အခန်း (၂၈၅-၂၈၆)
Vol. 29 Ch. 285-286
အခန်း (၂၈၅)
တမူထူးခြားခြင်း
လှေသမားသည် သူတို စီးပွားရေး လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပြီး အပြင်လူကို ပိုက်ဆံရှာမည့်လမ်း မပြောပြချင်၍ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
“အပြင်မှာ ရှာလို့မရဘဲ မင်းတို့ သခင်အိမ်မှာပဲ ရှိတဲ့ ပစ္စည်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲကွ။ ညီလေး မင်း ငါ့ကို မပြောပြတာကို ငါ မပြစ်တင်ပါဘူး၊၊ ဒါပေမဲ့ လူကိုလိမ်တာတော့ မကောင်းဘူးနော်”
ကွေ့ရှန့် ကျယ်လောင်စွာ ပြန်လည်အော်ဟစ်လိုက်၏။ “ကျွန်တော်က ဘာလို့ ဦးလေးကို လိမ်ရမှာလဲ။ သူဌေးမဟွာဆီက ပစ္စည်းတိုင်းက ပြိုင်ဘက်ကင်း တွေချည်းပဲ”
ယင်ကျီ သူ့ကို ဆွဲလိုက်ရင်း ပြောလိုက်၏။
“သူဌေးမဟွာ ပြောဖူးတယ်။ ယုံကြည်ချင်တဲ့သူက ယုံကြည်လိမ့်မယ်။ ကိုယ့်ဘာကိုယ် လိုက်ပြီး သက်သေပြနေစရာ မလိုဘူးတဲ့”
အပြန်လမ်းတွင် ရှောင်ဟူသည် သူ့စွမ်းဆောင်ရည်အားလုံးကို ထုတ်သုံးရန် ပြင်ဆင်ထားပြီး လူအများ အာရုံစိုက်လာစေရန် ကျွမ်းအချို့ ထပ်မံထိုးပြပြီး သိုင်းကွက်အချို့ ကပြရန် ကြံရွယ်ထား၏။ သို့သော်လည်း မြစ်ကမ်းဘေးတွင် လူအမြောက်အမြား စုရုံးရောက်ရှိနေကြလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
“သူတို့ လာကြပြီဟေ့။ သူတို့ လာကြပြီ”
ကမ်းနားက တစ်စုံတစ်ဦးက လှမ်း၍ အော်ဟစ်လိုက်၏။ “လှေသမားရေ၊ ဒီဘက်ကို လှေလေး နည်းနည်းလောက် ကပ်ပေးပါဦး”
“မင်းတို့ ရေခဲမုန့် လာရောင်းတာ မဟုတ်လား”
ယင်ကျီ ခေါင်းညိတ်ပြလိုက်၏။
လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ လှေပင် မရပ်ရသေးမီမှာပင် သက်ကြီးရွယ်အို အထိန်းတော်ကြီးတစ်ဦးက ရှေ့သို့ တိုးထွက်လာပြီး ပြောတော့၏။
“ငါတို့ဖြင့် မင်းတို့အပြန်ကို မနည်း စောင့်လိုက်ရတယ်” ထိုသို့ ဆိုကာ လှေအစွန်းကို လှမ်းကိုင်၍ လှေကို တည်ငြိမ်အောင် ကူညီပေးလိုက်သည်။
“ခုနက ငါတို့အိမ်က သခင်လေး ရေခဲမုန့်ကို မြည်းစမ်းကြည့်ပြီးတော့ မဝသေးလို့ဆိုပြီး အခု ထပ်လိုချင်လို့ ငိုယိုပြီး ပူဆာနေလို့ပါ”
ယင်ကျီ စကားမပြောရသေးမီမှာပင် လူအုပ်ထဲက အခြားလူများကလည်း လှမ်း၍ အော်ဟစ်ကြပြန်၏။
“ငါတို့ သခင်မကလည်း စားရတာ မဝသေးဘူးဖြစ်နေလို့။ မြန်မြန်... မြန်မြန်... ပိုပြီး ဝယ်ခဲ့ဖို့ မှာလိုက်တယ်”
“မြန်မြန်လုပ်ပါ၊ ရာသီဥတုက ပူလွန်းလို့ ငါတို့သခင်ကို စိတ်မရှည်အောင် မလုပ်ပါနဲ့”
ယင်ကျီ ဤမြင်ကွင်းကြောင့် မှင်တက်သွား၏။ လူအများက ပိုမို၍ တိုက်တွန်းလာကြသည့်အခါ သူမ သတိပြန်ဝင်လာပြီး ပြောလိုက်သည်။
“ကောင်းပါပြီရှင့်၊၊ အားလုံးပဲ မလောကြပါနဲ့၊ ကျေးဇူးပြုပြီး တန်းစီပြီး တစ်ယောက်ချင်းစီ ဝယ်ပေးကြပါရှင့်”
သူမ စကားပြောပြီးသည်နှင့် လူအုပ်ထဲမှ အစေခံလူငယ်တစ်ဦးက တိုးဝှေ့ထွက်လာသည်။
“ဟို ရေခဲမုန့်ရောင်းတဲ့ ကောင်မလေး။ ငါ့သခင်က အုန်းသရက်သီးအရသာ တစ်ဗူးလုံးကို အပြတ်ဝယ်မယ်လို့ မှာလိုက်တယ်”
ဖောင်းပွနေသော ငွေအိတ်ကြီးတစ်အိတ်ကို ယင်ကျီ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။ ထိုအစေခံလူငယ်သည် ယင်ကျီ၏ ပြန်လည်ဖြေကြားမှုကိုပင် မစောင့်ဆိုင်းတော့ဘဲ သူ့အဖော်များကို လှေပေါ်က ရေခဲမုန့်ဘူး မယူရန် အချက်ပြလိုက်တော့သည်။
အခြားလူများ စိတ်အနှောင့်အယှက် ဖြစ်သွားကြပြီး ဝေဖန်ကြတော့သည်။
“ဟေး၊ မင်းတို့ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ မင်းတို့အားလုံး ယူသွားရင် ငါတို့အတွက် ဘာကျန်တော့မှာလဲ”
အစေခံလူငယ် တရားသဖြင့်ဟန်ဖြင့် ပြန်ပြော၏။
“ဒီရေခဲမုန့်က ရောင်းဖို့ မဟုတ်ဘူးလား။ ငါပေးတဲ့ ငွေတေးကကော မလောက်ဘူးလား။ တစ်ဖက်က ရောင်းနိုင်တယ်၊ တစ်ဖက်က ဝယ်ချင်တယ်။ မင်းတို့က ဘာလို့ လာပြီး အော်ဟစ်နေရတာလဲ”
အစေခံမလေးတစ်ဦး ပြော၏။
“ငါတို့ သခင်မလေးက ပြောတယ်။ သူဌေးမဟွာရဲ့ ပစ္စည်းတွေက အရေအတွက် ကန့်သတ်ချက် ရှိတယ်တဲ့။ နင်တို့ တစ်ခါတည်းနဲ့ ဒီလောက်အများကြီး ဝယ်လို့မရဘူး”
“အဲဒါက ဆိုင်ထဲမှာလေ၊ ဒီမှာ အရေအတွက် ကန့်သတ်ထားတယ်လို့ မပြောထားဘူး”
သူ ယင်ကျီကို လှည့်မေးလိုက်၏။ “မင်း ကန့်သတ်ထားတယ်လို့ ပြောလို့လား”
ယင်ကျီ ဝေခွဲမရဖြစ်သွားကာ ဖြေလိုက်သည်။
“အဲဒါတော့ မဟုတ်ပါဘူး…”
အစေခံလူငယ် ဂုဏ်ယူဝင့်ကြွားစွာ ပြောတော့သည်။ “တွေ့လား၊ ဖယ်ကြ၊ ဖယ်ကြ၊ ငါ့သခင်က အိမ်မှာ စောင့်နေတယ်”
လူတိုင်း ဆွံ့အသွားကြရပြီး မည်သူမျှ သူ့ကို မတားဆီးကြတော့ချေ။
ထိုလူအနည်းငယ်သည် ရေခဲမုန့်များကို သူတို့ ယူဆောင်လာသော သေတ္တာကြီးများထဲသို့ ပြောင်းထည့်လိုက်ကြပြီး လူနှစ်ဦးက မထမ်း၍ ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင်မှ အချို့က သတိဝင်လာပြီး ကိုယ့်အဖော်ကို ပြောလိုက်၏။ “ငါ ဒီမှာ တန်းစီစောင့်နေမယ်။ မင်း အိမ်တော်ကို အမြန်ဆုံးပြန်ပြီး သခင်မကို ရေခဲမုန့် တစ်ဘူးလုံး အပြတ်ဝယ်ချင်သလားဆိုတာ သွားမေးချေ”
အသံမှာ မတိုးလှသဖြင့် ဘေးကလူများကို အလင်းပြလိုက်သကဲ့သို့ ဖြစ်သွားပြီး လူအများအပြား အိမ်တော်သို့ အလုအယက် ပြန်ပြေးကြတော့၏။
ယင်ကျီနှင့် ရှောင်ဟူတို့ တစ်ဦးက ရေခဲမုန့်ခပ်ပေးပြီး တစ်ဦးက ငွေသိမ်းရသဖြင့် အလွန် အလုပ်ရှုပ်သွားကြရသည်။
ဤအချိန်တွင် လူအချို့မှာ ငွေအိတ်များကို အမြင့်သို့ မြှောက်ကိုင်ရင်း တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြသည်။
“ဖယ်ကြစမ်း၊ ငါ တစ်ဘူးလုံး အပြတ်ဝယ်မယ်”
“ငါလည်း အပြတ်ဝယ်မယ်၊ ငါက မက်မွန်သီးအရသာကို လိုချင်တယ်”
“ငါလည်း မက်မွန်သီးအရသာကို လိုချင်တာ”
“ဒီမှာ တစ်ဘူးပဲ ကျန်တော့တာကို၊ မင်းတို့ ငါ့လက်ထဲကနေ ဗြောင်ကျကျ လုယူမလို့လား”
“ဘယ်လိုလုပ် လုတာဖြစ်ရမှာလဲ။ ငါက မင်းအရှေ့မှာ တန်းစီနေတာလေ။ မင်းအလှည့် မဟုတ်သေးဘူး”
“ငါ့သခင်က လှေပိုင်ရှင် သခင်ကြီးစွန်းပဲ၊ ဘီဘိုမြစ်တစ်လျှောက်လုံးက လှေတွေအားလုံးက ငါ့သခင်ရဲ့ ဥစ္စာတွေချည်းပဲ။ ဒါဆိုရင် ငါ့အလှည့် ဟုတ်မဟုတ် မင်း စဥ်းစားကြည့်ပေါ့”
“ငါတို့သခင်ကတော့ ကျိရှီထန်ဆေးခန်းရဲ့ ပိုင်ရှင်ပဲ။ မင်းတို့သခင်တောင် နှစ်သစ်မကူးခင်တုန်းက ငါတို့သခင်ဆီမှာ ဆေးလာတောင်းဖူးသေးတယ်။ မင်းက ဒီရေခဲမုန့်ဘူးကို ငါ့ကို ပေးလိုက်မယ်ဆိုရင် ငါ့သခင်က မင်းတို့သခင်ကို အကြွေးတစ်ခု တင်သွားစေရမယ်”
နှစ်ဦးသား အပြန်အလှန် ငြင်းခုံနေကြပြီး မည်သူမျှ အလျှော့မပေးလိုကြချေ။ ထိုအချိန်တွင် လူအုပ်ကြီး၏ အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “အားလုံးပဲ ဖယ်ပေးကြပါဦး။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဌာနရဲ့ စစ်သေနာပတိချုပ်က ရေခဲမုန့် တစ်ဘူးအပြတ်ဝယ်ဖို့အတွက် အထူး မှာကြားလိုက်လို့ပါ”
ဤနေရာသို့ ရောက်ရှိလာသည့်အခါတွင်မူ လူတိုင်း ချက်ချင်း ငြိမ်သက်သွားကြပြီး သဘောတူစွာ လမ်းဖယ်ပေးလိုက်ကြတော့သည်။
လူတန်း၏ အရှေ့ဆုံးက လူများတွင် ကန့်ကွက်စရာ မရှိတော့သည်ကို မြင်ရသဖြင့် ယင်ကျီသည် ကျန်ရှိနေသော မက်မွန်သီးအရသာ ရေခဲမုန့်တစ်ဘူးလုံးကို ရောင်းချလိုက်သည်။
ယခုအခါ ရေခဲမုန့် ဘူးကြီးတစ်ဘူးသာ ကျန်ရှိတော့သဖြင့် သက်ကြီးရွယ်အို အထိန်းတော်ကြီးတစ်ဦး လူတိုင်းကို တားဆီးကာ ပြောလိုက်သည်။
“မငြင်းကြနဲ့တော့၊ မြန်မြန်လုပ်ကြ။ အားလုံး တစ်ယောက်ကို တစ်လုံးစီပဲ ဝယ်ကြရအောင်။ မဟုတ်ရင် ငါတို့ ဆက်ပြီး ငြင်းခုံနေကြရင် နောက်ဆုံး ဘယ်သူမှ ရတော့မှာမမဟုတ်ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သမီးလေး မြန်မြန်လုပ်ပါ၊ အချိန် သိပ်မဆွဲပါနဲ့ဦး။ နောက်ထပ် အရာရှိကြီးတစ်ယောက် ထပ်ရောက်လာရင် ငါတို့တွေ တစ်စက်ကလေးတောင် ရတော့မှာ မဟုတ်ဘူး”
“မြန်မြန်... မြန်မြန်”
ယင်ကျီနှင့် ရှောင်ဟူတို့ အလောတိုက်ခြင်းခံရသဖြင့် ခေါင်းပင်ပူသွားရပြီး အလျင်အမြန် ခေါင်းငိုက်စိုက်ချကာ ရေခဲမုန့်များကို ခပ်ပေးကြတော့သည်။
ဘူးထဲတွင်လည်း အများကြီး မကျန်တော့သဖြင့် အလုံးရေ ဆယ်ဂဏန်းမျှသာ ရောင်းချလိုက်ရပြီးနောက် လုံးဝ ကုန်စင်သွားတော့သည်။
တန်းစီနေသော လူများစွာ ကျန်ရှိနေသေးသော်လည်း အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ယင်ကျီ သူတို့ကိုသာ အနူးအညွတ် တောင်းပန်လိုက်ရတော့၏။
လူအုပ်ကြီးထဲတွင် သက်ပြင်းချသံများဖြင့် ပြည့်နှက်သွားပြီး တဖြည်းဖြည်းချင်း လူစုကွဲသွားခဲ့ကြသည်။
ဤအချိန်တွင် တစ်စုံတစ်ဦးက ယင်ကျီကို မေးမြန်းလိုက်၏။
“သမီးတို့ မနက်ဖြန် လာဦးမှာလား”
ယင်ကျီ ရေခဲသိုလှောင်ရုံ ထဲတွင် ကျန်ရှိနေသေးသော ပမာဏကို စဥ်းစားလိုက်ပြီး ခေါင်းညိတ်ပြ၏။
“မနက်ဖြန်တော့ လာပါဦးမယ်။ ဒါပေမဲ့ သဘက်ခါကျရင်တော့ မသေချာတော့ဘူး။ ပစ္စည်း သိပ်မကျန်တော့လို့ပါ၊ ပြီးတော့ သူဌေးမဟွာ နောက်ထပ် ဘာပစ္စည်းတွေ ထပ်သွင်းဦးမလဲဆိုတာ ကျွန်မလည်း မသိသေးလို့ပါ”
ပစ္စည်း သိပ်မကျန်တော့ကြောင်း ကြားရသောအခါ ထိုသူက အလျင်အမြန် ပြော၏။
“ဒါဆိုရင် ငါ မနက်ဖြန် မုန့်ဆိုင်ကိုပဲ သွားမယ်၊ ဆိုင်ဖွင့်တာနဲ့ ချက်ချင်း ဝယ်လိုက်ရင်ကော ပိုပြီး မြန်မလား”
ယင်ကျီ
“ရေခဲမုန့်က မုန့်ဆိုင်မှာ မဟုတ်ပါဘူး။ နျန်ဟွာရွာ ထဲက ရေခဲသိုလှောင်ရုံထဲမှာ ရှိတာပါ”
“ဒါဆိုရင် ကွက်တိပဲပေါ့၊၊ ငါ အခုပဲ မင်းတို့နဲ့အတူ ရွာကို လိုက်ခဲ့မယ်။ ငါ့ကို ရောင်းပေးဖို့ စိတ်မရှိပါနဲ့”
ယင်ကျီ ခဏတာမျှ တွေးတောလိုက်ပြီး ပြောလိုက်၏။
“ရပါတယ်၊၊ ကျွန်မတို့လည်း နွားလှည်းသွားယူဖို့ ရွာကို ပြန်တော့မှာပါ”
သူတို့သည် ဆုံတွေ့မည့်နေရာကို သဘောတူညီလိုက်ကြပြီးနောက် ယင်ကျီတို့ လှေဖြင့် ပြန်လာခဲ့ကြတော့သည်။
လှေခပေးချေပြီးနောက် လှေသမား စိတ်အားထက်သန်စွာ ပြောလိုက်၏။ “သမီးတို့က အလုပ်လုပ်တဲ့နေရာ ကျွမ်းကျင်တာပဲ။ နောင်ကျရင် ပစ္စည်းလာရောင်းဦးမယ်ဆိုရင် ငါ့ကို သတိရပါဦးနော်။ ငါ့လှေက ဒီနေရာမှာပဲ အမြဲရှိနေတာ၊ ငါ့ကို အဘပန်လို့ပဲ ခေါ်လိုက်ပါ”
ယင်ကျီနှင့် ရှောင်ဟူတို့ လေးလံလှသော ငွေအိတ်ကြီးများကို သယ်ဆောင်ကာ မုန့်ဆိုင်သို့ ပြန်ရောက်လာကြပြီး သုံးဦးသား ယနေ့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ဟွာကျွင်းကို ပြောပြကြတော့သည်။
ဟွာကျွင်းသည် ဖြစ်ပျက်ခဲ့သမျှကို ကြားရပြီးနောက်ရယ်မောလိုက်မိ၏။
“မင်းတို့ တကယ့်ကို ပါးနပ်တာပဲ။ စျေးဝယ်သူတွေရဲ့ အာရုံစိုက်မှုကို ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးတတ်ကြတယ်။ ဒါပေမဲ့ မကောင်းတဲ့ အချက်တစ်ချက်တော့ ရှိတယ်”
ဟွာကျွင်း ရှောင်ဟူ၏ ပုခုံးကို ပုတ်လိုက်ရင်း ပြော၏။ “ကုန်းပတ်ပေါ်မှာ ဂျွမ်းထိုးတာက အရမ်း အန္တရာယ်များလွန်းတယ်။ ပြီးတော့ ရာသီဥတုကလည်း ဒီလောက်အထိ ပူပြင်းနေတာကို။ တကယ်လို့ ရေဓာတ်ခမ်းခြောက်ပြီး အပူလျှပ်သွားရင် ဘယ်လိုလုပ်မလဲ။ နောက်နောင် ဒါမျိုး လုံးဝ မလုပ်ရဘူးနော်”
ရှောင်ဟူ: “သူဌေးမဟွာ စိတ်မပူပါနဲ့၊ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် ကိုယ့်ဘာကိုယ် သိပါတယ်”
“ဒါပေမဲ့လည်း လုံးဝ မလုပ်ရဘူး”
ဟွာကျွင်း တည်ကြည်သော မျက်နှာထားဖြင့် ပြော၏။ “ရေခဲမုန့် မရောင်းရလည်း ကိစ္စမရှိဘူး၊၊ ငါတို့မှာ ဒီလောက်အထိ ငွေမလိုပါဘူး။ လူတစ်ယောက်ရဲ့ ကျန်းမာရေးကသာ အဓိက အကျဆုံးပဲ၊ နားလည်လား”
ရှောင်ဟူ ခဏတာမျှ စဥ်းစားလိုက်ပြီး မေးလိုက်သည်။ “ဒါက စိမ်းလန်းတဲ့ တောင်တန်းကြီး ရှိနေသရွေ့တော့ ထင်းအတွက် ပူစရာမလိုဘူးဆိုတဲ့ သဘောလား”
ဟွာကျွင်း ခေါင်းညိတ်လိုက်၏။ “မှန်တယ်၊ အဲဒါပဲပေါ့”
မာဟွေး အပြေးအလွှား ဝင်ရောက်လာပြီး လှမ်းပြော၏။ “ဘာတွေဖြစ်နေတာလဲ၊ လူအချို့က ရေခဲသိုလှောင်ရုံရဲ့ အဝင်ဝမှာ ပိတ်ဆို့ပြီး ရေခဲမုန့်တွေ ဝယ်မယ်ဆိုပြီး လာပြီး အော်ဟစ်နေကြတယ်”
ယင်ကျီသည် သူမ နဖူးကို ရိုက်လိုက်ရင်း ပြောလိုက်သည်။
“သမီး ဒါကို တကယ်ပဲ မေ့သွားတာ”
သူမက ဟွာကျွင်းကို အလျင်အမြန် ရှင်းပြလိုက်၏။ “မိသားစုအချို့က ရေခဲမုန့် မရလိုက်ကြလို့။ သမီး သူတို့ကို သမီးတို့ရဲ့ ရေခဲသိုလှောင်ရုံကို လာပြီး ယူလို့ရတယ်လို့ ပြောလိုက်မိတယ်”
ဟွာကျွင်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် ငါတို့ သွားကြည့်ကြတာပေါ့”
ရေခဲသိုလှောင်ရုံကို ဖွင့်လှစ်လိုက်စဉ် အတွင်း၌ ရေခဲမုန့် လေးဘူးသာ ကျန်ရှိတော့သည်။ ယင်ကျီသည် အဝင်ဝတွင် ရပ်နေသော လူခြောက်ဦးကို ကြည့်ကာ အနည်းငယ် အခက်တွေ့သွား၏။
သူမ အစီအစဥ်မှာသည် မနက်ဖြန် မြို့ထဲတွင် သွားရောက်ရောင်းချရန်အတွက် သုံးဘူး ချန်ထားခဲ့ပြီး ယနေ့ညတွင်တော့ တစ်ဘူးကိုသာ ခွဲခြား၍ ရောင်းချရန် ဖြစ်သည်။
ထိုလူများမှာ ပါးနပ်လှသူများ ဖြစ်ကြ၏။ ယင်ကျီ၏ ဝေခွဲမရဖြစ်နေသော အမူအရာကို မြင်ရုံနှင့် သူတို့သည် သူမ အစီအစဥ်ကို ခန့်မှန်းမိကြသည်။ သူတို့သည် အဝေးကြီးကနေ လာခဲ့ကြရခြင်းဖြစ်ရာ ရေခဲမုန့် အလုံးအနည်းငယ်မျှသာ ဝယ်ယူပြီး မပြန်ချင်ကြပေ။
သူတို့ထဲက တစ်ဦး အလျင်အမြန်ပင် ငွေအိတ်တစ်အိတ်ကို လှမ်းချလိုက်ရင်း ပြောလိုက်၏။
“သမီးလေး ကိုယ့်ဘာကိုယ် အခက်မတွေ့ပါနဲ့နဲ့တော့။ ငါ ဒီ လေးဘူးလုံးအတွက် ငွေကို အရင် ပေးချေလိုက်ပါ့မယ်။ အပြန်လမ်းကျမှပဲ ငါတို့ ခြောက်ယောက် ဘယ်လိုခွဲဝေကြမလဲဆိုတာ သေသေချာချာ ပြန်ပြီး ညှိနှိုင်းလိုက်ကြပါ့မယ်”
အခန်း (၂၈၆)
စီးပွားရေးအကြောင်း ဆွေးနွေးခြင်း
ထိုလူများသည် စျေးကွက်ထဲတွင် ဝါရင့်နေသည့် လူဟောင်းကြီးများ ဖြစ်ပြီး ယင်ကျီ ငြင်းဆန်ရန် ပြင်ဆင်နေစဉ်မှာပင် ရေခဲမုန့် လေးဘူးလုံးကို အလျင်အမြန် ထုပ်ပိုး၍ မြင်းလှည်းပေါ်သို့ သယ်ဆောင်သွားကြပြီးလေသည်။
ယင်ကျီသည် သူတို့ကို လိုက်လံတားဆီးရန် ကြိုးစားလိုက်သော်လည်း သူတို့ မြင်းလှည်းပေါ်မှနေ၍ လေးနက်စွာ လှမ်းပြောလိုက်သည်။
“သမီးလေး ငွေကိုလည်း လက်ခံပြီးပြီပဲ။ ငါတို့ကို လိုက်ပို့နေဖို့ မလိုတော့ပါဘူး”
ယင်ကျီ မြင်းလှည်းကို လှမ်းကိုင်လိုက်ရင်း အော်ဟစ်လိုက်၏။
“ဟမ်၊ ဘယ်သူက ရှင်တို့ကို လိုက်ပို့နေလို့လဲ။ သမီးပစ္စည်းတွေကို မြန်မြန် ပြန်ပေး၊၊ သမီး တစ်ဘူးပဲ ရောင်းမှာ”
မော့ချွမ်း ထိုနေရာသို့ အမှတ်မထင် ဖြတ်လာပြီး ယင်ကျီကို လှမ်း၍ ဆွဲလိုက်ကာ မေးမြန်းလိုက်၏။
“မင်း ဘာလုပ်နေတာလဲ”
ထိုလူသည် ယင်ကျီ တားဆီးခြင်းခံရသည်ကို မြင်သောအခါ မြင်းလှည်းကို အလျင်အမြန်ပင် မောင်းနှင်ထွက်ခွာသွားတော့၏။
မြင်းလှည်းကြီး တရွေ့ရွေ့ ဝေးကွာသွားသည်ကို ကြည့်ကာ ယင်ကျီသည် စိတ်လှုပ်ရှားစွာ ခြေဆောင့်ရင်း အော်သည်။ “အစ်ကိုကြီးမော့ ကျွန်မကို ကူညီပြီး သူတို့နောက်ကို မြန်မြန် လိုက်ဖမ်းပေးပါဦး။ သူတို့ ရေခဲမုန့်တွေအကုန်လုံးကို ဝယ်သွားကြပြီ”
မော့ချွမ်း: “ရေခဲမုန့်နည်းနည်းပဲဟာ၊၊ ဒီလောက်အထိ ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး၊ စိတ်မပူပါနဲ့”
ထိုသို့ဆို၍ ယင်ကျီကို မုန့်ဆိုင်သို့ ပြန်ဆွဲခေါ်လာတော့သည်။
ဟွာကျွင်းကို မြင်တွေ့ရသည့်အခါတွင်မူ ယင်ကျီ ရင်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး တိုင်တန်းတော့သည်။
“သူဌေးမဟွာ အဲ့လူတွေက ဘာလို့ ဝံပုလွေတွေ၊ ကျားတွေ၊ သစ်ကျားတွေလိုမျိုး ဖြစ်နေကြတာလဲ။ သမီး သူတို့ကို လုံးဝ တားလို့မရဘူး”
ဟွာကျွင်း ပြုံးလျက် သူမကို အားပေးနှစ်သိမ့်လိုက်၏။ “သူတို့ကို အပြစ်မတင်ပါနဲ့။ သူတို့လည်း သူတို့သခင်အလုပ်ကို လုပ်ပေးနေကြရတာလေ။ တကယ်လို့ အလုပ်ကို သေသေချာချာ မလုပ်နိုင်ရင် အိမ်ပြန်ရောက်တဲ့အခါ ဆူပူကြိမ်းမောင်းခံရနိုင်တယ်၊၊ ဒါကြောင့် သူတို့လည်း မလောဘဲ နေမလဲ”
ယင်ကျီ အံ့သြသွားသည်။ ပစ္စည်းတစ်ခုကို ဝယ်မလာနိုင်ရုံမျှဖြင့် ဆူပူကြိမ်းမောင်းခံရလိမ့်မည်လော။ သူဌေးမဟွာကတော့ တကယ်ကို ပို၍ ကောင်းမွန်လှပေ၏။ သူမသည် ထိုကဲ့သို့သော ကိစ္စရပ်များအတွက် အခြားသူများကို ဘယ်တော့မှ အပြစ်မတင်ချေ။
ဤအချက်ကို တွေးမိသောအခါ သူမ ပြန်လည်ရွှင်လန်းသွားပြီး ပြုံးရွှင်ကာ ငွေအိတ်ကို ဟွာကျွင်းထံ ကမ်းပေးလိုက်သည်။
“သူဌေးမဟွာ ဒါ ဒီနေ့အတွက် ရရှိတဲ့ စုစုပေါင်း ဝင်ငွေပါ”
ဟွာကျွင်းသည် တစ်စုံတစ်ဦးကို စေလွှတ်၍ ရှောင်ဟူနှင့် ကွေ့ရှန့်တို့ကို ပြန်ခေါ်ခိုင်းလိုက်ပြီးနောက် သူမကိုယ်တိုင် မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားတော့သည်။
ယင်ကျီ ရေခဲသိုလှောင်ရုံသို့ သွားနေသည့်အချိန်အတွင်း ဟွာကျွင်း ကြက်ခြေထောက် သုံးချောင်းကို ကင်ထားရာ ယခုအချိန်တွင်တော့ အနေတော် ကျက်နေပြီ ဖြစ်၏။ သူမ သံပြားကို ဖယ်ရှားလိုက်သည့်အခါ အမွှေးအကြိုင်နံ့နှင့် ကြက်သားမွှေးမွှေးလေးစ အနံ့တို့သည် လှိုင်လှိုင်ထွက်ပေါ်လာတော့သည်။
ရွှေဝါရောင်သန်းနေသော ကြက်အရေခွံကင်နှင့် တောက်ပနေသော ကြက်သားလွှာတို့သည် ကြက်ခြေထောက်ကင်တစ်ချောင်း၏ ကြန်အင်လက္ခဏာပင်။
ဟွာကျွင်း ကြွေပန်းကန်ပြားကြီး သုံးပန်းကန်ကို ယူဆောင်လာပြီး ထမင်းများကို ထမင်းပန်းကန်လုံးထဲသို့ ဖိသိပ်ထည့်ကာ ပန်းကန်ပြားများပေါ်သို့ မှောက်ချလိုက်သည်။
ထို့နောက် သူမ ထမင်းပေါ်တွင် ကြက်ခြေထောက်ကင်များကို တင်ပေးလိုက်ပြီး ပြုတ်ထားသော မုန်ညင်းစိမ်း အချို့ကိုလည်း ပန်းကန်ပြား၏ နေရာလွတ်များတွင် အလှဆင်ပေးလိုက်သည်။
မုန်ညင်းစိမ်းများကို ရေနွေးဖျောပြီးနောက် ထမင်းသုံးပန်းကန်ကို ပြင်ဆင်လိုက်ကာ နောက်ဆုံးတွင်တော့ ပြုတ်ထားသော ပြောင်းဖူးစေ့များနှင့် မုန်လာဥနီ အတုံးသေးလေးများကို ဖြူးပေးလိုက်၏။ ထို့နောက် ဟွာကျွင်း ထိုပန်းကန်များကို သူတို့ထံ ယူဆောင်လာသည်။
“ဒီနေ့ အားလုံး ပင်ပန်းသွားကြပြီ။ အရင်ဆုံး စားကြတာပေါ့”
“ဝါး၊ ကြက်ခြေထောက် အကြီးကြီးပဲ”
တစ်နေ့ခင်းလုံး ဆာလောင်နေခဲ့ကြသော ကလေးများသည် မထိန်းချုပ်နိုင်ကြတော့ဘဲ ဘယ်လက်ဖြင့် ကြက်ခြေထောက်ကို ကိုင်ကာ ညာလက်ဖြင့် ထမင်းဇွန်းကို ကိုင်လျက် ပါးစပ်တွင် ဆီများ ပေကျံသည်အထိ အားရပါးရ စားသောက်ကြတော့သည်။
ဟွာကျွင်း ငွေများကို စားပွဲပေါ်သို့ သွန်ချလိုက်ပြီး ပြောလိုက်၏။
“ဒီနေ့ ငါတို့ ဘယ်လောက်အထိ ရလဲဆိုတာ ကြည့်ရအောင်”
“ဒီနေ့ ရေခဲမုန့် စုစုပေါင်း ခုနစ်ဘူး ရောင်းချခဲ့ရတယ်။ သယ်ယူပို့ဆောင်ရေးအတွင်းမှာ ဆုံးရှုံးသွားတဲ့ ပမာဏကို နှုတ်လိုက်ရင် ငါတို့ စုစုပေါင်း ငွေတေးငါးရာ့ရှစ်ဆယ်တေး ရခဲ့တယ်။ ကလေးတို့ တကယ့်ကို တော်ကြပါတယ်”
ဟွာကျွင်း ဦးဆောင်၍ လက်ခုပ်တီးပေးလိုက်ပြီးနောက် ငွေသုံးဆယ်တေးကို ထုတ်ယူလိုက်ကာ သူတို့သုံးဦးကို အညီအမျှ ခွဲဝေပေးလိုက်၏။
“ဒါက သိပ်များလွန်းပါတယ်”
ယင်ကျီ လက်မခံချင်သော်လည်း ဟွာကျွင်း ပြောလ်ိုက်၏။
“ဒီလောက်အထိ ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ ပစ္စည်းတွေကို လိုက်လံရောင်းချနိုင်တာပဲ။ ဒါက ကလေးတို့ ရသင့်ရထိုက်ပါတယ်”
ရှောင်ဟူ:
“ဒါဆိုရင် ကျွန်တော်တို့ မနက်ဖြန် ရေခဲမုန့် ဆက်ပြီး ရောင်းရဦးမလား”
“သေချာပေါက် ရောင်းရမှာပေါ့။ ဒါပေမဲ့ မင်းတို့ အဝေးကြီးအထိ သွားနေဖို့ မလိုတော့ပါဘူး။ ဝယ်ချင်တဲ့ စျေးဝယ်သူတွေက ကိုယ်တိုင် လာကြလိမ့်မယ်။ မင်းတို့ သုံးယောက်က ရေခဲသိုလှောင်ရုံနားမှာပဲ စောင့်နေရင် ရပါပြီ”
ဟွာကျွင်းတွင် အခြားလုပ်ဆောင်စရာ ကိစ္စရပ်များ ရှိနေသေး၏။
သူမသည် စားပွဲပေါ်က ငွေများကို အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ သွား၍ အိတ်ကြီးနှစ်အိတ်ကို ယူဆောင်ကာ မော့ချွမ်းကို လှမ်းခေါ်လိုက်သည်။
“သွားကြစို့။ ကျွန်မတို့ မြို့ထဲကို သွားကြမယ်”
မော့ချွမ်း ဝေခွဲမရဖြစ်သွားပြီး မေး၏။
“ဘာအတွက်လဲ”
“ပိုက်ဆံသွားသုံးမလို့”
သူတို့သည် မော်တော်ဆိုင်ကယ်ကို စီးနင်းကာ မြို့ထဲသို့ ဦးတည်မောင်းနှင်ခဲ့ကြ၏။ မြင်းတစ်ကောင်သို့ ပြောင်းလဲစီးနင်းခဲ့ကြသည်။ သူမ လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြရင်း ပြော၏။
“ကျွန်မတို့ ဟိုဘက်ကို သွားကြမယ်”
ဟွာကျွင်း ဝမ်တွန်ဆိုင်တစ်ဆိုင်၏ အရှေ့တွင် ရပ်လိုက်သည်။ ဆိုင်ပိုင်ရှင်သည် စျေးဝယ်သူများကို မြင်သောအခါ ပျူငှာစွာ ဆီးကြိုနှုတ်ဆက်လိုက်၏။
“အထူးဧည့်သည်တော်နှစ်ဦး ဝမ်တွန်မုန့်တစ်ပွဲလောက် သုံးဆောင်ချင်ပါသလား”
ရာသီဥတု ပူပြင်းလှသဖြင့် ဆိုင်ပိုင်ရှင်သည် နေ့ခင်းဘက်တွင် ဆိုင်မဖွင့်ရဲဘဲ ညဘက် လေအေးလာသည့်အချိန်မှသာ ဆိုင်ကို စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ဆိုင်ဖွင့်လှစ်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း လမ်းသွားလမ်းလာ စျေးဝယ်သူ နည်းပါးလှသဖြင့် သူ့မိသားစု စားဝတ်နေရေးသည် အခက်အခဲနှင့် ကြုံတွေ့နေရပြီ ဖြစ်၏။
ဟွာကျွင်းနှင့် မော့ချွမ်းတို့ ထိုင်လိုက်ကြပြီး ဝမ်တွန်မုန့်တစ်ပွဲကို မှာယူလိုက်ကာ မေးလိုက်သည်။
“ဆိုင်ရှင်ကြီး ဒီလောက်အထိ ပူတဲ့ ရာသီဥတုမျိုးမှာ စီးပွားရေး ကောင်းရဲ့လား”
ဆိုင်ပိုင်ရှင်သည် စိတ်မကောင်းသော အမူအရာဖြင့် ဖြေလာ၏။
“ဘယ်မှာ ကောင်းမှာလဲဗျာ။ ဒီလောက်အထိ ပူတဲ့ ရာသီဥတုမျိုးမှာ လမ်းသွားလမ်းလာ နည်းရုံတင်မကဘူး။ လမ်းလျှောက်သူ ရှိနေရင်တောင် ဒီလောက်အထိ ပူပြင်းတဲ့ ဝမ်တွန်မုန့်ကို ဘယ်သူမှ မစားချင်ကြဘူးလေ”
ဟွာကျွင်း:
“ကျွန်မ ဦးလေးနဲ့ စီးပွားရေးတစ်ခု ဆွေးနွေးချင်လို့ပါ” သူမက ငွေတစ်တေးကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်ရင်း ပြော၏။
“ဒီငွေတစ်တေးက ဦးလေးကို ပေးတာပါ။၊ ကျွန်မကို ဦးလေးရဲ့ ဆိုင်နေရာကို ခဏလောက် သုံးခွင့်ပြုပါ”
ဆိုင်ပိုင်ရှင်သည် တစ်ဝက် ယုံကြည်နိုင််၏၊ ဤမျှအထိ ကောင်းမွန်သောအရာ အဘယ်က ရောက်ရှိလာရသနည်း။ စီးပွားရေး အကောင်းဆုံး ရာသီမျိုးတွင်ပင် သူသည် တစ်နေ့ ငွေတစ်တေး မရရှိနိုင်ချေ။
“မိန်းကလေး ပြောတာ တကယ်ပဲလား”
ဟွာကျွင်း ခေါင်းညိတ်ပြ၏။
“ဦးလေး ကျွန်မကို အလုပ်တစ်ခု ကူညီလုပ်ပေးဖို့ပဲ လိုပါတယ်”
သူမ တိုင်းရင်းဆေးပင် အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ရင်း ပြော၏။ “ဒါက အပူဒဏ် သက်သာစေမဲ့ ဆေးရည်ထုပ်ပါရှင်။ ဦးလေးအနေနဲ့ ဆိုင်အဝင်ဝမှာ ရေအိုးကြီးတစ်လုံး ချထားပေးပြီး၊ ဒီဆေးထုပ်ကို ပြုတ်ပြီးတော့ လမ်းသွားလမ်းလာတွေ အလကား သောက်သုံးနိုင်ဖို့အတွက် ရေအိုးကြီးထဲကို ထည့်ပေးထားဖို့ လိုပါတယ်”
ဆိုင်ပိုင်ရှင် လုံးဝ မှင်တက်သွားရသည်။ ခဏတာမျှ တွေးတောလိုက်ပြီးနောက် သူ နားလည်သွားခဲ့ရသည်။ “မိန်းကလေး ကုသိုလ်ကောင်းမှု လုပ်နေတာလား”
ဟွာကျွင်းက ပြုံးလျက် ဖြေ၏။
“ကုသိုလ်ကောင်းမှုသက်သက်တော့ မဟုတ်ပါဘူး။ ဒါက ပြည်သူ့တွေဆီကရတဲ့ ဥစ္စာကို ပြည်သူ့အတွက် ပြန်အသုံးပြုပေးတာပါ”
ဆိုင်ပိုင်ရှင် အခက်အခဲရှိဟန်ဖြင့် ပြောလိုက်သည်။ “ငါ သဘောတူပါတယ်။ ဒါပေမဲ့ ငါ့မှာ ဒီလောက်အများကြီး သုံးဖို့ ရေမရှိဘူး”
“ဒါက ကိစ္စမရှိပါဘူး”
သူမ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။
“ဦးလေး ဒီစာရွက်ကို ယူသွားပါ၊ ညနေ ၇ နာရီကနေ ၁၁ နာရီအတွင်းမှာ မြို့ပြင်က ဟွာကျွင်းမုန့်ဆိုင်ရဲ့ အဝင်ဝကို သွားပြီးတော့ ရေကို အလကား သွားယူပါ”
သူမ ထပ်မံ၍ မှာကြားလိုက်၏။
“ဦးလေးအနေနဲ့ ရေကို ကိုယ်တိုင် သွားရောက် သယ်ယူဖို့ လိုပါတယ်”
၎င်းသည် သူ့အတွက် မခက်ခဲလှချေ။ မည်သည့်ဆိုင်ပိုင်ရှင်မဆို လက်တွန်းလှည်းတစ်စီးစီ အဆင်သင့် ရှိကြသည် မဟုတ်ပါလော။
ငွေလည်း ရရှိသလို ရေကိုလည်း အလကား ရရှိဦးမည် ဖြစ်ရာ သူလုပ်ဆောင်ရန်မှာ ဆေးကို ပြုတ်ရန်နှင့် ဆိုင်အဝင်ဝက ရေအိုးကြီးထဲတွင် ရေပြတ်မသွားစေရန်အတွက်သာ ဖြစ်၏။ ၎င်းသည် လွယ်ကူလွန်းလှသဖြင့် သူ ချက်ချင်းပင် သဘောတူလိုက်တော့သည်။
ခဏတာမျှ စဥ်းစားလိုက်ပြီးနောက် သူ ဟွာကျွင်းအား မေးလိုက်သည်။
“ငါ မိန်းကလေးရဲ့ငွေကို ယူပြီးတော့ ဆိုင်အဝင်ဝမှာ ရေအိုး ချမထားရင်ကော သမီး မကြောက်ဘူးလား”
ဟွာကျွင်း မတ်တတ်ရပ်လိုက်ပြီး ပြော၏။
“အဲ့လို ဖြစ်လာခဲ့ရင်လည်း ကျွန်မ ဘာမှ မတတ်နိုင်ပါဘူး။ ကျွန်မရဲ့ ကံကြမ္မာလို့ပဲ သတ်မှတ်လိုက်ရမှာပေါ့”
သူမက ရှေ့သို့ စိုက်ကြည့်ရင်း ဆက်ပြော၏။
“ဒါပေမဲ့ ဆိုင်ဆယ်ဆိုင်မှာ ငါးဆိုင်လောက် ကတိတည်မယ်ဆိုရင်ပဲ ကျွန်မ ကျေနပ်ပါပြီ”
စကားပြောပြီးနောက် သူမနှင့် မော့ချွမ်းတို့ ထွက်သွားကြရာ အနောက်ဘက်မှ ဆိုင်ပိုင်ရှင် လှမ်း၍ အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
“စိတ်မပူပါနဲ့ မိန်းကလေး။ ငါ ကတိတည်ပါတယ်”
ဟွာကျွင်းသည် မော့ချွမ်းထံ ငွေတစ်ဝက်ကို ကမ်းပေးလိုက်ရင်း ပြောလိုက်၏။
“ကျွန်မတို့ လမ်းခွဲပြီးတော့ မီတာနှစ်ရာ တိုင်းမှာ အပူဒဏ်သက်သာစေမဲ့ ဆေးရည်အိုးတစ်လုံးစီ ရှိနေစေဖို့ သွားစီစဥ်ကြရအောင်”
“ကောင်းပြီ။ နောက်ထပ် နှစ်နာရီကြာရင် မြို့တံခါးဝမှာ ပြန်ဆုံကြတာပေါ့”
မော့ချွမ်း ပြန်ပြောလိုက်သည်။
နှစ်ဦးသား လမ်းခွဲလိုက်ကြပြီး တွေ့သမျှဆိုင်ကို လိုက်လံမေးမြန်းကြတော့သည်။ အကယ်၍ လမ်းဘေးဆိုင် မရှိလျှင် လမ်းပေါ်က ဈေးဆိုင်ကြီးများကို ဝင်ရောက် မေးမြန်းကြသည်။
တစ်လမ်းလုံး လိုက်လံမေးမြန်းပြီးနောက် ဆိုင်ပိုင်ရှင်အများစု ဤသဘောတူညီချက်ကို လက်ခံကြပေ၏။ သို့သော်လည်း ထိုဆိုင်ပိုင်ရှင်များတွင် ကိုယ်ကျိုးရှာလိုစိတ် မရှိဟုတော့ အာမ မခံနိုင်ချေ။ အထူးသဖြင့် ဤကဲ့သို့သော ခက်ခဲလှသည့် အချိန်မျိုးတွင် ရေသည် အဖိုးတန်ဆုံးသော အရင်းအမြစ် ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ဟွာကျွင်း ပြောသလိုပင် ဆိုင်ဆယ်ဆိုင်တွင် ငါးဆိုင်မျှသာ သူတို့ကို ကူညီရန် လိုလားကြလျှင် ၎င်းက လူအများအတွက် အဆင်ပြေချောမွေ့မှုကို ဆောင်ကြဉ်းပေးနိုင်ပြီ ဖြစ်သည်။
ဆိုင်သို့ ပြန်ရောက်သည့်အခါ ဟွာကျွင်း နူးညံ့သော ရေပိုက်တစ်ခုကို ယူကာ အစွန်းတစ်ဖက်ကို မီးဖိုချောင်က ရေပိုက်ခေါင်းနှင့် ချိတ်ဆက်လိုက်ပြီး အခြားအစွန်းတစ်ဖက်ကို ဆိုင်အဝင်ဝက ရေအိုးကြီးထဲသို့ ထည့်သွင်းလိုက်သည်။ မကြာမီမှာပင် သဘောတူညီချက်အရ တစ်စုံတစ်ဦး ရေလာရောက် သယ်ယူတော့သည်။
ထိုသူမှာ ဝမ်တွန်မုန့်ဆိုင်ပိုင်ရှင် ဖြစ်ပြီး သူသည် ဟွာကျွင်းမုန့်ဆိုင်၏ အပြင်ဘက်တွင် ရပ်နေကာ ဆိုင်ထဲသို့ မဝင်ရဲ ဖြစ်နေ၏။
အားမောက် ဆိုင်ပြင်သို့ ထွက်လာပြီး ကျယ်လောင်စွာ မေးမြန်းလိုက်၏။
“ဦးလေး ရေလာသယ်တာလား။ ရေလက်မှတ်ပါလား”
ဆိုင်ပိုင်ရှင်သည် အလျင်အမြန် ရှေ့သို့ တိုးလာပြီး ဟွာကျွင်း ကိုယ်တိုင်ရေးပေးလိုက်သော စာရွက်လေးကို အားမောက်ထံ ကမ်းပေးလိုက်သည်။ အားမောက်က သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“မှန်တယ် မှန်ပါတယ်။ ဦးလေးရဲ့ ရေပုံးကို ယူလာခဲ့ပါ၊ ကျွန်တော် ရေဖြည့်ပေးပါမယ်”
ထိုအခါမှသာ ဆိုင်ပိုင်ရှင် စိတ်အေးသွားပြီး ထိုမိန်းကလေးသည် လိမ်ညာခြင်း မဟုတ်ဘဲ တကယ် ရေလာရောက် သယ်ယူနိုင်ကြောင်း သိရှိသွားသည်။