အခန်း ၁၂၀၈
Vol. 101 Ch. 1208
အခန်း ၁၂၀၈ -
ဗဟိုအင်မော်တယ်ရုံတော်မှ ဓားရူး ... ။
တစ်ဖက်တွင် ထိုလူရိပ် ပျောက်ကွယ် သွားမှသာ တန်လင်းချီက သက်ပြင်းချနိုင်ခဲ့၏။ ဤကာလအတွင်း တန်ပေါင်အာသည် ပေါ့ပေါ့ ပါးပါး စကားစမြည် ပြောကြားနိုင်သော်လည်း သူ မပါဝင်ဝံ့ချေ။
ယင်းအစား ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်လာပြီး နှလုံးသားသည် အေးစက်အသက်မဲ့နေခဲ့သည်။
“ အဖိုး ... အဲဒီလူက ဘယ်သူလဲ ဘာလို့အဖိုးကို ဒီလောက်အထိ ကြောက်လန့် သွားစေရတာလဲ။ ”
ထိုစဉ်တန်ပေါင်အာသည် တစ်ဖက်လူကို မေးခွန်းများ ထပ်မံမေးမြန်းလိုခဲ့သော်ငြားလည်း လက်လျော့လိုက်ရသဖြင့် မကျေမနပ် သူ့အဖိုးထံ လှည့်ကြည့်လိုက်သည်။
တန်လင်းချီခမျာ ထိုမေးခွန်းကြောင့် မျက်နှာအမူအရာ ရှုပ်ထွေးသွားပြီး အဆုံးတွင် သက်ပြင်းချကာ ရှင်းပြလာခဲ့၏။
“ အဲဒီလူက ဓမ္မအဆုံးခေတ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဘီလူးအိုကြီးတစ်ပါးပဲ အဲဒီတုန်းက ဗဟိုအင်မော်တယ် ရုံးတော်မှာ သူတော်စင်အင်မော်တယ် ဆယ်ပါးရဲ့ ...
... ခေါင်းဆောင် ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်ရှိတယ် အဲဒီဓားသမားက ဓားကိုအလွန်အမင်းရူးသွပ်ပြီး အထိန်းအကွပ်မဲ့ သတ်ဖြတ်တတ်လို့ ဓားရူးလို့ခေါ်ကြတယ်။ ”
ဤဘွဲ့အမည်ကိုပြောကြားချိန်တွင် တန်လင်းချီ၏စိတ်အစုံမှာ လှုပ်ရှားနေခဲ့ချေပြီ။ ထိုဓားရူးသည် သူတော်စင်အင်မော်တယ်မျှသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်း၏။
“ ဒါဆို ... ဓမ္မအဆုံးခေတ်မှာ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ပဲပေါ့။ ”
အင်မော်တယ်ဘုရင် အချို့ထက်ပင် ဩဇာအာဏာကြီးမားချေ၏။ တျန်ပေါင်အာမှာ မျက်ဝန်းများ တောက်ပလာသည်။
ဤသည်မှာ မည်သို့သော ကြောက်စရာကောင်းသည့် ဓားသမားမည်နည်း။ သူတော်စင်အင်မော်တယ် အဆင့်မျှဖြင့် အင်မော်တယ် ဘုရင်များထက်ပင် ကျော်ကြားနေချေသည်။
“ အဖိုး ... သူ အဲဒီလောက်တောင် အစွမ်းထက်နေရင် ဘာလို့အခုထိ သူတော်စင် အင်မော်တယ် အဆင့်ကနေ မတက်ရတာလဲ။ ”
“ ဒါက ရိုးရှင်းပါတယ် ... ဓမ္မအဆုံးခေတ် ကပ်ဘေးကြီးအပြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဘယ်သူမဆို ဒဏ်ရာပြင်းပြင်းထန်ထန်ကို ရရှိခဲ့ကြပါတယ် ...
... အင်မော်တယ် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတွေဆိုရင် အခုချိန်ထိ ပုန်းအောင်း နေရတုန်းပဲ ... ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးတွေကို ဥပမာထားကြည့်ပါ ...
... သူတို့အားလုံး ကပ်ဘေးပြီးတည်းက ဘယ်သူမှ အပြင်မထွက်ဝံ့တော့ဘူး မဟုတ်လား သူတော်စင်အင်မော်တယ်တွေသာ ဒီကပ်ဘေး အပြီးမှာ အပြင်ထွက်ဝံ့ကြတယ် ...
... ဒါပေမယ့် သူတို့တောင်မှ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေကြောင့် အရင်လို အစွမ်းမထက်ကြတော့ပါဘူး ...
... ဒီဘဝမှာ သူတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်ဖို့အတွက် မျှော်လင့်ချက်ကင်းမဲ့ကုန်ပြီ ဓားရူးလည်းအတူတူပဲ ဒါကြောင့် သူ့ကျင့်ကြံမှု ရပ်တန့်သွားတာနေမယ်။ ”
တန်လင်းချီလေသံ၌ တိကျသေချာသော မှတ်ချက်ပါဝင်၏။ ရှေးဟောင်းတန်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် ထိုစဉ်ကကပ်ဘေး မည်မျှ ကြောက်စရာကောင်းကြောင်းကို သူ ကောင်းကောင်းသိထားလေသည်။
ရှေးဟောင်း မျိုးနွယ်စုများစွာ၏ ထိပ်တန်းပုဂ္ဂိုလ်အများစုမှာ ထိုကပ်ဘေးတွင် သေကြေပျက်စီးခဲ့ရ၏။
အသက်ရှင်ကျန်ရစ်သူ မှန်သမျှသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသူများသာ ဖြစ်ပြီး ခြွင်းချက်မရှိသလောက်ပေပင်။ သူတို့၏ ရှေးဟောင်းတန်မျိုးနွယ်မှာ သက်သေဖြစ်၏။
“ အဲဒီလိုဆိုရင် ... ဓားရူးရဲ့အစွမ်းက သိသိသာသာကို အားနည်းသွားပြီ မဟုတ်လား အဖိုး ... ဘာလို့ ကြောက်နေသေးတာလဲ။ ”
တန်ပေါင်အာ စကားကြောင့် တန်လင်းချီခမျာ ကူကယ်ရာမဲ့သွားချေသည်။ နဂါးဟူသည် ဒဏ်ရာရထားသော်မှ နဂါးတစ်ကောင် ဖြစ်နေဆဲပေပင်။
“ သူ့ရဲ့ အထွတ်အထိပ်ကာလတုန်းက သူတော်စင်အင်မော်တယ်အဆင့်မှာ အတုမဲ့ ဓားသမားပဲ အင်မော်တယ်ဘုရင်တွေနဲ့တောင် သူ တိုက်ခိုက်ခဲ့ဖူးတယ် ...
... မဟုတ်ရင် ဗဟိုအင်မော်တယ်ရုံးလို နေရာမှာ ဒီလောက်အစွမ်းထက်တဲ့ သူတော်စင် အင်မော်တယ်တွေကြား ဘယ်လိုများ အတုမဲ့ ဓားသမားဘွဲ့ကို ရနိုင်မှာလဲ။ ”
တန်လင်းချီမှ သက်ပြင်းချကာ ပြောကြားလိုက်သည်။ သို့တိုင် တန်ပေါင်အာမှ လက်မခဲလိုဟန်ဖြင့်၊
“ အတိတ်က ဘုန်းအသရေရှိတဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပါပြီ အင်မော်တယ် နယ်မြေဟာ အခုမတူတော့ဘူး ...
... ဓမ္မအဆုံးခေတ် ပြီးတဲ့နောက် နှစ်ပေါင်း(၃၀၀,၀၀၀)အတွင်းမှာ အင်မော်တယ် ဘုရင် ထောင်ပေါင်းများစွာနဲ့ ... သူတော်စင် အင်မော်တယ် သောင်းဂဏန်းလောက် ထွက်ပေါ်လာတယ်မဟုတ်လား ...
... ဗလာနယ်ပယ် အင်မော်တယ်နဲ့ အမည်ခံအင်မော်တယ်တွေဆိုရင် အရေမတွက် နိုင်အောင်ကို ပေါ်ထွက်လာတယ် ...
... နောင်နှစ်တွေမှာ ဒီထက်မက ပိုမိုများပြားဦးမယ် ဒီလိုမငြိမ်မသက်ခေတ်က သူရဲကောင်းတွေမွေးဖွားပြီး၊ ပါရမီရှင်တွေ မှိုလိုပေါက်ဖွားလာတတ်ပါတယ် ...
... သူတို့အားလုံးက အတိတ်ရဲ့ အဲဒီ ဒဏ္ဍာရီလာမြင့်မြတ်သူတွေကို သေချာပေါက် ရင်ဆိုင်နိုင်တယ် ဥပမာတာအိုစုကို ကြည့်။ ”
စကားပြောနေစဉ် တန်ပေါင်အာ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက် လာကာ တောင့်တသည့် အမူအရာများ ပေါ်ထွက်လာ၏။
မြစ်ရေသည် အမြဲတမ်းစီးဆင်းသကဲ့သို့ သူရဲကောင်းများသည် မျိုးဆက်သစ်များအတွင်း ၌သာ မွေးဖွားလာတတ်ချေပြီ။
တိတ်ဆိတ်မှုကာလများ အပြီးတွင် ရောက်ရှိလာသောရွှေခေတ်တွင် မျိုးဆက်သစ် လူငယ်များမှာ အမှန်ပင်အစွမ်းထက်လာ၏။ ထိုလူအိုကြီးများနှင့် ပခုံးချင်းမယှဉ်နိုင်ဟု မည်သူပြောနိုင်မည်နည်း။
သို့သော် ပါရမီရှင်ဟူသည် သွေးစွန်းသောလမ်းကိုသာ ဖြတ်သန်းရပေမည်။ ဤနိယာမသည် ရက်စက်ကြမ်းကြုတ်လှ၏။
ရွှေခေတ်တွင် မည်သည့်လူငယ်သည် ထိုမျှသောအမှုကိုပြုဝံ့မည်နည်း။ တာအိုလမ်း၌ နှစ်စဉ်ပါရမီရှင်များစွာ သေဆုံးနေရ၏။
ဆိုလိုသည်မှာ စစ်သူကြီးတစ်ဦးဖြစ်ရန် လူပေါင်းသောင်းဂဏန်း၏ အလောင်းများပေါ် ရပ်ကာ သွေးပင်လယ်ကိုဖြတ်သန်းရသည်။ ထိုသို့သော အရည်အချင်းမျိုးသည် လက်ရှိတွင် သူမမျက်စိထဲ စုရီသာလျှင် ထိုက်တန်၏။
“ ဟမ့် ... နေဦး အဲဒီဓားရူးက ... တာအိုစုကိုသတ်ဖို့ ရောက်လာတာများလား။ ”
ရုတ်တရက် တန်ပေါင်အာမှ သတိရသွားလေသည်။ တန်လင်းချီသည်ပင် မျက်ခုံးပင့်လျက် တုန်ရင်သွားတော့၏။
“ သေစမ်း ... ဒါကို ငါမေ့လုနီးပါးပဲ ဗဟိုအင်မော်တယ်ရုံးတော် ပျက်စီးသွားတာမို့ ဓားရူးက နတ်မီးတောက်ဂိုဏ်းထဲကို ဝင်ရောက်သွားတာများလား။ ”
“ အဖိုး ... တကယ်သာ အဲဒီလိုဆိုရင် တာအိုစု အန္တရာယ်ကြီး ကြုံရပြီ။ ”
တန်ပေါင်အာမှ စိုးရိမ်သွားသည်။ တစ်ဖက်တွင် တန်လင်းချီသည် ရုတ်တရက် သတိရသွားကာ ခေါင်းရမ်းလျက်၊
“ မေ့လိုက်စမ်းပါ ... တာအိုစုမှာ သူတော်စင်အင်မော်တယ်တွေကို အလွယ်တကူ သတ်ဖြတ်နိုင်တဲ့ အစွမ်းရှိတာပဲ ဒါတင်မကဘူး ထာဝရညဧကရာဇ်ရဲ့ လက်ရေးစာမူလည်း ရှိနေသေးတာမဟုတ်လား။”
-ဟု ရေရွတ်လိုက်တော့၏။
သို့မှသာ တန်ပေါင်အာ၏ ဖီးနစ်မျက်ဝန်းများမှာ ပြန်၍တောက်ပလာပြီး၊
“ ဟုတ်သားပဲ ... ဒါကိုမေ့သွားတယ် ... ထာဝရညအကယ်ဒမီရဲ့ အပျက်အစီးတွေထဲမှာ တာအိုစုက သူ့အိမ်လိုပဲသွားလာနိုင်တယ်။ ”
-ဟု ပြောကြားလိုက်လေသည်။
“ သူ့အိမ်လိုပဲ သွားလာနိုင်တာလား ... ။ ”
ရုတ်တရက် တန်လင်းချီတစ်ယောက် သူမစကားအပေါ် အံ့အားသင့်သွားပြီး ချင်ချင်း တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင် တောက်ပသောမျက်ဝန်းများဖြင့်၊
“ ဒါသာ တကယ်ဆိုရင် ... သေချာတာက ဓားရူးဟာ တာအိုစုကို သေချာပေါက်အနိုင်ရဖို့ လွယ်ကူနေတော့မှာ မဟုတ်ဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ အဖိုး ... သွားကြည့်ကြမလား။ ”
တန်ပေါင်အာက တန်လင်းချီ၏ ပြောင်းလဲမှုကို သတိမထားမိဘဲ စူးစမ်းဟန်ဖြင့် မေးမြန်းလိုက်သည်။ တန်လင်းချီမှ ခဏမျှ စဉ်းစားပြီးနောက်၊
“ ကောင်းပြီ ... ငါတို့ပြန်လှည့်ကြည့်ရအောင်။ ”
-ဟု ဆုံးဖြတ်လိုက်၏။
သူသည်သာ မမှားပါက ဤသည်မှာ ကမ္ဘာတုန်ဟည်းစေမည့် တိုက်ပွဲကြီးတစ်ခုကို သက်သေပြုခွင့် ရနိုင်ပေလိမ့်မည်။ မည်မျှ စိတ်လှုပ်ရှားဖွယ် ကောင်းမည်နည်း။
ထိုအချိန်တွင် စာပေသမားတစ်ဦးအသွင် ဝတ်ဆင်ထားသောဓားရူးသည် မြည်းဖြူလေးကို စီးနင်းလျက် တရွေ့ရွေ့တက်လှမ်းနေ၏။
“ အဟွတ် အဟွတ် ... ။ ”
တစ်ခါတစ်ရံတွင် မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေသော အပျက်အစီးများထံကြည့်ကာ မျက်မှောင်ကြုတ်လျက် ချောင်းဆိုးနေခဲ့သည်။
သူ့အသွင်အပြင်သည် ဖျားနာနေဟန် ဖြူဖျော့နေရာမှ ချောင်းဆိုးလွန်းသဖြင့် နီမြန်း လာချေ၏။ တစ်ဖက်တွင် မြည်းဖြူလေးသည် အနည်းငယ်မတည်မငြိမ် ဖြစ်လာခဲ့သည်။
“ မင်း ဘာကို ကြောက်နေတာလဲ ... ငါဒီနေရာကို အရင်တုန်းက ရောက်ဖူးပါတယ် စိတ်ငြိမ်ငြိမ်ထား ... ။ ”
ဓားရူးက မြည်းဖြူ၏ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အတိတ်ကို သတိရ တမ်းတမှုများဖြင့် ပြည့်နှက်လာ၏။
ထိုစဉ်က ပိုမိုမြင့်မားသော ဓားတာအိုကိုရှာဖွေရန် ထာဝရညအကယ်ဒမီ၏ တတိယမြောက် ကာကွယ်သူအကြီးအကဲ ဝမ်ကျန်းယာကို စိန်ခေါ်ခဲ့သည်။
ဝမ်ကျန်းယာသည် ထာဝရည အကယ်ဒမီတွင် အသန်မာဆုံးဓားအင်မော်တယ် တစ်ပါးဖြစ်၏။ ထိုတိုက်ပွဲတွင် သူ အနိုင်ရသည်။
သို့သော် ဝမ်ကျန်းယာသည် ခွန်အားကို ထိန်ချန်ထားကြောင်း သိရှိခဲ့၏။ အကြောင်းမှာ ထိုစဉ်က သူ့ကျင့်ကြံမှုသည် သူတော်စင် အင်မော်တယ်မျှသာဖြစ်ချေပြီ။
“ အဲဒီတုန်းက ငါ့အတွက်ကတော့ ဝှက်ဖဲတွေအကုန်သုံးခဲ့ရတာပါ ဒါကြောင့်လည်း ငါ့ဘဝမှာ အလေးစားရဆုံး ဓားသမားကြီး သုံးယောက်မှာ သူပါလာခဲ့တာပဲ ...
... ကံမကောင်းစွာနဲ့ပဲ ... ငါ ဓားအင်မော်တယ်မဖြစ်ခင် ရွံ့စရာကပ်ဘေးကြီး ရောက်လာခဲ့တယ် မဟုတ်ရင် ... ငါ သူနဲ့ နောက်တစ်ကြိမ် စစ်မှန်တဲ့တိုက်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာပါ ... ။ ”
“ ဝှစ် ... ။ ”
ထိုသို့ရေရွတ်ပြီးနောက် ဓားရူးက သက်ပြင်းချကာ မြည်းဖြူပေါ်မှ ခုန်ဆင်းလိုက် တော့၏။ တစ်ဆက်တည်းမှာပင် လည်ဆံမွှေး ဖြူဖြူများထံ ပွတ်သပ်လျက်၊
“ ကောင်းပြီ ... မင်း ဒီမှာပဲ စောင့်နေ၊ ငါလမ်းလျှောက်သွားလိုက်မယ်။ ”
-ဟု မှာကြားလိုက်သည်။
ထို့နောက် ‘တာအိုမေးမြန်းခြင်း’ ချိုင့်ဝှမ်းဆီသို့ တစ်ယောက်တည်း ဆက်၍ပင် လျှောက်လှမ်းလာခဲ့၏။
မြင်ကွင်းတစ်ခုလုံး အပျက်အစီးများနှင့် ဆိတ်သုဉ်းမှုသာရှိနေချေပြီ။ ထိုစဉ်အချိန်က ဤဒေသကြီးသည် လူအများအစည်ကားဆုံးနှင့် ဂုဏ်ယူဖွယ်အကောင်းဆုံး အရပ်ဖြစ်၏။
ချိုင့်ဝှမ်းအဝင်ဝသို့ ရောက်သောအခါ လေထုထဲ စွဲထင်နေဆဲဖြစ်သည့် သွေးရနံ့များကို ရှူရှိုက်မိသည်။ ထို့ကြောင့် မျက်မှောင်ကြုတ် လျက်ဖြင့် ခေါင်းမော့ကြည့်လိုက်တော့၏။
***