အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) မြေဝယ်ယူခြင်း အစီအစဉ်နှင့် ဂျီတန်းကား
"ဦးလေးပိုင် ဘယ်လိုလုပ်ပြီးသိတာလဲ'' စုယွမ်က တည်ငြိမ်စွာမေးလိုက်သည်။
"ချန်ချန်က ငါ့ကို ပြောပြတာလေ... မင်းက သူမကို ရည်ရွယ်ချက်မရှိဘဲ ပြောပြမိတာ ဖြစ်ပါလိမ့်မယ်..."
"မင်းကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနယ်မြေမှာ ငါ့မှာ အာဏာရှိတယ်... တကယ်လို့ မင်းက အဲဒီမြေလွတ်ကို တကယ်လိုချင်တယ်ဆိုရင် ငါ ပိုင်ယုံက မင်းအတွက် တင်ပြပေးနိုင်ပါတယ်..."
ပိုင်ယုံက လေးနက်စွာ ပြောဆိုလိုက်၏။
"အင်း ကျွန်တော်က အဲဒီမြေလွတ်ကို တကယ် စိတ်ဝင်စားနေတာပါ ဈေးနှုန်းက ဘယ်လောက်လဲဆိုတာပဲ မသိတာ..."
ဈေးနှုန်းမှာ အရေးအကြီးဆုံးအချက် ဖြစ်ပေသည်။ အလွန် မြင့်မား၍ မရသလို အလွန် နိမ့်ကျနေ၍လည်း မရနိုင်ချေ။
အကယ်၍ အလွန်နိမ့်ကျနေပါက သူ ငွေအနည်းငယ်သာ မြတ်မည်ဖြစ်ပြီး အလွန်မြင့်မားနေပါကလည်း ရင်းနှီးမြှုပ်နှံမှု ပမာဏက များပြားလွန်းနေမည် ဖြစ်၏။
"အင်း... အဲဒါက မြေလွတ်ဖြစ်နေပေမဲ့ အတော်လေးတော့ ကျယ်ဝန်းတယ်... မူဝါဒ အားပေးမှုတွေအရဆိုရင် ဒီမြေကွက်ရဲ့ ဈေးနှုန်းက ယွမ် သန်းဆယ်ဂဏန်းကျော်တယ်... အတိအကျ ပမာဏကိုတော့ ဆွေးနွေးညှိနှိုင်းဖို့ လိုသေးတယ်..."
ပိုင်ယုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။
"မင်းက ဘာလို့ အဲဒီမြေကွက်ကို စိတ်ဝင်စားနေတာလဲဆိုတာတော့ ငါ မသိဘူး ရှောင်စူး... ငါတို့က ဆက်ဆံရေးကောင်းတဲ့အတွက် မင်းကို ငါ သတိပေးပါရစေ... ငါတို့ရဲ့ ပရော်ဖက်ရှင်နယ် အကဲဖြတ်မှုတွေအရဆိုရင် အဲဒီမြေကွက်က ဘာတန်ဖိုးမှ မရှိဘူး..."
"ဒါကြောင့်ပဲ အဲဒီနေရာက အခုချိန်ထိ လွတ်နေခဲ့တာလေ..."
ပိုင်ယုံသည် ယခုခေတ် လူငယ်များတွင် အကြံဉာဏ်များစွာ ရှိကြသော်လည်း သူတို့၏ ခေါင်းထဲတွင် အနှစ်သာရ သိပ်မရှိကြောင်း သိထားပေ၏။
သူတို့သည် ရေရှည်အတွက် မတွေးတောဘဲ သူတို့၏ အိတ်ကပ်များကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် သုံးစွဲပစ်တတ်ကြသည်။ ဤသည်မှာ ကျေးဇူးဆပ်ခြင်း မဟုတ်ဘဲ သူ့ကို ဒုက္ခပေးနေခြင်းပင်။
သူ့သမီး၏ ကယ်တင်ရှင်နှင့် သူတို့ ပြန်လည်ဆုံစည်းရေးအတွက် ကြားပွဲစားတစ်ဦးအနေဖြင့် ပိုင်ယုံသည် စုယွမ် ဤမျှ မဆင်မခြင် ပြုမူနေသည်ကို ထိုင်ကြည့်နေမည် မဟုတ်ချေ။
"ဟားဟား ဦးလေးပိုင်... ကျွန်တော်က အဲဒီမြေကွက်ကို တကယ်ပဲ မျက်စိကျနေတာပါ ပြီးတော့ သူ့ရဲ့တန်ဖိုးက အချိန်တိုအတွင်းမှာ မြင့်တက်လာလိမ့်မယ်လို့လည်း ခံစားရတယ်... တစ်ဆ နှစ်ဆလောက်တင် မဟုတ်ဘဲ ငါးဆကျော်လောက်အထိကို မြင့်တက်လာမှာ..."
စုယွမ်၏ စကားများကို ကြားပြီးနောက် ပိုင်ယုံသည် သူက အလွန်အမင်း စိတ်ကူးယဉ်နေသည်ဟုသာ ခံစားလိုက်ရလေ၏။
ဤမြေကွက်သည် တန်ဖိုးတက်ရန် အခွင့်အလမ်းမရှိဘဲ တန်ဖိုးကျဆင်းရန်သာ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း စုယွမ်က အချိန်တိုအတွင်း တန်ဖိုးတက်လာမည်ဟု ပြောနေသည်လော။
ဤသည်မှာ လုံးလုံးလျားလျား စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။
ကျန်းချန်မြို့ တစ်မြို့လုံးတွင် ဤအချက်ကို သဘောတူမည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
"စုယွမ်... ဦးလေးပိုင် မင်းကို သတိပေးပြီးပြီနော် အဲဒီမြေကွက်က တန်ဖိုးတက်လာမှာ မဟုတ်ဘူး... အဲဒီနေရာမှာ နှစ်တစ်ရာလောက် ထားရင်တောင် တန်ဖိုးတက်လာမှာ မဟုတ်ဘူး..."
"မင်းဆီမှာ ပိုက်ဆံနည်းနည်းရှိမယ်ဆိုတာ ငါသိပါတယ်... အဲဒီပိုက်ဆံကို စီးပွားရေးတစ်ခုခုလုပ်ဖို့ သုံးလိုက်ပါ... တကယ်လို့ မင်း နားမလည်ဘူးဆိုရင် မင်းမှာ နှစ်စဉ် ဝင်ငွေရနိုင်မယ့် အကြံပြုချက်တချို့ ငါ ပေးနိုင်ပါတယ်... ဘယ်လိုသဘောရလဲ..."
ဖုန်းမှတစ်ဆင့် စုယွမ်သည် ဦးလေးပိုင်က ဤမြေကွက် တန်ဖိုးတက်လာမည်ကို တကယ်မသိကြောင်း သိရှိလိုက်လေ၏။
သူက ပိုငြင်းလေလေ သူက ပိုပြီး ရယူရလေလေပင်။
"ဦးလေးပိုင်... ဦးလေးပိုင်ရဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် စုယွမ်က ဒီမြေကွက်ကို ရအောင်ယူဖို့ ဆုံးဖြတ်ထားပြီးပါပြီ... ကျွန်တော် တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ဘယ်သူမှ ကျွန်တော့်စိတ်ကို ပြောင်းလဲလို့မရပါဘူး..."
"ဦးလေးပိုင်... ဒီကိစ္စမှာ ဦးလေးပိုင်က အာဏာရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော် အများကြီး မတောင်းဆိုပါဘူး ဦးလေးပိုင်အနေနဲ့ ဒီကိစ္စကို အမြန်ဆုံး အစီအစဉ်ထဲ ထည့်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."
"တကယ်လို့ ဒီနေ့ပဲ လက်မှတ်ထိုးနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ..."
စုယွမ်က တစ်ဝက်နောက် တစ်ဝက်အမှန်ဖြင့် ပြောဆိုလိုက်သည်။
"ဟားဟား..."
ပိုင်ယုံမှာ အတော်လေး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။
ဤစုယွမ်သည် မြင်းရှစ်ကောင်ဆွဲ၍ပင် မရနိုင်လောက်အောင် ခေါင်းမာလှပေသည်။ သူ မည်မျှပင် ဖျောင်းဖျရန် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်လေ၏။
အကယ်၍ သူ ဤမြေကို ဝယ်မည်ဆိုပါက သူ၏ အင်္ကျီပါ ချွတ်ပေးရလောက်အောင် ရှုံးနိမ့်သွားမည်ဖြစ်သော်လည်း သူ ပြောနိုင်သမျှ အားလုံးကို ပြောပြီးပြီဖြစ်ရာ ထပ်မံပြောဆိုနေရန် မလိုအပ်တော့ချေ။
"ကောင်းပြီလေ... မင်းက စောစော အပြီးသတ်ချင်တယ်ဆိုတာ ငါ နားလည်ပါတယ် ဒါပေမဲ့ ဒီနေ့တော့ မဖြစ်နိုင်ဘူး... ဒီကိစ္စက ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့လယ်မှာ ငါ ဘာအစီအစဉ်မှ မရှိဘူးဆိုတော့ ငါ အစီရင်ခံစာ တင်လိုက်ပြီး အစည်းအဝေးတစ်ခု ခေါ်လိုက်မယ်..."
ပိုင်ယုံက သဘောတူလိုက်ပြီး စုယွမ်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချသွားလေ၏။
စုယွမ်က သူ၏ဖက်တွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ အလွန် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ယွမ်တစ်သန်းမှ သုံးသန်းအထိ တန်ဖိုးရှိသော တောရိုင်းဂျင်ဆင်းကပင် ယနေ့ညအတွက် နှစ်ပွဲစာ လုံလောက်လှပေ၏။
တက္ကစီပေါ်မှ ဆင်းပြီးနောက် စုယွမ်သည်လည်း အဆင်မပြေမှုကို ခံစားလိုက်ရသည်။
အမြဲတမ်း တက္ကစီစီးရခြင်းက တကယ်ကို အနည်းငယ် ရှုပ်ထွေးလှပြီး တစ်ခါတစ်ရံတွင် သူ အချိန်အတော်ကြာ စောင့်ဆိုင်းရသေးသည်။
အရင်က ပိုက်ဆံမရှိလို့ ကားမရှိခဲ့တာ။ အခု ပိုက်ဆံရှိနေပြီဆိုတော့ သူ့အတွက် ကားတစ်စီး ဝယ်သင့်တာ သဘာဝကျပါတယ်လေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ လူနေအိမ်ရာမှ အရှေ့ဘက် မီတာတစ်ရာခန့်အကွာတွင် Mercedes-Benz 4S အရောင်းပြခန်းတစ်ခု ရှိနေပေ၏။
စုယွမ်သည် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
မကြာမီမှာပင် စုယွမ်သည် အရောင်းပြခန်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ ကားကြည့်နေသူ အနည်းငယ် ရှိသော်လည်း မများပြားလှသဖြင့် အတော်လေး တိတ်ဆိတ်နေပေ၏။
"မင်္ဂလာပါ လူကြီးမင်း... ကားလာကြည့်တာလားရှင့်..."
စုယွမ် ဝင်လာသည်ကို မြင်လိုက်ရချိန်၌ အရောင်းစာရေးမတစ်ဦးက ချက်ချင်း မေးမြန်းလိုက်လေသည်။
ဂန္ထဝင်ဆန်သော ပရော်ဖက်ရှင်နယ် ဝတ်စုံနှင့် ဖြူစင်သော အသွင်အပြင်တို့ ပေါင်းစပ်ထားသဖြင့် သူမသည် အရောင်းစာရေးအသစ်တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားနေပေ၏။
"ဟုတ်ကဲ့ ကျွန်တော် ကားတစ်စီး ဝယ်ဖို့ စီစဉ်နေတာ အခုတော့ ဒီအတိုင်း လာကြည့်တာပါ..."
စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီးနောက် အရောင်းပြခန်းအတွင်းပိုင်းကို ဝေ့ကြည့်လိုက်သည်။
"လူကြီးမင်း... သင့်အတွက် တစ်ခုခုလောက် အကြံပြုပေးရမလားရှင့်..."
ရွှီကျင်းက ပြုံးလျက် မေးမြန်းလိုက်၏။
စုယွမ်က သူ၏လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
"မလိုပါဘူး ကျွန်တော့်ဘာသာ အရင် လိုက်ကြည့်လိုက်ပါ့မယ်... လိုအပ်တာရှိရင် ခေါ်လိုက်ပါ့မယ်..."
"အို... ဟုတ်ကဲ့ပါ လူကြီးမင်း မေးစရာရှိရင် အချိန်မရွေး ခေါ်လိုက်ပါရှင့်..."
ရွှီကျင်းက ယဉ်ကျေးစွာ ပြောဆိုလိုက်၏။
စုယွမ် အခြားတစ်ဖက်သို့ လျှောက်သွားချိန်မှာပင် အရောင်းစာရေးမကြီးတစ်ဦးက ရွှီကျင်းထံသို့ လျှောက်လာပြီး သတိပေးလိုက်လေသည်။
"ရှောင်ကျင်း မင်းမြင်လား... အဲဒီလို ဖောက်သည်မျိုးက ဒီအတိုင်း လာကြည့်ရုံသက်သက်ပဲ မဝယ်ဘူး..."
"ငါတို့က သူ့ကို လေးစားမှုပြဖို့ပဲ လိုတယ် ဒါပေမဲ့ သူ့ကို ရှင်းပြဖို့အတွက် အချိန်နဲ့ စွမ်းအင်တွေ အများကြီး မသုံးလိုက်နဲ့..."
"မင်းရဲ့ စွမ်းအင်တွေကို ဝယ်ဖို့ဆန္ဒရှိတဲ့ တခြားဖောက်သည်တွေကို ရှင်းပြဖို့ သုံးလိုက်... အဲဒီလိုဆိုရင် မင်း အရောင်းအဝယ် ပိုမြန်မြန် ဖြစ်နိုင်မယ် နားလည်လား..."
ရွှီကျင်းက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူမတွင် ထိုကဲ့သို့သော အကဲဖြတ်နိုင်စွမ်းမျိုး တကယ်ကို မရှိသေးချေ။ သူမ အလုပ်ဝင်သည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး အရောင်းအဝယ် တစ်ခုမျှ မဖြစ်သေးပေ။
"ရှောင်ကျင်း မင်းက အစပြုအဆင့်မှာပဲ ရှိသေးတယ်... နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်..."
အရောင်းစာရေးမကြီးမှာ တကယ်တော့ အတော်လေး သဘောကောင်းလှပေသည်။
"ဟုတ်ကဲ့ အစ်မယွန်း... ဒါပေမဲ့ လာကြည့်ရုံသက်သက်ပဲကြည့်ပြီး မဝယ်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ... ဘာလို့ ကျွန်မက မခွဲခြားနိုင်ရတာလဲ..."
ရွှီကျင်းက မေးမြန်းလိုက်၏။
"မင်း ခုနက မြင်ခဲ့တဲ့သူလိုမျိုးပေါ့... သူက အရမ်း ငယ်ရွယ်ပုံရတယ် အဝတ်အစားတွေကလည်း အရမ်း သာမန်ပဲ ပြီးတော့ သူ ဝင်လာတဲ့အချိန်မှာ ဘာရည်ရွယ်ချက်မှ သီးသန့်မရှိဘဲ သူ့ဘာသာ လိုက်ကြည့်နေတာ... အဲဒီလိုလူမျိုးက ဗဟုသုတရအောင် လာကြည့်တာဖြစ်ဖို့ များပြီး ဝယ်မှာမဟုတ်ဘူး..."
"ငါ အစ်မယွန်းက ဒီမှာ အလုပ်လုပ်နေတာ ရှစ်နှစ်ရှိပြီ အဲဒီလောက် အကဲဖြတ်နိုင်စွမ်းတော့ ငါ့မှာ ရှိပါတယ်..."
အစ်မယွန်းဟု အမည်ရသော အရောင်းစာရေးမက ယုံကြည်မှုရှိသော အပြုံးဖြင့် ပြောဆိုလိုက်သည်။
ရွှီကျင်းက သူမ နားလည်ကြောင်း ပြသရန် ခေါင်းညိတ်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူမသည် ကားတစ်စီးဘေး၌ ရပ်နေသော စုယွမ်က သူမအား လက်ယပ်ခေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရွှီကျင်းက အစ်မယွန်းကို တစ်ချက်ကြည့်လိုက်ရာ သူမက အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ပြန်ကြည့်လိုက်ပြီး သူမ သေချာပေါက် သွားရမည်ဖြစ်သော်လည်း အားစိုက်ထုတ်ရန် မလိုအပ်ကြောင်း အဓိပ္ပာယ်ရပေသည်။
ရွှီကျင်းက သူမ၏ တက်ဘလက်ကို ကိုင်ကာ စုယွမ်ထံသို့ အလျင်အမြန် ချဉ်းကပ်သွားလေ၏။
"ဒီကားရဲ့ ဈေးနှုန်းကို ပြောပြပါ..."
စုယွမ်က အနက်ရောင် G-Wagon ကားကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အို... ဒီကားရဲ့ နာမည်က မာစီဒီးဘင့် Aပါ..."
ရွှီကျင်းက ယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို ရွတ်ပြရန် ပြင်လိုက်ချိန်တွင် စုယွမ်က သူမကို တားဆီးရန် လက်မြှောက်လိုက်၏။
"အဲဒါတွေ အကုန်လုံးအတွက် အချိန်မဖြုန်းပါနဲ့... ဒီကားရဲ့ ဈေးနှုန်းကိုပဲ သိချင်တာပါ..."
စုယွမ်က ရွှီကျင်းအား ကြည့်ကာ ပြောဆိုလိုက်သည်။
"လူကြီးမင်း... ဒီကားရဲ့ ဈေးနှုန်းက ယွမ် နှစ်သန်း ရှစ်သိန်းပါ... တကယ်လို့ လူကြီးမင်းက ဝယ်ယူမယ်ဆိုရင် အနည်းဆုံး ယွမ် နှစ်သန်း ခြောက်သိန်းနဲ့ ပေးနိုင်ပါတယ်ရှင့်..."
စုယွမ်က အဘယ်ကြောင့် မေးမြန်းနေသည်ကို မသိသဖြင့် ရွှီကျင်းမှာ စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့လေ၏။
"ကောင်းပြီ..."
စုယွမ်က သူ၏အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ယူကာ ပြောဆိုလိုက်သည်။
"လူကြီးမင်း... ဒါက..."
ရွှီကျင်းသည် ဘဏ်ကတ်ကို ကြည့်ကာ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေ၏။
သူက ဘာလုပ်မလို့လဲ။
ဒီလူက ဒီအတိုင်း လာကြည့်ရုံသက်သက်ပဲ ဝယ်မှာမဟုတ်ဘူးလို့ အစ်မယွန်းက ပြောခဲ့တယ် မဟုတ်လား။
"ကတ်ပဲ ပွတ်ဖြတ်ပါ..."
စုယွမ်၏ လေသံမှာ ပေါ့ပါးနေဆဲပင်။
"ကျွန်မ... ရှင်..."
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ လူကြီးမင်း..."
ရွှီကျင်းသည် သူ့စကားကို ကြားလိုက်ရချိန်၌ ဘဏ်ကတ်ကို အလျင်အမြန် လှမ်းယူလိုက်ပြီး အစ်မယွန်းထံသို့ လျှောက်သွားလေတော့သည်။