အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
အခန်း(၃၀၄)
ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်သည် မိစ္ဆာများအတွက် အလွန်သန်စွမ်းသည်။ တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်ဘက်မှ ကျင့်ကြံသူများသည်ပင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ မည်သူမှ ကောင်းကင်ဘုံကပ်ဘေးဒုက္ခနားသို့ အလွယ်တကူ မချဉ်းကပ်ဝံ့ကြချေ။
ထို့ကြောင့် သူတို့အုပ်စုက အလွန်သန်မာသော်လည်း တောင်ပိုင်းမြေရိုင်းဒေသထဲသို့ မဆင်မခြင် မဝင်ရောက်သွားကြချေ။ ကပ်ဘေးဒုက္ခ၏ နယ်နိမိတ်ထဲသို့ သူတို့ဝင်ရောက်သွားသည့်အခါ ကောင်းကင်ဘုံက သူတို့ကို ကပ်ဘေးဒုက္ခဖြတ်ကျော်သူအား အကူအညီပေးသူများအဖြစ် သတ်မှတ်လိုက်ပြီး မိုးကြိုးသွားဖြင့် တိုက်ခိုက်လိမ့်မည်။ ယင်းက အလွန်ဆိုးဝါးသော အခြေအနေ ဖြစ်သည်။
ချန်းရှီပြောခဲ့သော စကားက အမှန်တကယ် ဖြစ်လာသည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခနှင့် ပြင်ပကပ်ဘေးဒုက္ခက အတူတကွ ထွက်ပေါ်လာလိမ့်မည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အပေါ်မှာ ရှိနေသော မိုးတိမ်ကို ရည်ရွယ်ခြင်းမဟုတ်ပါလော။ ပြင်ပကပ်ဘေးဒုက္ခမှာ အဘယ်နည်း။ ဝမ်ဖုန်းအာတို့အုပ်စုက ပြင်ပကပ်ဘေးဒုက္ခ မဟုတ်ပေဘူးလော။
“ ဂျိန်း… ဂျလိန်း… ”
ကပ်ဘေးဒုက္ခမိုးတိမ်က မင်ရည်ကဲ့သို့ နက်မှောင်သွားသည်။ တိမ်တိုက်သည် အရွယ်အစားအလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။ ကောင်းကင်ဘုံအင်အားက မိုးကောင်းကင်ပေါ်မှ ကျဆင်းလာပြီး မြေကြီးပေါ်မှ သက်ရှိများကို ဖိနှိပ်လိုက်သည်။ သက်ရှိများသည် ထိုဖိအားအောက်မှာ နှလုံးတုန်သွားကြသည်။ သူတို့က အသက်ရှူမွန်းကျပ်သွားကြသည်။ တိမ်တိုက်က တအိအိလှုပ်ခတ်နေစဉ် မရေမတွက်နိုင်သော လျှပ်စီးတန်းများက တိမ်တိုက်ထဲမှာ မရပ်မနား ကူးခတ်ရွေ့လျားနေကြသည်။ မကြာမီ မိုးတိမ်က မိုးကြိုးတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ ယင်းက အာရုဏ်မတတ်မီ စုဝေးနေသော အမှောင်ထု ဖြစ်သည့်အလားပင်။
“ ကပ်ဘေးဒုက္ခစတင်ပြီ ”
သီရှီထျန်သည် သူ၏ ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြပ်ပေးနေသော်လည်း ကောင်းကင်ပေါ်မှ ကပ်ဘေးဒုက္ခမိုးတိမ်ကို အမြဲတစေ အာရုံစိုက်နေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ထွက်ပေါ်လာကြောင်း သူအာရုံခံမိသွားသောအခါ နှလုံးခုန်မြန်လာသည်။ ကပ်ဘေးဒုက္ခမိုးတိမ်က မိုးကြိုးသွားများကို မကြာခင် ပစ်လွှတ်တော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက ချိုင့်ဝှမ်းထဲမှ မြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။ ယင်းက ရှားပါးမြင်ကွင်းတစ်ခု ဖြစ်သည်။ ယင်းကို ဂရုတစိုက် သူလေ့လာမည်ဆိုလျှင် အနာဂတ်မှာ ကပ်ဘေးဒုက္ခ သူကျော်လွှားသည့်အခါ အများကြီး ပိုလွယ်ကူသွားလိမ့်မည်။
“ ဂျိန်း ”
ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ ထိုမြည်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အနက်ရောင်မိုးတိမ်က အပြင်းအထန် တုန်လာပြီး အလယ်မှ ထက်ခြမ်းကွဲထွက်သွားသည်။ ကြက်သွေးရောင်မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသော မိုးကြိုးသွားတစ်စင်းသည် ထိုအက်ကွဲကြောင်းထဲမှ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကြက်သွေးရောင်မိုးကြိုးက ကောင်းကင်ဘုံအင်အားနှင့်အတူ ချန်းရှီ၏ ဦးခေါင်းပေါ်သို့ တုံ့ဆိုင်းမနေဘဲ ကျဆင်းသွားသည်။ မီးတောက်မီးလျှံများအတွင်း၌ မရေမတွက်နိုင်သော လျှပ်စီးတန်းများက ကူးခတ်ရွေ့လျားနေကြသည်။
“ ကောင်းကင်ဘုံမီးတောက်မိုးကြိုးလား… အမချန်းရှီ၏ အပင်မိစ္ဆာ… သူအကြောက်ဆုံးက မီးပဲ… ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ဘယ်လိုလုပ် မီးတောက်မိုးကြိုးဖြစ်နေတာလဲ… ကောင်းကင်ဘုံက ငါတို့မိစ္ဆာတွေအပေါ် လုံးဝ မတရားဘူး ”
မဒူဆာသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခမိုးကြိုး ဆင်းသက်လာနေသည်ကို မြင်သောအခါ ရုတ်တရက် အမူအရာပျက်ယွင်းသွားသည်။ သူက မကျေနပ်စွာ ပြောသည်။ သူ၏ လေသံအရ ကောင်းကင်ဘုံအပေါ် အပြစ်တင်နေကြောင်း ထင်ရှား၏။
မဒူဆာပြောသော စကားက မမှားပေ။ အပင်မိစ္ဆာများသည် မီးကို အကြောက်ဆုံး ဖြစ်သည်။ ယခု ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ချန်းရှီပေါ်သို့ မီးတောက်မိုးကြိုးကို ထုတ်လွှတ်လိုက်သည်။ ထို့ပြင် ဤမီးတောက်မိုးကြိုးက သာမန်မဟုတ်ပေ။ ယင်းထဲမှာ ကောင်းကင်ဘုံအင်အားက ကိန်းအောင်းနေသည်။ သို့ဖြစ်၍ အပင်မိစ္ဆာဖြစ်သော ချန်းရှီအတွက် ဤကပ်ဘေးဒုက္ခက အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
“ သွားစမ်း ”
သို့တိုင် ချန်းရှီက မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေသည်။ သူ့မျက်နှာက ယခင်ကဲ့သို့ ကြော့ရှင်းလှပနေဆဲပင်။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ သူ့လက်ချောင်းကြားထဲမှ ပန်းနုရောင်ပွင့်ချပ်က အပေါ်သို့ ချက်ချင်း ပျံသန်းသွားသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါ သူက ခုခံရုံသာ တတ်စွမ်းပေသည်။ ပွင့်ချပ်သည် ကောင်းကင်ပေါ်အထိ မပျံသန်းသွားပေ။
ယင်းအစား ပွင့်ချပ်က ချန်းရှီ၏ ဦးခေါင်းထက်မှာ လွင့်မျောသွားပြီး ပန်းနုရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ပန်းနုရောင်အလင်းနှင့်အတူ ပွင့်ချပ်က အဆမတန် အရွယ်ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပွင့်ချပ်က ချန်းရှီ၏ ဦးခေါင်းကို ထီးသဖွယ် အုပ်မိုးလိုက်သည်။
ဤအခိုက်အတန့်မှာ ပန်းနုရောင်ပွင့်ချပ်က ဖော်မပြနိုင်အောင် ကြော့ရှင်းလှပလာသည်။ ဤသည်မှာ ပန်းနုရောင်ပွင့်ချပ်ကို ပိုးချည်မျှင်များဖြင့် ဖွဲ့စည်းထားသည့်အလားပင်။
“ ဂျိန်း ”
ကောင်းကင်ဘုံမီးတောက်မိုးကြိုးသည် တုံ့ဆိုင်းမနေဘဲ ပန်းနုရောင်ပွင့်ချပ်ပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ပွင့်ချပ်က ခမ်းနားထည်ဝါသော ပန်းနုရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုပန်းနုရောင်အလင်းထဲတွင် ပန်းပေါင်းတစ်ရာ၏ အနှစ်သာရချီက ပမာဏများပြားစွာ ကိန်းအောင်းနေသည်။ ထို့နောက် ပန်းမျိုးတစ်ရာအနှစ်သာရချီက ရေလှိုင်းသဖွယ် ပျံ့ပွားသွားသည်။ ကောင်းကင်ဘုံမီးတောက်မိုးကြိုးက ပန်းမျိုးတစ်ရာအနှစ်သာရချီနှင့် တွေ့ဆုံသွားသည့်အခါ ချက်ချင်း ငြိမ်းသတ်သွားသည်။
သေးငယ်သော ပွင့်ချပ်လေးမှာ ထိုမျှအံ့ဖွယ်ကောင်းသောစွမ်းအား ရှိနေမည်ဟု မည်သူထင်မှတ်ထားမည်နည်း။ ကောင်းကင်ဘုံမီးတောက်သည် အပင်မိစ္ဆာများအတွက် သဘာဝရန်သူ ဖြစ်သည်။ သို့တိုင် ဤအခိုက်အတန့်မှာ မီးတောက်များက ပန်းနုရောင်အလင်းအောက်မှာ ချက်ချင်း ငြိမ်းသတ်သွားကြသည်။ မီးပွားမီးစတချို့က တခြားနေရာများဆီသို့ ပြန့်ကျဲသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ ထိုမီးပွားမီးစများ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တွင်းနက်များ ထွက်ပေါ်လာကြသည်။
ပထမဆုံး မိုးကြိုးသွားကို အလွယ်တကူ ခုခံနိုင်သွားသည်။
“ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်ရဲ့ အဆင့်တစ်ဆင့်တိုင်းမှာ မိုးကြိုးသွားကိုးခုစီ ရှိတယ်… ဒီဟာက ပထမတစ်ခုပဲ… နောက်ထပ်ရှစ်ခု ကျန်နေသေးတယ် ”
ချန်းရှီသည် သူ့ဘာသာ တွေးတောလိုက်သည်။ ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခမှာဖြစ်စေ သို့မဟုတ် ဒုတိယအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခမှာဖြစ်စေ စုစုပေါင်း မိုးကြိုးသွားကိုးခုစီ ရှိသည်။ သို့ဖြစ်၍ မိစ္ဆာများသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည့်အခါတိုင်း မိုးကြိုးသွားကိုးခုကို တောင့်ခံကြရလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က မိုးကြိုးသွားကိုးခုစလုံးကို ဖြတ်ကျော်နိုင်သွားမည်ဆိုလျှင် အောင်မြင်စွာ အဆင့်တတ်လှမ်းသွားလိမ့်မည်။
သို့သော်လည်း တစ်စုံတစ်ယောက်သည် ပထမဆုံး မိုးကြိုးသွားကို ဖြတ်ကျော်နိုင်သွားသည်နှင့် ဘဝင်မမြင့်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် နောက်လာမည့် မိုးကြိုးသွားများက ယခင်မိုးကြိုးသွားထက် အဆပေါင်းများစွာ ပိုပြီးသန်မာသောကြောင့်ပင်။
မိစ္ဆာများအတွက်တော့ ယင်းက သူတို့မခုခံနိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်သည်။ သို့သော် မိစ္ဆာများထဲတွင် ပညာရှင်များက ယင်းကို ခုခံနိုင်ကြသည်။
“ ဂျလိန်း ”
အလွန်ကျယ်လောင်သော နောက်ထပ် မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည်လည်း ထပ်မံ တုန်ယင်သွားသည်။ အစောနကထက် နှစ်ဆပိုပြီးသိပ်သည်းသော ကောင်းကင်ဘုံမီးတောက်မိုးကြိုးသည် အကန့်အသတ်မဲ့ ကောင်းကင်ဘုံဖိအားနှင့်အတူ မြေကြီးပေါ်သို့ ဆင်းသက်လာသည်။ ထိုကောင်းကင်ဘုံမီးတောက်မိုးကြိုး ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ်သည်ပင် တုန်ယင်သွားပြီး ပုံပျက်တွန့်လိမ်သွားသည်။ ချိုင့်ဝှမ်းထဲတွင် မရေမတွက်နိုင်သော ပန်းပင်များက ညှိုးနွမ်းသွားကြသည်။
“ ဝီး ”
ချန်းရှီ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်များကို အမြန်လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတ ပြီးမြောက်သွားသည့်အခါ သူ၏ အရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော ပန်းပွင့်တစ်ပွင့် ထွက်ပေါ်လာသည်။
ထိုပန်းပွင့်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့ခေါင်းပေါ်မှ ပန်းနုရောင်ပွင့်ချပ်ပေါ်သို့ ပျံတတ်သွားသည်။ ပန်းပွင့်ချိပ်တံဆိပ်၏ အားဖြည့်ပေးမှုအောက်မှာ ပန်းနုရောင်ပွင့်ချပ်က ပိုပြီးခမ်းနားထည်ဝါသော အလင်းကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းရောင်ထဲတွင် မရေမတွက်နိုင်သော ပန်းပွင့်များက ပွင့်လန်းသွားကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
“ ဝုန်း ”
ကောင်းကင်ဘုံမီးတောက်မိုးကြိုးက ပွင့်ချပ်ပေါ်သို့ ထပ်မံ ကျဆင်းသွားသည်။ မရေမတွက်နိုင်သော အနီရောင်လျှပ်စီးတန်းများနှင့် မီးတောက်မီးလျှံများက ပန်းနုရောင်ပွင့်ချပ်ပေါ်မှာ ပြန့်ကျဲသွားသည်။ မီးတောက်နှင့် လျှပ်စီးသည် ကောင်းကင်ဘုံအင်အားကို အန်တုချင်နေသည့် ပွင့်ချပ်အား အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ကြသည်။
သို့သော် ထိုပွင့်ချပ်က ဓမ္မရတနာတစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံမိုးကြိုးသည်ပင် ထိုပွင့်ချပ်၏ ခုခံမှုကို မချိုးဖြတ်နိုင်ပေ။ ယင်းက ပွင့်ချပ်၏ အလင်းရောင်ကို မှေးမှိန်သွားစေရုံမျှသာ စွမ်းဆောင်နိုင်သည်။ ယင်းက ပွင့်ချပ်၏ အခြေခံအုတ်မြစ်ကို မဖြိုလှဲနိုင်ပေ။
ပထမဆုံး ကောင်းကင်ဘုံမိုးကြိုးသည် အသန်မာဆုံး မဟုတ်ပေ။ ယင်းအစား နောက်ပိုင်းမိုးကြိုးများက တစ်စတစ်စ ပိုပိုပြီးအားကောင်းလာသည်။ ထို့ပြင် ယင်းတို့ထဲမှာ ကိန်းအောင်းနေသော မိုးမြေစွမ်းအားသည်လည်း ပိုပိုပြီးသိပ်သည်းလာသည်။
ကောင်းကင်ဘုံမိုးကြိုးများသည် အရှေ့တစ်ခုထက် ပိုပြီးအားကောင်းလာလိမ့်မည်။ ထို့ကြောင့် နဝမမြောက်ကောင်းကင်ဘုံမိုးကြိုးသည် အသန်မာဆုံး ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံမိုးကြိုးကို မခုခံနိုင်လျှင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ဖျက်ဆီးခံရလိမ့်မည်။
ချန်းရှီသည် ဤမိစ္ဆာကပ်ဘေးဒုက္ခကို ကျော်လွှားရန် နှစ်ပေါင်းများစွာကြာအောင် ကြိုပြင်ဆင်ထားခဲ့သည်။ သူ၏ ဦးခေါင်းထက်မှ ပွင့်ချပ်သည် ကောင်းကင်ဘုံမိုးကြိုးများကို ခုခံရန် အထူးတလည် သူပြင်ဆင်ထားသောအရာ ဖြစ်၏။ ယင်းကို ဤချိုင့်ဝှမ်းထဲမှ မရေမတွက်နိုင်သော ပန်းပင်များ၏ ပထမဆုံးပွင့်ခဲ့သော ပန်းပွင့်များဖြင့် ဖန်တီးသန့်စင်ထားခြင်း ဖြစ်သည်။
ဤနှစ်များတွင် ပန်းပွင့်အသစ်ထွက်ပေါ်လာသည့်အခါတိုင်း ယင်းထဲသို့ ထပ်မံ ပေါင်းထည့်လိမ့်မည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည့်အခါ ထိုပွင့်ချပ်ထဲတွင် ပန်းပွင့်အရေအတွက် မည်မျှများပြားစွာ ပေါင်းစပ်နေကြောင်း ချန်းရှီကိုယ်တိုင်ပင် မသိတော့ပေ။ ယင်းကို ပန်းမျိုးတစ်ရာပွင့်ချပ်ဟုခေါ်ပြီး လျှို့ဝှက်အတတ်ပညာတစ်ခုဖြင့် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ယင်းက မရေမတွက်နိုင်သော ပန်းပင်များ၏ ပထမဆုံးပွင့်ခဲ့သော ပန်းပွင်များထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းထဲမှာ ပမာဏများပြားသော ပန်းမျိုးတစ်ရာချီက ကိန်းအောင်းနေသည်။
ပန်းပွင့်များသည် အလွန်သိမ်မွေ့နူးညံ့သည်။ ထို့ကြောင့် ဤပွင့်ချပ်ထဲမှာ လောက၏ အနူးညံ့ဆုံးစွမ်းအား ကိန်းအောင်းနေသည်။ ယင်းက နူးညံ့သောရေနှင့် ဆင်တူသည်။ ပွင့်ချပ်အပေါ် မည်မျှကြီးမားသော စွမ်းအားက သက်ဆင်းလာပါစေ ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားလိမ့်မည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် ဤလောက၏ အစွမ်းထက်ဆုံး အဖျက်စွမ်းအားဖြစ်သည်။ ထို့ပြင် ယင်းက အစွမ်းထက်ဆုံး မိုးကြိုးလည်း ဟုတ်၏။ ဤအခိုက်အတန့်မှာ မိုးကြိုးက မိုးမြေစွမ်းအားနှင့် အားဖြည့်ခံထားရသည်။ ထို့ကြောင့် မိုးကြိုးသွားတစ်ခုစီသည် ကျောက်ဆောင်ကြီးတစ်ခုကို အပိုင်းပိုင်းအစစ ကြေမွသွားစေရန် လုပ်ဆောင်နိုင်သည်။
တစ်နည်းဆိုရလျှင် ယင်းက ပျော့ပျောင်းမှုနှင့် မာကျောမှု၏ အားပြိုင်မှုဖြစ်သည်။ နောက်ဆုံးအချိန်ထိ မည်သူက အောင်ပွဲခံသွားမည်နည်း။
ထိုပွင့်ချပ်သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခအတွက် နှစ်ပေါင်းများစွာကြာအောင် ချန်းရှီ ပြင်ဆင်ထားခဲ့သော ဓမ္မရတနာဖြစ်သည်။ ယင်းထဲမှာ ပါဝင်နေသော စွမ်းအားက အစပိုင်းတွင် ထွက်ပေါ်လာမည့် ကောင်းကင်ဘုံမိုးကြိုးများကို ခုခံတားဆီးရန် လုံလောက်သည်။
ကောင်းကင်ဘုံမိုးကြိုးနှင့် ကောင်းကင်ဘုံမီးတောက်က ပွင့်ချပ်ပေါ်သို့ ထပ်မံ ကျဆင်းလာသည်။ ပွင့်ချပ်က အဆက်မပြတ် တုန်ယင်သွားပြီး ကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားကို အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲစေသည်။
“ ဝုန်း ”
သီရှီထျန်နှင့် တခြားလူများက ချိုင့်ဝှမ်းထဲမှ အခြေအနေကို စောင့်ကြည့်နေကြသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် လူကောင်းလူဆိုး ခွဲခြားနိုင်ခြင်း မရှိပေ။ ၎င်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာသူအားလုံးကို ပစ်မှတ်ထား၍ တိုက်ခိုက်လိမ့်မည်။ သို့တိုင် အကယ်၍ ချန်းရှီ အသက်အန္တရာယ်ရှိလာမည်ဆိုလျှင် အမြန်ဆုံး ဝင်ကယ်နိုင်ရန် သီရှီထျန်ဖြစ်စေ မဒူဆာဖြစ်စေ သို့မဟုတ် တခြားလူများဖြစ်စေ သူတို့အားလုံးက အသင့်ပြင်ဆင်ထားကြသည်။
“ ဂျိန်း… ဂျလိန်း ”
မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံမိုးကြိုးသွားက ခြောက်ကြိမ်ဆက်တိုက် ဆင်းသက်လာပြီးပြီ ဖြစ်၏။ ယင်းတို့အားလုံးကို ပွင့်ချပ်က ခုခံတားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ထိုအတွက် သူပေးဆပ်လိုက်ရသော တန်ကြေးက မသေးပေ။ ဤအခိုက်အတန့်မှာ ပွင့်ချပ်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်နေသည်။
“ ပွင့်ချပ်က နောက်ထပ် မတောင့်ခံနိုင်တော့ဘူး ”
သီရှီထျန်၏ အကြည့်က ပွင့်ချပ်ပေါ်သို့ ကျရောက်သွားသည်။ အက်ကွဲကြောင်းအများအပြားက ပွင့်ချပ်ပေါ်မှာ ထွက်ပေါ်လာနေကြောင်း သူမြင်သောအခါ စူးရှသောအလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်ပိုင်းထွက်ပေါ်လာမည့် ကောင်းကင်ဘုံမိုးကြိုးများက အရှေ့တစ်ခုထက် ပိုပြီးအားကောင်းကြောင်း သူသိသည်။ သတ္တမမြောက် ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာသည့်အခါ ထိုပွင့်ချပ်က ပြိုကွဲသွားနိုင်သည်။ အကယ်၍ ချန်းရှီဆီမှာ တခြားနည်းလမ်းများမရှိတော့လျှင် နောက်ထပ် ဆင်းသက်လာမည့် ကောင်းကင်ဘုံမိုးကြိုးများကို သူခုခံရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
အခန်း(၃၀၅)
“ ကျစ်… ကျစ်… ”
ကောင်းကင်ပေါ်တွင် ကပ်ဘေးဒုက္ခမိုးတိမ်က ပြင်းထန်စွာ တုန်ယင်လာပြီး မိုးတိမ်ထဲမှ လျှပ်စီးတန်းများက ပိုပြီးအားကောင်းလာသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက အရူးအမူး ရွေ့လျားကူးခတ်နေကြသည်။ လျှပ်စီးတန်းများက အချင်းချင်း ယှက်ထွေသွားကြပြီး ကောင်းကင်ဘုံအင်အားကို ထုတ်လွှတ်လိုက်သည်။ ပိုပြီးကြောက်မက်ဖွယ်ကောင်းသော ဖိအားက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းပေါ်သို့ ဆင်းသက်လာသည်။ ဤသည်မှာ ဧရာမတောင်ကြီးတစ်တောင်က ချိုင့်ဝှမ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မိုးကောင်းကင်ပေါ်မှ ကျဆင်းလာနေသည့်အလားပင်။ ယင်းက အလွန်အားကောင်းသည်။
အလွန်ကျယ်လောင်သော မိုးခြိမ်းသံများက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ပဲ့တင်ထပ်လာသည်။
ချက်ချင်းဆိုသလိုပင် ရေပုံးတစ်ပုံးခန့် ထူထဲသော ကြက်သွေးရောင်ကောင်းကင်ဘုံမိုးကြိုးက မိုးကြိုးမီးတောက်ဘောလုံးများအဖြစ် ဖွဲ့စည်းသွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ မိုးကြိုးမီးတောက်ဘောလုံးများသည် အရေအတွက်တစ်ရာကျော်သည်။ ထို့ပြင် ဘောလုံးတစ်လုံးစီမှာ ကိန်းအောင်းနေသော စွမ်းအားက ဆဌမမြောက် ကောင်းကင်ဘုံမိုးကြိုးထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။ အကယ်၍ မိုးကြိုးမီးတောက်ဘောလုံးတစ်လုံးသာ တောင်ကုန်းတစ်ခုပေါ်သို့ ပြုတ်ကျသွားမည်ဆိုလျှင် တောင်ကုန်းက ချက်ချင်း ပြာဖြစ်သွားလိမ့်မည်။
“ ပန်းဝိညာဉ်… ပန်းမျိုးတစ်ရာချီ… ငါ့ကို စွမ်းအားပေးသနားပါ… ပန်းမျိုးတစ်ရာအစီအရင် မြှောက်တတ်လာစမ်း ”
ချန်းရှီ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ပြီး နူးညံ့စွာ အော်လိုက်သည်။ ချိပ်တံဆိပ်သင်္ကေတများသည် ချိုင့်ဝှမ်း၏ ထောင့်အသီးသီးဆီသို့ ကျဆင်းသွားကြသည်။ မကြာမီ ထူးဆန်းသော ရောင်စုံအလင်းစက်ဝိုင်းများက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာသည်။ ယင်းက ပန်းမျိုးတစ်ရာအစီအရင် ဖြစ်သည်။ ပန်းမျိုးတစ်ရာ၏ အနှစ်သာရချီက ဤအခိုက်အတန့်မှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြပြီး အချင်းချင်း ပေါင်းစပ်သွားကြသည်။ မကြာမီ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကြသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
ပန်းမျိုးတစ်ရာအစီအရင်သည် လေထဲသို့ မြှောက်တတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ထူးဆန်းသော ပန်းပွင့်များက အစီအရင်ထဲမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ နှင်းဆီပန်းများ၊ ဂန္ဓမာပန်းများ၊ ဇီဇဝါပန်းများ အစရှိသဖြင့် ပန်းမျိုးစုံက ထွက်ပေါ်လာကြသည်။ ထိုပန်းပွင့်များသည် ပန်းမျိုးတစ်ရာအစီအရင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းတို့ထဲမှ မည်သည့်ပန်းပွင့်မဆို ကျက်သရေရှိစွာ လှပသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ ချန်းရှီ၏ ဦးခေါင်းထက်မှ လေထဲတွင် ရောင်စုံပန်းပွင့်ပင်လယ်တစ်ခု ဖွဲ့စည်းသွားသည်။ ယင်းက ပန်းပွင့်ကမ္ဘာဖြစ်သည်။ တချို့ပန်းပွင့်များက ညှိုးခြောက်သွားပြီး သေဆုံးသွားကြစဉ် ပန်းပွင့်အသစ်များ ထွက်ပေါ်လာကြသည်။ သေခြင်းရှင်ခြင်းကြားတွင် ပြန်လည်မွေးဖွားခြင်း သံသရာစက်ဝန်းက ဖြစ်တည်လာသည်။ အစီအရင်က မြန်ဆန်စွာ အသက်ဝင်လာသည်။ ယင်းက ကောင်းကင်ဘုံမိုးကြိုးကို ရင်ဆိုင်ရန် ချန်းရှီပြင်ဆင်ထားသော ဒုတိယနည်းလမ်း ဖြစ်သည်။ သူက ထိုအစီအရင်ကို မည်သည့်အချိန်ကတည်းက ခင်းကျင်းထားခဲ့ကြောင်း မသိရပေ။
ချိုင့်ဝှမ်းထဲမှ မရေမတွက်နိုင်သော ပန်းပင်များက ၎င်းတို့၏ အနှစ်သာရချီဖြင့် အစီအရင်ကို ထောက်ပံ့ပေးလိုက်ကြသည်။
ထိုအစီအရင်သည် ခုခံကာကွယ်ရေးအစီအရင်များအနက် တစ်ခုဖြစ်ပြီး အလွန်အံ့ဖွယ်ကောင်းသည်။ ပန်းပွင့်တချို့တဝက် ညှိုးနွမ်းသွားကြစဉ် ပန်းပွင့်အသစ်များ ထွက်ပေါ်လာကြသည်။ သေခြင်းရှင်ခြင်းကြားမှ ထိုသို့အချိတ်အဆက်သည် အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ခုခံရေးကာကွယ်ရေးအစီအရင်များအနက် ပန်းမျိုးတစ်ရာအစီအရင်က အလွန်ထူးခြားသည်။ အဘယ့်ကြောင့်ဆိုသော် အစီအရင်၏ ခုခံကာကွယ်မှုက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ပန်းပွင့်များပေါ်မှာ မူတည်နေသည်။
ထိုပန်းပွင့်အားလုံး တစ်ချိန်တည်း တစ်ပြိုင်နက်တည်း မညှိုးနွမ်းသွားသရွေ့ အစီအရင်က ဖျက်ဆီးခံရမည် မဟုတ်ချေ။ ဥပမာ ကောင်းကင်ပေါ်၌ ပန်းပွင့်တစ်ပွင့် ကျန်နေဦးမည်ဆိုလျှင် အစီအရင်က ဆက်ရှိနေဦးလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပန်းပွင့်အသစ်များ ထပ်မံ ထွက်ပေါ်လာကြလိမ့်မည်။ ထို့နောက် အစီအရင်က မူလအခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ သို့ဖြစ်၍ ပန်းမျိုးတစ်ရာအစီအရင်ကို ထူးခြားသည်ဟု ဆိုရခြင်းပင်။
ချန်းရှီသည် ထိုအစီအရင်ကို ပန်းနတ်သမီးထံမှ အမွေဆက်ခံနိုင်ခဲ့သည်။
“ ဂျိန်း… ဂျိန်း… ”
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော မိုးကြိုးမီးတောက်ဘောလုံးများက မြေပြင်ပေါ်သို့ တစ်ပြိုင်နက် ဆင်းသက်လာကြသည်။ ဘောလုံးတစ်လုံးစီမှ ထုတ်လွှတ်နေသော ဖိအားက အလွန်ကြောက်စရာကောင်းလေရာ မြေပြင်ပေါ်မှ သက်ရှိများကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်၏။
ကျယ်လောင်သော မြည်သံနှင့်အတူ ကောင်းကင်ဘုံမိုးကြိုးမီးတောက်ဘောလုံးများက ပွင့်ချပ်ပေါ်သို့ ကျဆင်းသွားကြသည်။ ထိုအခါ အက်ကွဲရာများရှိနေသော ပွင့်ချပ်သည် ယင်း၏ နောက်ဆုံးတာဝန်ကို ပြီးမြောက်သွားသည့်အလား မိုးကြိုးမီးတောက်ဘောလုံးများ၏ ဖျက်ဆီးမှုအောက်မှာ ပြာဖြစ်သွားသည်။
“ ဝုန်း… ဝုန်း… ဝုန်း… ”
ရာပေါင်းများစွာသော မိုးကြိုးမီးတောက်ဘောလုံးများက ပန်းမျိုးတစ်ရာအစီအရင်ပေါ်သို့ ကျဆင်းသွားကြသည်။ ဘောလုံးများထဲမှာ ကိန်းအောင်းနေသော မိုးကြိုးနှင့် မီးတောက်က ချက်ချင်း ပေါ်လျှိုးထွက်လာသည်။ လျှပ်စီးတန်းများနှင့် မီးတောက်မီးလျှံများက အတူတကွ ယှက်ထွေသွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ယင်းတို့က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ပန်းပွင့်ပင်လယ်တစ်ခုလုံးက ဝုန်းခနဲ မြည်သံနှင့်အတူ လှုပ်ယမ်းသွားသည်။ ရောင်စုံပန်းပွင့်များက မိုးကြိုးနှင့် မီးတောက်၏ ဖုံးလွှမ်းခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ပန်းပွင့်တစ်ရာခန့်က ဗလာနတ္ထိအဖြစ် ဖျက်ဆီးခံလိုက်ရသည်။ အရေအတွက်များပြားသော ရောင်စုံပန်းပွင့်များက လျှပ်စီးနှင့် မီးတောက်၏ ဝါးမျိုဖျက်ဆီးခံလိုက်ရသည်။ လျှပ်စီးသည်လည်းကောင်း သို့မဟုတ် မီးတောက်သည်လည်းကောင်း အပင်များ၏ သဘာဝရန်သူများ ဖြစ်ကြသည်။
သို့သော်လည်း ပန်းမျိုးတစ်ရာအစီအရင်သည် ယင်း၏ ဂုဏ်သတင်းအတိုင်း အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ပန်းပွင့်များ ဖျက်ဆီးခံလိုက်ရသည်နှင့်ချက်ချင်း ချိုင့်ဝှမ်းအတွင်းမှ မရေမတွက်နိုင်သော ပန်းပင်များက အဆုံးမဲ့သော အနှစ်သာရချီကို ထုတ်လွှတ်လိုက်ကြသည်။ အနှစ်သာရချီ၏ အားဖြည့်ပေးမှုကြောင့် ပန်းပွင့်အသစ်များက အစီအရင်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ တစ်ဖက်မှ ဖျက်ဆီးခံလိုက်ရစဉ် အခြားတစ်ဖက်မှ ပြန်လည်မွေးဖွားလာသည်။ သေခြင်းရှင်ခြင်းက ပြန်လည်မွေးဖွားခြင်း သံသရာစက်ဝန်းသဖွယ် လည်ပတ်နေသည်။
ကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားသည် အလွန်သန်မာသည်။ သို့သော်လည်း ယင်းက မည်မျှအားကောင်းပါစေ ပန်းပွင့်အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်ရန် မလုံလောက်သေးပေ။ ထို့ပြင် ချိုင့်ဝှမ်းအတွင်းမှ ပန်းပင်များက ပန်းမျိုးတစ်ရာအစီအရင်ကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။ ကောင်းကင်ဘုံမိုးကြိုးမှာတော့ ထိုသို့အထောက်အပံ့မရှိပေ။ ကောင်းကင်ဘုံမိုးကြိုးသည် တစ်ကြိမ်လျှင် တစ်ခါသာ ဆင်းသက်လာနိုင်သည်။
ထို့ကြောင့် အစီအရင်ထဲမှ ပန်းပွင့်ပင်လယ် အကြိမ်တစ်ရာနီးပါး ဖျက်ဆီးခံရပြီးနောက် မိုးကြိုးမီးတောက်သည် ပင်လယ်ထဲမှ အထီးကျန်လှေငယ်လေးတစ်စင်းပမာ ဖျက်ဆီးခံလိုက်ရသည်။ နောက်ဆုံးမှာ မိုးကြိုးမီးတောက်က ပျောက်ကွယ်သွားသည်။
“ ဘယ်လောက် အံ့ဖွယ်ကောင်းလိုက်တဲ့ အစီအရင်လဲ… ဒီအစီအရင်နဲ့ဆို ငါတို့တွေ ခဏတောင့်ခံထားနိုင်လောက်တယ် ”
ပန်းမျိုးတစ်ရာအစီအရင်၏ အံ့ဖွယ်စွမ်းရည်ကို မြင်တွေ့သွားသောအခါ သီရှီထျန်က အံ့ဩမှင်သက်သွားသည်။ မိုးမြေနှင့် ချိတ်ဆက်နိုင်သော အစီအရင်များ၏ စွမ်းအားက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ ထိုအချက်ကို နားလည်သွားသောအခါ သီရှီထျန်သည် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သူရရှိခဲ့သော အစီအရင်မြေပုံအပိုင်းအစရှစ်ခုကို ပြန်အမှတ်ရသွားသည်။ ယင်းတို့ထဲမှ မြေပုံအပိုင်းအစခုနစ်ခုက အတူတကွ ပေါင်းစပ်သွားခဲ့သော်လည်း အပိုင်းအစတစ်ခု ပျောက်ဆုံးနေသေး၏။ အစီအရင်မြေပုံသည် မပြည့်စုံပေ။
“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ငါပြန်သွားတဲ့အခါ အစီအရင်မြေပုံရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ရမယ်… ဘယ်သူသိနိုင်မှာလဲ… နောက်ထပ် ဝှက်ဖဲကတ်တစ်ကတ်ကို ငါပိုင်ဆိုင်သွားနိုင်လောက်တယ် ”
အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဟမ်… ပန်းမျိုးတစ်ရာအစီအရင်လား… ချိုင့်ဝှမ်းထဲမှာ နှစ်ပေါင်းများစွာကြာအောင် စုဝေးနေခဲ့တဲ့ ပန်းမျိုးတစ်ရာအနှစ်သာရချီနဲ့ဆို အဲ့ဒီအစီအရင်က တကယ်ပဲ ကောင်းကင်ဘုံမိုးကြိုးကို ခုခံပေးနိုင်တယ်… ဒါပေမဲ့ အဲ့ဒါက အဌမကောင်းကင်ဘုံမိုးကြိုးထိပဲ ခုခံပေးနိုင်လိမ့်မယ်… နဝမကောင်းကင်ဘုံမိုးကြိုးက ကိုယ်တွင်းနတ်ဆိုးကို ရည်ရွယ်တယ်… အဲ့ဒါကို အစီအရင်နဲ့ ခုခံတားဆီးလို့ မရဘူး… အဲ့ဒီအချိန်ကျရင် သူ့ရဲ့ မူလခန္ဓာကိုယ်နဲ့ နတ်သူငယ်ခန္ဓာကိုယ်က အပြည့်အဝ ပေါင်းစည်းသွားလိမ့်မယ်… သူ့ရဲ့ မူလခန္ဓာကိုယ် ထွက်ပေါ်လာတဲ့အခါကျရင်… ဟီး ဟီး… ”
ရှေးဟောင်းသစ်ပင်ကြီးထဲ၌ ပုန်းအောင်းနေသော အရှင်သခင်ကုရုံသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ စတင်သည့်အချိန်ကတည်းက အခြေအနေအားလုံးကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့သည်။
ချိုင့်ဝှမ်းအပေါ်မှ ပန်းမျိုးတစ်ရာအစီအရင်က သတ္တမကောင်းကင်ဘုံမိုးကြိုးကို ခုခံတားဆီးနိုင်ခဲ့ကြောင်း သူမြင်သွားသောအခါ အနည်းငယ် အံ့ဩသွားသည်။ ချန်းရှီသည် အစမှအဆုံးထိ လှုပ်ရှားမှုနှစ်ခုကိုသာ ပြုလုပ်ရသေး၏။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် သူ့ကို နည်းနည်းလေးမှ ထိခိုက်ဒဏ်ရာမဖြစ်စေပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ချန်းရှီက မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း မြင်နိုင်ပေသည်။ သို့သော်လည်း နဝမကောင်းကင်ဘုံမိုးကြိုးက ပထမဆုံးထွက်ပေါ်လာခဲ့သော ကောင်းကင်ဘုံမိုးကြိုးရှစ်ခုနှင့် လုံးဝ မသက်ဆိုင်ကြောင်း သူသိထားသည်။ ယင်းကို ကိုယ်တွင်းနတ်ဆိုးကပ်ဘေးဒုက္ခ သို့မဟုတ် ကမ္မကပ်ဘေးဒုက္ခဟု ခေါ်ကြသည်။
အဘယ့်ကြောင့််ဆိုသော် ထိုကပ်ဘေးဒုက္ခသည် သက်ရှိများ၏ ကမ္မလှုံ့ဆော်မှုမှ ဆင့်ကဲပြောင်းလဲသွားပြီး မွေးဖွားလာသော ကပ်ဘေးဒုက္ခဖြစ်သောကြောင့်ပင်။ ကမ္မကပ်ဘေးဒုက္ခက ပိုပြီးနက်ရှိုင်းလေ ယင်းထဲမှာ ကိန်းအောင်းနေသော သတ်ဖြတ်ခြင်းစွမ်းအားနှင့် အမတစွမ်းအားက ပိုပြီးအားကောင်းလေ ဖြစ်သည်။ ထိုအချိန်ကျလျှင် ကမ္မကပ်ဘေးဒုက္ခ၏ အတိုင်းအတာပေါ်မူတည်၍ ကိုယ်တွင်းနတ်ဆိုးက မွေးဖွားလာလိမ့်မည်။
ကိုယ်တွင်းနတ်ဆိုးက အားနည်းလျှင် ဖြတ်ကျော်ရလွယ်ကူပြီး ကိုယ်တွင်းနတ်ဆိုးက အလွန်သန်မာလျှင် ဖြတ်ကျော်ရခက်ခဲလိမ့်မည်။
“ ဂိုဏ်းတူညီမတွေ၊ မောင်လေးတွေ… ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ပြီးမြောက်တော့မယ်… ငါတို့တွေ ထွက်ခွာဖို့ အချိန်ကျပြီ… ဂိုဏ်းကို ငါတို့ပြန်သွားနိုင်မလား အရေးကြီးတာဝန်ကို ရရှိနိုင်မလားဆိုတာ ဒီဟာပေါ်မှာ မူတည်တယ် ”
ဝမ်ဖုန်းအာသည် တောင်ကုန်းပေါ်မှာ မောက်မာထောင်လွှားစွာ ရပ်နေရင်း အဝေးမှ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ကြည့်နေသည်။ သတ္တမကောင်းကင်ဘုံမိုးကြိုး ပြီးဆုံးသွားသည်ကို သူမြင်သောအခါ ချက်ချင်း ပြောသည်။
“ ကောင်းပြီ… ကျုပ်တို့တွေ ဂိုဏ်းတူအမရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မယ် ”
သူ့အနောက်မှ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူပြောကြသည်။
“ ရွှီး ”
ကြက်သွေးရောင်ဓားပျံတစ်စင်းက ဝမ်ဖုန်းအာ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာသည်။ ဓားပျံသည် လေထဲသို့ မြှောက်တတ်သွားသည်နှင့် အရွယ်အစားကြီးမားသွားသည်။ သူက တစ်ချက်ခုန်လိုက်ပြီး ဓားပျံပေါ်သို့ ခြေချလိုက်သည်။ ဝှစ်ဟူသော မြည်သံနှင့်အတူ သူ့အနောက်မှ ဂိုဏ်းတူတပည့်များသည်လည်း ဂိုဏ်းတူအမနောက်သို့ အမြန်လိုက်သွားကြသည်။ သူတို့က လေကို ဖြိုခွင်း၍ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူကိုးယောက်။ သူတို့တစ်ယောက်စီသည် မိစ္ဆာမျိုးနွယ်စုကို ဖိနှိပ်နိုင်သော အစွမ်းထက်အတတ်ပညာများကို တတ်မြောက်ထားကြသည်။ မိစ္ဆာမျိုးနွယ်စုအပေါ် သူတို့အုပ်စု၏ ခြိမ်းခြောက်နိုင်စွမ်းက တကယ်အံ့မခန်းပင်။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ၏ အလျင်က မနှေးပေ။ သူတို့သည် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်သွားပြီးသည်နှင့်ချက်ချင်း ဓားပျံများနှင့်အတူ လေကို ဖြိုခွင်း၍ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အမြန်ပျံသန်းသွားကြသည်။ ထူးဆန်းသည့်အချက်မှာ သူတို့တစ်ယောက်စီသည် ငုံးဥအရွယ်အစားခန့်ရှိသော ဆေးလုံးတစ်လုံးကို အသီသီးထုတ်လိုက်ကြသည်။ ဆေးလုံးသည် နှင်းဘောလုံးကဲ့သို့ ဖြူဖွေးသည်။ ယင်းက မြင်သူရကို မျက်စိပဒေသာရှိစေသည်။
… … …
“ ဂျိန်း… ဂျိန်း… ဂျိန်း… ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် အဌမကောင်းကင်ဘုံမိုးကြိုးက အကြမ်းပတမ်း ကျဆင်းလာသည်။ ဤတစ်ကြိမ်တွင် မိုးကြိုးမီးတောက်ဘောလုံးများက အရေအတွက်တစ်ထောင်ခန့် များပြားသွားသည်။ မိုးကြိုးမီးတောက်ဘောလုံးတစ်လုံးစီမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တစ်ပါးကို ဖုန်မှုန့်ဖြစ်စေနိုင်သော ကြောက်မက်ဖွယ်စွမ်းအားက ကိန်းအောင်းနေသည်။ လျှပ်စီးနှင့် မီးတောက်က အကြမ်းပတမ်း ပေါက်ကွဲထွက်လာသည့်အခါ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးက နေ့အချိန်ပမာ လင်းထိန်သွားသည်။
ယနေ့က ကမ္ဘာပျက်ကပ်ဘေး ဆိုက်ရောက်လာသည့်နေ့ဖြစ်ဟန် ရ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အရပ်မျက်နှာအသီးသီးတွင် ကင်းစောင့်နေကြသော မရဏကျီးကန်များက ထူးဆန်းသော အက်ရှရှမြည်သံကို ထုတ်ဖော်လိုက်ကြသည်။ နားဝင်စူးရှသော အော်သံများက ဆက်တိုက် ပဲ့တင်ထပ်လာသည်။ သူတို့၏ အသံထဲမှာ ဆန္ဒစောသော အရိပ်အမြွက်လည်း ပါရှိသည်။ ကြည့်ရသည်မှာ သူတို့က တစ်စုံတစ်ခုကို စိုးရိမ်ကြောင့်ကြနေဟန် ရ၏။
“ အရှင်မင်းကြီး… ဟိုးကို ကြည့်ပါ… တောင်ပိုင်းမြေရိုင်းဒေသရဲ့ အပြင်ဘက်က မသေမျိုးကျင့်ကြံသူတွေ လေထဲမှာ ပျံသန်းနေကြတယ်… သူတို့ကို ကြည့်ရတာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီကို ဦးတည်လာနေကြတဲ့ပုံပဲ ”
ယင်းခုန်းသည် လေထဲမှာ မြင့်မြင့်ပျံသန်းနေရင်း ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားနေသည်။ ထို့ပြင် သူ၏ အမြင်အာရုံက အလွန်စူးရှလေရာ လေထဲတွင် ပျံသန်းနေလျက် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ဦးတည်လာနေသော ဝမ်ဖုန်းအာနှင့် တခြားကျင့်ကြံသူများကို ချက်ချင်း မြင်တွေ့သွားသည်။
“ အားလုံးပဲ… အသင့်ပြင်ထားကြပါ… ပြင်ပမသေမျိုးကျင့်ကြံသူတွေက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီကို ဦးတည်လာနေကြတယ် ”
ထိုအခိုက်အတန့်မှာ မရဏကျီးကန်းဘုရင်သည်လည်း အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှ မထူးမခြားနား အကြည့်က ချောက်ချားဖွယ်ကောင်းလာသည်။ သေခြင်းအရှိန်အဝါသည်ပင် သူ့ခန္ဓာကိုယ်ထဲမှ ဒလဟော မြှောက်တတ်လာသည်။
အခန်း(၃၀၆)
“ ကျီး ”
မရဏကျီးကန်းဘုရင်က စူးရှကျယ်လောင်သော အော်မြည်သံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထိုအခါ ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်တွင် ပြန့်ကျဲနေသော မရဏကျီးကန်းအုပ်စုက သူ့ဘေးနားမှာ စုဝေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မရဏကျီးကန်းအုပ်စုက ဧရာမမိုးတိမ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ သို့သော်လည်း အဆုံးမဲ့သော သေခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒလဟော တိုးထွက်နေသည်။ သေခြင်းအရှိန်အဝါက ဒြပ်ထည်ရှိလာဟန်ရပြီး အပြင်သို့ ပျံ့နှံ့သွားသည်။
စက်ကရာနှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် ထိုသေခြင်းအရှိန်အဝါကို အာရုံခံမိသွားသောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။
“ ဟွန့်… လူသားမသေမျိုးကျင့်ကြံသူတွေက အရင်ကလို ယုတ်မာရက်စက်နေတုန်းပဲ… အရင်တစ်ခေါက်မှာ သူတို့က အမမဒူဆာ ကပ်ဘေးဒုက္ခကျော်လွှားနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့ကို ခိုးကြောင်ခိုးဝှက် အလစ်တိုက်ခိုက်ခဲ့တယ်… အခုတစ်ခါလည်း အမချန်းရှီ ကပ်ဘေးဒုက္ခကျော်လွှားနေတာကို သူတို့က အခွင့်အရေးယူဖို့ ကြိုးစားနေကြပြန်ပြီ… သီရှီထျန်ပြောတာ မှန်တယ်… ငါတို့မိစ္ဆာတွေ ငြိမ်ခံနေလို့ လူသားမသေမျိုးကျင့်ကြံသူတွေက အရမ်းရောင့်တတ်လာတယ်… ငါတို့မိစ္ဆာတွေမှာ ဘာအင်အားမှမရှိဘူးလို့ သူတို့ထင်နေတာလား ”
ဒေါသမီးဟုန်က သရဖူနီကြိုးကြာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ဆိုးမာန်ဆိုး ပြောသည်။
“ ဟွန့်… သူတို့ဘယ်လောက်များများ ရောက်လာပါစေ ကိစ္စမရှိဘူး… ဒီနေ့ ငါကင်းကောင်က သူတို့အားလုံးကို အရိုးတခြား အသားတခြားဖြစ်အောင် ထုရိုက်ပစ်မယ် ”
အနက်ရောင်မျောက်ဝံဘုရင်က ဒေါသတကြီး လက်သီးဆုပ်လိုက်လေရာ ပူပြင်းသော အခိုးအငွေ့က သူ့နှာခေါင်းထဲမှ ထွက်လာသည်။ သူက ရင်ဘက်ကို “ တဒုန်းဒုန်း ” ထုရိုက်လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစားကြီးမားသွားသည်။
ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က တောင်ကုန်းငယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သွားသည်။ သူက မီတာနှစ်ဆယ် သို့မဟုတ် မီတာသုံးဆယ်ခန့် ကြီးမားသွားလေရာ ဘီလူးတစ်ကောင်နှင့် ဆင်တူသွားသည်။ သူအသက်ရှူသွင်းရှူထုတ်လိုက်တိုင်း ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်လာသည်။ သူ၏ ဟိန်းသံက မိုးခြိမ်းသံတမျှ ကျယ်လောင်သည်။
“ ချိုင့်ဝှမ်းကို ကာကွယ်ကြ… အဲ့ဒီကျင့်ကြံသူတွေကို ချိုင့်ဝှမ်းထဲ ခြေတစ်လှမ်းတောင် ဝင်မလာစေနဲ့ ”
မဒူဆာသည် လေထဲမှ မသေမျိုးကျင့်ကြံသူကိုးယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“ တစ်ယောက်မှ အသက်ချမ်းသာမပေးနဲ့ ”
ဝမ်ဖုန်းအာနှင့် ဂိုဏ်းတူတပည့်များသည် ဓားပျံများကို စီးနင်း၍ လျှပ်စီးကဲ့သို့ အလျင်ဖြင့် ပျံသန်းလာနေကြသည်။ မကြာမီ သူတို့က ပန်းမျိုးတစ်ရာချိုင့်ဝှမ်းကို အဝေးမှ လှမ်းမြင်သွားကြသည်။ မိစ္ဆာသားရဲဘုရင်များက ချိုင့်ဝှမ်း၏ အရပ်မျက်နှာအသီးသီးမှာ စောင့်ကြပ်နေကြောင်း သူတို့မြင်တွေ့သွားကြသည်။ ဝမ်ဖုန်းအာသည် မည်မျှဘဝင်မြင့်ပါစေ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နှလုံးခုန်မြန်လာသည်။
‘ ကပ်ဘေးဒုက္ခကျော်လွှားနေတာက ဘယ်သူလဲ… ဘာလို့ အဲ့လောက်များပြားတဲ့ မိစ္ဆာသားရဲဘုရင်တွေက ကာကွယ်စောင့်ကြပ်ပေးနေတာလဲ… မရဏကျီးကန်းဘုရင်… ပြီးတော့ အရေအတွက်များပြားတဲ့ မရဏကျီးကန်းတွေ ’
‘ ဒါ့အပြင် မိစ္ဆာသားရဲဘုရင်နှစ်ပါးက လူသားအသွင်သဏ္ဍာန်ကို ပြောင်းလဲထားကြတယ်… ကြည့်ရတာ ဒီခရီးစဉ်က အန္တရာယ်များတော့မယ့်ပုံပဲ ’
“ ဂိုဏ်းတူအမ… ဟိုးကို ကြည့်… မရဏကျီးကန်းတွေက အုပ်စုလိုက်ရှိနေတယ်… ဒဏ္ဍာရီထဲမှာ ပြောထားတာက မရဏကျီးကန်းတွေက သေမင်းတမန်တော်တွေ ဖြစ်ကြတယ်… ပြီးတော့ လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားပြီးတဲ့ မိစ္ဆာသားရဲဘုရင်တွေလည်း ရှိတယ်… တကယ်လို့ ကျုပ်တို့တွေ အထဲစွတ်ဝင်သွားရင် အပြင်ပြန်ထွက်မလာနိုင်မှာ စိုးရိမ်ရတယ် ”
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ အခြေအနေကို ဝမ်ဖုန်းအာတစ်ယောက်တည်း မြင်နိုင်ခြင်း မဟုတ်ပေ။ ဂိုဏ်းတူတခြားတပည့်များသည်လည်း သူတို့အရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ ခေါင်းထဲမှာ အနောက်ဆုတ်မည့် အတွေးပင် ထွက်ပေါ်လာသည်။
“ ဘာမှမကြောက်နဲ့… ငါတို့လက်ထဲမှာ စိတ်လှည့်စားအမှုန့်ရှိနေသေးတာ မမေ့နဲ့ဦး… စိတ်လှည့်စားအမှုန့်ရဲ့ အာနိသင်က မိစ္ဆာသားရဲဘုရင်တွေအပေါ်မှာတောင် သက်ရောက်မှုရှိတယ်… အချိန်ကျလာတဲ့အခါ ငါက မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကို အသုံးပြုပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်မယ်… အရင်ဆုံး ငါတို့တွေ မရဏကျီးကန်းအုပ်စုကို ယာယီချိပ်ပိတ်ကြမယ်… ပြီးသွားမှ တခြားမိစ္ဆာသားရဲဘုရင်တွေကို တစ်ကောင်ပြီးတစ်ကောင် ဖြေရှင်းမယ်… နောက်ထပ် အချိန်ဆွဲနေလို့မရဘူး… အခုချက်ချင်း လုပ်ကြ ”
တစ်ခဏကြာပြီးနောက် ဝမ်ဖုန်းအာသည် စကားအများကြီး ပြောမနေဘဲ တစ်ခုပြီးတစ်ခု အမိန့်ပေးလိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ငုံးဥအရွယ်အစားခန့်ရှိသော ထူးထူးဆန်းဆန်း ဆေးလုံးက သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များထံသို့ ပျံသန်းသွားသည်။
ဆေးလုံးဖြူသည် လေထဲတွင် ပျံသန်းနေရင်း ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ မြေကြီးပေါ်သို့ မကျရောက်သွားမီ ဆေးလုံးဖြူက လေထဲမှာ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ ဆေးလုံးဖြူ ပေါက်ကွဲသွားသည့်အခိုက် ထူထဲသော အဖြူရောင်အခိုးအငွေ့က အရပ်မျက်နှာအသီးသီးဆီသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အဖြူရောင်အခိုးအငွေ့က အလွန်ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းသွားသည်။
ဝမ်ဖုန်းအာက ဆေးလုံးပစ်လွှတ်လိုက်ကြောင်း ဂိုဏ်းတူတခြားတပည့်များ မြင်သွားသောအခါ အနောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း သူတို့နားလည်လိုက်ကြသည်။ သို့ဖြစ်၍ သူတို့သည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူတို့လက်ထဲမှ ဆေးလုံးများကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ အမြန်ပစ်လွှတ်လိုက်ကြသည်။ အရွယ်အစားကြီးမားသော အဖြူရောင်အခိုးအငွေ့က ချိုင့်ဝှမ်းတစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားသည်။
ထို့ပြင် အဖြူရောင်အခိုးအငွေ့ဆီမှာ ကိုယ်ပိုင်အသက်ဝိညာဉ်ရှိဟန် ရ၏။ ယင်းက လေထဲမှာ ပျံ့နှံ့သွားသည်နှင့်ချက်ချင်း သက်ရှိများထံသို့ အလျှင်အမြန် ဦးတည်သွားသည်။ အဖြူရောင်အခိုးအငွေ့သည် သက်ရှိများ၏ မွေးညင်းပေါက်များနှင့် ဒွါရခုနစ်ပေါက်မှတဆင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။
“ မကောင်းတော့ဘူး… အားလုံးပဲ… အဲ့ဒီအဖြူရောင်အခိုးအငွေ့ကို မရှူကြနဲ့… အဲ့ဒီအငွေ့က တစ်ခုခု မူမမှန်ဘူး ”
သီရှီထျန်သည် အဖြူရောင်အခိုးအငွေ့ကို မြင်လိုက်သည်နှင့်ချက်ချင်း ယင်းက အဆိပ်ငွေ့တစ်မျိုးဖြစ်နိုင်ကြောင်း ချက်ချင်း သူသိလိုက်သည်။ ထိုဆေးလုံးဖြူများသည် ယခင်ဘဝမှာ သူမြင်ဖူးသော အဆိပ်ငွေ့ဗုံးများနှင့် ဆင်တူသည်။ ထို့ကြောင့် သူက အဖြူရောင်အခိုးအငွေ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အသက်အောင့်လိုက်သည်။
သို့သော်လည်း သီရှီထျန်မသိသည်မှာ ထိုအဖြူရောင်အခိုးအငွေ့သည် ပါးစပ်နှင့် နှာခေါင်းပေါက်မှတဆင့် ဝင်ရောက်နိုင်ရုံသာမက ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များမှလည်း အထဲသို့ ဝင်ရောက်နိုင်သည်။ သူသတိထားမိလိုက်သည့်အချိန်မှာတင် ပမာဏများပြားသော အဖြူရောင်အခိုးအငွေ့က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားနှင့်ပြီ ဖြစ်၏။
“ ယုတ်မာရက်စက်တဲ့ မသေမျိုးကျင့်ကြံသူတွေ… အဆိပ်ငွေ့သုံးပြီး တိုက်ခိုက်တယ်ပေါ့… ငါ့ရဲ့ ခွန်အားက ကြီးကြီးမားမား ယုတ်လျော့သွားပြီ… ယုတ်မာလိုက်တာ… အရှက်မဲ့လိုက်တာ… ”
အနက်ရောင်မျောက်ဝံဘုရင်က ကမ္ဘာတုန်ဟီးစေမည့် အော်သံကို ထုတ်လွှတ်လိုက်သည်။
“ ယုတ်မာတဲ့ လူသားတွေ… ငါကင်းကောင်က မင်းတို့တွေကို အသားပြားဖြစ်အောင် ရိုက်ပစ်မယ် ”
အဖြူရောင်အခိုးအငွေ့သည် မြန်ဆန်စွာ ထွက်ပေါ်လာပြီး မြန်ဆန်စွာ ပျေက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အဖြူရောင်အခိုးအငွေ့က လေထဲမှာ လွင့်ပြယ်သွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များသည် အဖြူရောင်အခိုးအငွေ့ဖြင့် အနည်းနှင့်အများ သက်ရောက်ခံလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက ပမာဏတစ်ခုအထိ ချိပ်ပိတ်ခံလိုက်ရသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက သိသိသာသာ ယုတ်လျော့သွားသည်။ သီရှီထျန်သည် အမြန်သတိထားမိခဲ့သောကြောင့် အဖြူရောင်အခိုးအငွေ့ကို အများကြီး မရှူသွင်းမိခဲ့ပေ။ သို့တိုင် သူ့ခွန်အားက နှစ်ဆယ်ရာခိုင်နှုန်း ချိပ်ပိတ်ခံလိုက်ရကြောင်း သူခံစားမိသွားသည်။
အဖြူအရောင်အခိုးအငွေ့သည် အလွန်ရက်စက်ကြမ်းကြုတ်သော အဆိပ်ငွေ့ဖြစ်သည်။
သို့သော်လည်း သီရှီထျန်တို့အုပ်စု မသိသည်မှာ ထိုဆေးလုံးဖြူကို ‘ စိတ်လှည်စားအမှုန့် ’ဟု ခေါ်ကြသည်။ ယင်းက သားရဲတစ်သောင်းဂိုဏ်း နှစ်ပေါင်းထောင်ချီကြာအောင် သုတေသနပြုလုပ်ပြီးနောက် ဖန်တီးသန့်စင်နိုင်ခဲ့သော အံ့ဖွယ်ဆေးလုံး ဖြစ်သည်။ ယင်းက ဆေးလုံးဖြစ်သော်လည်း သောက်သုံးရန် မဟုတ်ပေ။ ယင်းအစား တိုက်ရိုက် အသုံးပြုရန် ဖြစ်သည်။ ဝိညာဉ်စွမ်းအားကို ဆေးလုံးဖြူထဲသို့ ထည့်သွင်းလိုက်သည့်အခါ ယင်းက လေထဲမှာ ပေါက်ကွဲသွားလိမ့်မည်။ ပေါက်ကွဲသွားပြီးလျှင် ဆေးလုံးဖြူက ‘ စိတ်လှည့်စားအမှုန့် ’ကို ထုတ်လွှတ်ပေးလိမ့်မည်။ မိစ္ဆာတစ်ကောင်သည် ‘ စိတ်လှည့်စားအမှုန့် ’ကို ခန္ဓာကိုယ်ထဲသို့ ရှူသွင်းမိသွားလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက အနည်းနှင့်အများ ဖိနှိပ်ခံရလိမ့်မည်။
ယင်းသည် မိစ္ဆာများ၏ မိစ္ဆာချီကို ချိပ်ပိတ်ရန် သားရဲတစ်သောင်းဂိုဏ်းမှ အထူးတလည် ဖန်တီးထားသော သတ်ဖြတ်ခြင်းအကွက် ဖြစ်သည်။ ထိုသတ်ဖြတ်ခြင်းအကွက်အောက်မှာ မိစ္ဆာမည်မျှများပြားစွာ ကျဆုံးသွားခဲ့ကြောင်း မည်သူသိနိုင်မည်နည်း။ ထိုမျှများပြားသော မိစ္ဆာသားရဲများကို ရင်ဆိုင်ရန် ဝမ်ဖုန်းအာ ယုံကြည်ချက်ရှိနေခြင်းက သူ့လက်ထဲမှာ မိစ္ဆာချီကို ဖိနှိပ်နိုင်သော ‘ စိတ်လှည့်စားအမှုန့် ’ ရှိနေသောကြောင့်ပင်။
“ မိုးမြေပြောင်းပြန်လှန်… မိစ္ဆာချုပ်နှောင်ပိုက်ကွန်… မရဏကျီးကန်းတွေကို ချုပ်နှောင်စမ်း ”
ဝမ်ဖုန်းအာသည် အမှန်တကယ် အတွေ့အကြုံရှိသူ ဖြစ်သည်။ ‘ စိတ်လှည့်စားအမှုန့် ’ကို သူပစ်လွှတ်ပြီးသည်နှင့်ချက်ချင်း မိုးမြေပြောင်းပြန်လှန်မိစ္ဆာချုပ်နှောင်ပိုက်ကွန်ကိုလည်း တစ်ဆက်တည်း ပစ်လွှတ်လိုက်သည်။ ထိုပိုက်ကွန်ကို အမည်မသိပစ္စည်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ပိုက်ကွန်သည် လေထဲသို့ မြှောက်တတ်သွားသည်နှင့်ချက်ချင်း မယုံကြည်နိုင်သော အလျင်နှင့်အတူ အရွယ်အစားကြီးမားသွားသည်။ တစ်ချိန်တည်းမှာ ပိုက်ကွန်က ထွန်းလင်းတောက်ပသော ရတနာအလင်းကို ထုတ်လွှတ်လိုက်သည်။ ပိုက်ကွန်က မျက်စိတစ်မှိတ်အတွင်းမှာ နေနှင့်လကို ဖုံးအုပ်သွားသည်။
ချက်ချင်းဆိုသလိုပင် မရဏကျီးကန်းဘုရင်နှင့် သူ့ဘေးမှ မရဏကျီးကန်းအုပ်စုက ပိုက်ကွန်ဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
“ ဘန်း ”
အနက်ရောင်မျောက်ဝံဘုရင်က ဒေါသထွက်သွားသည်။ သူ၏ မိစ္ဆာချီက ကြီးကြီးမားမား ဖိနှိပ်ခံထားရသော်လည်း သူ၏ မျက်လုံးထဲမှာ ဒေါသမီးဟုန် လောင်မြိုက်နေသည်။ သူ့အရှေ့မှာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို မြင်သွားသောအခါ သူက ဒေါသတကြီး မျက်လုံးပြူးလိုက်သည်။ တစ်ဖက်လူက အမျိုးသမီးဖြစ်သော်ငြား သူက နည်းနည်းမှ သနားကြင်နာမှုမရှိပေ။
သူ၏ မျောက်ဝံလက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်ပြီး အမျိုးသမီးကျင့်ကြံသူပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် သူ၏ လက်ဝါးအောက်မှ လေသည်ပင် အေးခဲသွားဟန် ရ၏။ ဤသည်မှာ တောင်ကြီးတစ်တောင်က အောက်သို့ ရုတ်တရက် ပြုတ်ကျလာသည့်အလားပင်။
“ သေလိုက်စမ်း ”
ရွှေခြင်္သေ့ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဝုန်းဟူသော မြည်သံနှင့်အတူ သူ့ခန္ဓာကိုယ်က ချက်ချင်း အရွယ်အစားကြီးမားသွားသည်။ သူက ပေတစ်ရာကျော် မြင့်မားသွားသည်။ သူ၏ ဦးခေါင်းသုံးလုံးသည်လည်း ကြီးမားသွားကြသည်။ အလယ်မှ ဦးခေါင်းသည် ကျယ်လောင်စွာ ပါးစပ်ဟ၍ သူ့အရှေ့မှ ကျင့်ကြံသူတစ်ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ စုပ်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော လေပြင်းက သူ့အရှေ့မှာ တိုက်ခတ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားက ရွှေခြင်္သေ့ဘုရင်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် ရွှေခြင်္သေ့ဘုရင်က ထိုကျင့်ကြံသူကို သူ့ဗိုက်ထဲသို့ ဝါးမျိုပစ်ချင်နေသည်။
“ ကျီး ”
သရဖူနီကြိုးကြာဘုရင်သည်လည်း တုံ့ဆိုင်းမနေပေ။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ကောင်းကင်၏ အမြင့်တစ်နေရာသို့ ပျံတတ်သွားသည်။ သူ၏ အဖြူရောင်ငှက်မွှေးများက ချွန်ထက်သော မြားများသဖွယ် ထောင်မတ်သွားကြသည်။ နောက်အခိုက်အတန့်မှာ အဖြူရောင်ငှက်မွှေးများက စူးရှသော အလင်းတန်းနှင့်အတူ ကျင့်ကြံသူတချို့ဆီသို့ တန်းမတ်စွာ ဆင်းသက်သွားကြသည်။
ကြည့်ရသည်မှာ သူတို့က မိစ္ဆာချီအနည်းငယ်ကိုသာ ဆုံးရှုံးသွားကြဟန် ရ၏။ ‘ စိတ်လှည့်စားအမှုန့် ’က အစွမ်းထက်သော်လည်း သူတို့က တောင်ပိုင်းမြေရိုင်းဒေသကို အုပ်ချုပ်နေကြသော မိစ္ဆာသားရဲဘုရင်များ ဖြစ်ကြသည်။ ဤနှစ်များတွင် မည်မျှများပြားသော မသေမျိုးကျင့်ကြံသူများက သူတို့၏ လက်ချက်ကြောင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ပြေးသွားခဲ့ကြောင်း မည်သူသိနိုင်မည်နည်း။
ထို့ကြောင့် သူတို့သည် အတိုင်းအတာတစ်ခုအထိ မိစ္ဆာချီဖိနှိပ်ခံထားရသော်လည်း ကြောက်ရွံသွားခြင်းမရှိပေ။ ယင်းအစား ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က မသေမျိုးကျင့်ကြံသူများထံသို့ ခုန်အုပ်လိုက်ကြပြီး အရင်ဦးစွာ တိုက်ခိုက်လိုက်ကြသည်။ တိုက်ပွဲသည် စတင်ပြီးသိပ်မကြာမီ သွေးလွှမ်းသွားသည်။
“ ဝုန်း ”
သီရှီထျန်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကျားဝိညာဉ်ဓားမော့၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ ကျားဝိညာဉ်ဓားမော့က ဓားအိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ခေါင်းဆောင်ဖြစ်သော ဝမ်ဖုန်းအာကို မြင်သွားသောအခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အကြည့်က ချောက်ချားဖွယ်ကောင်းလာသည်။
“ မင်းပဲ ”
ထိုစကားလုံးကို သီရှီထျန်ပြောလိုက်စဉ် အလွန်နက်ရှိုင်းသော အမုန်းတရားက သူ၏ လေသံထဲမှာ ပါဝင်သွားသည်။ သူက လေကိုပင် အေးခဲသွားစေနိုင်သော အကြည့်ဖြင့် ဝမ်ဖုန်းအာကို စူးစိုက်ကြည့်လိုက်သည်။ အေးစက်စက်အရှိန်အဝါက အရပ်မျက်နှာအသီးသီးဆီသို့ လှိုင်းဂယက်တစ်ခုပမာ ပျံ့နှံ့သွားသည်။ အေးစက်စက်အရှိန်အဝါထဲတွင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။