အခန်း ၄၅၂
Vol. 46 Ch. 452
အခန်း။ ၄၅၂
ကျယ်ပြောလှသော ရေကန်ကြီး၏ ဗဟိုချက်မတည့်တည့်မှနေ၍ ဖြူဖွေးလှသော ရေပူဖောင်းများမှာ အဆက်မပြတ် ဝေတက်လာခဲ့သည်။
ထို့နောက်တွင်မူ နွားတစ်ကောင်အရွယ်အစားခန့်ရှိသော ထူးဆန်းဆန်းပြားသည့် အနက်ရောင် သတ္တဝါများမှာ တစ်ကောင်ပြီးတစ်ကောင် ကုန်းပတ်ပေါ်သို့ တရဟော ပြေးတက်လာကြတော့သည်။
ဤသတ္တဝါများသည် ပုပ်ပွနေသော အနက်ရောင်ရွှံ့နွံတုံးကြီးများနှင့် သဏ္ဍာန်တူလှပြီး ပုံသဏ္ဍာန်မမှန်သော ခန္ဓာကိုယ်အနှံ့တွင် ရေဘဝဲလက်တံကဲ့သို့သော အသားမျှင်ပေါင်းများစွာ ရှိနေကာ ၎င်းတို့၏ အရေပြားပေါ်တွင်လည်း ပျို့အန်ချင်စရာကောင်းလှသော အရည်ကြည်အလွှာများ ဖုံးလွှမ်းနေခဲ့၏။
လုံယီသည် ၎င်းတို့ကို လှမ်းမျှော်ကြည့်ရှုရင်း သူ၏ ထောက်လှမ်းခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ရာ မျက်မှောင်ကြုတ်သွားမိတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤအကောင်များအားလုံး၏ အချက်အလက်ဖော်ပြချက်မှာ အတူတူပင်ဖြစ်နေပြီး ၎င်းတို့အားလုံးမှာ အမှန်စင်စစ် မိစ္ဆာသားရဲတစ်ကောင်တည်းမှနေ၍ ခွဲထွက်လာသည့် အစိတ်အပိုင်းများဖြစ်ကြောင်း ညွှန်ပြနေသောကြောင့်ပင်။
[အမည် - ရေကန်မိစ္ဆာကြီး]
[အသက် - ၉၈၅]
[နယ်ပယ် - အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီး]
[ပါရမီ - ကိုယ်ပွားအတတ်]
[ဓာတ်သဘာဝ - ရေဓာတ်၊ မကောင်းဆိုးဝါးဓာတ်]
"အဲဒီ ကောက်ကျစ်စဉ်းလဲတဲ့ လူသားက ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ"
ရေကန်ကြီးအတွင်း၌ ဧရာမ အရိပ်မည်းကြီးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီးနောက် ရေကန်တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေရုံမျှမက ကုန်းပတ်ဘေးရှိ မြေပြင်ကြီးကိုပင် သိသိသာသာ တုန်ခါသွားစေခဲ့တော့သည်။
လုံယီသည်ပင် တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားရသည့်အလား ခံစားလိုက်ရ၏။
ဤရေကန်မိစ္ဆာကြီးမှာ အလယ်အလတ်အဆင့် မိစ္ဆာစစ်သူကြီး ဖြစ်သော်လည်း ကုန်းပတ်ပေါ်ရှိ ကျားမိစ္ဆာထက် များစွာ ပိုမိုသန်မာနေသည်မှာ ထင်ရှားသည်။
ထိုအခါ ကျားမိစ္ဆာတစ်ကောင်က ရိုသေကိုင်းညွတ်စွာဖြင့် "သခင်ကြီး... အဲဒီကောင်က အရမ်းကောက်ကျစ်လွန်းပါတယ်။ သူ ဘေးအန္တရာယ်ကို ကြိုတင်အာရုံခံမိသွားလို့များလား မသိဘူးခင်ဗျာ"
"ငါကတော့ ဒီနေရာမှာ အဆုံးမရှိ အချိန်ဖြုန်းမနေနိုင်ဘူး"
"ဒါဆိုရင် နောက်ထပ် သုံးရက်လောက် ထပ်ပြီး စောင့်ကြည့်ရင် ဘယ်လိုလဲ ခင်ဗျာ"
ကျားမိစ္ဆာက ရယ်မောကာ အကြံပြုလိုက်သည်။
"ကောင်းပြီ"
အရိပ်မည်းကြီးမှာ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ရေကန်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်သက်သွားခဲ့တော့သည်။
ကုန်းပတ်ပေါ်ရှိ ကျားမိစ္ဆာနှစ်ကောင်မှာမူ တစ်ကောင်ကိုတစ်ကောင် လှမ်းကြည့်လိုက်ကြရာ အချင်းချင်း၏ မျက်လုံးထဲ၌ ထိတ်လန့်တုန်လှုပ်မှုများကို မြင်တွေ့လိုက်ကြရ၏။
"သခင်ကြီးရဲ့ ကျင့်စဉ်က တစ်နေ့ထက်တစ်နေ့ ပိုပြီး နက်ရှိုင်းလာတာပဲ... မကြာခင်မှာ အဆင့်တက်တော့မှာလား မသိဘူး"
"ရှေးဟောင်း ဧကရာဇ်မျိုးရိုးသွေးကို ပိုင်ဆိုင်ထားတာဆိုတော့... တစ်ခါသာ အဆင့်တက်လှမ်းနိုင်သွားရင် နယ်ပယ်တူချင်းကြားမှာ အနှိုင်းမဲ့ ဖြစ်သွားမှာ သေချာတယ်"
"သုံးရက် ဟုတ်လား"
မလှမ်းမကမ်းတွင်ရှိသော လုံယီသည် ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ နေရာကို ပြောင်းလဲလိုက်ကာ အခြားတစ်နေရာတွင် အသွင်ပြောင်းလဲခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့တော့သည်။
ဟွိုင်မြို့၏ မြို့မျှော်စင်ထက်၌ နက်မှောင်သော ဝတ်စုံများကို ဆင်မြန်းထားသည့် ကျင့်ကြံသူ အမျိုးသားနှစ်ဦးသည် တိတ်တဆိတ်ဖြင့် အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှုနေကြသည်။
ထိုအမျိုးသားနှစ်ဦးထဲတွင် တစ်ဦးမှာ ဆံပင်များ ထက်ဝက်ခန့် ဖြူဖွေးနေသော်လည်း မျက်နှာတွင်မူ အရေးအကြောင်းတစ်ကြောင်းမျှ မရှိဘဲ နုပျိုတောက်ပနေကာ ပြင်းထန်လှသောအရှိန်အဝါများ ဖြာထွက်နေခဲ့ရာ သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်၌ ရှိနေကြောင်း ထင်ရှားသည်။
အခြားတစ်ဦးမှာမူ အသက်သုံးဆယ်ကျော် အရွယ်ခန့်သာရှိပြီး ရိုးရှင်းသော ရုပ်ရည်နှင့် ဖြူဖျော့သော အရေပြားရှိသော်လည်း သူ၏ အရှိန်အဝါမှာ ထိုဆံပင်ဖြူအဖိုးကြီးထက်ပင် ပိုမိုသန်မာနေခဲ့သည်။
ဟွိုင်မြို့၏ အရေးပါပုံမှာ လုံယီ ယခင်က ကယ်တင်ခဲ့သော မြို့အချို့နှင့် လုံးဝ ကွာခြားသည်။
မြို့အတွင်း၌ အလွန်အရေးကြီးလှသော ရွှေဓာတ်သတ္တုတွင်းတစ်ခု ရှိနေပြီး ၎င်းမှာ ဂိုဏ်းတစ်ခုလုံးရှိ သတ္တုတွင်းများထဲတွင် ထွက်နှုန်းအကောင်းဆုံး ထိပ်သီးသုံးခုစာရင်းဝင် သတ္တုတွင်းတစ်ခု ဖြစ်သည်။
ထိုရွှေဓာတ်သတ္တုဟူသည်မှာ မှော်လက်နက်များနှင့် ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိကရတနာ ပစ္စည်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသည် မမျှော်လင့်သော ကိစ္ဆရပ်များ မဖြစ်ပွားစေရန်အတွက် ခွန်အားကြီးမားလှသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်ရှိ အကြီးအကဲနှစ်ဦးကို စောင့်ရှောက်ရန် စေလွှတ်ထားခြင်းပင်။
"မိစ္ဆာမျိုးနွယ်စုတွေဘက်က ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ"
"သူတို့တွေ တစ်ခုခု ကြံစည်နေတာများလား ဘာပဲဖြစ်ဖြစ် ငါတို့ သတိထားရမယ်"
"သူတို့တွေလည်း သတိထားနေရမှာပါပဲ... အနီရောင်သူရဲကောင်းက ဘယ်အချိန်မှာ ရုတ်ချည်းရောက်လာပြီး သူတို့ထဲက နှစ်ကောင် သုံးကောင်လောက်ကို အပြတ်ရှင်းပစ်မလဲဆိုတာ ဘယ်သူသိမှာလဲ"
"ဟားဟားဟား"
လုံယီကိုယ်တိုင်မူ မြို့ပေါင်းကိုးမြို့၏ မိစ္ဆာစစ်သူကြီးများကို သုတ်သင်ရှင်းလင်းပေးခဲ့သော သူ၏ အံ့မခန်း တိုက်ပွဲရလဒ်ကြီးများမှာ ယခုအခါ ကျောက်နိုင်ငံတစ်ခုလုံးတွင် တဖြည်းဖြည်း ပျံ့နှံ့နေခဲ့ပြီဖြစ်ကြောင်း မသိရှိရှာချေ။
ထို့ပြင် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းဘက်မှလည်း လျှို့ဝှက်စွာ ဂုဏ်ပြုချီးမွမ်းပေးနေခဲ့သလို သူ ယခင်က ကယ်တင်ခဲ့သော ပညာရှိသခင်ကြီးမှာလည်း နန်းတော်၏ အရာရှိတစ်ဦးဖြစ်နေခဲ့သဖြင့် ဤသတင်းစကားမှာ ပိုမိုလျင်မြန်စွာ ပြန့်နှံ့သွားခဲ့ရခြင်းပင်။
စစ်ပွဲကြောင့် စိုးရိမ်ပူပန်နေရသော လူထုအဖို့လည်း အားကိုးရာ စိတ်ဓာတ်ခေါင်းဆောင်တစ်ဦးကို အသည်းအသန် လိုအပ်နေခဲ့ကြသည်။
ထို့ကြောင့် လူထုကြားတွင် လုံယီကို ခေါ်ဆိုရန်အတွက် ထင်ရှားကျော်ကြားလှသော အမည်နာမတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
အနီရောင်သူရဲကောင်း…
...
ဟွိုင်မြို့အတွင်းရှိ ယီဖင်လက်ဖက်ရည်ဆိုင်ကြီး၌။
မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားတော့မည့် ဘေးအန္တရာယ်များ ရှိနေသော်လည်း ကြီးမားလှသော ဖိအားများအောက်တွင် အရပ်သားပြည်သူများအနေဖြင့် သူတို့၏ စိတ်အာရုံများကို ဖြေဖျောက်ရန်အတွက် နေရာတစ်ခုကို ပိုမိုလိုအပ်နေခဲ့ကြသည်။
ထို့ကြောင့် လက်ဖက်ရည်ဆိုင်၏ အရောင်းအဝယ်မှာ စိုးစဉ်းမျှ ထိခိုက်ခြင်းမရှိခဲ့ချေ။
ယခုတစ်ခိုက်တွင် လက်ဖက်ရည်ဆိုင်၏ ဝန်းကျင်တစ်ခုလုံး၌ ဖောက်သည်များဖြင့် ပြည့်နှက်ကာ ဆူညံလို့နေသည်။
ဗဟိုချက်မ၌မူ အနီရောင် သစ်သားလက်ရန်းများ ကာရံထားသော မြင့်မားလှသည့် စင်မြင့်တစ်ခု ရှိနေခဲ့၏။
ထိုစင်မြင့်၏ အလယ်တွင်မူ သစ်သားရိုက်ခတ်ပြားကို ကိုင်ဆောင်ထားသော အဖိုးအိုတစ်ဦးက စိတ်အားထက်သန်စွာဖြင့် ပုံပြောနေခဲ့တော့သည်။
"ရူမြို့တော်က ကျားသစ်မိစ္ဆာ ညီအစ်ကို ငါးယောက်အကြောင်း ပြောရမယ်ဆိုရင်တော့ဗျာ... သူတို့တွေက လေလိုလာပြီး လျှပ်စီးလို ပျောက်ကွယ်တတ်ကြတာမို့ တကယ့်ကို လက်ပေါက်ကပ်တဲ့ အကောင်တွေပါပဲ..."
"မြို့စောင့်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အကြီးအကဲမှာ နက်နဲတဲ့ ဝိညာဉ်ချီစွမ်းအင်တွေ ရှိပေမဲ့လည်း... လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဘူးဆိုရမှာပဲဗျ။ အဲဒီ ကျားသစ်မိစ္ဆာညီအစ်ကို ငါးယောက်က တကယ့်ကို အကျိုးအကြောင်းမရှိသလို အရှက်လည်း လုံးဝမရှိဘူး... တိုက်ပွဲဖြစ်ပြီဆိုရင် အကုန်လုံး အုပ်စုလိုက် ဝိုင်းအုံပြီး ကိုက်ခဲတတ်ကြတာကိုး"
"အကြီးအကဲခမျာ ဘာဗျူဟာသုံးရမလဲဆိုပြီး အသည်းအသန် တွေးနေရတဲ့အချိန်... တစ်ညမှာတော့ အနီရောင်အလင်းတန်းတွေ ဖုံးလွှမ်းနေတဲ့ ဆန်းကြယ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးက နတ်ဘုရားတစ်ပါးလို ကောင်းကင်ကနေ သက်ဆင်းလာပါလေရော။ ပြီးတော့... လက်သီးတစ်ချက်တည်းနဲ့တင် ဂျာဂွာမိစ္ဆာတစ်ကောင်ကို အသားဖတ်ဖြစ်အောင် ထုခြေပစ်လိုက်တာဗျာ အဲဒီနောက် ချောက်... ချောက်နဲ့ နောက်ထပ် လက်သီးချက်အနည်းငယ်အောက်မှာတင် ကျန်တဲ့ကျားမိစ္ဆာတွေပါ အကုန် အနှစ်ဖြစ်သွားရရှာတော့တာပဲ..."
"ဒါတင်မကသေးဘူးနော်... ဟွမ်မြို့မှာရှိတဲ့ နွားရိုင်းမိစ္ဆာကြီးဆိုရင်လည်း သူ့ရဲ့ အမွေးတစ်ပင်က ကျွန်တော်တို့ ခါးထက်တောင် ပိုတုတ်သေးတယ်၊ သူ မှုတ်ထုတ်လိုက်တဲ့ အသက်ရှူလှိုင်းကြီးက ကောင်းကင်က တိမ်တိုက်တွေထက်တောင် ပိုကြီးတာဗျ။ ဒါပေမဲ့ အနီရောင်သူရဲကောင်းက အဲဒီနွားရိုင်းမိစ္ဆာကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး မြို့ရဲ့မြောက်ဘက်ကနေ တောင်ဘက်၊ အရှေ့ဘက်ကနေ အနောက်ဘက်အထိ မွှေနောက်အောင် တိုက်ခဲ့ကြတာ... မြို့မလမ်းမကြီးတောင် ပြာကျလုမတတ် ဖြစ်သွားခဲ့ရတယ်ဗျာ..."
"ကောင်းလိုက်တာ"
ပုံပြင်ပြောခြင်းမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အခန်းသို့ ရောက်ရှိသွားသောအခါ လက်ဖက်ရည်သောက်သူ အများအပြားမှာ စိတ်အားထက်သန်စွာ လက်ခုပ်တီးကြပြီး အချို့ဆိုလျှင် စင်မြင့်ထက်သို့ ကြေးဒင်္ဂါးပြားများကိုပင် ပစ်ပေါက်၍ ဆုချကြသည်။
"ဒါနဲ့ နေပါဦး... ဒီ အနီရောင်သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုးလဲဗျ"
စူးစမ်းလိုသော ဘေးလူတစ်ဦးက လှမ်းမေးလိုက်၏။
"ငါတို့ ကျောက်နိုင်ငံသား စစ်စစ်ပေါ့ဗျာ"
"ခင်ဗျားကလည်း အထင်ရှားကြီးကို လာပြောနေပြန်ပြီ။ ကျွန်တော်က သူ့ရဲ့ နောက်ခံမွေးရပ်ဇာတိကို မေးတာဗျ"
"ဒါဆိုရင်လည်း သူက ကျောက်နိုင်ငံက ထူးချွန်တဲ့ ကျင့်ကြံသူတစ်ဦးပေါ့ဗျာ"
"..."
ထုန်မြို့ရှိ နွမ်းရှန်းမယ်ဇာဆောင်။
ကြမ်းပြင်ထက်တွင် သန့်ရှင်းစင်ကြယ်သော အနီရောင်ကော်ဇောကြီးများကို ခင်းကျင်းထားပြီး သီးသန့်အခန်းမျိုးစုံမှနေ၍ သာယာငြိမ့်ညောင်းလှသော တူရိယာဂီတသံစဉ်များ အဆက်မပြတ် ထွက်ပေါ်နေသည်။
အဓိကအဆောက်အအုံအတွင်းရှိ မိန်းမပျိုလေးများသည် လှပစွာ ဝတ်ဆင်ပြင်ဆင်ထားကြပြီး အများစုမှာ ခေါက်ယပ်တောင်များဖြင့် ၎င်းတို့၏မျက်နှာကို ကာရံလျက်... ဒုတိယထပ် လက်ရန်းနားတွင် ရပ်ကာ အောက်ထပ်မှ ဖြတ်သန်းသွားလာနေသော ဧည့်သည်များကို ငေးမောကြည့်ရှုနေကြ၏။
၎င်းတို့၏ မျက်ဝန်းများထဲတွင် ဆွဲဆောင်မှုရှိသော အရိပ်အယောင်များ ပြည့်နှက်နေပြီး လေထုထဲတွင်လည်း မွှေးပျံ့လှသော ရနံ့မျိုးစုံက ပျံ့လွင့်နေတော့သည်။
ထိုတစ်ခိုက်တွင် အနီရောင်ဝတ်ရုံကြီးကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် ဇွတ်တရွတ် ဝင်ရောက်လာခဲ့ရာ လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"အမလေး ဘာဖြစ်လို့ ဒီလောက်တောင် တောက်ပတဲ့ အနီရောင်တွေ ဝတ်ဆင်လာရတာလဲ"
ခြယ်သမှုလွန်ကဲနေသော အဖွားအိုကြီးတစ်ဦးက ပြာပြာသလဲ ချဉ်းကပ်ကာ မေးလိုက်သည်။
"ငါ့ကြည့်ရတာ ဘယ်လိုလဲ အနီရောင်သူရဲကောင်းနဲ့ မတူဘူးလား"
ထိုအမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်မေးမြန်းလိုက်ရာ အဖွားအိုကြီးမှာ ခေတ္တမျှ ဆွံ့အသွားရသည်။
သို့သော်လည်း သူမသည် ချက်ချင်းပင် သဘောပေါက်သွားပြီး သူမ၏ မိတ်ကပ်များ လွင့်စင်မတတ် တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။
"တူတာပေါ့... သေချာပေါက် တူတာပေါ့ရှင်။ ကျွန်မစိတ်ထဲမှာတော့ အနီရောင်သူရဲကောင်းက ရှင့်လိုမျိုး ညှို့ဓာတ်ပြင်းတဲ့ လူချောတစ်ယောက်ပဲ ဖြစ်ရမယ် မဟုတ်ရင် ဒီလောက်အထိ ဘယ်လိုလုပ် စွမ်းဆောင်နိုင်မှာလဲ"
"အကယ်၍ အနီရောင်သူရဲကောင်းသာ မရှိခဲ့ရင် ထုန်မြို့ကြီး ကျိုးပျက်သွားလောက်ပြီ။ ငါ့မိသားစု အယောက်သုံးဆယ်ကျော်လည်း မိစ္ဆာတွေရဲ့ အစာဖြစ်သွားလောက်ပြီ။ ဒီနေ့တော့ ငါက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တာပဲ"
"ရှင်က တကယ့်ကို စိတ်ကူးကောင်းတာပဲရှင်။ အနီရောင်သူရဲကောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ နွမ်းရှန်းမယ်ဇာဆောင်မှာရှိတဲ့ ကောင်မလေးတွေ အားလုံးက ရှင့်ကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးပေးပါ့မယ်"
"ဟားဟားဟား... ကောင်းလှချည်လားဗျာ"
လျန်မြို့အတွင်း၌မူ လမ်းသွားလမ်းလာများဖြင့် အလွန်အမင်း စည်ကားသိုက်မြိုက်နေသည်။
အနီရောင်သူရဲကောင်းက ပုရစ်ဖူးမိစ္ဆာကို သုတ်သင်ရှင်းလင်းပေးခဲ့ပြီးကတည်းက ဤမြို့ကြီးသည် ယခင်ကကဲ့သို့ ပြန်လည်စည်ကားလာခဲ့ခြင်းပင်။
"သကြားရုပ်လေးတွေ ရမယ်ဗျာ... အနီရောင်သူရဲကောင်းရဲ့ ပုံစံတူ သကြားရုပ်လေးတွေက တစ်ရုပ်ကို ဆယ်ပြားပဲ၊ ဖြတ်သွားဖြတ်လာ မိဘများ လက်မလွှတ်တမ်း ဝယ်ယူသွားကြပါဦး"
"ဟေ့လူ... ဘာဖြစ်လို့ ဒီသကြားရုပ်တွေကို စျေးမြှင့်လိုက်ရတာလဲ စောစောကတင် ငါးပြားပဲ မဟုတ်ဘူးလား"
ထိုနေရာမှ ဖြတ်သန်းသွားသော အဝတ်ခပ်နွမ်းနွမ်းဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ကလေးငယ်၏ ဆွဲငင်မှုကြောင့် ရပ်တန့်ကာ စျေးနှုန်းကို မကျေမနပ် မေးမြန်းလိုက်ရသည်။
"သာမန်သကြားရုပ်တွေကတော့ ငါးပြားပါပဲခင်ဗျာ။ ဒါပေမဲ့ အနီရောင်သူရဲကောင်းရဲ့ ပုံစံတူ သကြားရုပ်ကတော့ သဘာဝကျစွာပဲ စျေးပိုရမှာပေါ့"
သကြားရုပ်သည်ကြီးက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။
သူသည် အနီရောင်မန္တန်ကွက်များ ဝန်းရံနေသည့်အလား တစ်ကိုယ်လုံး ရဲရဲနီနေသော အနီရောင်သူရဲကောင်းပုံစံတူ သကြားရုပ်တစ်ခုကို မြှောက်ပြလိုက်သည်။
ထိုအမျိုးသား တွန့်ဆုတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ မလှမ်းမကမ်းရှိ ဆိုင်ခန်းတစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။
"အဝတ်ရုပ်လေးတွေ ရမယ်ဗျာ... အသစ်စက်စက် ရက်လုပ်ထားတဲ့ အဝတ်ရုပ်လေးတွေ အနီရောင်သူရဲကောင်းရဲ့ ပုံစံအတိုင်းပဲ... တစ်ရုပ်ကို ရှစ်ပြားတည်းဗျာ"
ထိုအရာကို ကြားလိုက်ရသောအခါ ထိုအမျိုးသားသည် ချက်ချင်းပင် စိတ်ဝင်စားမှု ပြောင်းလဲသွားခဲ့ပြီး သကြားရုပ်သည်ကြီးမှာမူ ထိုအသံထွက်ပေါ်လာရာ အရပ်ဆီသို့ ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
အနီရောင်သူရဲကောင်းအသွင် ဖန်တီးထားသော ထိုအဝတ်ရုပ်လေးသည် အနီရောင်ဝတ်စုံနှင့် အနီရောင်ဝတ်ရုံကြီးကို ဆင်မြန်းထားသော်လည်း ထူးဆန်းသည်မှာ မျက်နှာအစိတ်အပိုင်း လုံးဝ ပါဝင်ခြင်းမရှိချေ...
လူသားနှင့် မိစ္ဆာတို့၏ စစ်ပွဲကြီးအတွင်းမှာပင် အနီရောင်သူရဲကောင်းဟူသောအမည်မှာ အရပ်ရပ်သို့ ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျောက်နိုင်ငံ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တော့သည်။
နောက်ဆုံးတွင်မူ မိစ္ဆာမျိုးနွယ်စုမှ အဖွဲ့ဝင်အများအပြားပင်လျှင် သူ၏အကြောင်းကို ကောင်းကောင်းကြီး သိရှိသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် လုံယီသည် ဟွိုင်မြို့ပြင်ပရှိ မိစ္ဆာမျိုးနွယ်စုများ၏ စခန်းအပြင်ဘက်၌ သတိကြီးစွာဖြင့် ဆက်လက်ချောင်းမြောင်း နေဆဲပင်။
ထိုနေရာမှာ မိစ္ဆာမျိုးနွယ်စုများအနေဖြင့် ဟွိုင်မြို့၏ မြို့မမျှော်စင်ဆီသို့ ဦးတည်သွားရာတွင် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
သုံးရက်တိုင်တိုင် အသွင်ပြောင်းလဲကာ ပုန်းကွယ်နေခဲ့ပြီးနောက် သူသည် ဝန်းကျင်ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားအောင် အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်ရာ မည်သည့်ခြေရာလက်ရာမျှ ရှာမတွေ့နိုင်တော့ချေ။
မလှမ်းမကမ်းဆီမှနေ၍ မြေပြင်ကြီး အပြင်းအထန် တုန်ခါသွားသော အသံကြီးများနှင့်အတူ လုံယီ၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့ရပြီး သူ အသည်းအသန် စောင့်ဆိုင်းနေခဲ့သော အခွင့်အရေးကြီး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်လိုက်တော့သည်။