← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အပိုင်း(၃၄၁)

ရန်ဖေးသည် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခုခုကို တွေ့မလားဟု မာစီ၏ မျက်နှာကို အကဲခတ်ကြည့်လိုက်သော်လည်း စာနာမှုများကိုသာ တွေ့ရှိခဲ့ရသည်။ သင်တန်းသားတစ်ယောက်အနေဖြင့် သူတို့၏ စကိုင်းဆွန်းကို ယခုကဲ့သို့ ရင်းနှီးစွာ စကားမပြောသင့်ပေ။ ထို့အပြင် အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်သည် အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို ပိုမိုလေးစားမှု ပြသသင့်လေသည်။

သို့သော်... သူမသည် အာကူရာ တစ်ယောက်ဖြစ်နေသောကြောင့် ဤမျှလောက်ကတော့ မျှော်လင့်ထားရမည် ဖြစ်သည်။ သူမသည် ရန်ဖေးကို အတွေးတစ်ချက်ဖြင့်ပင် အငွေ့ပျံသွားအောင် လုပ်နိုင်စွမ်းရှိသူများ၏ ဝန်းရံမှုအောက်တွင် ကြီးပြင်းလာခဲ့ရမည် ဖြစ်လေ၏။

တစ်ခါတစ်ရံတွင် မာစီလောက် ငယ်ရွယ်သူတစ်ယောက်ဖြစ်စေကာမူ မည်သည့်အတွက်ကြောင့် အာကူရာ တစ်ယောက်က အဆင့်နိမ့် ရွှေအဆင့် အနေဖြင့်သာ နေထိုင်နေရသနည်းဟု ရန်ဖေး အံ့သြမိတတ်သည်။

"ငါ့ အတွက် နင် စိတ်ပူစရာ မလိုပါဘူး..."

ရန်ဖေးက ပြောရင်း စင်္ကြံလမ်းအတိုင်း လျှောက်သွားရန် လှည့်လိုက်သည်။

"ငါ့ နောက်ကို လိုက်ခဲ့ပါ၊ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငါတို့ သွားတွေ့ရမယ်..."

မာစီသည် ဘာမှ ငြင်းဆန်ခြင်းမရှိဘဲ သူမနှင့် ယှဉ်လျက် လိုက်ပါလာခဲ့သည်။ သူမသည် တောင်ဝှေးကို လှည့်ကစားနေရင်းမှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပြန်သည်။

"စကိုင်းဆွန်း တစ်ယောက်ဖြစ်ဖို့ ဒီထက် ပိုခက်ခဲတဲ့ အချိန်ဆိုတာ ကျွန်မ စိတ်ကူးလို့တောင် မရဘူး..."

သူမက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ငါလည်း အဲဒီလိုအချိန်မျိုးကို သေချာပေါက် မမှတ်မိတော့ဘူး..."

ရန်ဖေးက ပြန်ပြောလိုက်သည်။ မတ်တတ်ရပ်လျက်၊ တိမ်တိုက်ပေါ်တွင် လိုက်ပါလျက် အစားစားရခြင်းမျိုး မဟုတ်ဘဲ ထိုင်ခုံတွင် သေချာထိုင်၍ စားသောက်ခဲ့ရသည့် နောက်ဆုံးအချိန်ကိုပင် သူမ မမှတ်မိနိုင်တော့ချေ။

"အိပ်ဖို့ အချိန်ကို ဘယ်လိုရှာလဲဆိုတာကို ကျွန်မ နားမလည်နိုင်ဘူး..."

"အိပ်တာ..."

ရန်ဖေးက ခြောက်ကပ်ကပ် ပြောလိုက်သည်။

"အဲဒီအကြောင်း ကြားတောင် မကြားဖူးဘူး..."

မာစီက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ရှင် တစ်နေ့လုံး အချိန်ပြည့် အလုပ်လုပ်လို့ ရတယ်လေ၊ အဲဒါတောင် လုပ်စရာတွေ ကျန်နေဦးမှာပဲ..."

"ငါတို့ဆီမှာ ရှိနေတဲ့ စကိုင်းဆွန်း အရေအတွက်ရဲ့ နှစ်ဆလောက် ထပ်ရှိလာရင်တောင် လူအင်အား လိုအပ်နေဦးမှာပဲ၊ နောက်နှစ်ကျရင် လူသစ်စုဆောင်းမှုတွေ ပိုများလာမယ်ဆိုတာ လောင်းရဲတယ်၊ ဒါပေမဲ့ အဲဒါက နည်းပြတွေနဲ့ လူသစ်စုဆောင်းရေးမှူးတွေအတွက် အလုပ်ပိုများလာမယ်ဆိုတဲ့ သဘောပဲ…”

...

ရန်ဖေးနှင့် မာစီတို့သည် အရင်ရောက်လာကြသည်။ တံခါးပွင့်လာချိန်တွင် လင်းတုန်းသည် မျှော်လင့်ချက်တစ်ခွဲသားဖြင့် မော့ကြည့်လိုက်လေ၏။ သို့သော် ယီရင်မဟုတ်မှန်း သိလိုက်ရသောအခါ သူသည် ထိုင်ခုံပေါ်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ရိုသေလေးစားမှု ပြသသည့်အနေဖြင့် သူသည် ထိုင်ခုံမှ ထရပ်သင့်ပေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။

အစိမ်းရောင် သံချပ်ကာကို ဝတ်ဆင်ထားသော စကိုင်းဆွန်းက ထိုအရာကို သတိထားမိသည့်ဟန်ဖြင့် သူ့ကို အကဲခတ်ကြည့်ရှုလိုက်လေ၏။ ထိုအခါ သူ တွန့်ခနဲ ဖြစ်သွားခဲ့သည်။

သို့သော် သူမသည် သူ့ကို တစ်ချက်ကြည့်ရုံမှလွဲ၍ ပိုမိုအာရုံစိုက်ခြင်း မရှိခဲ့ချေ။ သူမ၏ ဘေးနားရှိ ကောင်မလေးနှင့်သာ ပေါ့ပေါ့ပါးပါး ဆက်လက် စကားပြောနေခဲ့လေသည်။

မာစီသည် အရပ်ရှည်ရှည် အနက်ရောင် နဂါးတောင်ဝှေးကို သူမ၏ နောက်ကျောဘက်တွင် ကိုင်ဆောင်ထားသည်။ မျက်လုံးများအဖြစ် အသုံးပြုထားသော စူးရှသည့် ခရမ်းရောင် ကျောက်မျက်ရတနာများသည် လင်းတုန်းကို စူးစိုက်ကြည့်နေသည့်အလား ထင်မှတ်ရလေ၏။ ထို အာကူရာ ကောင်မလေးသည် လင်းတုန်းနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်သို့ ခုန်တက်လိုက်သည်။ သူမသည် အနောက်ဘက်သို့ လန်ကျလုနီးပါး ဖြစ်သွားခဲ့ပြီး အထောက်အပံ့ရစေရန် စားပွဲကို အမြန်လှမ်းကိုင်လိုက်ရလေ၏။

ရန်ဖေးက တခစ်ခစ် ရယ်မောလိုက်သည်။ ထိုအခါ ဤသည်မှာ သူမ ရယ်မောသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းလားဟု လင်းတုန်း တွေးတောမိသွားခဲ့သည်။

သူမသည် ယီရင်နှင့် လင်းတုန်းတို့အပေါ်တွင် အေးစက်စက်မနိုင်သော်လည်း အမြဲတမ်း တင်းမာပြီး အလုပ်သဘောဆန်လွန်းသည်ဟု ထင်ရလေသည်။ သူတို့နှင့် တိုက်ရိုက် ပြဿနာမဖြစ်ခင်ကတည်းကပင် ထိုသို့ ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ သူမသည် သူတို့ကို အချိန်မရွေး ကွပ်မျက်ပစ်နိုင်သော သံသယတရားခံများအလား ဆက်ဆံနေခဲ့လေ၏။

အာကူရာ ကလန်၏ သမီးတစ်ယောက် ဖြစ်နေသောကြောင့် မာစီအပေါ်ကိုမူ ကွဲပြားစွာ ဆက်ဆံခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုင်ခုံပေါ်မှ မပြုတ်ကျခင် အောက်သို့ဆွဲချရန် ရုန်းကန်နေရသူတစ်ယောက်အပေါ်တွင် သတိကြီးကြီးထားရန်မှာ ခက်ခဲလှပေသည်။

စားပွဲတွင် နေရာတကျဖြစ်သွားပြီး သက်ပြင်းချလိုက်ပြီးနောက် မာစီသည် လင်းတုန်းကို လက်လှမ်းပြလိုက်သည်။

"ရှင်လည်း အလုပ်တွေ တအားလုပ်နေရတယ် မဟုတ်လား၊ ကျွန်မကြောင့် ရှင် ဒုက္ခရောက်သွားပြီ..."

သူမက တောင်းပန်သည့်ဟန်ဖြင့် ခေါင်းလေးညိတ်ကာ ပြောလိုက်သည်။

သွေးမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ရပြီး မြေအောက်ခန်းထဲတွင် ရက်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် သူမသည် မာဒြာ ခမ်းခြောက်မှုနှင့် အသေးစား ဒဏ်ရာများမှ ပြန်လည်သက်သာလာခဲ့ခြင်း ဖြစ်သည်။ စကိုင်းဆွန်း၏ ဝိညာဉ်ရေးရာ ကုသသူများက သူမကို တာဝန်ထမ်းဆောင်ရန် မသင့်တော်သေးကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူမသည် နာလန်ထူရန် ဤနေရာတွင် ဆက်နေခဲ့ရလေ၏။

လင်းတုန်းကို တစ်ယောက်တည်း လွှတ်လိုက်ခြင်းအပေါ် သူမက အမှန်တကယ်ပင် ကန့်ကွက်ခဲ့သည်။ ပိုင်ရိုက သူမကို မတားဆီးခင် ကုတင်ပေါ်မှ ရုန်းထွက်ရန်ပင် ကြိုးစားခဲ့သေးသည်။

မဟုတ်သေး... အထူးဆန်းဆုံးဖြစ်နေသူမှာ အလွန်လျင်မြန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးကောင်းမွန်နေပြီဟု ကြေညာခံခဲ့ရသော လင်းတုန်းပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ်ကြောင့် သူ၏ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်မှု အရှိန်အဟုန် မြန်ဆန်ခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လေသည်။

မြေအောက်ခန်းထဲတွင် သုံးရက်ကြာပြီးနောက် သူသည် ရာခိုင်နှုန်းပြည့်နီးပါး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။ ဆယ်လ်ဗန် မြစ်မျိုးစေ့ ဖြစ်သော အပြောလေး၏ ထိတွေ့မှုက သူ၏ စိတ်ဝိညာဉ်ပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများကို သက်သာစေရန် ကူညီပေးခဲ့လေ၏။

သို့သော် ဝိညာဉ်ရေးရာ ပင်ပန်းနွမ်းနယ်မှုနှင့် ပတ်သက်၍မူ သူမ ဘာမျှ မကူညီနိုင်ခဲ့ချေ။ လင်းတုန်းသည်လည်း အလွန်အကျွံ အသုံးပြုထားမှုကြောင့် သူ၏ မာဒြာ လမ်းကြောင်းများထဲတွင် နက်ရှိုင်းသော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာအရ သူသည် ကျန်နှစ်ယောက်ထက် ပိုမိုကောင်းမွန်သော အခြေအနေတွင် အမှန်တကယ် ရှိနေခဲ့သလားဟု သူ တွေးတောမိလေ၏။

သို့မဟုတ် စကိုင်းဆွန်းများက သူ အသက်ရှင်သည် သေသည်ကို ဂရုမစိုက်ဘဲ အလွယ်တကူ စေလွှတ်လိုက်ခြင်းသာ ဖြစ်မည်လား။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး..."

လင်းတုန်းက ကမန်းကတန်း ပြောလိုက်သည်။

"နင် အဆင်ပြေမယ်လို့ ငါ မျှော်လင့်ပါတယ်၊ ငါ..."

"တိတ်တိတ်နေ..."

ရန်ဖေးက သူ၏စကားကို ဖြတ်ပြောလိုက်သည်။

"စကားများချင်ရင် ကိုယ့်အချိန်နဲ့ကိုယ် ပြောကြ..."

သူမက မာစီပြောစဉ်တုန်းက ဝင်မဟန့်တားခဲ့သည်ကို သူ သတိမထားမိဘဲ မနေနိုင်ခဲ့ချေ။

တံခါးက ထပ်မံပွင့်လာပြန်သည်။ ပိုင်ရိုက ယီရင်ကို ရှေ့မှနေ၍ အခန်းထဲသို့ ခေါ်ဆောင်လာခဲ့လေ၏။

ယီရင် တစ်ယောက် အကောင်းပကတိ ရှိနေသည်ကို မြင်လိုက်ရခြင်းက လင်းတုန်းအတွက် ကြီးမားသော သက်သာရာရမှုတစ်ရပ် ဖြစ်စေခဲ့သည်။ သူမ၏ အရေပြားများပေါ်တွင် အမာရွတ်ပါးပါးလေးများ ပြည့်နှက်နေပြီး အနက်ရောင် ဝတ်ရုံများကလည်း စုတ်ပြဲနေခဲ့သည်။ သို့သော် ၎င်းက အမြဲတမ်း ဤအတိုင်းပင် ဖြစ်ခဲ့လေ၏။ ဖန်တီးသူ နည်းစနစ်ဖြင့် ပြုလုပ်ထားသော ငွေရောင် မာဒြာ လက်တံနှစ်ခုသည် သူမ၏ ကျောဘက်မှနေ၍ ဆန့်ထွက်နေသည်။ ၎င်းတို့၏ အစွန်းများမှာ ဓားသွားများကဲ့သို့ ပြားချပ်နေလေ၏။ ဤသည်ကား သူမ၏ ရွှေအဆင့် အမှတ်အသားများပင် ဖြစ်သည်။

သူမ၏ လက်ကောက်ဝတ်တွင် ခတ်ထားသော ငွေတစ်ဝက် လက်ထိတ်များက သူ့ကို အစပိုင်းတွင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော် လိုအပ်ချက်ကို သူ နားလည်ခဲ့လေ၏။ သူမ၏ သွေးအရိပ် သည် ဝိညာဉ်အကြွင်းအကျန် တစ်ခုကဲ့သို့ သက်ရှိ မာဒြာ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အစိတ်အပိုင်းတစ်ခုကို လှီးထုတ်မပစ်ဘဲ ငွေတစ်ဝက် ကို ဖြတ်သန်း၍ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။ ယီရင်သည် သူမ၏ ကိုယ်ပိုင် မာဒြာ များကို သူမ၏ လက်များမှတစ်ဆင့် စီးဆင်းအောင် ကြီးမားသော အခက်အခဲမရှိဘဲ လှည့်ပတ်နိုင်မည် မဟုတ်ချေ။ မည်သည့် နည်းစနစ်မျိုးကိုမဆို အသုံးပြုရန်မှာလည်း ပုံမှန်ထက် များစွာ ပိုမိုခက်ခဲပေလိမ့်မည်။ သူမသည် အတော်လေးကို ချုပ်ချယ်ခံထားရလေ၏။

သို့သော် ထိုကဲ့သို့သော ကြိုတင်ကာကွယ်မှုများသာ မရှိပါက၊ သူမသည် ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်ပေ။

သူ့ကို မြင်သောအခါ သူမ၏ မျက်နှာတွင် အပြုံးတစ်ဝက် ပေါ်လာခဲ့သည်။ သူမက စကားစပြောရန် ပြင်လိုက်သော်လည်း ရန်ဖေးက စကားများခြင်းနှင့် ပတ်သက်သည့် သူမ၏ စကားကို ထပ်မံ ပြောဆိုခဲ့လေ၏။ ယီရင်သည် မျက်လုံးလှန်ပြလိုက်ပြီး လင်းတုန်း၏ ဘေးရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ မာစီက သူမကို လက်လှမ်းပြကာ ပြုံးပြလိုက်ပြီး ‘မင်္ဂလာပါ...' ဟု အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံလေး နှုတ်ဆက်လိုက်လေ၏။

အနည်းငယ် ရှုပ်ထွေးသွားပုံရသော ယီရင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

ပိုင်ရိုသည် တံခါးကို ဆောင့်ပိတ်လိုက်ပြီး တံခါးကို မှီရပ်နေလိုက်သည်။ သူ၏ ဦးထုပ်အစွန်းမှာ မျက်လုံးများကို ဖုံးကွယ်ထားရန် အောက်သို့ စိုက်ကျနေလေ၏။ သူက ထွက်ပြေးရန် ကြိုးစားမှုကို တားဆီးရန် အစောင့်အနေဖြင့် ရပ်နေခြင်းလား၊ သို့မဟုတ် ယေဘုယျအားဖြင့် ခြိမ်းခြောက်နေခြင်းသာ လားဆိုသည်ကို မသိနိုင်ပေ။

ရန်ဖေးသည် အဝတ်အိတ်တစ်လုံးကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ၎င်း၏ ကြိုးကို ပိတ်ဆွဲထားသော်လည်း အိတ်ဝမှနေ၍ ရေကဲ့သို့ ကြည်လင်သော အပြာရောင် အလင်းတန်းတစ်ခု ယိုဖိတ်နေခဲ့သည်။ ရန်သူ့တပ်ဖွဲ့များကို စစ်ဆေးနေသည့်အလား သူတို့ကို သူမက အကဲခတ်ကြည့်ရှုလိုက်လေ၏။ သူမ၏ ခေါင်းပေါ်တွင် တွဲခိုနေသော တိမ်တိုက်သည် ယခင်ကထက် ပိုမိုမည်းမှောင်ကာ ပို၍ခိုင်မာလာပုံရသည်။

"မင်းတို့အားလုံးက ရွှေအဆင့် တွေချည်းပဲ..."

သူမက စတင်ပြောလိုက်သည်။

"ငါ စကားကို ထိန်းပြောနေမှာ မဟုတ်ဘူး၊ ခေါင်းဆောင်က မင်းတို့ကို ဘာလို့ တစ်စုတည်း ထားရတာလဲဆိုတာကို ငါတို့အားလုံး သိကြတယ်..."

အဘယ်ကြောင့်ဆိုသော် မဟူရာ မီးတောက် တစ်ခု၊ သွေးအရိပ် တစ်ခုနှင့် အာကူရာ တစ်ယောက်တို့သည် အန္တရာယ်ရှိသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင်သော်လည်း သူတို့၏ နောက်ခံမှာ အလွန် ခိုင်မာလွန်းနေသောကြောင့် ဖြစ်သည်။ စကိုင်းဆွန်းများက သူတို့ကို အကြောင်းပြချက်မရှိဘဲ သတ်ပစ်ရန် သို့မဟုတ် အကျဉ်းချထားရန် မဖြစ်နိုင်ပေ။

"နင်တို့က ငါတို့ သေသေ ရှင်ရှင် ဂရုမစိုက်လို့လေ..."

ယီရင်က မေးစေ့ကို လက်ဖြင့်ထောက်ထားရင်း ပြောလိုက်သည်။

၎င်းသည်လည်း အမှန်ပင် ဖြစ်လေ၏။

"ခေါင်းဆောင်ကြီးက အမိန့်မပေးခဲ့ရင် ငါက နင်တို့ကို အဖွဲ့တစ်ဖွဲ့တည်းမှာ ထားမှာ မဟုတ်ဘူး..."

ရန်ဖေးက ယီရင်ကို အဖက်မလုပ်ဘဲ ဆက်ပြောလေသည်။

"အဲဒီလို ထားခဲ့ရင်တောင်မှ နင်တို့ကို တာဝန်တွေပေးဖို့ ငါတို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး၊ နင်တို့ကို လူမြင်ကွင်းကနေ ဖယ်ထားပြီး ငါတို့ရဲ့ ကြီးကြပ်မှုအောက်မှာ ထားဖို့က လုံလောက်နေပြီ..."

သူမသည် စကားကို အမှန်တကယ်ပင် ထိန်းမထားခဲ့ချေ။ လင်းတုန်းမှာ အံ့ဩလေးစားသွားလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် သူမ၏ ရုတ်တရက် ပွင့်လင်းလာမှုက သူ့ကို သတိဝီရိယ ပိုရှိသွားစေခဲ့လေ၏။ သူမက ဘာကို ရည်ရွယ်နေခြင်းနည်း။

"အခုတော့ အခြေအနေက ပြောင်းလဲသွားပြီ၊ ငါတို့ လက်လှမ်းမီနိုင်တဲ့ အရင်းအမြစ် မှန်သမျှကို ငါတို့ အသုံးပြုသွားမယ်၊ တကယ်လို့ မင်းတို့ကို သုံးလို့မရဘူးဆိုရင်တော့ ငါတို့ မင်းတို့ကို လွှင့်ပစ်လိုက်မယ်..."

"နင်တို့ အဲဒီလို လုပ်ဖို့ ကြိုးစားခဲ့ပြီးပြီလို့ ငါ ထင်တယ်..."

ယီရင်က ပြောလိုက်သည်။ သို့သော် သူမ၏ စကား တစ်ဝက်ပင် မဆုံးသေးမီမှာပင် ရန်ဖေးထံမှ မည်းမှောင်သော မြူခိုးများ ပွက်ပွက်ဆူ ထွက်ပေါ်လာခဲ့လေ၏။ တိမ်တိုက်တူ မာဒြာ များပင် ဖြစ်သည်။ ၎င်းက မြူခိုးများနှင့် တူနေသော်လည်း လင်းတုန်းကမူ ကြီးမားလှသော ခံတပ်တံတိုင်းကြီးတစ်ခု၏ ဝိညာဉ်ရေးရာ ခံစားမှုကို ရရှိလိုက်လေသည်။

***

အပိုင်း(၃၄၂)

"ဒီကိစ္စကို ပေါ့ပေါ့တန်တန် မသဘောထားနဲ့..."

ရန်ဖေးက ယီရင်ကို သူမ၏ စူးရှသော အကြည့်များဖြင့် နေရာတွင် အသေရိုက်ထားလိုက်သကဲ့သို့ ပြောလိုက်သည်။

ယီရင်သည် နောက်ဆုတ်သွားခြင်း သို့မဟုတ် အကြည့်လွှဲသွားခြင်းမျိုး မရှိခဲ့ပေ။ သို့သော် သူမသည် ပါးစပ်ကိုမူ ပိတ်ထားလိုက်လေ၏။

"အင်ပါယာအတွက် အသုံးဝင်ဖို့ မင်းတို့ကို ငါတို့ ခိုင်းစေမယ်၊ မဟုတ်ရင် အကောင်းဆုံးအနေနဲ့ မင်းတို့ကို အချုပ်ခန်းထဲ ထည့်ထားမယ်၊ ပုံမှန် အခြေအနေတွေအောက်မှာဆိုရင် စကိုင်းဆွန်း အဖွဲ့တွေက ရရှိနိုင်တဲ့ တာဝန်တွေထဲကနေ အတူတူ ရွေးချယ်ရလေ့ရှိတယ်၊ ဒါပေမဲ့ မင်းတို့ သုံးယောက်ကတော့ ပြည်သူတွေနဲ့ ကင်းကွာအောင် နေရမယ်၊ အင်ပါယာထဲမှာ မဟူရာ မီးတောက် တစ်ယောက် လွတ်နေတယ်ဆိုတဲ့ ကောလာဟလတွေက ဆိုးရွားတယ်၊ စကိုင်းဆွန်းရဲ့ အမိန့်အောက်မှာ မဟူရာ မီးတောက် တစ်ခု ရှိနေတယ်ဆိုတဲ့ ကောလာဟလကတော့ ကောင်းတယ်၊ ဒါပေမဲ့ သူက စကိုင်းဆွန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှသာ ဖြစ်မယ်၊ နားလည်လား..."

ထိုစကားက သူတို့ သုံးယောက်စလုံးကို ရည်ရွယ်ကြောင်း ထင်ရှားလှပေသည်။ စကိုင်းဆွန်းများက သူမ၏ သွေးအရိပ် ကြောင့် ယီရင်ကို ယုံကြည်မည် မဟုတ်ချေ။ သို့သော် အကယ်၍ သူမသည် နောက်ဆုံးတွင် သူတို့၏ ယုံကြည်မှုကို ရရှိခဲ့ပါက၊ သူတို့သည် သွေးနီလဂိုဏ်း မှ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီး သူတို့အတွက် အလုပ်လုပ်ပေးရန် အတင်းအကျပ် ခိုင်းစေထားသကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် အင်ပါယာအတွက် အလုပ်လုပ်ပေးနေသော အာကူရာ တစ်ယောက် ရှိနေခြင်းက မဟူရာ မီးတောက် အင်ပါယာ တစ်ခုလုံးကို ပိုမိုအားကောင်းသယောင် ထင်ရစေမည် ဖြစ်လေ၏။

မည်သူမျှ စကားတစ်ခွန်း မဟခဲ့ကြပေ။ သို့သော် မာစီကမူ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အချိန်မီ တက်ရမယ့် တိမ်တိုက်သင်္ဘော ရှိနေလို့ ငါ အတိုချုပ်ပဲ ပြောမယ်..."

သူမသည် သံချပ်ကာ လက်ကောက်ဝတ်ပေါ်ရှိ အစီအရင် တစ်ခုကို သက်ဝင်လှုပ်ရှားစေလိုက်သည်။ ထိုအခါ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး လေထဲတွင် ခရမ်းရောင် အလင်းမျဉ်းများကို ပုံဖော်လိုက်လေ၏။ ၎င်းတို့သည် လှိုင်းလုံးကြီးများအလယ်တွင် လွင့်မျောနေသော ကျွန်းတစ်ကျွန်း၏ တစ္ဆေဆန်ဆန် ပုံစံငယ်တစ်ခုကို ရေးဆွဲပြသနေလေတော့သည်။

လင်းတုန်းမှာ သိပ်ပြီး သဘောကျမိခြင်း မရှိခဲ့ပေ။ အဖြူရောင် မြေခွေး အမြုတေကြိုး တစ်ခုသည် ဤသည်ထက် ပိုမိုအစစ်နှင့်တူသော စိတ်ကူးယဉ်ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။ ထို့အပြင် အသံနှင့် အနံ့များကိုပါ ပုံဖော်ပေးနိုင်သေးလေ၏။

"ငါတို့ လမ်းစမရှိတဲ့ ပင်လယ်ပြင်ထဲကို သုံးရက်ကြာ ခရီးထွက်ရမယ်၊ နေရာက ကျဉ်းကျပ်ပြီး သက်တောင့်သက်သာ ရှိမှာမဟုတ်ဘူး၊ မင်းတို့ကို တိုက်ခိုက်ဖို့ မလိုမချင်း လမ်းတစ်လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ စွမ်းအင်လှည့်ပတ်နေဖို့ မျှော်လင့်တယ်၊ ငါတို့ သွားရမယ့်နေရာက ဧကရာဇ် နော့သ်စထရိုက်ဒါ ဖန်တီးခဲ့တဲ့ တစ္ဆေရေ လို့ခေါ်တဲ့ အိတ်ဆောင်ကမ္ဘာတစ်ခုပဲ..."

အခန်းထဲရှိ လူအားလုံးထံမှ အသက်ရှူသွင်းသံများ ထွက်ပေါ်လာခဲ့သည်။

"အိတ်ဆောင်ကမ္ဘာ..."

ယီရင်က စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ကိုင်းညွတ်ရင်း မေးလိုက်သည်။ သူမ၏ ဓားသွားပုံစံ ရွှေအဆင့် အမှတ်အသားများသည် ဘေးရှိစားပွဲကို ခေါက်မိနေလေ၏။

"အဲဒါက ဂိုဏ်းတွေ သူတို့ရဲ့ ရတနာတွေကို သိမ်းဆည်းထားတဲ့ နေရာမျိုးပဲ..."

မာစီသည် အနက်ရောင် လက်အိတ်စွပ်ထားသော လက်များကို ပွတ်သပ်လိုက်သည်။

"ကျွန်မ အဲဒီလိုနေရာမျိုးကို အမြဲတမ်း သွားလည်ချင်နေခဲ့တာ၊ ကျွန်မတို့ မိသားစုမှာလည်း တစ်ခုရှိတယ်၊ ဒါပေမဲ့ အရှင်သခင် အဆင့်အောက် နိမ့်တဲ့သူတွေအတွက်တော့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်..."

"တောင်းပန်ပါတယ်..."

လင်းတုန်းက ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ အိတ်ဆောင်ကမ္ဘာဆိုတာက..."

"အိတ်ဆောင်အရွယ်အစားရှိတဲ့ ကမ္ဘာလို့ ဆိုလိုတာပဲ၊ ငါတို့ကမ္ဘာထက် အများကြီး ပိုသေးငယ်ပေမဲ့ သီးခြားတည်ရှိနေတဲ့ နေရာတစ်ခုပေါ့၊ နာမည်အတိုင်း အတိအကျပါပဲ..."

သူ ထိုသို့ မမေးခဲ့မိလျှင် ကောင်းမည်ဟု လင်းတုန်း တွေးလိုက်မိလေ၏။

ရန်ဖေးက ကျွန်း၏ ပုံရိပ်ကို လက်ညှိုးထိုးပြရင်း ဆက်ပြောလေသည်။

"ဒီ တစ္ဆေရေ ကမ္ဘာကို သုတေသနစခန်းတစ်ခု ထားရှိဖို့အတွက် တည်ဆောက်ခဲ့တာဖြစ်တယ်၊ လေးစားရတဲ့ အင်ပါယာကြီးက သူ အသက်မဆုံးရှုံးခင် နှစ်ငါးဆယ်လောက်အလိုကတည်းက အဲဒီနေရာကို စွန့်ပစ်ခဲ့တာ..."

အီသန်၏ အဆိုအရ လူအများစုက ထိုဧကရာဇ်မှာ လွန်ခဲ့သော ခုနစ်နှစ်ခန့်က သေဆုံးသွားခဲ့ပြီဟု ယုံကြည်ထားကြသည်။

လွန်ခဲ့သော နှစ်နှစ်ပင် မပြည့်သေးမီက လင်းတုန်းသည် နော့သ်စထရိုက်ဒါ အသက်ရှင်လျက် ရှိနေသေးသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေ၏။ အနည်းဆုံးတော့ စကိုင်းဆွန်းများ၏ သတင်းအချက်အလက်မှာ တိကျမှန်ကန်မှု မရှိခဲ့ချေ။ အကယ်၍ သူက အမှန်ကို ပြင်ပြောပြလျှင်တောင်မှ သူတို့က ယုံကြည်ကြမည် မဟုတ်ပေ။

ထို့အပြင် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက သူ စွန့်ပစ်ခဲ့သော ကမ္ဘာတစ်ခုထဲသို့ သူတို့ ဝင်ရောက်သွားသည်ကို ဧကရာဇ်က ကန့်ကွက်မည် မဟုတ်လောက်ချေ။ ဟုတ်သည် မဟုတ်ပါလော။

"အခု အာကူရာ မိသားစုခေါင်းဆောင် သခင်မကြီးနဲ့ မိစ္ဆာနတ်ဘုရား တို့ရဲ့ တိုက်ပွဲကြောင့် အဲဒီကမ္ဘာကို ငါတို့ကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ ကျောက်ဆူးကို ပျက်စီးသွားစေခဲ့တယ်၊ ငါတို့ရဲ့ ကျွမ်းကျင်သူတွေ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် နောက်လအနည်းငယ်အတွင်းမှာ အဲဒီကမ္ဘာ ပြိုကျပျက်စီးသွားလိမ့်မယ်..."

ထို "ကျောက်ဆူး" နှင့် ပတ်သက်၍ လင်းတုန်း အလွန် သိချင်နေခဲ့သည်။ သို့သော် ရန်ဖေးကိုယ်တိုင်လည်း သိမည်မဟုတ်ဟု သူ သံသယဝင်မိလေ၏။ သူမ သိနေခဲ့လျှင်တောင်မှ သူ ထပ်မံ ကြားဖြတ်မေးခွန်းထုတ်မည်ကို သဘောကျမည် မဟုတ်ချေ။

သူမ ယူဆောင်လာသော အိတ်ထဲသို့ နှိုက်လိုက်ပြီးနောက် ရန်ဖေးသည် ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရေထဲမှ ဖြတ်သန်းလာသော နေရောင်ခြည်ကဲ့သို့ တောက်ပနေသည့် နီလာတစ်ပွင့် ဖြစ်လေ၏။ နံရံများနှင့် မျက်နှာကြက်ပေါ်သို့ အပြာရောင် အလင်းတန်းများ ဖြာကျနေသော်လည်း ၎င်း၏ ဗဟိုချက်တွင်မူ အဖြူရောင်နှင့် အစိမ်းရောင် အလင်းများက တဖျပ်ဖျပ် လင်းလက်နေခဲ့သည်။

"ငါတို့ကို အခုလက်ရှိ ပြဿနာနဲ့ ပတ်သက်ပြီး သတိပေးခဲ့တာက ဒီ ရှေးဟောင်းပစ္စည်းပဲ၊ အဲ့တာကို နက်ရှိုင်းမှု မျက်လုံး လို့ ခေါ်တယ်၊ အင်ပါယာကြီးရဲ့ သံတမန် တစ်ယောက်က မဟူရာ မီးတောက် မိသားစုရဲ့ နောက်ဆုံး ဧကရာဇ်ဆီမှာ လုံခြုံအောင် သိမ်းဆည်းထားဖို့ ပေးအပ်ခဲ့တာဖြစ်တယ်၊ ဒါက တစ္ဆေရေ ရဲ့ အဓိက အဆောက်အအုံတွေဆီ ဝင်ရောက်ခွင့် ပေးစွမ်းနိုင်တယ်..."

သူမသည် ကျောက်မျက်ရတနာကို မြှောက်ပြလိုက်သည်။

"ဒါကို ငါ သယ်ဆောင်ပြီး လမ်းပြပေးသွားမယ်၊ ဒါကြောင့် ငါ့အနားမှာပဲ နေကြပါ၊ ဒါသာ မရှိဘူးဆိုရင်တော့ မင်းတို့ရဲ့ ပတ်ပတ်လည်မှာ ဟင်းလင်းပြင်ကြီး ပြိုကျလာတဲ့အခါ မင်းတို့ တစ်ယောက်တည်း အထီးကျန်စွာ သေဆုံးရလိမ့်မယ်..."

"ခွင့်လွှတ်ပါ၊ ကျွန်တော်တို့ရဲ့ တာဝန်က ဘာများလဲ..."

လင်းတုန်းက မေးလိုက်သည်။ သူသည် နော့သ်စထရိုက်ဒါ တည်ဆောက်ခဲ့သော အရာတစ်ခုကို အမှန်တကယ်ပင် မြင်တွေ့ချင်နေခဲ့သည်။ သို့သော် သူတို့ ထိုနေရာတွင် ရှိနေရခြင်းအတွက် ရည်ရွယ်ချက်တစ်ခုတော့ ရှိရပေမည်။ လင်းတုန်းနှင့် ယီရင်တို့သည် ကမ္ဘာတစ်ခုကို တည်ငြိမ်အောင် မည်သို့လုပ်ရမည်ကို မသိကြချေ။

"ငါတို့က ကင်းထောက်အဖြစ် သွားကြမှာပဲ..."

ရန်ဖေးက ဖြေလိုက်သည်။

"တစ္ဆေရေ ကမ္ဘာက တကယ်ပဲ ပျက်စီးနေပြီလားဆိုတာကို ငါတို့ အတည်ပြုရမယ်၊ အကယ်၍ ပျက်စီးနေတယ်ဆိုရင် အင်ပါယာအတွက် ရတနာတွေကို တတ်နိုင်သမျှ များများ ရယူပြီး ပြန်လည်သတင်းပို့ရမယ်၊ အဲဒီအချိန်ကျရင်တော့ ကျန်နေသေးတဲ့ အချိန်တွေနဲ့ ဘာလုပ်ရမလဲဆိုတာကို ဧကရာဇ်က ဆုံးဖြတ်လိမ့်မယ်..."

ယီရင်၏ ဓားလက်တံတစ်ခု မြင့်တက်လာခဲ့သည်။

"အခြေအနေက ဘယ်လောက်အထိ ပူပြင်းလာမယ်လို့ မျှော်လင့်ထားရမလဲ..."

ပိုင်ရို၏ အဝါရောင် မျက်လုံးများက သူမဆီသို့ ကျဉ်းမြောင်းသွားခဲ့ပြီး ရန်ဖေး၏ မျက်မှောင်များမှာလည်း နားမလည်နိုင်စွာဖြင့် တွန့်ချိုးသွားခဲ့သည်။

"အဲဒါက တော်တော်လေး အေးတဲ့ ပင်လယ်ဖြစ်ပြီး ဆောင်းရာသီလည်း ရောက်တော့မယ်၊ အနွေးထည် တစ်ထည် ယူသွား..."

"ကျွန်မ ဆိုလိုတာ အဲဒါ မဟုတ်ဘူး..."

ဤတစ်ကြိမ်တွင် ပိုင်ရိုက သူမကို ပြန်ဖြေလိုက်သည်။

"အဲဒီကမ္ဘာရဲ့ ကာကွယ်ရေးစနစ်တွေက ကျဆင်းနေပြီ၊ ရတနာလာရှာတဲ့သူတွေ ရှိနိုင်တယ်..."

သူမ ကြားချင်နေသည့်စကားက ၎င်းပင် ဖြစ်နေသည့်အလား ယီရင်က ခေါင်းညိတ်လိုက်လေ၏။

"အထဲမှာ နေထိုင်တဲ့သူ ရှိလား..."

မာစီက မေးလိုက်သည်။

"မရှိဘူး..."

ရန်ဖေးက ပြောရင်း နက်ရှိုင်းမှု မျက်လုံး ကို အိတ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။ သူမသည် ပိုင်ရိုကို လက်ဟန်ပြလိုက်၏။ သူက တံခါးအနီးမှ ဖယ်ခွာပေးလိုက်လေ၏။

"အခု ငါတို့က အင်ပါယာရဲ့ နယ်နိမိတ် အပြင်ဘက်မှာရှိတဲ့ အမည်မသိ ရန်သူအရေအတွက်နဲ့ အမည်မသိ အခြေအနေတစ်ခုဆီကို ဝင်ရောက်ကြတော့မယ်၊ မင်းတို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့ အချုပ်ခန်းထဲမှာပဲ လွတ်လွတ်လပ်လပ် ကျန်နေရစ်ခဲ့နိုင်တယ်..."

အခန်းထဲမှ မထွက်ခွာမီ သူမသည် လင်းတုန်းဘက်သို့ လှည့်လိုက်သည်။

"ငါတို့ဘက်က အင်အားများများ လိုအပ်တယ်၊ သွားပြီး မင်းရဲ့ လိပ်ကို သွားခေါ်ချေ၊ နာရီဝက် အချိန်ရမယ်..."

ထို့နောက် သူမ ထွက်ခွာသွားလေတော့သည်။

***

All Chapters