အခန်း (၂၈၉-၂၉၀)
Vol. 29 Ch. 289-290
အခန်း (၂၈၉)
ကလေးလေးမှာ အိမ်ရှိသွားပြီ
မုန့်ဆိုင် ပိတ်ပြီးနောက် ဟွာကျွင်း၊ မော့ချွမ်းနှင့် ဟွာရှန့်တို့ ရရှိထားသော လက်ဆောင်ပစ္စည်းများကို စတင်၍ စာရင်းတွက်ချက်ကြတော့သည်။
ဤအရာအားလုံးက နေ့စဉ်သုံး ပစ္စည်းများဖြစ်ပြီး ဟွာရှန့်သည် လုကျောက်ကို ဒုက္ခပေးစရာမလိုတော့ဘဲ ၎င်းအမည်များကို တစ်ခုချင်းစီ လွယ်လွယ်ကူကူ ပြောပြနိုင်သည်။ သူတို့ ပစ္စည်းတစ်ခုချင်းစီပေါ်တွင် အညွှန်းစာရွက်အသေးလေးများ ကပ်လိုက်ကြပြီး နောက်ပိုင်းတွင် ဟွာကျွင်းက ထိုအညွှန်းများကို ကြည့်ကာ သတ်မှတ်ထားသော အမည်ဆိုင်းဘုတ်များကို မှာယူမည် ဖြစ်၏။
ပြတိုက်ကို ဆောက်လုပ်ပြီးစီးသွားပြီး လျှပ်စစ်စနစ်ဖွင့်လှစ်ကာ စမ်းသပ်ချိန်ညှိခြင်းများ ပြုလုပ်ပြီးနောက် ကျွမ်းကျင်အဖွဲ့အစည်းများ၏ စစ်ဆေးအတည်ပြုမှုကိုလည်း ခံယူသည်။ စစ်ဆေးမှုရလဒ်များအရ အချက်အလက်အားလုံးသည် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီပါ၏။
ထို့နောက် လုကျောက် အဆက်အသွယ်များကို အသုံးပြုကာ ကျန်ရှိနေသေးသော စာရွက်စာတမ်း လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ပြီး ပြတိုက်ကို နောက်ဆုံးတွင် တရားဝင်ဖွင့်လှစ် လည်ပတ်နိုင်သွားတော့သည်။
ဟွာကျွင်း ပစ္စည်းများကို စတင်ရွှေ့ပြောင်းရန်အတွက် သာယာပြီး နေရောင်ခြည်ကောင်းစွာရသော နေ့တစ်နေ့ကို ရွေးချယ်လိုက်သည်။
အဘိုးအိုလု ကျောင်းသားများသည် သုတေသနလုပ်ငန်းများကို အမြဲလုပ်ဆောင်နေကြသူများ ဖြစ်ပြီး ပြတိုက်ကြီး ပြီးစီးသွားသည့်အခါ သူတို့ အပျော်ဆုံး ဖြစ်နေကြတော့၏။
“ဒီရတနာတွေမှာ နောက်ဆုံးတော့ အိမ်ရှိသွားပြီ”
တစ်ဦးက ဝမ်းသာအားရ ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ အဲဒီလိုနေရာမျိုးတွေမှာ ပိတ်လှောင်ခံထားရတာကို ထပ်မြင်ရရင် ကျွန်တော့်နှလုံးသားက ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး”
ဟွာကျွင်း စိတ်ထဲတွင် အနည်းငယ် မကောင်းဖြစ်မိသွား၏။ တစ်နည်းအားဖြင့် ပြောရလျှင် ဤပစ္စည်းများကို လုမင်လီ၏ တင်တောင်းပစ္စည်းများဟု ယူဆနိုင်သည် မဟုတ်လော။
ဤအချက်ကို တွေးမိသည်နှင့် သူမ မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မောမိရာ ဘေးကလူများကို လန့်ဖျတ်သွားစေ၏။
‘ဒီနေ့ သူဌေးမဟွာ ဘာဖြစ်နေတာလဲ။ စိတ်ခံစားချက်က တကယ့်ကို မတည်မငြိမ် ဖြစ်နေသလိုပဲ’
“သူဌေးမဟွာ ဒါတွေကို ကျွန်တော်တို့ ရွှေ့ပါမယ်။ ကျွန်တော်တို့က ကျွမ်းကျင်ပညာရှင်တွေပါ။ ကျေးဇူးပြုပြီး ဒါတွေကို လက်နဲ့မထိပါနဲ့”
အဘိုးလုကလည်း ပြော၏။
“ဟုတ်တယ်။ ဒီပစ္စည်းတွေအကြောင်းကို ငါ့ကျောင်းသားတွေထက် ပိုပြီး နားလည်တဲ့သူ မရှိဘူး။ စိတ်ချပါ သူတို့ကိုပဲ ရွှေ့ခိုင်းလိုက်ပါ”
ဟွာကျွင်း ဘေးသို့ ဖယ်ပေးလိုက်ပြီး သူတို့ ရှေးဟောင်းပစ္စည်းတစ်ခုချင်းစီကို သေသေချာချာ ထုပ်ပိုးခြင်း၊ နံပါတ်တပ်ခြင်းနှင့် ပြတိုက်အတွင်းရှိ သတ်မှတ်ထားသော နေရာများသို့ ရွှေ့ပြောင်းပေးနေခြင်းတို့ကို စောင့်ကြည့်နေသည်။
ပစ္စည်းအားလုံးကို ရွှေ့ပြောင်းပြီးသည့်နောက် သူတို့ ပြတိုက်ထဲသို့ ပြန်ဝင်ကာ ထုပ်ပိုးမှုများကို ဖယ်ရှားပြီး မှန်ပြခန်းများထဲတွင် စီရီချထားကြလိုက်၏။
ဟွာကျွင်းအနေဖြင့် ထိုအလုပ်ကို ကူညီ၍မရသဖြင့် သူမနှင့် မော့ချွမ်းတို့ မနေ့က သာမန်ပြည်သူများထံမှ ရရှိထားသော လက်ဆောင်ပစ္စည်းများကို ပြတိုက်ထဲသို့ ယူဆောင်လာကြသည်။
ကျေးလက်လူနေမှုဘဝ၏ အနှစ်သာရများ ပြည့်နှက်နေသော ပစ္စည်းအသေးလေးများသည် ပြတိုက်ကြီးတွင် ပထမဆုံးသော အခြေချနေထိုင်သူများ ဖြစ်လာခဲ့ကြတော့၏။
အဘိုးအိုလုသည် ဟွာကျွင်း တတိယမြောက် ပြခန်းဆောင်ထဲသို့ ပစ္စည်းအချို့ ထပ်မံရွှေ့ပြောင်းထားကြောင်း သိလိုက်ရသဖြင့် သူ စူးစမ်းလိုစိတ်ဖြင့် ဝင်ရောက်လာသည်။
“အို သူဌေးမဟွာက တကယ့်ကို ထူးခြားတဲ့သူပဲ။ ဒါတွေကိုလည်း ဝယ်ထားတာလား”
“ဟုတ်ပါတယ်။ အဘိုးလု ဒါတွေလည်း အရမ်းတန်ဖိုးကြီးတာပဲလား”
“တန်ဖိုးကြီးလား မကြီးဘူးလားဆိုတာကို သေသေချာချာ ရှာကြည့်ဖို့ လိုအပ်ပေမဲ့ ဒါတွေက သုတေသနလုပ်ဖို့အတွက်တော့ တန်ဖိုးကြီးတယ်”
သူက ဘေးတွင်ရှိသော ဆီစိမ်စက္ကူထီးတစ်လက်ကို အမှတ်မထင် လှမ်းယူလိုက်ရင်း ဆက်ပြော၏။
“ဥပမာအားဖြင့် ဒီဆီစိမ်စက္ကူထီးကို ကြည့်။ ဒါက လွန်ခဲ့တဲ့အချိန်တွေတုန်းက အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းခြင်းခံထားရတာ။ ဒါပေမဲ့ သမီးဆီမှာရှိတဲ့ ဒီတစ်လက်ကတော့ နည်းနည်းလေး ကွဲပြားနေသလိုပဲ”
သူ ချက်ချင်းပင် မှင်တက်သွားပြီး လက်ထဲက ထီးကို သေသေချာချာ စစ်ဆေးကာအနားသို့ ကပ်၍ အနံ့ခံကြည့်ပြီးနောက် ဟွာကျွင်းကို မေးလိုက်၏။
“သူဌေးမဟွာ ဓာတ်ပုံရိုက်ရင် စိတ်မရှိဘူးမလား”
ဟွာကျွင်း ခေါင်းခါပြလိုက်၏။
“စိတ်မရှိပါဘူး။ ဒါတွေက လူတွေကြည့်နိုင်ဖို့အတွက် ယူလာခဲ့တာပဲဟာ”
အဘိုးလု ဓာတ်ပုံအချို့ ရိုက်လိုက်ပြီးနောက် သူ့ဖုန်းမှတစ်ဆင့် အသံဖိုင် တစ်ခုကို လှမ်းပို့လိုက်သည်။
“ဟေး ငါ အခု ပို့လိုက်တဲ့ ဓာတ်ပုံတွေကို မြင်လား။ ဒီဆီစိမ်စက္ကူထီးကို လာကြည့်။ ဒါက မင်း သုတေသနလုပ်ငန်းအတွက် အကူအညီကြီးကြီး ဖြစ်စေမှာ သေချာတယ်”
အသံဖိုင် ပို့ပြီးနောက် အဘိုးလု ဟွာကျွင်းကို ပြုံး၍ ပြောလိုက်သည်။
“ဒီဆီစိမ်စက္ကူထီးရဲ့ ထီးကွင်းတွေနဲ့ ထီးမျက်နှာပြင်ပေါ်မှာ သုတ်ထားတဲ့ တန်ဆီ(သစ်စေးဆီ)က ငါတို့ အခု သိထားတာတွေနဲ့ နည်းနည်းလေး ကွဲပြားနေတယ်။ လတ္တီကျု မတူညီတာကြောင့် ဖြစ်နိုင်တယ်”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့သူငယ်ချင်း အဘိုးပိုင်က ဆီစိမ်စက္ကူထီးပေါ်က တန်ဆီအကြောင်းကို အထူးပြုပြီး သုတေသနလုပ်နေတာ။ ငါ သူ့ကို လာကြည့်ဖို့ လှမ်းခေါ်လိုက်မယ်”
သူတို့ ပြောနေစဉ်မှာပင် အသံဖိုင်တစ်ခု ပြန်လည်ရောက်ရှိလာခဲ့၏။
“လုအိုကြီး မင်း ဘယ်မှာလဲ။ မင်း တည်နေရာကို ငါ့ဆီ အမြန်ဆုံး ပို့လိုက်စမ်းပါ”
“ငါ ကိုယ်ပိုင်ပြတိုက်အသစ်တစ်ခုမှာ ရောက်နေတာ။ အခုပဲ တည်နေရာ ပို့ပေးလိုက်မယ်”
အဘိုးလု တည်နေရာကို ပို့ပေးလိုက်စဉ် ကျောင်းသားတစ်ဦး သူတို့ကို လာရောက်ရှာဖွေ၏။
“အကုန်လုံးနီးပါး ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး လာရောက်စစ်ဆေးပေးပါဦး”
ဟွာကျွင်းနှင့် အဘိုးလုတို့ ပထမမြောက် ပြခန်းဆောင်သို့ ပြန်လာကြသည်။ မှန်ပြခန်းအကြီးအသေးများထဲတွင် ထည့်သွင်းပြသထားသော ရှေးဟောင်းပစ္စည်းအမျိုးမျိုးသည် မီးမောင်းများ အောက်တွင် ဟွာကျွင်း တစ်ခါမှ မမြင်ဖူးသော တောက်ပမှုမျိုးဖြင့် လင်းလက်နေကြတော့၏။
ပုံမှန်အားဖြင့် ကြည့်ကောင်းရုံမျှသာ ထင်ရသောအရာများသည် ယခုအခါတွင် စစ်မှန်သော ရှေးဟောင်းရတနာများကဲ့သို့ ခံစားရပေသည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
အဘိုးလု ချီးကျူးစကားဆို၏။
“အခြား ပြတိုက်တွေထက် ဘာမှ မနိမ့်ကျဘူး”
ထို့နောက် သူ ဟွာကျွင်းကို သတိပေးလိုက်သည်။ “ဒါပေမဲ့ သမီးမှာ လုံခြုံရေးဝန်ထမ်းတွေမရှိလို့တော့ မဖြစ်ဘူးနော်”
ဟွာကျွင်း မျက်လုံးအဝိုင်းသား ဖြစ်သွား၏။
“ပြခန်းတစ်ခုလုံးမှာ အရည်အသွေးမြင့် စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတယ်။ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကိုလည်း အလိုအလျောက် ဖော်ထုတ်နိုင်တယ်။ ဝင်ထွက်ခွင့် ထိန်းချုပ်ရေးစနစ်မှာ မျက်ဝန်း မှတ်သားအသိအမှတ်ပြုနည်းပညာကို သုံးထားတယ်။ တံခါးနဲ့ ပြတင်းပေါက်အားလုံးမှာ အနီအောက်ရောင်ခြည် အာရုံခံကိရိယာတွေ တပ်ဆင်ထားတယ်။ ပြတိုက်ပစ္စည်းတိုင်းမှာလည်း ဉာဏ်ရည်မြင့် ခြေရာခံစနစ်ကတ်တွေ တပ်ထားတယ်။ ဒါတောင် မလုံလောက်သေးဘူးလား”
အဘိုးလု ခေါင်းခါပြ၏။
“အတုအယောင် ဉာဏ်ရည်စနစ်ကိုပဲ သိပ်ပြီး အားကိုးလို့ မရဘူး။ တချို့အချိန်တွေမှာ ကွန်ပျူတာတွေက စိတ်မချရတတ်ဘူး”
ဟွာကျွင်း လူများကို စီစဉ်ပေးချင်သော်လည်း သူမ လက်ထဲတွင် စိတ်ချရသောလူ မရှိသေးချေ။ သူမအနေဖြင့် မော့ချွမ်းကို တာဝန်တွေအများကြီး ထပ်ပြီး ထမ်းဆောင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ချေ။
သူမ တွေးတောရင်း မော့ချွမ်းကို မသိမသာ မော့ကြည့်လိုက်ရာ မော့ချွမ်း ကျောပြင်က အမွေးအမျှင်များ ချက်ချင်း ထောင်ထသွားသလို ခံစားလိုက်ရ၏။
“မလုပ်ပါနဲ့။ ကျွန်တော့်ကို အဲဒီလို လှမ်းမကြည့်ပါနဲ့။ ခင်ဗျား ကျွန်တော့်ကို အလုပ်လုပ်ရင်း သေသွားအောင် ကြံစည်နေတာလား”
မှန်ပေ၏။ သူမ သူ့ကို အလုပ်လုပ်ရင်း သေသွားအောင် လုပ်လို့မရချေ။ မဟုတ်ပါက နောက်နောင် မုန့်ဆိုင်တွင် လေးလံသည့် အလုပ်များကို လုပ်ပေးမည့်သူ မရှိနိုင်တော့ချေ။
အဘိုးလု သူမ အခက်အခဲကို နားလည်ပေသည်။ ဤမျှအထိ တန်ဖိုးကြီးသော ပစ္စည်းများစွာ ရှိနေသည့်အတွက် စိတ်ချရသောလူ မရှိပါက ကွန်ပျူတာများကိုသာ အားကိုးခြင်းက ပို၍ ကောင်းမွန်ပေ၏။ “လောလောဆယ်တော့ မလောပါနဲ့ဦး။ အချိန်ယူပြီးတော့ လူရှာလို့ ရပါတယ်။ ငါ့ကျောင်းသားတွေလည်း ဒီမှာ ရှိနေသေးတာဆိုတော့ တစ်ခုခုဖြစ်ရင် သူတို့ သိမှာပါ”
ဟွာကျွင်း အဘိုးလုကို ကျေးဇူးတင်စကားဆိုကာ ပြတိုက်မှ ထွက်လာသည်။ အကြာကြီး နားနေပြီးနောက် ယနေ့တွင် မုန့်ဆိုင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ရာ ဟွာကျွင်းတွင် ပြင်ဆင်စရာ ကိစ္စရပ်များစွာ ရှိနေ၏။
မကြာသေးမီက အနားတွင် ကိုရီးယားထမင်းသုပ်ဆိုင်အသစ်တစ်ဆိုင် ဖွင့်လှစ်ထားခဲ့သည်။ ဟွာကျွင်း ဟွာရှန့်ကို ခေါ်ကာ ထိုဆိုင်တွင် တစ်ကြိမ် သွားရောက်စားသောက်ဖူး၏။ အစားအစာသည် အလွန်ကောင်းမွန်လှ၏။ သို့သော်လည်း မုန့်ဆိုင်က ဆိတ်ငြိမ်သောနေရာတွင် ရှိသဖြင့် ဆိုင်ထိုင်စားသူ နည်းပါးပြီး ပါဆယ် ကိုသာ ပို၍ လုပ်ဆောင်ရသည်။
ဟွာကျွင်း ထိုဆိုင်တွင် စားသောက်ပြီးတည်းက ၎င်းဆိုင်ကို ပစ္စည်းဝယ်ယူမှုစာရင်းထဲသို့ ချက်ချင်း ထည့်သွင်းထားသော်လည်း ကံမကောင်းစွာ ထိုဆိုင်သည် ပြန်မဖွင့်သဖြင့် သူမတွင် ဝယ်ယူခွင့် မရရှိခဲ့ချေ။
ယနေ့သည် ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်သဖြင့် ဆိုင်မန်နေဂျာထံ သွားရောက်ကာ ထမင်းသုပ်ပွဲတစ်ရာကို သွားရောက်မှာယူရန် ပြင်ဆင်လိုက်၏။
မန်နေဂျာသည် သူ့မေးစေ့ကို ပွတ်ရင်း မေးလိုက်သည်။ “ပွဲတစ်ရာလား။ ကျွန်တော် နားမကြားမှားပါဘူးနော်။ ပွဲတစ်ရာ တကယ်ပဲလား”
ဟွာကျွင်း မီနူးကို ကြည့်ကာ ခေါင်းညိတ်ပြ၏။
“အထူးဟင်းလျာ အမဲသားပွဲ (၂၀)၊ ပြည်ကြီးငါးအစပ်ပွဲ (၂၀)၊ ချီးစ်ကြက်သားတော့ပိုကီ ပွဲ(၂၀)၊ အာလူးအမဲသားနှပ် ပွဲ (၂၀)၊ နဲ့ မုန်ညင်းချဉ်ဝက်ဗိုက်သားပွဲ (၂၀) ပါရှင့်။ ဒါပါပဲ”
မန်နေဂျာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ပြောလိုက်၏။ “လောလောဆယ် ဆိုင်မှာ ဒီလောက်အများကြီး မရှိမှာကို စိုးရိမ်ရတယ်”
ဟွာကျွင်း: “ဒါဆို ညနေဘက်ကျရင်ကော ရနိုင်မလား”
မန်နေဂျာ အမြန်တွက်ချက်ကြည့်လိုက်ရာ ယနေ့ ဤအော်ဒါတစ်ခုတည်းကိုသာ ရောင်းချလိုက်ရရုံမျှဖြင့် ဆိုင်ပိတ်လို့ ရပြီ ဖြစ်၏။
“ရပါတယ်ဗျ၊ အားလုံး အဆင်သင့်ဖြစ်တာနဲ့ အိမ်အရောက် လာပို့ပေးပါ့မယ်။ ကျွန်တော့်ဆီမှာ သူဌေးမ လိပ်စာ ချန်ထားပေးပါဦး”
ဟွာကျွင်း သူ့ထံသို့ လိပ်စာပေးကာ ငွေချေပြီးနောက် ထွက်လာလိုက်သည်။
ဘေးက ဝန်ထမ်းတစ်ဦး အနားသို့ တိုးကပ်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေး၏။
“မန်နေဂျာ သူပြောသွားတဲ့ လမ်းက ဖျက်ဆီးခံထားရပြီ မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ မဖျက်ဆီးရသေးဘူး။ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် အဲ့လမ်းတစ်ခုလုံးကို ဝယ်လိုက်တယ်လို့ ကျွန်တော် ကြားထားတယ်”
ဝန်ထမ်း အံ့သြတကြီးဖြင့် မေးလိုက်၏။
“ဒါဆိုရင် အခုနက အမျိုးသမီး ဖြစ်နေတာလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ ဒီလောက်အထိ ငယ်ရွယ်သေးတာပဲဟာ။ ဘယ်လိုလုပ် ဒီလောက်အများကြီး ငွေရှိနိုင်ပါမလဲ။ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဝယ်ထားတာပဲ ဖြစ်ရမယ်”
ဝန်ထမ်း တခစ်ခစ် ရယ်မောလိုက်ရင်း ပြော၏။ “မန်နေဂျာ ဒီနေ့ညကျရင် ပစ္စည်းတွေကို ကျွန်တော် သွားပို့ပေးပါ့မယ်။ အထဲမှာ ဘယ်လိုပုံစံမျိုး ရှိလဲဆိုတာ သွားကြည့်ချင်လို့”
မန်နေဂျာ သူ့ကို မျက်စောင်းထိုးကြည့်လိုက်ရင်း ပြောလိုက်သည်။
“လျှောက်ပြောမနေနဲ့ ဆိုင်မှာ မင်းနဲ့ ငါ နှစ်ယောက်တည်း ရှိတာကို။ မင်း မသွားရင် ငါ တစ်ယောက်တည်း ဒါတွေအကုန်လုံးကို ဘယ်လိုလုပ် သယ်နိုင်ပါ့မလဲ။ အတင်းအဖျင်းတွေ ပြောမနေဘဲ မြန်မြန် လာပြီး ပြင်ဆင်ဖို့ ကူညီစမ်းပါကွာ”
နှစ်ဦးသား နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ ထမင်းသုပ်အားလုံးကို ပြင်ဆင်ပြီး ထုပ်ပိုးနိုင်ခဲ့ကြသည်။ မန်နေဂျာသည် လမ်းကြားအဝင်ဝသို့ မော်တော်ယာဉ်ကို မောင်းနှင်လာတော့၏။
လမ်းကြားအဝင်ဝတွင် တထီးတည်းတည်ရှိသော စတိုးဆိုင်တစ်ဆိုင် ရှိနေပြီး ဆိုင်၏အနောက်ဘက်တွင်မူ လမ်းကြားတစ်ခုလုံးကို ပိတ်ဆို့ထားသော တစ်မီတာခန့် မြင့်မားသည့် သံမဏိခြံစည်းရိုးများ ကာရံထား၏။
အခန်း (၂၉၀)
သူကိုယ်တိုင်က ဘောစိပဲ
မန်နေဂျာ ကားပေါ်မှ ဆင်းလာသည့်အခါ လိပ်စာမှားနေသလား ဟူ၍ ဝေခွဲမရ ဖြစ်သွားသည်။ သူ ပစ္စည်းများကို ချက်ချင်း မချသေးဘဲ ခြံစည်းရိုးအနားကို အကဲခတ်ကြည့်ရာ အတွင်းဘက်တွင် အစောင့်တဲလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်၏။
အစောင့်တဲလေးတွင် လုံခြုံရေးဦးလေးကြီးတစ်ဦး အေးမြလှသော အဲယားကွန်းလေကို ခံစားရင်း ဖုန်းကို အေးအေးလူလူ ပွတ်နေ၏။
အစောင့်တဲလေးသည် အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ အောက်ခြေပြတင်းပေါက်တွင် စက္ကူညှပ်ပန်းချီများကို လှပစွာ ကပ်ထားပြီး ၎င်းတို့ထဲတွင် ပျံလွှားငှက်လေးများ၊ နှစ်သစ်ကူးအရုပ်လေးများနှင့် အိမ်ပုံစံလေးများ ပါဝင်၏။ ထိုထက်ပို၍ ထူးခြားသည်မှာ ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦး ဘေးတိုက်မျက်နှာသွင်ပြင် ပုံစံလေးပင် ဖြစ်သည်။
“ဟင် မန်နေဂျာ ဟိုစက္ကူညှပ်ပန်းချီကို ကြည့်ပါဦး။ ဒီနေ့ ကျွန်တော်တို့ဆိုင်ကို လာတဲ့ မိန်းကလေးနဲ့ မတူဘူးလား”
ဝန်ထမ်း လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
မန်နေဂျာ အလုပ်ကိစ္စရှိသဖြင့် သူ့ကို ဂရုမစိုက်နိုင်ဘဲ ရှေ့သို့လှမ်းကာ ပြတင်းပေါက်ကို ခေါက်လိုက်၏။ လုံခြုံရေးဝန်ထမ်း တံခါးဖွင့်ပေးလိုက်သည့်အခါ သူမေးလိုက်သည်။
“အားနာပါတယ်ခင်ဗျာ... ကျွန်တော်တို့”
လုံခြုံရေးဦးလေးကြီးက အော် ဟု တစ်ချက်ပြောကာ သူ၏စကားကို ဖြတ်ပြောလိုက်၏။
“ကိုရီးယားထမင်းသုပ် လာပို့တာလား”
မန်နေဂျာ ခေါင်းညိတ်ပြလိုက်သည်။
“သူဌေးမဟွာ ကျွန်တော့်ကို ကြိုပြောထားပြီးသားပါ။ ထမင်းသုပ်တွေကို ယူပြီး ကျွန်တော်နဲ့အတူ အထဲကို လိုက်ခဲ့ကြ”
မန်နေဂျာ ခက်ခဲသော မျက်နှာထားဖြင့် ပြန်ပြောသည်။ “ကားကို အထဲအထိ မောင်းလို့ရမလား၊၊ ထမင်းသုပ်တွေက အရမ်းများတော့ ကားမပါရင် ကျွန်တော်တို့ အကုန်မသယ်နိုင်လို့ပါ”
ဦးလေးကြီးဆွေ ဟုခေါ်သော ထိုလုံခြုံရေးဝန်ထမ်းက ပြန်ဖြေ၏။
“မရဘူး အဲဒါတော့ ခွင့်မပြုဘူး။ အပြင်လူတွေ ကားမောင်းဝင်လို့ မရပါဘူး။ ခင်ဗျားတို့ ပစ္စည်းတွေကို ဒီအထိ အရင်သယ်ခဲ့။ ပြီးရင် ကျွန်တော် ဒီဝင်းထဲက သီးသန့်ယာဉ်နဲ့ လိုက်ပို့ပေးမယ်”
ဦးလေးကြီးဆွေသည် မူလက လမ်းမပေါ်တွင် စက္ကူညှပ်ပန်းချီ ရောင်းချသော ဆိုင်ခန်းလေးတစ်ခု ရှိခဲ့သူ ဖြစ်သည်။ ဟွာကျွင်းက ဤလမ်းတစ်ခုလုံးကို ဝယ်ယူပြီးနောက်တွင်မူ သူသည် အခြားနေရာသို့ ပြောင်းရွှေ့ရန် မကြိုးစားတော့ဘဲ ဟွာကျွင်းနှင့် တိုင်ပင်ကာ ဤနေရာတွင် လုံခြုံရေးဝန်ထမ်းအဖြစ် နေထိုင်ခဲ့ပြီး အဓိကအားဖြင့် လူများကို လမ်းပြစောင့်ရှောက်ပေးသည့် အလုပ်ကို လုပ်ကိုင်နေခြင်း ဖြစ်၏။
ယခုဆိုလျှင် သူသည် လစာလည်း ရရှိသည့်အပြင် သူ့အနုပညာပစ္စည်းများကိုလည်း ဆက်လက်ရောင်းချနိုင်ကာ နေပူမိုးရွာဒဏ်မှ ကင်းဝေးပြီး အလွန် သက်သောင့်သက်သာ ရှိနေပေတော့သည်။
မန်နေဂျာနှင့် ဝန်ထမ်းလူငယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်၏။
“ကောင်းပါပြီ၊ ကျွန်တော်တို့ သွားသယ်လိုက်ပါမယ်”
သူတို့ တစ်ယောက်လျှင် ပုံး(၁၀) ပုံးစီ သယ်ဆောင်လာကြသည်။ လျှောက်လာသည့်အခါ လုံခြုံရေးဝန်ထမ်းက ခြံစည်းရိုးတံခါးကို ဖွင့်ပေးထားပြီး အလည်အပတ်ကားလေးပေါ်တွင် ထိုင်ကာ လှမ်း၍ လက်ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည်။
“ကားရဲ့ အနောက်ခုံပေါ်မှာပဲ တင်လိုက်ကြဗျာ”
ဦးလေးကြီးဆွေ ပစ္စည်းများပြားသည်ကို မြင်သောအခါ ကားပေါ်မှဆင်း၍ ဝိုင်းဝန်းကူညီပေး၏။ သုံးဦးသား အတော်လေး အားစိုက်ထုတ်ပြီးနောက်မှသာ ပစ္စည်းအားလုံးကို ကားပေါ်သို့ ရွှေ့ပြောင်းနိုင်ကြတော့သည်။
ဦးလေးကြီးဆွေ လမ်းကြား၏ အဆုံးတွင်ရှိသော မုန့်ဆိုင်ဆီ ကားကို ဖြည်းညှင်းစွာ မောင်းနှင်လာ၏။ ကိုရီးယားထမင်းသုပ်ဆိုင်က မန်နေဂျာနှင့် ဝန်ထမ်းတို့ လမ်းဘေးဝဲယာက ရှုခင်းများကို ကြည့်ကာ တအံ့တသြ ချီးကျူးနေကြတော့၏။
“ဒီလမ်းကြီးက တစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားဘူး။ အရင်တုန်းက ဒီနေရာမှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေနဲ့ ပြည့်နေတာမဟုတ်လား”
မန်နေဂျာက ပြောလိုက်သည်။
ဦးလေးကြီးဆွေ: “ဒီနေရာက အရင်ကတော့ စွန့်ပစ်ခံရတော့မယ့် နေရာဗျ။ သူဌေးမဟွာ ဝယ်ပြီးတော့ အကွက်ချ ပြန်လည်ပြင်ဆင်လိုက်တာ။ အခုဆိုရင် ရှုခင်းသာနယ်မြေတစ်ခုလို ဖြစ်နေပြီမဟုတ်လား”
“သူဌေးမဟွာ အဲဒါ ဘယ်သူလဲဗျ”
ဝန်ထမ်းက မေးလိုက်သည်။
ဦးလေးကြီးဆွေက ပြန်မေးလိုက်၏။
“ဟမ် မင်းတို့ သူ့ကို မမြင်လိုက်ဘူးလား၊ ဆံပင်အရှည်ကြီးနဲ့ အရမ်းလှတဲ့ မိန်းကလေးလေ။ မင်းတို့ဆိုင်ကို လာသွားတဲ့သူပေါ့”
မန်နေဂျာနှင့် ဝန်ထမ်းငယ်တို့ ထပ်မံ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများတွင် မယုံနိုင်စရာ အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။
ဝန်ထမ်း ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်၏။
“သူ..သူက ဘောစိတစ်ယောက်နဲ့ လက်ထပ်ထားတာလား”
ဦးလေးကြီးဆွေ: “ဘာတွေလျှောက်ပြောနေတာလဲ။ သူ ကိုယ်တိုင်က ဘောစိလေ”
အစပိုင်းတွင် ဦးလေးကြီးဆွေ ဟွာကျွင်းကို ချမ်းသာသော မိသားစုတစ်ခုခုမှ ဆင်းသက်လာသော သခင်မလေးတစ်ဦးဟု ထင်မှတ်ဖူး၏။ သို့သော်လည်း သူမနှင့် အတူတူ အချိန်အနည်းငယ် ဖြတ်သန်းပြီးနောက်တွင် အခြေအနေများသည် သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေမှန်း သိရှိသွားသည်။ သူမက ဤနေရာရှိ ကိစ္စအားလုံးကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ရုံမျှမက မည်သည့်အမျိုးသားမျှ သူမထံ လာရောက်ရှာဖွေသည်ကိုလည်း သူ တစ်ခါမှ မမြင်ဖူးချေ။
သူမ ဘေးတွင်မူ ဆံပင်အရှည်ကြီးနှင့် ထူးဆန်းသောအမျိုးသားတစ်ဦးသာ အမြဲတစေ လိုက်ပါနေတတ်ပြီး သူမ၏ အခြွေအရံ သို့မဟုတ် ဝန်ထမ်းတစ်ဦးပမာ ပြုမူနေတတ်သည်။ ထိုလူက အနည်းငယ် နှုတ်ဆိတ်နေတတ်ပြီး မျက်နှာတည်တတ်သော်လည်း သူဌေးမဟွာ၏ စကားကိုမူ တသွေမတိမ်း နာခံတတ်၏။
“တကယ့်ကို ချမ်းသာတာပဲ”
မန်နေဂျာ ရေရွတ်လိုက်ပြီးနောက် မေးပြန်၏။
“ဒီအိမ်တွေက အလွတ်တွေလိုပဲနော်”
ဦးလေးကြီးဆွေ: “ဟုတ်တယ်။ ဘယ်သူ့ကိုမှ ငှားမထားရသေးဘူး။ ဒါပေမဲ့ သူဌေးမဟွာ ပြောပုံအရဆိုရင်တော့ သူ ဒီအိမ်တွေကို ငှားဖို့ စိတ်ကူးမရှိတဲ့ပုံပဲ”
“မငှားဘူး ဟုတ်လား။ ဒီအတိုင်းကြီး ပစ်ထားတာပေါ့။ တကယ့်ကို ထူးဆန်းတာပဲ”
“ဘာထူးဆန်းလို့လဲ”
ဦးလေးကြီးဆွေ ပြောလိုက်သည်။
“တချို့လူတွေက ဆိတ်ငြိမ်တာကို သဘောကျတယ်။ ပြီးတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားတတ်ကြတယ်”
သူတို့ ပြတိုက် အဝင်ဝသို့ ရောက်လာပြီး ကျောင်းသားလူငယ်အချို့ ဦးလေးကြီးဆွေကို လှမ်း၍ နှုတ်ဆက်ကြ၏။
“ဦးလေးကြီးဆွေ အလုပ်ရှုပ်နေတာလား”
သူတို့ ဦးလေးကြီးဆွေနှင့် အတော်လေး ရင်းနှီးကြ၏။ အပြင်သို့ သွားချင်သည့်အခါ လမ်းလျှောက်ရန် ပျင်းပါက ဦးလေးကြီးဆွေထံ ဖုန်းဆက်၍ လာကြိုခိုင်းတတ်ကြပြီး ပါဆယ်ပစ္စည်းများကို သယ်ဆောင်ခိုင်းရန်အတွက်လည်း ဦးလေးကြီးဆွေကိုသာ အားကိုးတတ်ကြပေသည်။
ဦးလေးကြီးဆွေ ပြုံးကာ ပြန်ထူးလိုက်၏။
“ဒီနေ့လည်း အလုပ်တွေ ပြီးကြပြီလား။ အော် ပြတိုက်ကြီး ဖွင့်ပြီးသွားပြီပဲ”
ကျောင်းသားများ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့ ပြတိုက်ရဲ့ ဝန်ထမ်းတွေ ဖြစ်သွားပါပြီ။ ဦးလေး ဘယ်သွားမလို့လဲ”
ဦးလေးကြီးဆွေ: “သူဌေးမဟွာ မှာထားတဲ့ ကိုရီးယားထမင်းသုပ်တွေ ရောက်လာလို့ ဆိုင်ကို လိုက်ပို့မလို့ကွာ”
“ကိုရီးယားထမင်းသုပ်လား”
ကျောင်းသားအချို့ ဝမ်းသာအားရဖြင့် ပြောတော့၏။
“ကျွန်တော်တို့ ထမင်းသုပ်မစားရတာ အကြာကြီး ရှိပြီ။ အပိုပွဲတွေ ပါသေးလား”
မန်နေဂျာသည် စကားများကို သေသေချာချာ နားထောင်နေရင်း သူ့ကို လှမ်းမေးသည့်အခါ အလျင်အမြန် ပြန်ပြောလိုက်သည်။
“စိတ်မရှိပါနဲ့။ ဒါ အချိုးအစား အတိအကျမလို့ အပိုမပါပါဘူး”
ကျောင်းသားများသည် သူတို့ စားချင်သောအရာကို အမြဲရအောင်စားတတ်သူများ ဖြစ်ကြသဖြင့် အတင်းအဓမ္မ မတောင်းဆိုကြချေ။ သူတို့ ဆိုင်ပိုင်ရှင်နှင့် တိုင်ပင်ကာ နောက်ကျရင် အိမ်အရောက် လာပို့ပေးရန် တောင်းဆိုကြရာ မန်နေဂျာလည်း သဘောတူလိုက်၏။
ဦးလေးကြီးဆွေ: “ဒါဆို ကျွန်တော် စကားမများတော့ဘူး။ သူဌေးမဟွာဆီ အမြန်သွားရဦးမယ်။ သွားပြီနော်”
“တာ့တာ ဦးလေးကြီးဆွေ”
ကားလေးသည် နောက်ထပ် မိနစ်အနည်းငယ်မျှ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင်တော့ ရပ်တန့်သွားသည်။
ဦးလေးကြီးဆွေ: “ရောက်ပြီ။ ဒီဆိုင်ပဲ။ အထဲကိုသာ သယ်သွားလိုက်ကြတော့”
နှစ်ဦးသား မော့ကြည့်လိုက်သည့်အခါ အံ့သြလွန်းသဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြ၏။ ဆိုင်သည် မူလက မြင်တွေ့ရသော အိမ်များနှင့် လုံးဝ ကွဲပြားခြားနားလှပြီး ဆိုင်အပြင်အဆင်သည် အလွန်အမင်း ရိုးရှင်းကာ ကျေးလက်ဆန်လွန်းသည်။
မြေအုတ်များဖြင့် ပြုလုပ်ထားသော နံရံများနှင့်အတူ အပေါ်က သုတ်ဆေးများ ကွာကျနေသော သစ်သားတံခါးကြီးသည် လူတစ်ယောက်ကို အချိန်ခရီးသွား နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။
မုန့်ဆိုင်ဘေးတွင် ရပ်နားထားသော ခမ်းနားထည်ဝါသည့် ပြိုင်ကားကြီးနှင့် အရှိန်အဝါကြီးမားသော မော်တော်ဆိုင်ကယ်ကြီး နှစ်စီးတို့သာ ဆိုင်ပိုင်ရှင်၏ အဆင့်အတန်း မရိုးရှင်းကြောင်း ဖော်ပြနေသည်။
“ခဏစောင့်ဦး။ ကျွန်တော် လူလှမ်းခေါ်ပေးမယ်”
ဦးလေးကြီးဆွေ လှမ်းအော်လိုက်၏။
“သူဌေးမဟွာ ကျွန်တော်တို့ ရောက်ပြီ”
အရပ်ရှည်ရှည်၊ ကျန်းမာသန်စွမ်းသော အသားအရေနှင့် ဆန်းပြားသော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦး ထွက်လာသည်။ သူ၏ ဆံပင်အရှည်ကြီးကို အနောက်တွင် သပ်ရပ်စွာ စည်းနှောင်ထား၏။
ဦးလေးကြီးဆွေ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မင်းကိုး။ မော့လေးထမင်းသုပ်တွေ ရောက်ပြီ”
မော့ချွမ်း မည်သည့်စိတ်လှုပ်ရှားမှုမျှ မရှိသော မျက်နှာထားဖြင့် ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
“သိပါပြီ။ ဆိုင်ထဲကို သယ်ခဲ့လိုက်ပါ”
ဦးလေးကြီးဆွေ နောက်ပြောင်ခြင်း မပြုတော့ချေ။ ကိုရီးယားထမင်းသုပ်ဆိုင်က မန်နေဂျာနှင့် ဝန်ထမ်းငယ်တို့ အဘယ်ကြောင့်မှန်းမသိ ဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် အချိန်မဆွဲရဲကြတော့ဘဲ ပစ္စည်းများကို အလျင်အမြန် စတင်သယ်ဆောင်ကြတော့သည်။
လူလေးယောက် ဝိုင်းဝန်းသယ်ဆောင်ကြသဖြင့် ခဏချင်းပင် ပြီးဆုံးသွား၏။
ဟွာကျွင်း အထဲမှ ထွက်လာပြီး မေးလိုက်၏။
“မော့ချွမ်း ကိုရီးယားထမင်းသုပ်တွေ ရောက်ပြီလား”
ဦးလေးကြီးဆွေ သူမကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“သူဌေးမဟွာ ထမင်းသုပ်တွေ ရောက်ပါပြီ။ နောက်ကျရင် အပြင်သွားစရာ ရှိသေးလား။ မရှိရင် ကျွန်တော် ညစာစားဖို့ အိမ်ပြန်တော့မယ်”
ဟွာကျွင်း: “မရှိဘူး ဦးလေးကြီးဆွေ။ အပြင်သွားစရာ မရှိဘူး။ ဒီနေ့ညတော့ ပြန်လာစရာ မလိုတော့ဘူး၊၊ အိမ်မှာ ကောင်းကောင်း အနားယူလိုက်ပါဦး”
ဦးလေးကြီးဆွေ ခေါင်းခါပြ၏။
“ဒါတော့ ဘယ်ဖြစ်မလဲ။ ညဘက်မှာ လူတစ်ယောက်မှ စောင့်မနေရင် ကျွန်တော် စိတ်မအေးဘူး”
ဟွာကျွင်း ဘာမှထပ်မပြောတော့ဘဲ ပြုံးကာ ပစ္စည်းလာပို့သူ နှစ်ဦးကို ကျေးဇူးတင်စကားဆိုပြီး မော့ချွမ်းကို ပစ္စည်းများ မီးဖိုချောင်ထဲသို့ သယ်ခိုင်းလိုက်သည်။
အမျိုးသားသုံးဦးစလုံး မည်သည့်စကားမျှမဆို အမူအရာကင်းမဲ့စွာ ပစ္စည်းများကို မီးဖိုချောင်ဘက်သို့ လွယ်လွယ်ကူကူ သယ်ဆောင်သွားသော မော့ချွမ်း၏ ကျောပြင်ကို ငေးကြည့်ကျန်တော့သည်။
“ဒါဆိုရင် ကျွန်တော် သူတို့ကို ပြန်လိုက်ပို့ပေးလိုက်ဦးမယ်”
ဦးလေးကြီးဆွေ စိတ်ကို ပြန်လည်စုစည်းကာ ဟွာကျွင်းကို လှမ်းပြော၏။
“ပင်ပန်းသွားပါပြီ”
“အော်... ဒါနဲ့”
ဦးလေးကြီးဆွေ မထွက်ခွာမီ တစ်စုံတစ်ခုကို သတိရသွားသည်။
“ဟိုကျောင်းသားတွေလည်း ထမင်းသုပ် စားချင်တယ်ဆိုလို့ ကျွန်တော် သူတို့ကို မှာခိုင်းလိုက်တယ်”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဦးလေး အရင်ပြန်နှင့်ပါ။ နောက်ကျရင် ကျွန်မ မော့ချွမ်းကို သွားကြိုခိုင်းလိုက်ပါမယ်”
မန်နေဂျာ မိန်းကလေး ပြောဆိုသော မော့ချွမ်းဟူသည့်လူသည် ခုနက ဆက်ဆံရခက်ခဲမည့်ပုံရှိသော အမျိုးသားကြီးဖြစ်မှန်း သဘောပေါက်သွားသဖြင့် အလျင်အမြန် ခေါင်းခါပြလိုက်သည်။
“မဝေးပါဘူး။ နောက်ကျရင် ကျွန်တော်တို့ လမ်းလျှောက်ဝင်လာခဲ့မယ်”
မော့ချွမ် သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်လှသော လေသံဖြင့် ပြောလိုက်၏။
“မလိုဘူး။ နောက်ကျရင် အပြင်မှာပဲ စောင့်နေပါ။ အရမ်းနောက်ကျသွားရင် တံခါးပိတ်မှာမို့လို့ ဘယ်သူ့ကိုမှ အထဲအဝင်ခံမှာ မဟုတ်ဘူး”
ဆိုင်ပိုင်ရှင်မန်နေဂျာ မော့ချွမ်း၏ အရှိန်အဝါကြောင့် လန့်ဖျတ်သွားပြီး အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်၏။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ”