အခန်း ၁၂၀၉
Vol. 101 Ch. 1209
အခန်း ၁၂၀၉ -
ထိုက်တန်သော ဓားသမား။
အသားများကြေမွပြီး သွေးစွန်းနေသော အလောင်းတစ်လောင်းအနား ရပ်ကာ စစ်ဆေး ကြည့်လိုက်သည်။ သေဆုံးသွားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိနေသေး၏။
ဤသည်မှာ စုရီတံခါးစောင့်ရန် မှာကြားထားသော နတ်ဖားကြောင့် သေဆုံး ခဲ့ရသည့် နတ်မီးတောက်ဂိုဏ်းမှ တစ်စုံတစ်ယောက်ဖြစ်၏။
ဓားရူးသည် ထိုအလောင်းကို မသိသော်လည်း သူ ရှာဖွေနေသော ပစ်မှတ်မှာ ဤပျက်စီးနေသော ချိုင့်ဝှမ်းအတွင်း၌ ရှိနေနိုင်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
“ ကြည့်ရတာ အတိတ်တုန်းက ဒီမှာ စောင့်ကြပ်နေတဲ့ အဲဒီနတ်မီးတောက်ဂိုဏ်းရဲ့ သူတော်စင် အင်မော်တယ်ငါးပါးစလုံး သေဆုံးသွားပုံရတယ်။ ”
သူ့မျက်ဝန်းများတွင် တောင်တမှုများ ထွက်ပေါ်လာပြီး အပျက်အစီးနယ်မြေကြီးထံ လှမ်းကြည့်လိုက်လေသည်။
ဤတစ်ကြိမ် သူ့ ပစ်မှတ်သည် သာမန်မဟုတ်ကြောင်း မြင်သာနေချေပြီ။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒများ တောက်လောင်လျက်၊
“ ဒါကောင်းတယ် ... မဟုတ်ရင် ငါ့ကိုစိတ်ပျက်စေလိမ့်မယ်။ ”
-ဟု ရေရွတ်လိုက်သည်။
ထိုနောက်တွင် ဓားရူးသည် တာအိုမေးမြန်းခြင်း ကျောက်ပြားအိုကြီးပေါ်သို့ အကြည့်များရောက်သွားသောအခါ ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်၏။
“ အိုး ... ငါ မေ့လုနီးပါးပဲ ... ဒီနေရာမှာ ကောင်းကင်ဝါးမြိုခြင်းနတ်ဖား ဝိညာဉ်တစ်ခု ကျန်ရှိနေသေးတာပဲ။ ”
သည့်နောက် လျှို့ဝှက်နယ်မြေ ဝင်ပေါက်ထံမျှော်ကြည့်ကာ ကျောက်တုံးကြီး တစ်တုံးခေါ်ခုန်တက်လျက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာ၏။ ဓားရူးတစ်ယောက် ပျင်းရိနေရာမှ ရုတ်တရက် တစ်စုံတစ်ရာခံစားမိဟန် မော့ကြည့်လေသည်။ အဝေးတွင် တန်လင်းချီနှင့် တန်ပေါင်အာတို့ နှစ်ဦးချဉ်းကပ်လာနေ၏။
“ မင်းတို့နှစ်ယောက်က တကယ်ပဲ ရဲဝံ့ကြတာပဲ ငါ့ကိုမြင်တော့ ကြောက်လန့်နေပြီး အခုတော့ ဒီမထိလိုက်လာဝံ့သလား ဘာလုပ်ဖို့ ကြံစည်နေတာလဲ ...
... ဒါပေမယ့် ငါစိတ်မဝင်စားပါဘူး မင်းတို့မှာဘယ်လို အကြံအစည်ပဲရှိနေပါစေ ဒီဝန်းကျင်ကိုတော့ တိုးမလာခဲ့နဲ့။ ”
ဓားရူးက လက်ဝှေ့ရမ်းကာ မြေပြင်၌ စည်းတစ်ခုတားလျက် သတိပေးလိုက်လေ၏။ သည့်နောက် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ပက်လက်လှန်လျက် ကောင်းကင်ကို ငေးမောနေခဲ့သည်။
ကမ္ဘာကြီးသည် ကျယ်ပြောပြီး လူသားများသည် သေးနုပ်လွန်း၏။ ယင်းသည် လွမ်းဆွတ်မှုများကို ဝင်ရောက်လာစေသဖြင့် ဝိုင်အိုးကိုမော့သောက်လျက် အတွေးများဖြင့် နစ်မျောနေတော့သည်။ ဘဝကြီးမှာ အဖော်မဲ့လွန်း၏။
“ ငါတို့လည်း ဒီနေရာကနေပဲ စောင့်ကြည့်ရအောင် ... မဟုတ်ရင် အဲဒီလူက တကယ်တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ”
တန်လင်းချီက တန်ပေါင်အာထံသို့ တိုးတိုးလေးဆက်သွယ်ကာ သတိပေးစကား ဆိုလိုက်တော့သည်။
ထို့ကြောင့် သူနှင့် တန်ပေါင်အာသည် ဝေးလံသောတောင်ကုန်းတစ်ခု၌ ခိုအောင်းကာ စောင့်ဆိုင်းနေခဲ့ကြ၏။
အချိန်များ လျင်မြန်စွာ ရွေ့လျားနေသည်။ (၁၀)နှစ်ကုန်လွန်ပြီးနောက် ‘နွေဦးနှင့်ဆောင်းဦး အာကာသ’ဟုခေါ်ဆိုသော လျှို့ဝှက်နယ်မြေ၌ စုရီတစ်ယောက် မျက်လုံးများ ပွင့်လာခဲ့၏။
ကျင့်ကြံမှုသည် နှောင်းပိုင်း အမည်ခံအင်မော်တယ်အဆင့်သို့ ရောက်ရှိ သွားခဲ့ချေပြီ။
ထို့အပြင် သူ့တာအိုဥပဒေများကိုလည်း အင်မော်တယ်ဥပဒေများအဖြစ် စုစည်းနိုင်ခဲ့ပြီး အလွန်သန့်စင်ခိုင်မာနေချေ၏။
အဓိကလက်နက်ဖြစ်သော ‘သေမျိုးနယ်ပယ်ဓား’ကိုလည်း ပြန်လည်ပြုပြင် သွန်းလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ၎င်း၏ ပုံပန်းသဏ္ဌာန်နှင့် စွမ်းပကားမှာ ယခင်ဘုန်းအသရေထက် များစွာ သာလွန်နေ၏။ ဤဆယ်နှစ်တာ ကာလအတွင်း အပင်ပန်းဆုံးမှာ ကောင်းကင်ဆန္ဒမီးဖိုဖြစ်သည်။
ဓားသွန်းလုပ်ခြင်းအပြင် အင်မော်တယ် ဆေးဝါးများကို အဆက်မပြတ် သန့်စင်ပေးရ၏။ အကျိုးဆက်အနေဖြင့် သူ့ခြေခံအုတ်မြစ်မှာ လုံးဝပြောင်းလဲနေပြီဖြစ်သည်။
လက်ရှိတွင် သူ့ကျင့်ကြံမှုသည် အတားအဆီးတစ်ခုကို ကြုံတွေ့နေရပြီဖြစ်၏။ ဆိုလိုသည်မှာ ဤသို့ဆိတ်ငြိမ်စွာ အားထုတ် နေရုံမျှဖြင့် ထပ်မံတိုးတက်အောင် လုပ်ဆောင် နိုင်တော့မည် မဟုတ်ချေ။
“ လုံလောက်ပါပြီ ... ကျင့်ကြံခြင်းကို အတင်းအကျပ်လုပ်ယူလို့မရဘူး ... မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ဖြစ်စေလိမ့်မယ်။ ”
ဤဆယ်နှစ်တာ ကျင့်ကြံမှုအတွင်း သူစုဆောင်းထားခဲ့သမျှ အရင်းအမြစ်အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
အင်မော်တယ်ကျောက်စိမ်း အနည်းငယ်သည်သာ ကျန်ရှိတော့၏။ သေမျိုး နယ်ပယ်ဓားကို ပြန်လည်သန့်စင်ခြင်းသည် အင်မော်တယ်ရတနာများစွာ ကုန်ဆုံးစေသည်။
ထို့အတွက်ကြောင့် ကျင့်ကြံခြင်းလမ်းတွင် ချမ်းသာကြွယ်ဝမှုကို ပထမဆုံးနေရာ၌ထားကာ လိုအပ်ချက်အဖြစ် ထည့်သွင်းကြခြင်းပေပင်။
အရင်းအမြစ်များ စုဆောင်းခြင်းသည် ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ချေသည်။ သည့်အတွက် မည်သူမဆို ရုန်းကန်ကြရစမြဲဖြစ်၏။
“ နောက်တစ်ခါ ငါ ဒီနေရာကို ပြန်လာနိုင်ဖို့ဆိုရင် ပြင်ပကမ္ဘာရဲ့အချိန်ကာလနဲ့ တစ်နှစ်ကြာအောင် စောင့်ရလိမ့်မယ်။ ”
စုရီမှ ရေရွတ်လိုက်သည်။ နွေဦးနှင့် ဆောင်းဦးအာကာသသည် အလွန်ထူးခြားသည်။ ပြင်ပအချိန်ကာလ၌ တစ်နှစ်လျှင်တစ်ကြိမ်သာ ဝင်ရောက်ခွင့်ရှိပြီး တစ်ကြိမ်လျှင် နှစ်ပေါင်း (၆၀)တိုင်အောင် နေနိုင်ချေ၏။
ထိုနှစ်ခြောက်ဆယ်သည် ပြင်ပတွင် ရက်(၆၀)သာ ကုန်ဆုံးပေမည်။ ဥပမာအားဖြင့် ဤနယ်မြေမှထွက်ခွာပြီးနောက် တစ်နှစ်အတွင်း ပြန်လည်ဝင်ရောက်သော် သက်ရောက်မှု မရှိနိုင်တော့ချေ။
အတွေးများ ရုတ်သိမ်းလျက် ထရပ်ကာ နွေဦးနှင့်ဆောင်းဦးအာကာသ နေရာလွတ်ထဲမှ ချက်ချင်းထွက်ခွာခဲ့သည်။
မြေအောက်နန်းတော်မှ ထွက်ခွာလာသည့် လမ်းမတလျှောက်တွင် နတ်မီးတောက်ဂိုဏ်းမှ အကြီးအကဲအလောင်းများကို မြင်နိုင်ချေ၏။
ထိုအချိန်တွင် ဓားရူးနှင့် တန်လင်းချီတို့မြေးအဖိုးသည် ပြင်ပကမ္ဘာတွင် ဆယ်ရက်ကြာ စောင့်ဆိုင်းနေသည်။
ဓားရူးသည် ကျောက်တုံးပေါ်မှ လုံးဝရွေ့လျားခြင်းမရှိဘဲ ဝိုင်(၁၃)အိုးကုန်လျက် တမှေးပင် မအိပ်ခဲ့ချေ။
ကောင်းကင်ကို မော့ကြည့်ကာ မည်သည့်အရာများတွေးနေသည်ကို နားမလည် နိုင်လောက်အောင် ဖြစ်စေသည်။
တန်လင်းချီအတွက်မူ ဤကာလမျှစောင့်ရခြင်းမှာ ကိစ္စမရှိသော်လည်း တန်ပေါင်အာမှာမူ ပျင်းရိလွန်းသဖြင့် ဟိုဟိုသည်သည် လျှောက်လှမ်းနေခဲ့၏။
ဤကမ္ဘာကြီးတွင် အဓိပ္ပာယ်မဲ့ အချိန်ကုန်ဆုံးရသည်မှာ ပျင်းစရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာပေပင်။
ထိုစဉ် ကျောက်တုံးပေါ် အိပ်နေသော ဓားရုးသည် ရုတ်တရက်ထထိုင်ပြီး ရှေ့တူရှုထံ မော့ကြည့်လိုက်သည်။
မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်းနေသော အပျက်အစီးများကြားမှ တစ်စုံတစ်ယောက် ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
ကျောက်စိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက်ဖြင့် လောကီထက်သာလွန် ဆန်းပြားသောရောင်ဝါများ ပြသထား၏။
ဤသည်မှာ အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ယောက်မျှသာ ဖြစ်သည်။ သို့သော် ၎င်းပင် သာမန်မဟုတ်ကြောင်း ပြသနေ၏။
ရောင်ဝါသည် တည်ငြိမ်လွန်းကာ ပတ်ဝန်းကျင်အပေါ် လုံးဝသက်ရောက်မှုများ မရှိစေချေ။ သာမန်သေမျိုးတစ်ယောက် အလားပေပင်။
ယင်းသည် အပြစ်အနာအဆာ ကင်းစင်နေသည့် သဘာဝကျောက်စိမ်းတုံးကြီး တစ်လုံးအလားပေပင်။
ဤအချက်တစ်ခုတည်းဖြင့်ပင် ဓားရူးဆိုသူကို မျက်ဝန်းများ တောက်ပလာစေ တော့၏။
“ စိတ်ဝင်စားစရာပဲ။ ”
တစ်ဖက်လူသည်သာ နတ်မီးတောက် ဂိုဏ်းထံမှ သူတော်စင်အင်မော်တယ်ငါးပါးကို သတ်ပစ်နိုင်သည့် အရည်အချင်းမျိုးရှိပေမည်။
“ တာအိုစု ထွက်လာပြီ။ ”
ပျင်းရိနေသော တန်ပေါင်အာသည် ဝမ်းသာအားရ အော်ဟစ်လိုက်၏။ မဟုတ်သော် သူမ ပျင်း၍သေသွားနိုင်သည်။
စုရီက စာပေသမားအသွင် အမျိုးသားထံ တစ်ချက်မျှသာကြည့်ပြီး လျစ်လျူရှုလျက်ဖြင့် တန်ပေါင်အာထံ ကြည့်လိုက်၏။ ဤမြေးအဖိုး ထွက်မသွားသေးသည်လော။
“ မင်းက နတ်မီးတောက်ဂိုဏ်းရဲ့ သူတော်စင်အင်မော်တယ်တွေကို သတ်လိုက်တဲ့ လူလား။ ”
ဝိုင်အိုးကိုကိုင်ထားသော ဓားရူးသည် စိတ်ဓာတ်ကျနေသည့် ပုံစံပေါက်နေသော်လည်း စကားလုံးများမှာမူ တိုက်ရိုက်ဆန်နေ၏။
စုရီမှ မျက်ခုံးပင့်လျက် အနည်းငယ် အံ့အားသင့်သွားပြီးနောက်၊
“ ဟုတ်တယ် ... မင်းက သူတို့အတွက် လက်စားချေပေးမလို့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မဟုတ်ဘူး ... သူတို့တွေရဲ့ သေခြင်းရှင်ခြင်းကို ငါစိတ်မဝင်စားဘူး ငါဒီကို ကျေးဇူးကြွေးတစ်ခု ပြန်ဆပ်ဖို့အတွက် ရောက်လာတာ။ ”
“ ဘယ်သူ့ရဲ့ကျေးဇူးလဲ။ ”
“ မင်း မသေရင် ငါပြောပြမယ် ... မဟုတ်လို့သေသွားခဲ့ရင် ... အဲဒီအကြောင်းတွေ ပြောနေလည်း အပိုပဲ မဟုတ်လား ... မင်း ဘယ်လိုထင်လဲ။ ”
“ ဒီစကား တကယ်ကောင်းတယ်။ ”
ထိုနောက် ဓားရူးသည် သူ့ဝိုင်အိုးကို ကျောက်တုံးပေါ်တင်လိုက်ပြီး သဘောကျစွာ ရယ်မောလိုက်လေသည်။
“ ဟားဟားဟား ... ကောင်းတယ် အရမ်းကောင်းတယ် မင်းရဲ့ဒီလိုပြတ်သားတဲ့ စရိုက်ကို ငါကြိုက်တယ် ... ငါ့ရဲ့ ဓားသုံးချက်ကို မင်းခံနိုင်ရင် ... ငါမင်းကို မသတ်တော့ဘူး။ ”
“ ချွင် ... ။ ”
စကားဆုံးသည်နှင့် စုရီ၏ သဘောတူညီချက်ကိုပင် မစောင့်ဆိုင်းတော့ဘဲ သူ့ကျောမှဓား ဆွဲထုတ်လိုက်လေသည်။
ထိုဓားသည် သုံးပေလေးလက်မခန့် ရှည်လျားပြီး မှိုင်းညို့ဟောင်းနွမ်းကာ ဓားသွား၌ အနီရောင်သံချေးများ စွန်းထင်းနေ၏။
ဤသည်မှာ သံချေးပင်လော။ သို့မဟုတ် ထိုသူသတ်ဖြတ်ခဲ့သော သွေးစွန်းမှုများပင်လော မခွဲနိုင်ချေ။
သေချာသည်မှာ သန့်စင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော သတ်ဖြတ်ခြင်းဆန္ဒများ ဓားထံမှ ဖြာထွက်နေသည်။
ဓားပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် ပြိုကွဲနေပြီး ကောင်းကင်နှင့် မြေကြီးတလျှောက် အရောင်ပြောင်းလာတော့၏။
“ တကယ့်ကို ရက်စက်လွန်းတဲ့ ဓားပဲ ... ရှားပါးပြီး အညစ်အကြေးကင်းတယ် သန့်စင်တဲ့ သတ်ဖြတ်ခြင်းရောင်ဝါအရ မင်းရဲ့ဓားတာအိုက သတ်ဖြတ်ခြင်းတာအိုမဟုတ်လား။ ”
“ ဟား ဟား ဟား ... ။ ”
စုရီမှ စိတ်ဝင်စားသွားသည်။ ဆိုလိုသည်မှာ ဤလူသည် သတ်ဖြတ်ခြင်းလမ်းကို ရှာဖွေနေသူ ဖြစ်ချေပြီ။ ဓားရူးက သဘောကျစွာ ရယ်မောလိုက်သည်။
“ မင်းလို လူငယ်တစ်ယောက်က ... အဲဒီတုန်းက ဓားအင်မော်တယ် အဖိုးကြီးတွေ အများစုတောင်မမြင်နိုင်တဲ့ ငါ့ဓားကို မြင်နိုင်တာပဲ မမျှော်လင့်နိုင်ဘူး။ ”
တစ်ဖက်တွင် ထိုမြင်ကွင်းကြောင့် တန်ပေါင်အာသည် ခေါင်းရှုပ်သွားခဲ့တော့၏။ သည့်နောက် နားမလည်ဟန်ဖြင့်၊
“ အဖိုး ... ဘာလို့သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချီးကျူးစကားတွေ ဆိုနေကြတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မသိရင် တိတ်တိတ်နေ၊ ဝင်မရှုပ်နဲ့ သေချာကြည့်ထား ... ဒါပွဲဟာရှားရှားပါးပါးကို တွေ့ရခဲတဲ့ ဓားသမားအချင်းချင်း သတ်ပွဲပဲ။ ”
တန်လင်းချီမှ မျက်နှာအမူအရာ လေးနက်သွားပြီး မျှော်လင့်ချက်ရောင်ဝါများ ဖြတ်ပြေးသွားသည်။
ဓားရူးဟူသည် ထိုအချိန်က ဗဟိုအင်မော်တယ်ရုံးတော်၏ သူတော်စင် အင်မော်တယ်ဆယ်ပါး ခေါင်းဆောင်ပေပင်။
“ ငါလည်း ဓားသမားတစ်ယောက်ပဲ ငါ့ရဲ့အာရုံစိုက်မှုကိုခံရလောက်တဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါ စကားနည်းနည်းပြောချင်တယ်။ ”
“ ဝိုး ... ငါက မင်းရဲ့အာရုံစိုက်မှုကို ခံထိုက်သူတစ်ယောက်လား ဟား ဟား ဟား ... ကောင်းပြီ ဒါဆိုရင် ဒီနေ့ မင်းလိုမျိုးဆက်သစ် ဓားသမားတစ်ယောက်က ငါ့ကို ဘယ်လိုမျိုး အံ့အားသင့်အောင် လုပ်နိုင်မလဲဆိုတာ ငါ တကယ်ပဲ မျှော်လင့်နေပါတယ်။ ”
“ မင်းရဲ့ဓားတာအိုကသာ ငါ့ကို ပိုပြီး အံ့အားသင့်စေလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ် မဟုတ်ရင် အခုငါပြောခဲ့တဲ့ စကားတွေအားလုံး အချည်းနှီးဖြစ်သွားလိမ့်မယ်။ ”
“ ဒါဆို အခု မင်းရဲ့ ဓားကိုထုတ်ပါဦး။ ”
ဓားရူးက လူပြက်တစ်ယောက်ကို မြင်နေရဟန်ဖြင့် မေးဆက်ပြလိုက်လေသည်။ ထို့နောက်တွင် သူ့ထံမှ ဓားရယ်ရွယ်ချက်တစ်ခု တိုးထွက်လာတော့၏။
ကောင်းကင်နှင့် မြေကြီးကြား မရေမတွက်နိုင်သော ဓားမြည်သံများ ပဲ့တင်ထပ် သွားပြီး စိတ်ဝိညာဉ်ပင် တုန်ခါသွားသည်။
“ တကယ်ကို အထင်ကြီးစရာကောင်းတယ်။ ”
ထိုအချိန်တွင် စုရီ၏ နက်ရှိုင်းသော မျက်ဝန်းအစုံမှာ တောက်ပလာပြီး ရှားရှားပါးပါး မျှော်လင့်ချက်များ ဖြစ်ပေါ်လာ၏။
ဤကမ္ဘာကြီးတွင် ထိုက်တန်သော ပြိုင်ဘက်ကောင်းတစ်ဦးကို ဆုံတွေ့ခွင့်ရရန် မလွယ်လှချေ။
တစ်ဖက်လူသည် သူ့ကို အလွန်တရာ ကျေနပ်ဖွယ်ကောင်းလွန်းသော ခံစားချက်မျိုး ပေးစွမ်းနိုင်ရန်သာ ဆုတောင်းရပေမည်။
***