← Chapters

အခန်း ၁၂၀၇

Vol. 101 Ch. 1207

အခန်း ၁၂၀၇

Vol. 101 Ch. 1207

အခန်း ၁၂၀၇ -

ခေါင်းတစ်လုံး လာယူတာ ... ။

ကျောက်ပြားပေါ်တွင် ရေညှိများဖြင့် မှုန်ဝါးနေသော အမည်တစ်ခုကို မှုန်ဝါးဝါးပင် မြင်နေရသည်။ ဤသည်မှာ ‘တာအို မေးမြန်းခြင်း’ ဟူသောအမည်ပေပင်။

ဆိုလိုသည်မှာထိုစဉ်က ဤချိုင့်ဝှမ်းသည် ထာဝရညအကယ်ဒမီ၏ တာအိုတရားတော်များ ပို့ချပေးရာအရပ်ကြီးဖြစ်သည်။

တစ်ခါတစ်ရံတွင် ဂိုဏ်း၏ ကာကွယ်သူ အကြီးအကဲများနှင့် သူသည်ပင် တပည့်များကို ဤနေရာ၌ သင်ကြားပေးခဲ့၏။

ထိုနေ့မျိုးတွင် အင်‌မော်တယ်မြေရှိ အခြားသော ကျင့်ကြံသူများပင် လာရောက်ပြီး နာယူတတ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ထာဝရညအကယ်ဒမီသည် မည်သည့်အခါမျှ အသိပညာများကို လျှို့ဝှက်မထားခဲ့ဘဲ ပြင်ပမှ တန်ခိုးကြီးပုဂ္ဂိုလ်များကိုပင် ပါဝင်ရန် ဖိတ်ကြားတတ်သောကြောင့်ပေပင်။

ထာဝရညအကယ်ဒမီသည် အင်မော်တယ်မြေတွင် ပြိုင်ဘက်ကင်းသော အကယ်ဒမီဖြစ်လာရန်အတွက် ကျယ်ပြန့်သည့် နှလုံးသားရှိရပေမည်။

မြစ်ချောင်းများအားလုံး ပေါင်းစည်းခြင်းဖြင့်သာ ပင်လယ်ကိုဖြစ်စေ၏။ တောင်တိုင်းသည် တစ်တောင်ထက် တစ်တောင်မြင့်မားချေပြီ။

ဤသည်မှာ ထာဝရညအကယ်ဒမီ၏ စည်းမျဉ်းတစ်ခုဖြစ်သည်။ ဝမ်ယဲ့ကိုယ်တိုင်ပင် ၎င်းကိုချမှတ်ကာ လိုက်နာခဲ့သည်။

စုရီတစ်ယောက် ဝိုင်ကိုတစ်ငုံ သောက်လိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော အနက်ရောင် ကျောက်စိမ်းဆွဲသီးကို ညင်သာစွာ ပုတ်လိုက်၏။

“ ဝုန်း ... ။ ”

မြေပြင်တွင် ပြိုကျပျက်စီးနေသည့် ကျောက်ပြားကြီးမှာ ရုတ်တရက်တောက်ပပြီး ရောင်ဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွားလေသည်။

“ ကွပ် ... ကွပ် ... ။ ”

တစ်ဆက်တည်းမှာပင် ထိုရောင်ဝါအလင်းများကြား လေထုအလယ် ဧရာမဖားကြီးတစ်ကောင် ပေါ်လာခဲ့၏။

ယင်းသည် တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါစွာပြီး မှုန်ဝါးကာ အနက်ရောင် မြူခိုးများဖြင့် ဖုံးအုပ်နေချေပြီ။

မျက်လုံးကြီးများသည် ရေကန်ကြီးများထက်ပင် ပိုမိုကြီးမားနေသည်။ ထာဝရညအကယ်ဒမီ တည်ထောင်ရန်အတွက် ကြိုးစားနေစဉ် ဤဒေသရှိ ပထမဦးဆုံးသော နှိမ်နင်းခဲ့ရသည့် နတ်ဆိုးကြီးပေပင်။

ယခု စုရီကို ထိုဖားကြီးမှ အနီးကပ် မြင်လိုက်ရသောအခါ ကြီးမားသောပုံသဏ္ဍန်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အဆက်မပြတ် ကျုံ့ဝင်သွားလေသည်။

“ ကွပ် ... ကွပ် ... ။ ”

အဆုံးတွင် လက်ဖဝါးအရွယ်မျှသာရှိသော နှင်းဖြူရောင် ဖားလေးအဖြစ် ပြောင်းလဲသွားပြီး စုရီလက်ဖဝါးပေါ်သို့ ခုန်တက်လာသည်။

သွေးနီရောင်ရေကန်ကြီး နှစ်ကန်အလား မျင်ဝန်းတစ်စုံသည် ကောက်မျက်တစ်စုံကဲ့သို့ ပြောင်းလဲသွားသည်။

“ ကောင်လေး မတွေ့တာကြာပြီနော် ... မင်းရဲ့ဝိညာဉ်အပိုင်းအစတစ်ခု ကျောက်ပြားမှာ ရှိနေလိမ့်ဦးမယ်လို့ တကယ်မမျှော်လင့်ဘူး။ ”

ဤနှင်းဖြူဖားသည် ရှားပါးသော ရှန်ရှင်းမျိုးစိတ်တစ်ခုဖြစ်ကာ ဖရိုဖရဲစွမ်းအင်မှ မွေးဖွားလာခြင်းဖြစ်သည်။

ကောင်းကင်ဝါးမျို နတ်ဖား ဖြစ်၏။ ရှေးဟောင်းကျမ်းစာများ၌ ရှေးဦးဝိညာဉ်များ၏ အမည်စာရင်းတွင် အဆင့်(၁၉)နေရာ၌ ရပ်တည်ထားနိုင်သည်။

ထူးခြားသောပါရမီနှင့် အံ့ဩဖွယ်ကောင်းလွန်းသည့် သဘာဝလွန် စွမ်းရည်များ ပိုင်ဆိုင်ထားသည်။

နေ၊ လနှင့် ကြယ်တာရာတို့၏ စွမ်းအင်ကိုသန့်စင်နိုင်ပြီး မကောင်းဆိုးဝါးနှင့် ကပ်ဘေးစွမ်းအင်များအပေါ် စုပ်ယူနိုင်၏။

ထာဝရညအကယ်ဒမီတွင် ဤကောင်းကင်ဝါးမျိုနတ်ဖားသည် မဟာ ကာကွယ်သူ ဝိညာဉ်လေးပါးထဲဝင်သည်။

၎င်း၏အသံကို ကြားရသူမှန်သမျှ ဝိညာဉ်ကွဲကြေကာသေဆုံးစေနိုင်မည်။ သို့သော် ယင်းသည်အတိတ်ဖြစ်၏။ ယခုရှေ့တွင်ရှိသည့် ဖားလေးမဟုတ်ချေ။

“ ကွပ် ကွပ် ... ။ ”

ဖားငယ်က တကွပ်ကွပ်အော်သည်။ ဉာဏ်ရည်ပြည့်ဝစွာ မရှိတော့ဘဲ ဗီဇအသိစိတ် အနည်းငယ်မျှသာ ကျန်ရှိတော့သောကြောင့် စကားမပြောနိုင်ခဲ့ချေ။

သို့သော် စုရီသည် ဂရုတစိုက် နားထောင်ကြည့်သောအခါ ဖားငယ်သည် သူ့ကို မမှတ်မိတော့သော်လည်း ဤနေရာသည် အလွန်အန္တရာယ်များသဖြင့် ချက်ချင်း ထွက်ခွာ သင့်ကြောင်း သတိပေးနေခြင်းဖြစ်သည်။

စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်လေသည်။ ချိုင့်ဝှမ်းအတွင်းရှိ မြေအောက် နန်းတော်ကို နတ်မီးတောက်ဂိုဏ်းမှ ရှာတွေ့သွားပုံပေပင်။

ထိုမြေအောက် နန်းတော်သည် လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်လေသည်။ ဝမ်ယဲ့နှင့် ကာကွယ်သူ အကြီးအကဲကိုးဦးသာ ဝင်နိုင်မည်။

အတွင်း၌ အချိန်နှင့် အာကာသသည် ပြင်ပကမ္ဘာနှင့်ကွဲပြားသည်။ ထိုနန်းတော်တွင် ဆယ်နှစ်သည် ပြင်ပ၌ တစ်ရက်ဖြစ်၏။

စုရီက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းကာ၊

“ ငါ သွားကြည့်ရမယ် မင်းဒီမှာနေပြီး ငါ့ကိုစောင့်ပါ ဒီမြေအောက်နန်းတော်ထဲကနေ ဘယ်သူထွက်လာလာ ... စားပစ်လိုက်။ ”

-ဟု မှာကြားလိုက်သည်။

ထို့နောက် စုရီသည် ဖားလေးကို ကျောက်ပြားပေါ်သို့ တင်ပေးကာ မြေအောက် နန်းတော်ထံသို့ ဦးတည်လာခဲ့တော့၏။

***

နေဝင်ဆည်းဆာအလင်းများသည် မီးလျှံကဲ့သို့ ရဲရဲနီလျက် မက်မွန်ပွင်များပေါ်သို့ ကျရောက်နေသည်။

တန်လင်းချီတို့ လူအုပ်ကြီး ဖူရှင်းတောင်ခြေသို့ရောက်ရှိသည်နှင့် ချက်ချင်း လူစုခွဲလိုက်ကြ၏။

မြေအဖိုးနှစ်ယောက် တုန့်ဆိုင်းစွာဖြင့် လောင်မြစ်ဆီသို့ ဖြည်းဖြည်းခြင်း ဦးတည်လာ ခဲ့တော့သည်။ ယနေ့ကြုံရသမျှ ကြေညက်ရန် အချိန်လိုနေပေ၏။

လမ်းတလျှောက် မောက်မာတတ်သော လူငယ်လေးသည် ရုတ်တရက် သူရဲကောင်းကြီး တစ်ယောက်ဖြစ်နေသည့်အပေါ် လက်မခံ လိုသေချေ။

“ ဒီကောင်လေး ... တကယ်ပဲ ကျွမ်းကျင်သူဖြစ်နေတာလား။ ”

တန်ပေါင်အာသည်ပင် ရှုပ်ထွေးသော အတွေးများဖြင့် စုရီပုံရိပ်ကို ပြန်လည်မြင်ယောင် နေမိချေပြီ။

ထိုအချိန်တွင် မြည်းဖြူတစ်ကောင်ကို စီးနင်းလျက် ရိုးရှင်းစွာဝတ်ဆင်ထားသော လူ တစ်ယောက် မျက်နှာချင်းဆိုင်အရပ်မှသည် ပျင်းရိစွာ လျှောက်လှမ်းလာနေ၏။

“ ဒါ ... ။ ”

တန်လင်းချီတစ်ယောက် ခေါင်းမော့အကြည့်တွင် မြည်းဖြူကို သတိထား မိသွားသောအခါ ကျောရိုးတလျှောက် ချက်ချင်း အေးစက်သွားလေသည်။

စုရီကြောင့် ထိုင်းမှိုင်းနေခဲ့သော စိတ်ဝိညာဉ်သည်ပင် ဝုန်းခနဲတုန်ယင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၏။

တန်ပေါင်အာမှ ခေါင်းပြန်အလှည့်တွင် အမူအရာပြောင်းလဲနေသော အဖိုးအိုကြောင့်၊

“ အဖိုး ... ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ။ ”

-ဟု မေးမြန်း‌လျက် မြည်းဖြူနှင့် လူထံမော့ကြည့်လိုက်တော့သည်။

မြည်းဖြူကိုစီးနင်းလာသော လူသည် ဆူညံသံများကြောင့် တန်လင်းချီတို့မြေးအဖိုးကို သတိထားမိသွားကာ လှည့်ကြည့်လျက်၊

“ မင်းတို့ တန်မိသားစုက တကယ်ပဲ လူတစ်ယောက်ကိုမြင်ရုံနဲ့ ဒီလောက်တောင် ကြောက်တတ်တာပဲလား။ ”

-ဟု စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်၏။

လှောင်ပြောင် အထင်သေးခံရသော်လည်း တန်လင်းချီမှာ ဒေါသမထွက်ဝံ့ဘဲ အသက်ကို ပြင်းပြင်းရှူသွင်းလျက်၊

“ ဒီလိုပြိုင်ဘက်ကင်းတဲ့ စီနီယာ ဓားသမားတစ်ယောက်ရဲ့ရှေ့မှာ ဒီလူအိုကြီးက သေမင်းကို မြင်နေရသလိုပါပဲ ဘယ်လိုလုပ်ပြီး မကြောက်ဘဲနေမှာလဲ။ ”

-ဟု တုန့်ပြန်လေသည်။ တစ်ဖက်လူက ခပ်ဖွဖွရယ်မောလိုက်ပြီး၊

“ ဟားဟားဟား စိတ်မပူပါနဲ့ ... ငါက သွေးဆာတတ်ပေမယ့် သေထိုက်တဲ့သူတွေကိုပဲ သတ်တာပါ မင်းကတော့ ငါ့ဓားဆွဲဖို့တောင် မထိုက်တန်သေးပါဘူး။ ”

-ဟု ပြောကြားလာတော့၏။ ထို့နောက် သူ့အကြည့်များသည် တန်ပေါင်အာထံ ရောက်ရှိ သွားပြီးနောက် စိတ်ဝင်စားစွာဖြင့်၊

“ မိန်းကလေး ... မင်းက တန်မိသားစုရဲ့ မျိုးဆက်သစ်ပုလဲရတနာလား။ ”

-ဟု မေးမြန်းလေသည်။ တန်ပေါင်အာမှ မျက်ခုံးပင့်လျက်၊

“ ပုလဲတွေက တကယ်လှပပေမယ့် အထိခိုက်လွယ်ဆုံးပါပဲ ဒီဂျူနီယာက ဘယ်သူမှ ဂရုမစိုက်တဲ့ အမှိုက်တစ်စပဲ ဖြစ်ချင်ပါတယ်။”

-ဟု ပြန်လည်ဖြေကြားလိုက်၏။

“ ဟားဟားဟား ... ဖီးနစ်က ဒေါင်းနဲ့မတူပါဘူး ပုလဲကလည်း အမှိုက်တစ်စနဲ့ ဘယ်လိုလုပ်တူမှာလဲ ... တချို့လူတွေက မြက်ပင်လိုနိမ့်ကျစွာ မွေးဖွားလာတယ် ...

... မင်းလိုလူကတော့ ကောင်းကင်မှာ ထွန်းလင်းတဲ့နေမင်းကြီးဖြစ်ဖို့ ကံပါလာသားပဲ နှမျောစရာ တန်မိသားစုရဲ့ သားစဉ်မြေးဆက် ဖြစ်နေတာ မဟုတ်ရင် ... ။ ”

ထို့နောက် သူသည် လုံးဝ စိတ်မဝင်စားတော့ဘဲ မြည်းဖြူကိုစီးနင်းလျက် မြေးအဖိုးနှစ်ဦးကိုဖြတ်ကျော်ကာ ဖူရှင်းတောင် ဆီသို့ ဦးတည်သွားတော့သည်။

“ ဟေး ... စီနီယာ ဘာကိုနှမြောတာလဲ။ ”

တန်ပေါင်အာမှ သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ အော်ဟစ်မေးမြန်းလိုက်၏။ တောအုပ်အတွင်းသို့ ဝင်ရောက်နေပြီဖြစ်သော တစ်ဖက်လူက သူမထံလှည့်မကြည့်ဘဲ၊

“ ငါနဲ့ မင်းတို့တန်မိသားစုက ရပ်တည်ချက်မတူဘူး ငါတို့မိတ်ဖွဲ့လို့မရဘူး။ ”

-ဟု ဖြေကြားပေးလာခဲ့သည်။

တန်ပေါင်အာခမျာ မျက်ခုံးများပင့် လိုက်မိ၏။ ဤသည်မှာ မည်သို့သော အဓိပ္ပါယ် မည်နည်း။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာ အပေါ် သတိရသွားဟန်ဖြင့်၊

“ ဒါနဲ့ ... စီနီယာက ဒီကိုဘာလာလုပ်တာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

မြည်းဖြူပေါ်မှ လူက ဝိုင်အိုးကို ထုတ်သောက်လျက် ချက်ချင်း ပြန်မဖြေချေ။ ထိုနောက် ပျင်းရိနေသောဟန်ဖြင့် နောက်လှည့် မကြည့်ခဲ့ဘဲ၊

“ ခေါင်းတစ်လုံး လာယူတာ ... ။ ”

-ဟု ဖြေကြားလာသည်။ တန်ပေါင်အာတစ်ယောက် စိတ်ဝင်စားသွား၏။

“ ဘယ်သူ့ခေါင်းလဲ ... ။ ”

“ သေထိုက်တဲ့လူ ... ။ ”

စကားဆုံးသည်နှင့် တစ်ဖက်လူသည် ဖူရှင်းတောင်တန်းသို့ ဝင်ရောက်ပျောက်ကွယ် သွား‌ခဲ့ပြီဖြစ်ချေသည်။ တန်ပေါင်အာခမျာ မျက်မှောင်ကြုတ်လျက် ကျန်ရစ်ခဲ့၏။

***

All Chapters