အခန်း (၄၅၉-၄၆၀)
Vol. 23 Ch. 459-460
အခန်း ၄၅၉ - သားရဲအကဲဖြတ်ရာ မဏ္ဍပ်
ထိုအခိုက်အတန့်တွင် သူတို့သည် အဝေးကနေလှမ်းကြည့်လျှင်ပင် သားရဲအကဲဖြတ်ရာ မဏ္ဍပ်၏ ဘေးပတ်ဝန်းကျင်တွင် လူအများအပြား စုရုံးနေကြသည်ကို မြင်တွေ့နိုင်ပေသည်။
လီရှင်းချီသည် အံ့အားသင့်သွားခဲ့ရသဖြင့် လင်းကျင်းကို အနောက်တွင် ထားရစ်ခဲ့ကာ ချက်ချင်းပင် အပြေးအလွှား သွားရောက်ခဲ့တော့၏။ လင်းကျင်းကတော့ ထိုအဆောက်အအုံကို လေ့လာဆန်းစစ်ရင်း စိတ်ထဲကနေ တွေးတောလိုက်မိသည်။
'ထျန်းရွှမ် အကယ်ဒမီက တကယ့်ကို ထူးခြားတာပဲ... သူတို့ရဲ့ ဗိသုကာလက်ရာတွေက ရှုပ်ထွေးဆန်းပြားပြီး ဒီအဆောက်အအုံကို တည်ဆောက်ဖို့ အသုံးပြုထားတဲ့ ပစ္စည်းတွေကလည်း ထိပ်တန်းအဆင့်တွေပဲ... ဒါက ဒီနေရာမှာ နှစ်ပေါင်းရာချီ တည်ရှိနေခဲ့တာ ဖြစ်ရမယ်... ဒါပေမဲ့ အခုထိ ပထမဆုံး တည်ဆောက်ခဲ့တုန်းကလိုပဲ ခိုင်ခံ့နေဆဲပဲ’
၎င်းအပြင် လင်းကျင်းသည် အဆောက်အအုံ၏ အမိုးစွန်းများပေါ်တွင် သစ်သားဖြင့် ထုဆစ်ထားပုံရသည့် သားရဲရုပ်တု အတော်များများကိုလည်း သတိပြုမိလိုက်၏။ ၎င်းတို့က အပေါ်ယံအားဖြင့် အလှအပအတွက်သာ ဖန်တီးထားခြင်း ဖြစ်ပုံရသော်လည်း လင်းကျင်းအနေဖြင့် ထိုအရာများထံမှ ထွက်ပေါ်နေသည့် မန္တန်အစီအရင် အကြွင်းအကျန်များနှင့် သားရဲအငွေ့အသက်များကို လွယ်လွယ်ကူကူပင် ခံစားမိလိုက်သည်။
အကယ်၍ သူ၏ အတွေးများသာ မှန်ကန်မည်ဆိုပါက သက်ဆိုင်ရာ မန္တန်အမိန့်တစ်ခု ပေးလိုက်ရုံမျှဖြင့် ဤသစ်သားရုပ်တုများကို အသက်ဝင်လာအောင် လုပ်ဆောင်နိုင်စရာ ရှိပေသည်။ သေချာတာပေါ့... ဤရုပ်တုများကို ဘယ်လိုအချိန်မျိုးမှာ အသုံးပြုမလဲဆိုသည်ကတော့ အထူးပြောနေရန် မလိုပါချေ။
ဤရုပ်တုများသည် အကယ်ဒမီကျောင်း တိုက်ခိုက်ခြင်း ခံရသည့် အချိန်မျိုးတွင်သာ အသက်ဝင်လာကြလိမ့်မည် ဖြစ်ရပေမည်။
လင်းကျင်းသည် ဒီကိုလာမယ့် လမ်းတစ်လျှောက်မှာ ဤကဲ့သို့သော အရာများကို အများအပြား မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ ဆင်တူလှသော မန္တန်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည့် ကျောက်ရုပ်တု အရေအတွက်လည်း မနည်းပါချေ။
ဤအကြောင်းရင်းကြောင့်ပင် လင်းကျင်းသည် ကောင်းကင်လှေကားထစ် အကယ်ဒမီအပေါ် ပိုမို၍ အထင်ကြီး လေးစားမိသွားခဲ့ရသည်။
ရုတ်တရက် လီရှင်းချီက အနားသို့ ပြေးလာခဲ့ပြီး အော်ဟစ်လိုက်၏။
“အကဲဖြတ်မှူးလင်း... တန်လင်းက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတယ်... မြန်မြန်လာ”
ရန်ဖြစ်နေတယ် ဟုတ်လား။
လင်းကျင်း ကြောင်အမ်းသွားခဲ့ရတော့သည်။ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို သူ မသိရှိသော်လည်း ခြေလှမ်းများကို အလျင်အမြန်ပင် ပြောင်းလဲလိုက်၏။ သားရဲအကဲဖြတ်ရာ မဏ္ဍပ်၏ ဘေးပတ်ဝန်းကျင်တွင် လူအများအပြား စုရုံးနေကြသဖြင့် ၎င်းက အဆောက်အအုံအတွင်းသို့ ဝင်ရောက်လိုသူများအတွက် ပိတ်ဆို့ထားသည့် တံတိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ရသည်။
သို့သော်လည်း လင်းကျင်းအတွက်မူ ထိုသို့မဟုတ်ပါချေ။
သူ၏ လက်အင်္ကျီပေါ်က ကွင်းသုံးကွင်းကို မြင်လိုက်ရသောအခါ ကျောင်းသားများသည် သူတို့၏ ကထိကများထဲမှ တစ်ဦးဖြစ်ရမည်ဟု မှားယွင်းစွာ ထင်မှတ်လိုက်ကြသဖြင့် ချက်ချင်းပင် လမ်းဖယ်ပေးခဲ့ကြ၏။ ဤအချက်ကြောင့်ပင် လင်းကျင်းသည် လီရှင်းချီကို ခေါ်ဆောင်၍ ရှေ့သို့ ဆက်လက်တိုးထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သားရဲအကဲဖြတ်ရာ မဏ္ဍပ်၏ ခန်းမအတွင်းတွင် လင်းကျင်းသည် တန်လင်း ရှိနေသည့်နေရာကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့၏။
သူမက စားပွဲတစ်ခုတွင် မတ်မတ်ထိုင်နေခဲ့ပြီး စက္ကူတစ်ရွက်ပေါ်တွင် စာလုံးများကို အသည်းအသန် ရေးသားနေခဲ့ခြင်း ဖြစ်သည်။ ခန်းမ၏ အခြားတစ်ဖက်တွင်တော့ အခြားသော စားပွဲတစ်ခု ရှိနေခဲ့ပြီး ထိုနေရာတွင်လည်း အခြားသော မိန်းကလေးတစ်ဦးက ဆင်တူလှသော အလုပ်ကို လုပ်ဆောင်နေခဲ့၏။
ဤခန်းမ၏ အလယ်တွင်တော့ အရောင်အသွေး စုံလင်လှသော အမွှေးအတောင်တစ်ခုက အလင်းလုံးတစ်ခုကြောင့် လေထဲတွင် တွဲလောင်းကျနေခဲ့ရသည်။
လင်းကျင်း ဤအခြေအနေကို မြင်လိုက်ရသောအခါမှသာ သက်ပြင်းချနိုင်ခဲ့တော့၏။ ၎င်းက သူ စိတ်ကူးမိခဲ့သည့် ရန်ပွဲမျိုး မဟုတ်ပါချေ။ တန်လင်းသည် တစ်စုံတစ်ဦးနှင့် လက်သီးချင်း လုနေခဲ့ခြင်း ဖြစ်ရမည်ဟု သူ အမှန်တကယ် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လီရှင်းချီ၏ ရှင်းလင်းချက်ကို ကြားလိုက်ရပြီးနောက်တွင်တော့ ဤအခြေအနေကလည်း တစ်စုံတစ်ရာသော ရန်ပွဲမျိုးနှင့် အတူတူပင် ဖြစ်ကြောင်း လင်းကျင်း သဘောပေါက်သွားခဲ့ရတော့၏။
ဒေသခံ ထုံးတမ်းစဉ်လာအရ သူတို့သည် သားရဲအကဲဖြတ်ခြင်း ပြိုင်ပွဲတစ်ခုကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ တန်လင်းနှင့် ထိုမိန်းကလေးကြားက သဘောထားကွဲလွဲမှုကြောင့် သူတို့သည် သူတို့၏ အကဲဖြတ်ခြင်း စွမ်းရည်နှင့် ဗဟုသုတများကို အသုံးချ၍ ပြိုင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
ဤထျန်းရွှမ် အကယ်ဒမီ၏ သားရဲအကဲဖြတ်ရာ မဏ္ဍပ်တွင် လောကထဲက ရှားပါးသော သတ္တဝါအားလုံး၏ နမူနာပစ္စည်းများ ရှိနေကြောင်း ပြောဆိုလေ့ ရှိကြသည်။ သေချာတာပေါ့... အချို့မှာ အကြေးခွံတစ်ခု၊ သားရေစတစ်ခု သို့မဟုတ် အမွှေးအတောင် အနည်းငယ် ပုံစံမျိုးသာ ရှိနေခဲ့ခြင်း ဖြစ်၏။
ကျောင်းသားများ၏ လေ့လာသင်ယူမှု အတွေ့အကြုံများကို ကြွယ်ဝစေရန်အတွက် ကောင်းကင်လှေကားထစ် အကယ်ဒမီသည် သူတို့၏ နမူနာပစ္စည်းများ စုဆောင်းမှုကို လွတ်လပ်စွာ လေ့လာခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားများသည် ဤနမူနာပစ္စည်းများကို အကဲဖြတ်ရန်နှင့် သူတို့ကိုယ်ပိုင် အကဲဖြတ်ချက် အစီရင်ခံစာများကို ရေးသားရန်အတွက် လုံးဝ လွတ်လပ်ခွင့် ရှိကြ၏။
၎င်းက အကယ်ဒမီကျောင်းက ကျောင်းသားအားလုံးအတွက် ဖွင့်လှစ်ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သော်လည်း ရံဖန်ရံခါတွင် ၎င်းက ကျောင်းသားများအကြား ပြိုင်ဆိုင်ရန်အတွက် ကြားခံတစ်ခုအဖြစ်လည်း အသုံးဝင်လှပေသည်။ သူတို့သည် ရှားပါးသားရဲတစ်ကောင်၏ နမူနာပစ္စည်းကို ကျပန်းရွေးချယ်ကြမည်ဖြစ်ပြီး တစ်ဦးချင်းစီက ၎င်းနှင့် ပတ်သက်သည့် အကဲဖြတ်ချက် အစီရင်ခံစာများကို ရေးသားကြရမည် ဖြစ်၏။ ထို့နောက် သားရဲအကဲဖြတ်ရာ မဏ္ဍပ်တွင် တာဝန်ကျသော ဆရာက မည်သူ့၏ အကဲဖြတ်ချက်က ပိုမိုတိကျသလဲဆိုသည်ကို သိရှိနိုင်ရန်အတွက် သူတို့၏ အစီရင်ခံစာများကို စစ်ဆေးပေးရခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အကယ်ဒမီကျောင်းသည် ကျောင်းသားများအကြား ဤကဲ့သို့သော ပြိုင်ပွဲများကို သဘောတူခွင့်ပြုခဲ့သည်။ ရံဖန်ရံခါတွင် သူတို့က ကျောင်းသားများကို ချစ်ခင်ရင်းနှီးစွာဖြင့် ပြိုင်ဆိုင်ကြရန်အတွက် တိုက်တွန်း အားပေးလေ့ပင် ရှိကြ၏။
“ဟိုဘက်က မိန်းကလေး နာမည်က ကျန်းဖုန်းဖုန်း တဲ့... သူမက စိတ်တို သိပ်လွယ်တာ... အရင်တုန်းက တန်လင်းက သူမနဲ့ မတူညီတဲ့ အခြေအနေတွေမှာ ပြဿနာ ဖြစ်ဖူးတော့ သူတို့ကြားက ရန်ငြိုးက အတော်လေး ကြာနေပြီ... သူမက ပထမဆုံး ပြဿနာ ဖြစ်ပြီးကတည်းက တန်လင်းကို အခွင့်အရေးရရင် ရသလို ပြဿနာ ရှာဖို့ ကြိုးစားလေ့ ရှိတာ... ပြီးတော့ တန်လင်း ဘာပဲလုပ်လုပ် သူမကလည်း လိုက်လုပ်ချင်တာ... သူမက အနိုင်ရဖို့အတွက် နည်းလမ်းအသစ်တွေကိုလည်း အမြဲ စဉ်းစားတတ်သေးတယ်”
လီရှင်းချီက လင်းကျင်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောပြလိုက်၏။
လင်းကျင်း ယခုအခါ အခြေအနေကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
လောကတွင် ရှိသမျှ နေရာတိုင်း၌ လူတိုင်းက တစ်ယောက်ကို တစ်ယောက် သဘောကျကြလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ တစ်စုံတစ်ဦးက လူမှုအဖွဲ့အစည်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦး ဖြစ်နေမည်ဆိုပါက ရန်သူများ ရှိနေခြင်းက သဘာဝကျလှပေသည်။
လင်းကျင်းသည် ဤပြိုင်ပွဲကို သိပ်ပြီး ဂရုမစိုက်ပါချေ။ သူက သားရဲအကဲဖြတ်ရာ မဏ္ဍပ်အတွင်း၌ သိမ်းဆည်းထားသော ရှားပါးသားရဲများ၏ နမူနာပစ္စည်းများကိုသာ ပိုမို၍ စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်၏။
သူသည် လီရှင်းချီကို ထိုအကြောင်း မေးမြန်းခဲ့ရာ သူမအနေဖြင့် အခြေအနေအားလုံးကို မသိရှိသော်လည်း လင်းကျင်းအတွက်တော့ အထောက်အကူ အလုံအလောက် ဖြစ်စေခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းငါးရာခန့်က ဤသားရဲအကဲဖြတ်ရာ မဏ္ဍပ်ကို စတင်တည်ထောင်ခဲ့ပြီးကတည်းက မတူညီသော ရှားပါးသားရဲများ၏ နမူနာပစ္စည်းများကို စုဆောင်းမှုအတွင်းသို့ ဆက်တိုက်ဆိုသလို ထည့်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဤအဆောက်အအုံတွင် နမူနာပစ္စည်း အရေအတွက် ဘယ်လောက်အထိ ရှိနေသလဲဆိုသည်ကို မည်သူမျှ မသိရှိကြတော့ပါချေ။
လီရှင်းချီ သူ့ကို ပြောပြခဲ့သည့် အချက်များက ဤအကယ်ဒမီကျောင်းက ကျောင်းသားများအကြား သိရှိထားကြသည့် အခြေခံဗဟုသုတများသာ ဖြစ်၏။
သို့သော်လည်း ဤဗဟုသုတက လင်းကျင်း၏ နားထဲတွင်တော့ လုံးဝ ကွဲပြားခြားနားသော အဓိပ္ပာယ်တစ်ခု ရှိနေခဲ့ရသည်။
ဒါက ရတနာသိုက်ပဲ။
လင်းကျင်းအတွက်တော့ ဤသားရဲအကဲဖြတ်ရာ မဏ္ဍပ်က ရတနာများဖြင့် ပြည့်နှက်နေသည့် ဂူတစ်ခုထက် မနည်းပါချေ။ အထဲတွင် ကြီးမားလှသော နမူနာပစ္စည်း စုဆောင်းမှုကြီး ရှိနေသည်ဟူသော အတွေးတစ်ခုတည်းဖြင့်ပင် လင်းကျင်း၏ လက်ချောင်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လာခဲ့ရတော့သည်။
သူသည် သားရဲပြတိုက်ကို ရရှိခဲ့ပြီးကတည်းက သားရဲများနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းခြင်းက သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုကဲ့သို့ ဖြစ်လာခဲ့ခြင်း ဖြစ်၏။ အခွင့်အရေး ကြုံကြိုက်သည့် အခိုက်အတန့်တိုင်းတွင် လင်းကျင်းသည် သတ္တဝါအသစ်များ၏ အချက်အလက်များကို ပြတိုက်အတွင်းသို့ ထည့်သွင်း မှတ်တမ်းတင်လေ့ ရှိသည်။
သို့သော်လည်း သူ တစ်ဦးတည်း လုပ်ဆောင်နိုင်သည့် အတိုင်းအတာတစ်ခုအထိသာ ကန့်သတ်ချက် ရှိနေခဲ့သဖြင့် ယခုအချိန်အထိ သူ မှတ်တမ်းတင်ထားနိုင်သည့် သားရဲအရေအတွက်မှာ ထောင်ဂဏန်းခန့်သာ ရှိသေး၏။
၎င်းတို့ထဲက အများစုမှာ သာမန်သားရဲများသာ ဖြစ်ကြပြီး ရှားပါးသားရဲများကမူ သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံး၏ သေးငယ်လှသော ရာခိုင်နှုန်းတစ်ခုအဖြစ်သာ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
၎င်းက သားရဲပြတိုက်ဟူသော နာမည်နှင့် လုံးဝ ကိုက်ညီမှု မရှိပါချေ။ နှိုင်းယှဉ်ကြည့်ရလျှင် ဤနေရာရှိ သားရဲအကဲဖြတ်ရာ မဏ္ဍပ်က ပိုမို၍ ပြတိုက်တစ်ခုနှင့် ဆင်တူနေခဲ့ရသည်။
ဤနေရာ၏ နောက်ခံသမိုင်းကြောင်းကို သိရှိလိုက်ရပြီးနောက် လင်းကျင်း၏ ပထမဆုံး ရည်ရွယ်ချက်မှာ ဤနေရာရှိ နမူနာပစ္စည်းများ၏ အချက်အလက်အားလုံးကို ပြတိုက်အတွင်းသို့ ထည့်သွင်း မှတ်တမ်းတင်ရန် ကြိုးစားဖို့ ဖြစ်လာခဲ့၏။
ဤအချက်ဖြင့် သူသည် ပြတိုက်၏ အချက်အလက်ဘဏ်ကို တိုးချဲ့နိုင်ရုံတင်မကဘဲ ပြတိုက်၏ ဆုလာဘ်များကိုလည်း ရရှိနိုင်ပေသည်။
အတိတ်တုန်းက သူသည် သားရဲခြောက်လှန်နိုင်စွမ်း၊ သားရဲစွမ်းအင် ဖော်ဆောင်ခြင်းနှင့် မိစ္ဆာအသွင်ပြောင်းလဲခြင်း နည်းစနစ်များကို ဤပြတိုက်ထံမှနေ၍ ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဤကိစ္စက လင်းကျင်းအတွက် အလွန်ပင် အရေးကြီးလှပေသည်။
လီရှင်းချီက မဏ္ဍပ်အကြောင်းကို ဆက်လက်ပြောဆိုနေစဉ်မှာပင် လင်းကျင်း၏ ဦးနှောက်ထဲတွင် အစီအစဉ်အသစ်များနှင့် ဖြစ်နိုင်ချေများစွာက အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
အရှင်းလင်းဆုံး နည်းလမ်းမှာ ၎င်းတို့အားလုံးကို တိုက်ရိုက် မှတ်တမ်းတင်ရန် ဖြစ်သော်လည်း ထျန်းရွှမ်နိုင်ငံက ၎င်းကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။ ထိုသို့ဆိုလျှင် သူ အင်အားသုံးရပေလိမ့်မည်။ လင်းကျင်းသည် အကြမ်းဖက်မှုကို ဆန့်ကျင်သူတစ်ဦး မဟုတ်သော်လည်း အကယ်၍ အကြမ်းဖက်မှုကပင် ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုလျှင် ၎င်းက မိုက်မဲသော လုပ်ရပ်တစ်ခုသာ ဖြစ်လာပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူက အရာခပ်သိမ်းကို တတ်စွမ်းနိုင်ပြီး အနိုင်မခံ အရှုံးမပေးနိုင်သေးသည့် အခြေအနေမျိုးတွင် မရှိသေးပါချေ။
ကျန်ရှိနေသည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ ဤနေရာရှိ နမူနာပစ္စည်းများကို တရားဝင် လေ့လာခွင့် ရရှိနိုင်မည့် လုပ်ဆောင်နိုင်စရာရှိသော အစီအစဉ်တစ်ခုကို ရရှိရန် ဖြစ်သည်။ အဲဒါကို ဘယ်သူက လုပ်ဆောင်ပေးနိုင်ပါမည်နည်း။
လင်းကျင်းက လီရှင်းချီကို ရုတ်တရက် မေးမြန်းလိုက်သည်။
“ဒီ သားရဲအကဲဖြတ်ရာ မဏ္ဍပ်မှာ တာဝန်ခံ ဆရာတစ်ယောက် ရှိတယ်လို့ စောစောက မင်း ပြောခဲ့တယ်နော်... သူတို့က ဒီနေရာမှာ ဘာတွေ လုပ်ကြတာလဲ”
“အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး... သူတို့က နမူနာပစ္စည်းတွေကို စီစဉ်ပေးဖို့နဲ့ အကဲဖြတ်ချက် အစီရင်ခံစာတွေ ထုတ်ပြန်ပေးဖို့ တာဝန်ယူထားရတာ ဖြစ်ရမယ်”
လီရှင်းချီက ပြန်လည်ဖြေကြားခဲ့၏။
သူမ၏ တုံ့ပြန်ချက်က လင်းကျင်း၏ တွက်ချက်မှုများနှင့် အတော်လေး ဆင်တူလှပေသည်။
တစ်ချိန်တည်းမှာပင် တန်လင်းသည် သူမ၏ အကဲဖြတ်ချက် အစီရင်ခံစာကို ရေးသားရန်အတွက် အပြည့်အဝ အာရုံစိုက်နေခဲ့သဖြင့် လင်းကျင်း ရှိနေသည်ကို လုံးဝ သတိမထားမိခဲ့ပါချေ။
သူမနှင့် ကျန်းဖုန်းဖုန်းတို့သည် ရေနှင့်မီးကဲ့သို့ ဖြစ်နေခဲ့ကြသည်။ ထျန်းရွှမ် အကယ်ဒမီသို့ ရောက်ရှိလာခဲ့ကြကတည်းက ထိုမိန်းကလေး နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲနေခဲ့ကြခြင်း ဖြစ်၏။ ကျန်းဖုန်းဖုန်းသည် တန်လင်းထက် အမြဲတမ်း သာလွန်အောင် လုပ်ဆောင်ရန် ကြိုးစားလေ့ရှိပြီး တန်လင်းကလည်း ဘည်သို့သော အခြေအနေမျိုးတွင်မျှ နောက်ဆုတ်ရန် ငြင်းဆန်ခဲ့သည်။
အမွှေးအတောင်တစ်ခုတည်းအပေါ် အခြေခံ၍ သတ္တဝါတစ်ကောင်၏ နောက်ခံသမိုင်းကြောင်းကို ဖော်ထုတ်ရမည့် ယနေ့ သားရဲအကဲဖြတ်ခြင်း ပြိုင်ပွဲသည် တန်လင်းအနေဖြင့် သေချာပေါက် အနိုင်ရရှိရမည့် ပြိုင်ပွဲတစ်ခု ဖြစ်၏။
သို့သော်လည်း အမွှေးအတောင်တစ်ခုတည်းအပေါ် အခြေခံ၍ သားရဲတစ်ကောင်နှင့် ၎င်း၏ နောက်ခံအကြောင်းကို ခိုင်မာသော ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ရန်မှာ တန်လင်းအတွက် ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်နေခဲ့ရသည်၊ အထူးသဖြင့် ထိုသားရဲအကြောင်းကို အသေးစိတ် ပိုမိုရေးသားရန် မျှော်လင့်ထားကြသည့် အခြေအနေမျိုးတွင် ဖြစ်၏။ သူမ၏ အဆင့် ၂ သားရဲအကဲဖြတ်မှူး အရည်အချင်းက အတုအယောင် မဟုတ်သော်လည်း သူမ၏ ဗဟုသုတကတော့ ထိုမျှအထိ နက်ရှိုင်းခြင်း မရှိသေးပါချေ။
သို့သော်လည်း ကျန်းဖုန်းဖုန်းသည်လည်း ဆင်တူလှသော ပြဿနာနှင့် ရင်ဆိုင်နေရမည် ဖြစ်ရပေမည်။ အနည်းဆုံးတော့ တန်လင်းသည် သူမ၏ အကဲဖြတ်ခြင်း စွမ်းရည်က ကျန်းဖုန်းဖုန်းထက် ပိုမိုသာလွန်ကြောင်း ယုံကြည်ချက် ရှိနေခဲ့၏။
တန်လင်း သတိမပြုမိခဲ့သည့် အချက်မှာ ကျန်းဖုန်းဖုန်းသည် အပြင်ဘက်က လူအုပ်ကြီးထဲက လမ်းကြောင်းတစ်ခုသို့ စိုက်ကြည့်ရင်း လျှို့ဝှက်စွာဖြင့် ခေါင်းညိတ်ပြနေခဲ့ခြင်း ဖြစ်သည်။ ထိုလူအုပ်ကြီးထဲတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် ခန့်ညားသော အမျိုးသားတစ်ဦး ရှိနေခဲ့ပြီး သူမကို လျှို့ဝှက်စွာဖြင့် လက်ဟန်ခြေဟန် ပြသနေခဲ့ခြင်း ဖြစ်၏။
လင်းကျင်းမှလွဲ၍ မည်သူမျှ ဤဖြစ်ရပ်ကို သတိမပြုမိခဲ့ကြပါချေ။
အခန်း ၄၆၀ - လျှို့ဝှက်အသံပို့လွှတ်ခြင်း
လင်းကျင်းသည် ဤမြင်ကွင်းကို မရည်ရွယ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ သူ ထိုအမျိုးသား ရှိနေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ရခြင်းမှာ ထိုသူ့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော သားရဲအငွေ့အသက်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ ဤလူ၏ သားရဲသခင်ကျမ်း မွမ်းမံမှုအဆင့်က အတော်လေး နက်ရှိုင်းလှပေလိမ့်မည်။
လင်းကျင်းသည် ထိုအမျိုးသား၏ လက်အင်္ကျီပေါ်က ကွင်းသုံးကွင်းကိုလည်း သတိပြုမိလိုက်၏။
သူမက ခိုးချနေတာလား။
၎င်းက လင်းကျင်း၏ ပထမဆုံး တုံ့ပြန်ချက် ဖြစ်သည်။ သေချာ ဂရုတစိုက် လေ့လာကြည့်ပြီးနောက်တွင်တော့ သူ ထိုသို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တော့၏။
အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦး၏ ဗဟုသုတက အဆင့် ၂ သားရဲအကဲဖြတ်မှူးတစ်ဦးနှင့် နှိုင်းယှဉ်၍ မရနိုင်ပါချေ။ သူက ကျန်းဖုန်းဖုန်းထံသို့ အချက်ပြသင်္ကေတများဖြင့် အချက်အလက်များ ပေးပို့နေခြင်း ဖြစ်သောကြောင့် သူ သူမကို ခိုးချရန် ကူညီနေခြင်းဖြစ်ကြောင်း အလွန်ပင် ထင်ရှားလှပေသည်။
သူသည် မတူညီသော မက်ဆေ့ခ်ျများကို ပေးပို့ရန်အတွက် သူ၏ လက်ချောင်းများ၊ လက်ဖဝါးများ၊ လက်ကောက်ဝတ်များနှင့် တံတောင်ဆစ်များကိုပင် အသုံးပြုနေခဲ့ခြင်း ဖြစ်၏။ အကယ်၍ လက်ခံရရှိသူက အချက်ပြသင်္ကေတများဖြင့် ဆက်သွယ်ရန် လေ့ကျင့်ထားသူတစ်ဦး ဖြစ်နေမည်ဆိုပါက နှစ်ဦးစလုံးသည် စကားတစ်လုံးမျှ မပြောဘဲ သာမန်လူများကဲ့သို့ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်စရာ ရှိပေသည်။
ကျန်းဖုန်းဖုန်း ခိုးချရန် ကြိုးစားနေသည့် နည်းလမ်းက ထိုသို့ ဖြစ်၏။
ယခုအခါ သူမအနေဖြင့် အချက်အလက် အလုံအလောက် စုဆောင်းရရှိသွားခဲ့ပြီ ဖြစ်သဖြင့် ကျန်းဖုန်းဖုန်းသည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ခန်းမ၏ အခြားတစ်ဖက်တွင် ဉာဏ်စမ်းပုစ္ဆာကို အသည်းအသန် အဖြေရှာနေပုံရသည့် တန်လင်းကို လှမ်းကြည့်လိုက်သည်။ ယုံကြည်မှုရှိလှသော အပြုံးတစ်ခုနှင့်အတူ ကျန်းဖုန်းဖုန်းသည် စာကို ဆက်လက်ရေးသားနေခဲ့တော့၏။
ဤအခြေအနေကို မြင်လိုက်ရသောအခါ လင်းကျင်း ခေါင်းခါလိုက်မိသည်။
အကယ်၍ အခြေအနေက ဤကဲ့သို့ဆိုလျှင် တန်လင်းအနေဖြင့် အနိုင်ရရှိရန် မဖြစ်နိုင်ပါချေ။
သူမ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေဦးတော့... အတူတူ ပူးပေါင်းလုပ်ဆောင်နေကြသည့် လူနှစ်ယောက်ကိုတော့ ပြိုင်ဆိုင်နိုင်စရာ မရှိပါချေ။ ဤအရာက သားရဲအကဲဖြတ်ခြင်း ပြိုင်ပွဲတစ်ခု ဖြစ်ရမည်ဖြစ်သဖြင့် သူမ၏ ပြိုင်ဘက်က ဤကဲ့သို့ ယုတ်မာသော နည်းလမ်းများကို အသုံးပြုခြင်းက တကယ့်ကို စက်ဆုပ်ရွံရှာဖွေ ကောင်းလှပေသည်။
တန်လင်းသည် လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန်အတွက် အလွန်အမင်း အာရုံစိုက်နေခဲ့သဖြင့် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို လုံးဝ သတိမထားမိခဲ့ပါချေ။
ခဏမျှ တွေးတောလိုက်ပြီးနောက် လင်းကျင်း သူမကို ကူညီရန် ဆုံးဖြတ်လိုက်တော့၏။ လင်းကျင်းသည်လည်း လေထဲတွင် တွဲလောင်းကျနေသည့် ထိုအမွှေးအတောင်ကို သွားရောက်၍ မကိုင်တွယ်နိုင်သော်လည်း သူ၏ လက်ရှိ အကဲဖြတ်ခြင်း စွမ်းရည်အပေါ် အခြေခံ၍ ၎င်းကို ကြည့်ရုံမျှဖြင့် အများအပြားကို ပြောပြနိုင်စရာ ရှိပေသည်။
သူက ကျန်းဖုန်းဖုန်းကို ခိုးချရန် ကူညီနေသည့် ထိုအဆင့် ၃ သားရဲအကဲဖြတ်မှူးထက်တော့ အနည်းဆုံး ပိုမိုတော်ပြတ်လှပေသည်။
ဘာပဲဖြစ်ဖြစ် လင်းကျင်းတွင် သားရဲပြတိုက်၏ အထောက်အပံ့ ရှိနေခဲ့သည် မဟုတ်ပါလော။ လပေါင်းများစွာ လေ့ကျင့်ခဲ့ရခြင်းက လင်းကျင်းကို သူ၏ သားရဲအကဲဖြတ်ခြင်း စွမ်းရည် စံနှုန်းများကို မြှင့်တင်နိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်၏။ စောစောကတင် လင်းကျင်းသည် ထိုအမွှေးအတောင်၏ မူလဇစ်မြစ်ကို အကြမ်းဖျင်း တွက်ချက်နိုင်ခဲ့သည်။ သာမန်လူတစ်ဦးက အမွှေးအတောင်များသည် ငှက်များထံမှသာ လာသည်ဟု ထင်မှတ်ကြလိမ့်မည် ဖြစ်သော်လည်း ၎င်းက သေချာပေါက် မှန်ကန်ခြင်း မရှိပါချေ။ အားလုံးက အမွှေးအတောင်၏ ဝိသေသလက္ခဏာများပေါ်တွင်သာ မူတည်ပေသည်။
ဥပမာအားဖြင့် ဤအမွှေးအတောင်တွင် ထူထဲပြီး ခိုင်ခံ့သော အမွှေးတံ ရှိနေခဲ့၏။ ၎င်း၏ အမွှေးအမျှင်များက အရောင်အသွေး စုံလင်လှသော်လည်း အရောင်များ၏ အစီအစဉ်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းလှပေသည်။ ဘာပဲဖြစ်ဖြစ် သတ္တဝါတစ်ကောင်က သတ်မှတ်ထားသည့် အရောင်တစ်မျိုး ဖြစ်နေရခြင်း၏ အနောက်ကွယ်တွင် အမြဲတမ်း အကြောင်းပြချက် ရှိနေလေ့ ရှိသည် မဟုတ်ပါလော။
ထိုအမွှေးအတောင်က အတွင်းတွင် အခေါင်းပွ ဖြစ်နေခဲ့ပြီး ၎င်းက ခိုင်ခံ့သော်လည်း ကွေးညွတ်ရလွယ်ကူသော အရိုးတစ်ခုနှင့် အနည်းငယ် ဆင်တူနေခဲ့ရာ သာမန်ငှက်တစ်ကောင်၏ အမွှေးအတောင်နှင့် ကွဲပြားခြားနားနေခဲ့ခြင်း ဖြစ်၏။ လင်းကျင်းအနေဖြင့် ၎င်း၏ အလေးချိန် အတိအကျကို မသိရှိသော်လည်း မြင်တွေ့ရသည်ထက် ပိုမိုလေးလံကြောင်းကိုတော့ သူ သေချာပေါက် သိရှိလိုက်သည်။
ဤအချက်အရ ဤအမွှေးအတောင်က ငှက်တစ်ကောင်ထံမှ လာခြင်း မဟုတ်ရန် ရာခိုင်နှုန်း အလွန်ပင် များပြားလှပေသည်။
သူ၏ ပြတိုက်အတွင်း၌ လင်းကျင်းသည် ဆင်တူသော အမွှေးအတောင်များ ပေါက်ရောက်တတ်သည့် သားရဲတစ်ကောင်၏ မှတ်တမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့ခြင်း ဖြစ်၏။ အကျဉ်းချုံး နှိုင်းယှဉ်ကြည့်ပြီးနောက်တွင်တော့ လင်းကျင်း ကောက်ချက်တစ်ခု ချလိုက်နိုင်ခဲ့တော့သည်။
ဤကောက်ချက်က ရာနှုန်းပြည့် တိကျချင်မှ တိကျမည်ဖြစ်သော်လည်း အမှန်တရားနှင့်တော့ အတော်လေး နီးစပ်နေရပေမည်။ အနည်းဆုံးတော့ သူ၏ အဖြေက ထိုအဆင့် ၃ သားရဲအကဲဖြတ်မှူးထက် ပိုမိုတိကျကြောင်း သူ ယုံကြည်ချက် ရှိနေခဲ့၏။
နောက်တစ်ဆင့်ကတော့ သူ ဤမက်ဆေ့ခ်ျကို တန်လင်းထံသို့ ဘယ်လို ပေးပို့ရမလဲဆိုသည့် အချက် ဖြစ်သည်။
အခြားသော မိန်းကလေးက ခိုးချနေခဲ့ပြီ ဖြစ်သောကြောင့် တန်လင်းလည်း ထိုသို့ လုပ်ဆောင်သင့်ပေသည်။
လင်းကျင်းသည် အတိတ်တုန်းက လူသားများ အသုံးပြုခဲ့ကြသည့် ‘လျှို့ဝှက်အသံပို့လွှတ်ခြင်း’ ဟု ခေါ်သော မန္တန်တစ်ခုကို သတိရလိုက်မိ၏။ ၎င်းက လင်းကျင်းအနေဖြင့် ဒါလော်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်နှင့်အတူ ကုန်ဆုံးခဲ့သည့် သုံးရက်တာ အချိန်အတွင်း၌ ကြားသိခဲ့ရသော မန္တန်တစ်ခု ဖြစ်သည်။ ဒါလော်ကျောင်းတော်တွင် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်း ရှိနေခဲ့သဖြင့် စိုက်ပျိုးမွမ်းမံခြင်း နည်းလမ်းများ၊ ကိုယ်ခံပညာများ၊ မန္တန်များနှင့် အခြားသော သဘာဝလွန် စွမ်းရည်များစွာကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်ရာ ၎င်းတို့ထဲတွင် လျှို့ဝှက်အသံပို့လွှတ်ခြင်းလည်း ပါဝင်နေခဲ့၏။
ဆရာတော် သူ့ကို ပြောပြခဲ့သည်က မန္တန်၏ အနောက်ကွယ်က သီအိုရီမျှသာ ဖြစ်သည်။ လင်းကျင်းသည် ၎င်းကို ကိုယ်တိုင် သုတေသနပြုလုပ်ရန်အတွက် အလုပ်အများစုကို လုပ်ဆောင်ခဲ့ရခြင်း ဖြစ်၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းက ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် ပြင်းထန်သော လေ့ကျင့်မှုများ မလိုအပ်သည့် မန္တန်အသွင်ကွဲတစ်ခု ဖြစ်သည်။ မန္တန်စွမ်းအင် လုံလောက်စွာ ရှိနေမည်ဆိုပါက မည်သူမဆို လုပ်ဆောင်နိုင်စရာ ရှိပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းကျင်းတွင် ဤလှည့်ကွက်ကို အသုံးပြုနိုင်ရန်အတွက် လုံလောက်သော မန္တန်စွမ်းအင် ရှိနေခဲ့သည်။
အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် လင်းကျင်းသည် တန်လင်းအပေါ်သို့ အာရုံစိုက်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ သူနှင့် အနီးဆုံးတွင် ရပ်နေခဲ့သည့် လီရှင်းချီပင်လျှင် သူ ဘာတွေ ပြောနေသလဲဆိုသည်ကို မကြားနိုင်ပါချေ။
သို့သော်လည်း တန်လင်း၏ ဘက်တွင်တော့ အခြေအနေများက ကွဲပြားခြားနားသွားခဲ့ရသည်။
သူမက သူမ၏ စာရွက်ကို အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ရာ ၎င်းကို အပ်နှံရန် ပြင်ဆင်နေခဲ့စဉ်မှာပင် ရုတ်တရက်ဆိုသလို သူမ၏ နားစည်ဘေးနားတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
“တန်လင်း... ငါပြောတာကို နားထောင်ပြီး မလှုပ်ရှားနဲ့... ငါက လင်းကျင်းပါ”
တန်လင်း ထိတ်လန့်သွားခဲ့ရသော်လည်း သူမက ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးစွာ နေတတ်သူတစ်ဦး ဖြစ်သောကြောင့် ထိတ်လန့်သွားခဲ့ရသော်လည်း မည်သည့်အသံမျှ မထွက်ပေါ်လာအောင် သို့မဟုတ် မလိုအပ်သော လှုပ်ရှားမှုများ မလုပ်မိအောင် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သည်။
သူမ မော့ကြည့်လိုက်သောအခါ အပြင်ဘက်က လူအုပ်ကြီးထဲတွင် ရပ်နေသည့် လင်းကျင်းကို သတိပြုမိလိုက်၏။
တန်လင်းသည် စိတ်လှုပ်ရှားသွားပုံရသလို မယုံကြည်နိုင်ခြင်းလည်း ဖြစ်နေခဲ့ရသည်။ သေချာတာပေါ့... သူမအနေဖြင့် သူ့ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
လင်းကျင်း သူမကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် အခြားသော အချက်အလက်တစ်ခုကို ဆက်လက်ပေးပို့လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူက လက်ရှိတွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို တန်လင်းအား ရှင်းပြလိုက်ခြင်း ဖြစ်၏။
ကျန်းဖုန်းဖုန်း ခိုးချနေကြောင်း ကြားလိုက်ရသောအခါ တန်လင်းသည် ဒေါသတကြီးဖြင့် ပေါက်ကွဲသွားခဲ့ရတော့သည်။
‘သူမက အနိုင်ရရှိဖို့ သက်သက်အတွက်နဲ့ ဒီလိုအရာမျိုးကို လုပ်ရဲတယ်ပေါ့လေ’
တန်လင်း၏ ပထမဆုံး အတွေးမှာ သူမ၏ လုပ်ရပ်များကို တိုင်ကြားရန် ဖြစ်သော်လည်း သူမ ထိုသို့ မလုပ်ဆောင်နိုင်ခင်မှာပင် လင်းကျင်းထံမှနေ၍ အခြားသော မက်ဆေ့ခ်ျတစ်ခုကို ထပ်မံရရှိခဲ့၏။
‘သူမကို တိုင်ကြားဖို့ မစဉ်းစားနဲ့... သူတို့က အချက်ပြသင်္ကေတတွေကို အသုံးပြုနေတာဖြစ်လို့ မင်းမှာ စွပ်စွဲချက်ကို သက်သေပြဖို့ အထောက်အထား ရှိမှာ မဟုတ်ဘူး... အဲဒါကြောင့်မလို့ မင်းကတောင် သူတို့ဆီကနေ ပြန်လည်တိုက်ခိုက်တာကို ခံရနိုင်သေးတယ်’
လင်းကျင်း၏ စကားများက တန်လင်းကို ပြန်လည်တည်ငြိမ်သွားစေရန် ကူညီပေးခဲ့သည်။
သူ မှန်ပေသည်။
ကျန်းဖုန်းဖုန်းက ဤနေရာတွင် ခိုးချဝံ့ရဲနေခဲ့ပြီဖြစ်ရာ သူမတွင် တန်ပြန်အစီအမံများ အဆင်သင့် ရှိနေခဲ့ရပေမည်။ ပထမဆုံးအနေဖြင့် သူတို့ အချက်ပြသင်္ကေတများဖြင့် ဆက်သွယ်နေသည်ကို ဖမ်းမိရန် ခက်ခဲလှသည်၊ ကျန်းဖုန်းဖုန်းက သာမန်လူတစ်ဦး မဟုတ်ဘူးဟူသော အချက်ကိုတော့ အထူးပြောနေရန် မလိုပါချေ။ သူမက ကောင်းကင်လှေကားထစ်နိုင်ငံက ဒေသခံတစ်ဦး ဖြစ်ပြီး ဤကောင်းကင်လှေကားထစ်မြို့တော်တွင် ဩဇာအာဏာကြီးမားသော မိသားစုတစ်ခု ရှိနေခဲ့ခြင်း ဖြစ်၏။
ပွဲကြည့်ပရိတ်သတ် လူအုပ်ကြီး၏ အတော်များများမှာ ကျန်းဖုန်းဖုန်း၏ ထောက်ခံသူများ ဖြစ်ကြရန် ရာခိုင်နှုန်း အလွန်ပင် များပြားလှပေသည်။ တန်လင်းအနေဖြင့် သူမ၏ ပြိုင်ဘက်ကို ခိုးချမှုဖြင့် စတင်စွပ်စွဲလိုက်သည့် အခိုက်အတန့်မှာတင် သူမ ပယ်ချခြင်း ခံရလိမ့်မည် ဖြစ်ရပေမည်။
တန်လင်း ချက်ချင်းပင် စိတ်ဓာတ်ကျသွားခဲ့ရတော့၏။ သူမအနေဖြင့် ဤပြိုင်ပွဲတွင် ကျန်းဖုန်းဖုန်းကို သာလွန်နိုင်စရာရှိကြောင်း ယုံကြည်ချက် ရှိခဲ့သော်လည်း အခြားတစ်ဖက်က ခိုးချနေသည့် အခြေအနေမျိုးတွင်တော့ အခွင့်အရေးက သူမအတွက် မရှိနိုင်တော့ပါချေ။
ထိုအခိုက်အတန့်တွင်တင် လင်းကျင်း၏ အသံကြောင့် သူမ၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့ရသည်။
‘သူမက ခိုးချနေမှတော့ မင်းလည်း ခိုးချလို့ ရတာပဲ’
‘နင် ပြောတာ မှန်တယ်’
တန်လင်း စိတ်ထဲကနေ တွေးတောလိုက်မိ၏။ ဤပြိုင်ပွဲက မတရားသဖြင့် ဖြစ်နေခဲ့ပြီဖြစ်ရာ စည်းကမ်းချက်များကို ဆက်လက်လိုက်နာနေရန် မလိုအပ်တော့ပါချေ။ လင်းကျင်း ပြောခဲ့သလိုပဲ... ကျန်းဖုန်းဖုန်းက ခိုးချနိုင်မှတော့ သူမကကော ဘာဖြစ်လို့ မခိုးချနိုင်ရမှာလဲ။
သို့သော်လည်း ဤနေရာတွင် အခြားသော ပြဿနာတစ်ခု ရှိနေခဲ့ပြန်သည်။ သူမအနေဖြင့် မည်သည့်ပြင်ဆင်မှုမျှ လုပ်ဆောင်ထားခဲ့ခြင်း မရှိရာ သူမ ဘယ်လိုမျိုး ခိုးချနိုင်ပါမည်နည်း။
‘ဒီ ငါးရောင်ခြယ် အမွှေးအတောင်အတွက်ဆိုရင် အမွှေးတံကို သေချာလေ့လာကြည့်လိုက်... အဲဒါက အရိုးတစ်ခုလိုမျိုး အတွင်းထဲမှာ ဘယ်လောက်တောင် အခေါင်းပွဖြစ်ပြီး ခိုင်ခံ့နေသလဲဆိုတာကို သတိပြုမိလိမ့်မယ်... အမွှေးရိုးက တူတစ်ချောင်းစာလောက် ရှည်လျားပြီး အမွှေးအမျှင်တွေက လေးလံတယ်... တစ်နည်းပြောရရင် ဒါက ငှက်တစ်ကောင်ရဲ့ အမွှေးအတောင် မဟုတ်ဘူး... ငါးရောင်ရဲ့ အစီအစဉ်က အနီ၊ အဝါ၊ အပြာ၊ အဖြူနဲ့ အမည်း ဖြစ်တယ်... သားရဲ စွယ်စုံကျမ်းထဲမှာဆိုရင် တောင်ဘက်တိုက်က သစ်သားဓာတ်ခံရှိတဲ့ အမြန်နှုန်းသုံး သားရဲက သူ့ရဲ့ ဦးခေါင်းပေါ်မှာ ငါးရောင်ခြယ် အမွှေးအတောင်တွေ ရှိတတ်တယ်... အရောင်တွေရဲ့ အစီအစဉ်က သတ္တဝါ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲသွားတတ်တာ... ဒီ အစီအစဉ်အရဆိုရင် ဒီအမွှေးအတောင်က တောင်ဘက်တိုက်က သစ်သားဓာတ်ခံရှိတဲ့ အမြန်နှုန်းသုံး သားရဲတစ်ကောင်ဆီက လာတာ ဖြစ်ရမယ်... ပြီးတော့ အဲဒါက အသက် ခုနှစ်ဆယ်ကျော်လောက် ရှိနေပြီ ဖြစ်ရမယ်... ဪ... ငါ မေ့မလို့... ဒါက အထီး အမြန်နှုန်းသုံး သားရဲနော်... အမတွေကတော့ ကတုံးတွေ ဖြစ်ပြီး ဘာအမွှေးအတောင်မှ မရှိကြဘူး’
လင်းကျင်း စကားပြောဆိုခြင်း ပြီးဆုံးသွားသောအခါ တန်လင်းသည် ပထမဆုံးအနေဖြင့် ကြောင်အမ်းသွားခဲ့ရပြီးမှသာ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို သဘောပေါက်သွားခဲ့တော့၏။
လင်းကျင်း သူမကို ကူညီနေခြင်း ဖြစ်သည်။
သူက သူမကို ခိုးချရန် ကူညီပေးနေခြင်း ဖြစ်၏။
တန်လင်းသည် မရိုးသားမှုများကို သဘောမကျသော်လည်း ၎င်းက ရှေ့ဆက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေခဲ့ရသည်။
လင်းကျင်း၏ အကဲဖြတ်ခြင်း ရလဒ်က သူမ၏ ရလဒ်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့၏။
သူမ အချောသတ်ထားပြီးသား စာမူတွင်တော့ ဤအမွှေးအတောင်က ထူးခြားသော ငှက်တစ်ကောင်ထံမှ လာခြင်းဖြစ်ကြောင်း သူမ ကောက်ချက်ချထားခဲ့ခြင်း ဖြစ်သည်။ စည်းလုံးညီညွှတ်ခြင်း တိုက်ကြီးတွင် နေထိုင်သည့် ကြီးမားသော သွေးကွဲငှက်ကြီးတစ်ကောင် ဖြစ်ရပေမည်။ ဘာပဲဖြစ်ဖြစ် အမွှေးအတောင်တစ်ခုတည်းအပေါ် အခြေခံ၍ သတ္တဝါတစ်ကောင်၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ အကြောင်းမှာ ဤလောကတွင် အမွှေးအတောင်ရှိသည့် သတ္တဝါ အရေအတွက်က အလွန်ပင် များပြားသောကြောင့် ဖြစ်၏။ ၎င်းက သူမအနေဖြင့် သေချာ ဂရုတစိုက် စဉ်းစားတွေးတောပြီးနောက် ထွက်ပေါ်လာခဲ့သည့် ကောက်ချက်လည်း ဖြစ်သည်။
သို့သော်လည်း ယခုအခါ သူမသည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ လင်းကျင်းကို ယုံကြည်ရန် ရွေးချယ်လိုက်တော့၏။
အကြောင်းမှာ သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်လာလျှင် လင်းကျင်းက သူမနှင့် နှိုင်းယှဉ်ပါက ဘယ်လောက်အထိ သာလွန်ထူးကဲသလဲဆိုသည်ကို သူမ အပြည့်အဝ သိရှိထားသောကြောင့် ဖြစ်သည်။
တန်လင်းသည် ချက်ချင်းပင် ပျာပျာသလဲဖြင့် သူမ၏ အကဲဖြတ်ချက် အစီရင်ခံစာကို ပြန်လည်ပြင်ဆင်လိုက်ပြီး အစကနေ ပြန်လည်ရေးသားခဲ့တော့၏။ ၎င်းက သူမအတွက် ပထမဆုံးအကြိမ် ခိုးချခြင်း ဖြစ်သောကြောင့် တန်လင်း ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ရသည်။ သူတို့၏ ခိုးချခြင်း နည်းလမ်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်ပင် လင်းကျင်း၏ နည်းလမ်းက အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပေသည်။
ဒါနဲ့ လင်းကျင်း၏ အသံက သူမထံသို့ ဘယ်လိုမျိုး ရောက်ရှိလာခဲ့တာပါလိမ့်။
ဘာဖြစ်လို့ အခြားဘယ်သူမျှ မကြားနိုင်ရတာပါလိမ့်။