← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 23 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 23 Ch. 449-450

အခန်း ၄၄၉ - ဟယ်ရွှမ် ဝမ်းသာပီတိဖြစ်ခြင်း

ကျောက်ကျင့်ယန်သည် ချက်ချင်းပင် ထွက်ခွာသွားခြင်းမရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖီးနစ်ငှက် နိဗ္ဗာနလားပြီးနောက် ကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ လင်းကျင်းအား မေးမြန်းစရာ မေးခွန်းပေါင်းများစွာ ရှိနေသေးသောကြောင့်ပင်။

ယခုအချိန်တွင်တော့ သူမသည် ဆရာကြီး ပြတိုက်မှူးကို ထပ်မံရှာဖွေနေရန်မလိုတော့ဘဲ အကဲဖြတ်မှူးလင်းကိုယ်တိုင်ကပင် သူမ၏ ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းရှိကြောင်း သေချာပေါက် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ပြတိုက်မှူးနှင့် နီးစပ်သူများအားလုံးသည် တကယ့်ကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြရာ မည်သည့်အရာကမျှ သူတို့ကို တုန်လှုပ်စေနိုင်ပုံမရချေ။

ကျောက်ကျင့်ယန်သည် လင်းကျင်းအနေဖြင့် ထျန်းရွှမ်နိုင်ငံသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိထားသည်။

“ဒါဆို အကဲဖြတ်မှူးလင်းက ဆရာကြီး ပြတိုက်မှူးအတွက် အဲဒီနေရာကို သွားပြီး အခြေအနေ ကြည့်ပေးမလို့လား”

ကျောက်ကျင့်ယန်က မေးလိုက်၏။

လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။

သူမ၏ အတွေးမှာ ကျိုးကြောင်းဆီလျော်လှသဖြင့် လင်းကျင်းအနေဖြင့်လည်း ထွေထွေထူးထူး ရှင်းပြမနေတော့ပါချေ။

ယခုအခါ ကျောက်ကျင့်ယန်သည် အစပိုင်းက ပုံစံနှင့် လုံးဝကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။ ယခင်က သူမသည် အနည်းငယ် ဝေခွဲမရဖြစ်ကာ တွန့်ဆုတ်နေခဲ့သော်လည်း ယခုအခါတွင်မူ တက်ကြွမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ၎င်းသည် သူမကိုယ်တိုင် လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သကဲ့သို့ပင်။

ထို့နောက်တွင်တော့ ကျောက်ကျင့်ယန်က လမ်းညွှန်မှုများ စတင်တောင်းခံခဲ့ပြီး လင်းကျင်းကလည်း သူမ၏ မေးခွန်းများကို သေသေချာချာ ဖြေကြားပေးခဲ့သည်။ သူတို့၏ ဆွေးနွေးမှုမှာ သန်းခေါင်ယံအချိန်အထိ ကြာမြင့်ခဲ့ပြီးမှ ကျောက်ကျင့်ယန်က မချင့်မရဲဖြင့် ရပ်နားလိုက်တော့၏။

“အကဲဖြတ်မှူးလင်း... ကျင့်ယန်အနေနဲ့ ရှင်ပေးတဲ့ ကျေးဇူးတွေကို အများကြီး ခံစားခဲ့ရပါတယ်... နောင်အနာဂတ်မှာ ကျွန်မရဲ့ အကူအညီ လိုအပ်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အချိန်မရွေး ဆင့်ခေါ်လိုက်ပါ... ကျွန်မ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးပါ့မယ်”

ကျောက်ကျင့်ယန်က ကတိပေးလိုက်သည်။

သူမ ထွက်ခွာတော့မည်ကို လင်းကျင်း သိရှိလိုက်၏။

သူမ၏ သားရဲ သေဆုံးသွားခဲ့ပြီးနောက်တွင် သူမသည် အလွန်ပင် ဆင်းရဲဒုက္ခရောက်ခဲ့ရမှာ သေချာသည်။ ယခုအခါ သူမ၏ ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သဖြင့် ကျောက်ကျင့်ယန်အနေဖြင့် ဖီးနစ်နန်းတော်တွင် သွားရောက်ဖြေရှင်းစရာ ရှိသည်များကို မလွဲမသွေ သွားရောက်ဖြေရှင်းရပေလိမ့်မည်။

ပြောရမည်ဆိုလျှင် အကယ်၍ သူမသာ ဖီးနစ်နန်းတော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက ၎င်းသည် လင်းကျင်းအတွက်လည်း အကျိုးရှိစေနိုင်မည် ဖြစ်၏။

ကျောက်ကျင့်ယန်သည် ညတွင်းချင်းပင် ထွက်ခွာသွားခဲ့သည်။ သူမသည် စိတ်ကူးရှိသည်နှင့် ချက်ချင်း လက်တွေ့အကောင်အထည်ဖော်တတ်သော ပြတ်သားသည့် လူတစ်ယောက် ဖြစ်၏။ သူမ၏ ပြတ်သားလှသော ပင်ကိုယ်စရိုက်နှင့် အေးစက်တည်ငြိမ်လှသော ရုပ်သွင်မှာ အလွန်ပင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ရသည်။

လင်းကျင်းသည် မေပယ်မြို့ရှိ လိုအပ်သော စီစဉ်စရာရှိသည်များကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်လိုက်တော့၏။ အဆုံးတွင်တော့ ဤခရီးစဉ်မှာ အလွန်ဝေးကွာလှပြီး သူ ပြန်လည်ရောက်ရှိလာရန်အတွက် လပေါင်းများစွာ ကြာမြင့်နိုင်သောကြောင့်ပင် ဖြစ်သည်။

နောက်တစ်နေ့တွင်တော့ တော်ဝင်မြို့တော်မှ ထွက်ခွာလာခဲ့သော အဆင့် ၂ သားရဲအကဲဖြတ်မှူးတစ်ဦးသည် မေပယ်မြို့သို့ ရောက်ရှိလာခဲ့၏။ သူသည် လင်းကျင်း၏ ရာထူးနေရာကို လာရောက်လွှဲပြောင်းရယူရန် ရောက်ရှိလာခြင်း ဖြစ်သည်။

သူသည် လင်းကျင်းထက် အသက်အရွယ်ရော အတွေ့အကြုံပါ ပိုမိုရင့်ကျက်သော်လည်း သူ၏ ရှေ့မှဖြစ်သော လင်းကျင်းအပေါ်တွင် အလွန်ပင် ရိုသေလေးစားမှု ရှိနေခဲ့ရ၏။

“ကျုပ်ရဲ့ တာဝန်တွေကို ခင်ဗျားလက်ထဲ လွှဲအပ်ခဲ့ပါတယ်”

ဥက္ကဋ္ဌတစ်ဦးအနေဖြင့် တာဝန်အားလုံးကို လွှဲပြောင်းပေးပြီးနောက် လင်းကျင်းက မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ မရှိသည့် အချိန်အတောအတွင်းတွင် သူ၏ တပည့်များက သူ၏ အကဲဖြတ်ခန်းမကို အပြည့်အဝ တာဝန်ယူထားကြလိမ့်မည် ဖြစ်၏။ သူတို့၏ အရည်အချင်းများနှင့်ဆိုလျှင် လင်းကျင်းအနေဖြင့် စိုးရိမ်နေရန် မလိုပါချေ။

“ငါ သွားတော့မယ်”

အိမ်သို့ ပြန်ရောက်သောအခါ ရှန်းအာက လင်းကျင်း၏ ခရီးစဉ်တွင် လိုက်ပါခွင့်ပြုရန် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့သော်လည်း လင်းကျင်းက ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့၏။

ထျန်းရွှမ်နိုင်ငံသို့ သွားရမည့် သူ၏ ရည်ရွယ်ချက်မှာ သားရဲအကဲဖြတ်မှူးတစ်ဦးအနေဖြင့် အဆင့် ၄ သို့ တိုးမြှင့်ရန်နှင့် တာအိုအရှင်၏ လျှို့ဝှက်စာအုပ်ကို ငှားရမ်းရန် ဖြစ်သည်။ လင်းကျင်းအနေဖြင့် ဤအလုပ်နှစ်ခုလုံးကို သူတစ်ယောက်တည်း လုပ်ဆောင်နိုင်ပေသည်။

သူ လိုအပ်သည်က သူ မရှိသည့်အချိန်တွင် မေပယ်မြို့ကို စောင့်ရှောက်ကာကွယ်ပေးနိုင်မည့် ရှန်းအာကဲ့သို့သော ကျွမ်းကျင်သူတစ်ဦး ဤနေရာတွင် ကျန်ရစ်ခဲ့ရန်သာ ဖြစ်၏။

ပိုးမွှားတာအိုဆရာနှင့် ရင်ဆိုင်ခဲ့ရခြင်းက လင်းကျင်းအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့ရသည်။

သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် ကြံစည်နေသူတစ်ဦးဦး အပြင်လောကတွင် ရှိနေခဲ့ပြီ ဖြစ်နိုင်ပေသည်။ သစ်ပင်ကြီးလေ လေတိုက်ခံရလေ ဆိုသကဲ့သို့ပင် လင်းကျင်း၏ ကျော်ကြားမှုနှင့် သူသည် ပြတိုက်မှူးနှင့် ဆက်စပ်နေသည်ဆိုသောအချက်တို့ကြောင့် လူသိမခံဘဲ နေထိုင်ရန်မှာ မဖြစ်နိုင်တော့ပါချေ။

မေပယ်မြို့သည် သူ၏ အခြေစိုက်စခန်း ဖြစ်သည်။ အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူတစ်ဦးဦး ရောက်ရှိလာခဲ့ပါက မြို့တော်ကို ကာကွယ်ရန်အတွက် တစ်စုံတစ်ယောက် လိုအပ်ပေသည်။

ထို့အပြင် မိစ္ဆာအကဲဖြတ်မှူးများသည်လည်း အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်၏။

ရဲ့ယွီကျိုးသည် အစွမ်းထက်သော်လည်း အနည်းငယ် အားနည်းနေသေးသည်။

ရှန်းအာ ကျန်ရစ်ခဲ့မှသာ လင်းကျင်းအနေဖြင့် စိတ်အေးလက်အေး သွားနိုင်မည် ဖြစ်၏။

ရှန်းအာသည် မလိုက်ရသဖြင့် ဝမ်းနည်းနေသော်လည်း သူ၏ ညွှန်ကြားချက်ကို နာခံခဲ့သည်။

“ရွှေဝါလေး နိုးပြီလား”

လင်းကျင်းက မေးလိုက်၏။ ရှန်းအာက ခေါင်းခါပြသည်။ ရွှေဝါလေးသည် ယခုအခါ အိပ်စက်ခြင်းဆိုင်ရာ စံချိန်သစ်တစ်ခုကို တင်ထားခဲ့ပြီ ဖြစ်ရာ သူ အိပ်ပျော်နေသည်ကို မသိရှိသူများဆိုလျှင် ကြက်ဖကြီး သေဆုံးသွားခဲ့ပြီဟုပင် ထင်မှတ်နိုင်စရာ ရှိပေသည်။

သေချာတာပေါ့... လင်းကျင်းကတော့ ထိုသို့မဟုတ်ကြောင်း သိရှိသည်။

ရွှေဝါလေးသည် အဆင့် ၅ အင်းဆက်ဘုရင်တစ်ကောင်နှင့် ရှားပါးအင်းဆက်ပေါင်း ရာချီကို စားသုံးခဲ့သောကြောင့်သာ ဤကဲ့သို့ နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်း ဖြစ်၏။

“သူ့ကို ဒီအတိုင်း အိပ်ပါစေ... ရွှေဝါလေးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားတယ်... ဘယ်လိုနှောင့်ယှက်မှုမျိုးမဆို သူ့ရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်တယ်... သူဘာသာသူ အလိုအလျောက် နိုးလာပါစေ”

လင်းကျင်းက ညွှန်ကြားလိုက်သည်။

လင်းကျင်းသည် ကတိပေးထားသည့်အတိုင်း ဟယ်ရွှမ်နှင့် တွေ့ဆုံရန်အတွက် ပထမဆုံး တော်ဝင်မြို့တော်သို့ ဝင်ရောက်မည် ဖြစ်၏။ သူ၏ ခရီးစဉ်တွင် နဂါးမိခင်ကြီးနှင့် စီနီယာမော့တို့လည်း အတူတကွ လိုက်ပါလာကြမည် ဖြစ်သည်။

ဤအဖြစ်အပျက်မတိုင်မီက နဂါးမိခင်ကြီးသည် လင်းကျင်းနှင့် သီးသန့် နှစ်နာရီခန့် စကားပြောဆိုခဲ့သေး၏။

သူတို့ ဘာတွေပြောခဲ့ကြသလဲဆိုသည်ကို မည်သူမျှမသိသော်လည်း ထိုသို့ ဆွေးနွေးပြီးသည့်နောက်တွင် လင်းကျင်းက သူတို့သားအမိနှစ်ယောက်လုံးကို တော်ဝင်မြို့တော်သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မိခင်နှင့် သားဖြစ်သူကို တည်းခိုခန်းတစ်ခုတွင် နေရာချပေးပြီးနောက် လင်းကျင်းက လူသူကင်းဝေးရာ နေရာတစ်ခုတွင် အသွင်ပြောင်းလိုက်တော့၏။ ပြတိုက်မှူး၏ မျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး သူ၏ အော်ရာများကို ထုတ်လွှတ်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

နေဝင်ရိုးရီ အချိန်ဖြစ်သော်လည်း တော်ဝင်မြို့တော်၏ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။ အဆုံးတွင်တော့ ဤနေရာက ကျောက်စိမ်းနဂါးနိုင်ငံ၏ အစည်ကားဆုံး မြို့တော် မဟုတ်ပါလော။ မျက်နှာဖုံးတပ်ဆင်ထားသော လင်းကျင်းသည် လမ်းမလယ်ခေါင်မှနေ၍ နန်းတော်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

လမ်းသွားလမ်းလာများသည် သဘာဝအလျောက်ပင် သူ့ကို သတိပြုမိသွားကြ၏။ အချို့က သူ့ကို လက်ညှိုးထိုးပြကြပြီး အချို့ကတော့ နောက်ကွယ်မှနေ၍ တိုးတိုးတိတ်တိတ် ပြောဆိုနေကြတော့သည်။

မြို့တော်တစ်ခုလုံးတွင် ဧကရာဇ်၏ သူလျှိုများဖြင့် ပြည့်နှက်နေသဖြင့် ပြတိုက်မှူး ပေါ်လာသည့် အခိုက်အတန့်မှာပင် ဟယ်ရွှမ်ထံသို့ သတင်းရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ဟယ်ရွှမ်အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။

နောက်ဆုံးတော့ ပြတိုက်မှူးနှင့် တွေ့ဆုံရမည့် အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အလယ်အလတ်နိုင်ငံတစ်ခု၏ ဧကရာဇ်တစ်ပါးအနေဖြင့် ဟယ်ရွှမ်သည် သူ ဤမျှအထိ စိတ်လှုပ်ရှားခဲ့ရသည့် နောက်ဆုံးအကြိမ်ကို ပြန်လည်အမှတ်ရမိလိုက်သည်။ ၎င်းမှာ သူ နန်းတက်ခဲ့စဉ်က အချိန်ပင် ဖြစ်၏။

ပြတိုက်မှူး၏ နာမည်ဂုဏ်သတင်းမှာ လင်းကျင်းနှင့် နောက်ဆုံးစကားပြောခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမား ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။

သူတစ်ယောက်တည်း ဒါလော့ကျောင်းတော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းကတင် အလွန်ပင် အထင်ကြီးစရာ ကောင်းလှပြီ ဖြစ်၏။ ခန္ဓာကိုယ် အစိပ်အပိုင်းမပျက်ဘဲ ပြန်လည်ထွက်ခွာနိုင်ခဲ့ရုံမျှမက ပြတိုက်မှူးသည် ထိုကျောင်းတော်ရှိ ဝါရင့်ဘုန်းတော်ကြီးများ၏ လိုက်လံပို့ဆောင်မှုကိုပါ ခံခဲ့ရသေးသည်။ ၎င်းသည် ကစားကွင်းတစ်ခုကို သွားရောက်စိန်ခေါ်ပြီး ကစားကွင်းပိုင်ရှင်များကို ရိုက်နှက်ဆုံးမခဲ့သော်လည်း ပိုင်ရှင်များက စိတ်မဆိုးသည့်အပြင် ကျူးကျော်သူနှင့်ပါ မိတ်ဆွေဖွဲ့လိုက်ကြသကဲ့သို့ပင် ဖြစ်နေခဲ့ရ၏။

စစ်မှန်သောအစွမ်းမရှိဘဲနှင့်တော့ ဤကဲ့သို့သော အောင်မြင်မှုမျိုးမှာ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

စစ်မှန်သောအစွမ်းရှိမှသာ ဤအရာက လက်တွေ့ဖြစ်လာနိုင်ခြင်း ဖြစ်၏။

ဤအကြောင်းရင်းကြောင့်ပင် ဟယ်ရွှမ်သည် ပြတိုက်မှူးနှင့် တွေ့ဆုံရန် အလွန်ပင် မျှော်လင့်နေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ပြတိုက်မှူးအနေဖြင့် သူ့ကိုဖြစ်စေ၊ ကျောက်စိမ်းနဂါးနိုင်ငံကိုဖြစ်စေ တကယ့်လက်တွေ့ အကူအညီမျိုး မပေးခဲ့လျှင်ပင် ပြတိုက်မှူးနှင့် တွေ့ဆုံခွင့်ရခြင်းကိုယ်တိုင်ကပင် အလွန်ကြီးမားလှသော အခွင့်ထူးတစ်ခု ဖြစ်ပေသည်။

ဟယ်ရွှမ်၏ အမြင်တွင်တော့ သူသည် ဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ အပေါ်ယံ အကျိုးအမြတ်များကိုသာ အာရုံမစိုက်တော့ပါချေ။ သူသည် အနာဂတ်အတွက်သာ ကြံစည်တွေးတောနေခြင်း ဖြစ်၏။

သူ ပြတိုက်မှူးနှင့် တွေ့ဆုံရသည်ဆိုသောအချက်ကိုယ်တိုင်ကပင် ကြီးမားလှသော အကျိုးကျေးဇူးတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

ပြတိုက်မှူးက ဘယ်သူလဲ။

ဒါလော့ကျောင်းတော်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ၎င်းတို့၏ ကျောင်းထိုင်ဆရာတော်၏ ရိုသေလေးစားစွာ လိုက်လံပို့ဆောင်မှုကို ခံခဲ့ရသူ ဖြစ်သည်။ သူသည် ဒါလော့ကျောင်းတော်ရှိ ဘုန်းတော်ကြီးအားလုံးကို ‘မိစ္ဆာသတ္တဝါတွေကို စည်းကမ်းမရှိ မသတ်ဖြတ်ကြဖို့’ ညွှန်ကြားဝံ့သည့် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်၏။

သူ ပြတိုက်မှူးနှင့် တွေ့ဆုံခြင်းက ကျောက်စိမ်းနဂါးနိုင်ငံ၏ အဆင့်အတန်းကို မသိမသာ မြင့်တက်သွားစေခဲ့ရသည်။ ဤမမြင်နိုင်သော အကျိုးကျေးဇူးနှင့် သြဇာလွှမ်းမိုးမှု ငှားရမ်းခြင်းက နောင်လာမည့် ဆယ်စုနှစ်များစွာအထိ သေချာပေါက် တည်တံ့နေပေလိမ့်မည်။

အနည်းဆုံးတော့ ကျောက်စိမ်းနဂါးနိုင်ငံနှင့် နယ်စပ်ပြဿနာများ ရှိနေကြသော အိမ်နီးနားချင်း အလယ်အလတ်နိုင်ငံများသည် သူတို့ကို စတင်ကြောက်ရွံ့လာကြမည်ဖြစ်ပြီး ဤတွေ့ဆုံမှုသတင်း ထွက်ပေါ်သွားပြီးနောက်တွင်တော့ သူတို့ သေချာပေါက် နောက်ဆုတ်သွားကြပေလိမ့်မည်။

သူတို့သည် ကျောက်စိမ်းနဂါးနိုင်ငံကို ရန်စဝံ့ကြသော်လည်း ‘ပြတိုက်မှူး’ ကိုတော့ သေချာပေါက် စမ်းသပ်ဝံ့ကြမည် မဟုတ်ပါချေ။

သေချာတာပေါ့... အကယ်၍ ပြတိုက်မှူးက သူတို့ကို တကယ့်လက်တွေ့ အကူအညီမျိုး ပေးအပ်ရန် လိုလားမည်ဆိုပါက ၎င်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဟယ်ရွှမ်သည် ဤတွေ့ဆုံမှုကို အလွန်ပင် တန်ဖိုးထားသဖြင့် ပြတိုက်မှူး ရောက်ရှိလာသည့် သတင်းကို ကြားလိုက်ရသောအခါ သူက နန်းတွင်းသံတော်ဆင့်ကို ချက်ချင်းပင် စီစဉ်မှုများ ပြုလုပ်စေခဲ့တော့၏။

သူတို့၏ ပြင်ဆင်မှုများသည် အကောင်းမွန်ဆုံး အဆင့်အတန်းရှိရန် လိုအပ်ပြီး နန်းတွင်းအရာရှိအားလုံးသည် ဈာပနတစ်ခုတွင် ဝမ်းနည်းပူဆွေးနေရသည်ဖြစ်စေ၊ မိမိတို့ကလေး မွေးဖွားမည့်အချိန်ကို စောင့်ဆိုင်းနေရသည်ဖြစ်စေ မည်သူမျှ ချွင်းချက်မရှိ ဝတ်စုံပြည့် ဝတ်ဆင်ကာ ပြတိုက်မှူးကို ကြိုဆိုရန် အလျင်အမြန် လာရောက်ကြရမည် ဖြစ်သည်။

တော်ဝင်မိသားစုဝင်များအတွက်လည်း ထို့အတူပင် ဖြစ်၏။ ဤအခါသမယတွင် မည်သူမဆို ခိုးထွက်ရန် ကြိုးစားပါက ဟယ်ရွှမ်၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။

သူ့ကိုယ်တိုင်လည်း ဝတ်စုံပြည့် ဝတ်ဆင်ကာ နန်းတော်တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။ သူ၏ နောက်ကွယ်တွင်တော့ နန်းတွင်းအရာရှိ ရာပေါင်းများစွာနှင့် တော်ဝင်မျိုးနွယ်စုဝင်များ ရှိနေခဲ့ကြရာ ၎င်းက ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အခမ်းအနားကြီးတစ်ခုပင် ဖြစ်တော့သည်။

လင်းကျင်း နန်းတော်သို့ မရောက်ရှိသေးမီမှာပင် နန်းတွင်းအစောင့်တပ်များက သူ့ကို လိုက်လံပို့ဆောင်ရန် အလျင်အမြန် ရောက်ရှိလာခဲ့ကြ၏။

“ကျွန်တော်မျိုးတို့က ပြတိုက်မှူးကို လိုက်လံပို့ဆောင်ဖို့ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ဧကရာဇ် အရှင်မင်းကြီးရဲ့ အမိန့်တော်အရ လာရောက်ခြင်း ဖြစ်ပါတယ်”

တောက်ပလှသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီးက သူ၏ ကျယ်လောင်လှသော အသံကြီးဖြင့် ပြောလိုက်သည်။

သူတို့သည် အခမ်းအနား စည်းစနစ်များနှင့် ပတ်သက်၍တော့ အစွမ်းကုန် ပြုလုပ်ထားကြသည်မှာ သေချာလှပေသည်။

လင်းကျင်းက တည်ငြိမ်အေးဆေးစွာဖြင့်ပင် ပြန်လည်ဦးညွှတ် နှုတ်ဆက်လိုက်၏။

“လမ်းပြပေးပါဦး”

သူသည် အံ့ဩစရာကောင်းလောက်အောင်ပင် ယဉ်ကျေးပျူငှာနေခဲ့သည်။

အခန်း ၄၅၀ - စီနီယာမော့၏ ကံကြမ္မာ

ဗိုလ်ချုပ်ကြီးသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ပြတိုက်မှူး၏ သတင်းများကို ကြားသိထားဖူးသောကြောင့်ပင်။ ပြတိုက်မှူးသည် အရှင်မင်းကြီးကိုယ်တိုင် ရိုသေလေးစားရသည့် ဂန္ထဝင်မြောက် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ အမှန်တကယ် တွေ့ဆုံရသည့်အခါတွင်တော့ အလွန်ပင် ချဉ်းကပ်ရလွယ်ကူပြီး ဖော်ရွေပျူငှာလွန်းသဖြင့် ဗိုလ်ချုပ်ကြီးမှာ အံ့ဩသွားခဲ့ရသည်။

ထင်ရှားကျော်ကြားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးပီသပေစွ။

အချိန်ဆိုင်းမနေတော့ဘဲ ဗိုလ်ချုပ်ကြီးသည် လင်းကျင်းအား အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် ရှေ့ကနေ ဦးဆောင်ကာ လမ်းပြပေးခဲ့သည်။ ဤနေရာမှနေ၍ တော်ဝင်နန်းတော်အထိ လမ်းတစ်လျှောက်လုံးကို နန်းတွင်းအစောင့်တပ်များက ရှင်းလင်းထားခဲ့ကြ၏။ လမ်းမပေါ်တွင် သွားလာနေသော လူတစ်ဦးတစ်ယောက်မျှပင် မရှိတော့ဘဲ အစောင့်တပ်သားများသည် လမ်းဘေးဝဲယာတွင် မြေကြီးထဲသို့ စိုက်ထူထားသည့် လှံတိုများကဲ့သို့ တစ်ဖြောင့်တည်း တန်းစီလျက် ရှိနေကြသည်။

၎င်းက အလွန်ပင် ခမ်းနားထည်ဝါလှသော အခမ်းအနားကြီး ဖြစ်၏။

ဤမျှအထိ တိုတောင်းလှသော အချိန်အတွင်းမှာပင် ဤကဲ့သို့ စီစဉ်နိုင်ရန်အတွက် ဟယ်ရွှမ်အနေဖြင့် အတော်လေး အားထုတ်ခဲ့ရမှာ သေချာပေသည်။

လင်းကျင်းသည် ဗိုလ်ချုပ်ကြီး၏ နောက်ကွယ်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့၏။ မကြာမီမှာပင် သူတို့သည် လူအုပ်ကြီး အမြောက်အမြား စုဝေးနေသည့် နန်းတော်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

ဟယ်ရွှမ်က ရှေ့ဆုံးကနေ ရောက်ရှိနေခဲ့ပြီး သူ၏ လေးစားရသော ဧည့်သည်တော်ကြီးကို ကြိုဆိုရန် အရှေ့သို့ လှမ်းကြွလာခဲ့၏။ ယခုအချိန်တွင်တော့ ဟယ်ရွှမ်သည် နိုင်ငံတစ်ခု၏ အရှင်သခင်နှင့်မတူဘဲ မိမိ၏ အထက်လူကြီးကို လာရောက်ကြိုဆိုနေသည့် ဒေသန္တရအရာရှိတစ်ဦးနှင့် ပို၍ တူနေခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည် ဤကဲ့သို့သော အခမ်းအနား စည်းစနစ်များကို ဂရုမစိုက်သော်လည်း ဤမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင်တော့ သဘောကျမိသွားသည်။ ဟယ်ရွှမ်သည် အခြားလူတစ်ယောက်၏ စိတ်ကျေနပ်မှုကို မည်သို့ ရယူရမည်ဆိုသည်ကို အတော်လေး ကျွမ်းကျင်ကြောင်း ပြောနေစရာပင် မလိုတော့ပါချေ။

ပြတိုက်မှူး သူ့ထံသို့ ချဉ်းကပ်လာသောအခါ ဟယ်ရွှမ်က ဦးစွာ သတိပြုမိလိုက်ပြီး ပထမဆုံးပင် ဦးညွှတ်နှုတ်ဆက်လိုက်တော့၏။

“ကျွန်တော့်အနေနဲ့ ပြတိုက်မှူးရဲ့ ကျော်ကြားတဲ့ နာမည်ဂုဏ်သတင်းကို ကြားရတာ ကြာပါပြီ... ဒီနေ့မှာ ယခုလို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရတာ ကျွန်တော်မျိုးအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”

လက်ခံနိုင်သည်။

တကယ့်ကို လက်ခံနိုင်စရာ ကောင်းလှ၏။

လင်းကျင်းသည် ဤကဲ့သို့သော အခမ်းအနားများက မည်မျှအထိ အဓိပ္ပာယ်မရှိကြောင်း သိရှိထားသည်။ အချို့လူများက ၎င်းကို နှစ်သက်ကြသော်လည်း သူကတော့ သေချာပေါက် မနှစ်သက်ပါချေ။ သို့သော်လည်း ဤအခြေအနေတွင် ဟော်ချန်၏ စီစဉ်မှုများက သူ့ကို စိတ်ထဲ၌ တစ်စုံတစ်ခု ခံစားရစေကြောင်း သူ ဝန်ခံရပေလိမ့်မည်။

၎င်းက ရိုးသားဖြောင့်မတ်မှုပင်။

ဟယ်ရွှမ်၏ ရိုးသားဖြောင့်မတ်မှုကို ဤပြင်ဆင်မှုများ မည်မျှအထိ စေ့စပ်သေချာကြောင်း ကြည့်ခြင်းအားဖြင့် သက်သေပြနေခဲ့သည်။ တော်ဝင်နန်းပလ္လင်ကို တက်လှမ်းကာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သူတစ်ဦးအနေဖြင့် ဟယ်ရွှမ်သည် သာမန်လူတစ်ယောက် မဟုတ်သည်မှာတော့ သေချာလှ၏။ ပထမဆုံးအကြိမ် တွေ့ဆုံရသည့် သူစိမ်းတစ်ယောက်အပေါ်တွင် ဤကဲ့သို့သော ပြင်ဆင်မှုမျိုး ပြုလုပ်ခြင်းက မိမိ၏ စိတ်ရင်းမှန်ကို ပြသရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

လင်းကျင်းသည် ဤကဲ့သို့သော အလျှော့မပေးသည့် စိတ်ရင်းမှန်ကို အလွန်ပင် သဘောကျမိသွား၏။

သူက ပြန်လည်ဦးညွှတ် နှုတ်ဆက်လိုက်ပြီး နှစ်ဦးသား ဘေးချင်းယှဉ်လျက် နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြတော့သည်။ အခြားသော နန်းတွင်းအရာရှိများနှင့် တော်ဝင်မျိုးနွယ်စုဝင်များသည်လည်း သူတို့၏ နောက်ကွယ်မှနေ၍ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ကြ၏။

“ဆရာကြီး ပြတိုက်မှူး”

တစ်စုံတစ်ယောက်က လင်းကျင်းထံသို့ ချဉ်းကပ်လာခဲ့သည်။ လှမ်းကြည့်လိုက်သောအခါ ၎င်းက ဟယ်ချန်း ဖြစ်နေကြောင်း သူ သိလိုက်၏။

သူက ပြုံးလိုက်ပြီး သူမကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။

ဟယ်ရွှမ်က ဤအခြေအနေကို သတိပြုမိလိုက်ပြီး သူတို့နှစ်ဦး၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် သူ၏ သမီးတော်နှင့် ပြတိုက်မှူးတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီးသား ဖြစ်နေကြပြီဆိုသည့် သူ၏ သံသယကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရ၏။ အမှန်တော့ ဟယ်ရွှမ်သည် ဤအချက်ကို သိရှိထားခဲ့သည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

သူသည် ဟယ်ချန်းကို အုပ်စုထဲမှ ထွက်ခွာခွင့်ပြုလိုက်ပြီး ပြတိုက်မှူးနှင့် သူတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်စေခဲ့၏။

အကယ်၍ ပြတိုက်မှူးထံတွင် သူကိုယ်တိုင် ကိုယ်ကျ တောင်းဆိုရန် အဆင်မပြေသည့် ကိစ္စရပ်များ ရှိလာခဲ့ပါက ဟယ်ချန်းက သူ့ကို အလွယ်တကူပင် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

“ဟုတ်သားပဲ... ယုအာ... လာပြီးတော့ သမီးရဲ့ ဆရာဘိုးဘိုးကို နှုတ်ဆက်လိုက်ဦးလေ”

ဟယ်ချန်က ဤအခွင့်အရေးကို အသုံးချကာ ကြောက်ရွံ့ထိတ်လန့်နေသည့် ဟယ်ယုကိုပါ အနားသို့ လှမ်း၍ ခေါ်ယူလိုက်တော့၏။

ကျောက်စိမ်းနဂါးဂူအတွင်းတုန်းက ဟယ်ရွှမ်သည် လင်းကျင်း၏ လိမ်ညာမှုကို အခွင့်ကောင်းယူကာ ဟယ်ယုကို လင်းကျင်း၏ တပည့်အဖြစ် သတ်မှတ်စေခဲ့သည်။ ထိုဖြစ်ရပ်ကြောင့်ပင် ယခုအခါ ဟယ်ယုအနေဖြင့် ပြတိုက်မှူးကို ‘ဆရာအဘိုး’ ဟု ခေါ်ဆိုရန်မှာ သဘာဝကျနေခဲ့၏။

လင်းကျင်းအနေဖြင့် ဤအခြေအနေကို မတတ်နိုင်တော့ပါချေ။ ဟယ်ရွှမ်သည် ရရှိလာသည့် အခွင့်အရေး အသေးအမွှားလေးကိုပင် လက်လွတ်မခံဘဲ အမိအရ အသုံးချတတ်သည့် လျှပ်ပေါ်လော်လီသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်ပေသည်။

ယခုအခါ ပြတိုက်မှူး နန်းတော်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဟယ်ရွှမ်တွင် တောင်းဆိုစရာ အစီအစဉ်တစ်ခု ရှိနေသည်မှာ ထင်ရှားလှသည်။

သူ၏ အလိုချင်ဆုံးအရာမှာ အဆင့် ၅ သားရဲတစ်ကောင်မှတစ်ပါး အခြားမရှိနိုင်ပါချေ။

အဆင့် ၅ သားရဲတစ်ကောင် ရှိခြင်းက ကျောက်စိမ်းနဂါးနိုင်ငံအနေဖြင့် အဆင့်မြင့်နိုင်ငံတစ်ခုအဖြစ် အဆင့်အတန်း သတ်မှတ်ခံရရန်အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်၏။ အတိတ်ကာလတုန်းက ကျောက်စိမ်းနဂါးနိုင်ငံသည် ကျောက်စိမ်းနဂါးနတ်ဘုရားကို အားကိုးခဲ့ကြပြီး သူတို့၏ ရေတိုအဆင့်မြင့်နိုင်ငံ အဆင့်အတန်းကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။ သို့သော်လည်း ကျောက်စိမ်းနဂါးနတ်ဘုရားသည် တဖြည်းဖြည်းနှင့် တာဝန်မဲ့လာခဲ့ပြီးနောက်တွင်တော့ ကျောက်စိမ်းနဂါးနိုင်ငံသည်လည်း ဆုတ်ယုတ်ကျဆင်းမှုကို ကြုံတွေ့ခဲ့ရ၏။ နိုင်ငံတစ်ခု၏ ဧကရာဇ်အနေဖြင့် ဟယ်ရွှမ်သည် သူတို့၏ ယခင်ဂုဏ်သတင်းကို ပြန်လည်ရရှိလိုသည်မှာ ထင်ရှားလှပြီး ၎င်းက ယခုအချိန်တွင် သူ ကြိုးပမ်းအားထုတ်နေသည့် အရာလည်း ဖြစ်သည်။

သို့သော်လည်း လင်းကျင်းတွင်တော့ သူ၏ သားရဲကို အဆင့်တက်အောင် ကူညီပေးရန်အတွက် ဤနေရာတွင် ကျန်ရစ်နေဖို့ အချိန်မရှိပါချေ။

ထို့အပြင် ဟယ်ရွှမ်၏ ကျောက်စိမ်းနဂါးသားရဲသည် အရည်အသွေး အလွန်ကောင်းမွန်လှသည်လည်း မဟုတ်ချေ။ အဆင့်တက်မည့် နည်းလမ်းများ ရှိနေသော်လည်း ပေးဆပ်ရမည့် တန်ဖိုးကိုတော့ လျှော့တွက်၍ မရနိုင်ပါချေ။

လင်းကျင်းအနေဖြင့် ဟယ်ရွှမ်၏ သားရဲကို အဆင့်မြှင့်တင်ပေးရန် စဉ်းစားနိုင်သော်လည်း ယခုအခါ သူတို့တွင် နဂါးမိခင်ကြီး ရှိနေပြီဖြစ်သဖြင့် ဤကဲ့သို့ ပြုလုပ်ရန် မလိုအပ်တော့ပါချေ။

အဆုံးတွင်တော့ သူမသည်လည်း အဆင့် ၅ ကျောက်စိမ်းနဂါးတစ်ကောင် မဟုတ်ပါလော။

ထို့ကြောင့်ပင် လင်းကျင်းသည် သူတို့၏ ဆွေးနွေးမှု အစပိုင်းတွင် ဟယ်ရွှမ်၏ တောင်းဆိုမှုကို တမင်သက်သက် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။ ဟယ်ရွှမ်သည် ထိုအကြောင်းကို အတင်းအကျပ် မမေးမြန်းရဲသော်လည်း ပြတိုက်မှူး ထွက်ခွာတော့မည်ကို မြင်လိုက်ရသောအခါတွင်တော့ သူသည် စိုးရိမ်တကြီးဖြင့် အသည်းအသန် လျှောက်ထားလာခဲ့တော့၏။

“ငါက သားရဲတွေ အဆင့်တက်တဲ့ ဖြစ်စဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေ့မရှိဘူး... မင်းအနေနဲ့ ဒီကိစ္စအတွက် ငါ့ရဲ့ တပည့်ဖြစ်သူထံကနေ အကူအညီ တောင်းခံနိုင်တယ်”

လင်းကျင်းက တာဝန်အားလုံးကို သူ့ကိုယ်သူ (လင်းကျင်းအဖြစ်) ဆီသို့ လွှဲပြောင်းပေးလိုက်သည်။ ထိုသို့ ပြုလုပ်နိုင်ခြင်းက မည်သူမဆို လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ပါချေ။

“ဒါ... ဒါပေမဲ့...”

ဟယ်ရွှမ်သည် အလန့်တကြား ဖြစ်သွားခဲ့ရ၏။ သူသည်ပြတိုက်မှူး၏ အကူအညီကို အလွန်ပင် ရရှိလိုသော်လည်း ထိုပုဂ္ဂိုလ်ကြီး၏ ဒေါသအမျက်တော်ကို ခံရမည်ကိုလည်း အလွန်ပင် ကြောက်ရွံ့နေခဲ့ရသည်။

“ဒီလောက်ဆို ရပြီ... ငါ့ရဲ့ တပည့်က လိုအပ်တာတွေကို စီစဉ်ထားပြီးသား ဖြစ်တာမို့ အရှင်မင်းကြီးအနေနဲ့ အလွန်အမင်း စိုးရိမ်မနေပါနဲ့တော့”

ထိုသို့ ပြောပြီးနောက် လင်းကျင်းက တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး ၎င်းပေါ်သို့ လှမ်းတက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့တော့၏။

ဟယ်ရွှမ်သည် ပြတိုက်မှူး နန်းတော်ထဲမှ ထွက်ခွာသွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ငေးကြည့်ကျန်ရစ်ခဲ့ရသည်။

သူ မသိရှိလိုက်သည့် အချက်ကတော့ နောက်ထပ် တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ကြီးမားလှသော အံ့ဩစရာ အစီအစဉ်တစ်ခု ရောက်ရှိလာတော့မည်ဆိုသည့် အချက်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နဂါးမိခင်ကြီးသည် တော်ဝင်နန်းတော်ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ပြီ ဖြစ်သောကြောင့်ပင်။

တော်ဝင်မြို့တော်၏ အပြင်ဘက် တစ်နေရာတွင်တော့ လင်းကျင်းသည် သူ၏ တိမ်တိုက်ပေါ်မှ ဆင်းသက်လိုက်သည်။

ထို့နောက်တွင်တော့ သူ၏ မျက်နှာဖုံးကို ချွတ်လိုက်၏။

အတိတ်တုန်းကတော့ သူသည် ပြတိုက်မှူး၏ အထောက်အထားကို မတတ်သာဘဲ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ပြတိုက်မှူးသည် ဤမျှအထိ လူသိများထင်ရှားလာလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။ ယခုအခါ ဤအထောက်အထားက လင်းကျင်းအတွက် အလွန်ပင် အဆင်ပြေ လွယ်ကူစေခဲ့ရသည်။

အထူးသဖြင့် ဒါလော့ကျောင်းတော်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် ဖြစ်၏။ ပြတိုက်မှူး၏ နာမည်သည် ကမ္ဘာမြေ၏ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ရာ ၎င်းက ကောင်းမွန်သော အချက်တစ်ချက်ပင်။

လင်းကျင်းသည် ယခုအခါ အမှန်တကယ်ပင် ခရီးစတင်ရန် ပြင်ဆင်လိုက်တော့သည်။

သို့သော်လည်း သူ မထွက်ခွာမီမှာပင် အနားသို့ ချဉ်းကပ်လာသော အော်ရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ လှမ်းကြည့်လိုက်သောအခါ တစ်စုံတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးလွှားလာနေသည်ကို မြင်လိုက်ရသည်။

၎င်းက စီနီယာမော့ ဖြစ်နေခဲ့၏။

“အကဲဖြတ်မှူးလင်း... အကဲဖြတ်မှူးလင်း”

လင်းကျင်းသည် စီနီယာမော့၏ မျက်နှာကို မမြင်ရသေးမီမှာပင် သူ၏ အသံကို အရင်ဆုံး ကြားလိုက်ရသည်။

ကျောက်စိမ်းနဂါးများ၏ မျိုးကွဲများထဲတွင် စီနီယာမော့သည် ခြေသည်းလေးခုပါသော နဂါးတစ်ကောင် ဖြစ်၏။ သူသည် မပျံသန်းနိုင်သော်လည်း အလွန်လျင်မြန်စွာ ပြေးလွှားနိုင်ပေသည်။ သူ၏ မြေဓာတ်စွမ်းအင်များကြောင့် စီနီယာမော့သည် အလွန်ပင် ခိုင်မာတောင့်တင်းပုံပေါ်နေခဲ့ရ၏။

လင်းကျင်းကို မြင်လိုက်ရသောအခါ စီနီယာမော့သည် သူ၏ ရှေ့မှောက်တွင် ဝပ်စင်း ညွှတ်တွားလိုက်တော့သည်။

“စီနီယာမော့... ဘာဖြစ်လို့ နဂါးမိခင်ကြီးနဲ့ အတူမရှိနေတာလဲ”

လင်းကျင်းက မေးလိုက်၏။ နဂါးမိခင်ကြီးအား သူ ညွှန်ကြားခဲ့သည့်အတိုင်းဆိုလျှင် သူမသည် ယခုအချိန်မှစ၍ ကျောက်စိမ်းနဂါးနိုင်ငံကို ကာကွယ်ရမည်ဖြစ်ပြီး စီနီယာမော့သည်လည်း သူမနှင့်အတူ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမည် ဖြစ်သည်။

“အကဲဖြတ်မှူးလင်း... ခင်ဗျားက ကျွန်တော့်အမေရဲ့ အသက်သခင် ကျေးဇူးရှင်ပါ... ကျွန်တော့်မှာ ခင်ဗျားကို ပြန်လည်ပေးဆပ်စရာ ဘာမျှမရှိတာမို့ ကျွန်တော့်ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို ခင်ဗျားကို အလုပ်အကျွေးပြုရင်း ဖြတ်သန်းပါရစေ... အကဲဖြတ်မှူးလင်းအနေနဲ့ ကျွန်တော့်အပေါ် သနားကရုဏာသက်ပြီး ကျွန်တော့်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”

စီနီယာမော့က လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုလိုက်တော့၏။

သူသည် ဤအကြောင်းကို နဂါးမိခင်ကြီးနှင့်အတူ ကြိုတင်ဇာတ်တိုက်ထားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားပေသည်။

သူသည် တပည့်အဖြစ် လက်ခံရန် တောင်းဆိုမည့်အစား မိမိ၏ ကျေးဇူးရှင်ကို အလုပ်အကျွေးပြုမည်ဟူသော အကြောင်းပြချက်ဖြင့် လင်းကျင်း၏ ဘေးနားတွင် နေထိုင်ရန် ကြိုးစားခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူ မည်သို့ပင် ချဉ်းကပ်ပါစေ လင်းကျင်းက သေချာပေါက် ငြင်းပယ်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ၏ အသည်းအသန် တောင်းပန်တိုးလျှိုးမှုများ ရှိနေလင့်ကစား လင်းကျင်းသည် သူ၏ တောင်းဆိုမှုကို လက်ခံရန် အစီအစဉ်မရှိပါချေ။ သူ ခေါင်းခါပြပြီး သူ့ကို ပြန်လည်စေလွှတ်တော့မည့် အချိန်မှာပင် နဂါးကြီးက သူ၏ စိတ်ကို ပြောင်းလဲသွားစေမည့် စကားတစ်ခွန်းကို ပြောကြားလိုက်ပြန်သည်။

စီနီယာမော့က ဆက်လက်၍ ပြောလိုက်၏။

“ကျွန်တော် ခင်ဗျားကို ကျေးဇူးဆပ်ချင်ရုံသက်သက်ပါ... အကဲဖြတ်မှူးလင်းက ထျန်းရွှမ်နိုင်ငံကို သွားမလို့မလား... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ထျန်းရွှမ်နိုင်ငံရဲ့ နယ်မြေတွေဆီကို သွားဖူးပါတယ်... ကျွန်တော် အဲဒီနေရာအကြောင်း နည်းနည်း သိထားတာမို့ အကဲဖြတ်မှူးလင်းအနေနဲ့ အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ကျွန်တော် လမ်းပြပေးပါရစေ”

ဤအဆိုပြုချက်က လင်းကျင်း၏ စိတ်ကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့ရ၏။

သူသည် ထျန်းရွှမ်နိုင်ငံသို့ တစ်ခါမျှ မရောက်ဖူးပါချေ။

သူသည် လင်းယုန်ကို စီးနင်းကာ သွားရောက်မည်ဖြစ်သဖြင့် လမ်းပျောက်ခြင်း သို့မဟုတ် မလိုအပ်ဘဲ လမ်းလွှဲသွားခြင်းမျိုး ကြုံတွေ့ရနိုင်သည်။ ဤခရီးစဉ်အတွင်း လမ်းပြပေးမည့် တစ်စုံတစ်ယောက် ရှိနေမည်ဆိုပါက သေချာပေါက် ပိုမိုအဆင်ပြေ လွယ်ကူစေမှာ ဖြစ်၏။

စီနီယာမော့က အလျင်အမြန်ပင် ထပ်လောင်းပြောဆိုလိုက်သည်။

“အကဲဖြတ်မှူးလင်း... ကျွန်တော်တို့ ထျန်းရွှမ်နိုင်ငံကို ရောက်တာနဲ့ ကျွန်တော် ချက်ချင်း ထွက်ခွာသွားပါ့မယ်... ခင်ဗျားကို စိတ်အနှောင့်အယှက် မပေးပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်ရင်း မိခင်အတွက် သားသမီးဝတ္တရားအရ ကျေးဇူးဆပ်ခွင့်ပြုပါ”

သူသည် မိခင်ဖြစ်သူ၏ ကိုယ်စား ကျေးဇူးဆပ်ခြင်း ဖြစ်ပြီး ၎င်းက သူ၏ သားသမီးဝတ္တရားကို ဖော်ပြခြင်းဖြစ်ကြောင်း လင်းကျင်း နားလည်လိုက်သည်။

စီနီယာမော့က ဤမျှအထိ ပြောဆိုလာခဲ့ပြီ ဖြစ်သဖြင့် အကယ်၍ လင်းကျင်းကသာ ဆက်လက်ငြင်းပယ်နေမည်ဆိုပါက ၎င်းက အလွန်ပင် ရက်စက်ရာ ကျပေလိမ့်မည်။

“ကောင်းပြီလေ... ဒါဆိုရင် လမ်းပြပေးပါဦး စီနီယာမော့”

လင်းကျင်းက ပြောလိုက်၏။

နဂါးကြီးသည် အလွန်ပင် ဝမ်းသာပီတိဖြစ်သွားခဲ့ရသည်။

သူသည် လင်းယုန်ပေါ်တွင် စီးနင်းလိုက်ပါနိုင်ရန်အတွက် သေးငယ်သော အနက်ရောင် ကျောက်စိမ်းနဂါးလေးတစ်ကောင်အဖြစ်သို့ သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ကျုံ့လိုက်တော့၏။ သို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်အတိုင်းအတာမှာ လင်းယုန်ကြီးထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေခဲ့ရသည်။

စီနီယာမော့သည် စိတ်ထဲမှနေ၍ ကျေနပ်စွာ တွေးတောလိုက်မိသည်။

‘အကဲဖြတ်မှူးလင်း သဘောတူသရွေ့တော့ အဆင်ပြေပါတယ်... အမေ့ရဲ့ အကြံဉာဏ်ကြောင့်သာ အဆင်ပြေသွားတာပဲ... အကယ်၍ ငါကတပည့်အဖြစ် လက်ခံဖို့ တောင်းဆိုတာ ဒါမှမဟုတ် ကျင့်စဉ်တောင်းတာမျိုးဆိုရင် အကဲဖြတ်မှူးလင်းက ငြင်းပယ်လိမ့်မယ်ဆိုတာ အမေက ကြိုသိနေခဲ့တာကိုး... အခုတော့ အကဲဖြတ်မှူးလင်းက ငါ့ကို အတူခေါ်သွားဖို့ သဘောတူလိုက်ပြီဖြစ်လို့ ထျန်းရွှမ်နိုင်ငံကို သွားမယ့် လမ်းခရီးတစ်လျှောက်မှာ သူ့ရဲ့ ပညာအချို့ကို သေချာပေါက် သင်ယူခွင့်ရနိုင်တော့မှာပဲ’

သတင်းအချက်အလက် အနည်းငယ် ရရှိလျှင်ပင် လုံလောက်လှပြီ ဖြစ်၏။

အဆိုးဆုံး အခြေအနေအနေဖြင့် လင်းကျင်းက လမ်းညွှန်မှု စကားအချို့ကိုပင် မပြောကြားဘဲ ငြင်းပယ်ခဲ့လျှင်ပင် သူ့အနေဖြင့် အနည်းဆုံးတော့ ထိုပုဂ္ဂိုလ်ကြီး၏ အာရုံစိုက်မှုကို ရရှိထားပြီးသား ဖြစ်သဖြင့် နောင်တစ်ချိန်တွင် သူ့အတွက် သေချာပေါက် အကျိုးရှိလာနိုင်ပေသည်။

All Chapters