← Chapters

အခန်း ၁၂၁၁

Vol. 101 Ch. 1211

အခန်း ၁၂၁၁

Vol. 101 Ch. 1211

အခန်း ၁၂၁၁ -

ပေါင်းပင်ကဲ့သို့ နှလုံးသား ... ။

ကောင်းကင်နှင့် မြေကြီးကြားတွင် ထူးခြားသောရောင်ဝါတစ်ခု ပျံ့နှံ့လာတော့၏။ ထို့နောက်တွင် ရှောင်မို၏ ခန္ဓာကိုယ်ကြီးသည် မီးဖိုတစ်ခုကဲ့သို့ ပွက်ပွက်ဆူနေကာ သွေးသား စွမ်းအင်များ စတင်လောင်ကျွမ်းလာသည်။

သူ၏ ရှည်လျားသော ဆံပင်များ၊ မျက်ခုံးမွှေးများနှင့် အရေပြားများမှတစ်ဆင့် ထက်ရှလွန်းလှသော ဓားအလင်းများ ဖြာထွက်တော့၏။

ထိုအခိုက်တွင် မှောင်မိုက်ပြီး ပျက်စီးယိုယွင်းနေသော ကမ္ဘာကြီးတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း တောက်ပလာ၏။

တောရိုးမြက်ပင်များသည် အပျက်အစီးများကြားမှ ထိုးထွက်လာကြပြီး မရေမတွက်နိုင်သော ပန်းမန်များသည် လေထုအလယ် ယိမ်းနွဲ့ကုန်၏။

“ အတွေးတစ်ချက်တည်းနဲ့ ကောင်းကင်နဲ့မြေကြီးကြား သဘာဝနိယာမကို လုံးဝပြောင်းလဲပစ်လိုက်တာလား ... ။ ”

တန်ပေါင်အာတစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ဤမြင်ကွင်းများသည် အပေါ်ယံတွင် ရိုးရှင်းပြီး ထူးခြားဆန်းပြားခြင်း မရှိလှချေ။ သို့သော်ကြီးကျယ်မြင့်မြတ်သော မဟာတာအို ရောင်ဝါတစ်ခု အုပ်မိုးနေ၏။

မြက်ပင်တစ်ပင်ချင်းစီတွင် လွှမ်းမိုးပြီး ရပ်တန့်၍မရနိုင်သော ဓားစွမ်းအင်များစွာတို့ စီးဆင်းနေသည်။

အပျက်အစီးမြေတစ်ခုလုံးသည် ဓားစွမ်းအင်များနှင့် ဖန်တီးထားသည့် စိမ်းလန်း စိုပြေနေသောမြင်ကွင်းများအဖြစ်သို့ အစားထိုး လာတော့၏။

“ မဟုတ်ဘူး ... ဒါက သာမန်ဥပဒေတွေ ပြောင်းလဲတာမဟုတ်ဘူး ဒါ စကြာဝဠာကနေ ထွက်လာတဲ့ မဟာတာအို ဖြစ်စဉ်တစ်ခုပဲ ...

... အသက်၊သွေးနဲ့ ဝိညာဉ်ကို လမ်းညွှန်အဖြစ်အသုံးပြုပြီး ... တာအိုအုတ်မြစ် တစ်ခုလုံးကို သွန်းလောင်းလိုက်တာ။ ”

တန်လင်းချီက ထိတ်လန့်တုန်လှုပ်စွာ ပြောကြားလိုက်လေသည်။ အင်မော်တယ်များ အတွက် အမည်ခံအင်မော်တယ်အဆင့်မှစကာ ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်ချီများ ထိန်းသိမ်းရန် အာကာသတစ်ခု ဖန်တီးရ၏။

ထိုအာကာသသည် အကြင်သူ၏ အုတ်မြစ်ဖြစ်ပြီး အင်မော်တယ်အာကာသဟု ခေါ်ဆိုတတ်ကြသည်။

အစွမ်းထက်သော ကျင့်ကြံသူများ၏ အင်မော်တယ်အာကာသသည် အလွန်နက်ရှိုင်း လှသဖြင့် နေ၊ လ၊ ကြယ်၊ ကောင်းကင်နှင့် မြေကြီး၏ နိယာမတရားများ ပါရှိနေသည်။

ယင်းသည် ရာသီဥတုကို ပြောင်းလဲပစ်နိုင်ခြင်းနှင့် သက်ရှိအရာအားလုံး၏ ရှင်သန်ခြင်း၊ အိုမင်းခြင်းတို့ကို ပြသနိုင်၏။

အများစုမှာ ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလာ ပြီးနောက်မှသာ အံ့ဖွယ်ဖြစ်စဉ်များကို ပြင်ပသို့ ပြသလာနိုင်ခြင်းဖြစ်သည်။

ယခု ရှောင်မို ပြသနေသော နည်းလမ်းများသည် အင်‌မော်တယ်အာကာသ အပေါ် အပြည့်အဝအသက်သွင်းခြင်းပေပင်။

ဤဖြစ်စဉ်မျိုးသည် သူတော်စင် အင်မော်တယ်တစ်ပါးမှ ဖန်တီးနိုင်စွမ်းထက် ကျော်လွန်နေချေ၏။ ‘ကောင်းကင်နှင့်မြေကြီး ပြောင်းလဲခြင်း’ဟု ခေါ်သည်။

အင်‌မော်တယ်ဘုရင်များသာလျှင် စကားတစ်ခွန်းဖြင့် လောကနိယာမများစွာ ဖြစ်ပေါ်လာစေနိုင်ပြီး ပြင်ပကမ္ဘာကို ကိုယ်ပိုင် အာကာသအဖြစ် ပြောင်းလဲနိုင်မည်။

ဤနည်းဖြင့် ကောင်းကင်ကို လှည့်စားပြီး မြေပြင်၌နိယာမများကို စိတ်ကြိုက်ပုံဖော်နိုင်၏။ သေမျိုးများအတွက် နတ်ဘုရားအလားပေပင်။

သူတော်စင်အင်မော်တယ် တစ်ပါးထံမှ ကောင်းကင်နှင့်မြေကြီးပြောင်းလဲခြင်း ဖြစ်စဉ် အပေါ် မြင်လိုက်ရချိန်တွင် မည်သူသည် မအံ့ဩဘဲနေနိုင်မည်နည်း။

စုရီပင် မျက်ခုံးပင့်လိုက်၏။ ရှောင်မိုမှ ပြုံးလျက်ဖြင့်၊

“ မင်းက ရှင်ခြင်းနဲ့ သေဆုံးခြင်းကို လုံးဝ လျစ်လျူရှုထားနိုင်တဲ့သူပဲ ... ဒါဆိုရင်ငါကကော ဘာလို့ ငါ့ရဲ့အသက်ကို နှမြောနေရမှာလဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ ငါ နားလည်ပါပြီ ... မင်းက မင်းဘဝကို တကယ့်ပဲတောက်ပစွာနဲ့ အဆုံးသတ်ချင်နေတာ မဟုတ်လား။ ”

“ ထက်မြက်တယ် ... ။ ”

စကားဆုံးသည်နှင့် သူဖန်တီးထားသော ကမ္ဘာကြီးအတွင်း ကောင်းကင်နှင့် မြေကြီးကြား အရာအားလုံးထံမှ ဓားရည်ရွယ်ချက်များ ဖြာထွက်လာ၏။

ကောင်းကင်ကြီးပင် ပွင့်ထွက်သွားကာ ခေါင်းပေါ်၌ ဓားကြယ်များတောက်ပနေသော နဂါးငွေ့တန်းတစ်ခု လည်ပတ်လာသည်။ ဓားနတ်ဘုရား တစ်ပါးလိုပေပင်။

ပြိုင်ဘက်သည် ထိုပတ်ဝန်းကျင်၌ အသက်ရှူသွင်းရုံဖြင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ကွဲမည်ဖြစ်သည်။ ကြီးစိုးပြီး ထက်ရှသော အင်‌မော်တယ်အာကာသဖြစ်ချေပြီ။

မည်သည့် အရပ်သို့ ရှောင်တိမ်းပါစေ မလွတ်မြောက်နိုင်ကြောင်း ပြောနိုင်ချေသည်။ ဤသည်မှာ အင်မော်တယ်အာကာသများ၏ ကြောက်စရာကောင်းသော စွမ်းအားပေပင်။

ထို့ကြောင့် အင်မော်တယ် တစ်ပါးသည် ကမ္ဘာကြီးပေါ်က သက်ရှိတိုင်း၏ သေခြင်းနှင့် ရှင်ခြင်းအပေါ် ဆုံးဖြတ်နိုင်သည်ဟုဆိုကြ၏။

“ တစ်ချိန်တုန်းက ... ငါဟာ လမ်းဘေးကပေါင်းပင်လေတစ်ပင်လိုပဲ လုံးဝကို အရေးမပါခဲ့ဘူး ဆင်းရဲနွမ်းပါးခဲ့ပြီး လက်ထဲမှာ ကောင်းမွန်တဲ့ ဓားတစ်လက်တောင် မရှိခဲ့ဘူး ...

... ဒါပေမယ့် ငါ ဘယ်တုန်းကမှ စိတ်ဓာတ်မကျခဲ့ဘဲ ရူးသွပ်စွာနဲ့ ငါ့ဓားတာအိုကို ရှာဖွေနေခဲ့တယ် ... ဒီဆန္ဒက လမ်းဘေးက ပေါင်းပင်လေးတွေလိုပဲ ဘယ်လောက်ပဲ နင်းချေခံရပါစေ၊ ...

... ဘယ်လောက် လောင်မြိုက်ပြာကျပါစေ တစ်ချိန်မှာ ပေါင်းပင်တွေက ပြန်လာနိုင်ခဲ့တယ်၊ ဘယ်လောက်ပဲ အေးခဲပါစေ နွေဦးရာသီရဲ့ နေရောင်ခြည်အောက်မှာ နိုးထနိုင်တယ် ...

... ဒါကြောင့် ငါဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ကြောက်ရွံ့ရှင်သန်နေမယ့်အစား တောက်ပပြီး သေဆုံးပစ်မယ် ...

... အဲဒီကောင်းကင်ပေါ်က ကြယ်တွေကြားမှာတောင် ကြယ်တံခွန်တစ်ခုလို ခဏတာလေးပဲဖြစ်ဖြစ် လင်းလက်ပစ်မယ် ... အစွမ်းကုန်တောက်ပမယ် ... ။ ”

ထို့နောက် ရှောင်မိုက ပြုံးရွှင်လာပြီး၊

“ ဒီစကားတွေကို ... ငါ့တစ်သက် ဘယ်သူ့ကိုမှမပြောပြဖူးဘူး ... ဒါပေမယ့် မင်းကို မြင်တော့ ချွင်းချက်အနေနဲ့ ပြောပြချင်တယ် ...

... ဒါကြောင့် ငါသေရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး မင်းရဲ့ဓားကိုဆွဲပါ ကြည့်ပါရစေ။ ”

“ ကောင်းပြီ ... ဓားတာအိုအပေါ် သစ္စာရှိလှတဲ့နှလုံးသားကို ဘေးဖယ်ထားပြီး ဒီလိုဘဝကို တောက်ပစွာဖြတ်သန်းချင်နေတဲ့ မင်းအတွက် ငါ့ဓားကိုမြင်ခွင့်ပေးမယ်။ ”

စုရီမှ လက်ဝှေ့ရမ်းပြီး သူ့ဓားကို ထုတ်ယူလိုက်သည်။ ဓားသည် သုံးပေရှည်ကာ ဓားသွားသည် အပြာနုရောင်ဖြစ်၏။

အလွန်ရှေးကျပြီး နတ်ဘုရားဆန်သော အရှိန်အဝါများ ဖြာထွက်နေသည်။ လက်ထဲတွင် ဓားကိုင်လိုက်သည့်နှင့် သူ့ရောင်ဝါသည်လည်း ချက်ချင်းပြောင်းလဲသွား၏။

ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် တစ်စုံတစ်ဦးကဲ့သို့ ထောင်လွှားကာ မြင့်မြတ် လွန်းနေပေသည်။

“ အခု ... ငါ့ရဲ့ဓားကိုပြမယ်။ ”

ထို့နောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်လိုက်ကာ ဓားရည်ရွယ်ချက်များကို စုစည်းလိုက်၏။

“ ကလန် ... ကလန် ... ။ ”

“ ချွင် ... ။ ”

ငြိမ်သက်နေသော ကမ္ဘာကြီးအတွင်း ရုတ်တရက်ဓားမုန်တိုင်း တိုက်ခတ်လာသကဲ့သို့ နေရာအနှံ့အပြားတွင် ဓားအချင်းချင်း တိုက်မိသံများ ညံကုန်လေသည်။

တစ်ဆက်တည်းမှာပင် ကောင်းကင်၌ ကြယ်မြစ်ကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့ ဓားကြယ်တာရာအတွင်း ထက်ရှသော ဓားပါးလေးတစ်လက်လိုပေပင်။

“ ဟားဟားဟား ... အရမ်းကောင်းတယ်။ ”

ရှောင်မိုက သူ့အင်မော်တယ်အာကာသ ဖိအားများခံစားလာရသည်ကို နှစ်ခြိက်လာခဲ့ပြီး အော်ဟစ် ရယ်မောလိုက်လေသည်။

ထို့နောက် လေထဲလှမ်းတက်ကာ ဓားဖြင့် ပိုင်းချလိုက်တော့၏။ နွေဦးလေပြည်များအလား အသက်ဝင်လှသော ထိုဓားစွမ်းအင်များသည် စကြဝဠာအနှံ့ ပြည့်နှက်သွားစေသည်။

စုရီသည်လည်း ရှောင်တိမ်းခြင်းမရှိ သူ့ဓားဖြင့်ထိုးသွင်းလာခဲ့၏။ ဓား‌ရွေ့လျားနေစဉ် အင်မော်တယ်အာကာသမှာ ရှုပ်ထွေး တုန်ခါလာတော့သည်။

သို့သော် လူသူကင်းမဲ့သော လွင်ပြင်ကြီးပေါ်တွင် တောရိုင်းမြက်ပင်များမှာ အဆုံးမဲ့ကြီးထွားလာနေပြီး စုရီ၏ဥပဒေများကို ရှုပ်ထွေးပွေလီသွားစေ၏။

အထက်ကောင်းကင်ရှိ ဓားကြယ် နဂါးငွေ့တန်းကြီးသည် ဓားကြယ်နဂါးအဖြစ် ပြောင်းလဲလာကာ ဝုန်းဒိုင်းကျဲလာသည်။

ထိုဓားကြယ်နဂါးကြီး၏ လူးလွန့် ဒေါသထွက်နေမှုကြောင့် ဓားရည်ရွယ်ချက်မှာ ဥက္ကာပျံများအလား ရွာကျလာ၏။

ထိုဥက္ကာပျံများသည် သိပ်သည်းပြီး ကြောက်စရာကောင်းလှသော ဓားစွမ်းအင်များ ပါရှိနေသည်။ မြေပြင်ပေါ် ထိမှန်ရုံဖြင့် တွင်းနက်ကြီးများဖြစ်လာစေ၏။

လက်ရှိကမ္ဘာကြီး၏ သူတော်စင် အင်မော်တယ်မည်သူမဆို သူ့ပြိုင်ဘက်အဖြစ် ရပ်နေပါက ဤနေရာတွင်ပြာကျသွားပေမည်။

ထိုအကျိုးဆက်သည် တန်လင်းချီကို သူ့တည်ရှိမှုအတွက် သံသယဝင်သွားစေခဲ့သည်။ မြင်ကွင်းတစ်ခုလုံး ဓားရည်ရွယ်ချက်များသာ ပိတ်ဖုံးနေချေပြီ။ ထိုအာကာသအတွင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

ယင်းအစား သူ့ကိုယ်သူ လမ်းဘေးက ပေါင်းပင်များထက်နိမ့်ကျသော ဖုန်မှုန်အဖြစ် ခံစားလိုက်ရသည်။

ကံကောင်းသည်မှာ ထိုဓားရည်ရွယ်ချက်များသည် သက်ရှိများကဲ့သို့ သုံးပေအကွာမှ ဖြတ်ကျော်သွားခြင်းဖြစ်၏။

တန်ပေါင်အာခမျာ အဘယ့်ကြောင့် သူ့အဖိုးသည် ဖင်တုန်အောင်ကြောက်ရွံ့နေရ သည်ကို နားလည်လိုက်သည်။

သူမကို ဗဟိုပြုသော ကမ္ဘာကြီးသည် ဓားပင်လယ်အတွင်း ရောက်ရှိသွားသည့်အလား အရာအားလုံးကို ပြတ်တောက်နေခဲ့၏။

ထိုအချိန်တွင် ဓားကြယ်နဂါးကြီးကို မျဉ်းဖြောင့်တစ်ကြောင်း ဖြတ်သန်းသွားသည့် မြင်ကွင်းထွက်ပေါ်လာသည်။

ထိုမျဉ်းဖြောင့်သည် စူးရှကာ ထက်မြက်နေချေပြီ။ သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ကြေမွပစ်နိုင်၏။

စစ်မှန်သော မျဉ်းဖြောင့်ဂုဏ်သတ္တိကို ဖော်ညွှန်းပြသနေချေပြီ။ ခေတ်ကာလများစွာကို ဖြတ်သန်းပြီး အပြစ်အနာအဆာ မရှိချေ။

ဖြစ်စဉ်များသည် အသက်တရှိုက်စာအတွင်း ဖြစ်ပွားနေခြင်းဖြစ်ချေသည်။ အင်‌မော်တယ်များ အတွက်မူ ထိုတဒင်္ဂလေးများအပေါ် ကောင်းစွာ ခွဲခြားရှုမြင်နိုင်၏။

“ ဟားဟားဟား ... ။ ”

ရှောင်မိုသည် သူနှင့် ပေတစ်ရာ အကွာအဝေးအတွင်းသို့ ရောက်ရှိလာသော စုရီကြောင့် ပြုံးရွှင်သွားခဲ့သည်။

“ ကြယ်တံခွန်ကဲ့သို့ တောက်ပခြင်း။ ”

အဆုံးတွင် ခိုင်မာပြတ်သားသော အကြည့်များဖြင့် စုရီထံသို့ တည့်တည့်တိုးဝင် လိုက်တော့သည်။

ချက်ချင်းပင် သူ့ပုံရိပ်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဓားရည်ရွယ်ချက်အဖြစ် ရောနှောသွားခဲ့ချေပြီ။

ဤသည်မှာ သူ့ဘဝတစ်လျှောက် အပြင်းထန်ဆုံးနှင့် အကောင်းဆုံးသောဓားချက် ဖြစ်၏။ ကြယ်တံခွန်တစ်စင်း ကြွယ်ကျလာ သကဲ့သို့ တောက်ပပြင်းထန်နေချေပြီ။

“ ဝုန်း ... ။ ”

ဓားနှစ်လက်တိုက်မိသွားကာ ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး အမြင်အာရုံ ဖြူဖွေးသွားလေသည်။

လုံးဝဗလာ ဖြစ်သွားတော့၏။ မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်းနှင့် ရနံ့ခံနိုင်စွမ်းများ ပျောက်ရှကုန် ချေပြီ။

ထူးဆန်းထိတ်လန့်ဖွယ် ကောင်းသော တိတ်ဆိတ်မှု ကာလကြီးအတွင်း ကျရောက် သွားသည်။ အရာအားလုံး ရပ်တန့်ကုန်၏။

များမကြာမီ မျဉ်းဖြောင့်ဂုဏ်သတ္တိကို ဖော်ညွှန်းခဲ့သော ဓားစွမ်းအင်တစ်ခုတည်းသာ လေထုအလယ်ကျန်ရစ်ခဲ့လေသည်။

“ ဒါ ... ။ ”

ရှောင်မိုအသံ ဦးစွာ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ဓားအလင်းတစ်လက် နဖူးထံသို့ ဦးတည်နေသည့်ပုံရိပ် ထွက်ပေါ်လာ၏။

ဤကဲ့သို့သော ဓားချက်အောက်၌ သေဆုံးရသည်ကို နောင်တမရချေ။ ယင်းအစား ကျေနပ်နေသော အပြုံးပင်ပြသနေသည်။

ယင်းသည် မီးပုံဆီသို့ဆွဲခေါ်ခံရသည့် ပိုးဖလံတစ်ကောင်၏ သေခြင်းအလား ရဲဝံ့လွန်း ချေပြီ။ သူ့ပတ်ဝန်းကျင်ရှိ အင်‌မော်တယ် အာကာသသည် ရေပူဖောင်းများအလား တရွေ့‌ရွေ့ ပေါက်ကွဲနေသည်။

အဆုံးတွင် သေခြင်း၏ရနံ့ကို သူ့ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် နီးကပ်စွာ ရှူရှိုက်လိုက် ရလေသည်။ သို့သော် ... ။

ယင်းသည် တဒင်္ဂမျှသာဖြစ်၏။ မည်မျှမကြာခဲ့ချေ။ ရုတ်ချည်းပင် ပြန်လည်၍ ပျောက်ကွယ်သွားတော့သည်။

အမြင်မှားသည်ဟုပင် ထင်မှားမိ၏။ ထို့ကြောင့် အံ့အားသင့်စွာဖြင့် စုရီထံမော့ကြည့် လိုက်မိလေသည်။

“ မသတ်ဘူးလား ... ။ ”

စုရီက ချက်ချင်းပြန်မဖြေဘဲ သူ့ဓားကို သိမ်းလိုက်သည်။ ထို့နောက်ဝိုင်အိုးကိုထုတ်ကာ တစ်ငုံမော့သောက်၏။

“ ငါ့ဓားဟာ ကောင်းကင်အထက်မှာ သုံးလက်မပိုမြင့်ပြီး တည်ရှိနေနိုင်ပေမယ့်လည်း မြေပြင်ပေါ်က ပေါင်းပင်လေးတွေကို ... သဘောကျတတ်ပါတယ်။ ”

***

All Chapters