← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း(၃၀၁)

မဒူဆာသည် နှစ်ခါစဉ်းစားမနေဘဲ ပါးစပ်ဟလိုက်ပြီး ထွေးထုတ်လိုက်သည်။ သလင်းကျောက်သဖွယ် ကြည်လင်တောက်ပသော ကြေးမုံတစ်ချပ်က သူ့ပါးစပ်ထဲမှ ပျံသန်းထွက်လာသည်။ ကြေးမုံသည် ရောင်စုံအလင်းကို ထုတ်လွှတ်နေသည်။ ကြေးမုံ၏ ဘောင်ပေါ်တွင် မြွေပုံသဏ္ဍာန် အစီအရင်များ ရှိ၏။ ဤသည်မှာ ရောင်စုံမြွေများက ကြေးမုံ၏ ဘောင်ပေါ်မှာ ရစ်ခွေနေသည့်အလားပင်။

ကြေးမုံသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ပါးစပ်ထဲမှ ပျံသန်းထွက်လာစဉ် ကြေးမုံက အလွန်သေးငယ်သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ကြေးမုံက အရွယ်အစားကြီးမားသွားသည်။ မဒူဆာသည် လေပေါ်သို့ ခုန်လိုက်ပြီး ကြေးမုံပေါ်မှာ ခြေချလိုက်သည်။

ကြေးမုံသည် ရောင်စုံအလင်းကို ထုတ်လွှတ်လိုက်ပြီး မဒူဆာကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ သယ်ဆောင်သွားသည်။

အတိတ်တွင် သီရှီထျန်သည် မဒူဆာကို သက်စောင့်ဓမ္မလက်နက်သန့်စင်ခြင်းစာအုပ် ပေးခဲ့သည်။ သို့ဖြစ်၍ ဤနှစ်များတွင် သူက သက်စောင့်မိစ္ဆာလက်နက်တစ်ခု သန့်စင်ရန် အလုပ်များနေခဲ့သည်။ မှန်ပေသည်။ ထိုရောင်စုံကြေးမုံသည် မဒူဆာ၏ သက်စောင့်မိစ္ဆာလက်နက် ဖြစ်သည်။ ကြေးမုံမှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများအရ ယင်းက ဓမ္မရတနာအဆင့်သို့ ရောက်ရှိနေကြောင်း ထင်ရှား၏။ ယင်းကို မိစ္ဆာရတနာဟု ခေါ်နိုင်သည်။ ယင်း၏ နာမည်က “ နတ်ဘုရားဖိနှိပ်ခြင်းကြေးမုံ ” ဖြစ်သည်။ ယင်းက အလွန်အစွမ်းထက်သည်။ ထို့ပြင် မှော်ဆန်သော အံ့ဖွယ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထိုသို့မိစ္ဆာရတနာက မဒူဆာ၏ တိုက်ပွဲစွမ်းအားကို အဆမတန် မြှင့်တင်ပေးနိုင်သည်။ ဤနှစ်များတွင် သူက မိစ္ဆာရတနာကြေးမုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်နေခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုအားလုံးကို ထိုကြေးမုံထဲမှာ ထည့်သွင်းခဲ့သည်ဟုဆိုလျှင် မမှားပေ။

ကောင်းကင်ယံတွင် အနက်ရောင်မိုးတိမ်က အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးသိပ်သည်းလာသည်။ ကောင်းကင်ဘုံအင်အားသည် အနက်ရောင်မိုးတိမ်ထံမှ ပိုပြီးအားကောင်းစွာ ကျဆင်းလာသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော လျှပ်စီးတန်းများက မိုးတိမ်ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ ယင်းက အနက်ရောင်မိုးတိမ်ကို ပိုပြီးကြောက်မက်ဖွယ်ကောင်းစေသည်။ ထိုလျှပ်စီးတန်းများထဲမှာ မိုးမြေစွမ်းအား ကိန်းအောင်းနေဟန် ရ၏။

ယင်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခ (ဝါ) မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ် ဖြစ်သည်။ ယင်းက မြေပြင်ပေါ်မှ သက်ရှိအားလုံးကို ခြိမ်းခြောက်နိုင်သော အံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယင်းက ဤလောက၏ မိုးမြေစွမ်းအားကို ကိုယ်စားပြုသည်။ အနက်ရောင်မိုးတိမ်ထဲမှ လျှပ်စီးတန်းတစ်ခုစီမှာ ကောင်းကင်ဘုံအင်အား ကိန်းအောင်းနေသည်။ ယင်းက ဤလောကထဲမှ သက်ရှိအားလုံးကို ချုပ်ထိန်းနိုင်သော စွမ်းအားဖြစ်သည်။ အထူးသဖြင့် မိစ္ဆာများအပေါ်မှာ ပိုပြီးသက်ရောက်မှုရှိသည်။ မိစ္ဆာများအပေါ် အဓိကရည်ရွယ်သော စွမ်းအားက ပုံမှန်ထက် အဆပေါင်းများစွာ သာလွန်သည်။

ထို့ကြောင့် မိစ္ဆာအများစုသည် မိုးကြိုးကို ကြောက်ကြသည်။ မိုးကြိုးသည် သူတို့အတွက်တော့ ကောင်းကင်ဘုံအင်အား ဖြစ်သည်။ ထို့ကြောင့် တိရိစ္ဆာန်များသည် မိုးခြိမ်းသံကြားသည့်အခါတိုင်း လှိုဏ်ဂူများထဲမှာ၊ မြေအောက်ထဲမှာ သို့မဟုတ် အသိုက်များထဲမှာ ဝင်ပုန်းအောင်းကြလိမ့်မည်။ မိုးကြိုးသွားဖြင့် ထိမှန်သွားမည်ကို သူတို့ကြောက်ကြသည်။ မိုးကြိုးဖြင့် ထိမှန်သွားမည်ဆိုလျှင် သူတို့မသေဆုံးသွားလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။

မိစ္ဆာသားရဲများဖြစ်လာပြီးလျှင် သူတို့သည် မိုးကြိုးကို မကြောက်ကြတော့ပေ။ သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည်တော့ ကွဲပြားခြားနားသည်။ သူတို့သည် တခြားမိုးကြိုးများကို မကြောက်နိုင်သော်လည်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုတော့ လျော့မတွက်ဝံ့ပေ။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အောက်မှာ မည်သူမှ မောက်မာဝံ့ကြမည် မဟုတ်ချေ။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ တခြားမိုးကြိုးသွားများကို ရှောင်တိမ်းနိုင်သော်လည်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုတော့ မရှောင်တိမ်းနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က မြေကြီးထဲမှာ ပုန်းအောင်းနေမည်ဆိုလျှင်ပင် ကပ်ဘေးဒုက္ခကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။ ကပ်ဘေးဒုက္ခက သင့်အနောက်သို့ မိုးတစ်ဆုံးမြေတစ်ဆုံး လိုက်နေလိမ့်မည်။ သို့ဖြစ်၍ ကပ်ဘေးဒုက္ခ ဆင်းသက်လာသည့်အခါ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိပေ။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် မည်သည့်ခုခံရေးနည်းလမ်းကို သင်အသုံးပြုပါစေ ဂရုစိုက်နေမည် မဟုတ်။ အကယ်၍ သင့်မှာ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ခုခံကာကွယ်နိုင်သော စွမ်းရည်ရှိလျှင် ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်။

သို့မဟုတ်ဘဲ မခုခံနိုင်ခဲ့လျှင် သင်က ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းကို ကျရှုံးသွားလိမ့်မည်။ ထိုအခါ အသက်မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။

“ အမ… ကပ်ဘေးဒုက္ခမိုးတိမ် ရောက်လာနေပြီ… ငါ့အမ အဲ့ဒါကို သေချာပေါက် ဖြတ်ကျော်နိုင်ပါတယ် ”

ကပ်ဘေးဒုက္ခမိုးတိမ်၏ အောက်တွင် ချိုင့်ဝှမ်းတစ်ခု ရှိသည်။ မရေမတွက်နိုင်သော ပန်းပင်များက ချိုင့်ဝှမ်းထဲမှာ ပွင့်လန်းနေကြသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အောက်မှာပင် ထိုပန်းပင်များက မည်သည့်လေဒဏ်မိုးဒဏ်မှ မကြောက်ဘဲ လှပစွာ ပွင့်လန်းနေကြသည်။

ပန်းပေါင်းစုံရနံ့က ထိုပန်းပင်များထံမှ ပျံ့လွင့်နေသည်။ ပန်းပေါင်းစုံရနံ့သည် လေနှင့်အတူ မျောလွင့်သွားပြီး ရေကန်ပေါ်မှ မိန်းမလှလေးဆီသို့ ဦးတည်သွားသည်။ မိန်းမလှလေးသည် ဤအခိုက်အတန့်မှာ ကြာပန်းဖြူတစ်ပွင့်နှင့် ဆင်တူသွားသည်။ ချိုင့်ဝှမ်းထဲမှ ပန်းပင်များသည် မိန်းမလှလေးကို ကူညီပေးရန် ကြိုးစားနေကြသည်။

ချန်းရှီသည် ကပ်ဘေးဒုက္ခမိုးတိမ်အောက်မှာ ရပ်နေသည်။ သူ၏ သေးသွယ်သော လက်ချောင်းများကြားတွင် ပန်းရောင်ပွင့်ချပ်တစ်ချပ် ရှိ၏။ သူက ညင်သာစွာ ခေါင်းမော့လိုက်သည်။ ထိုအခါ ဤလောကမှ အရာအားလုံးကို အရောင်ကင်းမဲ့သွားစေမည့် သူ့မျက်နှာက ထွက်ပေါ်လာသည်။ သူက ကပ်ဘေးဒုက္ခမိုးတိမ်အောက်မှာ ရှိနေသည့်တိုင် တည်ငြိမ်နေသည်။

“ ကျူးအာ… (၁၉)ကြိမ်မြောက် ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခအတွက် ပြင်ဆင်မှုတွေအများကြီး ငါပြုလုပ်ထားခဲ့တယ်… ဒါပေမဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မယ်လို့ ဘယ်သူမှ တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်ရှိစွာ မပြောရဲဘူး… ဘယ်ဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ဘူး… ရှေးလူကြီးတွေ ပြောကြတာက ကပ်ဘေးတွေမှာ သဘာဝကပ်ဘေးနဲ့ လူလုပ်ကပ်ဘေးဆိုပြီး နှစ်မျိုးရှိတယ်… အဲ့ဒါက ကောင်းကင်ဘုံကပ်ဘေးဒုက္ခဆိုရင်တောင် မမြင်နိုင်တဲ့ အန္တရာယ်တွေက ထွက်ပေါ်လာနိုင်တယ်… အဲ့ဒါကို ဖြတ်ကျော်နိုင်မလား မဖြတ်ကျော်နိုင်ဘူးလားဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာပေါ်မှာ မူတည်တယ် ”

ချန်းရှီ၏ စိတ်အခြေအနေသည် ဤအခိုက်အတန့်မှာ အလွန်တည်ငြိမ်နေသည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။

“ ဟုတ်ပြီ… အဲ့ဒါက မဟာကောင်းကင်ဘုံကပ်ဘေးဒုက္ခ မဟုတ်သေးဘူး… အဲ့ဒါက မိစ္ဆာမျိုးနွယ်စု ရင်ဆိုင်ဖြတ်ကျော်ရမယ့် ကပ်ဘေးဒုက္ခတွေထဲက ပထမတစ်ခုဆိုပေမဲ့ ကပ်ဘေးဒုက္ခရဲ့ အဖျက်စွမ်းအားက နင်တောင့်ခံနိုင်တဲ့အရာ မဟုတ်ဘူး… ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဆင်းသက်လာမယ့် ဧရိယာကနေ အမြန်ထွက်သွားပါ… ဘာမှစိတ်မပူပါနဲ့… အမ အဆင်ပြေမှာပါ ”

ချန်းရှီ၏ အမူအရာကို ကြည့်လျှင် သူ့ပုံစံက မထူးမခြားနားရှိနေကြောင်း မြင်ရလိမ့်မည်။ သို့သော် အမှန်မှာ သူက ဤကပ်ဘေးဒုက္ခကျော်လွှားခြင်းကို တခြားလူများထက် ပိုပြီးအလေးထားသည်။

လူသားမျိုးနွယ်စုသည် တာအိုခန္ဓာကိုယ်ဖြင့် မွေးဖွားလာသော မျိုးနွယ်စုဖြစ်သည်။ သူတို့သည် မိုးမြေ၏ ကောင်းချီးပေးမှုကို ရရှိထားကြသည်။ မသေမျိုးကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူအားလုံးသည် သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီးလျှင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကြရသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက အလွန်သန်စွမ်းသော်လည်း အကယ်၍ ယင်းကို သူတို့ဖြတ်ကျော်နိုင်သွားလျှင် မြေအမတနယ်ပယ်သို့ တတ်လှမ်းသွားကြလိမ့်မည်။ အသက်ရှင်နိုင်ခြေက ဆယ်ပုံတစ်ပုံမျှသာဖြစ်သော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ရှိနေသေး၏။

သို့သော်လည်း မိစ္ဆာမျိုးနွယ်စုသည် လူသားမျိုးနွယ်စုနှင့် ကွဲပြားခြားနားသည်။ ရှေးခေတ်ကာလမှာပင် မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းလမ်းစဉ်က အလွန်အမင်း ခက်ခဲကြမ်းတမ်းသည်။ ခြေလှမ်းတိုင်းမှာ သေခြင်းရှင်ခြင်းအခြေအနေများဖြင့် ပြည့်နှက်နေသည်။

မိစ္ဆာသားရဲတစ်ကောင်က အမြူတေဓာတ်လုံးဖွဲ့စည်းနိုင်သွားလျှင် မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရလိမ့်မည်။ ထို့နောက် အရှေ့ဆက်လျှောက်မည့် ခြေလှမ်းတိုင်းမှာ ကောင်းကင်ဘုံကပ်ဘေးဒုက္ခများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ရလိမ့်မည်။ ယင်းကို ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်ဟု ခေါ်ကြသည်။ သို့မဟုတ် မိစ္ဆာကပ်ဘေးဒုက္ခမိုးကြိုးသွား(၈၁)ခုဟုလည်း ဆိုကြသည်။

အမြူတေဓာတ်လုံးက ပထမဆုံးအသွင်သဏ္ဍာန်ပြောင်းလဲခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ မိစ္ဆာတစ်ကောင်သည် ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရလိမ့်မည်။ အဆင့်တစ်ဆင့်တိုင်းမှာ ကပ်ဘေးဒုက္ခမိုးကြိုးသွား(၉)ခုကို ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် အဆင့်ကိုးဆင့်အတွက် ကပ်ဘေးဒုက္ခမိုးကြိုးသွား(၈၁)ခု ရှိသည်။

အကယ်၍ မိစ္ဆာတစ်ကောင်က ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားမည်ဆိုလျှင် ပထမအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းကို ပြီးမြောက်သွားလိမ့်မည်။

ဒုတိယအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ဒုတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ထပ်မံ ဖြတ်ကျော်ရလိမ့်မည်။

ထိုသို့ဖြင့် တတိယအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းကို ရောက်ရှိသွားသည့်အခါ သူက မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။ အမြူတေဓာတ်လုံးက ဆဌမအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းကို ရောက်ရှိသွားသည့်အခါ သူက မဟာမိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။ အကယ်၍ မိစ္ဆာတစ်ကောင်၏ အမြူတေဓာတ်လုံးက နဝမအကြိမ် အသွင်သဏ္ဍာန်ပြောင်းလဲခြင်းကို ရောက်ရှိသွားပြီး နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားမည်ဆိုလျှင် သူက ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်သော မိစ္ဆာသူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်။

သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားသော မိစ္ဆာများသည် ပြိုင်ဘက်ကင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။ သူတို့က ကုန်းမြေကို လွှမ်းမိုးခြယ်လှယ်နိုင်ကြသည်။

ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသည်မှာ ရှေးခေတ်ကာလပြီးနောက် ခရမ်းရွှေကုန်းမြေ၏ မိစ္ဆာမျိုးနွယ်စုထဲမှာ သူတော်စင်တစ်ပါး နောက်ထပ် မပေါ်ထွန်းလာတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာတစ်ကောင်သည် မဟာမိစ္ဆာနယ်ပယ်သို့ ရောက်ရှိသွားပြီးလျှင် မိစ္ဆာဘုံဆီသို့ တိုက်ရိုက် တတ်လှမ်းသွားလိမ့်မည်။ မဟာမိစ္ဆာများသည် ခရမ်းရွှေကုန်းမြေထဲမှာ အလွန်သန်မာသော တည်ရှိမှုများ ဖြစ်ကြသည်။ အရှေ့သို့ ဆက်လျှောက်သွားမည့် သူတို့၏ ခြေလှမ်းတိုင်းမှာ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်ရလိမ့်မည်။ ခြေလှမ်းတိုင်းက သေခြင်းတရားနှင့် ယှဉ်တွဲနေသည်။ မဟာမိစ္ဆာအဆင့်သို့ ရောက်ရှိပြီးသော မိစ္ဆာများသည် ကုန်းမြေအတွင်းမှာ သူတို့စိတ်ကြိုက်လုပ်ဆောင်နိုင်ကြသည်။

ကံမကောင်းစွာပင် မိစ္ဆာဘုံထဲတွင် မဟာမိစ္ဆာတစ်ပါး မပေါ်ထွန်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီ ဖြစ်သည်။ မိစ္ဆာဘုံထဲမှာပင် မဟာမိစ္ဆာများက အရေအတွက်အနည်းငယ်သာ ရှိ၏။ သို့ဖြစ်လေရာ မိစ္ဆာသူတော်စင်များကိုတော့ စကားထဲထည့်ပြောနေရန် မလိုတော့ပေ။

အရိုးသားဆုံးပြောရလျှင် မသေမျိုးကျင့်ကြံခြင်းလောကမှ တန်ခိုးရှင်များသည် ပိုင်ဟူနှင့် တခြားမဟာမိစ္ဆာဘုရင်ရှစ်ကောင်ကို မိစ္ဆာဘုရင်များဟု ခေါ်ကြသော်လည်း အမှန်မှာ သူတို့က အစစ်အမှန် မိစ္ဆာဘုရင်များ မဟုတ်ကြချေ။ သူတို့သည် မိစ္ဆာဘုရင်နယ်ပယ်ဆီသို့ ခြေမချရသေးပေ။ တစ်စုံတစ်ယောက်သည် စစ်မှန်သော မိစ္ဆာဘုရင်တစ်ပါးဖြစ်ချင်လျှင် တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်ရမည်။

လက်ရှိအချိန်တွင် မိစ္ဆာမျိုးနွယ်စု၏ အလုံစုံအင်အားက နိမ့်ကျနေသည်။ ထို့ကြောင့် ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအား ဖြတ်ကျော်နိုင်သော မိစ္ဆာများကို မိစ္ဆာဘုရင်များဟု သတ်မှတ်လိုက်ကြသည်။ အမှန်မှာ သူတို့သည် မိစ္ဆာဘုရင်ဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်ကြချေ။

သို့မဟုတ်လျှင် ဝိညာဉ်သန္ဓေတည်နယ်ပယ်မှာရှိသော တန်ခိုးရှင်တစ်ပါးက အစစ်အမှန် မိစ္ဆာဘုရင်တစ်ပါးအား ရင်ဆိုင်ရန် အခွင့်အရေးတစ်ခုပင် ရရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ ပိုင်ဟူဆီမှာသာ အစစ်အမှန် မိစ္ဆာဘုရင်တစ်ပါး၏ စွမ်းအားရှိလျှင် တန်ခိုးရှင်ချင်းယွမ်သည် သူ့နောက်သို့ ရေဆုံးမြေဆုံး လိုက်ဖမ်းဝံ့လိမ့်မည် မဟုတ်ချေ။ ယင်းအစား သူကသာ ကမ္ဘာမြေအဆုံးထိ ထွက်ပြေးနေရလိမ့်မည်။ တန်ခိုးရှင်ချင်းယွမ် ဆယ်ယောက်ရှိလျှင်ပင် သူက အစစ်အမှန် မိစ္ဆာဘုရင်တစ်ပါး၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

မိစ္ဆာမျိုးနွယ်စုထဲတွင် ပညာရှင်များ ရှားပါးနေရခြင်းက မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် အလွန်အမင်း ခက်ခဲသောကြောင့် ဖြစ်၏။ အထူးသဖြင့် တတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၊ ဆဌမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခနှင့် နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခတို့ ဖြစ်ကြသည်။ ထိုအဆင့်သုံးဆင့်သည် လုံးဝ မဖြတ်ကျော်နိုင်လုနီးပါး အလွန်အမင်း ခက်ခဲသည်။ ယင်းတို့က မိစ္ဆာများအတွက် အလွန်ကြီးမားသော စိန်ခေါ်မှုသုံးခု ဖြစ်သည်။ ထိုအဆင့်သုံးဆင့်မှာ ကျဆုံးသွားခဲ့ကြသော မိစ္ဆာများသည် ဒုနှင့်ဒေးပင်။

ယခု ချန်းရှီသည် ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ရင်ဆိုင်ဖြတ်ကျော်ရတော့မည်။ တခြားမိစ္ဆာများအတွက်တော့ ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သိပ်အရေးမကြီးပေ။ သို့သော်လည်း ချန်းရှီအတွက်တော့ ယင်းက အလွန်အမင်း အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် သူက အပင်မိစ္ဆာဖြစ်နေသောကြောင့် ဖြစ်၏။ အပင်မိစ္ဆာများနှင့် တခြားမိစ္ဆာများကြားမှာ ကြီးမားသော ခြားနားမှုရှိသည်။ တခြားမိစ္ဆာများသည် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသွားလျှင် လူသားအသွင်သို့ ပြောင်းလဲနိုင်ကြသည်။ ထို့ပြင် သူတို့က လူသားခန္ဓာကိုယ်မှ မိစ္ဆာခန္ဓာကိုယ်ကို အလွယ်တကူ ပြောင်းလဲနိုင်ကြသည်။ သို့သော် အပင်မိစ္ဆာများသည် အစစ်အမှန် အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ရန်အလို့ငှာ ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားကို ချေးငှားရလိမ့်မည်။ သို့မှသာ သူတို့က နေရာကန့်သတ်မှုကို နောက်ထပ် တွေ့ကြုံရတော့မည်မဟုတ်ဘဲ မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်လိမ့်မည်။

“ ဟွန့်… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲဘုရင်တွေက ငါ့အမ ကပ်ဘေးဒုက္ခကျော်လွှားနေတာကို ဘာလို့ လာမစောင့်ရှောက်ပေးကြတာလဲ… အတိတ်မှာ သူတို့ကို မိစ္ဆာကျင့်စဉ်တွေ ပေးခဲ့တာ အလကားပဲ… ငါ့အမ ဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့က ပုန်းအောင်းနေကြတယ် ”

ဇာမဏီငှက်သည် နှုတ်ခမ်းဆူလိုက်ပြီး ဒေါသတကြီး ပြောသည်။ သူ၏ မျက်လုံးထဲမှာ ခါတိုင်းကဲ့သို့ အပျော်အပါးမက်မှု မရှိတော့ပေ။ ယင်းအစား စိုးရိမ်ပူပန်သော အကြည့်က အစားထိုး ထွက်ပေါ်နေသည်။ ရံဖန်ရံခါ သူက စိတ်ဆိုးစွာ ပြောသည်။ သူ၏ ခွန်အားဖြင့် မခုခံနိုင်သော အန္တရာယ်တစ်စုံတစ်ရာ ထွက်ပေါ်လာလိမ့်မည်ကို သူစိုးရိမ်နေခြင်း ဖြစ်သည်။

အခန်း(၃၀၂)

“ ကျူးအာ… မင်းပြောတာ မှားတယ်… ချန်းရှီက ကပ်ဘေးဒုက္ခကို ကျော်လွှားတော့မယ်… ငါသီရှီထျန်က သူကပ်ဘေးဒုက္ခကျော်လွှားတာကို အကူအညီမပေးနိုင်ပေမဲ့ သူ့ကို နှောင့်ယှက်မယ့် လူတွေကိုတော့ ခုခံတားဆီးပေးနိုင်ပါတယ်… ချန်းရှီ ကပ်ဘေးဒုက္ခကျော်လွှားတာကို တားဆီးမယ့်လူတွေက ငါ့ရဲ့ ခွင့်ပြုချက်နဲ့ ငါ့လက်ထဲက ကျားဝိညာဉ်ဓားမော့ရဲ့ ခွင့်ပြုချက်ကို အရင်တောင်းခံရလိမ့်မယ် ”

ကြီးကျယ်မြင့်မြတ်သော စကားသံက လေထဲမှာ ပဲ့တင်ထပ်သွားပြီး ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာသည်။ အသံသည် ဖော်မပြနိုင်အောင် တည်ငြိမ်သည်။ သို့တိုင် ယင်းထဲမှာ အကန့်အသတ်မဲ့သော ခြိမ်းခြောက်မှုက ကိန်းအောင်းနေသည်။ သိုဖြစ်၍ ထိုစကားသံကို ကြားလိုက်ရသော လူများသည် ချွင်းချက်မရှိ တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

“ အမ… အကိုသီရောက်လာပြီ… ကျူးအာသိတယ်… ကပ်ဘေးဒုက္ခမိုးတိမ်ကို မြင်တာနဲ့ အကိုသီ အပြေးရောက်လာလိမ့်မယ်ဆိုတာ… ငါ့ရဲ့ ခန့်မှန်းမှုက မမှားဘူး ”

ကျူးအာသည် အသံထွက်ပေါ်လာသော အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ လေထဲတွင် မိစ္ဆာလေကို စီးနင်း၍ အပြေးအလွှားရောက်လာသော အနက်ရောင်ပုံရိပ်ကို မြင်သွားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။

“ ဟီး ဟီး… အကိုသီက တကယ်တော်တယ်… သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲက မိစ္ဆာသားရဲတွေကိုတောင် ခေါ်ဆောင်လာတယ် ”

“ ဝှစ် ”

မိစ္ဆာလေကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် သီရှီထျန်သည် ကောင်းကင်ပေါ်မှ အမြန်ဆင်းသက်လာသည်။ သူ့အနောက်တွင် ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများက လိုက်ပါလာကြသည်။ သီရှီထျန်သည် ချိုင့်ဝှမ်းထဲမှာ ခြေချပြီးလျှင် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။

“ ချန်းရှီ ကပ်ဘေးဒုက္ခကျော်လွှားနေတာကို ငါမလာလို့ ဘယ်ဖြစ်မလဲ ”

သီရှီထျန်သည် ရေကန်ပေါ်မှ ချန်းရှီကို ကြည့်လိုက်သည်။ ချန်းရှီက ကပ်ဘေးဒုက္ခမိုးတိမ်ကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နေကြောင်း သူမြင်သွားသောအခါ တစ်ဖက်လူအပေါ် ချီးကျူးလေးစားသွားသည်။

“ မြန်လိုက်တဲ့ သီရှီထျန်… မင်းက ငါ့ထက်အရင် ရောက်လာတယ်… ”

ဘန်း… ဘန်း… ဘန်း…

ထိုစဉ် အလွန်ကျယ်လောင်သော ခြေလှမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မကြာမီ တောင်ကုန်းငယ်တစ်ခုပမာ အရွယ်အစားကြီးမားသော အနက်ရောင်မျောက်ဝံဘုရင်က ချိုင့်ဝှမ်းထဲသို့ ပြေးဝင်လာသည်။

“ ကျီး… ”

နားဝင်စူးရှသော မြည်သံက ချိုင့်ဝှမ်း၏ တောင်ပိုင်းအရပ်မှ ထွက်ပေါ်လာသည်။ မြည်သံ ထွက်ပေါ်လာပြီး သိပ်မကြာမီ နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော တိမ်တိုက်တစ်ခုက ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုတိမ်တိုက်က သရဖူနီကြိုးကြာဘုရင်ဖြစ်ကြောင်း မြင်ရလိမ့်မည်။ သရဖူနီကြိုးကြာဘုရင်သည်လည်း ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အမြန်ပျံသန်းလာနေသည်။

အဖြူရောင်တိမ်တိုက်သည် သရဖူနီကြိုးကြာဘုရင် ဖြန့်ထုတ်ထားသော အတောင်ပံများမှလွဲ၍ တခြားမဟုတ်ပေ။ တောင်ပိုင်းမြေရိုင်းဒေသ၏ မိစ္ဆာသားရဲဘုရင်တစ်ပါးအနေဖြင့် သရဖူနီကြိုးကြာဘုရင်သည် သာမန်မဟုတ်ပေ။ ပုံမှန်အားဖြင့် သရဖူနီကြိုးကြာဘုရင်သည် သစ်ပင်ပေါ်မှာ သူရပ်နားသည့်အခါ အတောင်ပံများကို ရုပ်သိမ်းထားလေ့ရှိသည်။ ထိုအခါ သူက အဖြူရောင်သမင်တစ်ကောင်နှင့် ဆင်တူသွားသည်။

သို့သော်လည်း ကောင်းကင်ပေါ်သို့ သူပျံသန်းသွားပြီး သူ၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်သည့်အခါ အဖြူရောင်ငှက်မွှေးများက ကောင်းကင်၏ ဧရိယာအများအပြားကို ဖုံးအုပ်သွားသည်။ သေချာတိုင်းတာမည်ဆိုလျှင် သူ၏ အတောင်ပံများက ပေသုံးဆယ် သို့မဟုတ် ပေလေးဆယ်ခန့် ရှည်လျားသည်။

ကောင်းကင်ပေါ်မှာ သရဖူနီကြိုးကြာဘုရင် ထွက်ပေါ်လာသည့်အခါ မွန်မြတ်သန့်စင်သော အရှိန်အဝါက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ထူးခြားချက်မှာ သူ့တစ်ကိုယ်လုံးက အဖြူရောင်ဖြစ်သော်လည်း သူ၏ ဦးခေါင်းထိပ်ပေါ်မှာ အနီရောင်အစက်ကြီးတစ်စက် ရှိသည်။ သူက လေထဲမှာ ပျံသန်းနေစဉ် ခေါင်းကို မြင့်မြင့်မော့ထားသည်။ ယင်းက သူ့ကို ပိုပြီးမြင့်မြတ်ထည်ဝါစေသည်။

“ အမကြိုးကြာလည်း ရောက်လာပြီ ”

ဇာမဏီငှက်သည် တောင်ပိုင်းမြေရိုင်းဒေသ၏ မင်းသမီးလေး ဖြစ်သည်။ မိစ္ဆာသားရဲဘုရင်အားလုံးကို သူသိကျွမ်းသည်။ သူက ယောင်္ကျားလေးများကို အကိုဟုခေါ်ပြီး မိန်းကလေးများကို အမဟု ခေါ်သည်။ သို့ဖြစ်၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးက သူ၏ အကိုအမများ ဖြစ်ကြသည်။ သူ၏ ကလေးအတွေးအရ သူ့မှာ အကိုအမများ အများကြီး ရှိမည်ဆိုလျှင် သူအန္တရာယ်ကြုံသည့်အခါ သူတို့က သူ့ကို ကာကွယ်စောင့်ရှောက်ပေးကြလိမ့်မည်။ အကိုအမများ၏ စောင့်ရှောက်ပေးမှုဖြင့်ဆိုလျှင် မည်သည့်အရာကိုမှ သူကြောက်စရာလိုတော့မည် မဟုတ်ချေ။

“ အမချန်းရှီက ကပ်ဘေးဒုက္ခကျော်လွှားနေတာ… ညီမတစ်ယောက်အနေနဲ့ ငါမလာလို့ဘယ်ဖြစ်မလဲ… ကပ်ဘေးဒုက္ခကျော်လွှားတာကို ဘယ်သူပဲအနှောင့်အယှက်ပေးပါစေ သူ့ကို ငါသတ်ပစ်မယ်… တကယ်လို့ ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင် အမချန်းရှီရဲ့ ဆံခြည်မျှင်တစ်မျှင်ကို မထိခိုက်စေရဘူး ”

အဖြူရောင်တိမ်တိုက်နှင့် ဆင်တူသော သရဖူနီကြိုးကြာဘုရင်သည် ကောင်းကင်ပေါ်မှ မြန်ဆန်စွာ ဆင်းသက်လာသည်။ သူက ကပ်ဘေးဒုက္ခမိုးတိမ်အောက်မှာ ရပ်နေသော ချန်းရှီကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

ချန်းရှီ၏ အေးဆေးတည်ငြိမ်သော အမူအရာကို သတိထားမိသောအခါ ချီးကျူးလေးစားမှုက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟီး ဟီး… အကိုသီရော အနက်ရောင်မျောက်ဝံရော ဒီနေရာမှာ ရှိနေကြပြီ… အခု အမကြိုးကြာလည်း ရောက်လာပြီ… အနံ့ဆိုးကျီးကန်းနဲ့ ရွှေခြင်္သေ့လည်း မကြာခင် ရောက်လာကြလိမ့်မယ်… ပြီးတော့ အမမဒူဆာလည်း ရှိသေးတယ်… အမမဒူဆာက အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသွားပြီ… သူရောက်လာတဲ့အခါ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းရဲ့ ခုခံကာကွယ်မှုက ပိုပြီးအားကောင်းသွားလိမ့်မယ်… ဒီနေရာက သံမဏိလှောင်ချိုင့်လိုဖြစ်လာပြီး ဘယ်သူမှ အထဲဝင်ရောက်နိုင်တော့မှာ မဟုတ်ဘူး ”

ဇာမဏီငှက်က ဝမ်းသာပျော်ရွှင်စွာ ပျော်သည်။ သူက ခေါင်းမော့လိုက်ပြီး လေးနက်စွာ ပြောသည်။

“ အမက ကပ်ဘေးဒုက္ခမရင်ဆိုင်ခင်မှာ တစ်ခုပြောသွားတယ်… ဒီတစ်ကြိမ် မိစ္ဆာကပ်ဘေးဒုက္ခက ကောင်းကင်ဘုံကပ်ဘေးဒုက္ခတစ်ခုတည်း မဟုတ်ဘူးတဲ့… ပြင်ပကပ်ဘေးဒုက္ခတစ်ခုလည်း ပါဝင်နေတယ် ”

ပြင်ပကပ်ဘေးဒုက္ခသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခပြီးနောက် ဖြစ်ပေါ်လာသော တခြားကပ်ဘေးဒုက္ခကို ရည်ရွယ်သည်။ ဥပမာ မိစ္ဆာတစ်ကောင်သည် ကပ်ဘေးဒုက္ခကျော်လွှားပြီးလျှင် အားနည်းသွားလိမ့်မည်။ ထိုအချိန်မှာ ရန်သူတစ်ယောက်က ပေါ်ထွက်လာပြီး သူ့ကို တိုက်ခိုက်မည်ဆိုလျှင် အသက်အန္တရာယ်ကြုံရနိုင်သည်။

ယင်းကို ပြင်ပကပ်ဘေးဒုက္ခဟု ဆိုသည်။ ယင်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ကပ်ဘေးဒုက္ခ ဖြစ်သည်။ ပြင်ပကပ်ဘေးဒုက္ခကို မည်သူမှ ကြိုမမြင်နိုင်ပေ။ ယင်းကို ခန့်မှန်းရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခကျော်လွှားမည့် လူများသည် သီးခြားတိတ်ဆိတ်သော နေရာများနှင့် လျှို့ဝှက်နေရာများကို ရွေးချယ်ကြလေ့ရှိသည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က မမြင်နိုင်သော အန္တရာယ်များကို ကြိုကာကွယ်နိုင်လိမ့်မည်။

သီရှီထျန်သည် ထိုအချက်ကို ရှင်းလင်းစွာ နားလည်ထားသည်။ အတိတ်တွင် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို မဒူဆာကျော်လွှားနေစဉ် လီမိသားစုဘိုးဘေး၏ ချောင်းမြောင်းလုပ်ကြံခြင်းခံခဲ့ရသည်။ သူက အသတ်ခံရလုနီးပါး အခြေအနေဖြင့် တွေ့ကြုံခဲ့ရသည်။ သူ၏ ခွန်အားက လီမိသားစုဘိုးဘေး၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသောကြောင့် မဟုတ်လျှင် သူက ထိုနေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်သည်။

အတိတ်မှ ထိုမတော်တဆမှုက သူ့အား သင်ခန်းစာတစ်ခုပေးခဲ့သည်။ ဤသို့ဆိုရိုးစကားရှိသည်။ “ ကျွင်းထဲ တစ်ခါပြုတ်ကျဖူးသူက နောက်တစ်ကြိမ် ပြုတ်မကျစေဖို့ အောက်ကို ကြည့်လျှောက်ရမယ် ”

ထိုသို့မတော်တဆမှု နောက်တစ်ကြိမ် ဖြစ်မလာရန် သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များက ချန်းရှီကို ကာကွယ်စောင့်ရှောက်ပေးရန် အသင့်ပြင်လိုက်ကြသည်။ ယုတ်မာရက်စက်သော မသေမျိုးကျင့်ကြံသူများ ထွက်ပေါ်လာပြီး ကပ်ဘေးဒုက္ခအား ဝင်နှောင့်ယှက်မည်ကို သူတို့တားဆီးလိမ့်မည်။

“ ဒုန်း… ဒုန်း… ဒုန်း ”

မြေကြီးက အပြင်းအထန် တုန်လှုပ်သွားသည်။ အနက်ရောင်မျောက်ဝံဘုရင်သည် ချိုင့်ဝှမ်း၏ အရှေ့သို့ ရောက်ရှိလာသည်။ သူက ရည်ရွယ်ချက်ရှိစွာ သူ၏ ခန္ဓာကိုယ်အရွယ်အစားကို ကျုံ့လိုက်သည်။ သို့တိုင် သူက ကင်းကောင်သဖွယ် လေးမီတာငါးမီတာခန့် ရှည်လျားနေဆဲပင်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အမွှေးအမျှင်များက သံမဏိအပ်များသဖွယ် ထောင်မတ်နေပြီး သူ၏ ရင်အုံက ကျောက်ဆောင်ပမာ အလွန်မာကျောပုံပေါ်သည်။ အနက်ရောင်မျောက်ဝံဘုရင်သည် ချိုင့်ဝှမ်းထဲသို့ ရောက်လာပြီးလျှင် သူ၏ ရင်ဘက်ကို တဒုန်းဒုန်း ထုရိုက်လိုက်သည်။ သူက ကျယ်လောင်စွာ ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သည်။

သူက သီရှီထျန်နှင့် သရဖူနီကြိုးကြာဘုရင်ကို မြင်သွားသောအခါ စပ်ဖြဲဖြဲ ပြုံးလိုက်သည်။ သူက ဝမ်းသာအားရ ပြောသည်။

“ အကိုသီ… အမကြိုးကြာ… မင်းတို့က ငါ့ထက်အရင် ကြိုရောက်နေတာပဲ… မင်းတို့နဲ့ မတွေ့ရတာ အတော်ကြာသွားပြီ… အကိုသီ မင်းရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မျောက်တွေက မျောက်မင်းဝိုင်ကို ဘယ်လိုချက်လုပ်ရမလဲသိတယ်ဆို… အမချန်းရှီ ကပ်ဘေးဒုက္ခကျော်လွှားပြီးသွားရင် ငါ့ကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ဖိတ်ခေါ်ပါလား… မျောက်မင်းဝိုင်ကို ငါမြည်းစမ်းကြည့်ချင်တယ် ”

အနက်ရောင်မျောက်ဝံဘုရင်သည် စကားပြောနေစဉ် မျက်လုံးဝင်းလက်သွားသည်။ သူက လျှာထုတ်၍ နှုတ်ခမ်းသပ်လိုက်သည်။ သွားရည်သည်ပင် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ အနက်ရောင်မျောက်ဝံဘုရင်သည် ဝိုင်ကြိုက်သူ ဖြစ်သည်။ ကံမကောင်းသည်မှာ သူက မျောက်မင်းဝိုင်ကို မည်သို့ချက်လုပ်ရမည်ဖြစ်ကြောင်း မသိပေ။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာလည်း ဝိုင်ချက်လုပ်နိုင်သော မျောက်မျိုးနွယ်စုတစ်ခုရှိသည်။ အနက်ရောင်မျောက်ဝံဘုရင်သည် အလုပ်မရှိသည့်အခါ ထိုမျောက်မျိုးနွယ်စုဆီသို့ သွားရောက်၍ ဝိုင်ခိုးသောက်လိမ့်မည်။

ထို့ကြောင့် မျောက်များသည် အနက်ရောင်မျောက်ဝံဘုရင်ကို မြင်သည်နှင့် သူတို့၏ ဝိုင်များကို အမြန်ဖွက်ထားကြလိမ့်မည်။ ထိုမိစ္ဆာသားရဲဘုရင်သည် အမှန်တကယ် အရှက်ကင်းမဲ့သည်။

“ ဒါဆို အကိုကင်းကောင်အားတဲ့အခါ ကျုပ်ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ လာခဲ့ပါ… ခင်ဗျားကို ကျုပ်ကြိုဆိုပါတယ် ”

သီရှီထျန်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ငါ့ကိုပါ ထည့်တွက်လိုက်ပါ ”

ထိုစဉ် ခေါင်းသုံးလုံးရွှေခြင်္သေ့က ချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာသည်။ သူ့မှာ ခေါင်းသုံးလုံးရှိသော်လည်း သူ၏ ဘယ်ဘက်ဦးခေါင်းနှင့် ညာဘက်ဦးခေါင်းက အမြဲတမ်း မျက်စိမှိတ်ထားသည်။ အလယ်ဦးခေါင်းသာလျှင် ပုံမှန်အတိုင်း ရှိသည်။ ယင်းက အလွန်ထူးဆန်းသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်သည်လည်း ဤနေရာသို့ ရောက်ရှိလာသည်။ အစောနက စကားကို ပြောလိုက်သူက ရွှေခြင်္သေ့ဘုရင်မှလွဲ၍ တခြားလူမဟုတ်ပေ။ သီရှီထျန်ကို သူကြည့်သော အကြည့်က အတိတ်တုန်းကနှင့် ခြားနားသွားသည်။

“ ရွှတ် ”

ထိုစဉ် ရောင်စုံအလင်းတန်းများက ကောင်းကင်ယံမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ရောင်စုံဝတ်စုံဝတ်ဆင်ထားပြီး ကြော့ရှင်းလှပသော အမျိုးသမီးတစ်ယောက်က ကောင်းကင်ပေါ်မှ ရုတ်တရက် ဆင်းသက်လာသည်။ ရောင်စုံဝတ်စုံအောက်တွင် သူ၏ ခန္ဓာကိုယ်အရှိုက်အဝန်းများက ထင်သာမြင်သာစွာ ပေါ်လွင်နေသည်။ သူက မဒူဆာမှလွဲ၍ တခြားမဟုတ်ပေ။

မဒူဆာသည် သူ၏ လက်ထဲမှာ ထူးဆန်းသော ကြေးမုံတစ်ချပ်ကို ကိုင်ထားရင်း သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များကို မထူးမခြားနား ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။

“ နင်တို့တွေ ဒီကို ရောက်လာကြတာ အမချန်းရှီရဲ့ ကျေးဇူးတရားကို မမေ့လို့ပဲ… ဒါပေမဲ့ အခုချိန်က စကားပြောနေရမယ့်အချိန် မဟုတ်ဘူး… နင်တို့တွေ လူစုခွဲကြပါ… ချိုင့်ဝှမ်းရဲ့ အရပ်မျက်နှာအသီးသီးမှာ ကိုယ်စီတာဝန်ယူပြီး စောင့်ကြပ်ကြပါ… ယင်ကောင်တစ်ကောင်တောင် ချိုင့်ဝှမ်းထဲ ဝင်မလာပါစေနဲ့… ဒီတစ်ကြိမ် ကပ်ဘေးဒုက္ခက အမချန်းရှီအတွက် အရမ်းအရေးကြီးတယ်… နည်းနည်းမှ အမှားပါသွားလို့မဖြစ်ဘူး… တကယ်လို့ ပြင်ပကပ်ဘေးဒုက္ခ ရှိလာမယ်ဆိုရင်တောင် အဲ့ဒါကို ငါတို့တွေ ကာကွယ်ပေးရမယ် ”

ကောင်းကင်ယံတွင် မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်က တဖြည်းဖြည်း ပိုပြီးသိပ်သည်းလာသည်။ အနက်ရောင်မိုးတိမ်၏ အရွယ်အစားက ကြီးမားသထက် ကြီးမားလာသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဘုံအင်အားက ပိုပြီးသန်စွမ်းလာသည်။

ကောင်းကင်ဘုံအင်အား၏ ဖိနှိပ်မှုအောက်မှာ ချိုင့်ဝှမ်းထဲမှ ပန်းပင်များက အလျှင်အမြန် ညှိုးနွမ်းသွားကြသည်။ သို့သော်လည်း ပန်းပင်များသည် မညှိုးနွမ်းသွားမီ ၎င်းတို့၏ အနှစ်သာရနှင့် ချီကို ချန်းရှီထံသို့ လွှဲပြောင်းပေးလိုက်ကြသည်။

မိစ္ဆာကပ်ဘေးဒုက္ခက မကြာခင် စတင်လာတော့မည်။

မဒူဆာသည် တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ချန်းရှီပြီးနောက် အမြူတေဓာတ်လုံးဖွဲ့စည်းထားနိုင်သော ဒုတိယမြောက် အစစ်အမှန်မိစ္ဆာ ဖြစ်သည်။ ထို့ကြောင့် တခြားမိစ္ဆာသားရဲဘုရင်များကို သူအမိန့်ပေးနေခြင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။

သူ့အမိန့်ကို ရရှိသွားသောအခါ အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် ယခုအချိန်က စကားပြောနေရမည့်အချိန်မဟုတ်ကြောင်း နားလည်သွားကြသည်။ သူတို့က ချိုင့်ဝှမ်း၏ အရပ်မျက်နှာအသီးသီးဆီသို့ ပြေးသွားကြပြီး သတိကြီးစွာထား၍ စောင့်ကြပ်လိုက်ကြသည်။ သီရှီထျန်သည် ချိုင့်ဝှမ်း၏ အရှေ့ဘက်အရပ်မှာ စောင့်ကြပ်လိုက်သည်။

ချီဟောင်နှင့် တခြားမိစ္ဆာသားရဲများသည်လည်း အရပ်မျက်နှာအသီးသီးဆီသို့ အမြန်ခွဲထွက်သွားကြသည်။ သူတို့က စူးရှတောက်ပသော မျက်လုံးများဖြင့် သူတို့၏ ဘေးပတ်ဝန်းကျင်ကို စောင့်ကြပ်လိုက်ကြသည်။

အခန်း(၃၀၃)

“ ကျီး ”

ကောင်းကင်ယံတွင် နားဝင်စူးရှသော အက်ရှရှမြည်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သာယာနာပျော်ဖွယ်မကောင်းသော မြည်သံများက တရစပ် ပဲ့တင်ထပ်လာသည်။ ယခုအချိန်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်မည်ဆိုလျှင် အဝေးတစ်နေရာ၌ မရဏကျီးကန်းဘုရင်က မရဏကျီးကန်းအုပ်စုကို ခေါ်ဆောင်၍ ချိုင့်ဝှမ်းဆီသို့ ပျံသန်းလာနေကြောင်း မြင်ရလိမ့်မည်။

မရဏကျီးကန်းဘုရင်သည် ချိုင့်ဝှမ်းထဲမှ မြင်ကွင်းကို မြင်သွားသောအခါ ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ မရဏကျီးကန်းမျိုးနွယ်က လေထဲမှာ အုပ်စုကိုးစု ခွဲထွက်သွားကြပြီး ချိုင့်ဝှမ်း၏ အရပ်မျက်နှာအသီးသီးဆီသို့ ပျံသန်းသွားကြသည်။ မရဏကျီးကန်းအုပ်စုကိုးစုသည် လေထဲမှာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပျံသန်းနေရင်း စောင့်ကြပ်ပေးလိုက်ကြသည်။

“ ဂျိန်း… ဂျလိန်း… ”

ကပ်ဘေးဒုက္ခမိုးတိမ်ထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံများ မရပ်မစဲ ပဲ့တင်ထပ်လာသည်။ မိုးခြိမ်းသံများက ကောင်းကင်ဘုံ၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့် ဆင်တူသည်။ ယင်းက ကောင်းကင်ဘုံအင်အား ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည်ပင် ဒြပ်ထည်ရှိသွားဟန် ရ၏။

“ ဒီကပ်ဘေးဒုက္ခကို ငါဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်တယ် ”

ချန်းရှီသည် ခေါင်းမော့လိုက်ပြီး ကပ်ဘေးဒုက္ခမိုးတိမ်ကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။

ကပ်ဘေးဒုက္ခမိုးတိမ်က အထွတ်အထိပ်အခြေအနေသို့ ရောက်ရန် စွမ်းအားစုစည်းနေခြင်းဖြစ်ကြောင်း ချန်းရှီ သိသည်။ စွမ်းအင်စုစည်းသွားပြီးလျှင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဒုက္ခမိုးကြိုးသွားက မြေကြီးပေါ်သို့ ကျဆင်းလာလိမ့်မည်။ ယခုအခြေအနေကို ကြည့်ရသည်မှာ ထိုသို့ဖြစ်လာရန် သိပ်မလိုတော့ဟန် ရ၏။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခမိုးတိမ် ထွက်ပေါ်လာသည့်အခိုက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ ထွက်ပေါ်လာပြီး သူ့ကို ပစ်မှတ်ထားလိုက်ကြောင်း ချန်းရှီ ခံစားမိခဲ့သည်။ သူ၏ အရှိန်အဝါရှိနေသေးသရွေ့ ကပ်ဘေးဒုက္ခမိုးတိမ်က မည်သည့်အခါမှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။

အကယ်၍ ကပ်ဘေးဒုက္ခမိုးကြိုးသွားကို သူမခုခံနိုင်လျှင် သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလိမ့်မည်။ သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ ရောက်လာသည်ကို မြင်သောအခါ ချန်းရှီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤနှစ်များတွင် သူ၏ သနားကြင်နာမှုက အလဟဿမဖြစ်သွားပေ။

… … …

“ ဂိုဏ်းတူအမ… အဲ့ဒါ တောင်ပိုင်းမြေရိုင်းဒေသပဲ… ငါတို့တွေ တကယ်ပဲ မိစ္ဆာသားရဲဘုရင်တစ်ကောင်ကို သွားဖမ်းမလို့လား… ငါ့အထင် ငါတို့ရဲ့ စွမ်းရည်အရ အဲ့လိုမလုပ်နိုင်လောက်ဘူး ”

“ ဟုတ်ပါတယ် ဂိုဏ်းတူအမ… ငါ့အမြင်မှာတော့ မိစ္ဆာသားရဲတချို့ကို ဖမ်းဆီးသွားပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် အကျိုးပြုအမှတ်တွေနဲ့ လဲလှယ်တာက ပိုပြီးကောင်းလိမ့်မယ်… မိစ္ဆာသားရဲဘုရင်တစ်ပါးနဲ့ ရင်ဆိုင်တာက အရမ်းအန္တရာယ်တယ်… ဘာလို့ အဲ့ဒီအစီအစဉ်ကို မေ့မပစ်တာလဲ ”

ထိုစဉ် တောင်ပိုင်းမြေရိုင်းဒေသ၏ အနီးနားမှာရှိသော တောင်ကုန်းတစ်ခုပေါ်ဝယ် ကျင့်ကြံသူကိုးယောက်ပါဝင်သော အုပ်စုတစ်စုက မတ်တတ်ရပ်နေကြသည်။ သူတို့အုပ်စု၏ ခေါင်းဆောင်က အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီးသည် သူရဲကောင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်နှာအမူအရာက အလွန်မောက်မာထောင်လွှားသည်။ ဤသည်မှာ သူက လူတိုင်းထက် သာလွန်မြင့်မြတ်သည့်အလားပင်။ သူက တခြားလူများကို ပုရွက်ဆိတ်များသဖွယ် အထင်သေးရှုံ့ချစွာ ကြည့်နေသည်။

ရှင်းလင်းစွာပင် ထိုအမျိုးသမီးသည် သူတို့ပြောနေသော ဂိုဏ်းတူအမဆိုသူ ဖြစ်သည်။ ဂိုဏ်းတူအမကို ဖယ်လိုက်လျှင် သူတို့အုပ်စုထဲမှာ စုစုပေါင်း ကျင့်ကြံသူရှစ်ယောက် ရှိသည်။ ယောင်္ကျားလေးငါးယောက်နှင့် မိန်းကလေးသုံးယောက် ဖြစ်သည်။ သူတို့အားလုံးက အလွန်ငယ်ရွယ်ကြသည်။

ထို့ပြင် မိန်းကလေးများသည် အလွန်အမင်း ချောမောလှပကြသည်။ သူတို့က မြင်ရသူကို မျက်စိပဒေသာရှိစေသည်။

“ မေ့လိုက်ရမယ်ဟုတ်လား… ငါတို့အရှေ့မှာ ရှိနေတာက မဟာအခွင့်အရေးကြီး… ဟိုးကို ကြည့်လိုက်… ”

မိန်းကလေးသည် သူ့အနောက်မှ ကျင့်ကြံသူများ၏ စကားကို အထင်သေးရှုံ့ချစွာ ပြန်တုံ့ပြန်လိုက်သည်။ သူက ယုံကြည်မှုရှိသော အမူအရာဖြင့် တောင်ပိုင်းမြေရိုင်းဒေသ၏ ဦးတည်ရာဆီသို့ ညွှန်ပြလိုက်သည်။

“ တကယ်လို့ ငါ့အထင်မမှားရင် အဲ့ဒါက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခပြီးနောက် ထွက်ပေါ်လာတဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့် ဖြစ်ရမယ်… ကြည့်ရတာ မိစ္ဆာသားရဲဘုရင်တစ်ပါးက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ကျော်လွှားဖို့ ကြိုးစားနေတာဖြစ်ရမယ်… အဲ့ဒါက ဘယ်အဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခလဲ ငါမသိပေမဲ့ ကပ်ဘေးဒုက္ခဖြတ်ကျော်တာ ကျရှုံးသွားမယ်ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်က ကောင်းကင်ဘုံမိုးကြိုးသွားရဲ့ ဖျက်ဆီးတာခံရလိမ့်မယ်… တကယ်လို့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်ဆိုရင်တောင် သူက အရမ်းအားနည်းနေလိမ့်မယ်… ဒါကြောင့် အဲ့ဒါက ဘယ်အဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခပဲဖြစ်ဖြစ် အဲ့ဒီကို ငါတို့သွားရင် ဖော်မပြနိုင်တဲ့ အကျိုးအမြတ်တွေကို ရရှိလိမ့်မယ်… ဒါ့အပြင် ဒီဟာက ဘာလဲဆိုတာ တစ်ချက်ကြည့်လိုက် ”

အမျိုးသမီးက ယုံကြည်ချက်ရှိစွာ ပြောသည်။ ထို့နောက် သူက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အလင်းရောင်တစ်ခု ဝင်းခနဲ လင်းလက်သွားသည်။ မကြာမီ တောက်ပသော ပိုးခြည်မျှင်ပိုက်ကွန်တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

“ မဟုတ်မှလွဲရော… အဲ့ဒါက ငါတို့ရဲ့ သားရဲတစ်သောင်းဂိုဏ်းမှာ သုံးစုံပဲရှိတဲ့ ဒဏ္ဍာရီလာ မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်လား ”

အာမေဋိတ်သံများက အမျိုးသမီး၏ အနောက်မှ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသည်။

“ ဂိုဏ်းတူအမ… ဆရာက မင်းကို မြင့်မြင့်တွေးထားတာပဲ… သူက မင်းကို ဒီလောက်တန်ဖိုးကြီးမားတဲ့ ရတနာကိုတောင် ပေးထားတယ်… အဲ့ဒါ အရမ်းကောင်းတယ်… ဒဏ္ဍာရီအရ ဒီပိုက်ကွန်က အကန့်အသတ်မဲ့ချုပ်နှောင်မှုကို ပေးစွမ်းနိုင်တယ်… အမြူတေဓာတ်လုံးဖွဲ့စည်းထားတဲ့ မိစ္ဆာတစ်ကောင်ဆိုရင်တောင် ဒီပိုက်ကွန်နဲ့ အဖမ်းခံလိုက်ရရင် အကူအညီမဲ့သွားလိမ့်မယ် ”

“ ဂိုဏ်းတူအမ တောင်ပိုင်းမြေရိုင်းဒေသထဲ ဝင်ရောက်ဖို့ ဒီလောက်ယုံကြည်မှုရှိနေတာ မထူးဆန်းတော့ပါဘူး… လက်စသတ်တော့ မင်းမှာ ဒီလိုရတနာရှိနေတာကို ”

အမျိုးသမီးတစ်ယောက်က မနာလိုသော လေသံဖြင့် ပြောသည်။ သူ၏ အကြည့်က ဂိုဏ်းတူအမ၏ လက်ထဲမှ ပိုက်ကွန်ထံသို့ မကြာခဏ ကျရောက်သွားသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ တခြားကျင့်ကြံသူများသည်လည်း မနာလိုစွာ အံ့ဩစွာ ပြောသည်။

ထိုကျင့်ကြံသူအုပ်စုသည် မိစ္ဆာမျိုးနွယ်စု၏ နံပါတ်တစ်ရန်သူ ဖြစ်သည်။ သူတို့သည် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ မိစ္ဆာကျင့်ကြံသူများသည် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များကို လွန်စွာ ရွံရှာမုန်းတီးကြသည်။

သားရဲတစ်သောင်းဂိုဏ်းသည် မသေမျိုးကျင့်ကြံခြင်းလောကတွင် မည်သို့ကြောင့် ကြွယ်ဝချမ်းသာလာသနည်း။ မသေမျိုးကျင့်ကြံခြင်းလောက၌ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လာရန် မည်သည်ကို မှီခိုအားထားသနည်း။ မည်သို့ကြောင့် သူတို့က တခြားကျင့်ကြံသူများ၏ ရိုသေလေးစားမှုကို ရရှိထားကြသနည်း။

အကြောင်းအရင်းမှာ သူတို့က ဝိညာဉ်သားရဲများ၊ မိစ္ဆာသားရဲများနှင့် အစစ်အမှန်မိစ္ဆာများကို ဖမ်းဆီးနိုင်သောကြောင့်ပင်။ သူတို့က မိစ္ဆာများကို ဖမ်းဆီးပြီး ထိန်းကျောင်းပြီးလျှင် တခြားအင်အားစုများထံသို့ ဈေးကြီးကြီးဖြင့် ပြန်ရောင်းချကြသည်။

တစ်နည်းဆိုရသော် သားရဲတစ်သောင်းဂိုဏ်း ယနေ့ကဲ့သို့ အဆင့်အတန်းကို ပိုင်ဆိုင်သွားခဲ့သည်မှာ မရေမတွက်နိုင်သော မိစ္ဆာများ၏ အရိုးတောင်နှင့် သွေးပင်လယ်အပေါ် မှီခိုအားထားခဲ့သောကြောင့် ဖြစ်သည်။ သူတို့က မိစ္ဆာသုတ်သင်ရှင်လင်းသူများ ဖြစ်ကြသည်။

အတိတ်တွင် မိစ္ဆာမျိုးနွယ်စုအများအပြားသည် သားရဲတစ်သောင်းဂိုဏ်းကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် သားရဲတစ်သောင်းဂိုဏ်းသည် မရေမတွက်နိုင်သော မိစ္ဆာများထံမှ သွေးကို စုပ်ယူပြီးလျှင် ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။ ယခု သူတို့က အလွန်သန်စွမ်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်သွားသည်။

တခြားကျင့်ကြံသူများက မိစ္ဆာများကို ကြောက်ရွံ့ကြသော်လည်း ဆန့်ကျင်ဘက်အနေနှင့် သူတို့က မိစ္ဆာများကို အထူးတလည် လိုက်လံရှာဖွေကြသည်။ သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများဆီမှာ မိစ္ဆာများကို နှိမ်နင်းနိုင်သော နည်းလမ်းများစွာ ရှိသည်။

သားရဲတစ်သောင်းဂိုဏ်းထဲမှာ စုစုပေါင်း မျိုးဆက်လေးဆက်ရှိသည်။ ပထမမျိုးဆက်က ဝိညာဉ်သန္ဓေတည်နယ်ပယ်၏ အထက်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဒုတိယမျိုးဆက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နှင့် သူ့အထက်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ တတိယမျိုးဆက်က အခြေတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ စတုတ္ထမျိုးဆက်သည်တော့ ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။

ဝိညာဉ်သန္ဓေတည်နယ်ပယ်၏ အထက်မှ ကျင့်ကြံသူများသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေကြသည်။ သူတို့သည် အရေးကြီးကိစ္စမဟုတ်လျှင် အပြင်သို့ ထွက်လာကြလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သားရဲတစ်သောင်းဂိုဏ်း၏ အဓိကကျောရိုးက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများနှင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤကျင့်ကြံသူအုပ်စုသည် သာမန်အင်အားစုမဟုတ်ပေ။ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်းမိသားစုငယ်များသည် သူတို့၏ အရှေ့မှာ ပုရွက်ဆိတ်များနှင့် မခြားနားပေ။ သူတို့အားလုံးက ဒုတိယမျိုးဆက်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

အရှေ့ဆုံးမှ ခေါင်းဆောင်အမျိုးသမီးသည်လည်း ဒုတိယမျိုးဆက်မှ ဖြစ်သည်။ အဖွဲ့ထဲမှာ သူ၏ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံး ဖြစ်သည်။ သူက နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ ဖြစ်သည်။ သူ့အနောက်မှ တခြားကျင့်ကြံသူများသည်တော့ အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်မှာ ဖြစ်ကြသည်။ သူတို့သည် အသက်အရွယ်မကြီးမားပေ။ အလွန်ငယ်ရွယ်ကြသည်။ သူတို့ထဲတွင် အသက်ငါးဆယ်ကျော်သောလူ တစ်ဦးမှ မရှိပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းက မည်မျှအစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ ယင်းက သာမန်ကျင့်ကြံခြင်းအင်အားစုများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

အတိတ်တွင် လင်းနန်မြို့တော်မှ လီမိသားစုသည် ထိပ်တန်းကျင့်ကြံခြင်းမိသားစုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော်လည်း သူတို့ဆီမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဟူ၍ ဘိုးဘေးတစ်ယောက်တည်း ရှိသည်။ လီမိသားစုဘိုးဘေးသည် ထိုအဆင့်သို့ ရောက်လာရန် နှစ်ပေါင်းမည်မျှကျင့်ကြံခဲ့ရကြောင်း မည်သူသိနိုင်မည်နည်း။ တခြားကျင့်ကြံခြင်းမိသားစုများနှင့် နှိုင်းယှဉ်လျှင် လီမိသားစုသည် ဖိနပ်သယ်ပေးရန်ပင် အဆင့်မရှိပေ။ သူတို့ကြားမှ ကွာခြားမှုက မိုးနှင့်မြေပမာ အလွန်ကြီးမားသည်။

“ ငါ့ဆီမှာ မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန် ရှိနေလို့ပေါ့… မဟုတ်ရင် မိစ္ဆာသားရဲဘုရင်တစ်ပါးကို ငါဘယ်လိုလုပ် ပစ်မှတ်ထားရဲမှာလဲ… အဲ့ဒီမိစ္ဆာသားရဲဘုရင်က အခု ကပ်ဘေးဒုက္ခကို ကျော်လွှားနေတယ်… သူက ပုံမှန်အခြေအနေမှာလိုမျိုး အစွမ်းထက်တော့မှာ မဟုတ်ဘူး… မိစ္ဆာချုပ်နှောင်ပိုက်ကွန်ရဲ့ စွမ်းရည်နဲ့ဆိုရင် ငါတို့ရဲ့ အောင်မြင်နိုင်ခြေက ပိုများလာလိမ့်မယ်… ကြည့်ရတာ မိုးကောင်းကင်က ငါတို့ကို ကူညီပေးနေတဲ့ပုံပဲ… အဲ့ဒီမိစ္ဆာသားရဲဘုရင်ကို ငါတို့ဖမ်းဆီးနိုင်မယ်ဆိုရင် မသေမျိုးကျင့်ကြံခြင်းလောကမှာ ငါတို့တွေ နာမည်တစ်ခု တည်ဆောက်နိုင်လိမ့်မယ် ”

“ ဒါ့အပြင် သူ့ကို ဝိညာဉ်သန္ဓေတည်ဆေးလုံးလို အဆင့်မြင့်ဆေးလုံးနဲ့ လဲလှယ်နိုင်လိမ့်မယ်… အဲ့ဒါက မဟာအခွင့်အရေးပဲ… ငါဝမ်ဖုန်းအာက အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး ”

ဝမ်ဖုန်းအာ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အမူအရာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူက စိတ်ဆုံးဖြတ်ပြီးသွားပြီ ဖြစ်၏။

ကျင့်ကြံခြင်းမိသားစုများတွင်ဖြစ်စေ သို့မဟုတ် ဂိုဏ်းများတွင်ဖြစ်စေ တပည့်များသည် ပိုမိုများပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို လိုချင်သည့်အခါ ကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းများအတွက် အကျိုးဆောင်ပေးရလိမ့်မည်။ သားရဲတစ်သောင်းဂိုဏ်း၏ လုပ်ထုံးလုပ်နည်းများအရ မိစ္ဆာသားရဲများကို ဖမ်းဆီးပေးခြင်းက ဂိုဏ်းအပေါ် အကျိုးဆောင်ပေးခြင်း မည်၏။

အဘယ့်ကြောင့်ဆိုသော် သားရဲတစ်သောင်းဂိုဏ်းသည် ထိန်းကျောင်းခံထားရပြီးသော မိစ္ဆာသားရဲများကို တခြားအင်အားစုများထံ ပြန်လည်ရောင်းချသော စီးပွားရေးကို လုပ်ဆောင်သောကြောင့်ပင်။

ထို့ကြောင့် အရင်းအမြစ်များ လိုချင်သော တပည့်များသည် မကြာခဏဆိုသကဲ့သို့ အပြင်ထွက်သွားပြီး မိစ္ဆာသားရဲများကို လိုက်ဖမ်းကြလေ့ရှိသည်။

“ ကောင်းပြီ… ဂိုဏ်းတူအမဆီမှာ မိစ္ဆာချုပ်နှောင်ပိုက်ကွန်ရှိနေမှတော့ မိစ္ဆာသားရဲဘုရင်ကို ဖမ်းဆီးရတာက ငှက်ပျောသီးအခွံနွှာစားရသလို လွယ်ကူမှာပါ… ဂိုဏ်းတူအမရဲ့ ညွှန်ကြားမှုနောက်ကို လိုက်တာက မမှားနိုင်ဘူး… အတိတ်မှာတုန်းက ဂိုဏ်းတူအမက ကျားဖြူကို ရှာဖွေပေးခဲ့တယ်… ဂိုဏ်းထဲက တပည့်အားလုံးက ဂိုဏ်းတူအမကို လေးစားအားကျခဲ့ကြတယ်… အဲ့ဒီကျားဖြူက သန္ဓေပြောင်းကျားလို့ ငါကြားတယ်… ဆရာက အဲ့ဒီကျားဖြူကို ဂိုဏ်းရဲ့ အရပ်လေးမျက်နှာ အစောင့်အရှောက်သားရဲတစ်ကောင်အဖြစ် ပျိုးထောင်ပေးချင်နေတယ်… တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် ငါတို့ဂိုဏ်းမှာ အစွမ်းထက်တဲ့ အစောင့်အရှောက်သားရဲနောက်တစ်ကောင် ရှိလာလိမ့်မယ်… ဒါ့အပြင် ဝိညာဉ်သားရဲတွေအပေါ် ဂိုဏ်းတူအမရဲ့ အာရုံခံနိုင်မှုက အရမ်းထက်ရှတယ်… ဂိုဏ်းတူအမ ဘယ်ကိုပဲသွားသွား ဒီညီမက အနောက်ကနေ လိုက်မယ် ”

အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အလျင်စလို ပြောသည်။ သူ့စကားကို ကြားပြီးနောက် တခြားအမျိုးသမီးကျင့်ကြံသူများက အမြန်ခေါင်းညိတ်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့အားလုံးက စိတ်ဆုံးဖြတ်ပြီးသွားပြီ ဖြစ်၏။

အမျိုးသားကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူညီလိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့က မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်အပေါ် အပြည့်အဝ ယုံကြည်မှုရှိကြသည်။

“ ကောင်းပြီ… အခုလောလောဆယ် ဒီမှာ စောင့်နေကြမယ်… ကပ်ဘေးဒုက္ခ ပြီးသွားတဲ့အခါမှ တောင်တန်းထဲ ဝင်ရောက်ကြမယ်… အချိန်ကျလာတဲ့အခါ မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို ဖြန့်ထုတ်ပြီး မိစ္ဆာသားရဲဘုရင်ကို တစ်ခါတည်း အမိဖမ်းပစ်မယ် ”

ဝမ်ဖုန်းအာက မောက်မာထောင်လွှားစွာ ပြောသည်။ သူက တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်နေရင်း တောင်ပိုင်းမြေရိုင်းဒေသထံသို့ လှမ်းကြည့်လိုက်သည်။

All Chapters