← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း(၃၁၃)

“ အခု ငါက ဒဏ်ရာပြင်းထန်စွာရရှိထားပြီး နိမ့်ကျနေပေမဲ့ မင်းတို့လို မိစ္ဆာပေါက်စလေးတွေ ငါ့အရှေ့မှာ မောက်မာထောင်လွှားဖို့ အရည်အချင်းမရှိသေးဘူး… ငါ့လမ်းကို လာပိတ်တဲ့ ဘယ်သူမဆို သေရမယ် ”

အရှင်သခင်ကုရုံသည် ထိုသို့ပြောပြီးနောက် သူ၏ ညာလက်ကို အားစိုက်ထည့်လိုက်သည်။ မီးခိုးရောင်သေခြင်းအရှိန်အဝါက သူ၏ လက်သည်းမှ ထွက်ပေါ်လာသည်။ သူက မဒူဆာ၏ မြွေအမြှီးကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ရန် ကြံစည်နေသည်။

သို့သော်လည်း မဒူဆာသည် သာမန်မိစ္ဆာသားရဲ မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက အကြမ်းပတမ်း လှုပ်ရှားလာပြီး သူ၏ အမြှီးထဲသို့ အရူးအမူး စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရောင်စုံအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ထိုအလင်းရောင်အောက်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ ရောင်စုံအကြေးခွံများက တလက်လက် ထွန်းလင်းလာပြီး အလွန်မာကျောလာသည်။

လက်သည်းက မြွေအကြေးခွံများကို ဖမ်းဆုပ်လိုက်သည့်အခါ ထွန်းလင်းတောက်ပသော အလင်းရောင်က မြွေအမြှီးပေါ်မှာ ပေါ်လျှိုးလာသည်။ ထို့နောက် အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဝင်းလက်သွားသည့်အခါ မြွေအမြှီးက ရုတ်တရက် ကျုံ့သွားပြီး လက်သည်း၏ ဖမ်းဆုပ်မှုထဲမှ ရုန်းထွက်သွားသည်။

“ ဘန်း ”

အရှင်သခင်ကုရုံ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက နတ်ဘုရားပန်းပင်ကို ထပ်မံ ဖမ်းဆုပ်နိုင်ရန် သိပ်မလိုတော့ပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မိုးမြေစွမ်းအားကို သယ်ဆောင်ထားသော ကျားဝိညာဉ်ဓားမော့အလင်းတန်းက သူ၏ ညာဘက်လက်ပေါ်သို့ အကြမ်းပတမ်း ကျဆင်းလာသည်။

သတ္ထုမြည်သံနှင့်အတူ မီးပွားမီးစများ ပျံ့လွင့်သွားသည်။ ကျားဝိညာဉ်ဓားမော့သည် မီးခိုးဖြူရောင်ညာလက်ပေါ်မှာ သေးငယ်သော ဓားဒဏ်ရာတစ်ခု ကျန်ရစ်စေခဲ့သည်။ သို့သော်လည်း မည်သည့်သွေးစက်မှ ဓားဒဏ်ရာထဲမှ ထွက်မလာပေ။

“ ထပ်ပြီး မင်းပဲလား ”

အရှင်သခင်ကုရုံသည် ရူးသွပ်လုနီးပါး ဒေါသထွက်သွားသည်။ သူ့လက်က နတ်ဘုရားပန်းပင်ကို ဖမ်းဆုပ်ရန် သိပ်မလိုတော့ပေ။ သို့သော်လည်း သီရှီထျန်နှင့် မဒူဆာက သူ့အား ထပ်ခါတလဲလဲ နှောင့်ယှက်ခဲ့ကြသည်။

သူက ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာသည်လည်း အရုပ်ဆိုးအကျည်းတန်လာသည်။

“ မလောက်လေးမလောက်စား နောက်ပေါက်လေးတွေကများ ငါ့အစီအစဉ်ကို ကြားဝင်နှောင့်ယှက်ရဲတယ်လား… မင်းတို့ကို အရေခွံခွာပစ်မယ် ”

သူက မြေကြီးပေါ်မှာ ပြင်းထန်စွာ ဖနောင့်ပေါက်လိုက်သည်။

“ ရွှတ် ”

မရေမတွက်နိုင်သော နွယ်ပင်များက သူ့ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။ ယင်းတို့က မြေကြီးပေါ်မှာ ဝိညာဉ်မြွေများသဖွယ် အမြန်ရွေ့လျားသွားကြပြီး သီရှီထျန်နှင့် မဒူဆာထံသို့ ဦးတည်သွားကြသည်။

နွယ်ပင်များသည် မရေမတွက်နိုင်အောင် များပြားသည်။ ထို့ပြင် နွယ်တစ်ပင်စီက အသက်ဝိညာဉ်ရှိနေဟန် ရ၏။ ယင်းတို့က အလွန်ချောက်ချားဖွယ်ကောင်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မဒူဆာနှင့် သီရှီထျန်က အဆုံးမဲ့သော နွယ်ပင်များဖြင့် ဖုံးအုပ်ခံလိုက်ရသည်။

ထိုနွယ်ပင်များပေါ်မှာ သံမဏိအပ်များသဖွယ် ချွန်ထက်သော အဆူးချွန်များ ရှိသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် ထိုနွယ်ပင်များဖြင့် ရစ်ပတ်ခံရမည်ဆိုလျှင် ကောင်းမွန်သော ရလဒ်ကို တွေ့ကြုံရလိမ့်မည် မဟုတ်ချေ။

“ ဟား ဟား… အခုဆိုရင် ဘယ်သူမှ ငါ့ကို မရပ်တန့်နိုင်တော့ဘူး ”

အရှင်သခင်ကုရုံသည် နွယ်ပယ်များကြားထဲမှာ ရှိနေသော သီရှီထျန်ကို အေးစက်စက် ကြည့်လိုက်သည်။ ထိုနွယ်ပင်သည် အနှစ်တစ်ထောင်သက်တမ်းရှိသော ရှေးဟောင်းနွယ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ယင်းက အလွန်မာကျောပြီး ခိုင်ခံ့သည်။ မည်သူမှ ရှေးဟောင်းနွယ်ပင်များထဲမှ အလွယ်တကူ ပြန်မထွက်လာနိုင်ပေ။

“ မင်းကို ဘယ်သူပြောလဲ ”

သီရှီထျန်က အေးတိအေးစက် ပြောသည်။ ရုတ်တရက်ဆိုသလို သူ၏ အရှေ့တွင် ကျောက်စိမ်းကုချင်းတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းကုချင်းပေါ်တွင် ကြိုးကိုးချောင်းရှိသည်။ အဆူးချွန်များနှင့် ပြည့်နှက်နေသော နွယ်ပင်များက သူ့ဆီသို့ ရွေ့လျားလာနေကြောင်း မြင်သွားသောအခါ သူက တုံ့ဆိုင်းမနေဘဲ ကုချင်းကြိုးများကို မောက်မာထောင်လွှားစွာ တီးခတ်လိုက်သည်။

“ တင်းတုန်… တင်းတုန်… ”

ဤအခိုက်အတန့်မှာ သူက မိစ္ဆာချီပမာဏများပြားစွာ ကုန်ဆုံးသွားမည်ကို မစိုးရိမ်နေတော့ပေ။ မိစ္ဆာချီလှိုင်းများက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ ဒလဟော တိုးထွက်လာပြီး သူ၏ လက်ချောင်းများဆီသို့ စီးဆင်းသွားသည်။ ကုချင်းကို သူတီးခတ်လိုက်သည့်အခါ မိစ္ဆာချီလှိုင်းများက ကုချင်းကြိုးများထဲသို့ စီးဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ကြည်လင်တောက်ပသော အသံဓားများက ကုချင်းသံစဉ်မှတဆင့် ဖွဲ့စည်းသွားကြပြီး သူ့အရှေ့မှ နွယ်ပင်များထံသို့ ပျံသန်းသွားကြသည်။

အသံဓားများ၏ ထက်ရှမှုက ပြိုင်ဘက်ကင်းလုနီးပါးပင်။ ထို့ပြင် အသံဓားများသည် အပြင်းအထန် တုန်ခါနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ထားကြသည်။ ထို့ကြောင့် အသံဓားများ ဖြတ်သန်းသွားသည်နှင့် နှစ်တစ်ထောင်သက်တမ်းရှိသော ရှေးဟောင်းနွယ်ပင်များက ချက်ချင်း အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

သူက အဆုံးမဲ့သော နွယ်ပင်များကြားထဲတွင် လမ်းကြောင်းတစ်ခု အတင်းအကျပ် ဖောက်လုပ်လိုက်သည်။

“ ရွှတ် ”

သီရှီထျန်သည် အသံဓားများ၏ အနောက်မှ ပျံသန်းလိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက နွယ်ပင်လယ်ထဲမှ လွတ်မြောက်သွားသည်။ တစ်ဆက်တည်းမှာ သူ၏ ပုံရိပ်က အရှင်သခင်ကုရုံ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ကျားဝိညာဉ်ဓားမော့ကို ချက်ချင်း အသုံးမပြုပေ။ ယင်းအစား သူက အေးစက်စက် ပြုံးလိုက်သည်။

“ မင်းကို ငါမရပ်တန့်နိုင်ဘူးလို့ ပြောခဲ့တယ်နော်… ဒါဆိုရင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက မင်းကို ရပ်တန့်နိုင်မလား ငါကြည့်မယ်… ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဆင်းသက်လာစမ်း ”

သီရှီထျန်သည် သူ့အနောက်မှ ချန်းရှီကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ချန်းရှီက သူ၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သော သက်တံ့နတ်ဘုရားသစ်ပင်နှင့် ပေါင်းစည်းနေပြီး နတ်ဘုရားသစ်ပင်က မြန်ဆန်စွာ ပျောက်ကွယ်သွားနေကြောင်း သူမြင်တွေ့သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။

“ တကယ်လို့ ငါသူ့ကို အချိန်ခဏလောက် ဆွဲထားနိုင်မယ်ဆိုရင် ချန်းရှီက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်ပြီး ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲသွားနိုင်လိမ့်မယ် ”

“ ဒီလောကမှာ ယောင်္ကျားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေရှိတယ်… ငါအသက်ရှင်နေသေးသရွေ့ ဘယ်သူမှ ချန်းရှီကို ထိခိုက်အောင် မလုပ်ရဘူး… ချန်းရှီကို ဒုက္ခပေးချင်တဲ့ လူတွေက ငါ့ကို အရင်ဖြတ်ကျော်ရလိမ့်မယ် ”

သီရှီထျန်သည် ချန်းရှီနှင့် သိပ်မရင်းနှီးပေ။ အမှန်မှာ သူတို့က တစ်ကြိမ်သာလျှင် တွေ့ဆုံဖူးကြသည်။ သို့သော်လည်း ချန်းရှီထံမှ သူရရှိခဲ့သော မိစ္ဆာကျင့်စဉ်များက ငွေကြေးဖြင့် တန်ဖိုးဖြတ်နိုင်သောအရာ မဟုတ်ပေ။ သူက ယင်းကို ပါးစပ်မှ ထုတ်မပြောသော်လည်း သူ့စိတ်ထဲမှာ အမြဲမှတ်ထားသည်။ အကယ်၍ ယနေ့ကိစ္စကို သူမမြင်ခဲ့လျှင် ပြဿနာမရှိပေ။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူ့မျက်စိအရှေ့မှာ ချန်ရှီအား ရန်ပြုရန် ကြိုးစားမည်ဆိုလျှင် သူက ရပ်ကြည့်နေနိုင်မည်မဟုတ်ချေ။ သို့မဟုတ်လျှင် သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မည်သို့မျက်နှာဖြင့် ဆက်နေနိုင်မည်နည်း။ သူ့ကိုယ်သူ မိစ္ဆာသားရဲဘုရင်ဟု သတ်မှတ်နိုင်ပါဦးမည်လော။ အနာဂတ်မှာ သူ့အမေနှင့် ညီလေးကို မည်သို့ သူကယ်တင်ပေးနိုင်လိမ့်မည်နည်း။

အရှင်သခင်ကုရုံ၏ ထွက်ပေါ်လာမှုက မိနစ်အနည်းငယ်မျှသာ ရှိသေး၏။ သို့သော်လည်း တစ်ဖက်လူထုတ်ဖော်ခဲ့သော ဓမ္မအတတ်ပညာများနှင့် စွမ်းရည်များကို ကြည့်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်က ရှေးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ကြောင်း သီရှီထျန် နားလည်သွားသည်။ သူ၏ ရုပ်ခန္ဓာကိုယ်က မိစ္ဆာခန္ဓာကိုယ်ထက် အများကြီး ပိုသန်မာသည်။ တစ်စုံတစ်ယောက်သည် “ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ”ကို ကျင့်ကြံမည်ဆိုလျှင် တစ္ဆေသရဲကဲ့သို့ အရုပ်ဆိုးသွားလိမ့်မည်။ သို့တိုင် ယင်းက အလွန်အံ့ဖွယ်ကောင်းသော ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

အရှင်သခင်ကုရုံက “ သေခြင်းရှင်ခြင်းပြောင်းလဲမှုကိုးသွယ် ”ကို အလွန်မြင့်မားသော အဆင့်အထိ ကျင့်ကြံထားလေရာ သူ၏ ခန္ဓာကိုယ်က စိန်ကဲ့သို့ မာကျောသွားသည်။ ထို့ကြောင့် ကျားဝိညာဉ်ဓားမော့သည်ပင် သူ့ခန္ဓာကိုယ်ကို အလွယ်တကူ မဖြတ်တောက်နိုင်ပေ။ ထို့ပြင် သူက ထူးဆန်းသော တိုက်ခိုက်ရေးပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ ယင်းတို့ကို ချိုးဖြတ်နိုင်ရန် သူတို့က မနည်းအားစိုက်ထုတ်နေရသည်။ တစ်ခုကံကောင်းသွားသည်မှာ ထိုရှေးဟောင်းကျင့်ကြံသူက ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ သို့မဟုတ်ဘဲ သူက အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် သူက လက်တစ်ချောင်းတည်းဖြင့် သူတို့ကို သတ်ပစ်နိုင်ပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က ရှေးခေတ်ကာလ၌ အသက်ရှင်ကျန်ရစ်ခဲ့သော ပညာရှင်ဘိုးဘေးများကို ထိပ်တိုက် တိုက်ခိုက်ရန် ကြိုးစားမည်ဆိုလျှင် ယင်းက ‘ ကိုယ့်သေတွင်းကိုယ့်ဘာသာတူးခြင်း ’ ဖြစ်သွားလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူတို့က နှစ်ပေါင်းများစွာကြာအောင် ရှင်သန်ခဲ့ကြသော မွန်းစတားများ ဖြစ်ကြသည်။

အရှင်သခင်ကုရုံ၏ ကျင့်ကြံခြင်းက နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဖြစ်ကြောင်း သီရှီထျန် ပြောနိုင်သည်။ အကယ်၍ အရှင်သခင်ကုရုံနေရာမှာ တခြားကျင့်ကြံသူဆိုလျှင် သီရှီထျန်က ထိုသူကို အနိုင်ယူနိုင်လိမ့်မည်။ သို့သော်လည်း အရှင်သခင်ကုရုံကို သာမန်စံနှုန်းများဖြင့် မတိုင်းတာနိုင်ပေ။ သူ့ဆီမှာ ဝှက်ဖဲကတ်မည်မျှရှိကြောင်း မည်သူသိနိုင်မည်နည်း။

အကယ်၍ အနည်းငယ် သူသတိပေါ့ဆသွားမည်ဆိုလျှင် အရှင်သခင်ကုရုံက ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်ကို လုယက်နိုင်သွားလိမ့်မည်။

သို့ဖြစ်လေရာ အရှင်သခင်ကုရုံကို ထိပ်တိုက် ရင်ဆိုင်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုမဟုတ်ပေ။ လေးလေးနက်နက် သေချာစဉ်းစားပြီးနောက် သူက နည်းလမ်းတစ်ခုကို ရှာတွေ့သွားသည်။

သူက ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားကို အသုံးပြု၍ အရှင်သခင်ကုရုံကို တစ်ခဏကြာအောင် ချုပ်ထိန်းထားမည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် သာမန်အချင်းအရာ မဟုတ်ပေ။ ယင်းထဲမှာ ကောင်းကင်ဘုံအင်အားက ကိန်းအောင်းနေသည်။ အရှင်သခင်ကုရုံက မည်မျှသန်စွမ်းပါစေ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ပေါ့ပေါ့တန်တန် စဉ်းစားဝံ့လိမ့်မည်မဟုတ်ချေ။

အမှန်မှာ သူသည် အရှင်သခင်ကုရုံကို အနိုင်ယူပေးရန် မလိုပေ။ ယင်းအစား သူ့ကို အချိန်ကာလတစ်ခုအထိ ချုပ်ထိန်းထားပေးရုံသာ လုပ်ဆောင်ရလိမ့်မည်။ ထိုအချိန်တွင် ချန်းရှီက သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်သွားလိမ့်မည်။ ချန်းရှီ နိုးထလာသည့်အခါ အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားလိမ့်မည်။

“ မင်းရူးသွပ်သွားပြီ ”

တုန်လှုပ်ချောက်ချားမှုက အရှင်သခင်ကုရုံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အလန့်တကြား အော်ပြောလိုက်သည်။

“ မင်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆွဲဆောင်ချင်တာလား… ဒီနေ့ မင်းကို ငါအရင်ဆုံး သတ်မယ် ”

သူ၏ မီးခိုးဖြူရောင်လက်က လျှပ်စီးပမာ အလျှင်နှင့်အတူ သီရှီထျန်၏ လည်ပင်းထံသို့ ဦးတည်သွားသည်။ သူ၏ လက်ထဲတွင် သေခြင်းအရှိန်အဝါက ပမာဏများပြားစွာ သိပ်သည်းသွားသည်။ သူ့လက်၏ ရွေ့လျားမှုက အလွန်တိတ်ဆိတ်သည်။ မည်သည့်အသံမှ မထွက်ပေါ်လာပေ။ သို့သော် စက္ကန့်ပိုင်းလေးအတွင်းမှာ သူ့လက်က စက်ကရာ၏ လည်ပင်းအရှေ့သို့ ရောက်ရှိသွားသည်။

သီရှီထျန်၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းလင်းစွာ သူမြင်နိုင်သည်။ အကယ်၍ တခြားအချိန်မှာဆိုလျှင် ယင်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့် ဖြစ်လျှင်ပင် သူက မကြောက်ပေ။ သို့သော်လည်း ယခုက ခြားနားသည်။ သီရှီထျန်နှင့် သူ့ကြားမှ အကွာအဝေးက အလွန်တိုတောင်းသည်။ အကယ်၍ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သီရှီထျန်အပေါ် ကျဆင်းလာမည်ဆိုလျှင် သူသည်လည်း ထိုစက်ကွင်းမှ မလွတ်မြောက်နိုင်ပေ။ ပိုပြီးဆိုးဝါးသည်မှာ ချန်းရှီ၏ ကပ်ဘေးဒုက္ခက မပြီးဆုံးသေးပေ။ သို့ဖြစ်၍ ကောင်းကင်ဘုံကပ်ဘေးဒုက္ခနှစ်ခုက ပေါင်းစည်းသွားနိုင်၏။ ထိုအခါ ကပ်ဘေးဒုက္ခ၏ အဖျက်စွမ်းအားက နှစ်ဆပိုသန်မာသွားလိမ့်မည်။

အတိုချုပ်ဆိုရသော် မိစ္ဆာကပ်ဘေးဒုက္ခနှစ်ခုက သီရှီထျန်နှင့် ချန်းရှီ နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း လွှမ်းခြုံသွားလိမ့်မည်။ ထိုသို့အချိန်မှာ ချန်းရှီကို သူတိုက်ခိုက်လိုက်မည်ဆိုလျှင် သူက ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အဖျက်စွမ်းအားကို ရင်ဆိုင်ရလိမ့်မည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခမှာ မည်သည်နည်း။ ယင်းက မိုးမြေ၏ အစွန်းရောက်ဖိနှိပ်မှု မဟုတ်ပါလော။ သူ၏ လက်ရှိစွမ်းရည်အရ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သူ့အတွက် ကြီးမားသော အဟန့်အတား ဖြစ်လာလိမ့်မည်။ ထိုအခါ သူက ချန်းရှီကို တိုက်ခိုက်ရန် နောက်ထပ် အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။

“ အရမ်းနောက်ကျသွားပြီ ”

သီရှီထျန်က အေးစက်စက် ပြောသည်။ သူက ခြေထောက်ကို ရွေ့လျားလိုက်ပြီး ခန္ဓာကိုယ်ကို ဘေးသို့ တိမ်းရှောင်လိုက်သည်။ တစ်ချိန်တည်းမှာ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို မြှောက်လိုက်သည်။ ဓားမော့သည် အစောနက သူ့လည်ပင်းရှိနေခဲ့သော နေရာမှာ ထွက်ပေါ်လာသည်။ ဓားမော့၏ အသွားပေါ်တွင် ပယင်းရောင်အလင်း ထွက်ပေါ်လာသည်။ ဓားမော့က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပလာသည်။ ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က အလွန်အားကောင်းသော အရှိန်အဝါကို အထိန်းအကွပ်မဲ့စွာ ထုတ်လွှတ်လိုက်သည်။

အခန်း(၃၁၄)

မိစ္ဆာချီသည် သူ့ခန္ဓာကိုယ်ပေါ်တွင် မီးခိုးလှိုင်းလုံးများသဖွယ် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာချီက ကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ပျံတတ်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက အံ့ဖွယ်ကောင်းသော အလျင်နှင့်အတူ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။

တစ်ကြိမ်မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားတိုင်း လွှမ်းမိုးဗိုလ်ကျသော မိစ္ဆာသားရဲဘုရင်အရှိန်အဝါက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်နှင့်အတူ လှည့်ပတ်သွားသည်။

အဆက်မပြတ် လှည့်ပတ်နေစဉ် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အထွတ်အထိပ်အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားသည်။ ကျောက်စိမ်းအလင်းစက်ကွင်းတစ်ခုသည်ပင် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ပြိုင်ဘက်ကင်း အစွမ်းထက်သော ဘုရင်အရှိန်အဝါက ဒီရေအလား ပေါ်လျှိုးလာသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာအရည်က အလွန်အမင်း သိပ်သည်းနေသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ဒြပ်ထည်ရှိသွားနိုင်သည့်အလားပင်။

“ ဝုန်း ”

စက်ကရာ၏ ကျင့်ကြံခြင်းအဆင့်သည် မိစ္ဆာသားရဲနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနှင့်ပြီ ဖြစ်၏။ အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် မိစ္ဆာချီကို ထုတ်လွှတ်၍ မိစ္ဆာကပ်ဘေးဒုက္ခကို အချိန်မရွေး ဆင့်ခေါ်နိုင်ပေသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်ကြောင့် ဖြစ်ပေါ်လာသော မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်က ချန်းရှီ၏ မပြီးဆုံးသေးသော မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ်နှင့် ပေါင်းစည်းသွားသည်။ ထိုအခါ ကောင်းကင်ယံတွင် အရွယ်အစား အလွန်ကြီးမားသော မိစ္ဆာကပ်ဘေးဒုက္ခမိုးတိမ် ဖြစ်ပေါ်လာသည်။

( ဘာသာပြန်သူရဲ့ မှတ်ချက်: မိစ္ဆာကပ်ဘေးဒုက္ခက နှစ်မျိုးရှိပါတယ်… တစ်ခုက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခဖြစ်ပြီး အခြားတစ်ခုက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်ပါ… အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခက အမြူတေဓာတ်လုံး မဖွဲ့စည်းရသေးတဲ့ မိစ္ဆာသားရဲတွေအတွက်ဖြစ်ပြီး ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်က အမြူဓာတ်လုံးဖွဲ့စည်းပြီးသွားတဲ့ အစစ်အမှန်မိစ္ဆာတွေအတွက် ဖြစ်ပါတယ် )

ချန်းရှီ၏ ကပ်ဘေးဒုက္ခကျော်လွှားမှုက ဆက်လက် ဖြစ်ပွားနေသောကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ အရွယ်အစားက ပိုပြီးကြီးမားလာသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက မိုးတိမ်အတွင်းမှာ ဝိညာဉ်မြွေများသဖွယ် အဆုံးမဲ့စွာ ကူးခတ်ရွေ့လျားနေကြသည်။ လျှပ်စီးတန်းများအချင်းချင်း ပွတ်တိုက်သွားသည့်အခါ ပိုပြီးကျယ်လောင်သော မိုးခြိမ်းသံက မြည်ဟိန်းသွားသည်။

မိုးခြိမ်းသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း အဆုံးမဲ့သော ဖိအားက ဆူနာမီလှိုင်းလုံးသဖွယ် ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံဖိအားသည် သီရှီထျန်အပေါ် အဓိကပစ်မှတ်ထား၍ ကျဆင်းလာသည်။

ကပ်ဘေးဒုက္ခမိုးတိမ်နှစ်ခု ပေါင်းစည်းသွားသည့်အခါ သီရှီထျန် ရင်ဆိုင်ရမည့် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့်ကဲ့သို့ အစွမ်းကြီးမားသွားသည်။ ထို့ပြင် ချန်းရှီ ရင်ဆိုင်ရမည့် နဝမကောင်းကင်ဘုံမိုးကြိုးက အတွင်းနတ်ဆိုးကို ရည်ရွယ်သည်။ ထို့ကြောင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ အစွမ်းတိုးပွားလာမှုက သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။

ဆန့်ကျင်ဘက်အနေနှင့် ကပ်ဘေးဒုက္ခမိုးတိမ်၏ ဖိအားအားလုံးက သီရှီထျန်အပေါ်သို့ ဆင်းသက်လာသည်။ ဧရာမမြွေများသဖွယ် တုတ်ခိုင်သန်မာသော လျှပ်စီးတန်းများက ကပ်ဘေးဒုက္ခမိုးတိမ်အတွင်းမှာ ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေကြသည်။

“ အရူးကောင် ”

မိုးမြေတုန်လှုပ်သွားစေမည့် အံ့ဖွယ်ဖိအားက ကောင်းကင်ပေါ်မှ သက်ဆင်းလာသည်။ ထိုဖိအားအောက်မှာ သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။ အရှင်သခင်ကုရုံက သီရှီထျန်၏ ဘေးနားမှာ ရှိနေလေရာ သူသည်လည်း ထိုဖိအားဖြင့် သက်ရောက်ခံလိုက်ရ၏။ ဧရာမတောင်ကြီးတစ်တောင်က သူ့အပေါ်သို့ ဖိကျလာသည်ဟု သူခံစားမိသွားသည်။

“ ဂျိန်း… ဂျလိန်း… ”

အရှင်သခင်ကုရုံက အရှေ့တိုးရန် ကြိုးစားလိုက်သည်။ ထိုအခါ ကပ်ဘေးဒုက္ခမိုးတိမ်သည် မဟာစွမ်းအားတစ်မျိုးဖြင့် ဆွဲဆောင်ခံလိုက်ရဟန် ရ၏။ မရေမတွက်နိုင်သော ရောင်စုံလျှပ်စီးတန်းများက အတူတကွ စုဝေးသွားကြသည်။ မကြာမီ ရေပုံးတစ်ပုံးခန့် ထူထဲသော မိုးကြိုးသွားတစ်စင်းက ကပ်ဘေးဒုက္ခမိုးတိမ်ထဲမှ ထွက်ပေါ်လာသည်။ “ ဂျိန်း ”ဟူသော မိုးခြိမ်းသံနှင့်အတူ မိုးကြိုးသွားက အလွန်မြန်ဆန်စွာ ကျဆင်းသွားသည်။

ချက်ချင်းဆိုသလိုပင် မိုးကြိုးသွားက အရှေ့တိုးရန် ကြိုးစားနေသော အရှင်သခင်ကုရုံကို ပစ်ချလိုက်သည်။

ကပ်ဘေးဒုက္ခမိုးကြိုးထဲမှာ အံ့ဖွယ်ကောင်းသော ကောင်းကင်ဘုံအင်အား ကိန်းအောင်းနေသည်။ ဤကပ်ဘေးဒုက္ခသည် သတ္ထုဒြပ်စင်ကို အထူးပြုသော နတ်ဘုရားမိုးကြိုးသွား ဖြစ်သည်။

ကောင်းကင်ဘုံမိုးကြိုးက အရှင်သခင်ကုရုံ၏ တစ်ကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ချင်နေကြောင်း ထင်ရှား၏။ အရှင်သခင်ကုရုံ၏ အဝတ်အစားက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။ ယင်းတို့က လိပ်ပြာများသဖွယ် အရပ်မျက်နှာပေါင်းစုံဆီသို့ လွင့်မျောသွားကြသည်။

သီရှီထျန်က အရှင်သခင်ကုရုံကို အမြန်ကြည့်လိုက်သည်။ သူက မအံ့ဩဘဲ မနေနိုင်ပေ။ အရှင်သခင်ကုရုံက အမှန်တကယ် သန်စွမ်းသည်။ သူ့မျက်နှာသည်သာ သစ်သားတုံးနှင့် ဆင်တူနေခြင်းမဟုတ်ဘဲ သူ၏ တစ်ကိုယ်လုံးသည်ပင် နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေခဲ့သော ရှေးဟောင်းသစ်ပင်ကြီးနှင့် ဆင်တူပေသည်။ ယင်းက ခြောက်သွေ့နေသော သစ်သားတုံး ဖြစ်သည်။

အရှင်သခင်ကုရုံကို သီရှီထျန် ကြည့်လိုက်သည့်အခါ ထူးဆန်းသော အတွေးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

‘ သူ့တစ်ကိုယ်လုံးက သစ်ခြောက်တုံးနဲ့ ဆင်တူတယ်… ကြည့်ရတာ သူကျင့်ကြံတဲ့ ကျင့်စဉ်က အရမ်းထူးခြားတဲ့ပုံပဲ ’

‘ ဒီလိုအခြေအနေမျိုးနဲ့ ကပ်ဘေးဒုက္ခကျော်လွှားရလိမ့်မယ်လို့ တစ်ခါမှ ငါမမျှော်လင့်ထားခဲ့ဘူး ’

သရော်လှောင်ပြောင်သော အပြုံးက သူ့ပါးစပ်ထောင့်မှာ ထွက်ပေါ်လာသည်။ ယင်းက ရာနှုန်းပြည့် သူအနိုင်ရလိမ့်မည်ဟု မသေချာသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်၏။ မိစ္ဆာကပ်ဘေးဒုက္ခနှစ်ခုက ပေါင်းစည်းသွားလေရာ ကပ်ဘေးဒုက္ခမိုးကြိုး၏ စွမ်းအားသည်လည်း နှစ်ဆတိုးပွားသွားသည်။ သို့ဖြစ်၍ ယင်းက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခ မဟုတ်တော့ပေ။ ယင်းအစား ကောင်းကင်ဘုံကပ်ဘေးဒုက္ခကိုးဆင့် ဖြစ်လာသည်။

“ အရူးကောင်… မင်းက ငါ့ရဲ့ အစီအစဉ်တွေကို ခဏခဏ ဖျက်ဆီးပစ်ခဲ့တယ်… မင်းက ငါ့အရှေ့မှာ ကပ်ဘေးဒုက္ခကျော်လွှားဖို့ စိတ်ကူးထားတယ်လား… အိမ်မက်မက်နေလိုက်… ”

ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သော နတ်ဘုရားပန်းပင်ကို လုယက်မည့် သူ့အစီအစဉ်က လုံးဝ ပျက်စီးသွားသည်။ သူက ထိုအတွက် ချိုင့်ဝှမ်းထဲမှာ နှစ်ပေါင်းရာထောင်ချီကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူက ယခင်အထွတ်အထိပ်အခြေအနေဆီသို့ ခြေတစ်လှမ်းတည်းဖြင့် ပြန်ရောက်ရှိရန် ထိုမျှစိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း အတိတ်တွင် သူအလေးမထားခဲ့သော မိစ္ဆာသားရဲဘုရင်အုပ်စုက သူ၏ အကြံအစည်ကို ခဏခဏ ဖျက်ဆီးပစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ နှစ်ပေါင်းများစွာကြာအောင် သူစောင့်မျှော်နေခဲ့သော အခွင့်အရေးက ယခု အလဟဿဖြစ်သွားသည်။ အထွတ်အထိပ်သို့ ပြန်တတ်လှမ်းမည့် သူ၏ မျှော်လင့်ချက်သည်လည်း ပျက်စီးသွားသည်။

ဖော်မပြနိုင်သော စိတ်ပျက်မှုနှင့် ခံပြင်းဒေါသထွက်မှုက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ အလင်းရောင်တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ဝင်းလက်သွားသည်။ ထို့‌နောက် မီးခိုးဖြူရောင်သစ်သားတုတ်ချောင်းတစ်ချောင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ သစ်သားတုတ်ချောင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း မီးခိုးဖြူရောင်အလင်းက တုတ်ချောင်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် ရွေ့လျားသွားသည်။

“ သစ်ခြောက်တုတ်… အို သစ်ခြောက်တုတ်… အစကတော့ အတိတ်မှာ မင်းရရှိခဲ့တဲ့ ဒဏ်ရာတွေကို နှစ်တစ်ထောင်ကြာပါစေ ဖြည်းဖြည်းချင်း ငါပြန်ကုသပေးမယ်လို့ စီစဉ်ထားခဲ့တာ… ဒါပေမဲ့ ဒီမိစ္ဆာသားရဲအငယ်တွေကို သင်ခန်းစာပေးဖို့ မင်းကို အသုံးပြုရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး… မဟုတ်ရင် ဒီသတင်း အပြင်ကို ထွက်သွားတဲ့အခါ အဲ့ဒီသက်ကြားအိုကြီးတွေက ငါတို့ကို ဝိုင်းလှောင်ပြောင်ကြလိမ့်မယ်… ဒါကြောင့် သူတို့အားလုံး ဒီနေ့ ဒီနေရာမှာ သေဆုံးကြရမယ် ”

အရှင်သခင်ကုရုံသည် သူ၏ လက်ထဲမှ မီးခိုးဖြူရောင်တုတ်ချောင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ အကြိမ်ရေအနည်းငယ် တွန့်ကွေးသွားသည်။ ဤအခိုက်အတန့်မှာ အဆုံးမဲ့သော သေခြင်းအရှိန်အဝါက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မီးခိုးရောင်အခိုးအငွေ့က အရှင်သခင်ကုရုံ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူ့မျက်နှာကို ကြည့်လိုက်သည့်အခါ တုန်လှုပ်ချောက်ချားသွားလိမ့်မည်။

“ ရွှတ် ”

ထိုအခိုက်အတန့်မှာ ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်က သူ၏ လူသားခန္ဓာကိုယ်ထဲသို့ သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ပေါင်းစည်းသွားသည်။ ယခု ပေါင်းစည်းမှုက ပြီးပြည့်စုံစွာ ပြီးမြောက်သွားသည့်အခါ ခုနစ်ရောင်ခြယ်အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ လေထဲတွင် ယင်းက ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးသဖွယ် ဖွဲ့စည်းသွားသည်။ ထိုနတ်ဘုရားအလင်းအောက်မှာ ချန်းရှီ၏ ခန္ဓာကိုယ်က ဖော်မပြနိုင်အောင် မွန်မြတ်သန့်စင်သွားဟန် ရ၏။

ချိုင့်ဝှမ်းထဲမှ တမူထူးခြားသော ပန်းပင်များက လေထဲသို့ အဆက်မပြတ် မြှောက်တတ်သွားကြပြီး ပျောက်ကွယ်သွားကြသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အပြောင်းအလဲအမျိုးအစားတစ်ရာခန့် ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ချန်းရှီ၏ ခန္ဓာကိုယ်က ပန်းပင်အားလုံးနှင့် လိုက်လျောညီထွေသွားဟန် ရ၏။ မရေမတွက်နိုင်သော ပန်းပေါင်းစုံ၏ ပံ့ပိုးမှုအောက်မှာ သူက တမူထူးကဲစွာ လှပသွားသည်။ ဤအခိုက်အတန့်မှာ သူက လောကတစ်ခွင်တွင် ပြိုင်စံရှားအလှတရား ဖြစ်လာသည်။ သူက လောက၏ နံပါတ်တစ်အလှပိုင်ရှင် ဖြစ်လာသည်။

ခုနစ်ရောင်ခြယ်ပန်းပွင့်ပုံရိပ်က ချန်းရှီ၏ ကျောနောက်မှာ ထွက်ပေါ်လာသည်။ ယင်း၏ အသွင်သဏ္ဍာန်က သက်တံ့နတ်ဘုရားပန်းပင်၏ အသေးစားပုံစံဖြစ်သည်။ ယင်း၏ ပွင့်ချပ်ခုနစ်ခုက အဆက်မပြတ် ညှိုးခြောက်သွားနေပြီး အသစ်တဖန်ပြန်မွေးဖွားနေသည်။

အဆုံးမဲ့သော သံသရာစက်ဝန်းက သူ့အနောက်မှာ ဖြစ်ပေါ်နေစဉ် ချန်းရှီက ပိုပြီးမွန်မြတ်ထည်ဝါသွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူ၏ မျက်တောင်များက မသိမသာ လှုပ်သွားသည်။ မှိတ်ထားသော သူ့မျက်လုံးက ဖြည်းဖြည်းချင်း ပြန်ပွင့်သွားသည်။ ‘ ထာဝရ ’၏ နက်နဲသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မှုများက သူ့မျက်လုံးထဲမှာ ကိန်းအောင်းနေသည့်အလား သူ၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။

သူတို့ကြားမှာ သီရှီထျန်ရှိနေသော်လည်း ချန်းရှီ၏ အကြည့်က အရှင်သခင်ကုရုံပေါ်သို့ ရှင်းလင်းစွာ ကျရောက်သွားသည်။ သူ၏ မျက်လုံးထဲမှာ မထူးမခြားနား အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အနီရောင်နှုတ်ခမ်းကို ဖွင့်လိုက်ပြီး ပြောသည်။

“ ငါ ကပ်ဘေးဒုက္ခမကျော်လွှားခင်မှာ အန္တရာယ်ဖြစ်လာမယ့် အတိတ်နိမိတ်ကို ခံစားမိခဲ့တယ်… အစက ငါတွေးထားခဲ့တာ အဲ့ဒီအန္တရာယ်က ပြင်ပကျင့်ကြံသူတွေဖြစ်မယ်လို့… ဒါပေမဲ့ အန္တရာယ်က အမြဲတမ်း ငါ့ဘေးနားမှာရှိနေပြီး ရှေးဟောင်းသစ်ပင်ကြီးထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပုန်းနေမယ်လို့ ငါမမျှော်လင့်ထားဘူး… နင်က ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို လုယက်ချင်တယ်လား ”

သူက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို ကျော်လွှားပြီးပြီဖြစ်သော်လည်း သူ၏ အစစ်အမှန်ခန္ဓာကိုယ်က အမြဲတမ်း အပြင်မှာ ရှိနေခဲ့သည်။ ယခု အစစ်အမှန်ခန္ဓာကိုယ်နှင့် အောင်မြင်စွာ သူပေါင်းစည်းပြီးသွားသည့်အခါ အလွန်ဒေါသထွက်သွားသည်။ ရန်သူက သူ့ဘေးနားမှာ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေခဲ့သည်။ ထို့ပြင် တစ်ဖက်လူ၏ ရည်ရွယ်ချက်က သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို လုယက်ရန် ဖြစ်သည်။ ယင်းက သူ့အတွက်တော့ ကြီးမားသော အစော်ကားခံရမှုဖြစ်သည်။

အရှင်သခင်ကုရုံအပေါ် သူ၏ မုန်းတီးမှုက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည်။

“ ကျွတ်… ကျွတ်… နှစ်ပေါင်းများစွာကြာအောင် ငါစောင့်ဆိုင်းနေခဲ့တဲ့ အခွင့်အရေးကို မင်းတို့လို နောက်ပေါက်လေးတွေကြောင့် ဆုံးရှုံးသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ဒါပေမဲ့ အခုလောလောဆယ် ခြေတစ်လှမ်းအနောက်ဆုတ်ဖို့ပဲ ငါတတ်နိုင်တယ်… မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ငါမလုယက်နိုင်မှတော့ မင်းကိုပဲ ငါဖမ်းဆီးမယ်… မင်းက အစစ်အမှန်ခန္ဓာကိုယ်နဲ့ ပေါင်းစည်းထားပြီးပြီဖြစ်လို့ ‘ တူနှစ်ကိုယ်ကျင့်ကြံခြင်း ’ကို ငါအသုံးပြုပြီး မင်းဆီက စွမ်းအင်အနှစ်သာရတစ်ဝက်ကို ငါစုပ်ယူနိုင်သေးတယ်… အဲ့ဒါက ငါ့ရဲ့ ဒဏ်ရာဟောင်းတွေကို အမြန်ဆုံး ပြန်သက်သာစေလိမ့်မယ် ”

အရှင်သခင်ကုရုံသည် ချန်းရှီကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ့အမြင်တွင် ချန်းရှီသည် သက်ရှိဆေးပင်ဖြစ်သည်။ အကယ်၍ သူသာ ချန်းရှီကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင် သူ၏ ဒဏ်ရာများက အမြန်ဆုံး ပြန်သက်သာသွားလိမ့်မည်။

အကောင်းဆုံး အခြေအနေသည် ချန်းရှီ၏ အစစ်အမှန်ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူ၏ ဒဏ်ရာအားလုံးက သက်သောပျောက်ကင်းသွားမည့်အပြင် “ တစ်ခဏငယ်ရွယ်မှု ” နတ်ဘုရားစွမ်းရည်ကိုလည်း သူပိုင်ဆိုင်နိုင်လိမ့်မည်။ သို့သော်လည်း သီရှီထျန်က သူ့ကို ခဏခဏ တားဆီးခဲ့သည်။ ယင်းက သူ၏ မူလအစီအစဉ်ကို ကျရှုံးသွားစေခဲ့သည်။ ထို့ကြောင့် ယခုအချိန်မှာ သူက ခြေတစ်လှမ်းအနောက်ဆုတ်ရန်သာ ရွေးချယ်နိုင်တော့၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကပ်ဘေးဒုက္ခမိုးတိမ်သည် အရွယ်အစား အလွန်ကြီးမားပြီး အံ့ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။ ယင်း၏ စွမ်းအားသက်ရောက်နိုင်သော ဧရိယာသည်လည်း အလွန်ကျယ်ပြောသည်။ ယင်းထံမှ ထုတ်လွှတ်နေသော ကောင်းကင်ဘုံအင်အားသည် ချန်းရှီ ဖြတ်ကျော်ခဲ့သော ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အထက်မှာ ရှိ၏။ သို့ဖြစ်၍ ထိုကပ်ဘေးဒုက္ခမိုးတိမ်ထဲမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။ ကောင်းကင်ဘုံမိုးကြိုးသွားက အလွန်ကြီးမားသော အဖျက်စွမ်းအားနှင့်အတူ ဆင်းသက်လာလိမ့်မည်။

“ ဂျိန်း… ဂျိန်း… ”

အခန်း(၃၁၅)

ဤတစ်ကြိမ်တွင် ကပ်ဘေးဒုက္ခမိုးကြိုးသည် မည်သည့်ပြင်ဆင်ချိန်မှမပေးဘဲ ချက်ချင်း ဆင်းသက်လာသည်။ အဘယ့်ကြောင့်ဆိုသော် ချန်းရှီ၏ ကပ်ဘေးဒုက္ခကျော်လွှားမှုက ကပ်ဘေးဒုက္ခမိုးတိမ်၏ ပြင်ဆင်ချိန်ကို တိုတောင်းစေသည်။ ထို့ပြင် သီရှီထျန်က ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အသုံးပြု၍ အရှင်သခင်ကုရုံကို တားဆီးထားစဉ် ချန်းရှီက ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်သွားခဲ့သည်။ ချန်းရှီ ပြန်နိုးလာကြောင်း မြင်သောအခါ သီရှီထျန်က ကပ်ဘေးဒုက္ခကို အပြည့်အဝ အာရုံစိုက်လိုက်သည်။

ဤတစ်ကြိမ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုအားကောင်းသည်။ သူက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်သော်လည်း လက်မလျော့ပေ။ လက်လျော့ခြင်းဟူသော စကားလုံးက သူ၏ အဘိဓာန်ထဲမှာ မရှိပေ။

သူက လက်တစ်ဖက်ဖြင့် ကျားဝိညာဉ်ဓားမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အခြားလက်တစ်ဖက်သည်တော့ သူ၏ ခါးပေါ်မှ သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။ သူ့ခေါင်းပေါ်တွင် ကျယ်လောင်သော မိုးခြိမ်းသံ ပဲ့တင်ထပ်သွားကြောင်း သူကြားလိုက်သောအခါ အမြန်ခေါင်းမော့လိုက်သည်။ ကပ်ဘေးဒုက္ခမိုးတိမ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး သတ္ထုဒြပ်စင်အထူးပြု ရွှေရောင်မိုးကြိုးသွားသုံးစင်းကို ပစ်လွှတ်လိုက်ကြောင်း သူမြင်သွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်၏ အောက်တည့်တည့်တွင် ပုဂ္ဂိုလ်သုံးယောက် ရှိနေကြသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည် လူဆိုးလူကောင်း မခွဲခြားပေ။ ၎င်း၏ ဧရိယာအတွင်းမှာရှိသော သက်ရှိသတ္တဝါအားလုံးကို တိုက်ခိုက်လိမ့်မည်။

ရွှေရောင်မိုးကြိုးသွားသုံးစင်းသည် သီရှီထျန်၊ ချန်းရှီနှင့် အရှင်သခင်ကုရုံပေါ်သို့ ကျဆင်းသွားကြသည်။

“ ချန်းရှီ ဒီကနေ မြန်မြန်ထွက်သွားပါ… ဒီဟာက ငါ့ရဲ့ အသွင်သဏ္ဍာန်ပြောင်း ကပ်ဘေးဒုက္ခပဲ… ဒီနေရာမှာ မင်းဆက်နေရင် ကပ်ဘေးဒုက္ခမိုးကြိုးကို ဆွဲဆောင်နေလိမ့်မယ် ”

ရွှေရောင်မိုးကြိုးသွားက ဝိညာဉ်မြွေတစ်ကောင်သဖွယ် သူ့ထံသို့ ရိုင်းစိုင်းကြမ်းကြုတ်စွာ ဆင်းသက်လာနေကြောင်း မြင်သွားသည်။ အစောနက အရှင်သခင်ကုရုံအပေါ် ကပ်ဘေးဒုက္ခမိုးကြိုးသွားတစ်စင်း ကျဆင်းသွားခဲ့ကြောင်း သူမြင်ခဲ့သည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ ဒြပ်စင်ငါးပါး ကောင်းကင်ဘုံမိုးကြိုးသွားများထဲတွင် သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးသွားက အသန်မာဆုံး တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူက အမြန်အော်လိုက်ပြီး သူ့ခါးပေါ်မှ သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်သည်။ သိုလှောင်အိတ်က ဝင်းခနဲ အရောင်လက်သွားသည်။ ထို့နောက် မိုးပြာရောင်ဓားပျံတစ်လက်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

ပေါက်ကွဲစမ်း… ။

ဓားပျံထွက်ပေါ်လာသည်နှင့်ချက်ချင်း သီရှီထျန်က သူ၏ မိစ္ဆာချီကို ဓားပျံထဲသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏ စေခိုင်းမှုကြောင့် ဓားပျံက ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတတ်သွားကာ သူ့ဦးခေါင်းပေါ်မှ ကပ်ဘေးဒုက္ခမိုးကြိုးသွားဆီသို့ ဦးတည်သွားသည်။

“ ဘန်း ”

ဓားပျံသည် သူ့ဦးခေါင်းပေါ်မှ မိုးကြိုးသွားကို ခုခံတားဆီးပေးလိုက်သည်။ ဓားပျံသည် အလွန်ထက်ရှသော ဓားချီအလင်းတန်းများကို ထုတ်လွှတ်လျက် မိုးကြိုးသွားကို ထိမှန်သွားသည်။

မိုးပြာရောင်ဓားပျံသည် အလယ်အလတ်အဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ကပ်စေးမနှဲနေပေ။ ဓားပျံက ကောင်းကင်ဘုံမိုးကြိုးသွားနှင့် ထိမှန်သွားသည့်အခိုက် သူက စိတ်ဓာတ်ပြတ်သားစွာ အော်လိုက်သည်။

ဓားပျံက အကြမ်းပတမ်း ပေါက်ကွဲသွားသည်။ ထိုသို့ပေါက်ကွဲသွားသည့်အခါ ကြီးမားသော အဖျက်စွမ်းအားက မရေမတွက်နိုင်သော ဓားချီအလင်းတန်းများနှင့်တကွ ထွက်ပေါ်လာသည်။ အလယ်အလတ်အဆင့် ဓမ္မလက်နက်တစ်ခုက လေထဲမှာ ပေါက်ကွဲသွားပြီး ကောင်းကင်ဘုံမိုးကြိုးသွား၏ စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းကို ခုခံတားဆီးပေးလိုက်သည်။

သီရှီထျန်က ယင်းကို ဂရုမစိုက်နေပေ။ နောက်ထပ် ဓားပျံနှစ်လက်က သူ၏ သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာကြသည်။ ဓားပျံနှစ်လက်သည် ကောင်းကင်ဘုံမိုးကြိုးသွားနှင့် တွေ့ဆုံသွားသည့်အခါ ချက်ချင်း ပေါက်ကွဲသွားသည်။ ထို့ပြင် တခြားဓမ္မလက်နက်များက သူ့လက်ထဲမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ဓမ္မလက်နက်ဆယ်ခုကျော်ကို ထုတ်ယူပြီးသွားသည်။ ယင်းတို့တစ်ခုစီက အလယ်အလတ်အဆင့် ဓမ္မလက်နက်များ ဖြစ်ကြသည်။ သူက ဓမ္မလက်နက်များ၏ ပေါက်ကွဲမှုကို အသုံးပြု၍ ပထမ ကောင်းကင်ဘုံမိုးကြိုးသွားကို ခုခံတားဆီးလိုက်သည်။

“ ရှီထျန်… အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခက အပြင်ဘက်ကနေ ကျော်လွှားရတဲ့ဟာ မဟုတ်ဘူး… နင် ကပ်ဘေးဒုက္ခမိုးတိမ်ထဲ ဝင်ရောက်ပြီး ကောင်းကင်ဘုံမိုးကြိုးကို နင့်ရဲ့ မိစ္ဆာခန္ဓာကိုယ်နဲ့ ခုခံတားဆီးရမယ်… အချိန်ကြာကြာ နင်ခုခံနိုင်လေ ပိုကောင်းလေပဲ… နင်မခုခံနိုင်တဲ့အခါ ကောင်းကင်ဘုံမိုးကြိုးက နင့်ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ဝါးမျိုသွားလိမ့်မယ် ”

“ ကပ်ဘေးဒုက္ခကျော်လွှားနေတဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ဖြတ်သန်းစီးဆင်းနေတဲ့ မိုးကြိုးတွေကို မခုခံပါနဲ့… မိုးကြိုးကို နင့်ရဲ့ ခန္ဓာကိုယ်ထဲက အသွေးအသားတွေဆီ စီးဆင်းသွားပါစေ… အဲ့ဒီနောက် အသွေးအသားတွေကို နင့်ရဲ့ မိစ္ဆာအာရုံနဲ့ စေခိုင်းပြီး မိုးကြိုးကို စုပ်ယူပါ… များများ နင်စုပ်ယူနိုင်လေ နင့်ရဲ့ အနာဂတ်အလားအလာက ပိုပြီးကောင်းမွန်လေ ဖြစ်တယ်… နောက်ဆုံးကျရင် နင့်ရဲ့ စိတ်ခွန်အားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို နင်စိတ်ကူးထားတဲ့ အသွင်သဏ္ဍာန်အတိုင်း ပြောင်းလဲပါ… တစ်ခုမှတ်ထားရမှာက အဲ့ဒီအတောအတွင်း နင့်ရဲ့ အသိစိတ်ကို ဆုံးရှုံးသွားလို့ မဖြစ်ဘူး… နင်အမြဲ သတိရှိနေရမယ်… မဟုတ်ရင် ကပ်ဘေးဒုက္ခမိုးကြိုးက နင့်ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိမ့်မယ် ”

ချန်းရှီသည် သူ့ထံသို့ ကျဆင်းလာနေသော ကောင်းကင်ဘုံမိုးကြိုးသွားကို ကြည့်လိုက်သည်။ စိုးရိမ်ပူပန်သော အကြည့် သူ့မျက်ဝန်းထဲမှာ မရှိပေ။ သူက လက်တစ်ဖက်မြှောက်လိုက်လေရာ ပန်းခြင်းတောင်းတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ပန်းခြင်းတောင်းကို သူ့ခေါင်းပေါ်သို့ ပစ်လွှတ်လိုက်သည်။

ပန်းခြင်းတောင်းကို လှပပြီး နူးညံ့သိမ်မွေ့သော ပန်းပွင့်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းက ဖော်မပြနိုင်အောင် လှပသည်။ ထို့ပြင် ပန်းခြင်းတောင်းထဲမှာ ထူးခြားဆန်းကြယ်သော ဆွဲငင်အားတစ်မျိုး ရှိနေဟန် ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံမိုးကြိုးက ပန်းခြင်းတောင်းထဲသို့ စုပ်ယူခံလိုက်ရသည်။ ထိုအခါ ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက ပန်းခြင်းတောင်းထဲမှာ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံမိုးကြိုးသွားသည် ပန်းခြင်းတောင်းထဲတွင် အငြိမ်မနေဘဲ ဟိုရွေ့သည်ရွေ့ ကူးခတ်သွားနေသည်။ ထို့ပြင် မိုးကြိုးသည် ဓားလှံမြား အစရှိသော လက်နက်အမျိုးမျိုးအဖြစ် ဖွဲ့စည်းသွားပြီး ပန်းခြင်းတောင်းကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။

သို့သော်လည်း ထိုပန်းခြင်းတောင်ကို မည်သည့်ပစ္စည်းဖြင့် ဖန်တီးထားကြောင်း မသိရပေ။ ယင်းက အလွန်အမင်း သန်မာသည်။ သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးသွားက မည်မျှအစွမ်းထက်ပါစေ ပန်းခြင်းတောင်းထဲမှ ရုန်းမထွက်နိုင်ပေ။ မိုးကြိုးသည် ပန်းခြင်းတောင်းထဲမှာ ဂနာမငြိမ် ရွေ့လျားနေသည်။

ပန်းခြင်းတောင်းသည် ကောင်းကင်ပေါ်မှာ ကိုးကြိမ်တိုင်တိုင် လှည့်ပတ်သွားသည်။ ကိုးကြိမ်လှည့်ပတ်ပြီးနောက် ပန်းခြင်းတောင်းထဲမှ ကောင်းကင်ဘုံမိုးကြိုးက ငြိမ်သက်သွားသည်။ မိုးကြိုးသည် ယခင်ကဲ့သို့ မရွေ့လျားတော့သကဲ့သို့ မရုန်းကန်တော့ပေ။

ပန်းခြင်းတောင်းသည် ရောင်စုံအလင်းတန်းအဖြစ် ပြန်ပြောင်းလဲသွားပြီး ချန်းရှီ၏ လက်ထဲသို့ ဆင်းသက်လာသည်။ ထူးခြားချက်တစ်ခုအနေဖြင့် အစောနက ဗလာဖြစ်နေခဲ့သော ပန်းခြင်းတောင်းထဲမှာ ရွှေရောင်ပန်းတစ်ပွင့် ရှိလာသည်။ ထိုရွှေရောင်ပန်းပွင့်မှာ ပွင့်ချပ်ကိုးခုရှိပြီး ပွင့်ချပ်တစ်ခုစီမှာ မတူညီသော အရောင်တစ်ရောင်စီ ရှိသည်။ ထို့ပြင် ပွင့်ချပ်များပေါ်မှာ ဓားလှံမြား အစရှိသော လက်နက်ပုံရိပ်များ ဝေဝေဝါးဝါး ထွက်ပေါ်နေသည်။ မကြာမီ ရွှေရောင်အလင်းနှင့်အတူ လက်နက်ပုံရိပ်များက ပျောက်ကွယ်သွားကြသည်။

“ ကောင်းကင်ဘုံမိုးကြိုးသွားကို ပန်းပွင့်အဖြစ် သန့်စင်နိုင်တယ်… မဟုတ်မှလွဲရော အဲ့ဒီဟာက ရှေးခေတ်ကာလမှာ နာမည်ကျော်ကြားခဲ့တဲ့ ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီးရဲ့ ချီချောင်ခြင်းတောင်းများလား ”

အရှင်သခင်ကုရုံသည် အတွေ့အကြုံကြွယ်ဝပြီး ဗဟုသုတများပြားသူ ဖြစ်သည်။ ပန်းခြင်းတောင်းက ကောင်းကင်ဘုံမိုးကြိုးသွားကို ထူးဆန်းသော ပန်းတစ်ပွင့်အဖြစ် သန့်စင်လိုက်ကြောင်း သူမြင်သွားသည်။ ထိုပန်းပွင့်သည် အလွန်ထူးခြားဆန်းကြယ်သည်။ မည်သို့ဖြစ်ပါစေ ယင်းက ကောင်းကင်ဘုံမိုးကြိုးသွားမှ ဖွဲ့စည်းသွားသောအရာ မဟုတ်ပါလော။ သို့ဖြစ်၍ ယင်းထဲမှာ ကောင်းကင်ဘုံမိုးကြိုးသွား၏ စွမ်းအင်အားလုံး ပါဝင်နေသည်။ ယင်းကို သတ္ထုဒြပ်စင် ကောင်းကင်ဘုံမိုးကြိုးပန်းဟု ခေါ်နိုင်သည်။ ထိုပန်းပွင့်ကို ပိုင်ဆိုင်ထားခြင်းက ကောင်းကင်ဘုံမိုးကြိုးသွားကို ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင်။

“ ဒါပေမဲ့ နင်က ပန်းမျိုးတစ်ရာကောင်းကင်နတ်သမီး မဟုတ်ဘူး… အဲ့ဒီမိစ္ဆာကောင်လေး ကပ်ဘေးဒုက္ခကျော်လွှားချင်တယ်ဆိုရင် ငါ့ဆီက ခွင့်ပြုချက်ကို အရင်တောင်းရလိမ့်မယ် ”

အရှင်သခင်ကုရုံ၏ မျက်နှာအမူအရာက အေးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ့အပေါ်သို့ ကျဆင်းလာသော ကောင်းကင်ဘုံမိုးကြိုးသွားကိုတော့ အစောနကတည်းက ဖြေရှင်းပြီးသွားပြီဖြစ်၏။ ယခု သူက ချန်းရှီနှင့် သီရှီထျန်ကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ ဒီနေရာကို မင်းနဲ့ လွှဲထားခဲ့မယ်… ငါကပ်ဘေးဒုက္ခ ကျော်လွှားတော့မယ် ”

သီရှီထျန်သည် သူ့အရှေ့မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ မည်သို့ဖြစ်ပါစေ သူက အရှင်သခင်ကုရုံ၏ ပြိုင်ဘက်မဟုတ်ပေ။ သူတို့ကြားမှ ကွာခြားမှုက အလွန်ကြီးမားသည်။ သို့ဖြစ်၍ ဤနေရာမှာ သူရှိနေခြင်းက မည်သည့်အကျိုးမှမရှိပေ။ လက်ရှိ သူ့အတွက်တော့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ကျော်လွှားခြင်းက အရေးကြီးဆုံးအရာ ဖြစ်သည်။

သူက ထိုစကားကို ပြောပြီးသည်နှင့် မြေကြီးကို ညာခြေဖြင့် ဖိနောင့်ပေါက်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က အမြှောက်ဆန်တစ်ခုပမာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားသည်။

“ ကောင်စုတ်လေး… မင်းက ငါ့အရှေ့မှာ ကပ်ဘေးဒုက္ခကျော်လွှားဖို့ ကြိုးစားရဲတယ်လား… အဲ့လောက်လွယ်မယ်တဲ့လား ”

အရှင်သခင်ကုရုံ၏ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်သွားသည်။ သူက ခြေထောက်ကို ရွေ့လျားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းဘောလုံးတစ်လုံးက ရစ်ပတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက သီရှီထျန်၏ ဘေးတွင် ဖြတ်ခနဲ ပြန်ပေါ်လာသည်။

သူက လက်ထဲမှ မီးခိုးဖြူရောင်တုတ်ချောင်းဖြင့် သီရှီထျန်ကို ချိန်ရွယ်လိုက်သည်။ ဤအခိုက်အတန့်မှာ မီးခိုးရောင်အလင်းက တုတ်ချောင်း၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မီးခိုးရောင်အလင်းသည် သေခြင်းစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ထိုမီးခိုးရောင်တုတ်ချောင်းဖြင့် ထိုးစိုက်ခံရလျှင် ခန္ဓာကိုယ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာလိမ့်မည်။ ထို့ပြင် သေခြင်းစွမ်းအား၏ သက်ရောက်မှုအောက်မှာ သူ့ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်က မြန်ဆန်စွာ ကုန်ခမ်းသွားလိမ့်မည်။

အရှင်သခင်ကုရုံသည် သူ၏ စွမ်းအား(၇၀)ရာခိုင်နှုန်း သို့မဟုတ် (၈၀)ရာခိုင်နှုန်းကို အသုံးပြု၍ မီးခိုးရောင်တုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ သို့ဖြစ်၍ မီးခိုးရောင်တုတ်ချောင်းက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ အလွန်လျှင်မြန်စွာ ကျရောက်သွားသည်။ အကယ်၍ သီရှီထျန်သာ ထိုတုတ်ချောင်းဖြင့် ထိုးစိုက်ခံရလျှင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။

“ နင်အတင့်ရဲလှချည်လား ”

ချန်းရှီသည် ဒေါသထွက်သွားပြီး ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူက ချီချောင်ခြင်းတောင်းထဲမှ ပန်းပွင့်၏ ပွင့်ချပ်တစ်ချပ်ကို ညင်သာစွာ ဆွဲယူလိုက်သည်။ ထိုပွင့်ချပ်၏ အသွင်သဏ္ဍာန်သည် ရွှေရောင်ဓားမော့နှင့် ဆင်တူသည်။ သူက ပွင့်ချပ်ကို နုတ်၍ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထိုပွင့်ချပ်သည် အချိန်နှင့် လေဟာနယ်ကို ကျော်လွန်သွားသည့်အလား အရှင်သခင်ကုရုံ၏ တုတ်ချောင်းအရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော ရွှေရောင်မိုးကြိုးသွားများက ပေါ်လျှိုးထွက်လာပြီး မီးခိုးရောင်တုတ်ချောင်း၏ စွမ်းအားကို အပြည့်အဝ ခုခံတားဆီးပေးလိုက်သည်။ မီးခိုးရောင်တုတ်ချောင်းသည် သီရှီထျန်ထံသို့ ဆက်မသွားနိုင်တော့ပေ။ မီးခိုးရောင်တုတ်ချောင်း တားဆီးခံထားရစဉ် သီရှီထျန်၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့‌ ရောက်ရှိသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားသည်။ ကပ်ဘေးဒုက္ခမိုးတိမ်သည် ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ သီရှီထျန်၏ ပုံရိပ်ကို နောက်ထပ် မမြင်နိုင်တော့ပေ။ သူက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားပြီးပြီ ဖြစ်၏။

ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ သီရှီထျန်ဝင်ရောက်သွားသည့်အခါ အပြင်လောကမှ ကောင်းကင်ဘုံအင်အားက ထက်ဝက်ခန့် လျော့ကျသွားသည်။ ဘေးပတ်ဝန်းကျင်မှ လေသည်လည်း အနည်းငယ် သိမ်မွေ့သွားသည်။ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခသည် ကပ်ဘေးဒုက္ခကျော်လွှားသူကိုသာ ပစ်မှတ်ထားသည်။ ယခု သီရှီထျန်က ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်လေရာ ကပ်ဘေးဒုက္ခက သူ့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားလိုက်သည်။ ကပ်ဘေးဒုက္ခမိုးတိမ်ငယ်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။

ဤအခိုက်အတန့်မှာ ကပ်ဘေးဒုက္ခမိုးတိမ်ငယ်များထဲတွင် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးတန်းများက ရွေ့လျားစီးဆင်းနေသည်။ ဘေးပတ်ဝန်းကျင်မှ မိုးကောင်းကင်သည်ပင် ရွှေရောင်အလင်းဖြင့် ထွန်းလင်းသွားသည်။ ယင်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။

“ ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ မလွတ်မြောက်ရဘူး ”

စက်ကရာက ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားကြောင်း အရှင်သခင်ကုရုံမြင်သောအခါ သူက အေးစက်စက် ပြုံးလိုက်သည်။ ဤအသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခက ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။ ပထမအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည်ပင် ယင်းကို မယှဉ်နိုင်ပေ။ သီရှီထျန်က ထိုသို့ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ဝင်ရောက်သွားလေရာ အသက်ရှင်လျက် ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။

All Chapters