← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 23 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 23 Ch. 447-448

အခန်း ၄၄၇ - ပြန်လည်မွေးဖွားခြင်းနှင့် ဖီးနစ်ငှက်ထံ ငှက်အပေါင်း ခစားခြင်း

စူးရှလှသော ထိုအော်ဟစ်သံကြောင့် လင်းကျင်း၏ အာရုံများပင် ခဏမျှ ကြောင်အန်းသွားခဲ့ရ၏။

မေပယ်မြို့တစ်မြို့လုံးရှိ လူအားလုံးလည်း ဤနားကွဲလုမတတ် ကျယ်လောင်လှသော စူးရှသံကြီးကို ကြားလိုက်ကြရသည်။

“ဒါ ဘာအသံလဲ”

လိုဏ်ဂူအပြင်ဘက်တွင်တော့ ပိုင်ကျန့်ခုန်းသည် ကြောက်ရွံ့ထိတ်လန့်သော မျက်နှာပေးဖြင့် နဖူးတွင် ချွေးများစိုရွှဲနေခဲ့ပြီဖြစ်၏။ သို့သော်လည်း မည်သူမျှ သူ၏မေးခွန်းကို မဖြေနိုင်ကြချေ။

လူတိုင်းသည်လည်း လမ်းပျောက်နေသကဲ့သို့ ဖြစ်နေကြသည်။

သို့သော်လည်း ၎င်းသည် သာမန်သားရဲတစ်ကောင်မဟုတ်ကြောင်းကိုတော့ သူတို့ သေချာပေါက် သိရှိလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ရဲ့ယွီကျိုးသည် သူ၏ သားရဲထံမှ ကြောက်ရွံ့တုန်လှုပ်မှုကို ပြတ်ပြတ်ထင်ထင် အာရုံခံမိနေသောကြောင့်ပင်။

ဤကဲ့သို့သော အခြေအနေမျိုး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးချေ။

“အကဲဖြတ်မှူးလင်းတစ်ယောက် အောက်မှာ ဘာတွေလုပ်နေတာလဲ မသိဘူး”

ကျင့်ကြံသူများအသင်းမှ ဆရာများလည်း လန့်ဖျပ်သွားကြပုံရသည်။

ထိုငှက်အော်သံကြီးအပြီးတွင် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက်တွင်တော့ လတ်ဆတ်သော လေပြေညင်းတစ်ခုက သူတို့၏ မျက်နှာများကို ရုတ်တရက် ဖြတ်သန်းတိုက်ခတ်သွားတော့သည်။

သို့သော်လည်း ၎င်းနောက်တွင် ကပ်ပါလာသည်က စောစောက အပူလှိုင်းထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသော အပူရှိန်ကြီးဖြစ်၏။

၎င်းသည် မေပယ်မြို့တစ်မြို့လုံးကို မီးကင်နေသကဲ့သို့ပင် ဖြစ်နေခဲ့ရသည်။

“ဟိုမှာ အမြန်ကြည့်ကြဦး”

အကဲခတ် ကောင်းမွန်သော တစ်စုံတစ်ယောက်က ဝေးကွာသော ကောင်းကင်ယံထက်မှ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို လှမ်း၍ လက်ညှိုးထိုးပြလိုက်၏။

လူအုပ်ကြီးက လှမ်းကြည့်လိုက်ကြပြီး သိသိသာသာပင် အံ့ဩမှင်သက်သွားကြတော့သည်။

ဝေးကွာသော နေရာဆီမှနေ၍ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုက နိမိတ်မကောင်းသော မိုးတိမ်တိုက်ကြီးတစ်ခုကဲ့သို့ တရွေ့ရွေ့ နီးကပ်လာနေခဲ့ခြင်း ဖြစ်၏။ ထိုအရိပ်မည်းကြီးသည် လျင်မြန်စွာ ရွေ့လျားလာပြီး မကြာမီမှာပင် လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လောက်သည့် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် တိမ်တိုက်တစ်ခု မဟုတ်ပါချေ။ ၎င်းသည် ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှသော ငှက်အုပ်ကြီးတစ်အုပ် ဖြစ်နေခဲ့သည်။

မည်မျှအထိ များပြားလှသလဲဆိုလျှင် ငှက်အုပ်ကြီးက နေမင်းကြီး၏ အလင်းရောင်ကိုပင် ကွယ်ဆို့သွားစေခဲ့၏။

သူတို့သည် ငှက်မျိုးစုံ၏ တေးဆိုသံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားနေရသည်။ အကြမ်းဖျင်း ခန့်မှန်းချက်များအရ နေရာတိုင်းတွင် တွေ့နိုင်သော သာမန်ငှက်များနှင့် ရှားပါးသတ္တဝါများအပါအဝင် ငှက်မျိုးစိတ်ပေါင်းစုံ အကောင်ရေ တစ်သိန်းခန့် ရှိနေခဲ့ခြင်း ဖြစ်၏။ ထိုအထဲတွင် အတောင်ပံဖြန့်လိုက်ပါက ဆယ်ပေခန့်အထိ ကြီးမားသော ငှက်ကြီးများပင် ပါဝင်နေခဲ့ရာ တကယ့်ကို ရင်သပ်ရှုမောဖွယ် ရှုခင်းတစ်ခုပင် ဖြစ်တော့သည်။

သက်ကြီးဝါကြီး ဝါရင့်ပုဂ္ဂိုလ်များအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ယခင်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ကြချေ။

ထိုငှက်များသည် မြို့ကို ဖြတ်ပျံသွားခြင်းမရှိဘဲ မေပယ်မြို့၏ အထက်တွင် ပျံဝဲကာ အုပ်စုဖွဲ့၍ တေးဆိုအော်ဟစ်နေကြတော့သည်။

မြေအောက် မီးလိုဏ်ဂူထဲတွင်တော့ ရှည်လျားပြီး လှပလှသော အမြီးပိုင်ဆိုင်ထားသည့် မီးငှက်တစ်ကောင်သည် မီးလျှံများထဲမှ ပျံတက်လာခဲ့ပြီး သူ၏ နောက်ကွယ်တွင် ဖဲကြိုးကဲ့သို့သော မီးတောက်များကို ချန်ရစ်ထားခဲ့၏။ ကြည့်ရသည်မှာ ၎င်းသည် သေချာပေါက် ဖီးနစ်ငှက်တစ်ကောင်ပင် ဖြစ်သည်။

လင်းကျင်းကိုယ်တိုင်ပင် စိတ်လှုပ်ရှားသွားခဲ့ရ၏။

အောင်မြင်ပြီ...။

သေဆုံးသွားသော ဖီးနစ်၏ ပြာများကို သူ၏ မန္တန်များဖြင့် စုစည်းစေခဲ့ပြီး ထူးခြားသော မီးလျှံများဖြင့် သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းသည် မီးလျှံများထဲတွင် နိဗ္ဗာနလားကာ အောင်မြင်စွာ ပြန်လည်မွေးဖွားလာနိုင်ခဲ့ခြင်း ဖြစ်၏။

ပြန်လည်မွေးဖွားလာပြီးနောက်တွင် ဖီးနစ်၏ အစွမ်းက သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ရာ အဆင့်မတက်သေးလျှင်ပင် ဤဖီးနစ်သည် အဆင့် ၅ သားရဲများကြားတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်နိုင်စရာ ရှိပေသည်။

သူတို့ကြားတွင် အပျော်ဆုံးလူမှာတော့ သေချာပေါက် ကျောက်ကျင့်ယန်ပင် ဖြစ်၏။

သူမသည် လက်များ တုန်ရင်နေခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ မည်သည့်စကားလုံးနှင့်မျှ သူမ၏ ဝမ်းမြောက်မှုကို မဖော်ပြနိုင်တော့ချေ။ ဆရာကြီး ပြတိုက်မှူး ပြောခဲ့သည့်အတိုင်းပင် သူမ၏ ဖီးနစ်သည် မီးလျှံထဲတွင် ရေချိုးပြီးနောက် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

၎င်းက အမှန်တကယ် ဖြစ်လာခဲ့ပြီ။

ဆရာကြီး ပြတိုက်မှူးက တကယ့်ကို နတ်ဘုရားတစ်ပါးပင်။

“မိန်းကလေးကျောက်... ဖီးနစ်ကို သားရဲစာလိပ်ထဲကို ချက်ချင်း ပြန်သိမ်းလိုက်ပါ... ဖီးနစ်ရဲ့ မီးလျှံက အရမ်းပြင်းထန်လွန်းလို့ ဒီဂူကြီးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

လင်းကျင်း နောက်ပြောင်နေခြင်း မဟုတ်ပါ။ ဖီးနစ်၏ မီးလျှံများသည် ဂူ၏ နံရံများကို စတင်အရည်ပျော်စေနေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမှန်အတိုင်းပြောရလျှင် ဖီးနစ်မီးလျှံသည်လည်း ထူးခြားလှသော မီးလျှံအမျိုးအစားတစ်ခု ဖြစ်သောကြောင့်ပင်။

ဤဖီးနစ်မီးလျှံထဲတွင် အစိမ်းရောင်မီးလျှံများလည်း ရောနှောပါဝင်သွားခဲ့ပြီ ဖြစ်ရာ ဖီးနစ်မှာ အဆင့်မတက်ခဲ့သော်လည်း ၎င်း၏ မီးဓာတ်စွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။

၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ထို့အတူပင် ဖြစ်၏။

ကျောက်ကျင့်ယန်က ခေါင်းညိတ်လိုက်သည်။ သူမသည် လင်းကျင်း၏ ညွှန်ကြားချက်များကို မြေဝယ်မကျ နာခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်၏။ သူမအတွက်တော့ ပြတိုက်မှူးရော လင်းကျင်းပါ အနှိုင်းမဲ့ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ကျောက်ရင်းက ဖီးနစ်ကို ပြန်သိမ်းလိုက်ပြီးသည့်နောက်တွင် လင်းကျင်းက မီးလျှံများထဲမှ တစ်စုံတစ်ခုကို ဖမ်းဆွဲလိုက်သည့်အလား လက်ဟန်ခြေဟန် ပြုလုပ်လိုက်၏။

၎င်းက ဖီးနစ်ဥထဲတွင် သူမြှုပ်နှံထားခဲ့သော မီးအဆောင်တော်ပင် ဖြစ်သည်။

၎င်းအပေါ်တွင် မီးနတ်မင်းအမိန့်တော်ကို ရေးဆွဲထားခဲ့ပြီး အဆောင်တော်ကိုယ်တိုင်က တောက်ပနေသော မီးခဲတစ်ခဲကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့ အံ့ဩသွားရသည်မှာ လင်းကျင်းသည် ၎င်းကို ဗလာလက်သက်သက်ဖြင့် ဖမ်းဆွဲနိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ သူကိုယ်တိုင်လည်း ဤဖြစ်ရပ်မှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သောကြောင့်ပင်။

ဤမီးအဆောင်တော်ကို လင်းကျင်းကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူ၏ စိတ်စွမ်းအားများ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် နဂါးမီးလျှံများကို ကိုင်တွယ်ခဲ့ဖူးသော အတွေ့အကြုံလည်း ရှိထားသဖြင့် တောက်လောင်နေသော အဆောင်တော်က သူ့ကို မလောင်ကျွမ်းစေနိုင်ပါချေ။

ဤမီးလျှံများသည်လည်း သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

“စုစည်းစေ”

တောက်လောင်နေသော အဆောင်တော်ကို ဒီအတိုင်း သယ်ဆောင်သွားရန် မဖြစ်နိုင်သဖြင့် သူက ၎င်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲရမည်ဖြစ်သည်။ လင်းကျင်းက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ မီးလျှံများထဲမှ တစ်စုံတစ်ခုကို ဖမ်းယူလိုက်ပြန်၏။

၎င်းက သေးငယ်လှသော အပိုင်းအစလေးတစ်ခု ဖြစ်သည်။

ကွဲအက်သွားသော ဖီးနစ်ဥခွံ၏ အပိုင်းအစလေးပင် ဖြစ်၏။

ထိုဥခွံသည် ဖီးနစ်၏ ပြာများမှ စုစည်းဖြစ်ပေါ်လာခြင်း ဖြစ်ရာ လင်းကျင်းက ၎င်းကို လက်ထဲတွင် ဆုပ်ခြေလိုက်သောအခါ အပိုင်းအစလေးသည် ပြာအဖြစ်သို့ ပြန်လည်ကြေမွသွားခဲ့သည်။ လင်းကျင်းက စုစည်းခြင်းမန္တန်ကို ရွတ်ဆိုလိုက်ပြီး ထိုပြာများကို မီးအဆောင်တော်နှင့် အတင်းအဓမ္မ ပေါင်းစပ်ပစ်လိုက်တော့၏။

မီးလျှံများ စတင်ပျောက်ကွယ်သွားသော်လည်း ၎င်းတို့က ငြိမ်းသတ်သွားခြင်းမဟုတ်ဘဲ အဆောင်တော်အတွင်း၌ ချိပ်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် လင်းကျင်း၏ နဖူးပြင်ပေါ်၌ ချွေးများစိုရွှဲနေခဲ့ပြီဖြစ်၏။ သူသည် ပိုးမွှားတာအိုဆရာကဲ့သို့ နှစ်ပေါင်းရာချီ ကျင့်ကြံလာခဲ့ပြီး အကန့်အသတ်မရှိ စွမ်းအင်များ ပိုင်ဆိုင်ထားသော ကျွမ်းကျင်သူတစ်ဦး မဟုတ်ပါချေ။ လင်းကျင်း၏ အခြေခံစွမ်းအင်မှာ ထိုအပိုင်းတွင် အနည်းငယ် အားနည်းနေသေးပြီး နတ်ဘုရားချည်နှောင်ကြိုးကို အသုံးပြုစဉ်က ထိုအချက်ကို သိသာခဲ့သည်။ ပိုးမွှားတာအိုဆရာက ၎င်းကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်သော်လည်း လင်းကျင်းအတွက်မူ အလွန်ပင် ပင်ပန်းလှသော လုပ်ငန်းစဉ် ဖြစ်ခဲ့ရ၏။

သူသည် ဤမီးအဆောင်တော်ကို စုစည်းရန် သူ၏ စွမ်းအင်အားလုံးကို ထုတ်သုံးနေရခြင်း ဖြစ်သည်။ သူ၏ သွေးဖြင့် စုစည်းခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်စေရန်အတွက် သူ၏ လက်ဝါးပေါ်ရှိ အရေပြားကိုပင် ခွဲလိုက်ရသေး၏။

ကံကောင်းစွာဖြင့် သူ အောင်မြင်သွားခဲ့သည်။

သူ၏ လက်ဝါးကို ငုံ့မကြည့်ဘဲ လင်းကျင်းက မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

သူ၏ ခေါင်းထဲတွင် အလွန်ပင် မူးဝေနောက်ကျိနေခဲ့သဖြင့် သူ မတတ်နိုင်တော့ချေ။ အကယ်၍ ခဏမျှ အနားမယူပါက သူ ထိုနေရာမှာတင် မေ့လဲသွားနိုင်သည်။ ဤအခြေအနေကို မသိရှိသော ကျောက်ကျင့်ယန်ကတော့ သူသည် အတွေးနက်နေခြင်း သို့မဟုတ် သူမအား အကွာအဝေးတစ်ခုတွင် နေစေရန် တမင်တကာ ဤသို့ ပြုမူနေခြင်းဖြစ်သည်ဟုသာ ထင်မှတ်နေခဲ့မိ၏။ အခြားတစ်ဖက်တွင်မူ ရှန်းအာသည် လင်းကျင်း၏ ပုံမှန်မဟုတ်သော အပြုအမူကို ချက်ချင်း သတိပြုမိလိုက်သည်။ သူမက လိုဏ်ခေါင်းထဲမှနေ၍ အလျင်အမြန် ပြေးထွက်လာကာ သူ့ကို တွဲကူလိုက်တော့၏။

“ဆရာလင်း”

ရှန်းအာက စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမသည်လည်း မီးလျှံများကို ကြောက်ရွံ့သော်လည်း ယခုအချိန်တွင် ထိုအရာကို ဂရုမစိုက်နိုင်တော့ချေ။ ကံကောင်းစွာဖြင့် သူမ၏ ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်လိုက်ခြင်းအားဖြင့် သူမသည် အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ခဏအကြာတွင် လင်းကျင်း အသိပြန်ဝင်လာခဲ့၏။

မျက်လုံးများ ဖွင့်လိုက်ပြီး ရှန်းအာကို မြင်လိုက်ရသောအခါ လင်းကျင်းက ပြုံးပြလိုက်သည်။

“ကျေးဇူးပဲ”

သို့သော်လည်း သူ မျက်လုံးပွင့်လာသည့်တိုင်အောင် ရှန်းအာက လင်းကျင်းကို တစ်ယောက်တည်း ရပ်တည်ခွင့်မပြုသေးချေ။ သူမသည် တိတ်ဆိတ်နေသော်လည်း သူမ၏ မျက်နှာအမူအရာတွင် မည်မျှအထိ စိုးရိမ်နေကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

လင်းကျင်းက သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ သူ၏ လက်ထဲတွင် ရွှေနှင့် သစ်သားဖြင့် ပြုလုပ်ထားပုံရသော ထူးခြားသည့် မီးအဆောင်တော်တစ်ခု ရှိနေခဲ့သည်။ ၎င်း၏ သာမန်ပုံစံမျိုး ရှိနေသော်လည်း အမှန်တကယ်တော့ အလွန်အစွမ်းထက်လှသော မှော်ရတနာတစ်ခု ဖြစ်၏။

၎င်းက လင်းကျင်းကိုယ်တိုင် ဖန်တီးခဲ့သော တကယ့် မှော်ရတနာစစ်စစ် ဖြစ်ပေသည်။

ယခုမှစ၍ ဤမီးအဆောင်တော်ရှိနေသရွေ့ နဂါးမီးလျှံကဲ့သို့သော မီးဓာတ်အခြေခံ မန္တန်အားလုံးသည် သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်လာတော့မည် ဖြစ်၏။ လင်းကျင်းသည် ဖီးနစ်၏ ပြာများကို သူ တတ်နိုင်သမျှ အရာအားလုံးဖြင့် ပြန်လည်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင်မှ ကျောက်ကျင့်ယန်သည် လင်းကျင်းတစ်ယောက် မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်ကို သတိပြုမိလိုက်တော့၏။ သူမသည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး သူ့ကို သွားရောက်တွဲကူချင်သော်လည်း ရှန်းအာက ထိုနေရာတွင် ရှိနေပြီးသား ဖြစ်သဖြင့် သွားရောက်ရန် အနေရခက်နေခဲ့သည်။ ထို့ကြောင့် သူမက အခြေအနေကိုသာ လှမ်း၍ မေးမြန်းလိုက်တော့၏။

“ငါ အဆင်ပြေပါတယ်”

လင်းကျင်းက မီးလျှံများထဲတွင် ရှိနေဆဲဖြစ်သော ရှောင်ဟော့ကို ငုံ့ကြည့်လိုက်သည်။ သို့သော်လည်း ထိုသို့ ကြည့်လိုက်ခြင်းက လင်းကျင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့ရ၏။

မူလက ပြင်းထန်လှသော စိမ်းလန်းသော မီးလျှံများ၏ စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ဖီးနစ်၏ နိဗ္ဗာနလားခြင်း ဖြစ်စဉ်ကြောင့် စုပ်ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ယခုအခါတွင်မူ အစိမ်းရောင် မီးလျှံများ၏ ငါးပုံတစ်ပုံခန့်သာ ကျန်ရှိတော့၏။

“ငါ ထင်တဲ့အတိုင်းပဲ”

လင်းကျင်း အစပိုင်းကတည်းက သံသယဝင်ခဲ့သော အချက်က ယခုအခါတွင် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ဖီးနစ်တစ်ကောင် ပြန်လည်မွေးဖွားရန်အတွက် ကြီးမားသော မီးဝိညာဉ်စွမ်းအင်များကို စုပ်ယူရမည်ဖြစ်ကြောင်း သားရဲပြတိုက်ထဲတွင် ဖော်ပြထားခဲ့ဖူး၏။

သာမန် ကမ္ဘာမြေမီးဝိညာဉ်စမ်းကြောင်းတစ်ခုက လုံလောက်မည်မဟုတ်သလို အလယ်အလတ် စမ်းကြောင်းများလည်း ထို့အတူပင် ဖြစ်သည်။ ထိပ်တန်းအဆင့် မီးဝိညာဉ်စမ်းကြောင်းတစ်ခုကသာ ဤဖြစ်စဉ်ကို ထောက်ပံ့ပေးနိုင်စရာ ရှိပေသည်။

သူတို့တွင် ထူးခြားသော မီးလျှံအရင်းအမြစ် ရှိနေခဲ့လျှင်ပင် ၎င်းသည် ထိပ်တန်းအဆင့် ကမ္ဘာမြေမီးဝိညာဉ်စမ်းကြောင်းတစ်ခု၏ အတိုင်းအတာမျိုး ရှိရန် လိုအပ်ပေသည်။

အခန်း ၄၄၈ - ကုန်ခမ်းသွားခြင်း

ကံကောင်းခြင်းနှင့် ကံဆိုးခြင်းဆိုသည်မှာ ရေတွင်းတစ်တွင်းထဲမှ ရေပုံးနှစ်လုံးကဲ့သို့ပင် ဖြစ်၏။ ဖီးနစ်ကဲ့သို့သော ရှားပါးသတ္တဝါတစ်ကောင် ပြန်လည်မွေးဖွားရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ ထူးခြားသော မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် မီးဝိညာဉ်စမ်းချောင်းတစ်ခုလုံးကို အကြွင်းမဲ့ ကုန်ခမ်းသွားစေခြင်း ဖြစ်နိုင်ပေသည်။

အစိမ်းရောင် မီးလျှံများသည် အခြားသော မီးလျှံများထက် ပိုမိုခံနိုင်ရည်ရှိသည့် ထူးခြားလှသော မီးအမျိုးအစား ဖြစ်သောကြောင့်သာ အပိုင်းအစလေးအချို့ ကျန်ရှိနေသေးခြင်း ဖြစ်၏။ အကယ်၍ အခြားသော မီးလျှံမျိုးသာဆိုလျှင် ဖီးနစ်၏ နိဗ္ဗာနလားခြင်း ဖြစ်စဉ်အပြီးတွင် ဘာမျှကျန်ရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း လင်းကျင်းသည် ဤအချက်က အစိမ်းရောင် မီးလျှံများ၏ အဆုံးသတ်ဖြစ်ကြောင်း သိရှိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဖီးနစ်၏ ပြန်လည်မွေးဖွားခြင်းအပြင် ထိုနေရာတွင် ရှောင်ဟော့လည်း ရှိနေသေးသောကြောင့်ပင် ဖြစ်၏။

ရှောင်ဟော့သည် အဆင့်တက်ရန်သာ ကြိုးစားနေခြင်းဖြစ်ပြီး နိဗ္ဗာနလားရန် ကြိုးစားနေခြင်းမဟုတ်သဖြင့် သူလိုအပ်သော မီးစွမ်းအင်ပမာဏမှာ ဖီးနစ်နှင့် နှိုင်းယှဉ်လျှင် အလွန်မများလှပါချေ။ သူ အဆင့်တက်ပြီးသွားသည့် အချိန်တွင်တော့ ထူးခြားလှသော မီးလျှံများအားလုံး ကုန်ဆုံးသွားလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

နှမြောစရာကောင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤထူးခြားသော မီးလျှံများသည် အဆင့် ၃ မီးဖွတ်ကြီးကို အဆင့် ၄ သို့ ရောက်ရှိစေခဲ့ပြီး သေဆုံးသွားသော ဖီးနစ်ကို ပြန်လည်အသက်သွင်းပေးနိုင်ခဲ့သည့်အပြင် ရှောင်ဟော့ကိုပါ ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို ရရှိစေခဲ့သည်။

ဤမျှဆိုလျှင်ပင် လုံလောက်လှပြီဖြစ်၏။

ထူးခြားသော မီးလျှံများပီသစွာပင် ရှောင်ဟော့အတွက် ဤဖြစ်စဉ်မှာ အနည်းငယ် အနေရခက်သော အတွေ့အကြုံဖြစ်ခဲ့သော်လည်း ထူးခြားသော မီးလျှံများနှင့် မိုးကြိုးမီးလျှံအပ်တို့၏ ကူညီမှုကြောင့် သူသည် သူ၏ ဓမ္မခန္ဓာကို ပိုမိုခိုင်မာအောင် ပြုလုပ်နိုင်ခဲ့သည်။ အစိမ်းရောင် မီးလျှံများကို စုပ်ယူပြီးနောက် ရှောင်ဟော့သည် သူ၏ ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တော့၏။

၎င်းသည် အဆင့် ၄ မှ အဆင့် ၅ သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

လင်းကျင်းသည် ဤအခိုက်အတန့်ကို အလွန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ပြီး ယခုအခါတွင်လည်း သူတို့သည် ရှောင်ဟော့၏ ဇီဝကမ္မဗေဒဆိုင်ရာ အကန့်အသတ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ ဖြစ်၏။ သာမန် မီးဝံပုလွေတစ်ကောင်အနေဖြင့် သူတို့၏ မျိုးနွယ်စုထဲတွင် မည်သူမျှ အဆင့် ၅ သို့ မရောက်ရှိဖူးကြသေးချေ။

ရှောင်ဟော့သည် ထိုထုံးစံကို ပထမဆုံး ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သူ ဖြစ်သည်မှာ သေချာလှသည်။

သူ၏ တွက်ချက်မှုများအတိုင်းပင် ရှောင်ဟော့ အဆင့်တက်ပြီးသွားသည်နှင့် မြေအောက်မှ ထူးခြားလှသော မီးလျှံများသည် အကြွင်းမဲ့ ငြိမ်းသတ်သွားခဲ့ပြီး သဲလွန်စပင် မကျန်တော့ချေ။

အမှန်တော့ ထူးခြားသော မီးလျှံများသာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ မေပယ်မြို့၏ မြေအောက်မီးဝိညာဉ်စမ်းချောင်းသည်လည်း ခမ်းခြောက်သွားသော ရေတွင်းအိုကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။ တောက်လောင်နေသော ချော်ရည်များသည် အော့ဗ်ဆီဒီယန်ကျောက်များအဖြစ်သို့ စတင်ခဲသွားခဲ့ပြီး ဂူအတွင်းရှိ အပူချိန်မှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့တော့၏။

လင်းကျင်းက လက်ဝှေ့ယမ်းလိုက်သောအခါ ရှောင်ဟော့သည် သဘာဝအလျောက်ပင် သူ့ထံသို့ ခုန်တက်လာခဲ့သည်။ ရှောင်ဟော့၏ ပုံသဏ္ဌာန်မှာ ယခင်က သူ၏ ဓမ္မခန္ဓာပုံစံနှင့် အနည်းငယ် ကွဲပြားနေခဲ့၏။ ယခင်က သူသည် အအေးဓာတ်နှင့် မီးဓာတ်စွမ်းအင်များ ပေါင်းစပ်ထားပြီး အမှန်တကယ် ပုံသဏ္ဌာန်မရှိသကဲ့သို့ ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ ရှောင်ဟော့သည် တကယ့် ‘ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်’ တစ်ခု ရရှိထားသကဲ့သို့ ပိုမိုခိုင်မာထင်ရှားနေခဲ့သည်။ သို့သော်လည်း ၎င်းသည် တကယ့် အသားနှင့် သွေးစစ်စစ် မဟုတ်ကြောင်းကိုတော့ လင်းကျင်း သိရှိသည်။

၎င်းက ဖီးနစ်မီးလျှံများ၏ ထူးခြားသော ဝိသေသလက္ခဏာပင် ဖြစ်၏။

ဤအချက်က လင်းကျင်းကို အံ့ဩသွားစေခဲ့ရသည်။

ရှောင်ဟော့က ဘာဖြစ်လို့ ဖီးနစ်မီးလျှံများ၏ ဝိသေသလက္ခဏာကို ပြသနေရတာလဲ။

အဆုံးတွင်တော့ ဖီးနစ်မီးလျှံသည်လည်း အခြားသော ထူးခြားသည့် မီးအမျိုးအစားတစ်ခု မဟုတ်ပါလော။ လင်းကျင်းက ရှောင်ဟော့၏ ဦးခေါင်းကို လှမ်း၍ ကိုင်တွယ်လိုက်ပြီး သားရဲအကဲဖြတ်မှု ပြီးဆုံးသွားသောအခါ သူ၏ အံ့ဩနေသော မျက်နှာပေးမှာ တဖြည်းဖြည်းနှင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း အရိပ်အယောင်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။

‘ရှောင်ဟော့က ဖီးနစ် ပြန်လည်မွေးဖွားစဉ်မှာ ဘေးနားမှာ ရှိနေခဲ့တာကြောင့် သူ အဆင့်တက်တဲ့အချိန်မှာ ဖီးနစ်မီးလျှံရဲ့ အစိတ်အပိုင်းအချို့ကို ဖမ်းယူနိုင်ခဲ့တာကိုး... အဲဒါကြောင့်ပဲ’

ဤအချက်က တကယ့်ကို ကောင်းမွန်လှသည်။

မဟုတ်သေးပါချေ... ကောင်းမွန်ရုံတင်မကဘဲ အလွန်အံ့ဩစရာကောင်းလှ၏။

အခြားသော မီးလျှံအမျိုးအစားတစ်ခုနှင့် ထပ်မံရောနှောနိုင်ရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှရာ ယခုအခါ ရှောင်ဟော့သည် ဖီးနစ်မီးလျှံများကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သဖြင့် ဖီးနစ်ငှက်တို့၏ ထူးခြားလှသော အရည်အချင်းအချို့ကိုပါ ပြသနိုင်တော့မည် ဖြစ်သည်။

လင်းကျင်းအနေဖြင့် နောက်ပိုင်းတွင် ဤအကြောင်းကို အသေးစိတ် ထပ်မံသုတေသနပြုရမည် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဖီးနစ်မီးလျှံများ၏ အရည်အချင်းတစ်ခုမှာ ရှောင်ဟော့၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားစွာ မြင်တွေ့နေရပြီဖြစ်ပြီး ၎င်းမှာ မီးလျှံများ၏ ခိုင်မာထင်ရှားမှုပင် ဖြစ်သည်။ ဤအချက်က ရှောင်ဟော့ကို သူ၏ ဓမ္မခန္ဓာအခြေအနေနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ ဒြပ်ရှိပုံပေါ်စေခဲ့သည်။

အဆင့် ၅ တွင် ရှောင်ဟော့၏ စွမ်းအားသည်လည်း အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်၏။ လင်းကျင်းက ထိုအကြောင်းကို နောက်ပိုင်းတွင်မှ ထပ်မံကြည့်ရှုတော့မည်ဖြစ်သည်။ သူက ဝံပုလွေကြီးကို လှမ်း၍ လက်ဟန်ပြလိုက်ရာ ရှောင်ဟော့သည် လင်းကျင်း၏ လက်မောင်းထဲသို့ ပြန်လည်ပေါင်းစပ်ဝင်ရောက်သွားခဲ့တော့၏။ ထိုသို့ ဖြစ်သွားသည့် အခိုက်အတန့်တွင် လင်းကျင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ လျှံထွက်နေသော စွမ်းအားများကို ခံစားလိုက်ရသည်။

“သွားကြစို့”

မြေအောက်မှ ချော်ရည်များသည် တဖြည်းဖြည်းနှင့် အေးခဲလာနေခဲ့ပြီ ဖြစ်၏။ ၎င်းတို့သည် နီရဲကာ ပူပြင်းနေသေးသော်လည်း မြေအောက်မီးဝိညာဉ်စမ်းချောင်းရော ထူးခြားလှသော မီးလျှံအရင်းအမြစ်ပါ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သဖြင့် အကြွင်းမဲ့ ငြိမ်းသတ်သွားရန်မှာ အချိန်အများကြီး လိုတော့မည်မဟုတ်ချေ။

လိုဏ်ခေါင်းအတွင်းတွင်တော့ စီနီယာမော့သည် အဆင်ပြေနေသော်လည်း နဂါးမိခင်ကြီးမှာမူ စောစောက အပူလှိုင်းကြောင့် အလွန်ပင် ခံရခက်နေခဲ့ရသည်။ အကယ်၍ သူမတွင် ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များသာ မရှိခဲ့ပါက လွန်ခဲ့သောအချိန်ကတည်းက မေ့လဲသွားခဲ့လောက်ပြီ ဖြစ်၏။

“အပြင်ရောက်မှ စကားပြောကြတာပေါ့”

လင်းကျင်းက သူတို့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှေ့ကနေ ဦးဆောင်၍ လျှောက်သွားခဲ့သည်။

ရှန်းအာက လမ်းတစ်လျှောက်လုံး သူ့ကို တွဲကူပေးခဲ့၏။

သူတို့၏ နောက်ကွယ်တွင်တော့ ကျောက်ကျင့်ယန်က အောင်နိုင်သူတစ်ဦးကဲ့သို့သော မျက်နှာပေးဖြင့် လိုက်ပါလာခဲ့သည်။ သူမသည် ယခင်ကနှင့်မတူသော ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဖီးနစ်နန်းတော်၏ တပ်မှူးကြီး ဖြစ်သော သူမ ကျောက်ကျင့်ယန်သည် သူမ၏ သားရဲကဲ့သို့ပင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ပြီဆိုသောအချက်ကို သဘောပေါက်လိုက်သောကြောင့်ပင်။

သူမသည် ပြန်လည်သွားရောက်ပြီး သူမနှင့် ထိုက်တန်သော အရာများကို ပြန်လည်သိမ်းပိုက်တော့မည် ဖြစ်သည်။ သူမကို သစ္စာဖောက်ခဲ့ကြသူ အားလုံးကိုလည်း ထိုသို့ ပြုလုပ်ခဲ့ကြသည့် အကြောင်းရင်းကို သွားရောက်ရင်ဆိုင် မေးမြန်းရမည် ဖြစ်၏။

ကျောက်ကျင့်ယန်၏ နောက်တွင်တော့ အကြီးအကဲမိုက သူ၏ မီးဖွတ်ကြီးနှင့်အတူ လိုက်ပါလာခဲ့ပြီး အုပ်စု၏ နောက်ဆုံးတွင်တော့ နဂါးမိခင်ကြီးနှင့် စီနီယာမော့တို့ ရှိနေခဲ့ကြသည်။

စီနီယာမော့သည် အနည်းငယ် တွန့်ဆုတ်နေခဲ့၏။ သူသည် လူသားအသွင်ပြောင်းလဲခြင်းအတတ်ကို မတတ်မြောက်ထားသဖြင့် လူပုံအလယ်တွင် ပေါ်ထွက်လာလေ့မရှိပါချေ။ အကယ်၍ အပြင်တွင် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားလျှင် ဘာဖြစ်မည်နည်း။

သူသည် အမှန်တကယ်တော့ အားနည်းသူတစ်ဦးမဟုတ်သော်လည်း အကယ်၍ အစွမ်းထက်သော ပြိုင်ဘက်များနှင့် ကြုံတွေ့ရပါက သူ ကိုင်တွယ်နိုင်လိမ့်မည်လည်း မဟုတ်ပါချေ။

နဂါးမိခင်ကြီးသည် စီနီယာမော့၏ ဝေခွဲမရဖြစ်နေသော မျက်နှာပေးကို သတိပြုမိလိုက်သဖြင့် သူ့ကို စိတ်အေးစေရန် ပုတ်ပေးလိုက်သည်။ သူတို့နှစ်ဦးသည် အစောပိုင်းကတည်းက စကားအများကြီး ပြောဆိုခဲ့ကြပြီးသား ဖြစ်ရာ နဂါးမိခင်ကြီးအနေဖြင့် ကျောက်စိမ်းနဂါးနိုင်ငံ၏ လက်ရှိအခြေအနေကိုရော သူမ၏ သားဖြစ်သူက ဘာဖြစ်လို့ ဂူအပြင်ဘက်သို့ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ရသည်ကိုပါ အကြမ်းဖျင်း သိရှိထားပြီး ဖြစ်၏။

သူသည် အကဲဖြတ်မှူးလင်းထံတွင် ခိုလှုံပြီး သူ၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံလိုခြင်း ဖြစ်သည်။

နဂါးမိခင်ကြီးတွင်လည်း သူမကိုယ်ပိုင် ကျင့်စဉ်ရှိသော်လည်း သူတို့ချင်း အရည်အချင်းမတူညီကြသဖြင့် စီနီယာမော့အတွက် အဆင်မပြေပါချေ။ နဂါးမိခင်ကြီး၏ ကျင့်စဉ်မှာ အအေးဓာတ်ပိုင်ရှင်များအတွက်သာ သီးသန့်ဖြစ်ပြီး အကယ်၍ စီနီယာမော့က ၎င်းကို ကျင့်ကြံပါက ရလဒ်ထွက်ပေါ်လာမည်မဟုတ်ရုံမျှမက သူ့ကိုပါ အန္တရာယ်ပြုနိုင်ပေသည်။

အကယ်၍ သူ ကျင့်ကြံနိုင်ခဲ့လျှင်ပင် ရရှိမည့် အကျိုးကျေးဇူးမှာ အကဲဖြတ်မှူးလင်းကို ဆရာတင်ရခြင်းနှင့်တော့ နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။

နဂါးမိခင်ကြီးသည် အမြင်စွဲစွဲမြဲမြဲရှိသူ ဖြစ်သည်။ လင်းကျင်းသည် အရည်အချင်းရှိသော လူတစ်ယောက်ဖြစ်ကြောင်း သူမ သိမြင်နိုင်သည်။ အကယ်၍ အခွင့်အရေးရလို့ သူမ၏ သားဖြစ်သူက လင်းကျင်း၏ လက်အောက်တွင် ပညာသင်ကြားခွင့်ရမည်ဆိုပါက သူမ သေရမည့်အချိန်ရောက်လျှင်ပင် စိတ်အေးလက်အေး သေဆုံးနိုင်တော့မည် ဖြစ်၏။

ကလဲ့စားချေမည့် ကိစ္စနှင့် ပတ်သက်၍တော့ နဂါးမိခင်ကြီးအနေဖြင့် မတွေးချင်တော့ပါချေ။ သူမသည် နာကျည်းမှုများကြောင့် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို နောက်တစ်ကြိမ် ထပ်မံမကြုံတွေ့ချင်တော့ပါ။ ယခုအခါ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူမ၏ သားဖြစ်သူ ကောင်းမွန်စွာ ရှင်သန်သွားရန်သာ ဖြစ်၏။

သူမ၏ သားများအတွက် ကလဲ့စားချေရန် အလွန်အမင်း စိတ်ပိုင်းဖြတ်ထားခဲ့ခြင်းကြောင့် သူမသည် ဘဝသက်တမ်း နှစ်ပေါင်း တစ်ရာခန့်ကို ဒီအတိုင်း ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သူမ၏ သားဖြစ်သူသည်လည်း ကျင့်ကြံခြင်းတွင် လမ်းညွှန်မှု မခံယူခဲ့ရသဖြင့် မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်ရန် အကောင်းဆုံး အချိန်များကို လက်လွှတ်ခဲ့ရ၏။ အကဲဖြတ်မှူးလင်းနောက်သို့ လိုက်ပါခြင်းကသာ ယခုအခါ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်ပေသည်။

လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက်တွင်မှ အပြင်ဘက်တွင် မည်မျှအထိ စည်ကားနေကြောင်း သူတို့ သိရှိလိုက်ကြရတော့သည်။ မေပယ်မြို့၏ ကျွမ်းကျင်သူ အားလုံးနီးပါး ထိုနေရာတွင် စုဝေးနေကြပြီး ကောင်းကင်ယံတစ်ခုလုံးကိုလည်း ကြီးမားလှသော ငှက်အုပ်ကြီးက ဖုံးလွှမ်းထားခဲ့၏။ ကျောက်ကျင့်ယန်ကို မြင်လိုက်ရသောအခါ ထိုငှက်များသည် သူတို့၏ ရိုသေလေးစားမှုကို ပြသသည့်အနေဖြင့် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့သည်။

“ဖီးနစ်ငှက်က ငှက်အပေါင်းတို့ရဲ့ ဘုရင်ပဲလေ... အဲဒါကြောင့် သူ့ရဲ့ နိဗ္ဗာနလားခြင်း အော်ရာက နေရာအနှံ့က ငှက်တွေကို ဆွဲဆောင်နိုင်တာ မဆန်းပါဘူး”

လင်းကျင်းက ထိုအရာကို ထူးဆန်းသည်ဟု မထင်သော်လည်း ထိုငှက်အုပ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ငှက်ဆိုးအချို့လည်း ပါဝင်နေခဲ့သည်။ သူတို့အား မေပယ်မြို့တွင် ဒီအတိုင်း ထားရှိမည်ဆိုပါက ပြဿနာရှိလာနိုင်သည်။

“အုပ်စုခွဲကြ..."

လင်းကျင်းက သူ၏ သားရဲခြောက်လှန်နိုင်စွမ်းကို ထုတ်လွှတ်လိုက်၏။ အသံမရှိသော မိုးကြိုးတစ်ခု ကောင်းကင်ယံမှ ဖြတ်စီးသွားသကဲ့သို့ပင် ငှက်များသည် အရပ်မျက်နှာအသီးသီးသို့ လန့်ဖျပ်ကာ ပျံသန်းသွားကြတော့သည်။

လူတိုင်းက ဤစွမ်းရည်ကို အလွန်ပင် ထူးခြားသည်ဟု ထင်မြင်ကြသော်လည်း လင်းကျင်း မည်မျှအထိ စွမ်းဆောင်နိုင်သည်ကို သူတို့ သိရှိထားကြပြီးသား ဖြစ်သဖြင့် ဤကဲ့သို့သော အံ့မခန်း ဖြစ်ရပ်မျိုးက သူတို့ကို အလွန်အမင်း အံ့ဩမသွားစေတော့ပါချေ။

သူတို့ထဲမှ အချို့က စီနီယာမော့သည် လင်းကျင်းနှင့်အတူ ဂူထဲမှ ထွက်လာသည်ကို သတိပြုမိလိုက်ကြသော်လည်း ဘာဖြစ်ခဲ့သလဲဆိုသည်ကိုတော့ သွားရောက်မမေးမြန်းရဲကြချေ။ အကယ်၍ သူတို့ စပ်စုလွန်းပါက လင်းကျင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အန္တရာယ် ရှိနေသောကြောင့်ပင်။

ပိုင်ကျန့်ခုန်းနှင့် ရဲ့ယွီကျိုးကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် ယခုအခါ လင်းကျင်း၏ ရှေ့မှောက်တွင် နေရခက်နေကြရသည်ဖြစ်ရာ အခြားလူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့ရသည်။

လင်းကျင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားသဖြင့် သူတို့အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်၏။

“ကျုပ်ဖန်တီးလိုက်တဲ့ လှုပ်ခတ်မှုက နည်းနည်း ပြင်းထန်သွားတယ်ထင်တယ်... အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"

လူအုပ်ကြီးက ချက်ချင်းပင် ပြန်လည်ဦးညွှတ် နှုတ်ဆက်ကြတော့သည်။

“အခု အားလုံး အဆင်ပြေသွားပါပြီ... အားလုံးပဲ စိတ်အေးလက်အေးနဲ့ မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေဆီ ပြန်နိုင်ကြပါပြီ”

လင်းကျင်းအနေဖြင့် ဤဖြစ်ရပ်ကို ရှင်းပြရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းလင်းလှသဖြင့် လူတိုင်းလည်း သဘောပေါက်ကြသည်။ ထို့ကြောင့် သူတို့သည် မတတ်နိုင်ဘဲ ဝေခွဲမရဖြစ်နေသော စပ်စုလိုစိတ်ကို အောင့်အီးကာ စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လည်ထွက်ခွာသွားကြရတော့၏။

All Chapters