အခန်း (၄၅၁-၄၅၂)
Vol. 23 Ch. 451-452
အခန်း ၄၅၁ - လှည့်လည်သွားလာသူ သူရဲကောင်း ဆရာကြီးဂူ
လင်းကျင်းအနေဖြင့် ယခုကဲ့သို့ အိမ်နှင့်ဝေးရာ အရပ်သို့ ခရီးရှည်နှင်ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပါချေ။ ကျောက်စိမ်းနဂါးနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာလှသော ဒါလော့ကျောင်းတော်သို့ သူ၏ နောက်ဆုံးခရီးစဉ်တုန်းက လင်းယုန်ကြီးကို စီးနင်းကာ သုံးရက်ကြာ ပျံသန်းခဲ့ရခြင်း ဖြစ်၏။
ထျန်းရွှမ်နိုင်ငံသည် စည်းလုံးညီညွတ်သောတိုက်ကြီး၏ ဗဟိုချက်တွင် တည်ရှိသဖြင့် ဒါလော့ကျောင်းတော်နှင့် နှိုင်းယှဉ်လျှင်ပင် ပိုမို၍ ဝေးကွာလှပေသည်။ လင်းယုန်ကြီးနှင့် ပျံသန်းလျှင်ပင် ထိုနေရာသို့ ရောက်ရှိရန် ငါးရက်ခန့် ကြာမြင့်မည် ဖြစ်၏။
လင်းကျင်းသည် အလျင်စလိုမရှိသဖြင့် ညဘက်တွင် အတင်းအကျပ် ခရီးနှင်ရန် မလိုအပ်ပါချေ။ သူသည် သွေးစည်းညီညွတ်သောတိုက်ကြီး၏ အတွင်းပိုင်းဒေသများသို့ တစ်ခါမျှ မရောက်ဖူးသေးသဖြင့် ခရီးသွားရင်း လမ်းခရီးတစ်လျှောက်ရှိ ရှုခင်းများကို မခံစားဘဲ နေမည်ဆိုပါက နှမြောစရာကောင်းပေလိမ့်မည်။
စီနီယာမော့အတွက်မူ သူသည် ဤအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်လိုက်၏။
သူတို့၏ လမ်းခရီးတစ်လျှောက်တွင် သူသည် သားရဲအကဲဖြတ်ခြင်း ပညာရပ်နှင့် ပတ်သက်၍ လင်းကျင်းအား မေးမြန်းရန် သတ္တိမွေးခဲ့သည်။ လင်းကျင်းသည် နဂါးအိုကြီး၏ ရည်ရွယ်ချက်ကို သိရှိသော်လည်း သူကိုယ်တိုင်လည်း ပျင်းရိနေသဖြင့် စကားစတင်ရန် ဆုံးဖြတ်လိုက်တော့၏။
အောက်ခြေတွင် တောင်တန်းများ ဖြတ်ကျော်သွားပြီး သူတို့၏ ဘေးနားတွင် တောငန်းတောငှက်များ ပျံသန်းနေကြသည်ကို ကြည့်ရင်း သူသည် အလွန်ပင် လွတ်လပ်ပေါ့ပါးကာ စိတ်လက်ချမ်းသာမှုကို ခံစားလိုက်ရသည်။ ညချမ်းလေပြေနှင့် ကြည်လင်သော လမင်းကြီးကြောင့် ဤခရီးစဉ်မှာ ပိုမို၍ နှစ်လိုဖွယ်ကောင်းနေခဲ့၏။
နာရီအနည်းငယ်ကြာ ပျံသန်းပြီးနောက် လင်းကျင်းသည် လင်းယုန်ကြီး၏ စွမ်းအင်များ ကျဆင်းလာသည်ကို ခံစားလိုက်ရသဖြင့် အနားယူရန်အတွက် အောက်သို့ ဆင်းသက်စေခဲ့သည်။
အမှန်တော့ သူတို့သည် ကျောက်စိမ်းနဂါးနိုင်ငံ၏ နယ်စပ်ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး အိမ်နီးနားချင်းနိုင်ငံတစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်၏။ အရုဏ်မတက်သေးသော်လည်း လေထုထဲတွင် မြူများ ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ လှမ်းမျှော်ကြည့်လိုက်သောအခါ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ ထွက်ပေါ်နေသည့် ကြီးမားသော ရွာကြီးတစ်ရွာကို လှမ်းမြင်နေရ၏။
ဤကမ္ဘာမြေတွင် ဂျီပီအက်စ် (GPS) ကဲ့သို့သော အရာမျိုး မရှိသဖြင့် လင်းကျင်းသည် သူ၏ ဦးတည်ရာသို့ သွားရန်အတွက် ရိုးရှင်းလှသော မြေပုံအကြမ်းတစ်ခုကိုသာ အားကိုးနေရခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ဆက်တိုက်ပျံသန်းနေမည်ဆိုပါက လမ်းကြောင်းလွဲသွားနိုင်သဖြင့် လင်းကျင်းသည် သူတို့ လက်ရှိ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မေးမြန်းရန်အတွက် ခဏခဏ ရပ်နားရပေလိမ့်မည်။ ထိုသို့ ပြုလုပ်မှသာ သူ၏ မြေပုံနှင့် တိုက်ဆိုင်စစ်ဆေးပြီး သူတို့၏ လက်ရှိတည်နေရာကို အတည်ပြုနိုင်မည် ဖြစ်၏။
သေချာတာပေါ့... လင်းကျင်းက စီနီယာမော့၏ သဘောထားကိုလည်း မေးမြန်းခဲ့သေးသည်။ သို့သော်လည်း အတိတ်တုန်းက ထျန်းရွှမ်နိုင်ငံသို့ သွားဖူးသည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ကြေညာခဲ့သော အနက်ရောင် ကျောက်စိမ်းနဂါးကြီးသည် ယခုအခါ ဘယ်လမ်းကို သွားရမည်နည်းဆိုသည်ကို မပြောနိုင်တော့ပါချေ။ အဆုံးတွင်တော့ သူသည် ကုန်းနေသတ္တဝါတစ်ကောင်သာ မဟုတ်ပါလော။
အကြီးအကဲမော့သည် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
“အကဲဖြတ်မှူးလင်း... ငါ အဲဒီတုန်းက ကုန်းလမ်းကနေ သွားခဲ့တာမို့ လေကြောင်းကနေ သွားရတဲ့အခါ ဝေခွဲမရဖြစ်ပြီး မျက်စိလည်သွားလို့ပါ”
လင်းကျင်း တိတ်ဆိတ်သွားခဲ့ရ၏။ ကြည့်ရသည်မှာ စီနီယာမော့ကို ဤခရီးစဉ်တွင် အတူခေါ်ဆောင်လာခဲ့ခြင်းက ဘာမျှအသုံးမဝင်ပုံရသည်။
သို့သော်လည်း ဤသို့ ဝန်ခံလိုက်ပြီးသည့်နောက် သူ့ကို လင်းယုန်ပေါ်မှ မောင်းချလိုက်ခြင်းက လင်းကျင်း၏ ပင်ကိုယ်စရိုက် မဟုတ်ပါချေ။ နဂါးမိခင်သည် သူ၏ စကားကို နားထောင်ရန် လိုလားခဲ့ပြီး ကျောက်စိမ်းနဂါးနိုင်ငံကို ကာကွယ်ရန် သဘောတူခဲ့ခြင်းမှာ အကြောင်းရင်းနှစ်ချက်ကြောင့် ဖြစ်၏။ ပထမအချက်မှာ သူမသည် သူ့ကို ကျေးဇူးဆပ်လိုခြင်းဖြစ်ပြီး ဒုတိယအချက်မှာတော့ သူမ၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် သားဖြစ်သူကို လင်းကျင်းထံတွင် အပ်နှံလိုခြင်း ဖြစ်သည်။
လင်းကျင်းက ဤအချက်ကို သိရှိထားပါ၏။
စီနီယာမော့သည် အနည်းငယ် မာနကြီးတတ်ပြီး စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်များ ချတတ်သည့် အရည်အချင်းများ ရှိနေခဲ့ရာ ၎င်းက သူ၏ အသက်အရွယ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ရသည်။ သို့သော်လည်း သူ၏ လုပ်ရပ်များကို သေသေချာချာ ကြည့်မည်ဆိုပါက စီနီယာမော့သည် သားသမီးဝတ္တရား ကျေပွန်သော သားကောင်းတစ်ယောက်ဖြစ်ကြောင်း လင်းကျင်း ပြောနိုင်ပေသည်။ သူ၏ မိခင်အပေါ်တွင် ယခုမျှအထိ သစ္စာရှိရှိ လုပ်ဆောင်ပေးခြင်းက သူသည် သစ္စာရှိသော ပင်ကိုယ်စရိုက် ရှိကြောင်း ဖော်ပြနေခဲ့၏။ အနည်းငယ် စုံစမ်းစစ်ဆေးပြီးနောက်တွင်တော့ လင်းကျင်းသည် စီနီယာမော့က အတော်လေး ယုံကြည်စိတ်ချရသော သူတစ်ယောက်ဖြစ်ကြောင်း စိတ်ချသွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ဖြစ်ခြင်းကြောင့် စီနီယာမော့ကို ကျောက်စိမ်းနဂါးနိုင်ငံသို့ ပြန်လည်စေလွှတ်ရန် အကြောင်းရင်း မရှိတော့ပါချေ။
လင်းကျင်းသည် မိစ္ဆာသတ္တဝါများကို ပညာသင်ကြားပေးခြင်းတွင် အတွေ့အကြုံရှိပြီး စီနီယာမော့သည် မိစ္ဆာသတ္တဝါတစ်ကောင်မျှပင် မဟုတ်ပါချေ။ သူ၏ အရည်အချင်းများသည် မျောက်ဖြူထက်ပင် သာလွန်လှ၏။ အဘယ်ကြောင့်ဆိုသော် သူက နဂါးတစ်ကောင် ဖြစ်သောကြောင့်ပင်။
အကယ်၍ သူသာ မှန်ကန်သော ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည်ဆိုပါက သူသည် ကျောက်စိမ်းနဂါးနတ်ဘုရားနှင့် နဂါးမိခင်တို့ထက်ပင် ပိုမို၍ မြင့်မားသော အခြေအနေသို့ ရောက်ရှိနိုင်ပေသည်။
၎င်းက လင်းကျင်း၏ အတွေးဖြစ်သော်လည်း သူက ၎င်းကို အထင်အရှား ထုတ်ဖော်မပြောခဲ့ပါချေ။ စီနီယာမော့သည် တစ်ချိန်လုံး စိုးရိမ်ပူပန်နေခဲ့ရ၏။ လင်းကျင်းက သူ့ကို အိမ်သို့ ပြန်မောင်းထုတ်လိုက်မည်ကို စိုးရိမ်နေခဲ့သဖြင့် ယခုအချိန်မှစ၍ သူ အလွန်ပင် သတိထားကာ နေထိုင်ရပေလိမ့်မည်။
ယခုအခါ လင်းကျင်းသည် သူတို့ လက်ရှိ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မေးမြန်းရန်အတွက် ရွာထဲသို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။ သူတို့၏ တည်နေရာကို အတည်ပြုပြီးနောက်တွင်တော့ သူတို့၏ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်ကြမည် ဖြစ်၏။
လင်းကျင်းက ရွာထဲသို့ ဦးဆောင်၍ ဝင်ရောက်ခဲ့သည်။ စီနီယာမော့သည် ယခုအခါ သေးငယ်သော ခွေးလေးတစ်ကောင်မျှသာ အတိုင်းအတာရှိသဖြင့် အလွန်ပင် ချစ်စရာကောင်းသော ရုပ်သွင် ရှိနေခဲ့၏။ သာမန်လူသားတစ်ယောက်၏ အမြင်တွင်တော့ သူသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်ထက်စာလျှင် အူကြောင်ကြောင် ဖွတ်တစ်ကောင်နှင့် ပို၍ တူနေခဲ့ရသည်။
သူ လင်းကျင်း၏ နောက်ကွယ်မှ လိုက်ပါလာပုံမှာ အိမ်မွေးသားရဲတစ်ကောင်နှင့် ပို၍ တူနေခဲ့၏။
သူတို့ ရွာထဲသို့ ရောက်ရှိသွားသည့် အချိန်တွင်တော့ အပြင်ဘက်၌ လင်းထိန်နေခဲ့ပြီ ဖြစ်သည်။ ရွာသားအများအပြား သွားလာလှုပ်ရှားနေကြသည်ကို မြင်တွေ့ရ၏။ သူတို့ထဲမှ အများစုမှာ နွားများ၊ ဝက်များနှင့် ခွေးများဖြစ်ကြသော မိမိတို့၏ သားရဲများနှင့်အတူ လယ်ကွင်းထဲတွင် အလုပ်လုပ်ရန်အတွက် စောစောစီးစီး နိုးထလာကြခြင်း ဖြစ်သည်။
၎င်းက အေးချမ်းသာယာသော ရွာကလေးတစ်ရွာ ဖြစ်ပုံရ၏။
လင်းကျင်းက ရွာသားတစ်ယောက်ကို တားဆီး၍ ဤနေရာ၏ အမည်ကို မေးမြန်းလိုက်သည်။ ထို့နောက်တွင်တော့ မြေပုံနှင့် တိုက်ဆိုင်စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်၏။ သူတို့ လမ်းကြောင်း အနည်းငယ် လွဲသွားခဲ့သော်လည်း မူလလမ်းကြောင်းနှင့် အလွန်အမင်း မဝေးကွာလှသဖြင့် မှန်ကန်သော အရပ်မျက်နှာကို အတည်ပြုပြီးနောက်တွင်တော့ ခရီးဆက်နိုင်ပြီ ဖြစ်သည်။
သို့သော်လည်း လင်းကျင်းသည် ကြီးမားလှသော နှာချေသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ ဆိုင်စတင်ဖွင့်လှစ်နေပြီဖြစ်သော အရက်ဆိုင်တစ်ဆိုင်အတွင်းရှိ စားပွဲတစ်ခုပေါ်တွင် မှောက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
သူ့ဘေးနားရှိ စားပွဲပေါ်နှင့် ကြမ်းပြင်ပေါ်တွင်တော့ အရက်ပုလင်းအလွတ်များ ပြန့်ကျဲနေခဲ့၏။
“အရက်သမားတစ်ယောက်ပဲ”
စီနီယာမော့က နောက်ကွယ်မှနေ၍ တိုးတိုးလေး ပြောလိုက်သည်။ သို့သော်လည်း လင်းကျင်း၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်တွင် မှောက်နေသော ထိုလူ၏ ရုပ်သွင်က အလွန်ပင် ရင်းနှီးနေခဲ့သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့်ပင် လင်းကျင်းက သူ့ထံသို့ ချဉ်းကပ်သွားခဲ့တော့၏။
အရက်ဆိုင်က အခုမှ စတင်ဖွင့်လှစ်ခြင်းဖြစ်ရာ ဟောက်နေသော ထိုလူသည် ဤနေရာတွင် တစ်ညလုံး အရက်သောက်နေခဲ့ခြင်း ဖြစ်ရပေမည်။
ဆိုင်အကူနှင့် ခဏမျှ စကားပြောဆိုပြီးနောက် လင်းကျင်း၏ သံသယမှာ အတည်ဖြစ်သွားခဲ့ရ၏။
“ဒီဧည့်သည်က မနေ့က နေ့လယ်ကတည်းက ရောက်နေတာဗျ... ဆိုင်ပိတ်ချိန်အထိ ဆက်တိုက် သောက်နေခဲ့တာ... အဲဒီအချိန်အထိ သူက ထွက်မသွားဘူး... သူက တကယ့်ကို မူးနေတာမို့ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကျွန်တော်တို့ ဆိုင်ရှင်က သူ့ကို ဒီမှာပဲ အိပ်ခွင့်ပြုလိုက်တာပါ... အခုအချိန်အထိ သူ မနိုးသေးဘူး”
ဆိုင်အကူက စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ဆရာ... သူ့ကို သိလို့လားဗျ... တကယ်လို့ သိတယ်ဆိုရင် သူ့ကို ခေါ်သွားပေးဖို့ ကူညီပေးပါလား”
လင်းကျင်းက ပြုံးလိုက်၏။
“ငါ သူ့ကို သိပါတယ်... ကျေးဇူးပြုပြီး လက်ဖက်ရည်တစ်အိုးလောက် ပြင်ဆင်ပေးပါဦး”
လင်းကျင်းက ဆိုင်အကူထံသို့ ငွေအချို့ အမိအရ ကမ်းပေးလိုက်သည်။
ငွေရလျှင် လူတိုင်း အလုပ်လုပ်ကြသည် မဟုတ်ပါလော။ ဆိုင်အကူသည် ငွေစက္ကူကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တက်ကြွစွာ အလုပ်လုပ်တော့၏။
“ကောင်းပါပြီ... ဆရာ... ကျေးဇူးပြုပြီး ထိုင်ပါဦး... ပူပူနွေးနွေး လက်ဖက်ရည်တစ်အိုး ချက်ချင်း ချပေးပါ့မယ်”
အနီးကပ် သေသေချာချာ ကြည့်ရှုပြီးနောက်တွင်တော့ လင်းကျင်းသည် ဤလူက မည်သူဖြစ်ကြောင်း လုံးဝဥဿုံ သေချာသွားခဲ့ပြီ ဖြစ်၏။ အမှန်တော့ သူတို့သည် အလွန်ပင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။
လင်းကျင်းက လှမ်း၍ သူ့ကို ပုတ်လိုက်၏။
“ဆရာကြီးဂူ... ဆရာကြီးဂူ...”
သူက လှမ်း၍ ခေါ်လိုက်သည်။
ကျပန်းရွာကလေးတစ်ရွာရှိ အရက်ဆိုင်တစ်ခုတွင် သတိလစ်မေ့မြောမတတ် မူးယစ်အိပ်ပျော်နေသော ထိုအရက်သမားမှာ အခြားသူမဟုတ်ဘဲ ကျောက်စိမ်းနဂါးနိုင်ငံ၏ ကျော်ကြားလှသော ပန်းချီနှင့် စာရေးဆရာကြီး ဂူမုန်းကျုံးပင် ဖြစ်နေခဲ့ရ၏။ သို့သော်လည်း ဂူမုန်းကျုံးသည် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါသော ပုံစံမျိုး မရှိတော့ပါချေ။ ကျန်ရှိနေသည်မှာ စိတ်ပျက်အားလျော့နေသော လူတစ်ယောက်၏ ပုံသဏ္ဌာန်မျှသာ ဖြစ်၏။
လင်းကျင်းသည် ဆရာကြီးဂူကို မတွေ့ရသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် သူ မရှိသည့် အချိန်အတောအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မသိရှိပါချေ။ သူ့ကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တွေ့ရခြင်းက အလွန်ပင် အံ့ဩစရာ ကောင်းသည်။ သူသည် လောကကြီးတွင် တရားမျှတမှုအတွက် တိုက်ပွဲဝင်မည့် လှည့်လည်သွားလာသူ သူရဲကောင်းတစ်ဦးအဖြစ် ထွက်ခွာသွားခဲ့ခြင်း မဟုတ်ပါလော။
ဤကဲ့သို့သော စိတ်ကူးယဉ်ဆန်မှုများသည် စာပေသမားတစ်ဦးအတွက်တော့ လက်တွေ့မကျလှပါချေ။ အဘယ်ကြောင့်ဆိုသော် လက်တွေ့လောကကြီးတွင် ဓားက ကလောင်ထက် ပိုမိုထက်မြက်သောကြောင့်ပင် ဖြစ်၏။ လောကကြီး၏ အရပ်ရပ်တွင် ကျွမ်းကျင်သူများစွာ ပုန်းအောင်းနေကြပြီး အရာရာကို အမှားအမှန် ဟု ပြတ်ပြတ်သားသား သတ်မှတ်ရန်မှာ မလွယ်ကူလှပါချေ။ တနည်းအားဖြင့် ပြောရလျှင် ဂူမုန်းကျုံးသည် သူ၏ နုပျိုလှသော အိပ်မက်ဆိုးမှ စောစောစီးစီး နိုးထလာခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လင်းကျင်းအနေဖြင့် ဆရာကြီးဂူသည် ဤမျှအထိ လျင်မြန်စွာ ပြဿနာတက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ သူနှင့် ယခုလို မတော်တဆ ဆုံတွေ့ခဲ့ရခြင်းက ကံကောင်းသည်ဟု ပြောရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဘာတွေဆက်ဖြစ်လာမည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
ဆရာကြီးဂူသည် အရက်ရှိန်ကြောင့် သတိလစ်နေဆဲဖြစ်သဖြင့် လင်းကျင်းက သူ့ကို ဒီအတိုင်းသာ ဟောက်ခွင့်ပြုထားလိုက်၏။
ခဏမျှကြာသော် ဆိုင်အကူက ပူပူနွေးနွေး လက်ဖက်ရည်တစ်အိုး ယူဆောင်လာခဲ့သည်။ လင်းကျင်းက လက်ဖက်ရည်ကို ခွက်တစ်ခုထဲသို့ ငှဲ့လိုက်ပြီး ဆရာကြီးဂူ၏ အနားသို့ တိုးပေးလိုက်၏။ ရေငွေ့များကို ခံစားမိလိုက်၍ ထင်ရသည်၊ ဆရာကြီးဂူသည် သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီးနောက် ခွက်ကို လှမ်းကိုင်ကာ တပြိုင်နက်တည်း မော့ချလိုက်တော့၏။
“ရေငတ်လိုက်တာ... နောက်ထပ် ရှိသေးလား...”
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ မရိတ်ရသေးဘဲ ဖားလျားဖြစ်နေသော ဂူမုန်းကျုံးက အက်ရှရှအသံကြီးဖြင့် မေးမြန်းလိုက်သည်။ သူ၏ မျက်လုံးများကတော့ ပိတ်ထားဆဲ ဖြစ်၏။
လင်းကျင်းသည် အရက်နာကျနေသူတစ်ဦး မည်မျှအထိ ရေငတ်တတ်ကြောင်း သိရှိထားသဖြင့် ဆိုင်အကူအား ကြီးမားသော လက်ဖက်ရည်အိုးကြီးတစ်အိုး ကြိုတင်ပြင်ဆင်ခိုင်းထားခဲ့ခြင်း ဖြစ်၏။
“ရှိတာပေါ့... အများကြီး ရှိသေးတယ်”
လင်းကျင်းက နောက်ထပ်တစ်ခွက် ငှဲ့ပေးလိုက်ရာ ဂူမုန်းကျုံးက ၎င်းကိုလည်း တပြိုင်နက်တည်း သောက်ပစ်လိုက်ပြန်သည်။ လင်းကျင်းက ခွက်ကို ထပ်မံမဖြည့်ပေးရသေးမီမှာပင် ဂူမုန်းကျုံးသည် လက်ဖက်ရည်အိုးကို ဒီအတိုင်း ကောက်ကိုင်လိုက်ပြီး ၎င်းထဲမှ တိုက်ရိုက်ပင် မော့သောက်လိုက်တော့၏။
ဂလု... ဂလု...
“အား... လန်းဆန်းသွားတာပဲ”
ဂူမုန်းကျုံးက လက်ဖက်ရည်အိုး တစ်အိုးလုံးကို သူ၏ ဗိုက်ထဲသို့ သွန်းလောင်းပြီးနောက် ပြောလိုက်သည်။ သူ၏ မျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး ပြောလာ၏။
“ကျေးဇူးပါပဲ... ခင်ဗျားရဲ့ နာမည်ကို သိပါရ..."
သူ၏ မျက်လုံးများကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင်တော့ ဂူမုန်းကျုံးသည် မိမိ၏ ရှေ့မှောက်တွင် ထိုင်နေသော လူကို မြင်တွေ့လိုက်ရပြီးနောက် တစ်ကိုယ်လုံး တောင့်တင်းအံ့ဩသွားခဲ့ရတော့၏။
အခန်း ၄၅၂ - သူမအတွက် စိတ်မကောင်းဖြစ်ရခြင်း
“ညီ.. ညီလေးလင်း"
ဂူမုန်းကျုံးက မသိစိတ်အလျောက် အော်ဟစ်လိုက်မိ၏။ စားပွဲတစ်ဖက်တွင် လင်းကျင်း ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အမှန်တကယ်ပင် အံ့ဩသွားခဲ့ရသည်။ ယခုအခါ သူသည် ကျောက်စိမ်းနဂါးနိုင်ငံနှင့် အနည်းဆုံး မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိနေခြင်းဖြစ်ရာ သူ၏ မိတ်ဆွေဟောင်းနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။
“ဆရာကြီးဂူ... ကျုပ်က ဒီလမ်းကနေ မတော်တဆ ဖြတ်သွားရင်းနဲ့ တွေ့တာ... တစ်ခုခု ဖြစ်ပျက်ခဲ့လို့လား”
လင်းကျင်းက လိုလိုလားလားပင် စတင်မေးမြန်းလိုက်သည်။
ဂူမုန်းကျုံးသည် အခြားလူများ တန်ဖိုးထားသကဲ့သို့ မဟုတ်ချေ။
သူသည် လင်းကျင်း အစပြုခါစ အချိန်တုန်းက ပံ့ပိုးကူညီပေးခဲ့သော လူနည်းစုထဲမှ တစ်ဦးဖြစ်ပြီး လင်းကျင်းက ထိုအချက်ကို ကောင်းကောင်း မှတ်မိနေခဲ့သည်။ ဂူမုန်းကျုံးနှင့် စားဖိုမှူးကြီးလျောင် နှစ်ဦးလုံးသည် သူ၏ နှလုံးသားထဲတွင် ထူးခြားသော နေရာတစ်ခုစီ ရှိနေခဲ့ကြ၏။ ထို့ကြောင့်ပင် သူ၏ ကိုယ်ပိုင်ခရီးစဉ် နှောင့်နှေးသွားစေဦးတော့၊ ဂူမုန်းကျုံးတွင် တစ်စုံတစ်ရာ ဒုက္ခကြုံတွေ့နေရပါက လင်းကျင်းအနေဖြင့် မလွဲမသွေ ကူညီပေးမည် ဖြစ်သည်။
တစ်စုံတစ်ခုကို ပြန်လည်တွေးတောမိ၍ ထင်ရသည်၊ ဂူမုန်းကျုံးက ခေါင်းခါပြလိုက်၏။
“ဘာမှမဟုတ်ဘူး... ဘာမှမဖြစ်ဘူး... ငါတို့ မဆုံရတာ တော်တော်ကြာပြီဆိုတော့ အရက်သောက်ကြတာပေါ့... ဆိုင်အကူ... အရက်အချို့ ယူခဲ့စမ်း”
ဆိုင်အကူသည် ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး စက္ကူဖြူကဲ့သို့ ဖြူလျော်သွားခဲ့ရတော့၏။
အရက် ထပ်သောက်ဦးမလို့လား။
ဒီလူကြီးက မနေ့ကတုန်းက သူတို့ဆိုင်ရဲ့ အရက်ခန်းထဲက အရက်တွေကို အကုန်သောက်သွားခဲ့တာ ဖြစ်သည်။ အကယ်၍ သူက နောက်ထပ်တစ်ကျော့ ထပ်သောက်ဖို့ အတင်းအကျပ် လုပ်နေဦးမည်ဆိုပါက သူတို့ ဘာလုပ်ရပါတော့မည်နည်း။ ထို့ကြောင့်ပင် ဆိုင်အကူက ထိုနေရာတွင်တင် ခိုင်ခိုင်မာမာ ရပ်နေခဲ့၏။ သေချာတာပေါ့... လင်းကျင်းက သူ့ကို ခေါင်းခါပြလိုက်သည်ကို မြင်လိုက်ရသဖြင့် သူ ပို၍ သတ္တိရှိသွားခြင်းလည်း ဖြစ်သည်။
ထိုနှစ်ယောက်ထဲတွင်တော့ ဆိုင်အကူအနေဖြင့် လင်းကျင်း၏ တောင်းဆိုမှုကိုသာ သေချာပေါက် နာခံမည် ဖြစ်၏။
“ဆရာကြီးဂူ... အရက်အစား လက်ဖက်ရည် သောက်လည်း အတူတူပဲ... ခင်ဗျားပြောတာ မှန်တယ်... ကျုပ်တို့ နောက်ဆုံးဆုံပြီးကတည်းက တော်တော်ကြာသွားခဲ့ပြီ... အခုလို အိမ်နဲ့ဝေးတဲ့ နေရာမှာ မတော်တဆ ဆုံတွေ့ကြရတာဆိုတော့ ထိုင်ပြီး ကောင်းကောင်း စကားပြောကြစို့”
လင်းကျင်းက ဆိုင်အကူအား နောက်ထပ် လက်ဖက်ရည်တစ်အိုး ထပ်မံယူဆောင်ခိုင်းလိုက်သည်။
ဂူမုန်းကျုံးက ခေါင်းညိတ်လိုက်၏။ သူသည် မိမိ၏ ဇာတိမြေနှင့် ပတ်သက်သည့် သတင်းများကို မကြားရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် လင်းကျင်း မည်သို့ နေထိုင်ဖြတ်သန်းနေသလဲဆိုသည်ကို စတင်မေးမြန်းခဲ့သည်။ ၎င်းက သူသည် အိပ်မက်တစ်ခုထဲတွင် မည်မျှအထိ ကြာမြင့်စွာ နေထိုင်နေခဲ့ရသလဲဆိုသည်ကို သက်သေပြနေခဲ့၏။
ဤအချက်ကို သိရှိလိုက်သဖြင့် လင်းကျင်းအနေဖြင့် သူ့ကို ဤကဲ့သို့ စိတ်ကူးယဉ်ဆန်စွာ ဆက်လက်နေထိုင်နေသည်ကို ဒီအတိုင်း ထိုင်ကြည့်မနေနိုင်တော့ပါချေ။ ပြဿနာက ဘယ်နေရာမှာ ရှိနေသလဲဆိုသည်ကို ထောက်ပြရန် သူ တာဝန်ရှိသည်ဟု ခံစားလိုက်ရသည်။
နောက်ထပ် အနည်းငယ် စုံစမ်းမေးမြန်းပြီးနောက်တွင်တော့ ဂူမုန်းကျုံးသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့၏။
“မင်းကို ဒီအကြောင်းတွေ ပြောဖို့ ငါ စိတ်ကူးမရှိခဲ့ဘူး... ဘာဖြစ်လို့လဲဆိုတော့ မင်းကို ဒီကိစ္စထဲ ပတ်သက်စေဖို့ အကြောင်းမရှိလို့ပဲ... ဒါပေမဲ့ မင်းက အတင်းအကျပ် မေးနေမှတော့ ငါ မင်းကို ပြောပြရတော့မယ်”
ဂူမုန်းကျုံးက သူ၏ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူ ခွက်ကို အသုံးပြုခဲ့၏။
သူ စောစောက သောက်ခဲ့သော လက်ဖက်ရည်က အရက်နာကျခြင်းကို သိသိသာသာ ပြေပျောက်စေခဲ့ပုံရသည်။
နောက်ဆုံးတော့ လင်းကျင်းသည် ဂူမုန်းကျုံးတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိရှိလိုက်ရတော့၏။ လောကတွင် ‘နောင်တမရဘဲ လွမ်းဆွတ်တမ်းတခြင်း’ ဟူသော စကားပုံတစ်ခု ရှိခဲ့ရာ ဆရာကြီးဂူကဲ့သို့သော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဤကဲ့သို့ စိတ်ပျက်အားလျော့သော အခြေအနေသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အမျိုးသမီးတစ်ဦးမှတစ်ပါး အခြားမရှိနိုင်ပါချေ။
“အမှန်အတိုင်း ပြောရရင်တော့ ငါ ငယ်ရွယ်တဲ့အချိန်တုန်းက ပညာသင်ကြားဖို့အတွက် ထျန်းရွှမ်နိုင်ငံမှာ နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ဖူးတယ်... အဲဒီတုန်းက အဲဒီနေရာမှာ ကျော်ကြားတဲ့ ပန်းချီအကယ်ဒမီကျောင်းတစ်ခု ရှိခဲ့ပြီး ငါက အဲဒီကျောင်းက ကျောင်းသားတစ်ယောက် ဖြစ်ခဲ့တာ”
ထိုအချိန်တုန်းက ဂူမုန်းကျုံးသည် အသက်တစ်ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးပြီး သူ၏ လူပျိုဖော်ဝင်စ အရွယ် ဖြစ်သည်။ ပန်းချီအကယ်ဒမီကျောင်းတွင် ပန်းချီဆွဲခြင်း အတတ်ပညာ၌ အလွန်ပင် ထူးချွန်လှပြီး ယဉ်ကျေးသိမ်မွေ့ကာ လှပချောမောသော အမျိုးသမီး ဆရာမတစ်ဦး ရှိခဲ့၏။ ဂူမုန်းကျုံးသည် သူမ၏ လမ်းညွှန်မှုအောက်တွင် ပညာသင်ကြားရသည့် အချိန် ကြာလာသည်နှင့်အမျှ သူမအပေါ်တွင် ပိုမို၍ သံယောဇဉ် တွဲလာခဲ့ရသည်။ သူသည် စိတ်အားထက်သန်သော လူငယ်တစ်ယောက် ဖြစ်သဖြင့် ဤသို့ဖြစ်လာခြင်းမှာ သဘာဝကျပေသည်။ အရည်အချင်းရှိရုံမျှမက ရုပ်ရည်ပါ ချောမောလှပသော ဆရာမတစ်ဦးနှင့် အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းပြီးနောက်တွင်တော့ သူမအပေါ် စိတ်ကူးယဉ်ဆန်သော ခံစားချက်များ စတင်ရှိလာခဲ့ရခြင်းမှာ မလွဲမသွေပင် ဖြစ်တော့သည်။
ဂူမုန်းကျုံး၏ အပြောအရဆိုလျှင် သူနှင့် သက်တူရွယ်တူ အများအပြားသည်လည်း ထိုအမျိုးသမီး ဆရာမကို သဘောကျ နှစ်သက်ခဲ့ကြ၏။
နောက်ပိုင်းတွင် ဂူမုန်းကျုံး၏ ပန်းချီပညာ အရည်အချင်းများ တိုးတက်လာခဲ့သောအခါ ထိုအမျိုးသမီး ဆရာမက သူ့ကို သီးသန့် ပညာသင်ကြားပေးခဲ့သည်။ ထိုအခြေအနေကြောင့်ပင် သူသည် သူမအပေါ်သို့ ပိုမို၍ အသည်းအသန် သက်ဆင်းမိသွားခဲ့ရတော့၏။
“ငါ ပညာသင်ကြားလို့ ပြီးဆုံးသွားပြီး ကျောက်စိမ်းနဂါးနိုင်ငံကို ပြန်ဖို့ စီစဉ်တဲ့အခါ ငါ့ရဲ့ စိတ်ကို တင်းပြီးတော့ သူမအပေါ်မှာ ရှိတဲ့ ငါ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောခဲ့တယ်... ဒါပေမဲ့ သူမက ငါ့ရဲ့ ခံစားချက်တွေကို လက်ခံမယ့်အစား ငါက ယောကျာ်းနဲ့ မိန်းမကြားက ဆက်ဆံရေးကို နားလည်ဖို့အတွက် အရမ်းငယ်လွန်းသေးတယ်လို့ ပြောခဲ့တယ်... ငါ ဘယ်လောက်အထိ စိတ်ရင်းမှန်ခဲ့သလဲဆိုတာကို သူမ မသိခဲ့ဘူး... ဒါပေမဲ့ ငါ ဘယ်လောက်အထိ အလေးအနက်ထားသလဲဆိုတာကို မြင်တဲ့အခါကျတော့ သူမက ငါ့ကို ဆယ်နှစ် စောင့်မယ်လို့ ပြောတယ်... ငါ ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိပြီး လှည့်လည်သွားလာသူ သူရဲကောင်းတစ်ယောက် ဖြစ်လာတဲ့အခါကျမှ သူမနဲ့ ထပ်မံတွေ့ဆုံနိုင်မယ်လို့ ပြောခဲ့တာ”
ဂူမုန်းကျုံး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းနေခဲ့သော်လည်း သူက ပြုံးနေခဲ့ရ၏။ သူ၏ အရက်နာကျခြင်းမှာ ယခုအခါ အတော်လေး ပြေပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း သူသည် အနည်းငယ် မူးဝေနေဆဲ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်သာ သူ၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူ၏ စိတ်က ကြည်လင်နေမည်ဆိုလျှင် ဤဇာတ်လမ်းကို ထုတ်ဖော်ပြောဆိုရန် ဘယ်တုန်းကမျှ စဉ်းစားလိမ့်မည် မဟုတ်ချေ။
“ဒါပေမဲ့ ဆယ်နှစ် ကြာပြီးတဲ့နောက် ငါ့ရဲ့ ပန်းချီအတတ်ပညာက ထိပ်ဆုံးကို ရောက်နေတဲ့ အချိန်မှာ ငါ သူမနဲ့ သွားတွေ့ခဲ့တယ်... ဒါပေမဲ့ ငါ့မှာ သူရဲကောင်းတစ်ယောက်ရဲ့ အငွေ့အသက် မရှိသေးဘူးလို့ သူမက ကဲ့ရဲ့ရှုတ်ချတာကိုပဲ ကြားခဲ့ရတယ်... နောက်ထပ် ဆယ်နှစ် ကြာမှ ပြန်လာခဲ့တဲ့... ငါ အဲဒီတုန်းက သိပ်ကို စိတ်ဆိုးသွားခဲ့တာမို့ ပြန်ရောက်လာတဲ့အခါ ငါ့ရဲ့ ပန်းချီပညာအပြင် ဓားသိုင်းပညာကိုပါ လေ့ကျင့်ခဲ့တယ်”
ဂူမုန်းကျုံးက ရုတ်တရက် ပြတ်သားသော မျက်နှာပေးကို ဖော်ပြလိုက်သည်။
သို့သော်လည်း လင်းကျင်းကတော့ ထိုဆရာမသည် သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ငြင်းပယ်နေခြင်းသာ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ ဂူမုန်းကျုံးကို အနှစ်နှစ်ဆယ်အပြီး စောင့်ခိုင်းခဲ့သည်ဆိုသောအချက်က သူမအနေဖြင့် သူ့ကို လက်လျှော့သွားစေချင်သောကြောင့် ဖြစ်၏။ သို့သော်လည်း ဂူမုန်းကျုံး မည်မျှအထိ ခေါင်းမာတတ်သလဲဆိုသည်ကိုတော့ သူမ လျှော့တွက်ခဲ့ပုံရပေသည်။
“အခု အနှစ်နှစ်ဆယ် ပြည့်သွားခဲ့ပြီ... ငါ့မှာ စိတ်ကြိုက် ဓားအသွင်ပြောင်းလဲနိုင်တဲ့ မင်ရည်မိစ္ဆာသားရဲတစ်ကောင် ရှိနေပြီဖြစ်သလို တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက်လည်း လောက အရပ်ရပ်ကို လှည့်လည်ခဲ့ပြီးပြီ... ဒီတစ်ကြိမ်မှာတော့ သူမ ငါ့ကို နောက်ဆုံးတော့ လက်ခံလိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ ထင်သလို ဖြစ်မလာဘဲ သူမက ငါ့ကို တွေ့ဖို့တောင် မလိုလားခဲ့ဘူး... သူမ ပြောခဲ့တဲ့ တစ်ခုတည်းသော စကားက သူမ ငါ့ရဲ့ အချိန်တွေကို ဖြုန်းတီးခဲ့မိပြီး ငါတို့က ရေစက်မပါခဲ့ကြဘူး ဆိုတာပဲ”
ဂူမုန်းကျုံးသည် ယခုအခါ အနည်းငယ် စိတ်စွဲလန်းနေခဲ့ရပြီ ဖြစ်သည်။
ပွဲကြည့်ပရိသတ်က ကစားသမားထက် ပို၍ မြင်ကွင်းရှင်းလင်းတတ်သည် မဟုတ်ပါလော။
လင်းကျင်းသည် ထိုဆရာမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူမ၏ အစီအစဉ်မှာ ဂူမုန်းကျုံးကို သူမအပေါ် လက်လျှော့သွားစေရန် ဖြစ်ပြီး ဂူမုန်းကျုံးက သူမ၏ ကတိစကားကို အမှန်တကယ် ယုံကြည်ခဲ့ခြင်းမှာ အံ့ဩစရာ ကောင်းလှပေသည်။
ထိုအကြောင်းရင်းကြောင့်ပင် သူမ၏ ဆရာမက ဂူမုန်းကျုံး၏ အချိန်များကို ဖြုန်းတီးခဲ့မိကြောင်း ဝန်ခံရန် လိုလားခဲ့ခြင်း ဖြစ်ရပေမည်။
ခဏမျှ တွေးတောပြီးနောက် လင်းကျင်းက ပြောလိုက်သည်။
“ကျုပ်စိတ်ထဲမှာ တွေးမိတာတစ်ခု ရှိတယ်... ဒါပေမဲ့ အဲဒါကို ပြောသင့်မပြောသင့်တော့ မသေချာဘူး”
“ညီလေးလင်း... မင်းက ငါ့ရဲ့ မိတ်ဆွေကောင်းပဲ... မင်းစိတ်ထဲရှိတဲ့အတိုင်းသာ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”
ဂူမုန်းကျုံးက ပြန်လည်ဖြေခဲ့၏။
လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“အနှစ်နှစ်ဆယ်ဆိုတာ တိုတောင်းတဲ့ အချိန်မဟုတ်ဘူး... အဲဒီအချိန်တုန်းက သူမ ဘယ်လောက်ပဲ လှပချောမောခဲ့ပါစေဦးတော့... အခုအချိန်မှာတော့ သူမ သေချာပေါက် အိုမင်းသွားခဲ့ပြီ ဖြစ်မှာ... ဒါ့အပြင် သူမက ခင်ဗျားရဲ့ ဆရာမဖြစ်ခဲ့တယ်ဆိုတဲ့ အချက်က သူမက ခင်ဗျားထက် အနည်းဆုံး အသက်အနည်းငယ် ပိုကြီးရမယ်ဆိုတာကို ဖော်ပြနေတာမို့ သူမအနေနဲ့ ခင်ဗျားကို မတွေ့ချင်တာက ပုံမှန်ပဲ”
လင်းကျင်းအနေဖြင့် ဤထက် ပို၍ ပွင့်လင်းအောင် မပြောနိုင်တော့ပါချေ။ ထိုဆရာမသည် ဂူမုန်းကျုံးထက် အသက်အများကြီး ပိုကြီးနိုင်စရာရှိပြီး ယခုအခါ အနှစ်နှစ်ဆယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သဖြင့် သူမ၏ အလှတရားများမှာ သေချာပေါက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရပေမည်။
သူမ ဂူမုန်းကျုံးနှင့် မတွေ့ဆုံခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဂူမုန်းကျုံးသည် ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ယခုမျှအခြေအနေအထိ အသည်းအသန် ချစ်မြတ်နိုးနေလိမ့်မည်ဟု မမည်သူမျှ မထင်မှတ်ထားခဲ့ကြပါချေ။ သူ သဘောကျရသူထံမှ ရရှိခဲ့သည့် ထိုတုံ့ပြန်မှုတစ်ခုတည်းကပင် သူ၏ နှလုံးသားကို ကြေမွသွားစေခဲ့ပြီး သူ့ကို ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားစေခဲ့ခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် ၎င်းက ဂူမုန်းကျုံး၏ ပုဂ္ဂလိက ကိစ္စရပ်တစ်ခု ဖြစ်၏။ သူ၏ စိတ်ပျက်အားလျော့မှုများ ရှိနေလင့်ကစား သူ၏ ခံစားချက်များကို ထုတ်ဖော်ပြသရန် အခြားနေရာ မရှိခဲ့ပါချေ။ အချိန်ကိုက်၊ နေရာကိုက် ရောက်ရှိလာခဲ့သော လင်းကျင်းအား ဤဖြစ်ရပ်ကို ထုတ်ဖော်ပြောဆိုမိခြင်းက တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။
ကျောက်စိမ်းနဂါးနိုင်ငံ၏ နံပါတ်တစ် ပန်းချီဆရာကြီး ဖြစ်သော ဆရာကြီးဂူသည် သူ၏ အချစ်ရေးတွင် ဤကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင်နေရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိပါမည်နည်း။
သေချာတာပေါ့... လင်းကျင်း ထုတ်ဖော်မပြောခဲ့သည့် အခြားသောအချက်တစ်ခုလည်း ရှိနေသေးသည်။
‘သူမက ခင်ဗျားကို တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းပယ်ခဲ့တာ... သူမက ခင်ဗျားအပေါ်မှာ လုံးဝ စိတ်မဝင်စားဘူးဆိုတာ ထင်ရှားနေတာပဲ... ဘာဖြစ်လို့ ခင်ဗျား သူမအပေါ် လက်မလျှော့နိုင်သေးတာလဲ’
လင်းကျင်း ကူးပြောင်းလာခဲ့သော ကမ္ဘာမြေတွင်တော့ ဂူမုန်းကျုံး၏ အပြုအမူနှင့် အကိုက်ညီဆုံးသော အသုံးအနှုန်းတစ်ခု ရှိခဲ့ဖူးသည်။ ထိုစာလုံးက ဘာလဲ... ဆင့် (Simp) ဆိုတာလား။
သေချာတာပေါ့... လင်းကျင်းက ၎င်းကို အပြင်ထုတ်၍ မပြောဝံ့ပါချေ။
ဆရာကြီးဂူက လင်းကျင်းထံတွင် သူ၏ နှလုံးသားရေးရာများကို ဆက်လက်၍ ဖွင့်ဟနေခဲ့ပြန်သည်။
“သူမရဲ့ အလှတရားတွေ ပျောက်ကွယ်သွားတာကို ငါ ဂရုမစိုက်ဘူး... ငါ့အတွက်တော့ သူမက ငါ ပထမဆုံး တွေ့ခဲ့ရတဲ့ နေ့ကလိုပဲ အမြဲတမ်း လှနေဆဲဖြစ်ပြီး အဲဒီအချက်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”
ဆရာကြီးဂူက ပြောလိုက်၏။
လင်းကျင်းက ခေါင်းခါပြလိုက်သည်။ သေချာတာပေါ့... ဆရာကြီးဂူသည် လင်းကျင်း၏ ဤအမူအရာကို မြင်သောအခါ လင်းကျင်းက သူ၏ ခံစားချက်များကို သံသယဝင်နေသည်ဟု ထင်မှတ်သွားခဲ့ရ၏။
“ညီလေးလင်း... မင်း ငါ့ကို မယုံဘူးလား... ကောင်းပြီလေ... ငါ မင်းကို ပြမယ်”
ထိုသို့ ပြောပြီးနောက် ဆရာကြီးဂူသည် သူ၏ ဘေးနားရှိ အိတ်ထဲမှ ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုပန်းချီကားကို သစ်သားသေတ္တာတစ်ခုအတွင်း သေသေချာချာ ထည့်သွင်းကာကွယ်ထားခဲ့ပြီး ဆရာကြီးဂူသည် သူ၏ စွန့်စားခန်းခရီးစဉ်တစ်လျှောက်လုံးတွင် ၎င်းကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သဖြင့် သူ ဤပန်းချီကားကို မည်မျှအထိ တန်ဖိုးထားကြောင်း ထင်ရှားပေသည်။
ပန်းချီကားကို ဖြန့်ခင်းလိုက်သောအခါ အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကားတစ်ချပ် ထွက်ပေါ်လာခဲ့၏။
လင်းကျင်းသည် ကျော်ကြားလှသော ပန်းချီဆရာများ၏ ပန်းချီကားများစွာကို မြင်တွေ့ဖူးသော်လည်း ဤပန်းချီကားကတော့ သူ့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့ရသည်။ ကလောင်ချက်များမှာ အပြစ်ပြောစရာမရှိအောင် ပြောင်မြောက်လှပြီး အမျိုးသမီး၏ မျက်နှာအမူအရာမှာလည်း အသက်ဝင်လွန်းသဖြင့် သူမသည် အမှန်တကယ် အသက်ရှင်နေသကဲ့သို့ပင် ဖြစ်နေခဲ့ရ၏။
ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးသည် စမ်းချောင်းဘေးရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်လျက် သူမ၏ ဆံပင်များကို ဖြီးသင်နေခဲ့သည်။ ထိုပန်းချီကားကို အချိန်အကြာကြီး စိုက်ကြည့်နေမည်ဆိုပါက ကြည့်မိသူ၏ ဝိညာဉ်မှာ ပန်းချီကားအတွင်းသို့ စုပ်ယူခြင်း ခံရပေလိမ့်မည်။
သူမကို တည့်တည့်စိုက်ကြည့်ခြင်းအားဖြင့် ဤပန်းချီကားက အလွယ်တကူ ဆွဲဆောင်သွားနိုင်စရာ ရှိပေသည်။ သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍မူ သူမ၏ အလှတရားက တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်စရာ ရှိပေသည်။ ရှန်းအာနှင့် နှိုင်းယှဉ်လျှင်ပင် ပန်းချီကားထဲက အမျိုးသမီးက ပိုမို၍ သာလွန်နေခဲ့ရ၏။
သေချာတာပေါ့... လက်တွေ့လောကတွင်တော့ ထိုသို့ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ဆရာကြီးဂူသည် ဤပန်းချီကားကို ဖန်တီးခဲ့စဉ်က အချို့သော ချို့ယွင်းချက်များကို တမင်သက်သက် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
အဆုံးတွင်တော့ အလှအပဆိုသည်က ကြည့်ရှုသူ၏ မျက်စိထဲတွင်သာ ရှိသည် မဟုတ်ပါလော။
“ငါ သူမရဲ့ ရုပ်ရည်ကို ဂရုမစိုက်ဘူး... သူမက ငါ့ရဲ့ ဆရာမဖြစ်သလို သူမရဲ့ ပန်းချီပညာကလည်း အံ့ဩစရာကောင်းလောက်အောင် ပြောင်မြောက်တာ... ငါ့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင်တောင် သူမရဲ့ ရှေ့မှာ ငါက အရောင်မှိန်သွားရတယ်”
ဂူမုန်းကျုံးက ထပ်လောင်းပြောဆိုလိုက်တော့သည်။