← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 23 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 23 Ch. 445-446

အခန်း (၄၄၅) - အစိမ်းရောင်မီးလျှံ

မီးလျှံဝိညာဉ်၏ သွေးစက်များ ကျရောက်သွားပြီးသည့်နောက်တွင် ၎င်းက တိုက်စားတတ်သော အရာတစ်ခုကဲ့သို့ပင် အောက်ခြေရှိ ချော်ရည်များကို တဟုန်းဟုန်း ပွက်ပွက်ဆူလာစေခဲ့သည်။

ထိုတုံ့ပြန်မှုက အလွန်ပင် ပြင်းထန်သဖြင့် အောက်ခြေမှနေ၍ အရာတစ်ခုက အပြင်သို့ တွားသွားရုန်းကန်ကာ ထွက်ပေါ်လာရန် ကြိုးပမ်းနေခဲ့သည့်အတိုင်း ဖြစ်နေခဲ့ရ၏။

ယခင်က မရှိခဲ့ဖူးသော မီးလျှံဝိညာဉ် စွမ်းအင်များက အပေါ်သို့ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ ရေခဲဓာတ်သဘာဝ ပိုင်ဆိုင်ထားသည့် နဂါးမိခင်အတွက်မူ ယခုကဲ့သို့သော အနီးကပ် နေရာမျိုးတွင် ရှိနေရခြင်းက အလွန်ပင် အနေရခက်လှသည်။ လင်းကျင်းက သူမအား အဝင်ဝဆီသို့ နောက်ဆုတ်သွားရန် အကြံပြုလိုက်ပြီး သေချာပေါက်ပင် ထိုနေရာသို့ ရောက်ရှိသွားသည့် အခါတွင်မှ သူမအနေဖြင့် သိသာစွာ သက်သာရာရသွားခဲ၏။

အခြားတစ်ဖက်တွင်မူ လင်းကျင်းနှင့် ကျောက်ကျင့်ယန်တို့အတွက် ယခုကဲ့သို့သော မီးလျှံဝိညာဉ် စွမ်းအင်များက အလွန်ပင် ကောင်းမွန်လှသော အားဖြည့်ဆေးများကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းကျင်း၏ ခန္ဓာကိုယ်အတွင်း၌မူ ရှောင်ဟော့သည် စဉ်ဆက်မပြတ် ရရှိလာနေခဲ့သည့် ထူးခြားသော မီးလျှံဝိညာဉ် စွမ်းအင်များကို စုပ်ယူရင်း ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်နေခဲ့၏။

ထို့နောက်တွင် အောက်ခြေရှိ ချော်ရည်များမှာလည်း အရောင်အသွေးများ စတင်၍ ပြောင်းလဲလာခဲ့သည်။

၎င်းက ယခင်ကမူ တောက်ပလှသော အနီရောင် ဖြစ်ပြီး အနည်းငယ်မျှ စူးရှနေခဲ့သော်လည်း ယခုအခါတွင်မူ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ လိုဏ်ဂူ၏ နံရံများကိုလည်း ထိုအရောင်အတိုင်းပင် ဆိုးသွားစေခဲ့၏။

ချော်ရည်ကန်၏ အလယ်ဗဟိုအတွင်းမှနေ၍ အစိမ်းရောင် မီးတောက်မီးလျှံများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ချော်ရည်များက စတင်၍ လှုပ်ရှားလာခဲ့တော့သည်။

ဤမီးလျှံများက အလွန်ပင် ထူးခြားလှသဖြင့် လင်းကျင်းနှင့် ကျောက်ကျန့်ယန်တို့ပင် နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာလိုက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

“ဒါက ထူးခြားတဲ့ မီးလျှံ ‘အစိမ်းရောင်မီးလျှံ’ ပဲ”

ကျောက်ကျင့်ယန်က အံ့သြတကြီး ရေရွတ်လိုက်၏။

ကြည့်ရသည်မှာ ဖီးနစ်နန်းတော်က ယခုကဲ့သို့သော နေရာရှိ ထူးခြားသည့် မီးလျှံများကို နာမည်တစ်ခု ပေးထားခဲ့ပြီး ဖြစ်ပုံရကာ ၎င်းက ဤမီးတောက်မီးလျှံများကို အကောင်းဆုံး ဖော်ပြပေးနိုင်စရာ ရှိနေခဲ့သည်။

“ငါတို့ စတင်ကြရအောင်”

ဤထူးခြားသော မီးလျှံများ၏ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်မှုများကို ကိုယ်တိုင် ခံစားမိလိုက်ရသော လင်းကျင်းက ဆိုလိုက်၏။

“ရှားပါးတဲ့ ထူးခြားတဲ့ မီးလျှံတစ်ခုပီသပါပေတယ်... အကယ်၍ ငါသာ အဲဒါကို ငါ့ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်မယ်ဆိုရင် တကယ်ကို အံ့သြစရာ ကောင်းမှာပဲ”

သူက စိတ်ထဲ၌ တွေးတောလိုက်မိသည်။

သူ၏ အချက်ပြမှုကို ကြားသိလိုက်ရသည့် အခါတွင်မူ ကျောက်ကျင့်ယန်က သူမ၏ ဖီးနစ်ဥကို အလျင်အမြန်ပင် ထုတ်ယူလိုက်တော့၏။

ပြောရမည်ဆိုပါက ကျောက်ကျင့်ယန်အနေဖြင့် ပြတိုက်မှူးထံမှနေ၍ ပြန်လည်မွေးဖွားခြင်းသို့ ရောက်ရှိစေရန်အတွက် သူမ၏ ဖီးနစ်ဥကို မီးလျှံအတွင်း၌ မည်သို့ ရေချိုးပေးရမည် ဖြစ်ကြောင်း ကြားသိထားခဲ့ရသော်လည်း ယခုကဲ့သို့သော လုပ်ငန်းစဉ်ကို အမှန်တကယ် လုပ်ဆောင်ရန်မှာမူ လုံးဝကို ခက်ခဲသောအရာ ဖြစ်သည်။ လင်းကျင်း သူမ၏ ဘေးနားတွင် ရှိနေခဲ့သည့်တိုင်အောင် သူမသည် အနည်းငယ်မျှ စိုးရိမ်ပူပန်လာခဲ့ရဆဲ ဖြစ်၏။

သူမက လင်းကျင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်တော့သည်။

“အကဲဖြတ်မှူးလင်း ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးနိုင်မလား”

သူမသည် ကျရှုံးသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့ခြင်းပင်။

သူမ၏ လက်ရှိ အခြေအနေအရ သူမအနေဖြင့် မည်သည့်နည်းနှင့်မှ ကျရှုံးခြင်းကို လက်မခံနိုင်ပေ။ သူမ၏ လက်အောက်ငယ်သားများ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင် ကျောက်ကျင့်ယန်သည် သူမ၏ ယခင်က ကြီးမြတ်သော တပ်မှူးကြီးအဆင့်အတန်းမှနေ၍ ဘယ်သူမှ မဟုတ်သော သာမန်လူတစ်ဦးအဖြစ်သို့ ပြုတ်ကျသွားခဲ့ရခြင်း ဖြစ်၏။ သူမတွင် သားရဲသာ ရှိမနေခဲ့ပါက သူမ၏ အဆင့်အတန်းကို ဘယ်တော့မှ ပြန်လည်၍ ရရှိနိုင်တော့မည် မဟုတ်ပါချေ။

သူမသည် ယခင်က ‘ညီအစ်မများ’ ဟု ခေါ်ဆိုခဲ့ဖူးသူများကို သူတို့၏ သစ္စာဖောက်မှု နောက်ကွယ်က အကြောင်းရင်းကို မေးမြန်းလိုနေခဲ့သည်။

သူမသည် ဖီးနစ်နန်းတော်တွင် သူမ၏ အာဏာကိုလည်း ပြန်လည်၍ ရရှိလိုနေခဲ့သေး၏။

လင်းကျင်းသည် ကျောက်ကျင့်ယန်၏ ဝေခွဲမရ ဖြစ်နေခြင်းကို သတိပြုမိလိုက်သည်။ အမှန်အတိုင်း ပြောရမည်ဆိုပါက ကျောက်ကျင့်ယန်အား ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်ကို သူမဘာသာ လုပ်ဆောင်စေခြင်းက အနည်းငယ် စွန့်စားရာ ရောက်ပေသည်။ သို့သော်လည်း လင်းကျင်းသည် ယခင်က ဧည့်ခန်းမအတွင်း၌ ဖီးနစ်ဥကို မီးလျှံအဆောင်လက်ဖွဲ့တစ်ခုဖြင့် အဆင့်မြှင့်တင်ပေးခဲ့ပြီး ဖြစ်သဖြင့် နည်းပညာပိုင်းအရမူ ယခုအချိန်တွင် မည်သည့်အရာမျှ မှားယွင်းသွားစရာ အကြောင်းမရှိပေ။

ထို့အပြင် သူကိုယ်တိုင်လည်း ဤလုပ်ငန်းစဉ်ကို စောင့်ကြပ်ကြည့်ရှုပေးနေမည် ဖြစ်ရာ အကယ်၍ မတော်တဆမှုတစ်ခုခု ဖြစ်ပွားလာခဲ့မည်ဆိုပါက သူက ချက်ချင်းပင် ကြားဝင်စွက်ဖက်ကာ ကျောက်ကျင့်ယန်ကို ကူညီပေးမည် ဖြစ်းည်။

“စိတ်မပူပါနဲ့ မိန်းကလေးကျောက်... ဥကို ထူးခြားတဲ့ မီးလျှံတွေထဲကိုသာ ပစ်ထည့်လိုက်”

လင်းကျင်း၏ တည်ငြိမ်မှုက ကူးစက်သွားခဲ့ခြင်းကြောင့် ဖြစ်ပုံရကာ ကျောက်ကျင့်ယန်သည် သူမ၏ အာရုံကို ဥဆီသို့ ပြန်လည်၍ မပြောင်းလဲမီ အသက်ကို ပြင်းထန်စွာ တစ်ချက် ရှူသွင်းလိုက်တော့၏။ မကြာမီ အချိန်အတွင်းမှာပင် သူမသည် နောက်ဆုံး၌ ဥကို ရှေ့သို့ ပစ်လွှတ်ရန် သတ္တိကို မွေးမြူနိုင်ခဲ့တော့သည်။ မီးလျှံများအတွင်းသို့ ဥ၏ ကျဆင်းသွားမှုက မည်မျှအထိ နှေးကွေးနေခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် ဂါထာမန္တန်က အလုပ်လုပ်နေခဲ့ကြောင်း ထင်ရှားလှ၏။ ၎င်းက ဥ၏ ဘေးပတ်ပတ်လည်တွင် လေထုကူရှင်တစ်ခုဖြင့် ဝန်းရံထားခဲ့သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ပြင်းထန်လော ပေါက်ကွဲသံတစ်ခုနှင့်အတူ ထူးခြားသော မီးလျှံများက ပိုမို၍ပင် တောက်ပစွာ တောက်လောင်လာခဲ့၏။

ဖီးနစ်ဥသည် အစိမ်းရောင်မီးလျှံများ၏ စွမ်းအင်များကို စုပ်ယူရင်း ထူးခြားသော မီးလျှံများအတွင်း၌ လည်ပတ်နေခဲ့သည်။ ကျောက်ကျင့်ယန်သည် အလွန်အမင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ခြင်းကြောင့် သူမ၏ လက်သီးများမှာ ဖြူလျော်နေခဲ့ရသည်အထိပင် စိုးရိမ်ပူပန်နေခဲ့၏။

၎င်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ လင်းကျင်းက သူမအား အကြံပြုလိုက်သည်။

“ဖီးနစ်တစ်ကောင်က မီးထဲမှာ ရေချိုးလိုက်တာနဲ့ ချက်ချင်းပဲ နိဗ္ဗာနဖြစ်လာမှာ မဟုတ်ဘူး၊ အချိန်ပိုပြီး လိုအပ်တာကြောင့် စိတ်ရှည်ဖို့က ဒီနေရာမှာ အဓိက သော့ချက်ပဲ”

၎င်းကို ကြားသိလိုက်ရသည့် အခါတွင်မှ ကျောက်ကျင့်ယန်သည် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။

ထို့နောက်တွင်မူ လင်းကျင်းအနေဖြင့် သူကိုယ်ပိုင် အလုပ်များကို လုပ်ဆောင်ရန် အချိန်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ရှောင်ဟော့”

လင်းကျင်းက လှမ်းခေါ်လိုက်၏။ သေးငယ်လှသော မီးပွားတစ်ခုက သူ၏ လက်မောင်းပေါ်မှနေ၍ ချက်ချင်းပင် ခုန်တက်လာခဲ့ပြီး သေးငယ်လှသော မီးဝံပုလွေတစ်ကောင်၏ ပုံသဏ္ဍာန်အဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။

၎င်းက ရှောင်ဟော့ပင် ဖြစ်၏။

“ရှောင်ဟော့ မင်းမှာ သာမန်ပါရမီပဲ ရှိတာ၊ သာမန်အခြေအနေမျိုးမှာဆိုရင် အဆင့် ၃ က မင်းရဲ့ ဆင့်ကဲပြောင်းလဲမှု အမြင့်ဆုံးအဆင့် ဖြစ်ရမှာ... မင်းက အခုအချိန်မှာ အဆင့် ၄ ကို ရောက်နေပြီဆိုပေမဲ့ မင်းရဲ့ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုက ရှားပါးတဲ့ သားရဲတွေထက် ပိုမိုပြီး ခက်ခဲလိမ့်မယ်... ကံကောင်းတာက မင်းက ဓမ္မခန္ဓာကို ကျင့်ကြံထားခဲ့တာကြောင့် ဖီးနစ်လိုပဲ မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ထူးခြားတဲ့ မီးလျှံတွေအတွင်းထဲကို ဝင်ရောက်နိုင်တယ်... ငါက မင်းရဲ့ ဓမ္မခန္ဓာနဲ့ ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ပေးဖို့ မိုးကြိုးမီးလျှံအပ်ကို အသုံးပြုပေးမယ်... မင်း အစိမ်းရောင်မီးလျှံထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေကို သေသေချာချာ နားထောင်ဖို့ မှတ်ထားပါ... အကယ်၍ မင်းအနေနဲ့ နာကျင်မှုတွေကို ဆက်လက်ပြီး မတောင့်ခံနိုင်တော့ဘူးဆိုရင် ချက်ချင်း ပြန်ထွက်လာခဲ့”

ရှောင်ဟော့က နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်၏။

လင်းကျင်းက သူ၏ လက်ချောင်းကို တစ်ချက် တောက်လိုက်သည့် အခါတွင်မူ မိုးကြိုးမီးလျှံအပ်က ရှောင်ဟော့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

“သွားတော့”

လင်းကျင်း၏ အမိန့်ပေးသံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် ရှောင်ဟော့သည်လည်း အစိမ်းရောင်မီးလျှံများအတွင်းသို့ ချက်ချင်းပင် ခုန်ဝင်သွားခဲ့၏။ အစိမ်းရောင်မီးလျှံများကမူ ပြင်းထန်သော မီးလျှံစွမ်းအင်များဖြင့် ပြည့်လျှံနေခဲ့သည်။ ၎င်းကို ဖီးနစ်၏ ပြန်လည်မွေးဖွားခြင်းအတွက်သာ အသုံးပြုမည်ဆိုပါက တကယ်ကို နှမြောစရာ ကောင်းပေလိမ့်မည်။

လင်းကျင်းသည် ဖီးနစ်ဟူသည် သာမန်ငှက်တစ်ကောင်မဟုတ်ကြောင်း သိရှိထားခဲ့သည်။ ၎င်း နိဗ္ဗာနလားနိုင်ရန်အတွက် လိုအပ်သော မီးလျှံစွမ်းအင်များမှာ အလတ်စား ကမ္ဘာမြေမီးလျှံဝိညာဉ်စမ်းကြောင်းတစ်ခုလုံးကို ကုန်ဆုံးသွားစေနိုင်စရာ ရှိနေခဲ့ပြီး ၎င်းကပင် လုံလောက်မှု ရှိချင်မှ ရှိနိုင်ဦးမည် ဖြစ်၏။ ဤနိဗ္ဗာနလားခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပြီးသည့်နောက်တွင် အစိမ်းရောင်မီးလျှံများ လုံးဝကို ငြိမ်းသတ်သွားနိုင်ပေသည်။ အခြေအနေက ယခုကဲ့သို့ ရှိနေပြီ ဖြစ်ရာ ထူးခြားသော မီးလျှံများ ဆက်လက်၍ တောက်လောင်နေဆဲ အချိန်မျိုးတွင် ၎င်းကို အပြည့်အဝ အဘယ်ကြောင့် အသုံးမပြုရပါမည်နည်း။

ဖီးနစ်နန်းတော်မှ ကျွမ်းကျင်သူများက ထူးခြားသော မီးလျှံများကို အဘယ်ကြောင့် ချိပ်ပိတ်ထားလိုကြခြင်း ဖြစ်ပါသနည်း။

အခြားလူများ ရှာဖွေတွေ့ရှိသွားခြင်းမှ ကာကွယ်ရန် ကြိုးပမ်းခြင်းအပြင် ၎င်းက ထူးခြားသော မီးလျှံများက အလွန်ပင် ရှားပါးသောကြောင့် ဖြစ်သည်။ သူတို့၏ ဖြစ်တည်မှုက များစွာသော အကြောင်းရင်းများ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ တောက်လောင်ပြီးသည့်နောက်တွင်မူ သူတို့က ငြိမ်းသတ်သွားကာ ကွယ်ပျောက်သွားတတ်ကြသဖြင့် ၎င်းတို့ကို ချိပ်ပိတ်ထားရန် လိုအပ်ခြင်း ဖြစ်၏။

၎င်းတို့ကို ပိတ်လှောင်ထားပြီးသည့်နောက်တွင်မူ ထူးခြားသော မီးလျှံများ တောက်လောင်မှုနှုန်းက အနည်းဆုံး အဆတစ်ရာခန့်အထိ လျော့နည်းသွားနိုင်ပြီး ၎င်း၏ ကုန်ဆုံးမှုနှုန်းကို လျှော့ချပေးနိုင်စရာ ရှိနေခဲ့ပေသည်။ လူတိုင်းအနေဖြင့် ၎င်းကို မကြာမီ အချိန်အတွင်း ပုပ်သိုးသွားခြင်းမှ ကာကွယ်ရန်အတွက် အစားအစာများကို ရေခဲသေတ္တာအတွင်း၌ ထည့်သွင်းထားခြင်းနှင့် နှိုင်းယှဉ်၍ တွေးတောနိုင်ပေသည်။

ယခုအခါတွင်မူ ချိပ်ပိတ်မှုက ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ရာ ၎င်းကို လွတ်လပ်စွာ တောက်လောင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို အသုံးမပြုခြင်းက ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ရှောင်ဟော့၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမှုက ယခုအခါတွင် ဤအစိမ်းရောင်မီးလျှံအပေါ်၌ တည်မှီနေခဲ့ရပြီ ဖြစ်၏။

ရုတ်တရက်ဆိုသလိုပင် လင်းကျင်းသည် တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သည့် အခါတွင်မူ အကြီးအကဲမို၏ မီးဖွတ်ကြီးက အလွန် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေခဲ့သည်ကို မြင်တွေ့လိုက်ရ၏။ သို့သော်လည်း ၎င်းက အောက်ခြေရှိ မီးလျှံများကိုမူ အနည်းငယ် ကြောက်ရွံ့နေခဲ့ပုံရသည်။ ၎င်းက အဝ၏ အနားသတ်ဆီသို့ပင် ချဉ်းကပ်ရန် ရဲတင်းခြင်းမရှိပေ။

ခဏမျှ တွေးတောပြီးသည့်နောက်တွင် လင်းကျင်းက ဆိုလိုက်သည်။

“သဘာဝတရားရဲ့ ရတနာတွေကို အဲဒါကို မြင်တွေ့ခွင့်ရတဲ့လူတွေနဲ့ မျှဝေခံစားနိုင်တယ်... မင်းနဲ့ အကြီးအကဲမိုက ဒီနေရာကို နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် စောင့်ကြပ်ပေးခဲ့တာကြောင့် ကြီးမားတဲ့ အမှုကို ထမ်းဆောင်ခဲ့ကြတာပဲ... အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါက မင်းကို ကောင်းမွန်တဲ့ ကံကြမ္မာတစ်ခု ပေးမယ်”

ထိုသို့ ပြောဆိုပြီးသည့်နောက်တွင် လင်းကျင်းက မီးဖွတ်ကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ငွေအပ်တစ်စင်း ပစ်လွှတ်လိုက်ပြီး ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ ၎င်းက အားပေးမှုကို ရရှိလိုက်သကဲ့သို့ပင် မီးဖွတ်ကြီးက ရှေ့သို့ အလျင်အမြန်ပင် ပြေးဝင်သွားခဲ့ပြီး ထိုမှတစ်ဆင့် မီးတွင်းကြီးအတွင်းသို့ တိုက်ရိုက်ပင် ခုန်ဆင်းသွားခဲ့တော့သည်။

အကြီးအကဲမိုကမူ လန့်ဖျပ်သွားခဲ့ရ၏။ အကယ်၍ ၎င်းက သာမန် ကမ္ဘာမြေမီးလျှံဝိညာဉ်စမ်းကြောင်းတစ်ခုသာ ဖြစ်ခဲ့မည်ဆိုပါက သူ၏ မီးဖွတ်ကြီးအတွက် အဆင်ပြေနိုင်သော်လည်း ထူးခြားသော မီးလျှံများအတွက်မူ ထိုသို့ ပြောဆိုနိုင်စရာ မရှိပါချေ။

အကယ်၍ တစ်စုံတစ်ခုသာ ဖြစ်ပွားခဲ့မည်ဆိုပါက သူ၏ သားရဲက မီးလောင်ကျွမ်းကာ သေဆုံးသွားနိုင်ပေသည်။

ရှေ့သို့ လှမ်းကြည့်လိုက်ရင်း အကြီးအကဲမိုသည် အောက်ခြေရှိ အခြေအနေများကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင်မှသာ နောက်ဆုံး၌ သက်ပြင်းတစ်ချက်ကို အသာတကြည် ချလိုက်နိုင်၏။

မီးဖွတ်ကြီးကမူ အစိမ်းရောင်မီးလျှံများအတွင်းသို့ အမှန်တကယ်ပင် ခုန်ဝင်သွားခဲ့ခြင်းမဟုတ်ဘဲ မီးလျှံများ၏ အနီးအနားတွင် ဝပ်စင်းနေခဲ့ခြင်း ဖြစ်ကာ ၎င်း၏ ပတ်ဝန်းကျင် အပူရှိန်များကို အသုံးပြု၍ မိမိကိုယ်ကိုယ် ကျင့်ကြံနေခဲ့ခြင်းပင်။ ၎င်းက အစိမ်းရောင်မီးလျှံများနှင့် တိုက်ရိုက် ထိတွေ့ခြင်း မရှိသော်လည်း ထူးခြားသော မီးလျှံများ၏ ပြုစုပျိုးထောင်မှုများကို ရရှိနိုင်၏။

လင်းကျင်းသည် သူ လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ သူတို့ ယခုအချိန်တွင် လုပ်ဆောင်ရန် ကျန်ရှိနေခဲ့သည်မှာ စောင့်ဆိုင်းရန်သာ ဖြစ်၏။

လူတိုင်းက စောင့်ကြည့်နေခဲ့ကြရင်း သူတို့၏ အသက်ရှူသံများကို အောင့်ထားခဲ့ကြသည်။ သူတို့၏ နောက်ကွယ်တွင်မူ စီနီယာမော့ကို ဆုပ်ကိုင်ထားခဲ့သည့် နဂါးမိခင်က လင်းကျင်း၏ ကျောပြင်ပုံသဏ္ဍာန်ကို သူမ၏ မျက်လုံးများအတွင်းရှိ တောက်ပသော အရိပ်အယောင်များဖြင့် စိုက်ကြည့်နေခဲ့၏။

နှစ်ပေါင်းရာချီတိုင်အောင် ရှင်သန်လာခဲ့ရသူ ဖြစ်သဖြင့် နဂါးမိခင်သည် များစွာသောအရာများကို ကြားသိဖူးခဲ့ပြီး များစွာသော ကျွမ်းကျင်သူများနှင့်လည်း ဆုံတွေ့ဖူးခဲ့ပေသည်။ ဘာပဲဖြစ်ဖြစ် သူမက ကျောက်စိမ်းနဂါးနိုင်ငံ၏ ကန့်သတ်ချုပ်ချယ်မှုများကို ခံရခြင်းမရှိဘဲ လွတ်လပ်စွာဖြင့် ကမ္ဘာမြေအနှံ့ လှည့်လည်သွားလာခွင့် ရရှိထားခဲ့သည့် အဆင့် ၅ ကျောက်နဂါးတစ်ကောင် ဖြစ်သည်။

သို့သော်လည်း သူမ၏ သားသမီးများမှာ သူမ၏ ရန်သူ၏ အစီအစဉ်များကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရခြင်းက အလွန်ပင် ကံဆိုးသောအရာ ဖြစ်၏။ သူမ နောက်ဆုံးတွင် ထိုရန်သူကို ရင်ဆိုင်ခဲ့ပြီးသည့်နောက်၌ သူမက သူ့ကို မယှဉ်ပြိုင်နိုင်ကြောင်း သိရှိလိုက်ရရုံတင်မကသေးဘဲ သူမ တိုက်ပွဲမှ လွတ်မြောက်လာခဲ့ပြီးသည့်နောက်တွင်ပင် စိတ်ပျက်အားငယ်ခဲ့ရသည်။ သူမ၏ နှလုံးသားအတွင်း၌ နာကျည်းမှုများ စုပုံလာခဲ့ရပြီး နောက်ဆုံးတွင်မူ သူမသည် မိစ္ဆာသားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။

မိစ္ဆာအသွင် ပြောင်းလဲသွားခဲ့ပြီးသည်နှင့် သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်လုနီးပါး ခက်ခဲသောအရာ ဖြစ်သဖြင့် သူမအတွက် ဝမ်းနည်းဖွယ်ကောင်းသော အဆုံးသတ်တစ်ခုက စောင့်ကြပ်နေခဲ့ခြင်း ဖြစ်သည်။ သူမ အံ့သြသွားခဲ့ရသည်မှာ အကဲဖြတ်မှူးလင်းက သူမ၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင် အရိပ်အယောင်အားလုံးကို ဖယ်ရှားပေးရန်အတွက် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း နဂါးမိခင်သည် အကဲဖြတ်မှူးလင်းနှင့် ပတ်သက်၍ များစွာ မသိရှိထားခဲ့သဖြင့် သူမ၏ သားဖြစ်သူအား ထိုလူသားအကြောင်းကို တိုးညှင်းစွာ မေးမြန်းလိုက်တော့သည်။

ထိုအရာများအပြင် သူမသည် ရှန်းအာအပေါ်တွင်လည်း ကြီးမားသော လေးစားမှုများ ရှိနေခဲ့သေး၏။

မိစ္ဆာသတ္တဝါတစ်ကောင် ပီသစွာဖြင့် နဂါးမိခင်သည် ရှန်းအာမှာလည်း သူမကဲ့သို့ပင် ဖြစ်ကြောင်း သိရှိနိုင်ခဲ့ပေသည်။ သို့သော်လည်း ရှန်းအာ၏ ဖိအားများက သူမထက်ပင် ပိုမို၍ အားကောင်းနေခဲ့ပုံရပြီး သူမက အကဲဖြတ်မှူးလင်းအား ‘ဆရာလင်း’ ဟု ခေါ်ဆိုနေခဲ့ခြင်း ဖြစ်၏။

သူမသည် အကဲဖြတ်မှူးလင်း၏ တပည့် ဖြစ်ရပေမည်။

အကဲဖြတ်မှူးလင်းကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးက မိစ္ဆာသတ္တဝါများကို သူ၏ တပည့်အဖြစ် လက်ခံထားခဲ့လိမ့်မည်ဟု တွေးတောမိလိုက်ပေသည်။ ၎င်းက သူမတွင်လည်း ထိုကဲ့သို့ ဖြစ်လာနိုင်စရာ အခွင့်အရေး ရှိနေခဲ့ကြောင်း သွယ်ဝိုက်၍ ပြသနေခဲ့ခြင်း မဟုတ်ပါသလော။

သူမ၏ သတ္တိကို စုဆောင်းပြီးသည့်နောက်တွင်မူ နဂါးမိခင်သည် ရှန်းအာထံသို့ ဦးညွှတ်လိုက်တော့သည်။

အခန်း ၄၄၆ - ဖီးနစ် နိဗ္ဗာနဝင်ခြင်း

မြေပြင်အထက်တွင်တော့ ရှောင်ဝူသည် မျောက်ဖြူနှင့်အတူ မြေအောက်မီးဝိညာဉ်စမ်းချောင်း၏ ဝင်ပေါက်၌ စောင့်ကြပ်နေဆဲဖြစ်၏။ သူတို့နှစ်ဦးသည် မေပယ်မြို့ရှိ ဂုဏ်သရေရှိ လူအားလုံးနီးပါးကို အတူတကွ ရင်ဆိုင်တားဆီးထားကြသည်။

အစောပိုင်းကတည်းက ရောက်ရှိနေသည့် ရဲ့ယွီကျိုးနှင့် ဟွမ်ဖူမင်တို့အဖွဲ့အပြင် မြို့တော်ဝန်အိမ်တော်မှ စေလွှတ်လိုက်သော လူများလည်း ရောက်ရှိလာကြပြီဖြစ်၏။ ဝမ်ကျိအပြင် ပိုင်ကျန့်ခုန်းလည်း ထိုနေရာတွင် ရှိနေသည်။

သို့သော်လည်း ရှောင်ဝူသည် အလျှော့မပေးဘဲ ခြေကုပ်မြဲမြံစွာ ရပ်တည်နေဆဲဖြစ်၏။ သူမသည် မြို့တော်ဝန်ကိုပင် အထဲသို့ ပေးမဝင်ချေ။

အစပိုင်းတွင် ပိုင်ကျန့်ခုန်းက မကျေမနပ်ဖြစ်ပြီး ဒေါသထွက်ရန် ပြင်လိုက်သော်လည်း ဝမ်ကျိက ရှောင်ဝူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် လင်းကျင်း၏ လက်ရှိအဆင့်အတန်းကို အမြန်သတိပေးလိုက်ရသည်။ ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ကျန့်ခုန်းတစ်ယောက် ငြိမ်ကျသွားတော့၏။

သူတို့အား သွားရောက်မပြစ်မှားရဲသည်မှာတော့ ပြောနေစရာပင် မလိုတော့ချေ။

‘ပြတိုက်မှူး’ သည် မကြာသေးမီက ဒါလော့ကျောင်းတော်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် သတင်းမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့ရာ မြို့တော်ဝန်တစ်ဦးဖြစ်သည့် ပိုင်ကျန့်ခုန်းအနေဖြင့် ထိုဖြစ်ရပ်ကို မသိဘဲမနေနိုင်ခဲ့ပါ။

ဒါလော့ကျောင်းတော်ဆိုသည်မှာ မည်သို့သောနေရာမျိုးနည်း။

ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် ရိုသေလေးစားရပြီး အင်အားကြီးနိုင်ငံများပင် သွားရောက်ရန်စရန် ကြောက်ရွံ့ကြသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ အခြေအနေများကြားတွင် ပြတိုက်မှူးသည် သူတို့၏ နယ်မြေထဲသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ ဆန်းကြယ်သော မန္တန်အစီအရင်များဖြင့် တစ်ကျောင်းတော်လုံးကို မွှေနှောက်ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်၏။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများနှင့် ချဲ့ထွင်ပြောဆိုမှုများ ရှိခဲ့သည်။ အချို့သော လူများဆိုလျှင် နေမင်းကြီး ပြုတ်ကျလာသည်ကိုပင် သူတို့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်ဟု ကျိန်ဆိုပြောဆိုကြသေး၏။

ပိုင်ကျန့်ခုန်းက ထိုစကားအားလုံးကို မယုံကြည်သော်လည်း ပြတိုက်မှူးသည် အံ့မခန်းစွမ်းဆောင်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်မှာတော့ အမှန်တကယ်ပင် ဖြစ်သည်။

လင်းကျင်းသည် ပြတိုက်မှူး၏ တပည့်ဖြစ်ကြောင်းကို ပိုင်ကျန်ခုန်း သိရှိထားပြီးသား ဖြစ်ရာ မည်မျှပင် သတ္တိရှိပါစေ လင်းကျင်း၏ အမြီးကို သွားနင်းရန် မတွေးရဲချေ။

အမှန်တော့ လင်းကျင်း၏ ‘အစေခံမိန်းကလေး’ ကိုပင် သူက ရိုရိုသေသေ ဆက်ဆံရမည့် အခြေအနေဖြစ်နေ၏။ အကယ်၍ သူမက မည်သူ့ကိုမျှ အထဲမဝင်ရဟု ဆိုလျှင် မြို့တော်ဝန်ကိုယ်တိုင်ပင် ဖြစ်ပါစေ ထိုအမိန့်ကို မဖီဆန်နိုင်ပါ။

“ဟားဟား မြို့တော်ဝန်ပိုင် စိတ်လျှော့ပါ... အကဲဖြတ်မှူးလင်းက အောက်မှာ ရှိနေတာပဲ... ဘာပဲဖြစ်ဖြစ် အခြေအနေကို သူကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်”

ရဲ့ယွီကျိုးက လှမ်းပြောလိုက်၏။

သူသည် ဝါရင့်ပြီး အတွေ့အကြုံများသော လေးစားရသူတစ်ဦး ဖြစ်သဖြင့် သူ၏ စကားများသည် တန်ဖိုးရှိလှသည်။

“ဒါက ပြဿနာအကြီးကြီး မဟုတ်ဘူး စိတ်မပူပါနဲ့ ပြောချင်ပေမယ့် ကျုပ်ကတော့ စိတ်ပူမိတယ်... ခင်ဗျားလည်း သိတဲ့အတိုင်း မြေအောက်မှာ သားရဲတစ်ကောင်ကို ချိတ်ပိတ်ထားတာလေ... အကယ်၍ အဲဒါသာ လွတ်လာရင် ဒီက ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး”

ပိုင်ကျန့်ခုန်းက ပြန်လည်ပြောလိုက်၏။

မြို့တော်ဝန်တစ်ဦးအနေဖြင့် မြေအောက်မီးဝိညာဉ်စမ်းချောင်းတွင် မိစ္ဆာသားရဲတစ်ကောင် ချိတ်ပိတ်ခံထားရသည်ကို သူသိရှိနေခြင်းမှာ မဆန်းပါ။ ထို့အတူ နိုင်ငံ၏ အစောင့်အရှောက်ဖြစ်သော ရဲ့ယွီကျိုးလည်း ထိုအကြောင်းကို သိရှိထားသည်။

အမှန်အတိုင်းပြောရလျှင် ရဲ့ယွီကျိုးသည်လည်း အစပိုင်းတွင် စိုးရိမ်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် မြေအောက်တွင် ချိတ်ပိတ်ခံထားရသော သားရဲမှာ အဆင့် ၅ ဖြစ်နိုင်ခြေ အလွန်များသောကြောင့်ပင်။

ဤအခြေအနေကို ပေါ့ပေါ့ဆဆ သဘောထား၍ မရနိုင်ပါ။ အကယ်၍ ထိုသတ္တဝါသာ လွတ်မြောက်သွားပါက မေပယ်မြို့သာမက တစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနိုင်သည်။

သို့သော်လည်း ရဲ့ယွီကျိုးသည် လင်းကျင်း၏ စွမ်းဆောင်နိုင်စွမ်းကို သိရှိထားပြီး ဖြစ်ရာ လင်းကျင်း မြေအောက်တွင် ရှိနေသရွေ့တော့ ဘာပြဿနာမျှ ရှိလာမည်မဟုတ်ဟု တွေးမိသည်။

“စောစောက နဂါးဟိန်းသံက အဲဒီသားရဲ လွတ်မြောက်လာတဲ့ လက္ခဏာပဲ ထင်တယ်... အခုအောက်မှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး”

အထဲသို့ ဝင်ခွင့်မရသဖြင့် ပိုင်ကျန့်ခုန်းတစ်ယောက် စိုးရိမ်တကြီး စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့၏။

သူသည် နဖူးပေါ်တွင် စီးကျလာသော ချွေးစက်များကို ခဏခဏ သုတ်နေသော်လည်း ချွေးများက ပြန်လည်ထွက်ပေါ်လာစမြဲဖြစ်သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က လှမ်းပြောလိုက်၏။

“အားလုံးပဲ... ပတ်ဝန်းကျင် အပူချိန် တက်လာတာကို ခံစားမိကြလား”

ဟမ်...

“ဟုတ်တယ်”

“ကျွန်တော်လည်း ခံစားရတယ်... အခုက နွေရာသီလည်း မဟုတ်သေးဘဲနဲ့ ဘာလို့ ဒီလောက်အထိ ပူပြင်းနေရတာလဲ”

သူတို့ ထိုနေရာတွင် ကြာကြာရပ်နေလေလေ ပတ်ဝန်းကျင် အပူချိန်က ပိုမိုမြင့်မားလာလေလေ ဖြစ်၏။

ရဲ့ယွီကျိုးက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး သူ၏ နဂါးအား ရေဓာတ်စွမ်းအင်ကို စုစည်းစေကာ အားလုံးကို အအေးဓာတ်ပေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မကြာမီမှာပင် ရေဓာတ်စွမ်းအင်များမှာ အငွေ့ပျံပျောက်ကွယ်သွားတော့၏။

ထို့တင်မကဘဲ ရဲ့ယွီကျိုးသည် သူ၏ နဂါးပျံမှာ တဖြည်းဖြည်းနှင့် ပိုမိုကြောက်ရွံ့တုန်လှုပ်လာသည်ကို သတိပြုမိလိုက်သည်။

၎င်းသည် မြေအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေ၏။

မြေအောက်တွင် ကြီးမားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပျက်နေပြီဆိုသည်ကို ရဲ့ယွီကျိုးနှင့် အခြားလူများ သိရှိလိုက်ကြသော်လည်း အတိအကျ ဘာဖြစ်နေသည်ကိုတော့ မသိကြချေ။ သူတို့၏ ပြင်းပြသော စူးစိုက်စပ်စုလိုစိတ်ကြောင့် မည်မျှအထိ ဝေခွဲမရ ဖြစ်နေရမည်ကို ခန့်မှန်းရခက်လှသည်။

မြေပြင်အထက်တွင်ပင် ဤမျှအထိ ပူပြင်းနေပါက ပေတစ်ထောင်ခန့်နက်သော မြေအောက်တွင်တော့ ပိုမိုဆိုးရွားနေမည်မှာ အမှန်ပင်ဖြစ်၏။

စိမ်းလန်းသော မီးတောက်များမှာ အပြည့်အဝ တောက်လောင်နေပြီး ဂူအတွင်းရှိ အပူချိန်မှာ အသက်ရှူကျပ်လုမတတ် မြင့်မားနေခဲ့သည်။ နဂါးမိခင်သည် လိုဏ်ခေါင်းတစ်ခုထဲသို့ ဆုတ်ခွာသွားခဲ့သော်လည်း သူမ မည်မျှပင် သန်မာပါစေ ဤအပူဒဏ်ကိုတော့ မခံမရပ်နိုင်ဖြစ်နေရဆဲပင်။

အကြီးအကဲမိုလည်း ဆက်လက်မခံနိုင်တော့ချေ။ လိုဏ်ခေါင်းဆီသို့ ဆုတ်ခွာသွားမှသာ အပူဒဏ်ကို ဆက်လက်အောင့်အော်နိုင်တော့မည်ဖြစ်သည်။

ရုတ်တရက် မြေအောက်ဆီမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

မီးတောက်များကြားမှ မီးဖွတ်ကြီးတစ်ကောင် တွားသွား၍ တက်လာခဲ့သည်။

အကြီးအကဲမို၏ ရင်ဘတ်ထဲတွင် အလွန်တုန်လှုပ်သွားရပြီး ထိုတုန်လှုပ်မှုနှင့်အတူ မယုံကြည်နိုင်ခြင်းနှင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။

“ငါ့ရဲ့ သားရဲ အဆင့်တက်သွားပြီ”

သူ၏ မီးဖွတ်ကြီး၏ အပြင်ဘက် အရေပြားမှာ မီးဖိုထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသော အရောင်တင်အိုးခြမ်းပဲ့တစ်ခုကဲ့သို့ ဖြစ်နေ၏။ ၎င်းသည် ဖောက်ထွင်းမြင်နိုင်လုနီးပါးဖြစ်ပြီး တောက်လောင်နေသော မီးလျှံများ၏ အလင်းရောင်ဖြင့် တောက်ပနေခဲ့ရာ ကြည့်ရသည်မှာ အလွန်အံ့ဩစရာကောင်းလှသည်။

ထိုအပြောင်းအလဲများအပြင် မီးဖွတ်ကြီး၏ မျက်လုံးများထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည်ကိုလည်း မြင်တွေ့နိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေပြီး ၎င်းထံမှ ထွက်ပေါ်လာသော အော်ရာမှာလည်း အလွန်ပင် ပြင်းထန်လှ၏။

အမှန်တကယ်ပင် မီးဖွတ်ကြီးမှာ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အဆင့် ၃ မှ အဆင့် ၄ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

လင်းကျင်း၏ အပ်စိုက်နည်းစနစ်များက ဤဖြစ်စဉ်တွင် ကူညီပေးခဲ့သည်ဆိုသော်လည်း အဓိကမှာ ရှားပါးသော အစိမ်းရောင် မီးလျှံများ၏ မီးဓာတ်စွမ်းအင်ကြောင့်ပင် ဖြစ်သည်။

ရှားပါးသော ထူးခြားသည့် မီးလျှံများအတွက် မီးဖွတ်တစ်ကောင်ကို အဆင့်မြှင့်တင်ပေးရန်မှာ အလွန်လွယ်ကူလှသည်။

အကြီးအကဲမိုအနေဖြင့် မီးဖွတ်ကြီး၏ အရည်အသွေးနှင့် အလားအလာအရ မကြာမီကာလအတွင်း အဆင့်တက်ရန် မဖြစ်နိုင်သဖြင့် ဤနေရာတွင် ကြီးမားသော ကံကောင်းခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။ သို့မဟုတ်ပါက သားရဲအကဲဖြတ်မှူးအသင်း၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ သားရဲကို အဆင့်မြှင့်တင်ရန် လွန်ခဲ့သောအချိန်ကတည်းက ကြိုးစားခဲ့လိမ့်မည် ဖြစ်သည်။

သူ၏ သားရဲ အဆင့်တက်သွားသည့် အချက်က သူ့ကို ကမ္ဘာပေါ်တွင် ယာယီအားဖြင့် အပျော်ဆုံးလူသားတစ်ဦး ဖြစ်လာစေခဲ့သည်။

ဤအဆင့်တက်ခြင်းက သူ့ကို နိုင်ငံ၏ အစောင့်အရှောက်အဆင့်အတန်းသို့ ရောက်ရှိသွားစေခဲ့ရာ ယခုမှစ၍ သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ အာဏာရှိပုဂ္ဂိုလ်များကြားတွင် နေရာတစ်ခု ရရှိတော့မည်ဖြစ်၏။

သူ၏ သားရဲ အဆင့်တက်သွားခြင်းကြောင့် အကြီးအကဲမိုကိုယ်တိုင်လည်း သွေးသစ္စာစာချုပ်မှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ သူသည် ယခုအခါ ဂူအတွင်းရှိ အပူလှိုင်းကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိသွားခဲ့ပြီဖြစ်၏။

သူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ အကြီးအကဲမိုသည် တိတ်ဆိတ်စွာပင် နေခဲ့သည်။

သူ၏ မီးဖွတ်ကြီး အဆင့်တက်ခြင်းမှာ လင်းကျင်း၏ အကူအညီကြောင့် ဖြစ်သည်မှာ သေချာ၏။ သို့သော် သူ မသိရှိသည်မှာ ဤအဆင့်တက်ခြင်းက မြည်းစမ်းရုံ သက်သက်သာ ရှိသေးပြီး အဓိကပွဲကြီးက လာရန် ရှိသေးသည်ဆိုသောအချက်ပင် ဖြစ်သည်။

ယခုအခါ အကြီးအကဲမိုသည် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အံ့မခန်း ဖြစ်ရပ်များက ဘဝကို အဓိပ္ပာယ်ရှိစေသောကြောင့်ပင်။

အမှန်တကယ်ပင် လင်းကျင်းနှင့် ကျောက်ကျင့်ယန်တို့သည် မီးဖွတ်ကြီး၏ အဆင့်တက်ခြင်းကို သိပ်ပြီး ဂရုမထားမိကြချေ။

ဖြစ်စဉ်တစ်ခုလုံးတွင် မီးဖွတ်ကြီးသည် အစိမ်းရောင် မီးလျှံများ၏ အပြင်ဘက်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အစိမ်းရေ.င် မီးလျှံများ၏ ဗဟိုချက်ထဲတွင် ပုံရိပ်နှစ်ခု ရှိနေဆဲဖြစ်၏။

တစ်ခုမှာ ကျောက်ကျင့်ယန်၏ ဖီးနစ်ဥဖြစ်ပြီး အခြားတစ်ခုမှာ လင်းကျင်း၏ သားရဲဖြစ်သော ရှောင်ဟော့ဖြစ်သည်။

ကျောက်ကျင့်ယန်တစ်ယောက် ပြန်လည်စိုးရိမ်လာမိပြန်ပြီဖြစ်၏။

သူမ ဥကို မီးထဲသို့ ပစ်ထည့်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်နာရီခန့် ရှိသွားခဲ့ပြီဖြစ်သော်လည်း ထိုနှစ်နာရီလုံးလုံး ဖီးနစ်ဥထံမှ မည်သည့်အပြောင်းအလဲမျှ မတွေ့ရသေးချေ။

ဤအချက်က သူမကို စိုးရိမ်ပူပန်စေသည်မှာ အမှန်ပင် ဖြစ်သည်။

“အကဲဖြတ်မှူးလင်း... အခု အခြေအနေ ဘယ်လိုရှိလဲဟင်”

ကျောက်ကျင့်ယန်က လှမ်းမေးလိုက်၏။

လင်းကျင်း၏ အာရုံစိုက်မှုတစ်ခုလုံးသည်လည်း မီးတောက်များဆီသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အာရုံတစ်ခု ရရှိလိုက်သဖြင့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်တော့၏။

“မီးအဆောင်တော်... ထလော့”

မကြာသေးမီ အခိုက်အတန့်က သူသည် ဖီးနစ်ဥထဲတွင် မြှုပ်နှံထားခဲ့သော မီးလျှံအဆောင်မှာ စတင်လှုပ်ရှားလာသည်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။ အဆောင်တစ်ခုက လူသားတစ်ယောက်ကဲ့သို့ တုန်ခါလှုပ်ရှားလာနိုင်သည်မှာ စိတ်ကူးရန် ခက်ခဲလှသော်လည်း ၎င်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။

မီးအဆောင်တော်ကြောင့် လင်းကျင်းသည် မာကျောလှသော ဖီးနစ်ဥထဲမှ အပြောင်းအလဲကို နောက်ဆုံးတွင် အာရုံခံမိလိုက်ပြီဖြစ်၏။

ထိုအပြောင်းအလဲက ကောင်းကင် မြေပြင်ကိုပင် တုန်လှုပ်စေခဲ့သည်။

ထို့ကြောင့် ဂူကြီးတစ်ခုလုံး စတင်တုန်ခါလာတော့၏။ မူလက တောက်ပသော အစိမ်းရောင်ရှိရာမှ အစိမ်းရောင် မီးလျှံများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ကြက်သွေးရောင်သို့ ပြောင်းလဲသွားခဲ့သည်။ နီရဲသော ဖဲကြိုးများ အသက်ဝင်လာသကဲ့သို့ မီးလျှံများသည် သူတို့၏ ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ကြ၏။

တစ်ပြိုင်နက်တည်းမှာပင် ထိုမီးလျှံများ၏ နက်ရှိုင်းရာဆီမှ ငှက်တစ်ကောင်၏ စွဲရှရှ အော်ဟစ်သံတစ်ခုကို သူတို့ ကြားလိုက်ရတော့သည်။

All Chapters