အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
အခန်း (၂၈၇)
မိုးကျလာပြီ
နောက်တစ်နေ့ နံနက်စောစောတွင် မြို့ထဲ၌ အသက်မွေးဝမ်းကျောင်းအတွက် စောစောထွက်လာကြသူများသည် လမ်းမများပေါ်တွင် တဲလေးများ ဆောက်လုပ်ထားသည်ကို သတိပြုမိလိုက်ကြသည်။ ထိုတဲလေးများသည် ရိုးရှင်းပြီး မည်သည့်အစောင့်အကြပ်မျှမရှိဘဲ ရေအိုးကြီးတစ်လုံး သို့မဟုတ် နှစ်လုံးစီသာ ချထားပေ၏။ အချို့နေရာများတွင်မူ လူများနားနေနိုင်ရန်အတွက် ခုံတန်းလျားလေးများကိုပါ ပြင်ဆင်ပေးထားသေးသည်။
အချို့တဲများ၏ အရှေ့တွင် အခမဲ့ အပူဒဏ်သက်သာစေမဲ့ဆေးရည်ဟု ရေးသားထားသော ဆိုင်းဘုတ်လေးများ ရှိနေပြီး အချို့တဲများတွင် ဟွာကျွင်းမုန့်ဆိုင်၏ အခမဲ့ အပူဒဏ်သက်သာစေမဲ့ ဆေးရည် ထောက်ပံ့ရေးစခန်းဟု ရေးသားထားသည်။
အစပိုင်းတွင်တော့ မည်သူမျှ အလကား ဆေးရည်တိုက်ကျွေးမည်ကို မယုံကြည်ကြချေ။ အများစုသည် အလုပ်ကိစ္စများကြောင့် လောနေကြသဖြင့် တစ်ချက်မျှသာ လှမ်းကြည့်ပြီး စာတတ်သူအချို့ကို မေးမြန်းကာ ဆက်လက်ထွက်ခွာသွားကြသည်။
အချိန်ကြာလာသည်နှင့် လူအများအပြား တဲလေးများအနားတွင် စုရုံးလာကြပြီး စူးစမ်းလေ့လာနေကြတော့၏။ အချို့က သောက်သုံးချင်သော်လည်း နောက်မှ ငွေအတင်းတောင်းခံရမည်ကို စိုးရိမ်နေကြသည်။
“ဒါက တကယ်ပဲလား၊ အတုပဲလား မသိဘူး။ အလှူအတန်းလုပ်တဲ့ တဲတွေကို မြင်ဖူးပေမဲ့ ဒီလောက်အထိ အများကြီးတော့ တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်တယ်။ ဘယ်သူက ဒီလောက်အထိ ရက်ရောနိုင်မှာလဲ။ ခြေလှမ်းအနည်းငယ်တိုင်းမှာ အစောင့်လည်းမရှိဘဲ တဲတစ်လုံးစီ ဆောက်ထားပေးတယ်ဆိုတော့။ ယုတ်မာကောက်ကျစ်တဲ့အကြံ မရှိဘူးဆိုတာ ကျွန်တော် လုံးဝမယုံဘူး”
“ဟိုဘက်ကတဲမှာ ရေးထားတာတော့ မြို့ပြင်က ဟွာကျွင်းမုန့်ဆိုင်ရဲ့ ဆေးရည်လို့ ပြောတာပဲမဟုတ်လား”
“မြို့ပြင်က ဆိုင်လား။ ဒါဆိုရင်တော့ တကယ်ဖြစ်နိုင်တယ်။ သူဌေးမဟွာက ဒုက္ခသည်တွေအတွက် ရွာတွေ ဆောက်ပေးထားတယ်လို့ ကျွန်တော် ကြားဖူးတယ်။ သူ တကယ် ရက်ရောတယ်။ ခင်ဗျား အရင်ဆုံး သွားမြည်းစမ်းကြည့်ပါလား”
“ဒီလောက်အထိ သန့်ရှင်းတဲ့ သူဆိုတာ ဘယ်မှာရှိမှာလဲ။ သူလည်း အဲဒီရွာထဲက ပန်းထိုးအလုပ်ရုံနဲ့ တည်းခိုခန်းတွေဆီကနေ အကျိုးအမြတ်တွေ ရနေတာပဲမဟုတ်လား၊၊ ဆက်ပြီး စောင့်ကြည့်ကြသေးတာပေါ့”
လူအများ ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေကြစဉ် နေပူရှိန်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော လူတစ်ဦး ရှေ့သို့ တိုးထွက်လာပြီး အော်လိုက်၏။
“ခင်ဗျားတို့ မသောက်ရဲရင် ကျွန်တော် အရင်ဆုံး သောက်ပြမယ်”
သူသည် ရေအိုးအဖုံးကို ဖွင့်လိုက်ပြီး ဘေးတွင်ရှိသော ဇွန်းနှင့် ပန်းကန်လုံးကို ယူကာ ဆေးရည်တစ်ပန်းကန်အပြည့် ခပ်ယူ၍ တစ်ငုံတည်းဖြင့် အပြတ်မော့သောက်လိုက်တော့သည်။
“လန်းဆန်းသွားတာပဲ”
သူ အော်ဟစ်လိုက်ပြီး မျက်နှာပေါ်က နီမြန်းမှုများမှာလည်း သိသိသာသာ လျော့ပါးသွားသည်။
သူသည် ပန်းကန်လုံးကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး မေးလိုက်၏။
“ဘယ်သူပိုက်ဆံသိမ်းမှာလဲ။ မရှိရင် ကျွန်တော် သွားပြီနော်”
ခဏတာမျှ စောင့်ဆိုင်းသော်လည်း မည်သူမျှ ပြန်မထူးသဖြင့် သူ လှည့်ထွက်သွားတော့သည်။
လူတိုင်းက သူ့ကျောပြင် လမ်းကြားထဲသို့ ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေကြပြီး တဲလေးမှာမူ ငြိမ်သက်နေဆဲ ဖြစ်၏။
“အော် တကယ်ပဲ ပိုက်ဆံမပေးရတာကိုး”
ထိုအခါမှ လူအများ သဘောပေါက်သွားကြပြီး စိတ်အေးချမ်းသာစွာ စတင်သောက်သုံးကြတော့သည်။
တဲလေးများ အမြောက်အမြား ရှိနေသော်လည်း နေ့ခင်းဘက်သို့ ရောက်သောအခါ ရေအိုးများ ကုန်လုနီးပါး ဖြစ်သွား၏။ ထိုအချိန်မှသာ လူအချို့က ရေကို ထပ်မံဖြည့်တင်းရန် လာရောက်ကြတော့သည်။
ဤတဲလေးများ ဆောက်လုပ်လိုက်ခြင်းကြောင့် မြို့ထဲက သာမန်ပြည်သူများ၏ ဘဝမှာ သိသိသာသာ ကောင်းမွန်လာပြီး မည်သည့်မိသားစုတွင်မျှ အပူလျှပ်၍ လူသေဆုံးမှုများ မကြားရတော့ချေ။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် သူဌေးမဟွာ အမှန်တကယ် ကုသိုလ်ကောင်းမှုကြီးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လူတိုင်း သိသွားကြ၏။ တဖြည်းဖြည်းနှင့် အချို့လူများက သူဌေးမဟွာ၏ ဆိုင်များနှင့် အရောင်းဆိုင်များအားလုံး ပိတ်သိမ်းထားပြီး ဤကဲ့သို့ ငွေများကို အလကား စွန့်ကြဲနေခြင်းကြောင့် သူမ မည်မျှအထိ တောင့်ခံနိုင်ပါမည်နည်းဟု စိုးရိမ်ပူပန်လာကြတော့သည်။
တဖြည်းဖြည်းနှင့် လူအချို့သည် ရေအိုးဘေးတွင် ကြေးပြားတစ်ပြား သို့မဟုတ် နှစ်ပြားစီ လှမ်းပစ်ချပေးကြသည်။ အချို့ကမူ မုန့်ဆိုင်အရှေ့သို့ ဖြတ်သန်းသွားသည့်အခါ မုန့်ဆိုင်အဝင်ဝသို့ ငွေများကို လှမ်းပစ်ထည့်ပေးကြ၏။
အမှန်စင်စစ်တော့ လူတိုင်း၏ စိုးရိမ်ပူပန်မှုများမှာ အပိုသာ၊၊ အဘယ်ကြောင့်ဆိုသော် ရေခဲမုန့်ရောင်းချရရုံမျှဖြင့် ရသော ငွေတေးပမာဏသည် အလွန်အမင်း များပြားလှသည်။
မြို့ထဲတွင်သာမက ဟွာကျွင်းသည် ရွာအနားတွင်လည်း ရေခဲတဲလေးများ ဆောက်လုပ်ပေးထားပြီး လမ်းသွားလမ်းလာ ခရီးသည်များကို ရေခဲများ အလကား ထောက်ပံ့ပေး၏။
ပြီးခဲ့သည့်အကြိမ် ဆန်ဂိုဒေါင် မီးလောင်ကျွမ်းစဉ် ဟွာကျွင်းနှင့် မြို့ဝန်မင်းကျောက်တို့သည် အစိုးရရိက္ခာဆန်များကို ကြိုတင်ရွှေ့ပြောင်းထားခဲ့ကြပြီး နောက်ပိုင်းတွင် နန်းတော်ကလည်း ထပ်မံဖြည့်တင်းပေးခဲ့သဖြင့် ဆန်စပါးများသည် မိုးခေါင်ရေရှားမှုကို ကျော်လွှားရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေတော့သည်။
ထို့ပြင် ဟွာကျွင်း၏ မပြတ်မကွက် စီစဉ်ပေးသော ရေပေးဝေမှုများကြောင့် သူတို့ နွေရာသီကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
နောက်ဆုံးတွင်တော့ မိုးဥတုသို့ ရောက်ရှိလာပြီး မြို့ထဲက လူတိုင်း ဝမ်းသာအားရ ကြွေးကြော်ကြ၏။ သူတို့ အိမ်ထဲမှ လမ်းမများနှင့် လမ်းကြားများသို့ ပြေးထွက်လာကြပြီး လက်မောင်းများကို ဆန့်တန်းကာ ကိုယ်ပေါ်သို့ ကျရောက်လာသော မိုးရေစက်များ၏ အထိအတွေ့ကို အားရပါးရ ခံစားနေကြတော့သည်။
ရက်ပေါင်းနှစ်ဆယ်နီးပါး ကြာမြင့်ခဲ့သော ဆေးရည်နှင့် ရေခဲများ အခမဲ့ထောက်ပံ့မှု အစီအစဉ်သည်လည်း တရားဝင် ပြီးဆုံးသွားပြီ ဖြစ်သည်။
မြို့ထဲက တဲလေးများကို ဖျက်သိမ်းသည့်အခါ လူအမြောက်အမြား ရပ်ကြည့်နေကြပြီး ကျေးဇူးတင်စကားများကို မပြတ် ပြောဆိုနေကြတော့၏။
ဆိုင်ပိုင်ရှင်များကလည်း ရှင်းပြကြသည်။
“ကျွန်တော်တို့ကို ကျေးဇူးတင်မနေပါနဲ့။ ကျွန်တော်ကလည်း ပိုက်ဆံရလို့ လုပ်ပေးတာပါ။ ကျေးဇူးတင်ချင်ရင်တော့ သူဌေးမဟွာကိုပဲ ကျေးဇူးတင်လိုက်ကြပါ”
“မှန်တယ်၊၊ ငါတို့ သူဌေးမဟွာကို သွားပြီး ကျေးဇူးတင်ကြရအောင်”
“ဒါပေမဲ့ ငါတို့ လက်ဗလာနဲ့ သွားကြမှာလား”
မိုးခေါင်ရေရှားမှုကို ယခုမှ ကျော်ဖြတ်ထားရုံရှိသေးသဖြင့် အများစုသည် ဆင်းရဲကျပ်တည်းနေကြပြီး မည်သည့်နေရာမှ ငွေတေးများကို ရရှိနိုင်ပါမည်နည်း။
တစ်စုံတစ်ဦး လှမ်းအော်လိုက်သည်။
“သူဌေးမဟွာက ကြေးပြားတွေကိုပဲ ကြိုက်တာမဟုတ်ဘူးလို့ ကျွန်တော် ကြားဖူးတယ်။ သူက ပေါက်တူးတွေ၊ ဝါးတောင်းတွေ၊ ဆန်အိုးတွေနဲ့ ပစ္စည်းအဆန်းတွေကိုလည်း လက်ခံတယ်။ အားလုံးပဲ အိမ်ပြန်ပြီးတော့ သူဌေးမဟွာကို ပေးလို့ရမဲ့ ပစ္စည်းတစ်ခုခုကို လိုက်ရှာကြည့်ကြရအောင်”
အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
“အော် ကျွန်မ မှတ်မိပြီ။ ကျွန်မယောကျ်ား ကိုယ်တိုင်လုပ်ပေးထားတဲ့ ကလေးကစားစရာ ပလုတ်တုတ် အသစ်တစ်လုံး ရှိတယ်၊၊ သူဌေးမဟွာ လိုချင်ပါ့မလား မသိဘူးနော်”
အခြားတစ်ဦးကလည်း ပြော၏။
“ကျွန်တော့်မှာ အသစ်ချုပ်ထားတဲ့ ဖိနပ်အောက်ခံပြား တစ်စုံ ရှိတယ်”
“ငါ့ကြက်မက ဥထားတဲ့ ကြက်ဥလတ်လတ်ဆတ်ဆတ် နှစ်လုံး ရှိတယ်၊၊ ယူသွားလို့ရမလား”
ထိုသူက ပြန်ပြောလိုက်သည်။
“အကုန်ယူခဲ့ကြ။ အကုန်ယူခဲ့ကြ။ ဘာပစ္စည်းပဲဖြစ်ဖြစ် ဒါက အားလုံးရဲ့ ရင်ထဲက စေတနာပဲဗျာ”
ဆိုင်ပိုင်ရှင် ကြားဖြတ်၍ သတိပေးလိုက်သည်။
“သူဌေးမဟွာက (၅)နာရီလောက် ကျမှ ဆိုင်ဖွင့်တာနော်။ သိပ်စောစော မသွားကြနဲ့ဦး”
“ဒါဆိုရင် ငါတို့အားလုံး ညဦးပိုင်းကျမှ သွားကြစို့”
လူတိုင်း တညီတညွတ်တည်း ပြန်လည်အော်ဟစ်လိုက်ကြ၏။
“ကောင်းပြီ”
ဤအချိန်တွင် ဟွာကျွင်း မိုးခေါင်ရေရှားမှု ကုန်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း မသိရှိသေးချေ။ သူမသည် ကျန်ရှိနေသေးသော ငွေတေးများကို ရေတွက်နေပြီး ယခုအခါ မိုးရွာပြီဖြစ်သဖြင့် ရေခဲမုန့်များ ရောင်းမကောင်းတော့ပါက အခြား မည်သည့်နည်းလမ်းဖြင့် ငွေရှာရမည်ကို စဉ်းစားနေ၏။
ဆိုင်ဖွင့်ရန် ပြင်ဆင်နေသော မော့ချွမ်း အပြေးအလွှား ဝင်ရောက်လာပြီး သူမကို လှမ်းခေါ်သည့်အခါမှသာ အပြင်ဘက်တွင် မည်မျှ ဆူညံနေကြောင်း သတိပြုမိလိုက်တော့သည်။
“ဘာတွေဖြစ်နေတာလဲ”
ဟွာကျွင်းသည် လုံးဝ ပြာယာခတ်မနေဘဲ အနည်းငယ်ပင် မျှော်လင့်လိုက်မိ၏။ ဤမျှအထိ စည်ကားလှသော ဆူညံသံမျိုး မကြားရသည်မှာ ကြာမြင့်လှပြီ မဟုတ်လော။
မော့ချွမ်း၏ အမူအရာကား ဖော်ပြရန် ခက်ခဲလှပေသည်။ “ခင်ဗျား ကိုယ်တိုင် သွားကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်”
ဟွာကျွင်းသည် သံသယများစွာ သယ်ဆောင်လျက် မုန့်ဆိုင်ထဲသို့ လျှောက်ဝင်လာပြီး ဆိုင်တံခါးကို ဖွင့်လိုက်သည့်အခါ အဝင်ဝတွင် လူအုပ်ကြီး ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမ ထွက်ပေါ်လာသည်နှင့် လူတိုင်း ချက်ချင်း ငြိမ်သက်သွားကြပြီး အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“အဆင်သင့်ပြင်... တစ်... နှစ်... သုံး”
ထို့နောက် လူတိုင်း တညီတညွတ်တည်း လှမ်း၍ အော်ဟစ်ကြတော့၏။
“ကျေးဇူးတင်ပါတယ် သူဌေးမဟွာ”
ဟွာကျွင်း မှင်တက်သွားသည်။ ဒေါ်လေးပန်း မျက်ရည်ဝိုင်းလျက် ပြောလိုက်၏။
“သူဌေးမဟွာ မိုးရွာပြီ။ မိုးခေါင်ရေရှားမှုကြီး ပြီးဆုံးသွားပါပြီ”
“တကယ်ပဲလား”
ဟွာကျွင်း အံ့သြတကြီး မေးမြန်းလိုက်သည်။
လူအုပ်ထဲမှ လူတစ်ဦး ထွက်လာပြီး အိုးအသေးလေးတစ်လုံးကို ကိုင်ဆောင်ကာ ဟွာကျွင်းထံ ကမ်းပေးလိုက်သည်။
“သူဌေးမဟွာ ဒါ ကျွန်တော့်ဇနီး ကိုယ်တိုင်လုပ်ထားတဲ့ အချဉ်ဖောက်ထားတဲ့ တို့ဟူးပါ။ သူဌေးမ စိတ်မရှိပါနဲ့နော်”
တို့ဟူးချဉ်ကို ဆီတို့ဟူးဟုလည်း ခေါ်ဆိုကြပြီး ၎င်းသည် ပေါက်စီအိအိလေးများနှင့် တွဲဖက်စားသုံးလျှင် အလွန်အမင်း အရသာရှိလှသော အစားအစာ ဖြစ်၏။
ဟွာကျွင်း ချက်ချင်း ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်သေးချေ။ ကမ်းပေးလာသော အိုးလေးကို ကြည့်ကာ သူမသည် မှင်တက်နေဟန်ဖြင့် လှမ်းယူလိုက်ရင်း ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
သူဌေးမဟွာ တို့ဟူးချဉ်အိုးကိုပင် လက်ခံသည်ကို မြင်တွေ့ရသောအခါ လူတိုင်း စိတ်အေးသွားကြရတော့၏။
“သူဌေးမဟွာ ဒါက ကျွန်မယောကျ်ား ကိုယ်တိုင်လုပ်ထားတဲ့ ပလုတ်တုတ်လေးပါ၊ အသစ်စက်စက်လေး၊ နောင်ကျရင် သူဌေးမ ကလေးရတဲ့အခါကျရင် အသုံးပြုလို့ရတာပေါ့”
“သူဌေးမဟွာ ဒါ ကျွန်တော့်အဖေ ကိုယ်တိုင်လုပ်ထားတဲ့ ခုံတန်းလျားလေးပါ။ ဒါလည်း အသစ်စက်စက်လေးမလို့ ကျေးဇူးပြုပြီး လက်ခံပေးပါဦး”
“သူဌေးမဟွာ ဒါက မုန်ညင်းထုပ်မျိုးစေ့တွေပါ။ နောက်နှစ် နွေဦးကျရင် မုန်ညင်းထုပ်တွေ စိုက်စားလို့ရတာပေါ့”
“သူဌေးမဟွာ ဒါတွေက ကျွန်တော့်အိမ်က ကြက်မကြီး အခုလေးတင် ဥထားတဲ့ ကြက်ဥတွေပါ၊၊ နွေးနွေးလေး ရှိသေးတယ်။ ကျေးဇူးပြုပြီး ပြုတ်စားလိုက်ပါ”
“သူဌေးမဟွာ ဒါကတော့ ကျွန်တော့်အိမ်က ကြက်မအိုကြီးပါ။ ယူပြီးတော့ စွပ်ပြုတ်လုပ်သောက်လိုက်ပါ”
ဟွာကျွင်း လူအများက သူမ ခြေရင်းတွင် ပစ္စည်းများကို တရစပ် လာရောက်ချထားပေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။ သူမ အလျင်အမြန်ပင် ပြောလိုက်သည်။ “နေဦး... နေဦး။ ဒါတွေအားလုံးက ဘာတွေလဲ”
ဒေါ်လေးပန်း ပြုံးလျက် ပြော၏။
“သူတို့အားလုံး သူဌေးမကို ကျေးဇူးတင်နေကြတာလေ”
“ဟုတ်ပါတယ်”
လူအုပ်ထဲမှ လူတစ်ဦး ထွက်လာပြီး ပြောလိုက်၏။ “သူဌေးမဟွာ အကူအညီသာ မရှိခဲ့ရင် အပူဒဏ်သက်သာစေမဲ့ ဆေးရည်တွေကို အလကားသာ ထောက်ပံ့မပေးခဲ့ရင် ကျွန်တော်တိုတွေ နွေရာသီကို ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး”
“သူဌေးမဟွာ ဒါတွေက အားလုံးရဲ့ ရင်ထဲက ကျေးဇူးတင်တဲ့ အထိမ်းအမှတ်တွေပါ။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မဟုတ်ပေမဲ့ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ထိုအခါမှသာ ဟွာကျွင်း လူတိုင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး သူမ ရင်ထဲတွင်လည်း အလွန်အမင်း လှုပ်ရှားသွား၏။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကောင်းပါပြီ။ အားလုံးလည်း ဒီကို ရောက်နေကြပြီဆိုတော့ မုန့်ဆိုင်မှာ အစားအသောက်လေးတွေ သုံးဆောင်ပြီးမှ ပြန်ကြပါဦး”
အခန်း (၂၈၈)
အပြင်စာ မှာစားကြစို့
မော့ချွမ်း ဟွာကျွင်း၏ အဝတ်စကို ခပ်ဖွဖွဆွဲပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။
“ပြောရတာတော့ လွယ်တာပေါ့။ ဒါပေမဲ့ ဒီလောက်အများကြီး ကျွေးဖို့ ရိက္ခာ ဘယ်ကသွားရှာမလဲ။ ကျွန်တော်တို့ ကြိုတင်ပြီး ဘာမှလည်း ပြင်ဆင်မထားရသေးဘူး”
ဟွာကျွင်း စိတ်အေးအေးထားပြီး စဉ်းစားကြည့်မှ သူမ စကားပြောစောသွားမှန်း သတိပြုမိလိုက်သည်။ လူတိုင်းကို မနက်ဖြန်မှ ပြန်လာဖို့ ပြောလိုက်လျှင် အနည်းဆုံးတော့ အစားအသောက် လုံလုံလောက်လောက် ပြင်ဆင်ချိန် ရနိုင်မည် မဟုတ်ပါလား။
“ကျွန်မ ဝမ်းသာလွန်းလို့ ပါးစပ်ကို မထိန်းနိုင်ဖြစ်သွားတာ ကိစ္စမရှိပါဘူး။ ကျွန်မတို့ အပြင်စာမှာစားလိုက်ကြတာပေါ့”
သူမ ဒေါ်လေးပန်းနှင့် အခြားသူများအား ဧည့်သည်များကို ဝိုင်းဝန်းဧည့်ခံပေးရန် အကူအညီတောင်းလိုက်သည်။ ဒေါ်လေးပန်း သူမ၏ ရင်ဘတ်ကို ပုတ်ရင်း အာမခံလိုက်၏။
“သူဌေးမဟွာ ရှင်လုပ်စရာရှိတာသာ သာသွားလုပ်ပါ။ ဒါတွေကို ကျွန်မ အကုန်တာဝန်ယူတယ်”
သူမ တက်ကြွစွာ ရွာထဲရှိ ရသမျှ ခုံတန်းလျားအားလုံးကို သယ်ဆောင်ခိုင်းပြီး ဟွာကျွင်းမုန့်ဆိုင်အပြင်ဘက်တွင် သပ်ရပ်စွာ စီခင်းလိုက်သည့်အပြင် ကွာစေ့၊ မြေပဲနှင့် ရေနွေးကြမ်းများကိုပါ ချပေးလိုက်သည်။
“အားလုံးပဲ ထိုင်ကြပါဦး။ မုန့်လေးတွေ အရင်မြည်းစမ်းနေကြပါ”
ဒေါ်လေးပန်း စိတ်အားထက်သန်စွာ ဧည့်ခံလိုက်သည်။
လူတိုင်းသည် သိပ်မဝေးလှသော နေရာများတွင် နေထိုင်ကြသော်လည်း ဒေါ်လေးပန်းတို့ရွာက လူများသည် မြို့ထဲက လူများနှင့် ဆက်ဆံမှု အလွန်နည်းပါးလှသည်။ အဆုံးတွင်တော့ သူတို့က အပြင်လူများဖြစ်ကြပြီး ကိုယ့်အသိုင်းအဝိုင်းနှင့် ကိုယ်သာ နေထိုင်တတ်ကြသောကြောင့် ဖြစ်၏။
ထို့ပြင် သူတို့သည် ဒုက္ခသည်အဖြစ် ဤနေရာသို့ ပြေးဝင်ခိုလှုံခဲ့ရသူများ ဖြစ်သဖြင့် ဒေသခံပြည်သူများနှင့် ရင်ဆိုင်ရသည့်အခါ အမြဲလိုလို သိမ်ငယ်စိတ် ဝင်နေတတ်ကြသည်။
ရွာသားများသည် ဤဒေသတွင် တစ်ခါမှ သေသေချာချာ ပေါင်းစပ်သွားခြင်း မရှိသေးဘဲ ယခုအကြိမ်သည် နှစ်ဖက်စလုံးမှ လူများ ဤမျှအထိ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ပြောနိုင်သည်။
ဟွာကျွင်းသည် မော့ချွမ်းနှင့်ဟွာရှန့်တို့ကို မီးဖိုချောင်ထဲသို့ ခေါ်ယူကာ မည်သည့်အစားအစာများကို မှာယူရမလဲဆိုသည်ကို တိုင်ပင်ကြတော့သည်။
“ပထမဆုံးအနေနဲ့ ဒီလောက်အများကြီးကို တစ်ခါတည်း ဝယ်လို့ရမဲ့အစားအစာ ဖြစ်ရမယ်” ဟွာကျွင်းပြောလိုက်၏။
ယခုအချိန်သည် ညစာစားချိန်ဖြစ်သဖြင့် စားသောက်ဆိုင်များ ဖွင့်လှစ်ထားသော်လည်း ၎င်းတို့တွင် ရှိသော ပစ္စည်းပမာဏမှာ လုံလောက်ချင်မှ လုံလောက်လိမ့်မည်။
ဟွာရှန့်: “ပြီးတော့ အဝစားလို့ရပြီး ဗိုက်ပြည့်မဲ့အရာလည်း ဖြစ်ရမယ်”
ဟွာကျွင်း ခေါင်းညိတ်လိုက်ရင်း ပြော၏။ “မှန်တယ်။ အားလုံးက အကြာကြီး ဆာလောင်နေခဲ့ကြတာဆိုတော့ အရမ်းဆန်းပြားတာတွေ လုပ်မနေတော့ဘူး”
သုံးဦးသား ခဏမျှ တွေးတောလိုက်ပြီးနောက် ဟွာကျွင်းက အကြံပြုလိုက်သည်။
“KFC (ကြက်ကြော်) မှာလိုက်ရင်ကော ဘယ်လိုလဲ။ ပထမအချက်က ဆိုင်ခွဲတွေ အများကြီးရှိပြီး မြို့အနှံ့မှာ ရှိနေတာ။ ဒုတိယအချက်က အစားအစာက ချက်ချင်းထွက်တာဆိုတော့ အကြာကြီး စောင့်နေစရာ မလိုဘူး”
သူမသည် စဉ်းစားပြီးသည်နှင့် ချက်ချင်းပင် လက်တွေ့လုပ်ဆောင်တော့သည်။ ဖုန်းကို ထုတ်ယူကာ KFC မှာယူသည့် ဆော့ဖ်ဝဲလ်ကို ဖွင့်လှစ်ပြီး အရေအတွက် အမြောက်အမြားကို အလျင်အမြန် နှိပ်၍ မှာယူလိုက်သည်။
သူမ အော်ဒါတင်ပြီးသည်နှင့် တစ်ပြိုင်နက် စားသောက်ဆိုင်ဘက်မှ ဖုန်းခေါ်ဆိုလာခဲ့တော့၏။
“ဒီမှာရှင့် ခုနက စပိုင်စီ ဘာဂါ (၃၀)၊ ကြက်ကင်ဘာဂါ (၃၀) နဲ့ ကြက်ဥပူတင်း (၁၂၀)၊ ကိုကာကိုလာ (၆၀) နဲ့ အာလူးကြော်အသေး (၆၀) မှာထားတာ ဟုတ်ပါသလားရှင့်”
ဟွာကျွင်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် စားသောက်ဆိုင်ဘက်မှ နောက်ပြောင်ခြင်းမဟုတ်မှန်း သိရှိသွားပြီး ဆိုင်ရှိ ပစ္စည်းစာရင်းကို စစ်ဆေးကာ ပြောလာ၏။ “စိတ်မရှိပါနဲ့။ ကျွန်မတို့ဆိုင်မှာ ပစ္စည်းအင်အား မလုံလောက်လို့ပါ။ အရေအတွက်ကို နည်းနည်းလောက် လျှော့ပေးလို့ ရမလား”
နောက်ဆုံးတွင်တော့ သူတို့သည် တစ်မျိုးလျှင် အများဆုံး အခု (၂၀) စီသာ ထောက်ပံ့ပေးနိုင်ခဲ့သည်။
အော်ဒါကို ပြင်ဆင်ပြီးနောက် ဟွာကျွင်း ထပ်မံစစ်ဆေးကြည့်ရာ ပို့ဆောင်ပေးနိုင်သည့် အကွာအဝေးအတွင်း၌ အခြားသော KFC ဆိုင်ခွဲ သုံးဆိုင် ရှိနေသေးသည်ကို တွေ့လိုက်၏။ ထို့ကြောင့် သူမ အခြားဆိုင်များမှလည်း ထိုပစ္စည်းများကိုပင် ထပ်မံ၍ မှာယူလိုက်တော့သည်။
မြို့ထဲက လူများသည် ခုံတန်းလျားများပေါ်တွင် ထိုင်ကာ ကွာစေ့များကို ကိုက်ရင်း ရေနွေးသောက်လျက် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
မြို့ပြင်က ဟွာကျွင်းမုန့်ဆိုင်၏ အစားအသောက်များသည် အင်မော်တယ်များပင် ချီးကျူးရလောက်အောင် အရသာရှိကြောင်း သူတို့ အကြိမ်ကြိမ် ကြားဖူးကြသော်လည်း မြည်းစမ်းခွင့်ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။ အဆုံးတွင်တော့ သူတို့သည် ဆင်းရဲသားများဖြစ်ကြပြီး ဤမျှအထိ တန်ဖိုးကြီးလှသော အစားအစာအတွက် အဘယ်သို့ ငွေအများကြီး သုံးစွဲနိုင်ပါမည်နည်း။
ထို့ကြောင့် ဟွာကျွင်း သူတို့ကို ညစာစားရန် ဖိတ်ခေါ်သည့်အခါ ကျေးဇူးတင်စိတ်သာမက ရင်ထဲ၌ ဝမ်းသာပီတိများဖြင့် ပြည့်နှက်နေခဲ့ရ၏။
ယခုအချိန်တွင် သူတို့သည် ကိုယ်ဟန် အမူအရာများကို ထိန်းသိမ်းကာ ထိုင်နေကြပြီး ကျယ်လောင်စွာ စကားမပြောရဲကြချေ။ ကွာစေ့ကို ကိုက်လျှင်ပင် အသံကျယ်ကျယ် ထွက်သွားမည် စိုးရိမ်သဖြင့် အလွန် သတိထားနေကြ၏။
သူတို့ခြေရင်းက ချောမွေ့ပြောင်စင်လှသော ကြမ်းပြင်ကို ကြည့်ပြီး ကိုက်ထားသော ကွာစေ့ခွံများကို ကြမ်းပြင်ပေါ်သို့ မပစ်ရဲကြဘဲ လက်ထဲတွင်သာ သိမ်းဆည်းထားကြသည်။
“လာကြပြီ၊ လာကြပြီ”
ဒေါ်လေးပန်း ပန်းကန်ပြားကြီးကို လက်နှစ်ဖက်ဖြင့် ပင့်မကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
“သူဌေးမဟွာက ပြောပါတယ်။ ဒီနေ့ ရုတ်တရက်ဖြစ်သွားလို့ အစားအသောက်တွေ အများကြီး မပြင်ဆင်နိုင်ခဲ့ဘူးတဲ့။ ဒါကြောင့် အားလုံးပဲ ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် သုံးဆောင်ပေးကြပါဦး”
ပန်းကန်ပြားပေါ်က ဘာဂါများသည် ကြီးမားသဖြင့် သူမသည် ပြုတ်ကျမည်ကို စိုးရိမ်ကာ မေးစေ့ဖြင့် အပေါ်ဆုံးက ဘာဂါကို ထိန်းထား၏။
“လာပါ၊ လာပါ၊ ကိုယ့်ဘာကိုယ်ပဲ ယူကြပါ။ လူတိုင်း ရစေရပါမယ်”
သူမသည် တံခါးနှင့် အနီးဆုံးက ဧည့်သည်အနားသို့ သွားကာ ယူရန် အချက်ပြလိုက်သည်။
ထိုလူသည် ဒေါ်လေးပန်းက ဘေးတွင် ရပ်ကာ မျက်စိမှိတ်ပြနေသည်ကို မြင်သောအခါ သူ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ဘာဂါကို လှမ်းယူရန် ပြင်လိုက်စဉ် လက်ထဲတွင် ကွာစေ့ခွံများ ရှိနေသည်ကို သတိပြုမိသွားသည်။
“အို ကွာစေ့ခွံတွေကို ကြမ်းပြင်ပေါ်ပဲ ချလိုက်ပါတော့။ ဘာလို့ လက်ထဲမှာ ဆုပ်ထားရတာလဲ၊၊ နောက်ကျရင် ကျွန်မ ပြန်လှည်းလိုက်ရုံပဲဟာ။ ကိစ္စမရှိပါဘူး”
“အော်... အော်”
သူသည် ကွာစေ့ခွံများကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး လက်ကို သန့်စင်အောင် ပုတ်ခါကာ အပေါ်ဆုံးက မုန့်အလွှာလေးကို အသာအယာ လှမ်းယူလိုက်သည်။
“မဟုတ်ဘူးလေ” ဒေါ်လေးပန်း ပြော၏။
“ရှင် ယူတာ နည်းလွန်းတယ်။ ဒီလိုဆိုရင် ပြုတ်ကျကုန်လိမ့်မယ်၊ မြန်မြန် ပြန်ထားပြီးတော့ အသစ်တစ်လုံးလုံးကို ယူလိုက်ပါ”
ဒေါ်လေးပန်း၏ လမ်းညွှန်မှုအောက်တွင်မှ သူသည် မုန့်သုံးလွှာစလုံးမှာ သူတစ်ယောက်တည်းအတွက် ဖြစ်မှန်း သဘောပေါက်သွားတော့သည်။
“ဒီလောက်အထိ အကြီးကြီးပဲ…”
“အထဲမှာ အသားတွေလည်း ပါတဲ့ပုံပဲ…”
ဘေးလူများ မြင်တွေ့ရသည့်အခါ တိုးတိုးတိုးတိုးဖြင့် အချင်းချင်း ရေရွတ်ကြတော့၏။
ဒေါ်လေးပန်း ထိုသည်ကို ကြားရသဖြင့် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါက အစပဲ ရှိသေးတယ်၊၊ အခြား ပစ္စည်းတွေလည်း ရှိသေးတယ်”
ဒေါ်လေးပန်းနှင့် ဟွာရှန့်တို့သည် ဘာဂါများကို လိုက်လံဝေငှပြီးနောက် အခြားသော အစားအသောက်များကိုပါ စတင်၍ လိုက်လံဝေငှပေးကြတော့သည်။
ချိုမြိန်မွှေးပျံ့လှသော ကြက်ဥပူတင်းမုန့်များ၊ တစ်ငုံသောက်လိုက်ရုံနှင့် ဦးနှောက်အထိ လန်းဆန်းသွားစေမည့် အေးစိမ့်နေသော ကိုကာကိုလာများနှင့် ကာဗွန်ဟိုက်ဒရိတ်နံ့များ လှိုင်လှိုင်ထွက်ပေါ်နေသည့် ငန်ပျပျနှင့် ကြွပ်ရွလှသော အာလူးကြော်များ ဖြစ်ကြပေသည်။
အစားအသောက်များ အားလုံး စုံလင်သွားသည့်တိုင် မည်သူမျှ စတင်မစားသုံးကြသေးချေ။ သူတို့ တိုးတိုးလေး တိုင်ပင်ကြပြီးနောက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ကာ ထိုသူက ဟွာကျွင်းအား လှမ်း၍ ပြောလိုက်၏။
“သူဌေးမဟွာ ကျွန်တော်တို့ ဒီလောက်အထိ ကောင်းမွန်တဲ့ အစားအစာတွေကို တကယ်ပဲ မစားရဲဘူး။ ကျွန်တော်တို့မှာ သူဌေးမရဲ့ စေတနာတွေကိုပဲ အမြဲလက်ခံနေရပြီး ပြန်ပေးဆပ်စရာ ဘာမှမရှိလို့ သာမန်ပစ္စည်းလေးတွေကိုပဲ ယူလာခဲ့တာကို သူဌေးမ သဘောကောင်းကောင်းနဲ့ လက်ခံပေးခဲ့ပါတယ်။ အခုကျတော့လည်း ကျွန်တော်တို့ကို ညစာကျွေးဦးမယ်ဆိုပြီး ဒီလောက်အထိ အလျှံပယ် ပြင်ဆင်ပေးထားပြန်တော့ ကျွန်တော်တို့ အားနာပြီး စိတ်မကောင်းဖြစ်ရပါတယ်”
ဟွာကျွင်း ပြုံးလျက် ပြောလိုက်သည်။
“ရှင်တို့အတွက် သာမန်ပစ္စည်းဖြစ်ပေမဲ့ ကျွန်မအတွက်တော့ သာမန်မဟုတ်ပါဘူး”
တစ်နေ့လျှင် ခြေလှမ်းသောင်းချီ လျှောက်လှမ်းတတ်သော တောကြက်အစစ်အမှန်ကို ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဝယ်ယူမည်ဆိုပါက ယွမ် ရာဂဏန်းကျော် ပေးရပေမည်။ ထို့ပြင် ကိုယ်တိုင်လက်မှုဖြင့် ပြုလုပ်ထားသော ပလုတ်တုတ်လေးမှာလည်း ပုံသဏ္ဍာန်ကော ပန်းချီဒီဇိုင်းပါ ဤခေတ်ကာလ၏ ထူးခြားသော ဝိသေသလက္ခဏာများ အပြည့် ရှိနေပေ၏။
ထို့ပြင် အဘွားအိုတစ်ဦးက သူမ ငယ်ရွယ်စဉ်ကတည်းက အသုံးပြုခဲ့သော ခန်းဝင်ပစ္စည်း သေတ္တာအိုလေးမှာ အိုဟောင်းပြီး အပြင်ဘက်က သုတ်ဆေးများ ကွာကျနေသော်လည်း ဟွာကျွင်း ခုနကတင် လှမ်းကြည့်လိုက်သည့်အခါ ၎င်းသည် အလွန်ကောင်းမွန်လှသော ဟွမ်ဟွာလီသစ်သား ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ လျှို့ဝှက်အကန့် ယန္တရားလေးများ ပါရှိသည့် ပစ္စည်းဆန်းလေးဖြစ်မှန်း သိလိုက်သည်။
ထို့အပြင် ဆီစိမ်စက္ကူထီးများ၊ ကောက်ရိုး ဝတ်ရုံများ၊ ဝါးဖြင့် ရက်လုပ်ထားသော ခြင်းတောင်းများလည်း ရှိနေသေးသည်။
ပစ္စည်းအချို့မှာ တန်ဖိုးကြီးကြီးဖြင့် ပြန်လည်ရောင်းချနိုင်သကဲ့သို့ အချို့မှာလည်း အထူးမှတ်တမ်းတင် အထိမ်းအမှတ် အဓိပ္ပာယ်များ ရှိနေပေ၏။ ဟွာကျွင်း ၎င်းတို့ကို လောလောဆယ် ပြန်မရောင်းရန် ဆုံးဖြတ်ထားပြီး ပြတိုက်တွင် စုဆောင်းထားရန် ကြံရွယ်ထားသည်။
သို့သော်လည်း သာမန်ပြည်သူများက ဤအချက်ကို နားမလည်ကြချေ။ သူတို့ ဝေခွဲမရစွာ မေးကြ၏။
“ဒါက ဘယ်လိုလုပ် သာမန်မဟုတ်တာ ဖြစ်နိုင်မှာလဲ”
ဟွာကျွင်း ရှင်းပြသည်။
“ဘာလို့လဲဆို ကျွန်မမှာ အဲဒီပစ္စည်းတွေ မရှိလို့ပါ။ ဒါကြောင့် ကျွန်မအတွက်တော့ အဲ့တာတွေက တန်ဖိုးရှိပါတယ်။ ဒီအစားအသောက်တွေလိုမျိုးပေါ့။ ကျွန်မမှာ ရှိပေမဲ့ ရှင်တို့မှာ မရှိဘူး။ ဒါကြောင့် ရှင်တို့အတွက်တော့ ဒီအစားအစာက အဲ့ပစ္စည်းတွေထက် ပိုပြီး တန်ဖိုးရှိတာပေါ့ရှင့်”
သူမ ပြုံးလျက် ဆက်ပြော၏။
“အဲဒါကြောင့်မလို့ အခုအချိန်မှာတော့ ကျေးဇူးပြုပြီး အစားအသောက်တွေကို အားရပါးရ မြိန်ရည်ယှက်ရည် သုံးဆောင်ပေးကြပါ။ မလောက်ဘူးဆိုရင်လည်း ထပ်ပြီး တောင်းနိုင်ပါတယ်”
ဟွာကျွင်း၏ စကားကို ကြားရပြီးနောက် လူတိုင်း သေသေချာချာ နားမလည်ကြသေးသော်လည်း အနည်းဆုံးတော့ ဟွာကျွင်းသည် သူတို့တို့ ယူဆောင်လာသော ပစ္စည်းများကို အထင်မသေးကြောင်း သိရှိသွားကြသဖြင့် စိတ်အေးချမ်းသာစွာ စတင်စားသုံးကြတော့၏။
သူတို့သည် နူးညံ့လှသော မုန့်လုံးကြီးများနှင့် မွှေးပျံ့လှသော အသားများကို တစ်ခါမှ မစားဖူးကြချေ။ အတွင်း၌ ထည့်သွင်းထားသော အချဉ်အရသာမှာလည်း ဖော်ပြရန် ခက်ခဲလှပြီး အငန်အရသာနှင့်အတူ ချဉ်နံထွက်သည့် သခွားချဉ်အရသာတို့သည် ထူးခြားလှ၏။
‘ဟွာကျွင်းမုန့်ဆိုင်က အစားအစာတွေ ဒီလောက်စားကောင်းမှတော့ လူတွေ အလုအယက် လာဝယ်စားကြတာ မဆန်းပါဘူး’
လွန်ခဲ့သည့် လဝက်ခန့်က သူတို့ သေလုမတတ် ရုန်းကန်နေခဲ့ရပြီး ယခုအခါတွင် အရသာရှိသော အစားအစာများကို ဘေးကင်းစွာ စားသုံးနေရသည်ကို တွေးမိသောအခါ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရတော့သည်။
သူတို့ မျက်ရည်ဝိုင်းလျက် ဤအရသာများကို ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ အမြဲမှတ်မိနေစေရန်အတွက် တစ်လုတ်ချင်းစီကို သေသေချာချာ ဝါးစားနေကြ၏။