← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 29 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 29 Ch. 283-284

အခန်း (၂၈၃)

အယူအဆဟောင်းတွေနဲ့ တင်းကြပ်မနေပါနဲ့

ယင်ကျီ ခဏတာမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ အတူတူ ဆွေးနွေးကြရအောင်”

သူမသည် ရှောင်ဟူနှင့် ကွေ့ရှန့်တို့ကို ဆွဲခေါ်ကာ သုံးဦးသား နွားလှည်းဘေးတွင် ဆောင့်ကြောင့်ထိုင်၍ တိုးတိုးတိတ်တိတ် တိုင်ပင်ကြတော့သည်။

ရှောင်ဟူ: “ငါ့အထင်တော့ အဆင်ပြေပါတယ်။ အပြင်မှာ လူလည်း သိပ်မရှိဘူး။ ပြီးတော့ ငါတို့က ဒီနေရာနဲ့လည်း စိမ်းနေတော့ လိုက်ရောင်းရတာ နှောင့်နှေးလိမ့်မယ်”

ကွေ့ရှန့်: “ဟုတ်တယ်၊ ဟုတ်တယ်”

ယင်ကျီ: “ဒါပေမဲ့ ဒီရေခဲမုန့်တွေက သူဌေးမဟွာရဲ့ ပစ္စည်းတွေလေ။ ငါတို့ သူ့ကိုလည်း ခွင့်မတောင်းရသေးဘဲနဲ့ ဒီအတိုင်း အလကား ပေးလိုက်လို့ ဘယ်ဖြစ်မလဲ”

ကွေ့ရှန့်: “ဒါလည်း ဟုတ်တာပဲ”

ရှောင်ဟူ: “အယူအဆဟောင်းတွေနဲ့ ဒီလောက်ကြီး တင်းကြပ်မနေပါနဲ့။ ရောင်းထွက်သွားဖို့က အဓိက မဟုတ်ဘူးလား”

ကွေ့ရှန့်: “အစ်ကိုရှောင်ဟူ ပြောတာ မှန်တယ်”

ယင်ကျီ: “ဒါကို တင်းကြပ်တယ်လို့ မပြောရဘူး။ ဒါ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စပဲ”

ကွေ့ရှန့်: “ဒါလည်း ဟုတ်တယ်”

ရှောင်ဟူ: “ငါတို့သာ အချိန်ဆွဲနေရင် ရေခဲမုန့် သုံးလုံးမက အရည်ပျော်သွားလိမ့်မယ်”

ကွေ့ရှန့်: “အစ်ကိုရှောင်းဟူ...”

“နင်ပြောတာလည်း ဟုတ်တာပဲ။”

ယင်ကျီ တွေးကြည့်ပြီးနောက် သဘောတူလိုက်၏။ “ဒါပေမဲ့ သူ့ကို သုံးလုံးပဲ ပေးလို့ရမယ်နော်”

ထိုအစောင့်သည် စောင့်ဆိုင်းရင်း ရာသီဥတုကလည်း ပူပြင်းသဖြင့် စိတ်လှုပ်ရှားပူပန်နေသည်။ ကလေးများ မတ်တတ်ရပ်လာသည်ကို မြင်သောအခါ သူတို့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လာတော့သည်။

ရှောင်ဟူ: “ကောင်းပြီလေ၊ သုံးလုံး သဘောတူတယ်။ အစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲ”

အစောင့် သက်ပြင်းချနိုင်သွားပြီး ပြောလိုက်၏။

“ငါ့နာမည်က ဝမ်ရှင်းပါ။ မင်းတို့နှစ်ယောက် နွားလှည်းကို ဆွဲပြီး ငါ့အနောက်က လိုက်ခဲ့”

စကားပြောပြီးနောက် သူသည် လမ်းပြပေးကာ ယင်ကျီနှင့် အခြားလူများကို ဆွေလျိုဖန်ရပ်ကွက် အနောက်ဘက်သို့ ခေါ်ဆောင်သွားတော့သည်။

“အစ်ကိုကြီးဝမ် အစ်ကိုက ကျွန်တော်တို့ကို ရေခဲမုန့် ကူညီရောင်းပေးမယ်ဆို။ ဘာလို့ တံခါးမကြီးရှေ့မှာ မအော်ဘဲနဲ့ ဒီအနောက်ဘက်အထိ ပတ်လာရတာလဲ”

ဝမ်ရှင်းသည် လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ပြော၏။

“ဒါက မင်းတို့ နားမလည်တဲ့ အချက်ပဲ။ အရှေ့ဘက်တံခါးက မြေပြင်တွေက ကျောက်ပြားတွေချည်းပဲ၊ တစ်နေ့ခင်းလုံး နေပူထားတော့ ညဘက်အထိ မအေးနိုင်သေးဘူး။”

“ဒါပေမဲ့ ဆွေလျိုဖန်ရပ်ကွက်ရဲ့ အနောက်ဘက်မှာတော့ ဘီဘိုမြစ် ရှိတယ်။ အခုအချိန်မှာ အနောက်လေ ဖြူးဖြူးတိုက်ခတ်နေတော့ မြစ်ဘေးက ပိုပြီး အေးစိမ့်တယ်။ သူဌေးကတော်တွေနဲ့ သခင်မလေးတွေက ပုံမှန်အားဖြင့် ဒီအချိန်ဆို အနောက်ဘက် ဥယျာဉ်ထဲမှာ လေညင်းခံလေ့ ရှိကြတယ်လေ”

သူသည် ထိုသုံးဦးကို ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားပြီး လှေသမားတစ်ဦးနှင့် စကားအနည်းငယ် ပြောဆိုကာ ယင်ကျီကို လက်လှမ်းပြလိုက်၏။

“မြန်မြန် ပစ္စည်းတွေကို လှေပေါ် ရွှေ့ကြစို့”

ဝမ်ရှင်း: “ငါ လှေသမားနဲ့ စျေးနှုန်း ညှိနှိုင်းပေးထားပြီးပြီ။ လှေဆိုက်တဲ့အခါကျရင် လှေခကို လှေသမားကို ပေးလိုက်ရုံပဲ”

ယင်ကျီ စိုးရိမ်သွားကာ ပြောတော့၏။ “ဘာလို့ နောက်ထပ် ကုန်ကျစရိတ် ထပ်တိုးလာရတာလဲ၊၊ အစတုန်းက အစ်ကို ဒီအကြောင်း မပြောခဲ့ဘူးလေ”

ဝမ်ရှင်း စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ပြန်ပြော၏။ “မင်းတို့က တစ်လုံးကို ငွေတေးသုံးတေး နဲ့ ရောင်းမှာလေ။ ကြေးပြားနည်းနည်းလောက် ကုန်တာ ဘာဆန်းလို့လဲ၊၊ သာမန်လူတွေဆိုရင် လှေပေါ်တက်ဖို့ လမ်းစတောင် ရှာမရဘူး”

ရှောင်ဟူက ပို၍ ပါးနပ်သဖြင့် ဝင်ထိန်းပြောလိုက်သည်။

“အစ်ကိုကြီးဝမ် ကျေးဇူးတင်ပါတယ်”

ဝမ်ရှင်း ခေါင်းညိတ်ကာ ပြန်ပြော၏။

“အခွင့်အရေးကို လက်လွတ်မခံနဲ့။ ငါ့ကို သုံးလုံး မြန်မြန်ပေးဦး”

ယင်ကျီ ငြိမ်သက်စွာ ရပ်နေသော်လည်း ရှောင်ဟူက သူမကို အသာအယာ တွန်းလိုက်သဖြင့် ထိုအခါမှသာ ရေခဲမုန့် သုံးလုံးကို ဝန်လေးစွာ ခပ်ယူ၍ ဝမ်ရှင်းထံ ကမ်းပေးလိုက်တော့သည်။

လှေပေါ်သို့ ရောက်ရှိပြီးနောက် လှေသမားသည် လှေကို လှော်ခတ်ကာ ဘီဘိုမြစ်တစ်လျှောက် ခုတ်‌မောင်းလာ၏။

ယင်ကျီ: “တကယ်လို့ သူက လူလိမ်ဆိုရင် ဘယ်လိုလုပ်မလဲ၊၊ စကားလှလှလေးတွေပြောပြီး ရေခဲမုန့် သုံးလုံးကို အလကား လာနှိုက်သွားတာ”

ရှောင်ဟူ: “သူ လူလိမ် မဟုတ်နိုင်ပါဘူး။ သူသာ လိမ်ရင် နောက်နောင် ဟွာကျွင်းမုန့်ဆိုင်ကို ဘယ်တော့မှ လာစားရတော့မှာ မဟုတ်ဘူးလေ”

လှေငယ်လေးသည် မြစ်ရေပြင်ပေါ်တွင် တရွေ့ရွေ့ မျောပါလာ၏။ ကျဉ်းမြောင်းသော မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် စိမ်းစိုသော သစ်ပင်များနှင့် ဝါးရုံတောများ ဝန်းရံထားပြီး အပူရှိန်မှာလည်း သိသိသာသာ လျော့နည်းနေသည်။

ရုတ်တရက်ဆိုသလို မျက်စိတစ်ဆုံး ကျယ်ပြောသော လောကကြီးကို မြင်လိုက်ရ၏။ ရေပြင်ကြီးမှာ ကျယ်ပြောပြီး မြစ်ကမ်းပါးတစ်ဖက်တွင် ကြီးမားထည်ဝါလှသော အိမ်တော်များ တည်ရှိနေကြပြီး တစ်အိမ်ထက်တစ်အိမ် ပို၍ ကြီးကျယ်ခမ်းနားလှပေသည်။

ထိုစံအိမ်များ၏ အနောက်ဘက် ဥယျာဉ်များတွင် သစ်ပင်ရိပ်များနှင့် ဝါးရုံရိပ်များ လှုပ်ခတ်နေကြ၏။ မဏ္ဍပ်များထဲတွင် ရေခဲတုံးများကို ချထားပြီး အစေခံမလေးများက ယပ်တောင်ခတ်ပေးနေကြကာ သခင်မကြီးများနှင့် သခင်မလေးများသည် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။အေးချမ်းသက်သာလှသော ဘဝများဖြစ်ပြီး ကျူးလင်းရွာသူရွာသားများ၏ ဘဝနှင့် လုံးဝ ကွာခြားလှပေ၏။

လှေပေါ်က ကလေးများသည် ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်သွားကြရသည်။ ထိုအခါမှသာ ယင်ကျီ အဘယ်ကြောင့် သူဌေးမဟွာ ရေခဲမုန့်ကို ဤမျှအထိ စျေးကြီးကြီး သတ်မှတ်ထားရခြင်း ဖြစ်ကြောင်း နားလည်သွားတော့၏။

မြစ်ပြင်ပေါ်တွင် အခြားသော လှေငယ်အချို့လည်း ရှိနေကြပြီး အချို့က သစ်သီးသကြားလုံးများနှင့် မုန့်အချိုအချဉ်များကို လိုက်လံရောင်းချနေကြကာ အချို့ကမူ အမွှေးနံ့သာမှုန့်များနှင့် ခြယ်သပစ္စည်းများကို ရောင်းချနေကြ၏။ သူတို့အားလုံး ယင်ကျီတို့ကဲ့သို့ပင် လှေခပေး၍ လာကြခြင်း ဖြစ်သည်။

လှေသမား: “ကလေးတို့ ပစ္စည်းရောင်းချင်ရင် စပြီး အော်လို့ရပြီနော်”

ယင်ကျီက လက်နှစ်ဖက်ကို ကတော့ပုံစံလုပ်၍ လှမ်းအော်လိုက်၏။

“ရေခဲမုန့် ဟွာကျွင်းမုန့်ဆိုင်က ရေခဲမုန့် လာပါပြီ။ ဘယ်သူများ ဝယ်ယူချင်ပါသလဲ”

ကလေးများ၏ အသံမှာ နုနယ်လှသဖြင့် လှမ်း၍ အော်လိုက်သည်နှင့် တစ်ပြိုင်နက် မြစ်ပြင်ပေါ်က လေတိုက်နှုန်းကြောင့် အသံများမှာ လွင့်ပျယ်သွားသည်။

“ကျွန်တော်တို့ ကမ်းနားကို ပိုပြီး ကပ်လို့ရမလား”

လှေသမား: “ဒါတော့ မဖြစ်ဘူးကွ။ ငါတို့ လှေတွေ အဝင်အထွက်လုပ်ဖို့နဲ့ ကမ်းနားကနေ ဘယ်လောက်အကွာမှာ နေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ စည်းကမ်းဖောက်ဖျက်ပြီး အရာရှိကြီးတွေကို သွားပြီး မနှောင့်ယှက်ရဘူး”

“ဒါပေမဲ့ ဟိုလှေကျတော့ ဘာလို့ အနောက်ဥယျာဉ်တံခါးနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် သွားလို့ရနေတာလဲ”

ကွေ့ရှန့် ဝေခွဲမရစွာ မေးမြန်းလိုက်သည်။

“အဲဒါကတော့ အရာရှိကြီးတွေက သူတို့ပစ္စည်းကို ဝယ်ချင်လို့လေ။ သူတို့ လက်လှမ်းပြလိုက်တာနဲ့ လှေက ကမ်းနားကို ကပ်သွားလို့ရတယ်။ မင်းတို့လည်း အားရပါးရသာ အော်ဟစ်လိုက်။ သူတို့ ကြားသွားလို့ လိုချင်ရင် ငါတို့လှေကို ဧကန်မုချ လှမ်းခေါ်ပါလိမ့်မယ်”

ရှောင်ဟူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ထပ်မံ၍ အော်ဟစ်ရောင်းချတော့၏။

စုဝမ် သူမ၏ သူငယ်ချင်းများနှင့်အတူ ကတ် ကစားနေစဉ် ရုတ်တရက် မြစ်ပြင်ဘက်မှ တစ်စုံတစ်ဦးက ဟွာကျွင်းမုန့်ဆိုင်အကြောင်း အော်ဟစ်နေသည့်အသံကို ကြားလိုက်ရသည်။

အကွာအဝေးက ဝေးလွန်းသဖြင့် သေသေချာချာ မကြားရသောကြောင့် သူမသည် ကစားလက်စကို ရပ်တန့်ကာ သေသေချာချာ နားစွင့်လိုက်သည်။

“ဝမ်အာ နင့်အလှည့် ရောက်ပြီလေ၊၊ ဘာလို့ ငေးနေတာလဲ”

“ရှူး...”

စုဝမ်: “နားထောင်ကြည့်ကြည့်၊ သူတို့ ဟွာကျွင်းမုန့်ဆိုင်လို့ အော်နေတာ မဟုတ်လား”

မိန်းကလေးများမှာ မတ်တတ်ရပ်လိုက်ကြပြီး အနောက်ဘက် ဥယျာဉ်တံခါးဆီသို့ လျှောက်သွားကြ၏။ မြစ်ပြင်ပေါ်တွင် လှေသမားတစ်ဦးနှင့် ကလေးသုံးဦးသာ ပါရှိသော လှေငယ်တစ်စီး ဖြတ်သန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ကြည့်ရတာ စိမ်းနေတာပဲ၊ ဟွာကျွင်းမုန့်ဆိုင်မှာလည်း ဒီကလေးတွေကို မမြင်ဖူးပါဘူး။ နင် နားကြားမှားတာ ဖြစ်မှာပါ”

စုဝမ် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် လှေပေါ်မှ အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

“ရေခဲမုန့်၊ ဟွာကျွင်းမုန့်ဆိုင်က ရေခဲမုန့် ရပြီဗျို့”

“တကယ့်ကို ဟွာကျွင်းမုန့်ဆိုင်ပဲ”

စုဝမ် ပြုံးလိုက်မိပြီး လက်ကိုင်ပဝါကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။ “လှေသမားရေ”

လှေသူကြီးသည် ဤအလုပ်ကို လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သဖြင့် မျက်စိ အလွန်ရှင်လှ၏။ သူ ချက်ချင်းပင် မြင်တွေ့သွားပြီး ပြောတော့သည်။

“ကြည့်စမ်း အခု စျေးဝယ်သူ ရောက်လာပြီ မဟုတ်လား”

သူ လှေကို စုအိမ်တော်ဆီသို့ အလျင်အမြန် လှော်ခတ်သွားခဲ့တော့သည်။ စုဝမ် အဝေးမှနေ၍ လှမ်းမေးလိုက်၏။ “ရှင်တို့က ဟွာကျွင်းမုန့်ဆိုင်က လာတာလား”

ယင်ကျီ: “ဟုတ်ပါတယ်၊၊ ကျွန်မတို့ သူဌေးမဟွာကို ကူညီပြီး ရေခဲမုန့် လာရောင်းပေးတာပါ”

စုဝမ် ဝမ်းသာသွားပြီး ပြောတော့သည်။

“ရာသီဥတုက သိပ်ပူလွန်းလို့ ဟွာကျွင်းမုန့်ဆိုင်ကို သွားမစားရတာ ကြာပြီ။ ဒီနေ့မှ အဲဒီအကြောင်း တွေးနေမိတာ၊ ရှင်တို့ တကယ် ရောက်လာတာပဲ”

လှေအနားသို့ ကပ်လာသည့်အခါ၊ စုဝမ်သည် လှေကုန်းပတ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

“ဘာလို့ ရှင်တို့ ရောင်းတဲ့အရာကို သေသေချာချာ မမြင်ရတာလဲ”

ယင်ကျီ ပြုံးလျက် ပြောလိုက်သည်။

“ဒါက အပူဒဏ် သက်သာစေမယ့် ရေခဲမုန့်ပါ။ အရသာ သုံးမျိုးရှိပြီး တစ်လုံးကို ငွေတေးသုံးတေး ပါရှင့်”

၎င်းက ဘာမှန်းမသိရသော်လည်း အစားအသောက်တစ်ခုအတွက် ဤစျေးနှုန်းမှာ အနည်းငယ် စျေးကြီးလှ၏၊ သို့သော်လည်း ဟွာကျွင်းမုန့်ဆိုင်က ရောင်းချသောအရာ ဖြစ်သဖြင့် မည်မျှပင် ကုန်ကျပါစေ မြည်းစမ်းကြည့်ရန် တန်ပေသည်။

“ဒါဆိုရင် ငါ့ကို လေးလုံး ပေးပါ၊ ငါတို့ ညီအစ်မတွေ တစ်ယောက်တစ်လုံးစီ စားကြတာပေါ့”

စုဝမ်သည် ငွေတေးဆယ့်နှစ်တေးကို ထုတ်ယူ၍ ယင်ကျီထံသို့ ကမ်းပေးလိုက်သည်။

ယင်ကျီသည် ငွေကို လက်ခံရရှိပြီးနောက် အရသာ သုံးမျိုးကို ရှင်းပြကာ စုဝမ်ကို ရွေးချယ်ခိုင်းလိုက်သည်။

စုဝမ်တစ်ဦးတည်း မရွေးချယ်နိုင်သဖြင့် သူမ သူငယ်ချင်းများကို လှမ်းခေါ်လိုက်၏။

“နင်တို့လည်း အရသာ တစ်မျိုးစီ ရွေးကြ”

မိန်းကလေးနှစ်ဦးက မက်မွန်သီးအရသာကို ရွေးချယ်ကြပြီး နာမည်ကို ကြားရရုံနှင့်တင် လန်းဆန်းစေသည်ဟု ဆိုကြသည်။

အခြားမိန်းကလေးတစ်ဦးနှင့် စုဝမ်တို့ကမူ အုန်းသရက်သီးအရသာကို ရွေးချယ်လိုက်ကြသည်။

ရှောင်ဟူသည် သေတ္တာကို အင်တိုက်အားတိုက် ဖွင့်လှစ်လိုက်ပြီး ရေခဲမုန့် လေးလုံးကို ခပ်ယူကာ ပန်းကန်အသီးသီးထဲသို့ ထည့်သွင်းလိုက်၏။

ထို့နောက် ယင်ကျီ ပြောလိုက်၏။ “အပေါ်က ဖြူးမဲ့ အဆာပလာတွေကိုလည်း ရွေးချယ်လို့ ရပါသေးတယ်။အမျိုးအစား ငါးမျိုး ရှိပါတယ်”

သူမ အမည်များကို တစ်ခုချင်းစီ ရွတ်ပြလိုက်သည်။

“ဒီနာမည်တွေက တကယ့်ကို ထူးဆန်းလိုက်တာ၊ ဘာတွေမှန်း စဥ်းစားလို့တောင် မရဘူး။ ဘာရွေးရမှန်းတောင် မသိတော့ဘူး...”

မိန်းကလေးတစ်ဦး ပြောလိုက်၏။

စုဝမ်: “ဒါဆိုရင် နာမည်အလှဆုံး အရာတွေကိုပဲ ရွေးလိုက်တာပေါ့။ ငါကတော့ သကြားလုံးသက်တန့်ရောင်စုံမှုန်တွေနဲ့ ငှက်သိုက်မုန့်ကိုပဲ ယူမယ်”

ယင်ကျီ ခေါင်းညိတ်လိုက်ပြီး ဇွန်းအသေးလေးဖြင့် သကြားလုံးသက်တန့်ရောင်စုံမှုန်များကို ခပ်ယူလိုက်သည်။

၎င်း၏ နာမည်အတိုင်းပင်။ သက်တန့်ကို အမှုန့်အသေးလေးတွေဖြစ်အောင် လုပ်ပြီး ရေခဲမုန့်လုံးပေါ်တွင် ဖြန်းထားသကဲ့သို့ ဖြစ်နေကာ ရုတ်တရက်ဆိုသလို ပိုမို လှပဆွဲဆောင်မှု ရှိသွားသည်။

ငှက်သိုက်မုန့် မှာမူ ပိုမို ကြီးမားပြီး အရောင်မှာ အနည်းငယ် မှိန်ဖျော့နေ၏။ စုဝမ် ၎င်းကို ရွေးချယ်မိသည်ကို နောင်တရရန် ပြင်လိုက်စဉ်မှာပင် ယင်ကျီက ဇွန်းနောက်ကျောဖြင့် ၎င်းကို ဖိလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုအရာသည် တိမ်တိုက်တစ်ခုကို ဖိနှိပ်လိုက်ရသကဲ့သို့ နူးညံ့ပြီး ကြွတ်ဆပ်၏။

အခန်း (၂၈၄)

ရှားပါးလှသော အရသာထူးများ

စုဝမ်သည် အပေါ်မှဖြူးရန် အဆာပလာအမျိုးအစား နှစ်မျိုးသာ တောင်းဆိုသော်လည်း ပေးလိုက်သော ပမာဏမှာမူ တကယ့်ကို ရက်ရက်ရောရော ရှိလှပေသည်။

ရေခဲမုန့်ပန်းကန်များကို လက်ထဲသို့ ရရှိသည့်အခါမှသာ ၎င်းတို့သည် မည်မျှအထိ အရောင်အသွေး စုံလင်လှပကြောင်း သတိပြုမိကြပြီး မျက်စိလွှဲရန်ပင် မဖြစ်နိုင်တော့ချေ။

“တကယ့်ကို လှပလွန်းတာပဲ”

မိန်းကလေးများ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်ကြ၏။

သူတို့သည် နှမြောတသစွာ အပေါ်က အဆာပလာလေးများကို အနည်းငယ် ခြစ်ယူ၍ ဖြည်းညှင်းစွာ မြည်းစမ်းကြည့်လိုက်ကြသည်။ သကြားလုံးရောင်စုံမှုန်များသည် ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် ဝါးပင်မဝါးရသေးမီ ချက်ချင်း အရည်ပျော်သွားပြီး ဖော်ပြ၍မရနိုင်သော ချိုမြိန်မှုကို ချန်ရစ်ခဲ့၏။

ငှက်သိုက်မုန့်သည် နူးညံ့ပြီး အနည်းငယ် ဝါး၍ကောင်းလှပေသည်။

စုဝမ် ရေခဲမုန့်ကို ပထမဆုံးတစ်လုပ် စားလိုက်သည့်အခါတွင်မူ သူမ မျက်ဝန်းများ ချက်ချင်း ပြူးကျယ်ပြီး အံ့သြတကြီး အမူအရာကို ပြသလိုက်မိတော့၏။

“ဒီအရသာက တကယ့်ကို ဆန်းကြယ်လွန်းတာပဲ”

၎င်းသည် သာမန် ရေခဲရေကဲ့သို့ ရေခဲမှုန်အသေးလေးများ ပါရှိနေခြင်း မဟုတ်သလို လျှာပေါ်တွင် အလွန်အမင်း အီစိမ့်နေတတ်သော မုန့်အချိုများကဲ့သို့လည်း မဟုတ်ချေ။

“ငါ ပြောသားပဲ၊ ဟွာကျွင်းမုန့်ဆိုင်ဆိုတာ ရှားပါးတဲ့မုန့်တွေနဲ့ ပြည့်နှက်နေတာပါဆို”

စုဝမ် သူမ၏ ညီအစ်မများကို ပြောလိုက်သည်။

သူမက အခြားမိန်းကလေး သုံးဦးကို လှည့်ကြည့်လိုက်ရာ သူတို့အားလုံး ယခုအချိန်တွင် အစားအသောက်ထဲသို့ အာရုံအပြည့် ရောက်ရှိနေကြသဖြင့် မည်သူမျှ ပြန်လည်မဖြေကြားနိုင်ကြချေ။

ဤမျှအထိ ပူပြင်းလှသော နွေရာသီမျိုးတွင် ချိုမြိန်ပြီး နို့ရနံ့သင်းပျံ့လှသော ရေခဲမုန့်တစ်လုပ်ကို စားသုံးရခြင်းထက် ပိုမို၍ စိတ်ချမ်းမြေ့စရာကောင်းသောအရာ ဘာရှိဦးမည်နည်း။

ယင်ကျီနှင့် သူမ အဖော်များ ပါဝင်သော လှေငယ်သည် ရှေ့သို့ ဆက်လက် လှော်ခတ်လာခဲ့ပြီး သူတို့ အားရပါးရ အော်ဟစ်ရောင်းချနေကြသော်လည်း ဤခရီးစဉ်အတွင်း ရေခဲမုန့် ခုနစ်လုံး သို့မဟုတ် ရှစ်လုံးခန့်သာ ရောင်းချရသေး၏။

“ငါတို့ ဘယ်လိုလုပ်ကြမလဲ”

ယင်ကျီ အနည်းငယ် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

“ငါတို့ ဒီလောက်ပဲ ရောင်းရသေးတာ။ အကယ်၍ ဆိုင်ကို ပြန်သွားရင် ရေခဲမုန့်တွေက အကုန်အရည်ပျော်သွားလိမ့်မယ်။ သူဌေးမဟွာကို ငါတို့ ဘယ်လိုရှင်းပြရမလဲ”

လှေသမားသည် တစ်လမ်းလုံး စောင့်ကြည့်လာပြီးနောက် ပြောလိုက်သည်။

“မင်းတို့ပစ္စည်းက စျေးကြီးလွန်းလို့ပါ။ သူဌေးတွေကလည်း အရူးတွေ မဟုတ်ကြဘူးလေ။ ဒီလောက်အထိ ရောင်းရတာကိုပဲ အတော်လေး ဟန်ကျနေပါပြီ”

ကွေ့ရှန့် ကျယ်လောင်စွာ ပြန်လည်ချေပလိုက်၏။ “ဦးလေးက ဘာသိလို့လဲ၊ သူဌေးမဟွာက ဒီလောက်တန်တယ်လို့ ပြောရင် တကယ့်ကို တန်လို့ပေါ့ဗျ”

လှေသမားမှာ ပြန်လည်ချေပမှုကြောင့် ဆွံ့အသွားရပြီး တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းတို့က တန်တယ်လို့ ထင်ရင်လည်း တန်တာပေါ့”

သူ့ရင်ထဲတွင်တော့ တွေးနေမိ၏။

‘ငါ ဒါကို မပြောခဲ့သင့်ဘူး။ ငါက လှေလှော်သမားတစ်ယောက်ပဲ၊ သူတို့ ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ငါနဲ့ ဘာဆိုင်လို့လဲ’

ယင်ကျီနှင့် အခြားနှစ်ဦးသည် ရေအနည်းငယ် သောက်လိုက်ကြပြီး ပိုမို အားစိုက်ထုတ်၍ အော်ဟစ်ကြတော့၏။ “ရေခဲမုန့်၊ ဟွာကျွင်းမုန့်ဆိုင်က ရေခဲမုန့် ရပါပြီ”

သူတို့ နှစ်ကြိမ်မျှပင် မအော်ရသေးမီမှာပင် ရှောင်ဟူက ပြောလိုက်သည်။ “ငါ ဆက်မအော်နိုင်တော့ဘူး။ ငါ့လည်ချောင်းတွေ ကွဲမတတ် နာနေပြီ”

အခြားလှေများကို ကြည့်လိုက်လျှင် သူတို့သည် မည်သည့်အရာကို ရောင်းချနေကြောင်း အသေးစိတ် ဖော်ပြထားသည့် အလံအမျိုးမျိုးကို ချိတ်ဆွဲထားကြသော်လည်း သူတို့မှာမူ အလွတ်အတိုင်း အော်ဟစ်နေကြရခြင်း ဖြစ်၏။

“မနက်ဖြန်ကျရင် ငါတို့လည်း အလံတစ်ခု လုပ်ရမယ်” ယင်ကျီ ပြောလိုက်သည်။

ရှောင်ဟူသည် ပစ္စည်းများ စုပုံထားသော ကုန်းပတ်ကို စိုက်ကြည့်နေမိပြီး ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။

“‌ဦးလေး ကျွန်တော် ဦးလေးရဲ့ ကုန်းပတ်ကို ခဏလောက် သုံးခွင့်ပြုပါဦး”

လှေသမားက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

ရှောင်ဟူနှင့် ကွေ့ရှန့်တို့သည် ကုန်းပတ်ပေါ်က ပစ္စည်းများကို အလျင်အမြန် ရှင်းလင်းလိုက်ကြပြီး နေရာလွတ်တစ်ခု ပြုလုပ်လိုက်ကြသည်။

ရှောင်ဟူ ယင်ကျီနှင့် ကွေ့ရှန့်တို့ကို ပြောလိုက်၏။ “မင်းတို့နှစ်ယောက် ဆက်ပြီး အော်နေ လုံးဝ မရပ်နဲ့”

ထို့နောက် သူသည် ခါးပတ်ကို တင်းကြပ်စွာ စည်းနှောင်လိုက်ပြီး ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်ကာ စတင် ကျွမ်းထိုးတော့သည်။

ယင်ကျီသည် သူ့ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီး ကွေ့ရှန့်ထံ တုတ်တစ်ချောင်း ကမ်းပေးလိုက်၏။

“ကွေ့ရှန့် နင် သစ်သားသေတ္တာကို ရိုက်ပါ။ သုံးကြိမ်ရိုက်ပြီးရင် ခဏနားလိုက်”

“ဟုတ်ကဲ့”

“ဒုန်း၊ ဒုန်း၊ ဒုန်း” ကွေ့ရှန့် သုံးကြိမ် ရိုက်ခတ်လိုက်ပြီး ယင်ကျီက ဆက်လက်၍ အော်ဟစ်၏။

“ရေခဲချောင်း ရပါပြီ”

ရေခဲချောင်း ဟူသော စာလုံးသည် ရေခဲမုန့် ထက် ပိုမို အသံထွက်ရလွယ်ကူပြီး မည်သည့်အရာကို ရောင်းချနေကြောင်းကိုလည်း ပိုမို ထင်ရှားစေသည်။

“ဒုန်း၊ ဒုန်း၊ ဒုန်း”

“ရေခဲချောင်း ရပါပြီ”

ဤနည်းလမ်းသည် ထိရောက်မှု ရှိလှပေသည်။

သခင်ကြီးကျောက် သည် မြစ်ကမ်းဘေးတွင် ကိုယ်လုပ်တော်များနှင့်အတူ အပန်းဖြေနေစဉ် မော့ကြည့်လိုက်ရာ ရှောင်ဟူတို့၏ လှေငယ်ကို မြင်တွေ့လိုက်ရ၏။

“ဟိုမှာ ဘာတွေ ဆူညံနေတာလဲ”

ကိုယ်လုပ်တော်တစ်ဦး မေးမြန်းလိုက်သည်။

သူမသည် အာရုံစိုက်ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။

“သခင်ကြီး ကြည့်ပါဦး၊ ဟိုလှေပေါ်မှာ ကလေးတစ်ယောက်က ဂျွမ်းထိုးပြနေတယ်”

သခင်ကြီးကျောက် ပျင်းရိငြီးငွေ့စွာ မေးလိုက်၏။

“ဒီလောက်အထိ ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ ငွေရှာဖို့အတွက် လမ်းဘေးမျက်လှည့်အဖွဲ့တွေ ထွက်နေတုန်းပဲလား”

နောက်ကိုယ်လုပ်တော်တစ်ဦး ခဏတာမျှ သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“မျက်လှည့်သက်သက်တော့ မဟုတ်ဘူး။ လှေပေါ်ကလူတွေ အော်ဟစ်နေတာကို နားထောင်ကြည့်ရရင်၊ သူတို့ တစ်ခုခုကို ရောင်းနေပုံရတယ်။ ဘာ... ရေခဲချောင်း ဆိုလားပဲ...”

ထိုအခါမှ သခင်ကြီးကျောက် စိတ်ဝင်စားသွား၏။ သူသည် အနားယူနေသည့် ကုလားထိုင်ပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး ညွှန်ကြားလိုက်သည်။

“သွား... အဲ့လှေကို ဒီဘက် လှမ်းခေါ်လိုက်စမ်း”

လှေအနားသို့ ရောက်ရှိလာသည့်အခါ သခင်ကြီးကျောက်သည် ရှောင်ဟူတစ်ယောက် ချွေးဒီးဒီးကျနေသည်ကို မြင်တွေ့လိုက်ရသဖြင့် လှေပေါ်သို့ ငွေတေးတစ်တေး လှမ်းပစ်ပေးလိုက်၏။

“ရာသီဥတုက အလွန်ပူလွန်းတယ်။ ဂျွမ်း ဆက်မထိုးနဲ့တော့။ အိမ်ပြန်ပြီး မုန့်သွားစားတော့”

ရှောင်ဟူလည်း နောက်ဆုံးတော့ နားခွင့်ရသွားပြီ ဖြစ်သည်။ သူက ချွေးများကို သုတ်လိုက်ရင်း ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် သခင်ကြီး။ ကျွန်တော်တို့ရဲ့ ရေခဲချောင်းလေးတွေကို ဝယ်ယူချင်လား။ တစ်လုံးကို ငွေတေးသုံးတေးပါ”

ကိုယ်လုပ်တော်တစ်ဦး အံ့သြတကြီး အော်ဟစ်လိုက်၏။ “ဘာပစ္စည်းမို့လို့ ဒီလောက်အထိ စျေးကြီးရတာလဲ။ မင်းတို့ ကလေးတွေ မင်းတို့သူဌေး မှာလိုက်တဲ့ စျေးနှုန်းကို မှားမှတ်လာတာ မဟုတ်လား”

ယင်ကျီ ရှင်းပြလိုက်သည်။

“ကျွန်မတို့ မှားမှတ်လာတာ မဟုတ်ပါဘူး၊၊ တကယ့်ကို ငွေတေးသုံးတေးပါ။ ကျွန်မတို့ရဲ့ ရေခဲချောင်းတွေက ဟွာကျွင်းမုန့်ဆိုင်က လာတာပါ။ တကယ့်ကို အရသာရှိပြီး လန်းဆန်းစေပါတယ်။ ရှားပါးမှုကြောင့်လည်း စျေးကြီးပါတယ်။ သခင်မတို့ မြည်းစမ်းကြည့်ချငလား”

“အော် သူဌေးမဟွာရဲ့ မုန့်ကိုး။ ဒါဆိုရင်တော့ ဒီစျေးနှုန်းက သင့်တော်ပါတယ်”

သခင်ကြီးကျောက် ပြုံးလျက် ပြောလိုက်၏။

“ငါ အမြဲတမ်း ပြောပါတယ်။ သူ့ဆိုင်က စျေးနှုန်းတွေက သိပ်သက်သာလွန်းတယ်လို့။ ဒါပေမဲ့ ဘယ်တော့မှ နားမထောင်ဘူး။ ကြည့်စမ်း အခု ဒီစျေးနှုန်းကမှ ပိုပြီး သင့်တော်တာပေါ့”

သူသည် လှည့်၍ လူဦးရေကို ရေတွက်လိုက်ပြီးနောက် ယင်ကျီကို ပြောလိုက်သည်။

“ငါ့ကို ငါးလုံး ပေးပါ၊ ပြီးတော့ ငါ့ရဲ့ ဇနီးသည်နဲ့ သခင်မကြီးဆီကိုလည်း တစ်လုံးစီ ပို့ပေးလိုက်ဦး”

သခင်ကြီးကျောက်၏ စကားကို ကြားရသောအခါ ယင်ကျီသည် ရှေ့ကလူမှာ လက်ဖွာသော သူဌေးတစ်ဦးဖြစ်ကြောင်း သိလိုက်သဖြင့် ဆက်လက်၍ အရောင်းမြှင့်တင်လိုက်တော့၏။

“ကျွန်မတို့က ရေခဲချောင်း အရသာ သုံးမျိုးလုံးကို ရောင်းချတာပါာ အရသာတိုင်းကလည်း အရမ်းအရသာရှိပါတယ်။ ပိုပြီး များများဝယ်ဖို့ အကြံပေးပါတယ်”

ပထမဆုံး မြင်လိုက်သော ကိုယ်လုပ်တော်က သခင်ကြီးကျောက်၏ ဘယ်ဘက်လက်မောင်းကို ဆွဲကိုင်ကာ နှုတ်ခမ်းစူလျက် ပူဆာတော့သည်။

“အရသာ သုံးမျိုးတောင်လား။ ကျွန်တော်မျိုးမကတော့ အရသာအားလုံးကို မြည်းစမ်းကြည့်ချင်တယ်”

နောက်ကိုယလုပ်တော်ကလည်း သခင်ကြီးကျောက်၏ ညာဘက်လက်မောင်းကို လှုပ်ခါရင်း ပြောပြန်၏။ “ကျွန်တော်မျိုးမလည်း လိုချင်တယ်...”

သူသည် ဝိုင်းဝန်းလှုပ်ခါခြင်းခံရသဖြင့် ခေါင်းပင်မူးသွားရပြီး ပြောတော့၏။

“မလှုပ်ကြနဲ့တော့၊ မလှုပ်ကြနဲ့တော့။ ဒါဆိုရင် ငါ့ကို ဆယ့်ငါးလုံးသာ ပေးလိုက်တော့”

သခင်ကြီးကျောက်သည် မြို့ထဲရှိ ငွေတိုက် ပိုင်ရှင်ဖြစ်ပြီး သုံးစွဲ၍ မကုန်နိုင်သော ငွေအမြောက်အမြား ရှိနေသဖြင့် ငွေတေးဆယ်ဂဏန်းမျှ ကုန်ကျခြင်းမှာ ဘာမှမဟုတ်ချေ။

“ဟုတ်ကဲ့ပါ”

ယင်ကျီနှင့် အခြားနှစ်ဦးသည် သေတ္တာကို သေသေချာချာ ဖွင့်လှစ်လိုက်ကြပြီး သခင်ကြီးကျောက်အတွက် အင်တိုက်အားတိုက် ခပ်ပေးလိုက်ကြတော့သည်။

ဤမျှအထိ အများအပြား ဝယ်ယူခြင်းဖြစ်သဖြင့် အပေါ်က အဆာပလာများကို သုံးမျိုးထဲ ရွေးချယ်နေစရာ မလိုတော့ချေ။ ပန်းကန်တစ်ခုတွင် ရေခဲမုန့် သုံးလုံး ထည့်သွင်းထားပြီး ၎င်းအပေါ်မှ အဆာပလာငါးမျိုးလုံးကို အလွှာလိုက် ဖြူးပေးထားရာ တန်ဖိုးကြီးပစ္စည်းတစ်ခုကဲ့သို့ လှပလှပေ၏။

အစေခံမလေးများသည် ရေခဲမုန့်များ အရည်ပျော်သွားမည် စိုးရိမ်သဖြင့် ပန်းကန်များကို တစ်ခုပြီးတစ်ခု အလျင်အမြန် လှမ်းယူကာ သခင်များထံသို့ အပြေးအလွှား သွားရောက် ပို့ဆောင်ပေးကြတော့သည်။

ယင်ကျီသည် ငွေများကို သိမ်းဆည်းကာ သခင်ကြီးကျောက်ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် လှေငယ်သည် တရွေ့ရွေ့ ထွက်ခွာသွားခဲ့၏။

“နေဦး”

ရုတ်တရက်ဆိုသလို သခင်ကြီးကျောက် အပြေးအလွှား ထွက်လာပြီး လှမ်းအော်လိုက်သည်။

“မသွားကြနဲ့ဦး”

“သူ နောင်တရသွားတာများလား”

ရှောင်ဟူ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“ငါတို့ ပြန်သွားကြည့်ရအောင်” ယင်ကျီ လှေသမားကို ကမ်းနားသို့ ပြန်ကပ်ခိုင်းလိုက်သည်။

“သခင်ကြီးကျောက် ဘာများ အဆင်မပြေတာ ရှိလို့လဲဟင်”

သခင်ကြီးကျောက်သည် ပန်းကန်ပြားတစ်ခုကို ကိုင်ဆောင်ထားဆဲဖြစ်သော်လည်း ၎င်းမှာ ဗလာဖြစ်နေလေသည်။

သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါမှသာ သူ့နှုတ်ခမ်းမွှေးပေါ်တွင် ခရမ်းရောင်သန်းနေသော ရေခဲချောင်းအကြွင်းအကျန်များ ပေကျံနေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရ၏။

“တကယ့်ကို မွှေးတယ်”

သခင်ကြီးကျောက် နှုတ်ခမ်းများကို သပ်လိုက်ရင်း ပြောတော့၏။

“အရသာရှိလွန်းလို့တယ်။ ဒီရေခဲချောင်းထက် ပိုပြီး အရသာရှိတဲ့အရာကို ငါ ရှာလို့တောင် မရတော့ဘူး။ ငါ့ကို နောက်ထပ် ဆယ့်ငါးလုံး ထပ်ပေးဦး”

“ဟုတ်ကဲ့ပါ”

ယင်ကျီက ရွှင်လန်းစွာ ပြန်လည်ထူးလိုက်သည်။

သူမ ဝမ်းသာသွား၏၊ ပို၍ ရောင်းချရလေ ရေခဲမုန့်များ ပျက်စီးဆုံးရှုံးမှုဒဏ် သက်သာလေဖြစ်ပြီး သူတို့လည်း မုန့်ဆိုင်သို့ စောစောပြန်ကာ ညစာ စားနိုင်တော့မည် မဟုတ်လော။

သခင်ကြီးကျောက်၏ အိမ်တော်ကို ဖြတ်သန်းသွားပြီးနောက် ရှေ့တွင် လမ်းသွားလမ်းလာများ မတွေ့ရတော့သဖြင့် သူတို့သည် လှေကို ပြန်လှည့်ကာ ထပ်မံ၍ အော်ဟစ်ရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။

ယခုအချိန်တွင်တော့ လှေသူကြီးသည်လည်း လုံးဝ အံ့သြတကြီး ဖြစ်သွားပြီး ပြောတော့သည်။

“ဒီပစ္စည်းတွေက ဒီလောက်အထိ ရေပန်းစားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး။ တစ်လုံးရောင်းရတာက ငါ့ရဲ့ ရက်ပေါင်းများစွာ လုပ်အားခနဲ့ ညီမျှနေတာပဲ၊ မင်းတို့ ငါ့ကို ဒီပစ္စည်းတွေ ဘယ်ကရလဲဆိုတာ မပြောပြချင်ဘူးလား။ မနက်ဖြန်ကျရင် ငါ လှေမလှော်တော့ဘူး။ မင်းတို့အနောက်က လိုက်ပြီးတော့ ဒီပစ္စည်းတွေကို ကူညီရောင်းပေးမယ်”

ရှောင်ဟူ: “အပြင်မှာ ဒီပစ္စည်းကို လုံးဝ ရှာမရနိုင်လို့သာ ဒီလောက်အထိ စျေးကြီးနေရတာပေါ့”

All Chapters