်မှု ဆုံးရှုံးသွား၏။
ဤကမ္ဘာကြီးတွင် ထာဝရအမှောင်ဧကရာဇ်၏ ဒဏ္ဍာရီပုံပြင်များကို မကြားဖူးသူ မည်သူရှိပါမည်နည်း။
“ ငါ့ကို မြင်ရတာ ကောင်းကင်ဘုံကို မြင်ရခြင်းပဲ။ ”
ထိုသို့သော ဝါကျမျိုးနှင့် အဓိပ္ပါယ် ပြည့်စုံသူသည် ရှေးခေတ်ကာလတစ်လျှောက်၌ ဧကရာဇ်သခင်သာလျှင် ဖြစ်ပေမည်။
တန်မျိုးနွယ်စု၏ နောက်ခံအရ တန်ပေါင်အာသည် ရှေးဟောင်းမှတ်တမ်းများမှ နေ၍ ကောင်းစွာဖတ်ရှု သိရှိထားချေ၏။
ထို့ကြောင့် ထာဝရညဧကရာဇ်၏ လက်ရေးလှဟူသည် မည်မျှကြောက်စရာ ကောင်းကြောင်း နားလည်ချေ၏။
ငွေရောင်ဝတ်ရုံဝတ် အမျိုးသား ဤမျှမောက်မာဝံ့နေသည်မှာ ထူးခြားခြင်း မရှိတော့ချေ။
သည်မျှရိုးရှင်းသော ဝါကျလေးသည် သူတော်စင်အင်မော်တယ်များအပေါ် ကြီးစွာ ခြိမ်းခြောက်နိုင်၏။ အစွမ်းထက်လွန်းချေပြီ။ စစ်မှန်သော ရတနာတစ်ပါးပေပင်။
***