အခန်း (၄၅၇-၄၅၈)
Vol. 23 Ch. 457-458
အခန်း ၄၅၇ - ထျန်းရွှမ်နိုင်ငံ သားရဲအကဲဖြတ်မှူး ဌာနချုပ်
လင်းကျင်းက ဂူမုန်းကျုံးကို တားဆီးလိုက်ခြင်းက အံ့ဩစရာ ဖြစ်ခဲ့သည်။
နောက်ဆုံးမှာ ဂူမုန်းကျုံးမှာ ကြောင်အမ်းသွားခဲ့ရ၏။
“ညီလေးလင်း... ဒီလူတွေက လူတစ်ယောက်ကို လုယက်ဖို့ ကြိုးစားတာ မအောင်မြင်တော့မှ ထွက်ပြေးဖို့ လုပ်နေကြတာ ထင်ရှားနေတာပဲ... ငါတို့ သူတို့ကို ဒီအတိုင်း ဘယ်လိုလုပ် လွယ်လွယ်ကူကူ လွှတ်ပေးလိုက်လို့ ရမှာလဲ”
ဂူမုန်းကျုံးသည် မတရားမှုများနှင့် ကြုံတွေ့ရသည့် အခိုက်အတန့်တိုင်းတွင် ဝင်ရောက်စွက်ဖက်လေ့ ရှိသူ ဖြစ်သည်။ ၎င်းအပြင် ယခုအကြိမ်တွင် သူနှင့် လင်းကျင်းတို့ကိုယ်တိုင်က ခံရသူများ ဖြစ်နေခဲ့ကြ၏။ အကယ်၍ အခြားသော ခံရသူတွေအပေါ် သူတို့ရဲ့ ယုတ်မာတဲ့ နည်းလမ်းတွေကို ဆက်ပြီး အသုံးပြုနေကြမယ့် ဒီလူတွေကို သူ မတားဆီးဘူးဆိုရင် ဒီလောကမှာ တရားမျှတမှုဆိုတာ ကျန်ရှိပါဦးမလား။
လင်းကျင်းက ဂူမုန်းကျုံးကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“ဒီနေရာက တောရိုင်းမြေ မဟုတ်ဘူး... ပြီးတော့ စောစောကလူက အတော်လေး ဖျတ်လတ်တယ်... သူက ဆရာကြီးဂူရဲ့ မင်ရည်ဓားပြားကို လက်ဗလာနဲ့တင် အနောက်ကို ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာဆိုတော့ သာမန်လူတော့ မဟုတ်ဘူး... ငါတို့ တကယ် တိုက်ခိုက်ကြမယ်ဆိုရင်လည်း သူ့ကို အနိုင်ယူနိုင်မယ်လို့ ငါ ယုံကြည်ချက်မရှိဘူး... သူတို့ နေ့ခင်းကြောင်တောင်မှာ ဒီလိုမျိုး ပြုမူရဲတဲ့ သတ္တိရှိနေတာကို ကြည့်ရင် သူတို့ရဲ့ နောက်ကွယ်မှာ ခိုင်မာတဲ့ အသိုင်းအဝိုင်း ရှိနေတာကို သက်သေပြနေတာပဲ... ငါတို့ ပြဿနာ ရှာသလိုမျိုး ဖြစ်သွားနိုင်တယ်”
ဂူမုန်းကျုံးသည် ထိုဖြစ်နိုင်ချေကို တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။
အမှန်အတိုင်း ပြောရလျှင် လင်းကျင်း၏ စကားများက အဓိပ္ပာယ် ရှိလှပေသည်။ ဂူမုန်းကျုံးက အသက်အရွယ် ပိုမိုကြီးရင့်သူ ဖြစ်လင့်ကစား လင်းကျင်းကမူ ပြင်ပလောကနှင့် ပတ်သက်၍ ပိုမိုသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဂူမုန်းကျုံးက အချစ်ဇာတ်လမ်းများနှင့် ရဲစွမ်းသတ္တိများကို ဝါသနာပါသော ပညာရှိတစ်ဦးသာ ဖြစ်၏။ လင်းကျင်းကမူ ဘာမျှမရှိရာမှ စတင်ခဲ့ပြီး သူ၏ လက်နှစ်ဖက်ဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့သူ ဖြစ်သည်။ မရေတွက်နိုင်သော ရှုပ်ထွေးလှသည့် အခြေအနေများက သူ့ကို လက်တွေ့ကျကျ တွေးတောတတ်သူတစ်ဦး ဖြစ်လာအောင် ပြောင်းလဲပေးခဲ့ပြီ ဖြစ်၏။
သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်အပိုင်းတွင်မူ လင်းကျင်းသည် စွမ်းရည်ဖြစ်စေ၊ ဗျူဟာပိုင်းတွင်ဖြစ်စေ ဂူမုန်းကျုံးထက် အများကြီး သာလွန်လှပေသည်။
ဂူမုန်းကျုံးသည် သူ၏ ဒေါသများကိုသာ မျိုသိပ်လိုက်ရတော့၏။
သို့သော်လည်း သူ မသိရှိခဲ့သည်မှာ လင်းကျင်းသည် ဤကိစ္စကို ပြီးဆုံးသွားခဲ့ပြီဟု မသတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့၏ ရန်သူများက နိုင်ငံခြားသားများကို လိမ်လည်လှည့်ဖြတ်ပြီး အာဏာအလွဲသုံးစားလုပ်တတ်သည့် ဒေသခံ လူမိုက်များသာ ဖြစ်မည်ဆိုပါက လင်းကျင်းအနေဖြင့် သူတို့ကို အရေးယူရန် စိတ်ဝင်စားလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း အကယ်၍ သူတို့သည် မိစ္ဆာသားရဲအကဲဖြတ်မှူးအသင်း၏ အထောက်အပံ့ကို ရရှိထားကြခြင်း ဖြစ်မည်ဆိုပါက ဇာတ်လမ်းက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျူရိပ်မြို့က ချောင်မိသားစုကြောင့် လင်းကျင်းသည် မိစ္ဆာသားရဲအကဲဖြတ်မှူးအသင်းနှင့် ရန်သူ ဖြစ်ခဲ့ရပြီ ဖြစ်၏။ ၎င်းအပြင် မိစ္ဆာသားရဲ အကဲဖြတ်မှူးများသည် အခြားလူများကို အသုံးချ၍ သူတို့၏ ယုတ်မာသော အလုပ်များကို လုပ်ဆောင်ခိုင်းတတ်သည့် ရာဇဝင် ရှိကြသည်။ ၎င်းကို ရှန်းအာနှင့် မျောက်ဖြူတို့ကို ကိုင်တွယ်ရန်အတွက် ဒါလော့ကျောင်းတော်မှ အဆင့်မြင့် ဘုန်းတော်ကြီးများကို အသုံးချခဲ့သည့် အချက်တွင် မြင်တွေ့နိုင်ပေသည်။ ထိုနှစ်ကောင်စလုံးမှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
လင်းကျင်း သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
ဤဒေသခံ လူမိုက်များ ယခုလေးတင် အသုံးပြုခဲ့ကြသော သွေးသစ္စာဖြတ်တောက်ခြင်း သားရဲအဆောင်လက်ဖွဲ့သည် မိစ္ဆာသားရဲအကဲဖြတ်မှူးအသင်းက ပိုင်ဆိုင်ထားနိုင်စရာရှိသော ပစ္စည်းတစ်ခုနှင့် ဆင်တူလှပေသည်။ သို့မဟုတ် ၎င်းက မိစ္ဆာသားရဲအကဲဖြတ်မှူးအသင်းသာလျှင် ဖန်တီးနိုင်စရာရှိသော ပစ္စည်းတစ်ခု ဖြစ်ရပေမည်။ အနည်းဆုံးတော့ ၎င်းက လင်းကျင်း တွေးတောလိုက်မိသည့် အချက် ဖြစ်၏။
ထိုအခိုက်အတန့်တွင်ပင် လင်းကျင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူသည် ငါးကြီးကြီးဖမ်းရန်အတွက် ငါးမျှားကြိုးကို အရှည်ကြီး ပစ်လွှတ်မည် ဖြစ်၏။
ပြီးခဲ့သည့်အကြိမ်တုန်းက သူသည် မှောင်မိုက်သော နေရာတွင် ပုန်းအောင်းနေခဲ့သည့် သူ၏ ရန်သူနှင့် နှိုင်းယှဉ်လျှင် ထင်ရှားလှသော ပစ်မှတ်တစ်ခု ဖြစ်ခဲ့ရသည်။ ယခုအကြိမ်တွင်မူ အခြေအနေများက ပြောင်းပြန် ဖြစ်နေခဲ့ပြီ ဖြစ်၏။
ထိုမိန်းမဆန်သော သူဌေးသားလေးသည် သေချာပေါက် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။ အကယ်၍ လင်းကျင်းအနေဖြင့် သူ၏ သားရဲစွမ်းအားကို အသုံးမပြုဘဲ တိုက်ခိုက်မည်ဆိုပါက သူ နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် လင်းကျင်းသည် စောစောက သူ၏ စိတ်အာရုံ ထည့်သွင်းထားသည့် ငွေအပ်တစ်ချောင်းကို ပစ်လွှတ်လိုက်ပြီး ကတုံးနှင့်လူကို စိုက်ထူထားခဲ့ခြင်း ဖြစ်သည်။ ထိုလူက အခြေခံလူတန်းစားတစ်ယောက် မဟုတ်ပုံရသဖြင့် သူတို့အဖွဲ့တွင် ရာထူးတစ်ခုခု ရှိနေရပေမည်။ သူ့ကို လင်းကျင်းအတွက် အကောင်းဆုံး ပစ်မှတ် ဖြစ်စေခဲ့သည့် အချက်မှာ သူက သိပ်ပြီး မသန်မာခြင်းကြောင့်ပင် ဖြစ်၏။
၎င်းက လင်းကျင်း၏ အစီအစဉ် ဖြစ်သည်။
ထိုကတုံးနှင့်လူကို ငါးစာအဖြစ် အသုံးပြုပြီး လင်းကျင်းသည် ဤပြဿနာရှိသော လူများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သလို အချိန်တန်လျှင် သူတို့သည် မိစ္ဆာသားရဲအကဲဖြတ်မှူးအသင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
သေချာတာပေါ့... အခုကတော့ အချိန်ကောင်း မဟုတ်သေးချေ။
ဂူမုန်းကျုံး စိတ်ပျက်နေပုံရသည်မှာ တရားမျှတမှုအတွက် တိုက်ခိုက်ခြင်းမှ တားဆီးခြင်း ခံလိုက်ရသောကြောင့် ဖြစ်ရပေမည်။ လင်းကျင်းက သူ့ကို အကြံပြုစကား အနည်းငယ် ပြောကြားပြီးနောက်မှသာ ဂူမုန်းကျုံးသည် တဖြည်းဖြတ်ချင်းပင် စိတ်လျှော့လိုက်တော့၏။
“မင်းပြောတာ အမှန်ပဲ ညီလေးလင်း... ဒီလောကထဲက တချို့သောအရာတွေက သိပ်ကို ရှုပ်ထွေးလွန်းတယ်... ‘လောကထဲ ရောက်ရင် လိုက်လျောညီထွေ နေတတ်ဖို့ သင်ယူရမယ်’ ဆိုတဲ့ စကားပုံကို အခုမှ ငါ နားလည်တော့တယ်”
ဂူမုန်းကျုံးက မချိတင်ကဲ ရေရွတ်လိုက်မိသည်။
ခဏမျှ တွေးတောပြီးနောက် လင်းကျင်းက ဂူမုန်းကျုံးကို ထိတ်လန့်သွားစေမည့် စကားတစ်ခွန်း ပြောလိုက်၏။
“ဒါပေမဲ့ ငါတို့မှာ အကြွင်းမဲ့ စွမ်းအား ရှိနေမယ်ဆိုရင်တော့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို အားစိုက်ထုတ်စရာမလိုဘဲ ပြောင်းလဲပစ်နိုင်တာပဲ”
ဂူမုန်းကျုံးသည် လင်းကျင်း၏ စကားကို အဓိပ္ပာယ် နားလည်နိုင်ရန်အတွက် ခေတ္တမျှ တွေးတောလိုက်ရသည်။
“ညီလေးလင်း... ငါ တကယ်ပဲ မင်းကို မယှဉ်နိုင်ပါဘူး”
ထျန်းရွှမ်မြို့သည် အလွန်ပင် ကြီးမားလှပေသည်။ ထိုမသိသာသော အဆင်မပြေမှုလေးမှလွဲ၍ သူတို့၏ ကျန်ရှိသော ခရီးစဉ်တစ်ခုလုံးမှာ ချောမွေ့နေခဲ့၏။ ထျန်းရွှမ်မြို့ကို ကွဲပြားသော နေရာများအဖြစ် ပိုင်းခြားထားပြီး အများပြည်သူ ဆိုင်ရာ စည်းကမ်းချက်များမှာလည်း နေရာတိုင်းတွင် ကွဲပြားလှပေသည်။
၎င်းက သူ၏ ကမ္ဘာဟောင်းက ရထားလမ်းကြောင်းတစ်လျှောက်ရှိ ကွဲပြားသော ခရိုင်များနှင့် ဆင်တူလှ၏။
ခြုံငုံပြောရလျှင် ထျန်းရွှမ်မြို့သည် ခန့်ညားလှပေသည်။ ရံဖန်ရံခါတွင် ရုန်းရင်းဆန်ခတ်မှုများ ရှိနိုင်သော်လည်း ၎င်းတို့မှာ မြို့၏ အချို့သော အစိတ်အပိုင်းများတွင်သာ သီးသန့် ဖြစ်ပွားလေ့ ရှိကြခြင်း ဖြစ်၏။
လင်းကျင်းသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ရာ ဘယ်ကို သွားရမှန်းမသိ ဖြစ်နေခဲ့သည်။ ဂူမုန်းကျုံးအတွက်မူ ၎င်းက ထျန်းရွှမ်မြို့သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပြီး သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ် ဘယ်နေရာမှာ ရှိသလဲဆိုသည်ကို သူက အမှတ်မထင် သိရှိနေခဲ့ခြင်း ဖြစ်၏။ သူက လင်းကျင်းကို သူတို့ သွားရမည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သောအခါ လင်းကျင်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ရတော့သည်။
ဤနေရာရှိ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ်မှာ ကိုယ်ပိုင်မြို့ငယ်လေးတစ်မြို့ကဲ့သို့ပင် ဖြစ်နေခဲ့၏။
“ရှေ့ဘက်မှာ ရှိတာက သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ်ပဲ... မြို့တံခါးက ဟောင်းနွမ်းပြီး မထင်မရှား ဖြစ်နေနိုင်ပေမဲ့ ဒါက စည်းလုံးညီညွှတ်ခြင်း တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ သားရဲအကဲဖြတ်မှူးတွေအတွက် မြင့်မြတ်တဲ့ မြေပြင်ပဲ... အထဲမှာ အဆင့် ၁ နဲ့ အဆင့် ၂ သားရဲအကဲဖြတ်မှူးတွေ မရေတွက်နိုင်အောင် ရှိပြီး အဆင့် ၃ သားရဲအကဲဖြတ်မှူးတွေလည်း ရာနဲ့ချီ ရှိတယ်... သူတို့မှာ အဆင့် ၄ သားရဲအကဲဖြတ်မှူး ဒါဇင်ချီ ရှိကြတာ... ကောလာဟလတွေအရတော့ အထဲမှာ လှည့်လည်သွားလာနေတဲ့ အဆင့် ၅ သားရဲအကဲဖြတ်မှူးတစ်ယောက်တောင် ရှိသေးတယ်”
ဂူမုန်းကျုံးက ထိုနေရာနှင့် ပတ်သက်၍ သူ သိရှိထားသမျှကို ထုတ်ဖော်ပြောဆိုလိုက်သည်။
လင်းကျင်းသည် သူ မရောက်ရှိမီကတည်းက ဤကဲ့သို့သော ကောလာဟလများကို ကြားသိဖူးခဲ့ခြင်း ဖြစ်၏။ အကဲဖြတ်မှူး တန်ရွှန်းနှင့် အခြားလူများသည်လည်း အကယ်၍ သူ ဤနေရာသို့ လာရောက်မည်ဆိုပါက စွမ်းအားအောင်းကာ လူမသိအောင် နေထိုင်ရန် သူ့ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသည်။ အဆုံးတွင်တော့ ဤနေရာက ကျောက်စိမ်းနဂါးမြို့ မဟုတ်ဘဲ ပုန်းအောင်းနေကြသော ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု မဟုတ်ပါလော။
“ဒီလမ်းရဲ့ အဆုံးမှာ တောအုပ်တစ်ခုကို မြင်ရတာနဲ့ စည်းလုံးညီညွှတ်ခြင်း တိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားလှတဲ့ ထျန်းရွှမ် အကယ်ဒမီကျောင်းကို ရောက်လိမ့်မယ်... အသင်းချုပ်က ထိပ်တန်းအဆင့် အကဲဖြတ်မှူး အများအပြားက သာမန်ရက်တွေမှာ အကယ်ဒမီကျောင်းမှာ ကထိကတွေအဖြစ် အလုပ်လုပ်ကြတယ်လို့ ငါ ကြားဖူးတယ်”
ဂူမုန်းကျုံးက သူ သိရှိထားသော ကျန်ရှိသည့် အချက်အလက်များကို ရှာဖွေပြောဆိုလိုက်၏။
သူတို့ ဌာနချုပ်နှင့် ပိုမိုနီးကပ်လာသောအခါ ဝင်းအတွင်းရှိ တစ်ဖက်တွင် ကုသရေး အခန်းများ ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။ အမှန်အတိုင်း ပြောရလျှင် ဤမျှအထိ ကြီးမားကျယ်ပြန့်သော မြေကွက်ကို ပိုင်ဆိုင်ထားခြင်းက အကျိုးကျေးဇူး ရှိလှပေသည်။ ဌာနခွဲအားလုံးကို သီးသန့် ခွဲထုတ်ထားနိုင်စရာ ရှိပြီး ဤအကဲဖြတ်မှူးများသည် သူတို့၏ အလုပ်များကို လုပ်ဆောင်ရန်အတွက် လုံလောက်သော နေရာလွတ်များကို ပိုင်ဆိုင်ထားကြ၏။ ၎င်းက သေးငယ်လှသော မေပယ်မြို့ရှိ သားရဲအကဲဖြတ်မှူး အသင်းချုပ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ရသည်။ ထိုနေရာတွင်မူ ဆွေးနွေးတိုင်ပင်ရာ ခန်းမများနှင့် အဓိက အကဲဖြတ်ရာ ခန်းမတို့ကို ဝင်းတစ်ခုတည်းအတွင်းမှာပင် စုပြုံထည့်သွင်းထားရခြင်း ဖြစ်၏။ သူတို့၏ ဝင်းကို မတူညီသော ဌာနများအကြား ခွဲခြားထားလင့်ကစား ထျန်းရွှမ်နိုင်ငံ၏ သားရဲအကဲဖြတ်မှူး အသင်းချုပ်နှင့် နှိုင်းယှဉ်လျှင်တော့ ပြောပလောက်အောင် တန်ဖိုးမရှိပါချေ။
ဤနေရာရှိ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ်၏ မြို့တံခါးများမှာ အမှန်တကယ်ပင် မထင်မရှား ဖြစ်နေခဲ့သည်။ ၎င်းက ဂျောက်စိမ်းနဂါးနိုင်ငံ ဌာနချုပ်၏ မြို့တံခါးများနှင့် နှိုင်းယှဉ်လျှင်ပင် မှေးမှိန်နေနိုင်စရာ ရှိ၏။ သို့သော်လည်း ရှေးဟောင်းသစ်ပင်ကြီးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်စရာ ရှိပြီး ဤနေရာရှိ အုပ်ခဲ၊ အမိုးပြား၊ ကျောက်တုံးနှင့် ပျဉ်ပြားတိုင်းက ဤဌာနချုပ်၏ ကြွယ်ဝလှသော သမိုင်းကြောင်းကို သက်သေပြနေခဲ့ကြသည်။
ဤနေရာက အနည်းဆုံး ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ရပေမည်။
မြို့တံခါးဝတွင် ကင်းစောင့်များ ရှိနေခဲ့၏။ လင်းကျင်းတွင် အကဲဖြတ်မှူး တန်ရွှင်း၏ ထောက်ခံစာ ရှိနေခဲ့သဖြင့် သူ ဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း ဂူမုန်းကျုံးကတော့ ရှေ့ဆက်သွားခွင့် မရရှိခဲ့ပါချေ။
“ရပါတယ်... ငါ အပြင်ကနေပဲ စောင့်နေပါ့မယ်... အရင်တုန်းက ငါ ဒီနေရာကို သေသေချာချာ မလေ့လာနိုင်ခဲ့ဘူး... အပြင်က ရှုခင်းတွေက တကယ့်ကို လှပတာဆိုတော့ ငါ လမ်းလျှောက်ထွက်လိုက်ဦးမယ်”
ဂူမုန်းကျုံးက ပြောဆိုလိုက်သည်။
လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။ သူသည် စီနီယာမော့ကိုလည်း အပြင်ကနေ စောင့်ဆိုင်းနေရန် ညွှန်ကြားလိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် ဤနေရာက ထျန်းရွှမ်နိုင်ငံ၏ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ် ဖြစ်သည်။ အဆင့် ၃ နှင့် အဆင့် ၄ သားရဲအကဲဖြတ်မှူးများမှာ နေရာတိုင်းတွင် ရှိနေကြသဖြင့် စီနီယာမော့အနေဖြင့် ဝင်းအတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် မိစ္ဆာသတ္တဝါတစ်ကောင်အဖြစ် မှတ်မိသွားကြပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးက သူသည် မိစ္ဆာသတ္တဝါတစ်ကောင် ဖြစ်နေသည့်အချက်အပေါ်တွင် အခွင့်ကောင်းယူ၍ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ဆောင်မည်ဆိုပါက ပြဿနာ ရှိလာနိုင်စရာ ရှိ၏။ လင်းကျင်းအတွက်မူ ပြဿနာ နည်းလေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။
လင်းကျင်း တစ်ဦးတည်း ဝင်ရောက်ခဲ့၏။
သူသည် သူ၏ လက်အင်္ကျီပေါ်က သားရဲပုံစံ ကွင်းသုံးကွင်းကိုလည်း ထုတ်ပြလိုက်သည်။ လမ်းပြရန် တာဝန်ပေးခြင်း ခံထားရသော အဆင့် ၂ သားရဲအကဲဖြတ်မှူးသည် လင်းကျင်း၏ လက်အင်္ကျီကို မြင်လိုက်ရသောအခါ ရိုသေသော မျက်နှာပေးကို ဖော်ပြလိုက်တော့၏။
ဧည့်ခန်းမတစ်ခုသို့ ရောက်ရှိပြီးနောက် လင်းကျင်းကို ခေတ္တမျှ စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။ သူ့ကို ထုံးစံအတိုင်း လက်ဖက်ရည်နှင့် မုန့်အချို့ကိုလည်း တည်ခင်းပေးခဲ့၏။
သူ နောက်ထပ် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ စောင့်ဆိုင်းရန်သာ ဖြစ်တော့သည်။
လင်းကျင်း မျှော်လင့်မထားခဲ့သည့် အချက်မှာ သူသည် နှစ်နာရီခန့်အထိ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်၏။
သူ စိတ်မရှည် ဖြစ်လာခါနီး အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင် နောက်ဆုံးတွင်တော့ အပြင်ဘက်မှနေ၍ ခြေသံများကို ကြားလိုက်ရတော့သည်။
“ဟားဟား... ဒီနေ့ လုပ်စရာတွေ သိပ်ကို များနေတာမို့ အချိန်မီ မလာနိုင်ခဲ့ဘူး... မင်းကို စောင့်ခိုင်းမိတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး အကဲဖြတ်မှူးလင်း”
ထိုအသံနှင့်အတူ သက်လတ်ပိုင်း သားရဲအကဲဖြတ်မှူးတစ်ဦး အခန်းအတွင်းသို့ ခြေလှမ်းလှမ်း ဝင်ရောက်လာခဲ့သည်။
သူ၏ လက်အင်္ကျီပေါ်တွင်လည်း သားရဲပုံစံ ကွင်းသုံးကွင်း ရှိနေခဲ့၏။
အခန်း ၄၅၈ - လီရှင်းချီ
လင်းကျင်းက လူတွေအပေါ် အပြစ်ရှာတတ်တဲ့ လူစားမျိုး မဟုတ်ချေ။ ၎င်းအပြင် ဒီနေရာက ထျန်းရွှမ်နိုင်ငံရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ် ဖြစ်တာမို့ သူတို့ရဲ့ အကဲဖြတ်မှူးတွေ အချိန်နဲ့အမျှ အလုပ်ရှုပ်နေကြတာက ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ပိုပြီး စောင့်ဆိုင်းရခြင်းက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါချေ။
“ငါက ကျန်ထျန်းဟယ်... ထျန်းရွှမ်နိုင်ငံရဲ့ အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်ပြီး အကဲဖြတ်မှူး တန်ရွှင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်းဟောင်းတစ်ယောက်လည်း ဟုတ်တယ်”
ထိုသက်လတ်ပိုင်း သားရဲအကဲဖြတ်မှူးက ပျော်ပျော်ရွှင်ရွှင်ဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်၏။
လင်းကျင်းက သူ့ကို အလျင်အမြန်ပင် ဂါရဝပြုလိုက်သည်။
“ငါ အစ်ကိုတန်ရဲ့ စာကို လက်ခံရရှိပြီး ဖတ်ပြီးသွားပြီ... သူက မင်းအကြောင်းကို သိပ်ကို ချီးမွမ်းခန်းဖွင့်ထားတာ... ဒါပေမဲ့ အခု မင်းကို ကိုယ်တိုင်ကိုယ်ကျ ဆုံလိုက်ရတဲ့အခါကျမှ မင်းက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ လူရည်ချွန်တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းတွေ ရှိနေတာကို ငါ ဝန်ခံရလိမ့်မယ်”
အခန်းထဲ ဝင်လာပြီးနောက် ကျန်ထျန်းဟယ်သည် ရှေ့သို့ တိုးလာခဲ့ပြီး မိမိကိုယ်ကိုယ် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်၏။
သူသည် အလုပ်တွေ မအားမလပ်အောင် ဖြစ်နေခဲ့သဖြင့် ရေတစ်ခွက် သောက်ရန်ပင် အချိန်မရရှိခဲ့ကြောင်း ထင်ရှားလှပေသည်။
အံ့ဩစရာ ကောင်းလှသည်မှာ သူ၏ ဤကဲ့သို့သော ရိုးသားဖြောင့်မတ်သည့် အပြုအမူက လင်းကျင်းအပေါ် ကောင်းမွန်သော အထင်အမြင်ကို ရရှိစေခဲ့ခြင်း ဖြစ်၏။
“အကဲဖြတ်မှူးလင်း... ကျေးဇူးပြုပြီး ထိုင်ပါဦး... ငါတို့ အချိန်မဆွဲဘဲ အဓိက အကြောင်းအရာကိုပဲ ပြောကြစို့... အစ်ကိုတန်က ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပြီး သူက မင်းကို အဆင့် ၄ စစ်ဆေးမှုအတွက် ဒီကို ထောက်ခံပေးဖို့ ကျောက်စိမ်းနဂါးနိုင်ငံ ဌာနချုပ်ရဲ့ နာမည်ကို အသုံးပြုခဲ့တာဆိုတော့ မင်းရဲ့ ရည်မှန်းချက် အောင်မြင်အောင် ကူညီဖို့ ငါ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်... ဒါပေမဲ့ မင်း သိထားရမှာက အဆင့် ၄ စစ်ဆေးမှုက သိပ်ကို ခက်ခဲလွန်းပြီး အဲဒီလောက် မလွယ်ကူဘူး... ဒီနေ့တော့ ငါတို့မှာ အဲဒီအတွက် အချိန်ရှိမယ် မထင်ဘူး... အကဲဖြတ်မှူးလင်း... မနက်ဖြန် မနက်ကျမှ ပြန်လာခဲ့ပါ... ငါ မင်းကို စစ်ဆေးမှုကို ကြီးကြပ်မယ့် အဆင့် ၄ သားရဲအကဲဖြတ်မှူးတွေဆီ ထောက်ခံပေးမယ်... သူတို့ မင်းကို ဘယ်လို စစ်ဆေးမလဲဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်လိမ့်မယ်”
ကျန်းထျန်းဟယ်သည် သူ့ထံမှနေ၍ မည်သည့် အချက်အလက်ကိုမျှ ဖုံးကွယ်ရန် မကြိုးစားခဲ့ပါချေ၊ လင်းကျင်းအနေဖြင့်လည်း သူက စိတ်ရင်းမှန်ဖြင့် ကူညီရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ပြောနိုင်ပေရာ ကျန်းထျန်းဟယ်ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“အကဲဖြတ်မှူးကျန်း... ကျုပ် ဒီကို ရောက်တာ ပထမဆုံးအကြိမ်မို့... ကျုပ်ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် အရာများ ရှိမလား သိချင်မိတယ်”
လင်းကျင်းက မေးမြန်းလိုက်၏။
ကျန်းထျန်းဟယ်က အနည်းငယ် တွေးတောလိုက်ပြီးမှ ပြန်လည်ဖြေကြားခဲ့သည်။
“မင်း ပြင်ဆင်ထားရမယ့် အရာ ဘာမှမရှိပါဘူး... ငါ သိသလောက်ဆိုရင်တော့ အဆင့် ၄ သားရဲအကဲဖြတ်မှူးရဲ့ စစ်ဆေးမှုက သိပ်ကို တင်းကြပ်တယ်... အကဲဖြတ်မှူး ဆယ်ယောက်ပါတဲ့ စစ်ဆေးရေးအဖွဲ့ ရှိလိမ့်မယ်... စစ်ဆေးမှု အောင်မြင်ဖို့ဆိုရင် အဲဒီဒိုင်လူကြီး ဆယ်ယောက်လုံးရဲ့ သဘောတူညီမှုကို ရရှိဖို့ လိုမယ်... အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်ကပဲ ကန့်ကွက်မယ်ဆိုရင် မင်း ကျရှုံးရလိမ့်မယ်... ဒါပေမဲ့ အဲဒါက သဘာဝကျပါတယ်... ဘာဖြစ်လို့လဲဆိုတော့ အဆင့် ၄ ရာထူးတိုးမြှင့်ခြင်းဆိုတာ ပေါ့ပေါ့ဆဆ လုပ်ရမယ့် အရာမျိုး မဟုတ်လို့ပဲ”
လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။
၎င်းက အမှန်ပင် ဖြစ်သည်။ အဆင့် ၄ သားရဲအကဲဖြတ်မှူးများသည် အလွန်ပင် အစွမ်းထက်ကြပြီး ထျန်းရွှမ်နိုင်ငံ ဌာနချုပ်တွင်ပင် အဆင့် ၄ သားရဲအကဲဖြတ်မှူး နှစ်ဆယ်ထက်မပိုကြောင်း ပြောဆိုလေ့ ရှိကြသည်။
“ဒါနဲ့ အကဲဖြတ်မှူးလင်း... မင်း တည်းခိုမယ့်နေရာ ရှိပြီလား... အကယ်၍ မရှိသေးဘူးဆိုရင် ငါ စီစဉ်ပေးလို့ရတယ်”
ကျန်းထျန်းဟယ်သည် အသေးစိတ် ဂရုစိုက်တတ်သော အမျိုးသားတစ်ဦး ဖြစ်၏။ လင်းကျင်းသည် သူ တစ်ဦးတည်း ခရီးသွားနေခြင်း မဟုတ်ဘဲ ဘေးနားတွင် ဂူမုန်းကျုံးလည်း ရှိနေသေးကြောင်း သတိရလိုက်သဖြင့် ပြောလိုက်သည်။
“ကျုပ်နဲ့အတူ ထျန်းရွှမ်မြို့ကို လိုက်လာတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိသေးတယ်... တည်းခိုမယ့်နေရာကို ကျုပ်တို့ဘာသာပဲ ရှာလိုက်ပါ့မယ်”
ကျန်းထျန်းဟယ်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ”
ထိုသို့ ပြောပြီးနောက် သူက မတ်တပ်ရပ်လိုက်သည်။
“အကဲဖြတ်မှူးလင်း... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ငါ အခုပဲ ထွက်ခွာတော့မယ်... လုပ်စရာတွေ သိပ်ကို များလွန်းနေတာမို့ ငါ့ရဲ့ ရိုင်းပျမှုကို အကဲဖြတ်မှူးလင်းအနေနဲ့ ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လင်းကျင်းက ချက်ချင်းပင် ခေါင်းခါပြလိုက်၏။
“ဘယ်လိုဖြစ်လို့လဲ အကဲဖြတ်မှူးကျန်း”
ထို့နောက် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် အလျင်အမြန် ပြောလိုက်သည်။
“အော်... ကျုပ်ကို နောက်ထပ် မေးခွန်းတစ်ခုလောက် ဖြေပေးဖို့ စိတ်မရှိပါနဲ့ဦး... အကဲဖြတ်မှူး တန်ရွှင်းရဲ့ သမီးက ထျန်းရွှမ် အကယ်ဒမီမှာ ရှိနေတာမို့ သူမအတွက် သူပေးလိုက်တဲ့ စာတစ်စောင်ကို ကျုပ် ယူလာခဲ့တယ်... သူမဆီကို ဘယ်လိုမျိုး သွားပေးရမလဲ”
ကျန်းထျန်းဟယ်က ပြုံး၍ ပြန်လည်ဖြေကြားခဲ့သည်။
“မင်း အဲဒီဘက်ကို တိုက်ရိုက်သွားပြီး သူမကို ရှာလို့ရတယ်... အကယ်ဒမီကျောင်းက လာရောက်လည်ပတ်သူတွေအပေါ် အတော်လေး လျှော့ပေါ့ပေးထားတာ”
ထိုသို့ ပြောပြီးနောက် သူက လင်းကျင်းကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တော့၏။
ထိုလူသည် အမှန်တကယ်ပင် အလုပ်များနေပုံရသည်။
အဆင့် ၄ စစ်ဆေးမှုအတွက် သေချာသွားခဲ့ပြီဖြစ်ရာ လင်းကျင်းအနေဖြင့် ယခုအခါ စိတ်အေးလက်အေး ရှိသွားခဲ့ပြီ ဖြစ်၏။ အချိန်အများကြီး ကျန်ရှိနေသေးသဖြင့် သူသည် ထျန်းရွှမ် အကယ်ဒမီသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
အပြင်ဘက်သို့ ရောက်သောအခါ လင်းကျင်းသည် လုပ်ဖော်ကိုင်ဖက် သားရဲအကဲဖြတ်မှူးတစ်ဦးထံမှ လမ်းညွှန်မှုကို တောင်းခံခဲ့ရာ ဌာနချုပ်တွင် ထျန်းရွှမ် အကယ်ဒမီသို့ တိုက်ရိုက်ဦးတည်ထားသည့် လမ်းကြောင်းတစ်ခု ရှိနေကြောင်း သိရှိလိုက်ရ၏။ ပြင်ပမှနေ၍ ပတ်သွားရန် မလိုအပ်ပါချေ။
ဤလမ်းက ပိုမိုနီးကပ်လှသဖြင့် လင်းကျင်းသည် ဤလမ်းကြောင်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်ပင် သူသည် အကယ်ဒမီကျောင်း ရှိရာ အရပ်သို့ လျှောက်လှမ်းရင်း လမ်းတစ်လျှောက်တွင် လမ်းညွှန်မှုများကို မေးမြန်းခဲ့၏။ ဤလုပ်ငန်းစဉ်အတွင်း သူသည် ကြီးမားလှသော ဥယျာဉ်ကြီးတစ်ခုနှင့် မဏ္ဍပ်အဆောက်အအုံအချို့ကို ဖြတ်သန်းခဲ့ရသည်။ သူ သတိမထားမိခင်မှာပင် သူသည် ထျန်းရွှမ် အကယ်ဒမီအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ထိုနေရာတွင် သူသည် စာပေလေ့လာနေကြသော အဆင့် ၁ နှင့် အဆင့် ၂ သားရဲအကဲဖြတ်မှူး အများအပြားကို မြင်တွေ့လိုက်ရသည်။ စာပေလေ့လာလိုစိတ် ပြင်းပြနေကြသည့် အငွေ့အသက်က သူ့ကို ချက်ချင်းပင် လာရောက်ရိုက်ခတ်ခဲ့၏။ လင်းကျင်းသည် အကယ်ဒမီကျောင်းအတွင်းသို့ ဆက်လက်၍ လေ့လာခဲ့သည်။ သူ ဖြတ်သန်းသွားခဲ့သော ကျောင်းသားများအားလုံးသည် လင်းကျင်း၏ လက်အင်္ကျီပေါ်က ကွင်းသုံးကွင်းကို သတိပြုမိလိုက်ကြ၏။ အချို့မှာ ပထမတွင် ကြောင်အမ်းသွားခဲ့ကြသော်လည်း သူတို့အားလုံးကတော့ သူ့ကို ဂါရဝပြုခဲ့ကြသည်။
ဘာဖြစ်လို့လဲဆိုတော့ ထျန်းရွှမ် အကယ်ဒမီက ကျောင်းသားများအားလုံးသည် အဆင့် ၁ နှင့် အဆင့် ၂ သားရဲအကဲဖြတ်မှူးများ ဖြစ်ကြသဖြင့် အဆင့် ၃ ရှိသူ မည်သူမဆို သူတို့ကို ကထိကအဖြစ် သင်ကြားပြသပေးရန် ထိုက်တန်သောကြောင့် ဖြစ်၏။ လင်းကျင်းသည် ဆရာတစ်ဦး ဖြစ်လာနိုင်စရာရှိသဖြင့် သူတို့အနေဖြင့် သူ့ကို ဂါရဝပြုကြခြင်းက သဘာဝကျလှပေသည်။
လင်းကျင်းသည် ဂါရဝပြုခြင်းကို ခံရသည့် အခိုက်အတန့်တိုင်းတွင် ယဉ်ကျေးမှုအရ ပြန်လည်၍ အလေးပြုခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် သူသည် ပြဿနာတစ်ခုကို သတိပြုမိလိုက်၏။
ထျန်းရွှမ် အကယ်ဒမီသည် အလွန်ပင် ကြီးမားကျယ်ပြန့်လှပြီး ခန်းမများနှင့် လမ်းမြှောင်များစွာဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ လေ့လာစရာတွေ သိပ်ကို များပြားလှပြီး နေရာတိုင်းကလည်း ဆင်တူနေခဲ့သဖြင့် မကြာမီမှာပင် သူ လမ်းပျောက်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ရတော့သည်။
သို့သော်လည်း လင်းကျင်းကတော့ တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့၏။ သူသည် ကျောင်းသားအချို့ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသဖြင့် လင်းကျင်းက တန်လင်း ဘယ်နေရာမှာ ရှိသလဲဆိုသည်ကို မေးမြန်းရန်အတွက် သူတို့ကို လှမ်းခေါ်လိုက်သည်။
ဒီအကြောင်းကို ပြောရလျှင် လင်းကျင်းသည် ထျန်းရွှမ် အကယ်ဒမီနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးလွန်းသဖြင့် သက်ဆိုင်ရာ ဌာနများ ဘယ်နေရာမှာ တည်ရှိသလဲဆိုသည်ကို သူ မသေချာပါချေ၊ ထို့ကြောင့် တိုက်ရိုက်မေးမြန်းခြင်းက အများကြီး ပိုမိုလွယ်ကူလှပေသည်။
သို့သော်လည်း ဤနေရာရှိ လူတိုင်းက တန်လင်းက ဘယ်သူလဲဆိုသည်ကို မသိရှိကြကြောင်း ထင်ရှားလှပေသည်။ နောက်ထပ် လူအနည်းငယ်ကို ထပ်မံမေးမြန်းပြီးနောက်တွင်တော့ လင်းကျင်းသည် သူ ရှာဖွေနေသည့် အဖြေကို မရရှိဘဲ ထွက်ခွာလာခဲ့ရ၏။
သူသည် အမျိုးသမီးကျောင်းသူတစ်ဦးကို တန်လင်းအကြောင်း မေးမြန်းရန်အတွက် တားဆီးလိုက်သည့် အချိန်အထိ ထိုသို့ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုမိန်းကလေးသည် သူ ထိုနာမည်ကို ပြောဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရ၏။ ထို့နောက် သူမက ကြောက်ရွံ့ရိုသေစွာဖြင့် ပြောလိုက်သည်။
“ဆရာ... တန်လင်းကို ရှာနေတာလား... သူ... သူမက သားရဲအကဲဖြတ်ရာ မဏ္ဍပ်မှာ ရှိနေတာ”
ဤမိန်းကလေးက တန်လင်းက ဘယ်သူလဲဆိုသည်ကို သိရှိထားသဖြင့် လင်းကျင်းသည် ချက်ချင်းပင် ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏။
“ဒါဆို... အဲဒီ သားရဲအကဲဖြတ်ရာ မဏ္ဍပ်က ဘယ်နေရာမှာ ရှိသလဲဆိုတာ မင်း သိလား”
ထိုနေရာက ဘယ်မှာလဲဆိုသည်ကို သူ လုံးဝ မသိရှိကြောင်း သတိရလိုက်သဖြင့် လင်းကျင်းက ရှက်ကိုးရှက်ကန်းဖြင့် ထပ်မံမေးမြန်းလိုက်သည်။
ထိုအမျိုးသမီးကျောင်းသူသည် လင်းကျင်း၏ ရုပ်သွင်ကို သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် သူ့ကို ပြန်လည်မေးမြန်းလိုက်၏။
“ဆရာက ဒီအကယ်ဒမီကျောင်းက ဆရာတစ်ယောက် မဟုတ်ဘူးလား”
အကယ်၍ သူသာ ကထိကတစ်ဦး ဖြစ်မည်ဆိုပါက သားရဲအကဲဖြတ်ရာ မဏ္ဍပ် ဘယ်နေရာမှာ ရှိသလဲဆိုသည်ကို မသိဘဲ နေနိုင်စရာ မရှိပါချေ။
လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။
“ငါက တန်လင်းရဲ့ ဇာတိမြေက သူငယ်ချင်းကောင်းတစ်ယောက်ပါ... သူမအတွက် အိမ်ကပေးလိုက်တဲ့ စာတစ်စောင် လာပေးတာ”
ထိုအမျိုးသမီးကျောင်းသူက မိမိကိုယ်ကိုယ် တိုးတိုးရေရွတ်လိုက်၏။
“ဇာတိမြေက သူငယ်ချင်း၊ အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်ပြီး သိပ်ကို ငယ်ရွယ်တာပဲ... အော်... ကျွန်မ သိပြီ... ဆရာက အကဲဖြတ်မှူးလင်း ဖြစ်ရမယ် မဟုတ်လား”
သူမ ဤနောက်ဆုံး မေးခွန်းကို မေးမြန်းလိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် အရောင်အဝါတစ်ခု တောက်ပသွားခဲ့ရသည်။
လင်းကျင်း အမှန်အကန်ပင် အံ့အားသင့်သွားခဲ့ရ၏။
သူမ၏ နာမည်မှာ လီရှင်းချီ ဖြစ်ပြီး သူမက တန်လင်း၏ အဆောင်နေဖက် သူငယ်ချင်းတစ်ဦး ဖြစ်ကြောင်း သူ နောက်ပိုင်းတွင် သိရှိလိုက်ရသည်။ သူတို့ စကားပြောကြစဉ်တုန်းက တန်လင်းသည် လင်းကျင်းအကြောင်းကို ပြောပြဖူးခဲ့ခြင်း ဖြစ်၏။
“တန်လင်းက အကဲဖြတ်မှူးလင်းကို သိပ်ကို လေးစားအားကျတာ... ပထမတော့ ဒီလောက် ငယ်ရွယ်တဲ့ အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ယောက် ရှိလိမ့်မယ်လို့ ကျွန်မ မယုံခဲ့ဘူး... ဒါပေမဲ့ အခု ဆရာ့ကို ဒီမှာ မြင်လိုက်ရတော့ သူမက လိမ်ပြောနေခဲ့တာ မဟုတ်ဘူးပဲ”
လင်းကျင်း၏ မျက်နှာကို စစ်ဆေးပြီးနောက် လီရှင်းချီက တွေးတောလိုက်မိသည်။
‘ဒီအကဲဖြတ်မှူးလင်းက ငါ့ရဲ့ အသက်အရွယ်လောက်ပဲ ရှိဦးမှာ’
အကယ်၍ လင်းကျင်းသည် သူမနှင့် အသက်အတိအကျ တူညီနေကြောင်း သူမ သိရှိသွားခဲ့မည်ဆိုပါက သူမ သေချာပေါက် စိတ်ဓာတ်ကျသွားခဲ့ရပေလိမ့်မည်။
“အကဲဖြတ်မှူးလင်းက သားရဲအကဲဖြတ်ရာ မဏ္ဍပ် ဘယ်နေရာမှာ ရှိသလဲဆိုတာ မသိဘူးဆိုတော့ ကျွန်မရှင့်ကို အဲဒီကို ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်”
လီရှင်းချီသည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီးနောက် အများကြီး ပိုမို၍ စိတ်အားထက်သန်လာခဲ့၏။ သေချာတာပေါ့... လင်းကျင်းကတော့ သူမ၏ ကူညီမှုကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထိုအချိန်မှသာ လင်းကျင်းသည် တန်လင်းကဲ့သို့ပင် လီရှင်းချီသည်လည်း အဆင့် ၂ သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်နေကြောင်း သတိပြုမိလိုက်ရတော့သည်။
လင်းကျင်း ဤတွေ့ရှိမှုကြောင့် အံ့အားသင့်သွားခဲ့ရ၏။
ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ ထျန်းရွှမ် အကယ်ဒမီတွင် သက်လတ်ပိုင်း ကျောင်းသားအချို့ ရှိနေခဲ့လင့်ကစား ၎င်းတို့ထဲမှ အများစုမှာ ငယ်ရွယ်ကြပြီး သူ၏ အသက်အရွယ်လောက်သာ ရှိကြခြင်း ဖြစ်သည်။
၎င်းက ဘာကို ဆိုလိုတာလဲ။
ကျောက်စိမ်းနဂါးနိုင်ငံရှိ အဆင့် ၂ သားရဲအကဲဖြတ်မှူး အများစုမှာ သူတို့၏ အသက်သုံးဆယ်မှ ငါးဆယ်ကြားတွင် ရှိကြခြင်း ဖြစ်၏။ ဤနေရာရှိ အကဲဖြတ်မှူးများ၏ ပျမ်းမျှအသက်အရွယ်ကို ကြည့်ခြင်းအားဖြင့် စည်းလုံးညီညွှတ်ခြင်း တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းလူရည်ချွန်တွေ အားလုံးက ထျန်းရွှမ် အကယ်ဒမီမှာ စုပြုံနေကြတာ ထင်ရှားလှပေသည်။ ထိုသို့ဆိုလျှင် သူတို့အဖွဲ့အစည်းက ဘယ်လိုဖြစ်လို့ မကြီးပွားဘဲ နေနိုင်ပါမည်နည်း။
လမ်းလျှောက်ရင်းဖြင့် လင်းကျင်းက လီရှင်းချီကို သူမ၏ နောက်ခံအကြောင်း မေးမြန်းခဲ့ရာ မျှော်လင့်ထားသည့်အတိုင်း သူမသည်လည်း ထျန်းရွှမ်နိုင်ငံက မဟုတ်ပါချေ။ ထိုသို့မဟုတ်ဘဲ သူမက စည်းလုံးညီညွှတ်ခြင်း တိုက်ကြီးထဲက အခြားသော အလယ်အလတ်နိုင်ငံတစ်ခု ဖြစ်သည့် ကျင့်ထန်နိုင်ငံမှ လာခဲ့ခြင်း ဖြစ်၏။
၎င်းအပြင် လီရှင်းချီသည် သာမန်အရပ်သားတစ်ဦး မဟုတ်ဘဲ ကျင့်ထန်နိုင်ငံ၏ တော်ဝင်မျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေခဲ့သည်။
မှူးမတ်များနှင့် တော်ဝင်မိသားစုဝင်များသာလျှင် ထျန်းရွှမ် အကယ်ဒမီတွင် ပညာသင်ကြားရန် တတ်နိုင်ကြကြောင်း ထင်ရှားပေသည်။
“ဆရာက တစ်ရက်တည်းနဲ့ သားရဲအကောင်ရေ တစ်ရာကို အကဲဖြတ်နိုင်တယ်လို့ တန်လင်းဆီက ကျွန်မ ကြားဖူးတယ်... အဲဒါ အမှန်ပဲလား”
“တန်လင်းက ဆရာ ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကိုလည်း ပြောပြဖူးသေးတယ်... ဒါနဲ့ သူမ ကျွန်မကို ဆရာ့ရဲ့ အကဲဖြတ်ချက် အစီရင်ခံစာ မိတ္တူတစ်ခုတောင် ထုတ်ပြသေးတယ်... အဲဒါက တကယ့်ကို အံ့ဩစရာ ကောင်းတာပဲ”
“ပြီးတော့...”
လီရှင်းချီသည် သားရဲအကဲဖြတ်ရာ မဏ္ဍပ်သို့ လျှောက်လှမ်းနေသည့် ခရီးစဉ်တစ်ခုလုံးတွင် စကားပြောခြင်းကို ဘယ်တုန်းကမျှ မရပ်တန့်ခဲ့ပါချေ။
သူတို့ နောက်ဆုံးတွင် သားရဲအကဲဖြတ်ရာ မဏ္ဍပ်သို့ ရောက်ရှိလာခဲ့ကြသောအခါ လင်းကျင်းသည် နောက်ဆုံးတော့ အနားယူခွင့် ရရှိတော့မည်ဟု တွေးတောလိုက်မိသည်။ ပထမတော့ သူမသည် တိတ်ဆိတ်ပြီး စာပေလေ့လာရုံသာ ဝါသနာပါသော လူတစ်ယောက်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာ ကောင်းလှသည်မှာ သူမက အလွန်ပင် စကားပြောသန်သော လူတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်၏။