← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 25 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 25 Ch. 339-340

အပိုင်း(၃၃၉)

ကိုယ်စီ တိမ်တိုက်များပေါ်တွင် လင်းတုန်းနှင့် အစစ်အမှန် ရွှေအဆင့် စကိုင်းဆွန်း နှစ်ယောက်တို့သည် ကောင်းကင်ပေါ်ရှိ အမည်းရောင် မြို့တော်ဖြစ်သော မုန်တိုင်းကျောက်ဆောင် သို့ ပြန်လာခဲ့ကြသည်။ သူတို့သည် အမြင့်ဆုံး မျှော်စင်တွင် ဆင်းသက်ခဲ့ကြသည်။ ထို့နောက် အစောင့်ကျနေသော စကိုင်းဆွန်း များထံသို့ ဝင်ခွင့်ကုဒ်များကို ပြသလိုက်ကြလေ၏။

ဤနေရာသည် စကိုင်းဆွန်း တို့၏ ဌာနချုပ်ဖြစ်သော ကြယ်လှည်း မျှော်စင် ဖြစ်သည်။ သူတို့အတွက်တော့ အိမ်ပြန်ရောက်သကဲ့သို့ ဖြစ်နမည်မှာ သေချာလှသည်။ လင်းတုန်းအတွက်မူ ဤသည်မှာ အထဲသို့ ဒုတိယအကြိမ် ဝင်ရောက်ဖူးခြင်းသာ ဖြစ်လေ၏။

သူသည် ထုံထိုင်းစွာဖြင့် အစိမ်းရောင် သံချပ်ကာဝတ်ဆင်ထားသူ နှစ်ဦးနောက်မှ အထဲသို့ လိုက်ပါသွားခဲ့သည်။ ဟိုတစ်စု ဒီတစ်စု ရှိနေသော အခြား စကိုင်းဆွန်း အချို့ကို ဖြတ်ကျော်သွားခဲ့လေ၏။ သူတို့အားလုံးသည် သူခံစားနေရသကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ စင်္ကြံလမ်းများထဲတွင် သွေးနံ့များက လေးလံစွာ ဖုံးလွှမ်းနေခဲ့သည်။

အာရီလီယပ် မိသားစု၏ အပြာရင့်ရောင် ယူနီဖောင်းဝတ် အစေခံတစ်ဦးက သွေးမိစ္ဆာ တစ်ကောင် ချန်ရစ်ခဲ့သော အရည်အိုင်ကို သုတ်သင်ရှင်းလင်းနေသည်ကို တစ်ကြိမ်မက သူ မြင်တွေ့ခဲ့ရလေ၏။ သို့မဟုတ် ထိုအရာက သားကောင်တစ်ကောင်ကောင်ဆီမှ ကျန်ရစ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

သွေးဖီးနစ်ငှက် သည် တိုက်ရိုက်ပင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ရက်အနည်းငယ်မျှသာ နိုးထလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် ၎င်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို နောင်နှစ်ပေါင်းများစွာတိုင်အောင် ရှင်းလင်းနေကြရဦးမည် ဖြစ်လေ၏။

စကိုင်းဆွန်း အားလုံးသည် တာဝန်ထမ်းဆောင်နေကြသည်၊ သို့မဟုတ် တာဝန်တစ်ခုအတွက် ပြင်ဆင်နေကြသည်၊ သို့မဟုတ် အလုပ်မလုပ်နိုင်လောက်အောင် ဒဏ်ရာရထားကြသည်။ သူတို့၏ လူအင်အားမှာ အလွန် ပြတ်လပ်နေသဖြင့် အဆင့်နိမ့် ရွှေအဆင့် များပင်လျှင် အနားယူရန် အချိန်မရခဲ့ကြချေ။

စကားတစ်ခွန်းမျှ မဟဘဲ၊ ထို အစစ်အမှန် ရွှေအဆင့် နှစ်ယောက်သည် လင်းတုန်းကို အမည်းရောင် တံခါးတစ်ချပ်နောက်ရှိ ပရိဘောဂ နည်းပါးစွာ ခင်းကျင်းထားသော အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အခန်းကို မျက်နှာကြက်ပေါ်ရှိ အစီအရင် များဖြင့် ဖွဲ့စည်းထားသော ဖြူလွလွ စက်ဝိုင်းတစ်ခုက အလင်းပေးထားလေ၏။ အထဲတွင် အဝိုင်းပုံ စားပွဲတစ်လုံးနှင့် ၎င်းကို ဝန်းရံထားသော ထိုင်ခုံ ကိုးလုံးသာ ရှိသည်။ သစ်သားစားပွဲပေါ်တွင် သုံးပေခန့် ရှည်လျားသော ဓားခုတ်ရာကြီးတစ်ခု ရှိနေပြီး၊ ၎င်းမှာ အသစ်စက်စက် ဖြစ်ပုံရလေ၏။

လင်းတုန်းသည် သူ၏ ကြီးမားသော အညိုရောင် ကျောပိုးအိတ်ကို ထိုင်ခုံတစ်လုံးပေါ်သို့ ချလိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်ခွာရန် လှည့်လိုက်လေ၏။

ပိုင်ရိုက သံချပ်ကာဝတ်ဆင်ထားသော လက်တစ်ဖက်ကို မြှောက်တားလိုက်သည်။ ယက်လုပ်ထားသော ကျူရိုးဦးထုပ်၏ အရိပ်အောက်တွင် သူ၏ မျက်လုံးများက အဝါရောင် တောက်လောင်နေခဲ့လေ၏။

"ဒီမှာပဲ နေ..."

သူက အမိန့်ပေးလိုက်သည်။ လင်းတုန်းသည် ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချပစ်လိုက်ချင်စိတ်မှလွဲ၍ အခြား ဘာဆန္ဒမှ မရှိခဲ့ပေ။ သို့သော် သူ့တွင် ပိုမို အရေးတကြီး တွေးပူစရာများ ရှိနေခဲ့လေ၏။

"ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ကျွန်တော် ပြန်လာခဲ့ပါ့မယ်၊ ယီရင် ကို သွားကြည့်ချင်လို့ပါ..."

ရန်ဖေးသည် ပြတ်သားသော အသွင်အပြင်ရှိပြီး သူမ၏ ခေါင်းပေါ် လေထဲတွင် အမည်းရောင် တိမ်တိုက်တစ်ခု လွင့်မျော နေသော ခန္ဓာကိုယ် သေးသေးသွယ်သွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက စားပွဲကို လက်ညှိုးဖြင့် ထိုးပြလိုက်လေ၏။

"ထိုင်နေ၊ ငါတို့ ပြန်လာခဲ့မယ်၊ ဒီအခန်းထဲကနေ ထွက်မသွားနဲ့..."

"ခင်ဗျားတို့ သဘောတူမယ်ဆိုရင်တော့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်ပါတယ်..."

နောက်ဆုံးအကြိမ် သူမကို တွေ့ခဲ့စဉ်က၊ သူမ၏ ဝိညာဉ်မှာ ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း သူမ၏ သွေးအရိပ် မှာမူ တည်ငြိမ်နေခဲ့သည်။ ၎င်းသည် သူမ အဆင်ပြေကြောင်း သူ သေချာအောင် လုပ်ချင်ရသည့် အဓိက အကြောင်းရင်းပင် ဖြစ်လေ၏။

စကိုင်းဆွန်း တို့သည် သွေးအရိပ် ပိုင်ဆိုင်ထားသူ တစ်ယောက်ကို သူမဘာသာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ထားရှိမည် မဟုတ်ပေ။ အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ပို၍ပင် မဖြစ်နိုင်ချေ။

ပိုင်ရိုက ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူသည် အုတ်တံတိုင်းကြီး တစ်ခုကဲ့သို့ တုတ်ခိုင်သော လူတစ်ယောက်ဖြစ်ပြီး၊ သံချပ်ကာက သူ၏ ပုံပန်းသဏ္ဍာန်ကို ပိုမို ကြီးမားသွားစေခဲ့လေ၏။

"ထိုင်နေ..."

သူက ပြောလိုက်သည်။ ပိုင်ရိုသည် မည်မျှပင် ကြီးမားနေစေကာမူ၊ လင်းတုန်းထက် တစ်လက်မ နှစ်လက်မခန့်သာ အရပ်ပိုရှည်လေ၏။ သူတို့၏ စိတ်ဝိညာဉ် များကြားရှိ ကွာဟချက်နှင့် နှိုင်းယှဉ်ပါက ထိုအရာက သိပ်ပြီး ကွာခြားပုံ မပေါ်ချေ။

ထိုသံချပ်ကာက မဟူရာ မီးတောက် လမ်းစဉ် ကို ဆန့်ကျင်ရာတွင် သူ့ကို မည်သို့ ကူညီပေးနိုင်မည်နည်း။

လင်းတုန်းသည် ထိုအဝါရောင် မျက်လုံးများ၏ စူးရဲသော အကြည့်များကို အကြည့်ချင်း ဆုံကာ ပြန်လည် ရင်ဆိုင်နေမိကြောင်း သတိပြုမိလိုက်သည်။

မည်းမှောင်သော မာဒြာ များက သူ၏ အမြင်အာရုံထဲသို့ တွားသွား ဝင်ရောက်လာခဲ့လေ၏။ မဟူရာ မီးတောက်က ဒေါသတကြီးနှင့် အာခံလိုစိတ်များဖြင့် သူ၏ တစ်ကိုယ်လုံးတွင် စီးဆင်းသွားခဲ့သည်။

သူသည် ဘေးတစ်ဖက်သို့ အကြည့်လွှဲလိုက်ပြီး မျက်တောင်ခတ်ကာ အမြင်အာရုံကို ရှင်းလင်းလိုက်သည်။ ထို့နောက် သူ၏ သန့်စင်သော အမြုတေ ကိုသာ အာရုံစိုက်လိုက်လေ၏။

ရှင်းလင်းမှုနှင့်အတူ အေးစက်သော လက်တွေ့တရား၏ တုန်လှုပ်မှုက ဝင်ရောက်လာခဲ့သည်။ သူသည် လက်နက်ကိုင်ဆောင်ကာ သံချပ်ကာဝတ်ဆင်ထားသော အစစ်အမှန် ရွှေအဆင့် နှစ်ယောက်ကို သူတို့၏ ဌာနချုပ်ထဲတွင်ပင် တိုက်ခိုက်လုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလော။

"တောင်းပန်ပါတယ်... ကျွန်တော် နည်းနည်း... ဖိအားများနေလို့ပါ..."

ရန်ဖေး၏ မျက်နှာထားကို စာနာမှုရှိသည်ဟု လင်းတုန်း မခေါ်ဆိုနိုင်ပေ။ သို့သော် အနည်းဆုံးတော့ သူမ၏ ခါးတွင် ချိတ်ဆွဲထားသော လက်တစ်ဆုပ်စာ တူကို သူမ ဆွဲမထုတ်ခဲ့ချေ။

"အဲဒီလို မဖြစ်ပါနဲ့... ပစ်မှတ်က သေသွားပြီ၊ ကပ်ပါးကောင်ကိုလည်း ရှင်းလင်းလိုက်ပြီ... တာဝန် ပြီးမြောက်သွားပြီ... လိုအပ်တာထက် ပိုပြီး တွေးမနေနဲ့၊ ခိုင်းတဲ့အတိုင်းသာ လုပ်..."

သူသည် အနီးဆုံး ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် လဲကျမသွားစေရန်နှင့် အိပ်မပျော်သွားစေရန် ကြိုးစားရင်း ထိုင်ချလိုက်လေ၏။

သူသည် ညာဘက်လက်မောင်းကို စားပွဲပေါ်တွင် ထောက်ထားရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းမှတစ်ဆင့် မာဒြာ လှည့်ပတ်ရန် မေ့လျော့သွားသောကြောင့် သူ၏ ဝိညာဉ်အကြွင်းအကျန် လက်သည် သစ်သားကို ဖောက်ထွင်း၍ အောက်သို့ နစ်ဝင်သွားခဲ့လေ၏။

"ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ယီရင် အတွက် ကျွန်တော် စိတ်ပူနေလို့ပါ... ကျေးဇူးပြုပြီး သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတယ်ဆိုတာ ကျွန်တော် သိဖို့ လိုပါတယ်..."

…

ယီရင်…

ယီရင်သည် သားသတ်သမား တစ်စုရှေ့သို့ ဆွဲခေါ်ခံလာရသော ဆုရ ဝက်တစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရလေ၏။

သူမ၏ လက်များကို ငွေတစ်ဝက် လက်ထိတ်များ ခတ်ထားပြီး သူမ၏ နောက်ကျောဘက်ရှိ ကျောက်သားနံရံတွင် သံကြိုးဖြင့် ချည်နှောင်ထားလေသည်။ ထိုအချိန်တွင် သံချပ်ကာ ဝတ်ဆင်မထားသော စကိုင်းဆွန်း တစ်စုက သူတို့၏ စိတ်ဝိညာဉ်များဖြင့် သူမ၏ စိတ်ဝိညာဉ် ကို ထိုးဆွ စစ်ဆေးနေကြလေ၏။ သူတို့၏ စစ်ဆေးမှုများကြောင့် ဖြစ်ပေါ်လာသော ယားကျိကျိ ခံစားမှုအောက်တွင် ဆီးနှင်းထဲရှိ အမွေးရိတ်ခံထားရသော ဝက်ဝံတစ်ကောင်ကဲ့သို့ မတုန်ယင်ဘဲ နေရန်မှာ ခက်ခဲလှပေသည်။

"ပြီးတော့ စကိုင်းဆွန်း တွေက မင်းကို ဆက်ဆံတာ ညံ့ဖျင်းတယ်လို့ မင်း ခံစားရတာပေါ့..."

ဤအစိမ်းရောင် ခေါင်းစွပ်ဝတ်ဆင်ထားသော လူ၏ အသံက လည်ပင်းကို ဓားဖြင့်လှီးပြီး တိမ်သော မြေကျင်းတစ်ခုထဲတွင် မြှုပ်နှံလိုက်ခြင်းက သူမနှင့် ထိုက်တန်သည့် ဆက်ဆံရေးထက် ပိုကောင်းသည်ဟု သူ တွေးနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေ၏။

"ဘာက ရှင့်ခေါင်းထဲကို အဲဒီလို တွေးမိအောင် လုပ်လိုက်တာလဲ..."

ယီရင်က သူ့ကို စူးရဲစွာ ကြည့်ရင်း မေးလိုက်သည်။ သူမက ထပ်မပြောတော့ပေ။ သို့သော် အနောက်ဘက်ရှိ ခေါင်းစွပ်ဝတ်ဆင်ထားသူ တစ်ဦးက ကျောက်သင်ပုန်းငယ်လေး တစ်ခုပေါ်တွင် တစ်ခုခုကို အလျင်အမြန် ရေးမှတ်လိုက်လေ၏။

သူတို့က သူမသည် သူမကိုယ်တိုင်သာ ဖြစ်နေဆဲဖြစ်ပြီး၊ သွေးအရိပ် ဝင်ရောက် ပုန်းအောင်းနေသော အခွံတစ်ခု မဟုတ်ကြောင်း သေချာအောင် လုပ်နေခြင်း ဖြစ်မည်ဟု သူမ တွေးလိုက်မိသည်။ သူမကို ဖားပြုတ်တစ်ကောင်နှင့်ပင် ခွဲခြား၍ မသိနိုင်ဘဲလျက် သူတို့ မည်သို့ လုပ်ဆောင်နေကြသနည်း ဆိုတာကိုတော့ သူမ သေချာ မသိခဲ့ချေ။

"မင်းရဲ့ လူသားအချင်းချင်းကို နာကျင်အောင်လုပ်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ ဆန္ဒဖြစ်ပေါ်တာမျိုး ရှိဖူးလား..."

"အခုတောင် အဲဒီလို ဆန္ဒတချို့ ဖြစ်ပေါ်နေတယ်..."

"ဒီကတ်က ဘာအရောင်လဲ..."

သူသည် အဝါရောင် ဆေးများ သုတ်လိမ်းထားသော စက္ကူတစ်ရွက်ကို မြှောက်ပြလိုက်လေ၏။

***

အပိုင်း(၃၄၀)

ယီရင် ဒေါသထွက်လွန်းသဖြင့် သူမ၏ ရွှေအဆင့် အမှတ်အသားများ သည် တဆတ်ဆတ် လှုပ်ခါသွားခဲ့သည်။ ပခုံးတစ်ဖက်စီတွင် တွဲလောင်းကျနေသော ငွေရောင် ဓားသွားများသည် သူမကို လွတ်မြောက်အောင် ခုတ်ဖြတ်ပေးရန် စိတ်အားထက်သန်နေကြလေ၏။ သူမက ၎င်းတို့ကို ငြိမ်သက်စေလိုက်သည်။ ၎င်းတို့သည် မာဒြာ ဖြင့် ဖွဲ့စည်းထားသောကြောင့် ငွေတစ်ဝက် ကို ခုတ်ဖြတ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူမသည် အနောက်ဘက်ရှိ အစီအရင် များဖြင့် အားဖြည့်ထားသော ကျောက်သားနံရံကို တူးဖောက်ရပေလိမ့်မည်။ သို့သော်… ထိုသို့ စတင် ကြိုးစားလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့က သူမကို ဝက်ပေါင်ခြောက် တစ်ချပ်ကဲ့သို့ ကင်ပစ်ကြမည် ဖြစ်လေ၏။

သို့တိုင်အောင် သူတို့သည် သူမ၏ အချိန်များကို ဖြုန်းတီးနေခြင်းမှလွဲ၍ ဘာမျှ လုပ်နေခြင်း မဟုတ်ကြောင်း သူမ အသေအချာ သိနေခဲ့လေ၏။

"အဲဒါက ရှင့်ကို ဘာပြောပြနေလို့လဲ၊ သွေးအရိပ် က အရောင်ခွဲခြားလို့ မရဘူးလား..."

စကိုင်းဆွန်း စစ်ဆေးသူသည် သူမ၏ ခြေရင်းသို့ တံတွေးမထွေးမိစေရန် ရုန်းကန်နေရပုံ ပေါက်နေလေ၏။

"မေးတာကို ဖြေစမ်းပါ..."

"အဝါရောင်... ပြီးရင် ပုံသဏ္ဍာန်တွေကိုပါ ကျွန်မက ဆက်ပြောပြရဦးမလား..."

ဤတစ်ကြိမ်တွင် သူသည် အစိမ်းရောင် ကတ်တစ်ခုကို မြှောက်ပြလိုက်သည်။

"ဒီတစ်ခုကရော..."

"...ဒါ ဘာအရောင်လဲဆိုတာ ရှင် မပြောနိုင်ဘူးဆိုရင်တော့ အလုပ်သစ် တစ်ခုခု ပြောင်းလုပ်ဖို့ လိုနေပြီ..."

မျှော်စင်ထဲရှိ စကိုင်းဆွန်း တိုင်းသည် သူတို့၏ အစိမ်းရောင် သံချပ်ကာများကို ချွတ်ထားချိန်တွင် အစိမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြလေ၏။

သူသည် သူမကို လက်ပြန်ရိုက်သင့် မရိုက်သင့် ဆုံးဖြတ်နေသည့်အလား စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့သော်လည်း အဖြေကို လက်ခံလိုက်လေ၏။ ထို့နောက် တြိဂံပုံ ရေးဆွဲထားသော ကတ်တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါ ဘာပုံသဏ္ဍာန်လဲဆိုတာ မင်း သိလား..."

သူမက သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် အခု ကျွန်မကို လှောင်နေတာလား..."

"မေးတာကို ဖြေ..."

သူမသည် လက်ကောက်ဝတ်များကို ခါရမ်းလိုက်ရာ သံကြိုးများက တချွင်ချွင် မြည်သွားခဲ့လေ၏။

"ဒါတွေ အဆုံးသတ်သွားမယ်ဆိုရင် အခုချက်ချင်းပဲ ကျွန်မကို သတ်ပစ်လိုက်လို့ ရပါတယ်..."

သူက ရှေ့သို့ ပိုတိုးလာခဲ့ရာ လေမာဒြာ များက သူ၏ ပတ်လည်တွင် အစိမ်းရောင်အဖြစ် လှည့်ပတ်နေခဲ့လေ၏။ သူသည် ပါးလွှာသော မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားပြီး၊ သူမက သူ၏ ကလေးများကို သတ်ဖြတ်ကာ သူ့ကို ထိုင်ကြည့်ခိုင်းထားသည့်အလား သူမကို စိုက်ကြည့်နေခဲ့သည်။

"ငါ့ကို လာမဆွနဲ့... သွေးနီလ..."

သူမက သူ့ကို ပြုံးပြလိုက်သည်။

"သွေးနီလ မဟုတ်ဘူး... အာရီလီယပ်..."

အီသန် အာရီလီယပ်သည် ပုဆိန်တစ်လက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည့်အစား သူမ ဤသို့ ချည်နှောင်ခံထားရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်လေ၏။

အကယ်၍ သူက ဧကရာဇ် ၏ အမိန့်တံဆိပ်တုံးမပါဘဲ၊ သို့မဟုတ် အနည်းဆုံး အခြား အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ ခွင့်ပြုချက်မပါဘဲ သူမကို ထိခိုက်စေခဲ့လျှင်၊ အီသန် က သူ၏ အရေခွံကို လည်စည်းပုဝါအဖြစ် ဝတ်ဆင်ပေလိမ့်မည်။

ထိုအခိုက်တွင်ပင် တံခါး ပွင့်လာ၏။ ပိုင်ရို ဝင်လာသောအခါ၊ စစ်ဆေးသူနှင့် မှတ်တမ်းယူသူတို့သည် အလောင်းကောင်ဆီသို့ လင်းတုန်းများ အုံသွားသကဲ့သို့ သူ့ထံသို့ အုံခဲသွားကြလေသည်။ သူတို့သည် သူ့ကို အချိန်အတော်ကြာ တီးတိုး စကားပြောနေခဲ့ကြသည်။ သူမနှင့် ပတ်သက်သည့် မကောင်းသတင်းများ ပြောနေကြမည်ဟု သူမ သေချာပေါက် ယုံကြည်နေခဲ့လေ၏။

လူသန်ကြီး၏ တောက်လောင်နေသော အဝါရောင် မျက်လုံးများက သူမဆီသို့ ဖြတ်ကနဲ ရောက်လာခဲ့သည်။ ထိုအခါ သူမက သူ့ ဆီသို့ ဓားတစ်လက်ကဲ့သို့ ပြုံးပြလိုက်လေ၏။ သူမ၏ အပြုံးက သူ့ကို ထိခိုက်စေခဲ့သလား၊ မထိခိုက်စေခဲ့ဘူးလား ဆိုသည်ကို မည်သည့် အရိပ်အယောင်မျှ မပြသခဲ့ပေ။ သို့သော် သူမ ကြားနိုင်စေရန် အသံကို မြှင့်၍ မေးလိုက်သည်။

"သူ အဆင်ပြေရဲ့လား..."

"အခြေအနေ တည်ငြိမ်ပါတယ်... ဒါပေမဲ့ အဲဒါက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာတော့ ပြောလို့မရသေးဘူး... အဓိကကတော့ သူ့အပေါ်မှာပဲ မူတည်နေတယ်..."

မှတ်တမ်းယူသူက ပြောလိုက်သည်။

"နေမဝင်ခင်မှာတင် သူက ငါတို့ကို ပြန်တိုက်ခိုက်လိမ့်မယ်..."

စစ်ဆေးသူက သူမကို စူးရဲစွာ ကြည့်ရင်း ပြောလိုက်လေ၏။

ပိုင်ရိုက လက်နှစ်ဖက်ကို ပိုက်ကာ နံရံကို မှီရပ်လိုက်ပြီး သူကလည်း သူမကို စောင့်ကြည့်နေခဲ့သည်။

"သူ ငါနဲ့ လိုက်ခဲ့ရမယ်..."

ယီရင်က သံကြိုးများကို နောက်တစ်ကြိမ် ခါရမ်းလိုက်လေ၏။

"ငါတို့ အချည်းနှီး စကားပြောနေကြတာပဲ... ရှင့်ဆီမှာ သော့ပါလား၊ ဒါမှမဟုတ် ဒီမှာတင် အိုသေသွားရတော့မလား..."

စစ်ဆေးသူက ကန့်ကွက်နေသည့်ကြားမှပင် သူတို့က သူမကို လွှတ်ပေးလိုက်ကြသည်။ သို့သော် သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ငွေတစ်ဝက် လက်ထိတ်များကိုမူ ဖြုတ်မပေးခဲ့ကြချေ။

ပိုင်ရိုသည် သူမကို စင်္ကြံလမ်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် စကားတစ်ခွန်းမျှ မဟဘဲ ရှေ့သို့ ဆက်လျှောက်သွားစေခဲ့လေ၏။ သူမသည် ရန်လိုသော အကြည့်များစွာကို ခံခဲ့ရသည်။ သူမ၏ စိတ်ဝိညာဉ်ကို ရိုင်းပျစွာ စူးစမ်းမှုများ သို့မဟုတ် ပုံသဏ္ဍာန် မပေါ်တပေါ် ဖန်တီးထားသော နည်းစနစ်များ၏ တောက်ပမှုများကို သူမ သတိပြုမိခဲ့လေသည်။

သံကြိုးခတ်ခံထားရသော မိန်းကလေးတစ်ယောက်ကို ဓားများဖြင့် ရွယ်ရဲခြင်းက အတော်လေး သတ္တိကောင်းလှပေသည်။ သူတို့၏ မျက်နှာများကို သူမ မှတ်မိ မနေရန်သာ သူတို့ ဆုတောင်းသင့်လေ၏။ သူမ၏ ကိုယ်ထဲတွင် သွေးနီလဂိုဏ်း ၏ စွမ်းအားများ ရှိနေရုံမျှမက၊ ၎င်းကို အသုံးပြု၍ သူတို့ကို ပြန်လည်တိုက်ခိုက်လိုသော ဆန္ဒများလည်း ရှိနေခဲ့သည်။ သူတို့က သူမကို ချောက်ကမ်းပါးပေါ်မှ ပစ်ချကာ သေမင်းနှင့် ရင်ဆိုင်စေခဲ့သည် မဟုတ်ပါလော။

အတိအကျပြောရလျှင် စကိုင်းဆွန်း တစ်ယောက်က ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။

အကောင်းဆုံး လုပ်ဆောင်သင့်သည့်အရာမှာ သူမကို ချက်ချင်း သတ်ပစ်လိုက်ရန်သာ ဖြစ်သည်။ အကယ်၍ သူမကို အစစ်အမှန် ရွှေအဆင့် သို့ ရောက်ရှိခွင့် ပြုလိုက်ပါက သူတို့ နောင်တရကြမည် ဖြစ်လေ၏။

"ရှင်က ကျွန်မကို ပစ်ချဖို့ နေရာရှာနေတာလား..."

သူမက မေးလိုက်သည်။

သူက ဘာမှ ပြန်မပြောခဲ့ချေ။

"ရှင်က ကျွန်မကို သတ်လို့မရတော့ အလုပ်ခိုင်းချင်နေတာပေါ့၊ လင်းတုန်း တစ်ယောက်တည်းနဲ့ အဆင်မပြေလို့လား..."

သူမသည် လင်းတုန်းကို အစစ်အမှန် ရွှေအဆင့် နှစ်ယောက်၏ လက်ထဲတွင် ထားခဲ့ရပြီးနောက် ခံစားနေရသော စိုးရိမ်ပူပန်မှုအစစ်အမှန်ကို ဖုံးကွယ်ထားရန် ကြိုးစားခဲ့သည်။ အစကတည်းက စကိုင်းဆွန်းများအပေါ်တွင် သူမ၏ ယုံကြည်မှုက လက်သည်းခွံတစ်ရာစာမျှသာ ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုယုံကြည်မှုလေးမှာလည်း ခမ်းခြောက်ပြီး လွင့်ပါးသွားခဲ့ပြီ ဖြစ်လေ၏။

အီသန်၏ နာမည်က လွှမ်းမိုးနေသောကြောင့် သူတို့က လင်းတုန်းကို ဓားနှင့် ရွယ်မည်မဟုတ်သော်လည်း၊ သူ့ကို ကူညီရန်လည်း လျင်မြန်စွာ ခြေလှမ်းလှမ်းကြမည် မဟုတ်ပေ။ သူက သူမ၏ အကူအညီကို လိုအပ်နေခဲ့သည်။

"မဟူရာ မီးတောက်က သူ့တာဝန်ကို ပြီးမြောက်ခဲ့တယ်၊ ငါတို့ မင်းတို့နှစ်ယောက်လုံးကို စကားပြောမယ်၊ ဒါက မင်းသိထားဖို့ လိုအပ်တဲ့ အရာပဲ..."

ပိုင်ရိုက ပြောလိုက်သည်။

"ဟုတ်လို့လား၊ နောက်ဆုံး ကျွန်မ သိထားသလောက်ဆို ကျွန်မတို့ သုံးယောက်ရှိတာနော်၊ ကောင်မလေး အသစ်ကရော ဘယ်လိုနေလဲ..."

သူ၏ အဝါရောင် မျက်လုံးများထဲတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်ဟု ထင်လိုက်မိသည်။ ထိုအရာက သူမကို ရွှင်လန်းသွားစေခဲ့လေ၏။

"သူလည်း လာလိမ့်မယ်..."

သူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

...

ရန်ဖေး...

ရန်ဖေးသည် အာကူရာ မာစီကို အနားယူရန် ထားခဲ့သော အခန်းရှေ့တွင် ရပ်နေခဲ့သည်။ အခန်းတံခါးမှာ အသံတိတ် ပွင့်သွားခဲ့လေ၏။ ထိုအခါ လက်ဖြင့်ပင် စမ်းသပ်ထိတွေ့နိုင်လောက်အောင် ထူထပ်နေသော အမှောင်ထုကြီးကို မြင်တွေ့လိုက်ရသည်။ အကယ်၍ သူမသာ တံခါးပေါက်ဘောင်ကို ကျော်လွန်၍ လက်ကို ဆန့်ထုတ်လိုက်ပါက အဆုံးမဲ့ ညဉ့်ယံထဲသို့ မျိုချခံရမည့်အလား ထင်မှတ်ရလေ၏။

မှင်ရည်ကဲ့သို့ မည်းမှောင်နေသော ထိုအမှောင်ထုထဲတွင် အရာတစ်ခုကိုသာ မြင်တွေ့နိုင်လေသည်။ ၎င်းမှာ အခန်း၏ အလယ်ဗဟိုတွင် လွင့်မျောနေသော တောက်ပသည့် ခရမ်းရောင် စာအုပ်တစ်အုပ်ပင် ဖြစ်သည်။ ၎င်းက တောက်ပနေသော်လည်း မည်သို့သော အလင်းရောင်ကိုမျှ ဖြာထွက်မနေခဲ့ချေ။ အမည်းရောင် သမုဒ္ဒရာကြီးထဲတွင် ထင်ရှားသော ပုံရိပ်တစ်ခုအဖြစ် ထိုစာအုပ်တစ်အုပ်တည်းကိုသာ မြင်တွေ့နိုင်လေသည်။

စာအုပ်သည် ပွင့်ဟနေပြီး ၎င်း၏ စာမျက်နှာများမှာ ထူထဲလှသည်။ ထို့ပြင် ၎င်းက လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားများနှင့် နားလည်နိုင်စွမ်းမရှိလောက်အောင် ရှေးကျမှု အငွေ့အသက်များဖြင့် သူမ၏ စိတ်ဝိညာဉ်အပေါ်သို့ ဖိနှိပ်ထားလေ၏။

ထို့နောက် ၎င်းသည် ပျောက်ကွယ်သွားခဲ့သည်။ မာစီသည်လည်း အမှောင်ထုထဲမှ ခုန်ထွက်လာခဲ့လေ၏။

သူမ၏ ကျယ်ဝန်းသော ခရမ်းရောင် မျက်လုံးများကြောင့်သာ မဟုတ်ပါက၊ မာစီသည် တန်ခိုးကြီးမားသော အာကူရာ ကလန်၏ ကလေးတစ်ယောက်ထက် ခင်မင်ဖော်ရွေတတ်သည့် တည်းခိုခန်းပိုင်ရှင်၏ သမီးတစ်ယောက်နှင့် ပိုတူနေပေလိမ့်မည်။

သူမသည် လက်များကို နောက်ကျောဘက်တွင် ယှက်ထားလိုက်သည်။ ထို့နောက် ရှေ့သို့ ကိုင်းညွတ်ကာ တောက်ပသော အပြုံးလေးဖြင့် ရန်ဖေးကို ကြည့်ရင်း ပြုံးရွှင်စွာ ပြောလိုက်လေ၏။

“တောင်းပန်ပါတယ်... အထဲမှာ မှောင်မိုက်နေမှန်း ကျွန်မ သိပါတယ်၊ ရှင် တံခါးခေါက်တာကို ကျွန်မ ကြားလိုက်ပါတယ်၊ ဒါပေမဲ့ စွမ်းအင်လှည့်ပတ်မှုထဲမှာ နက်နက်ရှိုင်းရှိုင်း ရောက်နေတဲ့အခါ ဘယ်လိုနေမလဲဆိုတာ ရှင် သိသားပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိတော့ဘူးလေ..."

တောင်ဝှေးတစ်ချောင်းသည် အမှောင်ထုထဲမှ ပြုတ်ကျလာခဲ့သည်။ အရောင်တင်ထားသော အနက်ရောင် သစ်မြစ်များနှင့် ပြုလုပ်ထားပုံရသည့် ထိုတောင်ဝှေးမှာ မာစီထက်ပင် အရပ်ပိုရှည်နေလေ၏။ ၎င်း၏ ထိပ်ပိုင်းကို ဟိန်းဟောက်နေသော နဂါးတစ်ကောင်နှင့် တူအောင် ထုဆစ်ထားပြီး မျက်လုံးနေရာတွင် ခရမ်းရောင် အစက်အပြောက်လေးများ ပါရှိလေသည်။

သို့မဟုတ် ထုဆစ်ထားခြင်း မဟုတ်သည်လည်း ဖြစ်နိုင်ပေသည်။ ၎င်း၏ မျက်လုံးများက မလှုပ်ရှားသော်လည်း သူမကို စိုက်ကြည့်နေကြောင်း ရန်ဖေး သေချာပေါက် သိနေခဲ့သည်။ ထို့အပြင် ရှဲကနဲ အသံတစ်ခုကိုလည်း ကြားလိုက်ရသည်ဟု သူမ ထင်လိုက်မိလေ၏။

ထိုအရာက သူမ၏ မာဒြာများကို လှည့်ပတ်သွားစေရန်နှင့် သူမ၏ တူဆီသို့ လက်တစ်ဖက် ရောက်သွားစေရန် လုံလောက်လှပေသည်။

မာစီသည် ပြုတ်ကျလာသော တောင်ဝှေးကို လှမ်းဖမ်းလိုက်သော်လည်း လွတ်သွားခဲ့သည်။ အခြားလက်တစ်ဖက်ဖြင့် ထပ်မံ ဖမ်းရန် ကြိုးစားလိုက်ရာ ဟန်ချက်ပါ ပျက်လုနီးပါး ဖြစ်သွားခဲ့လေ၏။ နောက်ဆုံးတွင် သူမသည် လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ဖမ်းမိသွားခဲ့သည်။ သူမသည် အောင်ပွဲခံသည့်ဟန်ဖြင့် ၎င်းကို မြှောက်လိုက်သည်။

"ရပြီ..."

ရန်ဖေး၏ အကြည့်များသည် သူမဆီမှတဆင့် အနောက်ဘက်ရှိ အရိပ်များဆီသို့ ရွေ့လျားသွားခဲ့သည်။

"အထဲမှာ မင်း ဘာတွေ လုပ်နေတာလဲ..."

သူမက မေးလိုက်သည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်ခြင်း မဟုတ်သော်လည်း၊ သူမသည် အာဏာရှိသော အရာရှိတစ်ယောက်၏ လေသံမျိုးဖြစ်သည့် သူမ၏ စကိုင်းဆွန်း လေသံကို အသုံးပြုနေခဲ့မိသည်။

"စွမ်းအင် လှည့်ပတ်နေတာပါ..."

မာစီက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ အမှောင်ထုများကို မီးခိုးငွေ့များကဲ့သို့ မှုတ်ထုတ်ပစ်လိုက်သည့် အမူအရာမျိုးပင် ဖြစ်သည်။

"ဒါက လှည့်ပတ်ဖို့ ကျွန်မ အကြိုက်ဆုံး အော်ရာတော့ မဟုတ်ဘူး၊ အိပ်ပျော် မသွားအောင် တော်တော်လေးကို ထိန်းထားရတယ်..."

ထိုနေရာတွင် နက်ရှိုင်းသော အရိပ် အော်ရာများ ရှိနေခဲ့သည်။ ၎င်းတို့နှင့်အတူ ပိုမိုမှောင်မိုက်သော အခြား အစိတ်အပိုင်းအချို့လည်း ရောယှက်နေလေ၏။

ရန်ဖေး အာရုံခံရန် ကြိုးစားလိုက်ချိန်မှာပင် ထိုအရာများက လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် အမည်းရောင် ပန်းချီကားချပ်တစ်ခုနှင့် တူနေလေတော့သည်။

အာကူရာ လမ်းစဉ်များနှင့် ပတ်သက်သော ကောလာဟလအချို့က သူမ၏ စိတ်ထဲတွင် ဖြတ်ကနဲ ပေါ်လာခဲ့သည်။ သူမ၏ မျက်နှာထား တင်းမာသွားသည်ကို သူမကိုယ်တိုင် ခံစားလိုက်ရလေ၏။

မာစီသည် သူမကို စောင့်ကြည့်နေခဲ့ပြီး တဖြည်းဖြည်း မတ်တတ်ရပ်လာခဲ့သည်။ ရန်ဖေးသည် ထိုကောင်မလေး၏ ရွှင်လန်းတက်ကြွပြီး အပြစ်ကင်းစင်သော မျက်နှာဖုံးနောက်ကွယ်မှ အရာကို မြင်တွေ့ရတော့မည့်အလား ခံစားလိုက်ရသည်။

ထိုအာကူရာ အဆင့်နိမ့် ရွှေအဆင့် ကောင်မလေးသည် လက်တစ်ဖက်ကို ဆန့်ထုတ်လာခဲ့သည်။ ထိုလက်မှာ ကတ္တရာစေးထဲ နှစ်ထားသကဲ့သို့ ပြောင်လက်နေသော အနက်ရောင် လက်အိတ်ကို ဝတ်ဆင်ထားလေ၏။ ထို့နောက် သူမ၏ လက်ချောင်းများကို ရန်ဖေး၏ လက်မောင်းပေါ်တွင် တင်လိုက်သည်။

"ရှင် တော်တော်လေး ပင်ပန်းနေမှာပဲ..."

သူမက ပြောလိုက်လေသည်။

***

All Chapters