← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း(၃၁၀)

ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာက ပန်းပင်ပေါ်မှ ထူးဆန်းသော ပန်းပွင့်ဖြစ်သည်။ ပန်းပွင့်ပေါ်မှ ပွင့်ချပ်ခုနစ်ခုသည် အမြဲတမ်း တစ်သတ်မတ်တည်း တည်တံ့မနေပေ။ ယင်းအစား သက်တံ့အလင်းရောင် ထွန်းလင်းသွားသည့်အခါ ပွင့်ချပ်ခုနစ်ခုစလုံးက စတင်ညှိုးနွမ်းသွားကြသည်။ ပထမဆုံး အနီရောင်ပွင့်ချပ်က ညှိုးနွမ်းသွားသည်။ ထို့နောက် လိမ္မော်ရောင်ပွင့်ချပ်က ညှိုးနွမ်းသွားသည်။ ထိုသို့ဖြင့် တခြားပွင့်ချပ်များသည်လည်း တစ်ခုပြီးတစ်ခု ညှိုးနွမ်းသွားကြသည်။

သို့သော်လည်း ပန်းပွင့်တစ်ခုလုံးက ညှိုးနွမ်းမသွားပေ။ အဘယ့်ကြောင့်ဆိုသော် ပွင့်ချပ်တစ်ခု ညှိုးနွမ်းသွားတိုင်း ပွင့်ချပ်အသစ်တစ်ခု ချက်ချင်း ထွက်ပေါ်လာသောကြောင့်ပင်။ ညှိုးနွမ်းခြင်းနှင့် အသစ်တဖန်မွေးဖွားခြင်းက ပြိုင်တူဖြစ်ပေါ်နေသည်။

ထိုစက်ဝန်းသည် အဆုံးမဲ့ဟန်ရပြီး ထပ်ခါတလဲလဲ ဖြစ်ပွားနေသည်။ မည်သူမဆို အကြည့်တစ်ချက်ဖြင့်ပင် ပွင့်ချပ်ညှိုးနွမ်းခြင်းနှင့် အသစ်တဖန်မွေးဖွားခြင်းကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ဤသည်မှာ သေဆုံးခြင်းနှင့် အသစ်တဖန်မွေးဖွားခြင်းက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသည့်အလားပင်။

ထို့ပြင် ပွင့်ချပ်များ ညှိုးနွမ်းသွားသည့်အခိုက် ပွင့်ချပ်များထဲမှ အသက်ဓာတ်ကို အပြည့်အဝ ထုတ်လွှတ်လိုက်ဟန် ရ၏။ ယင်းက အံ့ဖွယ်ကောင်းသော အလှတရားကို ဖြစ်ပေါ်စေသည်။ ထိုအသက်ဓာတ်က ပွင့်ချပ်အသစ်များကို ချက်ချင်း မွေးဖွားစေသည်။ အသစ်တဖန်မွေးဖွားခြင်းက မည်မျှအံ့ဖွယ်ကောင်းသောအရာ ဖြစ်သနည်း။ ထို့ပြင် သေဆုံးခြင်းနှင့် အသစ်တဖန်မွေးဖွားခြင်းကြားမှာ အဆုံးမဲ့သော သံသရာစက်ဝန်းတစ်ခု ဖြစ်တည်နေသည်။

အံ့ဩဖွယ်ကောင်းသော အချက်တစ်ချက်မှာ အဆုံးမဲ့သော သံသရာစက်ဝန်းတစ်ခု ဖြစ်ပေါ်နေစဉ် ပန်းပင်၏ အသက်ဓာတ်က တဖြည်းဖြည်း ပိုအားကောင်းလာသည်။

ပန်းပင်သည် ချက်ချင်း ထွန်းလင်းတောက်ပလာသည်။ ယင်းက ပြိုင်စံရှားလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသည်။ ဤလောကတွင် မည်သည့်အလှတရားကမှ ထိုပန်းပင်ကို မတုယှဉ်နိုင်ဟန် ရ၏။ ယင်းက ငယ်ရွယ်လှပမှု ဖြစ်သည်။

အလှတရား… ။

ယင်းက တဒင်္ဂမျှသာ ထွက်ပေါ်လာမည်ဆိုလျှင်ပင် ထာဝရ တည်ရှိသွားနိုင်၏။

“ အဲ့ဒါပဲ… အဲ့ဒါ တကယ်ကြီးပဲ… ဒဏ္ဍာရီလာ သက်တံ့နတ်ဘုရားပန်းပင်က ဒီလောကမှာ တကယ်ကြီး တည်ရှိတယ်… ဒဏ္ဍာရီက အမှန်ပဲ… ဒီလောကမှာ အဲ့လောက်အံ့ဖွယ်ကောင်းတဲ့ ပန်းပင် တည်ရှိတယ်လား ”

ရှေးဟောင်းသစ်ပင်ကြီးထဲမှာ ပုန်းအောင်းနေသော အရှင်သခင်ကုရုံသည် ထူးဆန်းသော ပန်းပင်ထွက်ပေါ်လာကြောင်း မြင်လိုက်သောအခါ သူ့မျက်လုံးထဲမှာ စူးရှတောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက မည်သို့ကြောင့် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ ဤနေရာမှာ ရှိနေကြသော မိစ္ဆာသားရဲဘုရင်များနှင့် မသေမျိုးကျင့်ကြံသူများက ထိုပန်းပင်ကို မမှတ်မိကြသော်လည်း သူက မည်သူနည်း။ သူက ရှေးခေတ်မှာ ရှင်သန်ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။ ရှေးခေတ်ကာလမှာ သူ၏ ကျင့်ကြံခြင်းက ကောင်းကင်ဘုံအထိ ရောက်ရှိခဲ့သည်။ သူက မျက်မှောက်ခေတ်တွင် ရှေးခေတ်ကာလအကြောင်း ကောင်းမွန်စွာ သိထားသော ရှားပါးပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည်။ သို့ဖြစ်လေရာ ထိုနတ်ဘုရားပန်းပင်အကြောင်း မည်သို့သူမသိဘဲနေမည်နည်း။

အမှန်မှာ ထိုနတ်ဘုရားပန်းပင်နှင့်ပတ်သက်သော သဲလွန်စများကို အတိတ်မှာ သူရှာတွေ့ခဲ့သောကြောင့် ဤနေရာမှာ နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူက ချန်းရှီ ကပ်ဘေးဒုက္ခကျော်လွှားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ယခု သူ၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်သွားသည်။ ချန်းရှီသည် အမှန်တကယ်ပင် သူခန့်မှန်းထားခဲ့သော သက်တံ့နတ်ဘုရားပန်းပင် ဖြစ်သည်။

သက်တံ့နတ်ဘုရားပန်းပင်ကို ‘ တစ်ခဏငယ်ရွယ်မှု ’ ဟုလည်း ခေါ်ကြသည်။ တစ်ခဏဟူသည် မည်သည့်အဓိပ္ပာယ်နည်း။ ယင်းက တိုတောင်းသော အချိန်ကို ရည်ညွှန်းခြင်း မဟုတ်ပါလော။ သို့သော်လည်း သက်တံ့နတ်ဘုရားပန်းပင်အတွက်တော့ ‘ တစ်ခဏ ’ဟူသော အဓိပ္ပာယ်က ထိုသို့မဟုတ်ပေ။ ယင်းအစား ထာဝရတည်ရှိမှုကို ရည်ရွယ်သည်။ ရိုးရှင်းစွာပြောရသော် ငယ်ရွယ်လှပမှုက ထာဝရတည်ရှိနေလိမ့်မည်။

ထို့ကြောင့် နတ်ဘုရားပန်းပင်ပေါ်မှ ပွင့်ချပ်များက အဆက်မပြတ် ညှိုးနွမ်းနေပြီး အသစ်တဖန်ပြန်မွေးဖွားလာနေခြင်း ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် ငယ်ရွယ်လှပမှုက ထာဝရတည်ရှိသွားလိမ့်မည်။

ချန်းရှီ၏ ခန္ဓာကိုယ်က ဤလောက၏ ဝိညာဉ်အမြစ်ဖြစ်သည်ဟု ဆိုရမည်။

အဘယ့်ကြောင့်ဆိုသော် ‘ တစ်ခဏငယ်ရွယ်မှု ’သည် ဤလောကထဲတွင် မည်သူမှ ကြိုတင်ခန့်မှန်းနိုင်သောအရာ မဟုတ်ပေ။ ဒဏ္ဍာရီအရ ထူးဆန်းသော ထိုပန်းပင်၏ အဓိက ထူးခြားချက်က အဆုံးမဲ့သော သံသရာစက်ဝန်း ဖြစ်သည်။ ယင်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းလည်း ဟုတ်၏။ အကယ်၍ တစ်စုံတစ်ယောက်က ထိုစက်ဝန်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ဆင်ခြင်နားလည်သွားမည်ဆိုလျှင် ထာဝရဖြစ်တည်မှုကို ပိုင်ဆိုင်သွားလိမ့်မည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က အထွတ်အထိပ်သို့ ခုန်ပျံကျော်လွှားသွားလိမ့်မည်။ သူတို့က ခြေတစ်လှမ်းတည်းဖြင့် ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုပန်းပင်ကို ဝါးမျိုလိုက်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက နှစ်တစ်သောင်းကျင့်ကြံခြင်းနှင့် ညီမျှသွားလိမ့်မည်။ ထို့ပြင် သူတို့က ကောင်းကင်ဘုံသွေဖယ်နိုင်သော နတ်ဘုရားစွမ်းရည်ဖြစ်သည့် ‘ တစ်ခဏငယ်ရွယ်မှု ’ကိုလည်း ပိုင်ဆိုင်သွားလိမ့်မည်။

ထိုနတ်ဘုရားစွမ်းရည်က အလွန်အံ့ဖွယ်ကောင်းလေရာ ပြိုင်ဘက်ကင်း အစွမ်းထက်ပညာရှင်များသည်ပင် ယင်းကို လိုချင်တပ်မက်ကြသည်။

သို့သော်လည်း ချွင်းချက်အခြေအနေတစ်ခု ရှိ၏။ တစ်စုံတစ်ယောက်က သက်တံ့နတ်ဘုရားပန်းပင်၏ ‘ တစ်ခဏငယ်ရွယ်မှု ’ နတ်ဘုရားအစွမ်းကို လိုချင်သည်ဆိုလျှင် နတ်ဘုရားပန်းပင် ကပ်ဘေးဒုက္ခ မကျော်လွှားရသေးမီ ယင်းကို ဝါးမျိုရမည်။

သို့မဟုတ်လျှင် ကပ်ဘေးဒုက္ခ ကျော်လွှားပြီးသည့်အခါ ‘ တစ်ခဏငယ်ရွယ်မှု ’ နတ်ဘုရားအစွမ်းက ချန်းရှီနှင့် အပြည့်အဝ ပေါင်းစပ်သွားလိမ့်မည်။ ထိုအခါ နတ်ဘုရားအစွမ်းက ချန်းရှီအပိုင် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ချန်းရှီသည် ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဆိုလျှင် နှစ်တစ်သောင်းကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်သွားရုံသာမက ‘ တစ်ခဏငယ်ရွယ်မှု ’ နတ်ဘုရားအစွမ်းကိုလည်း ပိုင်ဆိုင်သွားလိမ့်မည်။

အကယ်၍ ‘ တစ်ခဏငယ်ရွယ်မှု ’ နတ်ဘုရားအစွမ်းကို ချန်းရှီ ပိုင်ဆိုင်သွားမည်ဆိုလျှင် ဤလောက၌ လူအနည်းစုသာလျှင် သူ့ပြိုင်ဘက်ဖြစ်နိုင်တော့လိမ့်မည်။ မှန်ပေသည်။ သူက ချက်ချင်းလက်ငင်း အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်မလာနိုင်ပေ။ သူက သက်တံ့နတ်ဘုရားပန်းပင်နှင့် အပြည့်အဝ ပေါင်းစည်းသွားသည်ဆိုလျှင်ပင် ယင်း၏ ကျင့်ကြံခြင်းစွမ်းအားကို ဖြည်းဖြည်းချင်းသာ စုပ်ယူနိုင်ပေသည်။ သူက နတ်ဘုရားအစွမ်းကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အချိန်ယူရလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက တခြားလူများထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားလိမ့်မည်။

သက်တံ့နတ်ဘုရားပန်းပင်၏ ကျင့်ကြံခြင်းစွမ်းအားကို အပြည့်အဝ စုပ်ယူရန် ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင် အချိန်ယူရနိုင်သည်။ အကယ်၍ သူသာ မည်သည့်မတော်တဆမှုမှ မတွေ့ကြုံလျှင် သက်တံ့နတ်ဘုရားပန်းပင်၏ ကျင့်ကြံခြင်းစွမ်းအားက သူ့အား မဟာမိစ္ဆာတစ်ပါး သို့မဟုတ် မိစ္ဆာသူတော်စင်တစ်ပါးပင် ဖြစ်စေနိုင်လိမ့်မည်။

“ ဟား ဟား… ကောင်းကင်ဘုံက ငါ့ဘက်မှာပဲ… အရာအားလုံးသိဆရာကြီး… အရာအားလုံးသိဆရာကြီး… ခင်ဗျားလက်ချက်ကြောင့် ကျုပ်ဒဏ်ရာရသွားပေမဲ့ သက်တံ့နတ်ဘုရားပန်းပင်ကို ကျုပ်ရှာတွေ့သွားလိမ့်မယ်လို့ ခင်ဗျား မျှော်လင့်ထားမှာမဟုတ်ဘူး… အဲ့ဒါကို ငါဝါးမျိုနိုင်ရင် ငါ့ရဲ့ ဒဏ်ရာအားလုံးက သက်သာပျောက်ကင်းသွားလိမ့်မယ်… ဒါ့အပြင် ဒဏ္ဍာရီလာနတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ‘ တစ်ခဏငယ်ရွယ်မှု ’ကိုလည်း ငါပိုင်ဆိုင်သွားလိမ့်မယ်… ဟွန့်… အဲ့ဒီအချိန်ကျရင် ခင်ဗျားနဲ့ ကျုပ်ကြားက ရန်ကြွေးကို အပြတ်ရှင်းပစ်မယ် ”

အရှင်သခင်ကုရုံသည် သက်တံ့ရောင်တောက်ပနေသော ပန်းပင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

မီးခိုးဖြူရောင်နတ်ဘုရားအလင်းက သစ်သားတုံးနှင့်ဆင်တူသော သူ့ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်လုံး ငြိမ်သက်နေသော သူ့နှလုံးက ထူးဆန်းစွာ စတင်ခုန်လာသည်။ သူ၏ ရင်ဘက်က ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားသည်။ အသက်ဓာတ်အရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်မှာ စတင်သိပ်သည်းသွားသည်။ ထို့ပြင် ရှေးဟောင်းသစ်ပင်ကြီးထံမှ အသက်ဓာတ်အနှစ်သာရက အရှင်သခင်ကုရုံ၏ ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။ ထိုအခါ ရှေးဟောင်းသစ်ပင်ကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ညှိုးခြောက်သွားသည်။

ရှေးဟောင်းသစ်ပင်ကြီး၏ အသက်ဓာတ်က အရှင်သခင်ကုရုံ၏ အမြန်စုပ်ယူခံလိုက်ရသည်။

သက်တံ့နတ်ဘုရားပန်းပင်သည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချန်းရှီ၏ ခန္ဓာကိုယ်အနားသို့ စတင်ချဉ်းကပ်သွားသည်။ ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သက်တံ့နတ်ဘုရားပန်းပင်၏ အမြစ်များက အသက်ရှိနေသည့်အလား ချန်းရှီထံသို့ လူးလွန့်ရွေ့လျားသွားကြသည်။ အမြစ်များသည် ချန်းရှီ၏ ခန္ဓာကိုယ်ကို ထိတွေ့သွားသည့်အခါ သူ့ကို မရစ်ပတ်လိုက်ပေ။ ယင်းအစား အမြစ်များက ချန်းရှီ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ဤသည်မှာ အမြစ်များက ချန်းရှီ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစည်းသွားနေသည့်အလားပင်။

“ ကောင်းတယ်… အမချန်းရှီရဲ့ အစစ်အမှန်ခန္ဓာကိုယ်က လူသားခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစည်းနေပြီ… ပန်းပင်တစ်ခုလုံး သူ့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတဲ့အခါ သူက ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲသွားပြီး ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်သွားလိမ့်မယ် ”

အမြဲတမ်း အေးတိအေးစက်ပုံစံရှိနေခဲ့သော မဒူဆာသည်ပင် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ရင်းမှန်ဖြင့် ပြုံးလိုက်သည်။ ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်က မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း ယင်းက အလွန်သာလွန်ထူးခြားကြောင်း သူမြင်နိုင်ပေသည်။ ယခုအချိန်က ချန်းရှီ၏ အားအနည်းဆုံးအချိန်ဖြစ်ကြောင်း သူသိသည်။ ဤချိုင့်ဝှမ်းထဲတွင် မည်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။ သို့သော်လည်း သူ့မှာ သစ္စာဖောက်လိုသော မည်သည့်အတွေးမှ မရှိပေ။ သူက ချန်းရှီအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းသာနေသည်။

“ ဝုန်း ”

ထိုအခိုက်အတန့်မှာ ချန်းရှီ၏ အနီးနားမှာရှိသော ရှေးဟောင်းသစ်ပင်ကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ညှိုးခြောက်သွားသည်။ ထိုသို့ညှိုးခြောက်သွားနေစဉ် သစ်ပင်၏ ပင်စည်က ရုတ်တရက် ပေါက်ကွဲသွားသည်။ ထို့နောက် ပုပ်ပွပျက်စီးနေသော လက်တစ်ဖက်က ပေါက်ကွဲမှုအတွင်းမှ အလွန်မြန်ဆန်စွာ ထွက်ပေါ်လာသည်။ လက်သည် အရိုးပေါ်အရေတင် ဖြစ်နေသည်။

ထိုလက်ပေါ်တွင် မီးခိုးဖြူရောင်နတ်ဘုရားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အသွေးအသားများက ထိုလက်ပေါ်မှာ မြန်ဆန်စွာ တိုးပွားလာသည်။ နောက်အခိုက်အတန့်မှာ လက်က လူသားတစ်ယောက်၏ လက်အဖြစ် အသွင်ပြောင်းလဲသွားသည်။

လက်သည် ရှေးဟောင်းသစ်ပင်ကြီးထဲမှ ဆန့်တန်းထွက်လာပြီးလျှင် လက်သည်းသဏ္ဍာန် ပြောင်းလဲသွားကာ ချန်းရှီအရှေ့မှ သက်တံ့နတ်ဘုရားပန်းပင်ကို ကုတ်ဆွဲလိုက်သည်။

“ အတင့်ရဲလှချည်လား သူခိုးကောင် ”

မဒူဆာက အရိုးခိုက်ခိုက်တုန်စေမည့် အော်သံကို ထုတ်ဖော်လိုက်သည်။ ရောင်စုံအလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ချက်ချင်း ကြောက်မက်ဖွယ်ကောင်းလာသည်။

“ ငါ့အမကို တိုက်ခိုက်ရဲတယ်လား… ကျူးအာ နင့်ကို တိုက်ခိုက်ပစ်မယ် ”

ဇာမဏီငှက်သည်လည်း ဒေါသတကြီး အော်ပြောလိုက်သည်။ သူ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည့်အခါ ကြက်သွေးရောင်မီးတောက်က သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်းက သေချင်နေတာပဲ ”

သီရှီထျန်၏ မျက်လုံးက ဒေါသကြောင့် ပြူးကျယ်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ကျားဝိညာဉ်ဓားမော့ကို လွှဲယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက ကျားဝိညာဉ်ဓားမော့ထဲသို့ ဒီရေအလား စီးဆင်းသွားသည်။ ဓားမော့ကို လွှဲယမ်းလိုက်သည့်အခါ ပေတစ်ရာနီးပါး ရှည်လျားသော ဓားမော့အလင်းတန်းက မိုးမြေစွမ်းအားကို သယ်ဆောင်လျက် ပျံသန်းထွက်သွားသည်။ ဓားမော့အလင်းတန်းက မီးခိုးဖြူရောင်လက်သည်းထံသို့ တန်းမတ်စွာ ကျဆင်းသွားသည်။

ဓားမော့အလင်းတန်း ဖြတ်သန်းသွားသည့်အခိုက် လေထဲမှာ တစ္ဆေအော်ညည်းသံများ မသဲမကွဲ ပဲ့တင်ထပ်လာသည်။ လေသည်ပင် ဓားမော့ထံမှ စွမ်းအားကြောင့် ပြိုကွဲသွားတော့မည့်ဟန် ရ၏။

ထိုအရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ လူတိုင်းက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။ ထို့ပြင် ယင်းက သူတို့မမျှော်လင့်ထားသောအရာ ဖြစ်၏။ ရှေးဟောင်းသစ်ပင်ကြီးထဲမှာ တစ်စုံတစ်ယောက်က ပုန်းအောင်းနေလိမ့်မည်ဟု မည်သူတွေးမိမည်နည်း။

ထို့ပြင် တစ်ဖက်လူက အရေးကြီးအချိန်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်ကို လုယက်ရန် ကြိုးစားလိုက်သည်။

မည်သူမှ ထိုအတွက် ကြိုမပြင်ဆင်ထားနိုင်ပေ။ သို့ဖြစ်၍ သူတို့သည် မီးခိုးဖြူရောင်လက်က ချန်းရှီအား တိုက်ခိုက်လိုက်သည်ကို ကြည့်ရှုနေရုံသာ တတ်စွမ်းကြပေသည်။

အခန်း(၃၁၁)

မမျှော်လင့်ထားသော အဖြစ်အပျက်က ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာသည်။ ယင်းက လူတိုင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ အကြံကြီးမားသော အရှင်သခင်ကုရုံက ချန်းရှီ၏ ဘေးမှ ရှေးဟောင်းသစ်ပင်ကြီးထဲမှာ ပုန်းအောင်းနေမည်ဟု မည်သူတွေးမိမည်နည်း။ ပိုပြီးမမျှော်လင့်ထားသည့်အရာက အရှင်သခင်ကုရုံသည် ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ် ထွက်ပေါ်လာမှသာ လှုပ်ရှားလိုက်သည်။ သူက စိတ်ဓာတ်ပြတ်သားသူဖြစ်ပြီး ကောက်ကျစ်စဉ်းလဲကြောင်း ထင်ရှားပေသည်။

တစ်ခုသိထားရမည်မှာ ချန်းရှီသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် အပြည့်အဝ မပေါင်းစပ်ရသေးပေ။ အကယ်၍ သူ၏ အစစ်အမှန်ခန္ဓာကိုယ်သာ တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် သူ၏ သေခြင်းရှင်ခြင်းက တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ချက်ချင်း ကျရောက်သွားလိမ့်မည်။ သို့ဖြစ်၍ ယင်းက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။

“ ဒါက မဟာအခွင့်အရေးပဲ… အားလုံးပဲ… အဲ့ဒီမိစ္ဆာတွေကို တိုက်ခိုက်ကြ ”

စက်ကရာက အနောက်သို့ ဆုတ်သွားပြီး မီးခိုးဖြူရောင်လက်ကို တိုက်ခိုက်လိုက်ကြောင်း ဝမ်ဖုန်းအာ မြင်သွားသောအခါ ယင်းက တစ်သက်မှတစ်ခါသာ ရရှိနိုင်သော အခွင့်အရေးဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး တခြားလူများကို အမြန်တိုက်ခိုက်ရန် သတိပေးလိုက်သည်။ ထို့ပြင် သူက ဦးဆောင်တိုက်ခိုက်လိုက်သည်။ သူက လေထဲမှ ဇာမဏီငှက်ကို ထိန်းချုပ်လိုက်ပြီး မီးတောက်မီးလျှံများကို စက်ကရာထံသို့ ပစ်လွှတ်လိုက်သည်။

သူက ဤမဟာအခွင့်အရေးကို အသုံးချပြီး စက်ကရာကို အနောက်မှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကာ သူ့ကို ပြာအဖြစ် လောင်ကျွမ်းပစ်ချင်သည်။

“ သေလိုက်စမ်း ”

အစောနက ရပ်တန့်သွားခဲ့သော တိုက်ပွဲက နောက်တဖန် ပြန်စတင်လာသည်။ ထို့ပြင် တိုက်ပွဲသည် စတင်သွားသည်နှင့်ချက်ချင်း ရက်စက်ကြမ်းကြုတ်လာသည်။ မိစ္ဆာသားရဲဘုရင်အားလုံးက ဤအခိုက်အတန့်မှာ မျက်လုံးနီရဲသွားကြသည်။ သူတို့က ရူးသွပ်သွားသည့်အလား ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူတို့၏ တိုက်ခိုက်မှုတိုင်းက အလွန်ကြမ်းတမ်းပြီး ကြောက်စရာကောင်းသည်။

“ ညီအကိုတို့… သတ်ပစ်ကြ… အရှက်မဲ့တဲ့ အဲ့ဒီကျင့်ကြံသူတွေကို သတ်ပစ်ကြ… အကိုသီ သူတို့ကို တားဆီးပါ… မိစ္ဆာဘုရင်ချန်းရှီကို ထိခိုက်ဒဏ်ရာရစေလို့မဖြစ်ဘူး ”

အနက်ရောင်မျောက်ဝံဘုရင်၏ မျက်လုံးက အနီရောင်သို့ ပြောင်းလဲသွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး ရင်ဘက်ကို “ တဒုန်းဒုန်း ” ထုရိုက်လိုက်သည်။ ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

“ အရှက်မဲ့တဲ့ ကျင့်ကြံသူတွေ… ဒီနေ့ မင်းတို့ကို ငါဘယ်လောက်သန်မာလဲ ပြမယ်… နေနဲ့လကို ဖျက်ဆီးပစ်မယ့် လက်သီး ”

ချန်းရှီ တိုက်ခိုက်ခံလိုက်ရကြောင်း မြင်သွားသောအခါ အနက်ရောင်မျောက်ဝံဘုရင်က အမှန်တကယ် ဒေါသထွက်သွားသည်။ ဤအခိုက်အတန့်မှာ သူက မွေးရာပါသဘာဝစွမ်းရည်ကို ဖုံးကွယ်မနေတော့ဘဲ အသုံးပြုလိုက်သည်။ တစ်ခုသိထားရမည်မှာ သူက ထိုမွေးရာပါသဘာဝစွမ်းရည်ကို အပြင်လူများ၏ အရှေ့မှာ တစ်ခါမှ အသုံးမပြုဖူးပေ။

သူတို့ကို မိစ္ဆာသားရဲဘုရင်များဟု ခေါ်ကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ သူတို့အားလုံးက မွေးရာပါသဘာဝစွမ်းရည်ကို နိုးထပြီးကြသော မိစ္ဆာသားရဲများ ဖြစ်ကြသည်။ မွေးရာပါသဘာဝစွမ်းရည်မရှိလျှင် သူတို့က သာမန်မိစ္ဆာသားရဲများသာ ဖြစ်ကြလိမ့်မည်။ မွေးရာပါသဘာဝစွမ်းရည်ရှိသူများကို မိစ္ဆာသားရဲဘုရင်များဟု သတ်မှတ်ကြသည်။

မိစ္ဆာသားရဲဘုရင်တစ်ပါးစီ၏ မွေးရာပါသဘာဝစွမ်းရည်က အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။ အနက်ရောင်မျောက်ဝံဘုရင်က မိစ္ဆာသားရဲဘုရင်တစ်ပါးဖြစ်လေရာ ထုံးစံအားဖြင့် သူ့ဆီမှာ မွေးရာပါသဘာဝစွမ်းရည် ရှိ၏။

ဤအခိုက်အတန့်မှာ သူက ဒေါသတကြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ညာလက်သည်းကို ဆန့်ထုတ်လိုက်သည်။ သူ၏ မျောက်ဝံလက်သည်းသည် ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။ သူ၏ လက်ဖဝါးထဲမှာ အံ့ဖွယ်စွမ်းအား ကိန်းအောင်းနေသည်။ ဤသည်မှာ မျောက်ဝံလက်သည်းက အဆုံးမဲ့စွာ အရွယ်ကြီးမားသွားပြီး အကန့်အသတ်မဲ့သော အင်အားကို ပိုင်ဆိုင်ထားသည့်အလားပင်။ သူလက်ဆန့်ထုတ်လိုက်သည့်အခါ နေနှင့်လသည်ပင် သူ၏ လက်ဖဝါးအောက်မှာ ဖျစ်ညှစ်ခံရတော့မည့်ဟန် ရ၏။ သူ၏ လက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

လက်သည်းထဲမှာ ကမ္ဘာပျက်စီးစေနိုင်သော စွမ်းအားက ကိန်းအောင်းနေသည်။ မျောက်ဝံလက်သည်း၏ အရှေ့မှ လေဟာနယ်သည်ပင် ကြီးမားသော ဖိအားအောက်မှာ ချက်ချင်း အကျဉ်းချခံလိုက်ရဟန် ရ၏။ သို့ဖြစ်၍ ရန်သူများသည် မျောက်ဝံလက်သည်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည့်အခါ ခန္ဓာကိုယ်မရွေ့လျားနိုင်တော့ပေ။ ဤသည်မှာ လောကတစ်ခုလုံးက သူတို့အပေါ်သို့ ဖိကျလာသည့်အလားပင်။ သူတို့၏ ခေါင်းထဲမှာ ခုခံတားဆီးချင်သော အတွေးပင် မရှိတော့ပေ။ မျောက်ဝံလက်သည်းက သူတို့အပေါ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှလွဲ၍ တခြားဘာမှမတတ်နိုင်ပေ။

“ အား ”

အနက်ရောင်မျောက်ဝံဘုရင်၏ အရှေ့မှ အမျိုးသမီးကျင့်ကြံသူက ကြောက်လန့်တုန်လှုပ်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။ သူက ရှောင်တိမ်းချင်သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပေ။ ဤသည်မှာ သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အကျဉ်းချခံထားရသည့်အလားပင်။

ထို့ကြောင့် အမျိုးသမီးကျင့်ကြံသူသည် မျောက်ဝံလက်သည်း သူ့အပေါ်သို့ ကျဆင်းလာနေသည်ကို အကူအညီမဲ့စွာ ကြည့်နေရသည်။

အမျိုးသမီးကျင့်ကြံသူ၏ အော်သံ အဆုံးမသတ်သွားမီ အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက သူ့ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

“ သေလိုက်စမ်း ”

အနက်ရောင်မျောက်ဝံဘုရင်က အေးတိအေးစက် ပြောသည်။ ထို့နောက် သူက လက်သည်းကို ရက်စက်ကြမ်းကြုတ်စွာ ဖျစ်ညှစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အမျိုးသမီးကျင့်ကြံသူ၏ ခန္ဓာကိုယ်က အသွေးအသားအရည်အဖြစ် ပြန့်ကျဲသွားသည်။ မရေမတွက်နိုင်သော အသားအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားသည်။

မသေမျိုးကျင့်ကြံသူများသည် ဓမ္မမန္တန်များနှင့် ဓမ္မလက်နက်များကို ကျင့်ကြံသန့်စင်နိုင်ကြသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်က မိစ္ဆာသားရဲများကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ သို့ဖြစ်လေရာ မိစ္ဆာသားရဲဘုရင်တစ်ပါး၏ အစွမ်းကုန်တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။ ထို့ကြောင့် သူက တစ်ချက်တည်းဖြင့် သေဆုံးသွားသည်။

“ အမှတ်ခုနစ်ညီမလေး ”

ဝမ်းနည်းကြေကွဲသော အော်သံများက ကျင့်ကြံသူအုပ်စုထံမှ ထွက်ပေါ်လာသည်။ အမှတ်ခုနစ်ညီမလေးက အနက်ရောင်မျောက်ဝံဘုရင်၏ လက်ထဲမှာ အသားပြားအဖြစ် ဖျစ်ညှစ်ခံလိုက်ရကြောင်း မြင်သောအခါ သူတို့က ကြောက်လန့်သွားကြသည်။ တစ်ချိန်တည်းမှာ ဒေါသကြောင့် သူတို့၏ မျက်လုံးက အနီရောင်ပြောင်းသွားသည်။ သူတို့က အံတင်းတင်းကြိတ်လိုက်ကြပြီး မရေမတွက်နိုင်သော မှော်အဆောင်များနှင့် ဓမ္မမန္တန်များကို ထုတ်လွှတ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် တိုက်ပွဲမြေပြင်က ပိုပြီးကြမ်းတမ်းလာသည်။

“ ဘန်း ”

“ ဝုန်း ”

ချိုင့်ဝှမ်းထဲတွင် တိုက်ပွဲ၏ ပြင်းထန်မှုက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။ မိစ္ဆာသားရဲများထဲတွင် မီးခိုးဖြူရောင်လက်ကို အချိန်မီ တုံ့ပြန်နိုင်သူများသည် မဒူဆာ၊ ဇာမဏီငှက်နှင့် သီရှီထျန်တို့ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ မဒူဆာ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ သဏ္ဍာန်မဲ့သော စွမ်းအားက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။

ထူးဆန်းသော စွမ်းအားက သူ့အကြည့်နောက်သို့ လိုက်ပါသွားသည်။ ဒဏ္ဍာရီအရ မဒူဆာ၏ အကြည့်က အရာအားလုံးကို ကျောက်ရုပ်ဖြစ်စေနိုင်သည်။ ယခု သူ၏ မွေးရာပါသဘာဝစွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ့မျက်စိအရှေ့မှ အရာအားလုံးက ရုတ်တရက် အသက်ဓာတ်ဆုံးရှုံးသွားပြီး ကျောက်ရုပ်ဖြစ်သွားသည်။ ထိုစွမ်းအားက မီးခိုးဖြူရောင်လက်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ နောက်အခိုက်အတန့်မှာ ကျောက်တုံးအလွှာတစ်ခုက မီးခိုးဖြူရောင်လက်ပေါ်မှာ ထွက်ပေါ်လာသည်။

ကျောက်တုံးအလွှာသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လက်တစ်ခုလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ယင်းက မီးခိုးဖြူရောင်လက်ကို ကျောက်ရုပ်ဖြစ်စေရန် ကြိုးစားနေသည်။

မဒူဆာမျက်လုံး… ။

ထိုမွေးရာပါသဘာဝစွမ်းရည်က အလွန်ကြောက်စရာကောင်းသည်။ ယင်းကို ပြိုင်ဘက်ကင်းသည်ဟုဆိုလျှင် လွန်ကြူးရာမရောက်ပေ။

အကယ်၍ တစ်စုံတစ်ယောက်သည် သေချာသတိမထားလျှင် မဒူဆာမျက်လုံးဖြင့် အကြည့်ခံလိုက်ရသည့်အခါ ချက်ချင်း ကျောက်ရုပ်ဖြစ်သွားပြီး အသက်ဓာတ်ဆုံးရှုံးသွားလိမ့်မည်။ ထိုမွေးရာပါသဘာဝစွမ်းရည်ကို ခုခံတားဆီးနိုင်သော အတတ်ပညာများက အလွန်ရှားပါးသည်။ သို့ဖြစ်၍ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မဒူဆာကို ဆန့်ကျင်ဝံ့သော မိစ္ဆာသားရဲများက လုံးဝ မရှိသလောက်ပင်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မဒူဆာမျက်လုံးက သိပ်အသုံးမဝင်ဟန် ရ၏။

“ အဲ့ဒါက မဒူဆာမျက်လုံးပဲ… တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာတွေရဲ့ ကောင်းကင်ဘုံလို့ တကယ်ပဲ ခေါ်ထိုက်ပါပေတယ်… ဒီနေရာမှာ မဒူဆာတောင် ရှိတယ်… ရှေးခေတ်ကာလမှာ နာမည်ကျော်ကြားခဲ့တဲ့ ရတနာကုန်းမြေက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ… မဒူဆာရဲ့ ကျောက်ဖြစ်စွမ်းရည်က တကယ်ပဲ အရမ်းသန်စွမ်းတယ်… ဒါပေမဲ့ ဒီအရှင်သခင်ရဲ့ အရှေ့မှာတော့ အဲ့ဒါက ဘာမှမဟုတ်ပါဘူး ”

ထူးဆန်းသော လူတစ်ယောက်က ရှေးဟောင်းသစ်ပင်ကြီးထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်က ဆွေးမြေ့နေသော သစ်သားတုံးနှင့် ဆင်တူသည်။ သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူက အသက်မဲ့နေသော သစ်သားတုံးဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက လျှာထုတ်၍ နှုတ်ခမ်းသပ်လိုက်ပြီး ထူးဆန်းစွာ ရယ်လိုက်သည်။ သူ့လက်က ကျောက်တုံးအလွှာဖြင့် မြန်ဆန်စွာ ဖုံးလွှမ်းခံနေရကြောင်း သူမြင်လိုက်သည်။ ထိုစဉ် မီးခိုးဖြူရောင်အလင်းက သူ့လက်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ထိုမီးခိုးရောင်အလင်းထဲမှာ အံ့ဖွယ်ကောင်းသော အသက်ဓာတ်နှင့် သေခြင်းစွမ်းအား ကိန်းအောင်းနေသည်။ မတူညီသော စွမ်းအားနှစ်ခု တွေ့ဆုံသွားသည့်အခါ အားကောင်းသော စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်လာသည်။

“ ခရက် ”

ကြွပ်ဆပ်သော မြည်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်ပေါ်မှ ကျောက်တုံးအလွှာပေါ်တွင် အက်ကွဲရာများ ထွက်ပေါ်လာသည်။ အက်ကွဲရာများ ပျံ့နှံ့သွားသည့်အခါ ကျောက်တုံးအလွှာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး မြေကြီးပေါ်သို့ ကျဆင်းသွားသည်။ သို့သော်လည်း လက်က မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသွားပေ။ ယင်းက အလွန်ထူးဆန်းသည်။

“ နင့်ရဲ့ မသာလက်ကို ငါလောင်ကျွမ်းပစ်မယ်… ဇာမဏီမီးတောက်… ”

ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည့်အခါ ကြက်သွေးရောင်မီးတောက်ဘောလုံးနှစ်လုံးက အရှေ့သို့ ပျံသန်းထွက်သွားပြီး မီးခိုးဖြူရောင်လက်ကို လောင်ကျွမ်းပစ်လိုက်သည်။ ယင်းက သာမန်မီးတောက်မဟုတ်ပေ။ ဇာမဏီမီးတောက် ဖြစ်သည်။ ယင်း၏ အပူချိန်က အလွန်မြင့်မားလေရာ ကျောက်တုံးသည်ပင် ချက်ချင်း အရည်ပျော်သွားနိုင်၏။

“ သေခြင်းစွမ်းအားအစီအရင် ”

အရှင်သခင်ကုရုံက အော်ပြောလိုက်သည်။ ထိုအခါ သူ့လက်ပေါ်မှ မီးခိုးဖြူရောင်အလင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ အဖြူရောင်အလင်းက ရုတ်တရက် ပျောက်ကွယ်သွားပြီး မီးခိုးရောင်အလင်းက ပိုပြီးအားကောင်းလာသည်။ မီးခိုးရောင်အလင်းက ဇာမဏီမီးတောက်နှင့် တွေ့ဆုံသွားသည်။

ထိုအခါ မီးတောက်သည် ရေဖြင့် လောင်းချခံလိုက်ရသည့်အလား ချက်ချင်း ငြိမ်းသတ်သွားသည်။ ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ အရှင်သခင်ကုရုံသည် အမှန်တကယ် သန်စွမ်းသည်။ သူက ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကိုသာ ပိုင်ဆိုင်ထား၏။ သို့တိုင် သူက ထိုမျှအံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ ထို့ပြင် သူ၏ အတတ်ပညာများက မယုံကြည်နိုင်စရာကောင်း၏။

အကယ်၍ သူ့နေရာမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တခြားကျင့်ကြံသူတစ်ယောက်ဆိုလျှင် မဒူဆာမျက်လုံးနှင့် ဇာမဏီမီးတောက်ကို ထိုသို့ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သူက အသက်မဆုံးရှုံးသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။ အထူးသဖြင့် ကျောက်ရုပ်ဖြစ်ခြင်းစွမ်းရည်ပင်။

ကျားဝိညာဉ်ဓားမော့သည် ကျားဟိန်းသံနှင့်အတူ ထွက်ပေါ်လာသည်။ ပယင်းရောင် ဓားမော့အလင်းတန်းက အရှင်သခင်ကုရုံဆီသို့ လျှပ်စီးပမာ အလျင်နှင့်အတူ ပျံသန်းသွားသည်။ ကျားဝိညာဉ်ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုကြောင့် သံမဏိသည်ပင် ထိုအလင်းတန်း၏ အရှေ့မှာ နှစ်ပိုင်းဖြတ်တောက်ခံရနိုင်၏။

“ ဟွန့်… ငါ့ခန္ဓာကိုယ်က အရမ်းမာကျောတာ… ငါ့ကို ဘယ်သူက ဖြတ်တောက်နိုင်မှာလဲ… သက်တံ့နတ်ဘုရားပန်းပင်ကို ငါရသွားတဲ့အခါ မင်းတို့နဲ့ ကောင်းကောင်း ကစားပေးမယ် ”

အရှင်သခင်ကုရုံသည် စက်ကရာ ထုတ်လွှတ်လိုက်သော ဓားမော့အလင်းတန်းကို မြင်သည်။ ထိုဓားမော့အလင်းတန်းထဲမှာ မိုးမြေစွမ်းအား ကိန်းဝပ်နေကြောင်းလည်း သူသိ၏။ ယင်း၏ စွမ်းအားက အလွန်သန်မာပြီး ဓားမော့အသွားက အလွန်ထက်ရှကြောင်း သူသိသည်။ သို့တိုင် သူ၏ ကျင့်ကြံခြင်းက အတိတ်မှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် သူကျင့်ကြံသော ကျင့်စဉ်က တမူထူးခြားလေရာ သူ၏ ရုပ်ခန္ဓာကိုယ်က သစ်သားတုံးတစ်ခုပမာ မာကျောသည်။ ယင်းက သာမန်သစ်သားတုံးကို ရည်ရွယ်ခြင်းမဟုတ်ပေ။ ယင်းအစား အမတသစ်သားတုံး ဖြစ်၏။ သို့ဖြစ်၍ သူ့ခန္ဓာကိုယ်က စိန်ကဲ့သို့ အလွန်မာကျောသည်။

ထို့ကြောင့် သူ့ရုပ်ခန္ဓာကိုယ်ကို ယုံကြည်မှုရှိသည်။ ထို့ပြင် ချန်းရှီက သက်တံ့နတ်ဘုရားပန်းပင်နှင့် အလွန်မြန်ဆန်စွာ ပေါင်းစည်းနေကြောင်း သူမြင်သည်။ သူနောက်ကျသွားမည်ကို စိုးရိမ်သောကြောင့် အရှင်သခင်ကုရုံက နတ်ဘုရားပန်းပင်ကို အဓိကအာရုံစိုက်လိုက်သည်။ ကျားဝိညာဉ်ဓားမော့ကိုတော့ သူလျစ်လျူရှုလိုက်သည်။ မီးခိုးဖြူရောင်အခိုးအငွေ့က သူ၏ လက်တစ်ခုလုံးကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။ မကြာမီ သူ့လက်က သက်တံ့နတ်ဘုရားပန်းပင်၏ အရှေ့သို့ ရောက်ရှိသွားသည်။

အခန်း(၃၁၂)

“ ဟား ဟား… နတ်ဘုရားပန်းပင်က ငါ့အပိုင်ဖြစ်တော့မယ် ”

အရှင်သခင်ကုရုံက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ စူးရှတောက်ပသော နတ်ဘုရားအလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အလွန်ပြင်းထန်သော အလိုရမ္မက်နှင့် လောဘက သူ့မျက်လုံးထဲမှာ ပေါ်လွင်လာသည်။

သက်တံ့နတ်ဘုရားပန်းပင်ကို ရရှိပြီးနောက် မည်သို့သူဆက်လုပ်ဆောင်မည်ဟုပင် စဉ်းစားလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှာ ဘဝင်မြင့်သော အပြုံး ထွက်ပေါ်လာသည်။

“ ဘန်း ”

သို့သော်လည်း သူ့လက်က သက်တံ့နတ်ဘုရားပန်းပင်ကို ထိတွေ့တော့မည့်အချိန် အကန့်အသတ်မဲ့စွမ်းအား ကိန်းအောင်းနေသော သီရှီထျန်၏ ဓားမော့အလင်းတန်းက သူ့လက်ကို ရက်စက်ကြမ်းကြုတ်စွာ ပိုင်းဖြတ်သွားသည်။ တစ်ချိန်တည်းမှာ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့အလင်းတန်းက မီးခိုးဖြူရောင်လက်နှင့် တွေ့ဆုံသွားသည့်အခါ မီးပွားမီးစများ ထွက်ပေါ်လာသည်။ အမှန်တကယ်ပင် အရှင်သခင်ကုရုံ၏ လက်က အံ့မခန်းမာကျောသည်။ ယင်းက သာမန်အသွေးအသားလက် မဟုတ်ပေ။ ယင်း၏ မာကျောမှုက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေ၏။

သို့သော်လည်း ကျားဝိညာဉ်ဓားမော့က သာမန်မဟုတ်ပေ။ ယင်းက ပြိုင်ဘက်ကင်းထက်ရှမှုကို ပိုင်ဆိုင်ထားသည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ မည်သို့ဖြစ်ပါစေ သီရှီထျန်က ကျားဝိညာဉ်ဓားမော့ကို ကျားမျိုးနွယ်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်မှ ဖန်တီးသန့်စင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပမာဏများပြားသော မိစ္ဆာချီက ကျားဝိညာဉ်ဓားမော့ထဲမှာ ကိန်းအောင်းနေသည်။ ယင်းက ဓားမော့ကို ပိုပြီးထက်ရှသွားစေသည်။

ထို့ကြောင့် သူ၏ ဓားမော့က စိန်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသည်။

လျှပ်တစ်ပြက်အတွင်းမှာ သူ၏ လက်က ဓားမော့ဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။ သူ့လက်က အပြည့်အဝ မပိုင်းဖြတ်ခံလိုက်ရပေ။ သို့တိုင် ကျားဝိညာဉ်ဓားမော့နှင့် တွေ့ဆုံသွားသည့်အခါ နက်ရှိုင်းသော ဓားဒဏ်ရာက သူ၏ လက်ပေါ်မှာ ထွက်ပေါ်လာသည်။ သွေးသည်ပင် သူ၏ လက်ပေါ်မှ စီးကျလာသည်။

“ မိစ္ဆာကောင်… မင်းက ဒီအရှင်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား… နတ်ဘုရားပန်းပင်ကို ငါရပြီးတဲ့အထိ စောင့်ဦး… ပြီးသွားရင် မင်းကို တစ်စစီ ဆုတ်ဖြဲပစ်မယ် ”

ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုက သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေမည်ဟု အရှင်သခင်ကုရုံ မထင်ထားခဲ့ပေ။ သူက အေးစက်စက်လေသံဖြင့် ပြောသည်။ သူ၏ အမူအရာက ရက်စက်ကြမ်းကြုတ်လာသည်။ သို့သော်လည်း ချန်းရှီ၏ ခန္ဓာကိုယ်အပေါ် ပစ်မှတ်ထားနေသော သူ့လက်က ရပ်တန့်မသွားပေ။ ဤအခိုက်အတန့်မှာ သူ့လက်က သက်တံ့နတ်ဘုရားပန်းပင်နှင့် စင်တီမီတာအနည်းငယ်မျှသာ ကွာဝေးတော့သည်။ နတ်ဘုရားပန်းပင်ကို ဖမ်းဆုပ်ရန် ပြင်လိုက်စဉ် သူ့မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သောအမူအရာ ထွက်ပေါ်လာသည်။

ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်က သူ့လက်ထဲသို့ ကျရောက်သွားတော့မည်။

ဘန်း…

မဒူဆာ၊ ဇာမဏီငှက်နှင့် သီရှီထျန်သည် အစွမ်းအကုန် အသုံးပြုခဲ့သည့်တိုင် ချန်းရှီ၏ ခန္ဓာကိုယ်ထံသို့ ဦးတည်နေသော အရှင်သခင်ကုရုံ၏ လက်ကို မဟန့်တားနိုင်ခဲ့ကြပေ။ သူ့လက်က သက်တံ့နတ်ဘုရားပန်းပင်ကို ထိတော့မည့်အချိန် အရှင်သခင်ကုရုံက ခပ်ရေးရေး ပြုံးလိုက်သည်။ သက်တံ့နတ်ဘုရားပန်းပင်သည် အထွတ်အထိပ်ပညာရှင်များကိုပင် အလိုရမ္မက်ဖြစ်ပေါ်စေနိုင်သည်အထိ ဆွဲဆောင်မှုအား အလွန်ကြီးမားသည်။

သို့သော်လည်း သူ့အပျော်က အနည်းငယ် စောနေသေးသည်။

ချန်းရှီက နောက်ဆုံးကောင်းကင်ဘုံမိုးကြိုးကို ခုခံရန် ပြင်ဆင်နေသော်လည်း သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေစဉ် အလွန်အားကောင်းသော ခြိမ်းခြောက်မှုကို ခံစားမိသွားသည်။ သူ့ခန္ဓာကိုယ်က နတ်ဘုရားပန်းပင် ဖြစ်သည်။ ယင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို အပြည့်အဝ နားလည်သဘောပေါက်နိုင်သည်ဟု မည်သူမှ မပြောနိုင်ပေ။ ခြိမ်းခြောက်မှုကို ခံစားမိသွားသောအခါ နတ်ဘုရားပန်းပင်က ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

နတ်ဘုရားပန်းပင်ပေါ်တွင် အစဉ်မပြတ် ညှိုးခြောက်နေပြီး အသစ်တဖန်ပြန်လည်မွေးဖွားနေသော ပွင့်ချပ်ခုနစ်ခုက ရုတ်တရက် ရပ်တန့်သွားသည်။ ထိုသို့ရပ်တန့်သွားစဉ် ပွင့်ချပ်ခုနစ်ခုစလုံးက အံ့ဖွယ်ကောင်းသော နတ်ဘုရားအလင်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ထာဝရအလင်းက ပေါ်လျှိုးလာသည်။

ပွင့်ချပ်ခုနစ်ခုစလုံးက တစ်ချိန်တည်းမှာ လွင့်ပြယ်သွားကြသည်။ သို့သော်လည်း ယင်းတို့လွင့်ပြယ်သွားသည့်အခိုက် နတ်ဘုရားအလင်းတန်းခုနစ်ခုက အတူတကွ ပေါင်းစပ်သွားကြပြီး ခုနစ်ရောင်ခြယ်ကြာပန်းတစ်ပွင့်ကို ဖွဲ့စည်းလိုက်သည်။

ခုနစ်ရောင်ခြယ်ကြာပန်းက လေထဲမှာ လှည့်ပတ်သွားစဉ် ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက ထူးဆန်းစွာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ယင်းက မီးခိုးဖြူရောင်လက်ပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားသည်။

“ အား ”

စူးရှကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသည်။ အရှင်သခင်ကုရုံက သူ့လက်ဖဝါးကို စိုက်ကြည့်လိုက်လေရာ မယုံကြည်နိုင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အခြားလက်တစ်ဖက်က ဓားမော့ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ထွက်ပေါ်လာသည်။ သူက ဓားမော့လက်ကို အစောနက သူ့ဆန့်ထုတ်ထားသော ဘယ်ဘက်လက်ထံ တိုက်ရိုက် ခုတ်ဖြတ်လိုက်သည်။

“ ဖူချီ ”

“ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ”၏ အဆုံးမဲ့သော သံသရာစက်ဝန်းအောက်မှာ အရှင်သခင်ကုရုံ၏ ခန္ဓာကိုယ်က ဖော်မပြနိုင်အောင် အလွန်မာကျောသွားသည်။ သူက မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟုဆိုလျှင် လွန်ကြူးရာမရောက်ပေ။ သူ၏ အသွေးအသားထဲမှာ အသက်ဓာတ်နှင့် သေခြင်းအရှိန်အဝါက ပြိုင်တူစီးဆင်းနေကြသည်။ သေခြင်းရှင်ခြင်းစက်ဝန်းသည် အဆုံးမဲ့သည်။ ထို့ကြောင့် “ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ”ကို သူကျင့်ကြံသည့်အခါတိုင်း သေခြင်းရှင်ခြင်းစွမ်းအားက သူ၏ အသွေးအသားများကို ထပ်ခါတလဲလဲ အားဖြည့်ပေးလိမ့်မည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် သူ့ခန္ဓာကိုယ်က အမတသစ်သားတုံးကဲ့သို့ အလွန်မာကျောသွားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက အံတင်းတင်းကြိတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ သူ၏ ဘယ်လက်ကို ခုတ်ဖြတ်လိုက်သည်။ တခြားလူများက သူ့ကို ဒဏ်ရာရစေချင်လျှင် အလွန်ခက်ခဲသော်လည်း သူ့လက်သူ ခုတ်ဖြတ်ခြင်းက လွယ်ကူပေသည်။

“ ဘုတ် ”

လက်ပြတ်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။ အလွန်သန်စွမ်းသော အသက်ဓာတ်အရှိန်အဝါက လက်ပြတ်ထံမှ ဒလဟော ပေါ်လျှိုးထွက်လာသည်။ တစ်ချိန်တည်းမှာ လက်ပြတ်က မြန်ဆန်စွာ ညှိုးခြောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့လက်က ပိန်ချုံးသွားပြီး သစ်ကိုင်းခြောက်တစ်ခု သို့မဟုတ် သစ်သားတုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲမှ အသက်ဓာတ်အားလုံးက မြန်ဆန်စွာ လွင့်ပြယ်သွားပြီး လောကဆီသို့ ပြန်ရောက်သွားသည်။

“ တစ်ခဏငယ်ရွယ်မှု… အဲ့ဒါ ဒဏ္ဍာရီထဲမှာ ဖော်ညွှန်းထားတဲ့ တစ်ခဏငယ်ရွယ်မှုဆိုတာလား… အရမ်းအားကောင်းတယ်… နတ်ဘုရားပန်းပင်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတစ်ခုရှိမယ်လို့ ငါမမျှော်လင့်ထားဘူး… အဲ့ဒါက တကယ့် နတ်ဘုရားပန်းပင်ပဲ ”

အရှင်သခင်ကုရုံက အလန့်တကြား အော်ပြောလိုက်သည်။ ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်း သူ့အပေါ်သို့ ဆင်းသက်လာသည့်အခိုက် အလွန်အားကောင်းသော ခြိမ်းခြောက်မှုက သူ့နှလုံးသားထဲမှ အမြန်ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ သူ့လက်ကို ချက်ချင်း ဖြတ်ပစ်လိုက်သည်။ သူ့အရှေ့မှ မြင်ကွင်းက မှန်ကန်သော ရွေးချယ်မှုကို သူပြုလုပ်ခဲ့ကြောင်း ဖော်ပြပေးနေသည်။ အကယ်၍ သူသာ စိတ်ဓာတ်ပြတ်သားစွာ မလုပ်ဆောင်ခဲ့လျှင် သူဆုံးရှုံးသွားမည်က လက်တစ်ဖက်တည်းမဟုတ်ဘဲ သူ့တစ်ကိုယ်လုံး ဖြစ်သည်။ “ တစ်ခဏငယ်ရွယ်မှု ” နတ်ဘုရားစွမ်းရည်က သူ့ကို အမြစ်ဖြတ်သုတ်သင်ပစ်လိမ့်မည်။

သူ၏ အသိစိတ်ထဲတွင် ထိုခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက ဒဏ္ဍာရီထဲမှာ ဖော်ညွှန်းထားသော “ တစ်ခဏငယ်ရွယ်မှု ” နတ်ဘုရားစွမ်းရည်ဖြစ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်းက ပစ်မှတ်၏ အသက်ဓာတ်ကို ချက်ချင်း အငွေ့ပျံသွားစေပြီး အသက်ဆုံးရှုံးစေလိမ့်မည်။ သူ၏ ရုပ်ခန္ဓာကိုယ်က မည်မျှသန်မာပြီး မာကျောပါစေ ယင်းကို မခုခံနိုင်ပေ။ သူ၏ စိတ်ဝိညာဉ်သည်ပင် ချွင်းချက်မရှိ ဖျက်ဆီးခံရလိမ့်မည်။ “ တစ်ခဏငယ်ရွယ်မှု ” နတ်ဘုရားစွမ်းရည်သည် အမှန်တကယ် အစွမ်းထက်သည်။

“ ဟား ဟား… ကောင်းတယ်… အရမ်းကောင်းတယ်… မင်းပိုပြီးသန်မာလေ မင်းကို ငါဝါးမျိုပြီးတဲ့အခါ ရရှိလာမယ့် အကျိုးအမြတ်က ပိုများလေပဲ… သက်တံ့နတ်ဘုရားပန်းပင်က ဒီလောကမှာ တစ်ခါထွက်ပေါ်လာဖို့ မလွယ်ကူဘူး… အဲ့လိုဆိုမှတော့ ဒီနေ့ မင်းက ငါ့အပိုင်ဖြစ်လာရမယ် ”

အရှင်သခင်ကုရုံက ဝမ်းသာပျော်ရွှင်သွားသည်။ သူ၏ များပြားလှသော အတွေ့အကြုံများအရ ထိုမျှအစွမ်းထက်သော နတ်ဘုရားစွမ်းရည်ကို အချိန်တိုလေးအတွင်းမှာ ဒုတိယအကြိမ် အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ယင်းက သက်တံ့နတ်ဘုရားပန်းပင်၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုသာ ဖြစ်၏။ နတ်ဘုရားစွမ်းရည်က ချန်းရှီ၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။ တစ်နည်းဆိုရသော် သူ့အရှေ့မှ နတ်ဘုရားပန်းပင်က အကာအကွယ်မဲ့နေပြီ ဖြစ်၏။

သို့ဆိုမှတော့ ယင်းကို အလွယ်တကူ သူယူနိုင်ပေသည်။ သူက နောက်ထပ် စဉ်းစားမနေဘဲ သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး နတ်ဘုရားပန်းပင်ကို နောက်တစ်ကြိမ် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

“ အမချန်းရှီကို နင်ထိချင်ရင် ငါမဒူဆာဆီက ခွင့်ပြုချက်ကို အရင်တောင်းလိုက်… ”

ထိုအပြောင်းအလဲက အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားခဲ့သော်လည်း ယင်းက သီရှီထျန်နှင့် မဒူဆာ၏ အကြည့်အောက်မှ မလွတ်မြောက်သွားပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မီးတောက်များဖြင့် လွှမ်းခြုံခံထားရသော ဇာမဏီငှက်က သီရှီထျန်၏ အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက သီရှီထျန်အပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်သည်။ သို့ဖြစ်၍ သီရှီထျန်သည် ချန်းရှီကို ဂရုမစိုက်အားသေးဘဲ ကိုယ့်ကိုယ်ကိုယ် အရင်ခုခံကာကွယ်လိုက်ရသည်။

ထိုစဉ် မဒူဆာက စလှုပ်ရှားလိုက်သည်။ သူ၏ သေးသွယ်သော ခြေထောက်များက ခုနစ်ရောင်ခြယ်မြွေအမြှီးအဖြစ် ပြောင်းလဲသွားသည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်ယမ်းလိုက်ပြီး သူ့အမြှီးဖြင့် အရှင်သခင်ကုရုံကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ မြွေအမြှီးသည် လေထဲတွင် ရာထောင်ချီသော မြွေပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး အရှင်သခင်ကုရုံ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။

ဝိညာဉ်မြွေရဲ့ ဒေါသ… ။

ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော မြွေပုံရိပ်များက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က လေထဲမှာ လူးလွန့်သွားသည်။ မြွေပုံရိပ်တစ်ခုစီက အလွန်သန်မာကြသည်။ မြွေအမြှီးဖြတ်သန်းသွားနေစဉ် လေက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ လေက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။ ‘ ဝိညာဉ်မြွေဒေါသ ’ကို ထုတ်လွှတ်လိုက်သည့်အခါ ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါက အရူးအမူး ထွက်ပေါ်လာသည်။ လေဟာနယ်သည်ပင် မရေမတွက်နိုင်သော ဝိညာဉ်မြွေများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတော့မည့်ဟန် ရ၏။ ထိုတိုက်ခိုက်မှုက အရှင်သခင်ကုရုံ၏ အမူအရာကို ပြောင်းလဲသွားစေသည်။

“ ဟွန့်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မိစ္ဆာတစ်ကောင်ကများ ငါ့အရှေ့မှာ မောက်မာထောင်လွှားရဲတယ်လား… နဂါးက ပင်လယ်ထဲမှာပဲဖြစ်ဖြစ် ရေအိုင်ငယ်မှာပဲဖြစ်ဖြစ် နဂါးက နဂါးပဲ… ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အရင်ကလောက် အစွမ်းမထက်တော့ဘူးဆိုရင်တောင် မင်းကို ဝါးမျိုဖို့ လိုတာထက် ပိုနေပါသေးတယ် ”

အရှင်သခင်ကုရုံသည် သက်တံ့နတ်ဘုရားပန်းပင်ကို ကြည့်လိုက်သည့်အခါ သူ့မျက်နှာက အေးစက်သွားသည်။ နတ်ဘုရားပန်းပင်နှင့် ချန်းရှီ၏ ပေါင်းစည်းမှုက ရုတ်တရက် အရှိန်တိုးမြှင့်သွားကြောင်း သူမြင်လိုက်သောအခါ ချန်းရှီက နောက်ဆုံးကောင်းကင်ဘုံမိုးကြိုးဖြစ်သော ကိုယ်တွင်းနတ်ဆိုးကပ်ဘေးဒုက္ခကို ကျော်လွှားရန် စတင်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် မဒူဆာကို အရေးစိုက်ရန် သူ့မှာ အချိန်မရှိပေ။ သူက ထိုအခွင့်အရေးအတွက် နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါလော။

“ ဝိညာဉ်လက်သည်း ”

သူ၏ ညာဘက်လက်က လက်သည်းအသွင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မရေမတွက်နိုင်သော လက်သည်းပုံရိပ်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ လက်သည်းပုံရိပ်များသည် သူ့ဆီသို့ ဦးတည်လာနေသော ဝိညာဉ်မြွေများကို ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆုပ်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ လက်သည်းပုံရိပ်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။ ချွန်ထက်သော လက်သည်းများ ရွေ့လျားသွားကြစဉ် လေသည်ပင် ဆုတ်ဖြဲခံလိုက်ရလေသည်။

သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်စွမ်းသည်။ ယခု သူက နက်နဲသိမ်မွေ့သော အတတ်ပညာတစ်ခုကို ထုတ်ဖော်လိုက်သည်။ မရေမတွက်နိုင်သော ဝိညာဉ်မြွေများက သူ့ဆီသို့ ရွေ့လျားလာနေကြသော်လည်း ယင်းတို့အားလုံးက ဝိညာဉ်လက်သည်းများဖြင့် ချက်ချင်း ဖမ်းဆုပ်ခံလိုက်ကြရသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ကြရသည်။

တစ်ချိန်တည်းမှာ အရှင်သခင်ကုရုံ၏ လက်သည်းက မဒူဆာ၏ ခုနစ်ရောင်ခြယ်မြွေအမြှီးကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။

All Chapters