အခန်း (၂၈၁-၂၈၂)
Vol. 29 Ch. 281-282
အခန်း (၂၈၁)
ထင်သလောက် မခက်ခဲပါဘူး
လီနျန်သည် ရေခဲသိုလှောင်ခန်း၏ လေးလံလှသော သစ်သားတံခါးကြီးကို တွန်းဖွင့်လိုက်ရာ အေးစိမ့်လှသော လေထုကြီးက သူမ မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။ ရေခဲသိုလှောင်ခန်းကြီးတစ်ခုလုံး ဤမျှအထိ အေးစိမ့်နေလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် သူမ တစ်ကိုယ်လုံး တုန်ရီသွားရ၏။
အတွင်းရှိ ရေခဲတုံးကြီးများကို သေသေချာချာ စီစီရီရီချထားသည်။ လီနျန်သည် ရွာသူရွာသားများကို ညွှန်ကြား၍ သံတူရွင်းများဖြင့် ရေခဲတုံးကြီး ရှစ်တုံးကို ကလော်ထုတ်ခိုင်းလိုက်သည်။
သူတို့သည် ရေခဲတုံးများကို လှည်းပေါ်တွင် ဆင့်၍တင်လိုက်ကြပြီးနောက် ထူထဲလှသော ဂွမ်းစောင်များဖြင့် အပေါ်မှ အုပ်ကာ လှည်းကို ရွာအဝင်ဝဆီသို့ တိုက်ရိုက် ဆွဲယူလာကြတော့သည်။
နေမင်းကတော့ အပြင်းအထန် အပူဓာတ်ပေးနေဆဲပင်။ အရည်ပျော်ကျလာသော ရေခဲရေများသည် မြေဆီလွှာထဲသို့ စိမ့်ဝင်သွားရုံရှိသေး ချက်ချင်းပင် အငွေ့ပျံကာ အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွား၏။
ရွာသူရွာသားများ နေရောင်ခြည်ကို ကာကွယ်ရန်အတွက် မဏ္ဍပ်တစ်ခု ဆောက်လုပ်ကူညီပေးထားသည်။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိပြီး သူတို့သည် ရေဓာတ်ခမ်းခြောက်နေသော ငါးခြောက်များကဲ့သို့ နေလောင်ဒဏ်ကို အလူးအလဲခံနေရကာ ဖုတ်ကောင်များကဲ့သို့ ရှေ့သို့ အသိစိတ်မဲ့စွာ လျှောက်လှမ်းနေကြ၏။
အမျိုးသားတစ်ဦးသည် သစ်ခေါက်ကို ခွာယူ၍ အာခေါင်ခြောက်ကပ်ခြင်းကို ပြေပျောက်စေရန် သစ်စေးများကို လျက်နေသည်။
“သူဌေးမဟွာ ရေခဲတွေ အလကား ဝေနေပါတယ်ဗျို့” အာချင်းက လှမ်း၍ အော်ဟစ်လိုက်သည်။
သစ်ခေါက်လျက်နေသော အမျိုးသားမှာ ရုတ်တရက် ဆွံ့အသွားသည်။
“ရေခဲ...”
သူသည် သတိပြန်ဝင်လာပြီး လေးလံလှသော မျက်ခွံများကို ပင့်တင်လျက် အာချင်းရှိရာသို့ လှမ်းကြည့်လိုက်၏။
“ဘယ်မှာ ရေခဲရှိလို့လဲ”
ယခုအချိန်တွင် ရေကြည်တစ်ပေါက်ရှာဖို့တောင် ခက်ခဲနေသေးသည်။ ရေခဲဆိုတာ ပိုတောင် မဖြစ်နိုင်ပေ။
‘သူ စိတ်ချောက်ချားပြီး အမြင်မှားနေတာလား’
“ဒီမှာပါ၊ မိဘပြည်သူတို့ ရေခဲ လာထုတ်ကြပါဦး”
ထိုအသံနောက်သို့ လိုက်ပါကြည့်ရှုကြရာ ကောက်ရိုးမဏ္ဍပ်တစ်ခု၏ ရှေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သူတို့ကို လှမ်း၍ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် လေးလံသော ခြေလှမ်းများဖြင့် ကောက်ရိုးမဏ္ဍပ်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့ကြတော့သည်။
“အဘိုး... ရေခဲတစ်တုံးလောက် ယူမလား”
လီနျန် ဂွမ်းစောင်၏ ထောင့်စွန်းတစ်ခုကို မကာ လှမ်း၍ မေးမြန်းလိုက်သည်။
“အေး... အေး...”
အရှေ့ဆုံးက အဘိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်၏။
အာချင်း ဓားကို ရေခဲတုံးပေါ်တွင် မြဲမြံစွာ တင်လိုက်ပြီး ညာလက်မှ တူအသေးလေးဖြင့် ဓားနှောင့်ကို အကြိမ်ကြိမ် ထုရိုက်လိုက်၏။
“ချောက်”
ကြည်လင်တောက်ပလှသော ရေခဲတုံးငယ်လေးတစ်ခုသည် စားပွဲပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။
ဤအသံသည် နတ်တေးသံသံပမာ သာယာလှသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးကို လန့်ဖျပ်သွားစေ၏။
‘ဒါက တကယ့်ကို ရေခဲပဲ။ ဒီလို ကောင်းမွန်တဲ့ ပစ္စည်းမျိုး တကယ်ရှိနေတာပဲ’
တန်းစီနေသော လူအုပ်ကြီးသညါ ရုတ်တရက် လှုပ်ခတ်သွားခဲ့သည်။ အမျိုးသမီးတစ်ဦးသည် အပြေးအလွှား ရောက်လာပြီး ထိုရေခဲတုံးကို ဆွဲကိုင်ရန် လက်ကို ဆန့်တန်းလိုက်၏။
သို့သော် သူမ ခြေလှမ်းနှစ်လှမ်းမျှပင် မလျှောက်ရသေးမီ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ အပေါ်အင်္ကျီ ပွင့်ဟသွားသည့်အခါမှသာ လီနျန်သည် သူမ ရင်ခွင်ထဲတွင် ငိုဖို့ရန်ပင် အင်အားမရှိတော့သော ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည်ကို မြင်တွေ့လိုက်ရ၏။
လီနျန်သည် ထိုအမျိုးသမီးကို တွဲထူရန် လက်ကို ဆန့်တန်းလိုက်သော်လည်း သူမ လက်နှင့် ထိမိရုံမျှဖြင့် ထိုအမျိုးသမီး၏ အရေပြားမှာ မီးကဲ့သို့ ပူပြင်းနေသည်ကို သတိပြုမိလိုက်သည်။
သူမသည် စားပွဲပေါ်က ရေခဲကြေများကို အလျင်အမြန် ကောက်ယူ၍ ထိုအမျိုးသမီး၏ အင်္ကျီကော်လာထဲသို့ ထည့်သွင်းပေးလိုက်ပြီးနောက် ခေါင်းကို လှည့်၍ လှမ်းအော်လိုက်၏။
“အာချင်း မြန်မြန်လုပ်။ အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင်ပေးလိုက်”
ဤမြင်ကွင်းကို မြင်ရသောအခါ အာချင်းလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“အမျိုးသမီးတွေနဲ့ ကလေးတွေ အရှေ့ကို လာပြီး ရေခဲ အရင်ယူကြပါ။ ကျန်တဲ့လူတွေက အနောက်က စောင့်ပါ”
တန်းစီနေသော လူအုပ်ကြီးသည်လည်း အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြ၏။
အာချင်းသည် သူ့လှုပ်ရှားမှုများကို ပိုမို မြန်ဆန်လ််ိုက်ပြီး တူကို အားရပါးရ ထုရိုက်တော့သည်။ လီနျန်၏ ရေခဲကို ကိုင်ဆောင်ထားသော လက်ချောင်းများမှာမူ ဖြူလျော့ကာ ပြာနှမ်းလာသော်လည်း သူမ လုံးဝ ဂရုမစိုက်ချေ။
သူမသည် အမျိုးသမီးတစ်ဦး၏ လက်ဖဝါးပေါ်သို့ ရေခဲတုံးလေးကို မြဲမြံစွာ တင်ပေးလိုက်၏။ ထိုအမျိုးသမီးက ကျေးဇူးတင်စကား မပြောရသေးမီမှာပင် သူမဘေးက အသားညိုညိုနှင့် အမျိုးသားတစ်ဦး ထိုရေခဲတုံးကို ရုတ်တရက် လုယူသွားသည်။
သူက ရေခဲတုံးကို ရင်ဘတ်ပေါ်တွင် အားရပါးရ ပွတ်သပ်လိုက်ရင်း ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုမြည်တမ်းတော့သည်။
“ဘာတွေ ပြောနေတာလဲ၊ နင်လို အသုံးမကျတဲ့ မိန်းမက ငါ့ကို အပူလောင်ပြီး သေစေချင်လို့လား”
ထိုအမျိုးသမီးသည် သူ့ရင်ဘတ်ပေါ်က ရေခဲရေများကို စိုက်ကြည့်နေပြီး ကွဲအက်နေသော လျှာဖြင့် သွေးထွက်နေသည့် နှုတ်ခမ်းများကို လျက်နေ၏။ သူမသည် တွန်းလှန်ရဲသဖြင့် ခေါင်းကို ငုံ့ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
“နေဦး”
လီနျန် သူမကို လှမ်း၍ ခေါ်လိုက်ပြီး ညင်သာစွာ ပြော၏။ “ကျွန်မ ရှင့်ကို နောက်ထပ် ရေခဲတစ်တုံး ပေးပါ့မယ်”
ထိုအမျိုးသမီးက ရေခဲတုံးကို ကျေးဇူးတင်စွာ လှမ်း၍ ယူလိုက်သော်လည်း မထင်မှတ်ဘဲ သူမ အမျိုးသားက လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ကျောပြင်ကို လက်ညှိုးထိုးပြလိုက်၏။ “ငါ့ကျောတွေ အရေခွံခွာနေတာ မမြင်ဘူးလား၊ ပွတ်ပေးစမ်း”
ထိုအမျိုးသမီးမှာ ထပ်မံ၍ အလျှော့ပေးရန် ပြင်လိုက်ပြန်သည်။ အာချင်းသည် မကြည့်ရက်သဖြင့် ဝင်ရောက် တားဆီးရန် ပြင်လိုက်စဉ်မှာပင် လီနျန် အရှေ့သို့ ခြေတစ်လှမ်း တက်ကာ ထိုအမျိုးသမီး၏ အရှေ့တွင် ပိတ်ရပ်လိုက်၏။
“ရေခဲတုံးဆိုတာ တစ်ဦးကို တစ်တုံးပဲ ရမှာပါ။ အာခေါင်ခြောက်တာ ပြေပျောက်ဖို့နဲ့ အပူဒဏ် သက်သာဖို့အတွက်ပဲ သုံးရပါမယ်။ ကိုယ်ခန္ဓာကို ပွတ်သပ်ဖို့အတွက် သုံးစွဲစရာ အကြောင်းမရှိပါဘူး”
သူမ အသံမှာ ညင်သာနေသော်လည်း ငြင်းပယ်ရန် မရဲသော ပြတ်သားမှုများ ပါဝင်နေ၏။
ထိုအမျိုးသားသည် လီနျန်ကို အပေါ်အောက် မသင်္ကာသလို ကြည့်လိုက်ပြီးနောက် မောက်မာဝင့်ကြွားစွာ သူ့နှာခေါင်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“နင် ငါ့ကို ပြောနေတာလား”
လီနျန် ခပ်ဖွဖွ ခေါင်းညိတ်ပြ၏။
“ဟုတ်ပါတယ်၊ ကျွန်မ ရှင့်ကို ပြောနေတာပါ”
ထိုအမျိုးသားသည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်ငေါက်ငမ်းတော့သည်။
“နင် တကယ့်ကို သတ္တိရှိတာပဲ။ ငါ ကြိုက်တဲ့နေရာမှာ ငါ ပွတ်မှာပေါ့၊ နင်နဲ့ ဘာဆိုင်လို့လဲ”
သူသည် အနောက်က ပုဆိန်ကို ဖြုတ်ယူ၍ ရေခဲတုံးပေါ်သို့ အားရပါးရ ခုတ်ချလိုက်သဖြင့် ရေခဲမှုန်များ လွင့်စင်သွားတော့သည်။
“ဒီရေခဲတုံးကြီး တစ်ခုလုံးက အခု ငါ့ဥစ္စာပဲ၊ နင် ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ”
ထိုအမျိုးသမီးသည် ထိတ်လန့်တကြားဖြင့် သူ့အင်္ကျီလက်ကို ဆွဲကိုင်ကာ တိုးတိုးလေး တောင်းပန်လိုက်၏။ “ပြဿနာ မရှာပါနဲ့ဦး”
သို့သော် သူက သူမကို အနောက်သို့ တွန်းလွှတ်လိုက်ရာ သူမ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“နင်လို မျက်စိမပါတဲ့ မိန်းမ ငါ အလုပ်လုပ်နေတာကို ဘာလို့ ဝင်ရှုပ်နေရတာလဲ”
အာချင်း ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လီနျန်က သူ့ထက် ပိုမို မြန်ဆန်နေသည်ကို တွေ့လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ရေခဲဖြတ်ရာတွင် သုံးစွဲသော ဓားကြီးမှာ လီနျန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လီနျန်သည် ဓားဦးချွန်ကို ထိုအမျိုးသား၏ ရင်ဘတ်တွင် ထောက်ထားလိုက်၏။ သူမ မျက်နှာထက်က အမူအရာမှာ ပုံမှန် ညင်သာမှုများနှင့် လုံးဝ ခြားနားနေပေသည်။ သူမ အသံမှာ အေးစိမ့်ကာ ပြတ်သားလှသည်။
“ကျွန်မ နောက်တစ်ကြိမ် ထပ်ပြောမယ်၊ ရေခဲတုံးတွေကို ကိုယ်ခန္ဓာ ပွတ်သပ်ဖို့အတွက် သုံးခွင့်မရှိပါဘူး။ ရှင် နားမလည်ဘူးလား”
ထိုအမျိုးသားမှာ မှင်တက်သွား၏။ဘနုနယ်ပုံရသော အမျိုးသမီးတစ်ဦးက ပြတ်ပြတ်သားသား ဓားဖြင့် ထိုးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။ သူ့ရင်ဘတ်တွင် စူးရှသော နာကျင်မှုကိုသာ ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ သွေးတစ်စက်မှာ ဒဏ်ရာမှနေ၍ စီးကျလာနေခဲ့ပြီ ဖြစ်၏။
“နင်... နင် ငါ့ကို တကယ် ထိုးရဲတယ်ပေါ့”
ထိုအမျိုးသားသည် လီနျန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး သူ့အသံများမှာလည်း တုန်ရင်နေသည်။
သူသည် မူလကပင် အားနည်းသူကို နှိပ်စက်၍ အားကြီးသူကို ကြောက်ရွံ့တတ်သော လူမိုက်တစ်ဦးသာ ဖြစ်၏။ ဤဆိုင်တွင် အားနည်းသော အမျိုးသမီးတစ်ဦးနှင့် လူပျိုပေါက် ကလေးတစ်ဦးသာ ရှိသည်ကို မြင်တွေ့ရသဖြင့် လာရောက် ဗိုလ်ကျခြင်းဖြစ်သော်လည်း မထင်မှတ်ဘဲ တကယ့် ပြိုင်ဘက်ကောင်းနှင့် တိုးသွားခဲ့ရခြင်း ဖြစ်သည်။
လီနျန်သည် လက်ထဲက ဓားကို အနည်းငယ် ထပ်မံ၍ ဖိနှိပ်လိုက်ပြီး သူမ ခက်ထန်လှသော မျက်ဝန်းများဖြင့် သူ့ကို လူသေတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။
ထိုအမျိုးသား၏ ခြေထောက်များမှာ ထိတ်လန့်မှုကြောင့် ချက်ချင်းပင် ပျော့ခွေသွားရပြီး အလျင်အမြန်ပင် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်တော့သည်။ “ဆရာမကြီး အသက်ချမ်းသာပေးပါ။ ကျွန်တော် ကိုယ်ခန္ဓာကို မပွတ်တော့ရင် ရပြီမဟုတ်လား”
“သူ့ကို တောင်းပန်လိုက်”
ထိုအမျိုးသားသည် မြေပြင်ပေါ်က အမျိုးသမီးကို လှည့်ကြည့်လိုက်ပြီး အလွန်ပင် ဝန်လေးစွာ ပြောလိုက်သည်။
“ငါ... ငါ တောင်းပန်ပါတယ်”
ထိုအမျိုးသမီးသည် ရှေ့က မြင်ကွင်းကြောင့် မှင်တက်နေ၏။ သူမသည် မြေပြင်ပေါ် လဲလျောင်းနေရင်း ထရန်ပင် မေ့လျော့နေပြီး လက်ထဲက ရေခဲတုံးလေးမှာလည်း မြေပြင်ပေါ်သို့ လျှောကျသွားသည်။
လီနျန်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ဒူးထောက်ကာ သူမကို တွဲထူပေးလိုက်ရင်း အဝတ်အစားများပေါ်က ဖုန်မှုန့်များကို ခါထုတ်ပေးကာ ညင်သာစွာ ပြောလိုက်သည်။
“ကျွန်မကို ခဏလောက် စောင့်ပါဦး၊ ကျွန်မ ရှင့်အတွက် ရေခဲကြေအချို့ သွားယူပေးပါ့မယ်”
ထိုအမျိုးသမီးသည် ရေခဲကြေတစ်ခုကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အေးစိမ့်မှုသည် သူမ အာခေါင်မှနေ၍ ရင်ထဲအထိ စိမ့်ဝင်သွားပြီး အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရတော့၏။
“မြင်တယ်မလား”
လီနျန် သူမ၏ ဓားကို ဝှေ့ယမ်းပြရင်း ပြုံးလျက် ပြော၏။ “ဒါက ထင်သလောက် မခက်ခဲပါဘူး။ ဟုတ်တယ်မလား”
ထိုအမျိုးသားသည် ရင်ဘတ်ကို ပြန်လည်စစ်ဆေးကြည့်၏။ ဒဏ်ရာမှာ မနက်ရှိုင်းသည်ကို မြင်ရမှသာ သူ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတော့သည်။
သူ နောက်တစ်ကြိမ် ခေါင်းမော့ရဲခြင်း မရှိတော့ဘဲ ဘေးဘက်သို့ ကပ်၍ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့၏။
ထိုအမျိုးသမီးသည် ဝေခွဲမရစွာ ခေါင်းညိတ်ပြလိုက်မိပြီး သူမ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုအချို့ ဖြတ်ပြေးသွား၏။ သူမ တစ်စုံတစ်ခုကို နားလည်သွားပုံရသော်လည်း သေသေချာချာတော့ သဘောမပေါက်သေးချေ။
သို့သော်လည်း လီနျန် လုံးဝ ဂရုမစိုက်ပေ။ သူမ၏ ရင်ထဲတွင် မျိုးစေ့တစ်ခု ချပေးနိုင်ရုံမျှဖြ လုံလောက်ပေသည်။
လမ်းတွင် တန်းစီနေသော လူအုပ်ကြီးဘပိုမို များပြားလာခဲ့၏။ သူတို့သည် မနက်ခင်းက ဖြစ်ရပ်လေးကို အလျင်အမြန်ပင် မေ့လျော့သွားကြပြီး လူတိုင်းထံသို့ ရေခဲတုံးများ လိုက်လံဝေငှပေးရန်သာ အာရုံစိုက်လိုက်ကြတော့သည်။
ရေခဲတုံး လက်ခံရရှိသူတိုင်းမှာ ကျေးဇူးတရားများဖြင့် ပြည့်နှက်နေကြ၏။ နေမင်းက ပိုမို မြင့်မားလာသည်နှင့်အမျှ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ မရှိသလောက် ဖြစ်သွားပြီး သူတို့ ယူဆောင်လာခဲ့သော ရေခဲတုံးများထဲမှ နောက်ဆုံး ရေခဲတုံးတစ်ခုသာ ကျန်ရှိတော့သည်။
“ဒီရေခဲတုံးကို ပြန်ယူသွားကြရအောင်။ ကျားပေါက်လေး တို့ ဒီည သုံးဖို့ လိုအပ်လိမ့်မယ်”
အာချင်း ခေါင်းညိတ်ပြ၏။
“ကျွန်တော်တို့ ရေခဲသိုလှောင်ခန်းကို ပြန်ရောက်တာနဲ့ ဒီရေခဲတုံးကို ရေခဲကြေတွေဖြစ်အောင် ချက်ချင်း ခုတ်ထစ်လိုက်မယ်၊ ဒါမှ ရေခဲချောင်းတွေကို အအေးခံလို့ရမှာ”
သူတို့ထံတွင် ရေခဲတုံးအမြောက်အမြား ရှိနေသေးသည်။ ကုန်ဆုံးသွားလျှင် သူဌေးမဟွာ အချိန်မီ ပြန်လည်ဖြည့်တင်းပေးမည်ဖြစ်ရာ ပြတ်လပ်သွားမှာကို စိုးရိမ်စရာမလိုသော်လည်း သူတို့ တစ်တုံးချင်းစီကို အလွန်အမင်း တန်ဖိုးထားကြပြီး ရေတစ်စက်မျှပင် အလဟဿ အဖြစ်မခံကြချေ။
သူဌေးမဟွာတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို လူတိုင်း သိထားသော်လည်း မည်သူမျှ ၎င်းကို စုံစမ်းစစ်ဆေးခြင်း မပြုကြသလို ကွယ်ရာတွင်လည်း တိုးတိုးတိတ်တိတ် ဆွေးနွေးခြင်း မရှိကြပေ။
ဤလျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့လျှင် သူဌေးမဟွာ ထွက်ခွာသွားနိုင်သည်ကို သူတို့ ရင်ထဲမှ သိထားကြသဖြင့် လူတိုင်းက သူမ လျှို့ဝှက်ချက်ကို နားလည်မှုရှိရှိဖြင့် ဝိုင်းဝန်း ကာကွယ်ပေးထားကြသည်။
အခန်း (၂၈၂)
ဆွေလျိုဖန် ရပ်ကွက်
နေဝင်ရိုးရီအချိန်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် လေထုထဲမှ ပြင်းထန်လှသော အပူရှိန်မှာလည်း တဖြည်းဖြည်းချင်း လျော့ပါးသွားသည်။
ရှောင်ဟူသည် သူ့ကောက်ရိုးဖိနပ်ကို ချွတ်လိုက်ပြီး မြေပြင်ပေါ်သို့ ခြေဗလာဖြင့် နင်းကာ အပူရှိန်ကို စမ်းသပ်ကြည့်လိုက်သည်။
အခြေအနေက အတော်လေး အဆင်ပြေလှ၏။ နောက်ထပ် အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းလိုက်လျှင် နွားခွာများ ပူလောင်သည်အထိ ပြင်းထန်တော့မည် မဟုတ်ချေ။
“ငါတို့ စတင်ပြင်ဆင်လို့ ရပြီ”
သူ ဖိနပ်ကို ပြန်လည်ဝတ်ဆင်ရင်း ပြောလိုက်၏။
“ငါတို့ သေတ္တာတွေကို အကုန်ထုပ်ပိုးပြီးတာနဲ့ မြို့ထဲကို ချက်ချင်း ဦးတည်သွားကြတာပေါ့”
ကြီးမားလှသော သစ်သားသေတ္တာကြီးများ၏ အတွင်းပိုင်းတွင် ဂွမ်းအလွှာတစ်ခုကို ခံထားပြီး ၎င်းအပေါ်မှ သံဖြူပါးလွှာ တစ်လွှာ ထပ်မံအုပ်ကာ နောက်ဆုံးတွင်တော့ ကြေးဖြင့် ပြုလုပ်ထားသော ရေခဲအိုးနှစ်လုံးကို အတွင်း၌ ထည့်သွင်းထားသည်။
ထိုရေခဲအိုးများတွင် အလွှာနှစ်ထပ် ပါရှိပြီး အလယ်ကွက်လပ်တွင် ရေခဲကြေများကို ဖြည့်သွင်းထားကာ ရေခဲမုန့်များကိုတော့ အလယ်ဗဟိုတည့်တည့်တွင် ထည့်သွင်းသိမ်းဆည်းထားသည်။
ထုပ်ပိုးမှု ကုန်ကျစရိတ်များကို သက်သာစေရန်အတွက် ဟွာကျွင်းသည် ကိုယ်တိုင်ဝန်ဆောင်မှုယူရသော ဆိုင် တစ်ခုမှ ရေခဲမုန့်ဘူးကြီးများကို တိုက်ရိုက် ဝယ်ယူထား၏။
အရသာ သုံးမျိုး ပါဝင်ပြီး ၎င်းတို့မှာ အုန်းသရက်သီးအရသာ၊ ဗနီလာလက်ဖက်စိမ်းအရသာနှင့် မက်မွန်သီးအရသာတို့ ဖြစ်ကြသည်။
၎င်းအပြင် အပေါ်မှ ဖြူးရန်အတွက် အဆာပလာများကိုလည်း ပြင်ထား၏။
မာရှ်မယ်လို၊ သကြားလုံးရောင်စုံမှုန်များ၊ အိုရီယိုမုန့်အမှုန့်များ၊ သကြားလုံးများနှင့် သရက်သီးအရသာဘိုဘာလုံးလေးများ တို့ ဖြစ်ကြသည်။
ထို့နောက် ရေခဲမုန့်ကလော်ရန်အတွက် ဇွန်းအဝိုင်းကြီး နှစ်ခုနှင့် ကြွေပန်းကန်ပြားအချို့ကိုလည်း ထည့်သွင်းထုပ်ပိုးလိုက်ကြ၏။
ကျေးရွာအတွင်းမှ နွားလှည်းတစ်စီးကို ငှားရမ်းကာ ရှောင်ဟူ၊ ယင်ကျီနှင့် ကွေ့ရှန့်တို့ သုံးဦးသည် မြို့ထဲသို့ ဦးတည်ထွက်ခွာခဲ့ကြတော့သည်။
မြို့အတွင်း၌ ဘီဘိုမြစ်ဟု ခေါ်ဆိုသော မြစ်တစ်စင်း ရှိပြီး အရာရှိကြီးများနှင့် ချမ်းသာသော ကုန်သည်အများစုသည် ထိုမြစ်ကမ်းဘေးတွင်သာ နေထိုင်ကြသဖြင့် မြစ်ဘေးက ဆွေလျိုဖန်ရပ်ကွက်သည် ဆင်းရဲချမ်းသာ ကွာခြားလှသော သူဌေးရပ်ကွက်ကြီး ဖြစ်ပေသည်။
၎င်းမှာ သူတို့ယနေ့ ရည်မှန်းချက်ပန်းတိုင်ပင် ဖြစ်သည်။
စစ်သူကြီးလု၏ အိမ်တော်သည် ဆွေလျိုဖန်ရပ်ကွက်၏ အရှေ့ဆုံးတွင် တည်ရှိပြီး သူတို့ ဖြတ်သန်းသွားစဉ် အိမ်တော်အရှေ့က ရေခဲမဏ္ဍပ်ကိုပင် မြင်တွေ့လိုက်ရသေး၏။
နွားလှည်းကို ရပ်တန့်လိုက်ပြီးနောက် ရှောင်ဟူသည် သေတ္တာကို ဖွင့်ကာ ရေခဲမုန့်လုံးအချို့ကို ခပ်ယူလိုက်ပြီး အပေါ်မှ အဆာပလာအချို့ကို စိတ်ကြိုက် ဖြူး၍ သစ်သားသေတ္တာတစ်ခုထဲသို့ ထည့်သွင်းလိုက်သည်။
သူ အိမ်တော်တံခါးကို ခေါက်ကာ တံခါးစောင့်ထံသို့ ထိုသစ်သားသေတ္တာကို ကမ်းပေးရင်း မှာကြားလိုက်သည်။
“ဒါက သူဌေးမဟွာ စစ်သူကြီးလုရဲ့ အဘွားအတွက် ပေးလိုက်တာပါ။ အစ်ကို အမြန်ဆုံး ပို့ဆောင်ပေးပါဦး”
စစ်သူကြီးလု မြို့တော်သို့ သွားရောက်နေသဖြင့် ယခုအချိန်တွင် အိမ်တော်၌ မရှိချေ။
တံခါးစောင့်သည် သစ်သားသေတ္တာကို လှမ်းယူလိုက်စဉ် အတွင်းမှ စိမ့်ထွက်လာသော အအေးဓာတ်ကြောင့် ရင်ထဲက ပူလောင်မှုများသည် သိသိသာသာ လျော့ပါးသွားရ၏။
“ညီလေး သူဌေးမဟွာကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး။ အခုတလော ရာသီဥတုက သိပ်ပူတော့ သခင်မကြီးက အစားအသောက် လုံးဝ မထိချင်ဘူး ဖြစ်နေတာ။ မင်းတို့ လာတာ တကယ့်ကို အချိန်ကိုက်ပဲ”
ရှောင်ဟူသည် ဆံပင်ကို ကုတ်ရင်း တဟားဟား ရယ်မောကာ ပြေးထွက်တော့သည်။
“အစ်မ ခုနက မြင်လိုက်လား”
ကွေ့ရှန့် နှုတ်ခမ်းများကို လျက်ရင်း မေး၏။
“သေတ္တာထဲက ရေခဲမုန့်က တကယ့်ကို မွှေးပြီး လှပလွန်းတာပဲ။ ငါတို့ တစ်လုပ်လောက် မြည်းစမ်းကြည့်လို့ ရမလား”
ယင်ကျီက တည်ကြည်ပြတ်သားစွာ ဖြေလိုက်၏။
“ငါတို့ရဲ့ တာဝန်ကို မမေ့ပါနဲ့ဦး။ အမြဲတမ်း အစားအသောက်အကြောင်းပဲ တွေးမနေပါနဲ့”
ကွေ့ရှန့် ပုခုံးများမှာ ချက်ချင်းပင် တွဲကျသွားရသည်။
“ဒါဆိုရင်လည်း ငါ အောင့်အည်းသည်းခံလိုက်ပါ့မယ်”
သူ တံတွေးမြိုချနေသည်ကို မြင်ရသဖြင့် ရှောင်ဟူ အကြုံပြုလိုက်သည်။
“ငါတို့ မြည်းစမ်းကြည့်ဖို့ တစ်လုံးလောက် ခပ်စားကြရင်ကော”
ကွေ့ရှန့်၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်တောက်သွား၏။ သူ ယင်ကျီကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်ကာ သူမ စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေတော့၏။
ယင်ကျီသည် လည်ပင်းပေါ်က ချွေးများကို သုတ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“ရာသီဥတုက အရမ်းပူလွန်းတယ်။ ဒါဆိုရင်တော့ ငါတို့ တစ်လုံးပဲ ခပ်စားကြတာပေါ့”
ကလေးသုံးဦးသည် စိတ်လှုပ်ရှားစွာ နွားလှည်းကို လမ်းဘေးတွင် ရပ်လိုက်ကြပြီး သေတ္တာဘေးတွင် ဝိုင်းအုံကာ ဆွေးနွေးကြတော့သည်။
“ငါကတော့ မက်မွန်သီးအရသာပဲ လိုချင်တယ်”
ကွေ့ရှန့်ကတော့ မူလကပင် ဆုံးဖြတ်ထားပြီး ဖြစ်၏။ ထိုရေခဲမုန့်ဗူးကြီးမှာ ချိုချိုချဉ်ချဉ် အရသာရှိပြီး အနံ့ကို အဝေးက ရကတည်းကပင် သွားရည်ကျမိစေသည်။
ရှောင်ဟူကလည်း ပြောလိုက်၏။
“ငါလည်း မက်မွန်သီးအရသာပဲ လိုချင်တယ်”
ယင်ကျီ
“ငါတို့ သုံးယောက် ရှိတာကို၊ ဒီမှာလည်း အရသာ သုံးမျိုး အတိအကျ ရှိနေတာပဲဟာ။ ငါတို့တွေ တစ်ယောက်ကို အရသာ တစ်မျိုးစီ ရွေးချယ်ပြီးတော့ အတူတူ မျှဝေစားကြမယ်ဆိုရင် အရသာအားလုံးကို မြည်းစမ်းကြည့်နိုင်မှာ မဟုတ်ဘူးလား”
“အို ဟုတ်သားပဲ။ မမယင်ကျီက တကယ့်ကို ဉာဏ်ကောင်းတာပဲ”
ကွေ့ရှန့် ပြောလိုက်၏။
“ဒါပေမဲ့ ငါကတော့ မက်မွန်သီးအရသာကိုပဲ လိုချင်တုန်းပဲ”
“ငါကတော့ အုန်းသရက်သီးအရသာကို ရွေးမယ်”
ယင်ကျီ ရှောင်ဟူကို လှည့်မေးလိုက်သည်။
“ရှောင်ဟူ နင်ကော ဘာအရသာ ယူမလဲ”
“ဒါဆိုရင်လည်း ငါ ဗနီလာလက်ဖက်စိမ်းအရသာပဲ ယူပါ့မယ်”
သူ့ရင်ထဲတွင်တော့ တိုးတိုးလေး ညည်းတွားမိ၏။
“ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ပါဘူး”
“ဟေး ကလေးတို့ မင်းတို့ နွားလှည်းကို ငါတို့ အိမ်တော်တံခါးအရှေ့ လာပြီး မရပ်ထားရဘူး”
သန်မာထွားကျိုင်းလှသော အစောင့်တစ်ဦး သစ်သားတုတ်ဖြင့် ကျောက်ပြားလမ်းကို ရိုက်ခတ်ရင်း လှမ်း၍ အော်ဟစ်ငေါက်ငမ်းလိုက်သည်။
ကလေးများသည် ရေခဲမုန့်စားရန်အတွက်သာ အာရုံစိုက်နေကြသဖြင့် မည်သူမျှ ခေါင်းမော့မကြည့်ကြချေ။
“ဟေ့၊ ငါ့ဒေါသနဲ့တေ့ာ”
ထိုအစောင့်သည် ခြေလှမ်းအနည်းငယ်ဖြင့် အပြေးအလွှား ရောက်ရှိလာပြီး ဒေါသတကြီးဖြင့် ပြောတော့သည်။
“မင်းတို့ နားပင်းနေကြတာလား၊ ငါ ဒီမှာ လှည်းမရပ်ရဘူးလို့ ပြောနေတယ်လေ။ မင်းတို့မှာ နားမပါကြဘူးလား”
ထိုအခါမှ ကလေးသုံးဦးသည် တစ်စုံတစ်ဦးက သူတို့ကို စကားပြောနေခြင်းဖြစ်ကြောင်း သတိပြုမိတော့သည်။ ယင်ကျီ ချက်ချင်းပင် တောင်းပန်စကား ဆို၏။ “အားနာပါတယ်ရှင့်၊ ကျွန်မတို့ ရှင့်အိမ်တော် တံခါးအရှေ့မှာ ရပ်မိသွားမှန်း မသိလို့ပါ”
သူမ ရိုးသားစွာ ပြောလိုက်သည်။
“ဒါပေမဲ့ ရေခဲအိုးက ပွင့်သွားပြီဆိုတော့ ကျွန်မတို့ ရေခဲမုန့်စားပြီးတဲ့အထိ ခဏလောက် စောင့်ပေးလို့ ရမလား”
သူမ သေတ္တာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ “ရာသီဥတုက အရမ်းပူလွန်းလို့ပါ။ အကယ်၍ ကျွန်မတို့ ဆက်ပြီး သွားနေမယ်ဆိုရင် ရေခဲမုန့်တွေ ခဏအတွင်းမှာတင် အရည်ပျော်ပြီး ရေဖြစ်သွားပါလိမ့်မယ်”
ထိုအစောင့်သည် သေတ္တာပေါ်တွင် ထွင်းထုထားသော ဟွာကျွင်းမုန့်ဆိုင် ဟူသော စာလုံးများကို မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
“မင်းတို့က မြို့ပြင်က မုန့်ဆိုင်နဲ့ ဘာဆိုင်လို့လဲ”
“ကျွန်မတို့က ဟွာကျွင်း မူလတန်းကျောင်းက ကျောင်းသားတွေပါ၊ အခု ပညာသင်စရိတ်အတွက် အချိန်ပိုင်း အလုပ်လုပ်နေကြတာပါရှင့်”
ထိုအခါမှ အစောင့်၏ သဘောထားမှာ သိသိသာသာ ကောင်းမွန်သွားသည်။
“အော် မင်းတို့က သူဌေးမဟွာရဲ့ လူတွေကိုး။ ငါလည်း အဲ့မုန့်ဆိုင်ကို ခဏခဏ သွားစားဖူးပါတယ်။ ပုစွန်ထုပ်လေးတွေကတော့ အရမ်းအရသာရှိတယ်”
သူ တံတွေးကို မြိုချလိုက်ရင်း ဆက်ပြော၏။
“နှမြောစရာကောင်းတာက အခု ရာသီဥတုက သိပ်ပူလွန်းလို့ ငါ အဝေးကြီး မလျှောက်နိုင်တော့ဘူး။ ဒါနဲ့ မင်းတို့ပြောတဲ့ ရေခဲမုန့်ဆိုတာ ဘာလဲ”
ရှောင်ဟူသည် ရေခဲမုန့်လုံးလေး တဖြည်းဖြည်းချင်း သေးငယ်သွားသည်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုကြီးရယ် ကျွန်တော်တို့ စားပြီးမှပဲ သေသေချာချာ ဆွေးနွေးကြတာပေါ့”
သန်မာထွားကျိုင်းသော ထိုအမျိုးသားက တဟားဟား ရယ်မောရင်း ဖြေလိုက်သည်။
“ကောင်းပြီ။ မင်းတို့ စားကြ ငါကတော့ စောင့်ကြည့်ပေးမယ်”
သူတို့သည် ရေခဲမုန့် သုံးလုံးကို ခပ်ယူလိုက်ကြပြီး အပေါ်မှ သကြားလုံးရောင်စုံမှုန်များနှင့် သကြားလုံးများကို ဖြန်းလိုက်ကြသည်။
ဖြူစင်သန့်ရှင်းလှသော ကြွေပန်းကန်ပြားပေါ်တွင် မတူညီသော အရောင်အသွေးရှိသည့် ရေခဲမုန့် သုံးလုံးသည် လှပသော အဆာပလာလေးများနှင့်အတူ ဆွဲဆောင်မှု ရှိလှပေသည်။
ကွေ့ရှန့် ပန်းကန်ကို သေသေချာချာ ကိုင်ဆောင်ထားရာ ထိုအစောင့်က အနားသို့ တိုး၍ ကြည့်ရှုလိုက်ရင်း မေးလိုက်သည်။
“ဒါက ရေခဲမုန့် လား”
ကွေ့ရှန့်သည် ဇွန်းအသေးလေးကို ယူကာ ခရမ်းရောင်သန်းနေသော မက်မွန်သီးအရသာ ရေခဲမုန့်ကို တစ်လုပ် ခပ်စားလိုက်၏။ သူ့ပါးစပ်ထဲသို့ ရောက်ရှိသွားပြီးနောက် အရသာကြောင့် သူ ကျေနပ်အားရစွာ မျက်လုံးများကို မှိတ်ထားမိတော့သည်။
“တကယ့်ကို ချိုချိုချဉ်ချဉ် အရသာပဲ။ ရင်ထဲအထိ အေးစိမ့်သွားပြီး ပါးစပ်ထဲရောက်တာနဲ့ ချက်ချင်း အရည်ပျော်သွားတယ်”
ကွေ့ရှန့် အံ့သြတကြီး ရေရွတ်လိုက်၏။
ယင်ကျီကလည်း အုန်းသရက်သီးအရသာကို တစ်လုပ် စားလိုက်ရင်း ပြောလိုက်သည်။
“ငါ့ဟာကလည်း နည်းနည်းချဉ်ပေမဲ့ ချိုပြီးမွှေးနေရော”
ရှောင်ဟူ
“ဘာလို့ ငါ့ဟာကျမှ ခါးသက်သက် ဖြစ်နေရတာလဲာ ဒါပေမဲ့ အရသာရှိပါတယ်”
“ငါတို့ လဲစားကြရအောင်”
ယင်ကျီက ပန်းကန်ကို လှည့်လိုက်၏။
ထိုအစောင့်က ရုတ်တရက် ချောင်းဟန့်လိုက်ရာ ကလေးသုံးဦး၏ ဇွန်းများ လေထဲတွင် တန့်သွားတော့သည်။
အစောင့်
“ဒီရေခဲမုန့်က တကယ်ပဲ အေးစိမ့်နေတာလား”
ရှောင်ဟူ
“ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ”
အစောင့်
“ဒါကို စားလိုက်ရင် အပူဒဏ် သက်သာသွားမှာလား”
ကွေ့ရှန့်
“အရိုးထဲအထိ အေးစိမ့်သွားစေရမယ်လို့ အာမခံပါတယ်”
အစောင့်သည် လက်များကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။
“ငါ့ကိုလည်း မြည်းစမ်းကြည့်ဖို့ တစ်လုံးလောက် ခပ်ပေးစမ်းပါဦး”
ယင်ကျီ
“တစ်လုံးကို ငွေသုံးတေးပါ၊ အပေါ်က အဆာပလာတွေကိုတော့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်”
“ဒီလောက်တောင် စျေးကြီးတာလား”
အစောင့်သည် စျေးနှုန်းကြောင့် လန့်ဖျပ်သွားသည်။
“ဒီလို အလုံးသေးလေး တစ်လုံးကို ငွေသုံးတေးတောင် ဟုတ်လား။ မင်းတို့ ဓားပြတိုက်နေတာလား”
“ဒါက သူဌေးမဟွာ သတ်မှတ်ထားတဲ့ စျေးနှုန်းပါ”
အစောင့်က သက်ပြင်းချရင်း ပြောတော့သည်။
“တကယ့်ကို အရိုးထဲအထိ အေးစိမ့်သွားတာပဲ။ စျေးနှုန်းကို ကြားရရုံနဲ့တင် ငါ့ ရင်ထဲမှာ အေးစိမ့်သွားပြီ”
သူသည် ထိုသုံးဦး ပန်းကန်ပေါ်က နောက်ဆုံး ကျန်ရှိနေသော ရေခဲမုန့်အကြွင်းအကျန်များကို အားရပါးရ ခြစ်စားပြီး ကျေနပ်အားရနေသော အမူအရာများကို ကြည့်ကာ တကယ့်ကို စိတ်ဝင်စားသွားသည်။
“ဒါနဲ့ မင်းတို့ ခုနကပြောတဲ့ ပညာသင်စရိတ်အတွက် အချိန်ပိုင်း အလုပ်လုပ်နေတယ်ဆိုတာ ဘာကို ပြောတာလဲ”
ရှောင်ဟူ
“သူဌေးမဟွာက ကျွန်တော်တို့ကို ရေခဲမုန့်ရောင်းရရင် ကော်မရှင် ပေးမယ်လို့ ပြောထားလို့ပါ”
ထိုအခါမှ အစောင့် စိတ်ဝင်စားသွားပြီး မေးလိုက်၏။
“ငါတို့ အတူတူ ပူးပေါင်းကြရင် ဘယ်လိုလဲ”
“ဘယ်လို ပူးပေါင်းမှာလဲ”
ကလေးများ တပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။
“မင်းတို့ မြင်တဲ့အတိုင်းပဲ။ ဆွေလျိုဖန်ရပ်ကွက်ဆိုတာ အရာရှိကြီးတွေချည်းပဲ နေထိုင်ကြတာ။ မင်းတို့မှာ ဖိတ်စာလည်း မရှိဘူး။ လမ်းလည်း နားမလည်ဘူး။ မင်းတို့ တစ်အိမ်တက်ဆင်း လိုက်ရောင်းနေတဲ့အချိန် ရေခဲမုန့်တွေ မရောင်းရသေးခင်မှာတင် အရည်ပျော်သွားလိမ့်မယ်”
အစောင့်သည် နွားလှည်းပေါ်သို့ ခုန်တက်လိုက်ပြီး ရှောင်ဟူ၏ ပုခုံးကို လှမ်း၍ ဖက်လိုက်ရင်း ပြော၏။
“ငါ့အကြံဉာဏ်ကတော့ ငါ မင်းတို့ကို ရေခဲမုန့်တွေ လိုက်ရောင်းပေးမယ်”
“အလုပ်ပြီးသွားရင်တော့ မင်းတို ငါ့ကို မြည်းစမ်းကြည့်ဖို့ ရေခဲမုန့် သုံးလုံး ပြန်ပေးရမယ်။ ဘယ်လိုလဲ”