← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 25 Ch. 343-344

အပိုင်း(၃၄၃)

ကျွန်းဆီသို့ သွားသော လေကြောင်းခရီးစဉ်သည် တိတ်ဆိတ်ငြီးငွေ့ဖွယ်ကောင်းပြီး အလွန်အမင်း ကျဉ်းကျပ်နေခဲ့သည်။ သူတို့၏ တိမ်တိုက်သင်္ဘောကို အမိုးအကာများဖြင့် ဖုံးအုပ်ထားသော်လည်း လူခြောက်ယောက်အတွက် လုံလောက်သော အရွယ်အစား မရှိသလောက်ပင် ဖြစ်လေ၏။ အော်သိုက အပေါ်ထပ် ကုန်းပတ်၏ နေရာအများစုကို ယူထားခဲ့သည်။ ထို့အပြင် ခရီးစဉ်တစ်လျှောက်လုံးတွင် သူတို့ လေထဲ၌ ရှိမနေသကဲ့သို့ ဟန်ဆောင်ကာ သူ၏ အခွံထဲတွင်သာ ခေါင်းဝှက်၍ အချိန်ကုန်ဆုံးနေခဲ့သည်။

အနည်းဆုံးတော့ ယီရင်နှင့် မာစီတို့က သင်္ဘောပေါ်တွင် အော်ရာများကို လှည့်ပတ်နိုင်ခဲ့ကြသည်။ ထိုနေရာ ကျဉ်းကျဉ်းလေး၌ လူအားလုံးကို မသတ်ဘဲ မီးမွှေးရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် လင်းတုန်းသည် ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်းဘီး ကျင့်စဉ်ကို သူ၏ အမြုတေများအပေါ်တွင်သာ အာရုံစိုက်ထားလိုက်လေ၏။ ၎င်းက သူ၏ အဆုတ်များကို သံကြိုးကွင်းများဖြင့် ပတ်ချည်လျက် သုံးရက်ကြာ နေထိုင်ရသကဲ့သို့ ခံစားရစေခဲ့သည်။

ကျဉ်းကျပ်ပြီး မှောင်မိုက်နေသော တိမ်တိုက်သင်္ဘောလေးထဲတွင် တစ်ရက်တိတိ ပြည့်ကျပ်စွာ နေထိုင်ပြီးနောက် မာစီသည် ယီရင်နှင့် လင်းတုန်းတို့ဆီသို့ တိုးကပ်လာခဲ့သည်။ သူတို့၏ အနောက်ဘက်တွင် အော်သိုက ဟောက်နေခဲ့သည်။ အစစ်အမှန် ရွှေအဆင့် နှစ်ယောက်ကမူ ကုန်းပတ်အပေါ်တွင် ရှိနေကြလေ၏။

"အိတ်ဆောင်ကမ္ဘာက ဘယ်လိုပုံစံမျိုး ဖြစ်မယ်လို့ ထင်လဲ..."

မာစီက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တီးတိုးမေးလိုက်သည်။

လင်းတုန်းသည် ယီရင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူမသည် နံရံဘေးတွင် ထိုင်နေခဲ့ပြီး၊ မျက်နှာကြက်ကို မပွတ်တိုက်မိစေရန် သူမ၏ ရွှေအဆင့် အမှတ်အသားများကို ပခုံးပေါ်သို့ ကွေးချထားလေ၏။

"ငါတို့ထက်စာရင် နင်က ဒီအကြောင်းကို ပိုသိလိမ့်မယ်လို့ ထင်ပါတယ်..."

လင်းတုန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။ သူနှင့် ယီရင်တို့သည် မာစီကို မည်သို့ ကိုင်တွယ်ရမည်ကို မသိကြသေးပေ။ သူမသည် ပထမဆုံး စတင်တွေ့ဆုံခဲ့သည့် အချိန်ကတည်းက သူတို့အားလုံး သူငယ်ချင်းများဖြစ်သည့်အလား ပြုမူဆက်ဆံနေခဲ့သည်။ ၎င်းက စိတ်ရှုပ်ထွေးဖွယ် ကောင်းလှလေ၏။

"အို... ကျွန်မတို့ မိသားစုရဲ့ အိတ်ဆောင်ကမ္ဘာအကြောင်းကို ကျွန်မ ဘာမှ မသိပါဘူး၊ အခုတော့ ကိုယ်တိုင် မြင်ရတော့မယ်လေ..."

သူမက ယီရင်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို ပုတ်လိုက်သည်။ ယီရင်က ထိုလက်ကို ပခုံးတွန့်ကာ ဖယ်ရှားလိုက်လေ၏။

"ငါတို့ ဒီလို ဖမ်းခေါ်ခံရတဲ့အပေါ် အီသန် ဘယ်လိုတွေးမလဲဆိုတာ သိချင်မိတယ်..."

သူမက လင်းတုန်းကို တီးတိုး ပြောလိုက်သည်။

"သူသာ ငါတို့ကို ဒီမှာ မရှိစေချင်ရင် ပေါ်လာပြီး ငါတို့ကို ခေါ်သွားမှာပေါ့..."

အီသန်က အကြောင်းပြချက်တစ်ခုကြောင့် သူတို့ကို စကိုင်းဆွန်းလက်ထဲ အပ်ထားခဲ့ခြင်း ဖြစ်သည်။ သူက သူ၏အကြောင်းပြချက်များကို ရှင်းပြလေ့ မရှိချေ။ လင်းတုန်းသည် မိမိကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ရသည့် အခွင့်အရေးကို နှစ်သက်သဘောကျခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ထို အဆင့်နိမ့် အရှင်သခင် သည် သူ့အား မည်သည့် မာဒြာ အစစ် နည်းစနစ်ကိုမျှ သင်ပေးထားခြင်း မရှိသေးပေ။

"ငါ့ဆရာကလည်း ငါ့ဘာသာ စွန့်စားရအောင် ဒီတိုင်း လွှတ်ထားလေ့ရှိတယ်..."

ယီရင်က ပြောလိုက်သည်။

"ဘာမှ မစွန့်စားဘဲနဲ့တော့ ခရီးပေါက်မှာ မဟုတ်ဘူး..."

သူမက တုံ့ဆိုင်းသွားပြီးနောက် ထပ်ပြောလိုက်သည်။

"အထူးသဖြင့် နင်က... ဒီလောက်ဝေးဝေးထိ သွားဖို့ ကြိုးစားနေတယ်ဆိုရင်ပေါ့..."

သူမ ဘာကို ရည်ရွယ်ပြောဆိုနေကြောင်း လင်းတုန်း သိထားသည်။ အီသန်သည် သူ၏ ရည်မှန်းချက်များကို ကောင်းကင်ဘုံမှ စိတ်ကူးပုံရိပ်တစ်ခုအဖြစ် သူတို့အား မျှဝေပြသခဲ့ဖူးလေ၏။ ၎င်းက လင်းတုန်း၏ ရည်မှန်းချက်များကို ပိုမို ထက်မြက်လာစေခဲ့သည်။ သို့သော် ထိုပုံရိပ်အကြောင်း ယီရင်နှင့် ဆွေးနွေးရန် အခွင့်အရေး မရခဲ့သေးချေ။ ယခုအချိန်တွင်ပင် မာစီက သူတို့နှင့်အတူ အချိန်ပြည့် ရှိနေခဲ့လေသည်။

သူမက မျက်လုံးများ အရောင်လက်လျက် အနားသို့ တိုးကပ်လာခဲ့သည်။

"ကျွန်မတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ..."

ယီရင်က သူမကို လျစ်လျူရှုထားလိုက်သည်။ လင်းတုန်းကမူ ခိုင်လုံမှုမရှိသော အကြောင်းပြချက်တစ်ခုကို ဖန်တီး၍ ပြောလိုက်လေ၏။

နောက်ဆုံးတွင် သူတို့သည် ကျွန်းဆီသို့ ရောက်ရှိသွားကြသည်။

လေထဲရှိ ပုံကြမ်းတွင် လင်းတုန်း စိတ်ကူးထားခဲ့သည်ထက် ပိုမိုကြီးမားလှသည်။ သစ်ပင်များအထက်နားတွင် လွင့်မျောနေသော သူတို့၏ မြင်ကွင်းမှနေ၍ ကြည့်လျှင်ပင် တစ်ဖက်ကမ်းကို မမြင်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှပေသည်။ ကမ်းခြေများမှလွဲ၍ ကျွန်းတစ်ခုလုံးတွင် သစ်တောများ ထူထပ်စွာ ပေါက်ရောက်နေသည်။ အလယ်ဗဟိုတွင် ထင်ရှားသော တောင်ကုန်းတစ်ခုက တောင်တစ်လုံးကဲ့သို့ ခန့်ညားစွာ တည်ရှိနေလေ၏။

ရန်ဖေးက သူတို့ကို ကမ်းခြေပေါ်သို့ ဆင်းသက်စေခဲ့သည်။ သင်္ဘောအောက်ရှိ အစိမ်းရင့်ရောင် တိမ်တိုက်သည် သဲပြင်အထက် လက်မအနည်းငယ်အကွာတွင် လွင့်မျောနေလေ၏။ သူမသည် နက်ရှိုင်းမှု မျက်လုံးကို ထုတ်ယူလိုက်ပြီးနောက် သစ်တောစပ်ဆီသို့ ဦးတည်သွားလေသည်။

လင်းတုန်း၊ မာစီနှင့် ယီရင်တို့သည် အခွင့်အရေးရသည်နှင့် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ ခြေလက်များ ဆန့်တန်းခွင့်ရသည့်အတွက် အားလုံးက သက်ပြင်းချ ညည်းတွားလိုက်ကြလေ၏။

အော်သိုက နောက်တစ်ခဏအကြာတွင် သူတို့နောက်မှ လိုက်လာခဲ့ပြီး ကျောက်တုံးကြီးတစ်တုံးကဲ့သို့ သဲပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူသည် ခေါင်းကို ဆန့်ထုတ်မလာခဲ့ပေ။ အမှန်တကယ်တွင် အောက်သို့ ကျဆင်းပြီးနောက် ခြေထောက်များကိုပါ အတွင်းသို့ ဆွဲသွင်းလိုက်လေ၏။

လိပ်၏ စိတ်ဝိညာဉ် အပေါ်တွင် အရိပ်မည်းတစ်ခု ကျရောက်နေခဲ့သည်။ သူတို့၏ စာချုပ်မှတစ်ဆင့် လင်းတုန်းက ထိုအရာကို ခံစားသိရှိနိုင်လေ၏။ သူ၏ စိတ်ဝိညာဉ်ကို ဟန်ချက်ညီစေရန်အတွက် အပြာလေးကို လိုအပ်နေခဲ့သည်။ မဟုတ်ပါက မကြာမီ အချိန်အတွင်းမှာပင် သူက သူတို့အားလုံးအတွက် ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။

လင်းတုန်းသည် သူ၏ ကျောပိုးအိတ်ကို ပခုံးမှဆွဲချလိုက်ပြီး ဆယ်လ်ဗန် မြစ်မျိုးစေ့ ကို ထုတ်ယူရန် ရည်ရွယ်လိုက်သည်။

"ဒီမှာပဲ..."

ရန်ဖေးက အော်ဟစ်လိုက်သည်။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မည်းမှောင်သော တိမ်တိုက်အစိုင်အခဲတစ်ခုက အရှေ့ရှိ သစ်ပင်တစ်ပင်ကို ဝင်ဆောင့်သွားခဲ့သည်။ ထိုသစ်ပင်မှာ ကျိုးပဲ့သွားပြီး တောအုပ်ထဲသို့ လိမ့်ကျသွားလေတော့သည်။

သူမ၏ အရှေ့တွင် ကျောက်စိမ်းတံခါးပေါက်တစ်ခု ရှိနေခဲ့သည်။ ၎င်းကို မည်သည့် နံရံကမျှ ဝန်းရံထားခြင်း မရှိပေ။ တံခါးမှာ စတုဂံပုံစံဖြစ်ပြီး အစီအရင် များဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ မျက်နှာပြင်သည် ရေလှိုင်းထနေသော နောက်ကျိကျိ ရေကန်တစ်ခုကဲ့သို့ အပြာနှင့် အစိမ်းရောင် ရောယှက်ကာ တလက်လက် တောက်ပနေလေ၏။

ရန်ဖေးသည် နက်ရှိုင်းမှု မျက်လုံးကို ထုတ်ယူလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လုပ်ဖော်ကိုင်ဖက်ထံသို့ အကြည့်ပြန်လွှဲလိုက်လေ၏။

"ပိုင်ရို..."

သံချပ်ကာ အစိမ်းရောင် ဝတ်ဆင်ထားသော ထိုလူသန်ကြီးသည် သင်္ဘောပေါ်မှ ဆင်းလာခဲ့ပြီး ဖြစ်သည်။ သူ၏ ခြောက်သွေ့နေသော ကောက်ရိုးဦးထုပ်က သူ၏ မျက်နှာကို အရိပ်မိုးထားလေ၏။ သူသည် သူမရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့ပြီး သူတို့နှစ်ဦး အချင်းချင်း သွက်လက်စွာ ဆွေးနွေးတိုင်ပင်နေကြသည်။

"သူတို့ သံချပ်ကာထဲ ဘာတွေဝင်နေလို့လဲ..."

ယီရင်က သူမ၏ ငွေရောင် ရွှေအဆင့် အမှတ်အသားဖြင့် လင်းတုန်းကို တွန်းပုတ်ရင်း မေးလိုက်သည်။

မာစီသည် သဲပြင်ပေါ်တွင် ခလုတ်တိုက်မိသွားသော်လည်း ချောမွေ့နေသော အနက်ရောင် တောင်ဝှေးဖြင့် ဟန်ချက်ထိန်းလိုက်လေသည်။ ၎င်း၏ နဂါးခေါင်းက သူမကို ရှဲကနဲ အသံပြုလိုက်ပြီး ခရမ်းရောင် မျက်လုံးများဖြင့် စူးရဲစွာ ကြည့်လိုက်လေ၏။

"တံခါးက ပွင့်နေဖို့ မရည်ရွယ်ထားဘူးလေ..."

လင်းတုန်းက အော်သို၏ အခွံပေါ်တွင် လက်တစ်ဖက်ကို တင်ထားရင်း စဉ်းစားတွေးတောနေခဲ့သည်။

"သူတို့ ငါတို့ကို ခွဲပစ်တော့မယ်..."

လင်းတုန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ အခြားနှစ်ယောက်က သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။ မာစီက လက်မြှောက်အရှုံးပေးထားသည့်ဟန် ရှိပြီး၊ ယီရင်၏ မျက်နှာမှာမူ မှောင်မိုက်သွားခဲ့လေ၏။

"တစ်ဖွဲ့က ကင်းထောက်ဖို့ အထဲကို ဝင်သွားမယ်၊ ကျန်တဲ့တစ်ဖွဲ့က ပထမအဖွဲ့ ပြန်သတင်းမပို့မချင်း ဒီအပြင်မှာ နေခဲ့ရမယ်၊ တစ်ယောက်ကို တစ်ဖွဲ့စီ ကိုင်တွယ်နိုင်အောင် သူတို့ ငါတို့ကို ခွဲထုတ်ပစ်လိမ့်မယ်..."

ယီရင်၏ လက်က သူမ၏ ဓားလက်ကိုင်ရိုးဆီသို့ ရွေ့လျားသွားခဲ့သည်။ မည်သည့် စကိုင်းဆွန်းကမျှ ဓား၏ ထူးခြားမှုကို အာရုံမခံနိုင်ခဲ့သောကြောင့် ဤလက်နက်ကို ပြန်လည်ကိုင်ဆောင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူတော်စင် တစ်ပါး၏ လက်နက်ဖြစ်သည်။ သို့သော် ယီရင်နှင့် လင်းတုန်း နှစ်ယောက်စလုံးက ဘာမှ မပြောခဲ့ကြချေ။ ဓားသူတော်စင် ၏ ဓားသည် အဆင့်နိမ့် ကျင့်ကြံသူများထံမှ ကိုယ်ယောင်ဖျောက်ထားနိုင်ပုံရလေ၏။

"ငါတို့ကို ခွဲဖို့ ကြိုးစားပါစေပေါ့၊ အခုက ငါတို့ အခွင့်အရေးပဲ၊ ဒီအပြင်ဘက်မှာပဲ သူတို့ကို တိုက်ခိုက်ကြမယ်..."

ယီရင်က အော်သိုကို ခေါင်းညိတ်ပြလိုက်သည်။

"ဒီကောင်ကြီးက ဟိုလူသန်ကြီးကို ချုပ်ထားမယ်၊ ငါတို့ သုံးယောက်က ရန်ဖေးကို ရှင်းမယ်..."

လင်းတုန်းက မာစီနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးက စိတ်ငြိမ်စေရန် ရည်ရွယ်၍ လက်ကို ဆန့်ထုတ်တားဆီးလိုက်ကြလေ၏။

"ကျွန်မတို့ အဲဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး..."

မာစီက ပြောလိုက်သည်။

"ဟုတ်တယ် အဲဒါက အရမ်း စွန့်စားရလွန်းတယ်၊ မလိုအပ်ဘဲ ရန်သူတွေ ထပ်များလာရတာမျိုး မလုပ်ချင်ဘူး”

လင်းတုန်းကလည်း ပြောသည်။

ယီရင်က သူတို့ကို ခါးသီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်တို့ နှစ်ယောက်က သံယောင်လိုက်တာ သိပ်မြန်ပါလား..."

သူမသည် ဓားဆီမှ လက်ကို ဖယ်ရှားလိုက်သည်။ သို့သော် သူမ၏ ရွှေအဆင့် အမှတ်အသားများက တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အလား တဆတ်ဆတ် လှုပ်ခါနေခဲ့လေ၏။

"ဝေ့ရှီလင်းတုန်း..."

ရန်ဖေးက လှမ်းအော်လိုက်သည်။

"မင်းနဲ့ ဒီသားရဲက ငါနဲ့လိုက်ခဲ့၊ မိန်းကလေးတွေ... မင်းတို့က ပိုင်ရိုနဲ့ နေခဲ့ကြ၊ ငါတို့ အခြေအနေကို လေ့လာပြီး တစ်နာရီအတွင်း ပြန်သတင်းပို့မယ်၊ ပိုင်ရိုဆီကို ငါ အချိန်မရွေး သတင်းစကား လှမ်းပို့လို့ ရတယ်..."

လင်းတုန်းသည် မအံ့ဩမိဘဲ အော်သို၏ အခွံကို လက်ဆစ်များဖြင့် ခေါက်လိုက်သည်။

"အချိန်ကျပြီ၊ အော်သို..."

***

အပိုင်း(၃၄၄)

လိပ်၏ ခြေလက်များ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ သူ ပင်ပန်းနေပုံမရချေ။ ဆန့်ကျင်ဘက်အနေဖြင့် အော်သိုသည် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ရန် ရုန်းကန်နေရသည့်အလား ခံစားရလေ၏။ သူ၏ အနက်ရောင် မျက်လုံးများထဲရှိ အနီရောင် ကွင်းများက တောက်ပနေခဲ့သည်။ သို့သော် သူက လင်းတုန်းကို ခေါင်းညိတ်ပြလိုက်လေသည်။

လင်းတုန်းနှင့် အော်သိုသည် ရန်ဖေးထံ သွားရောက်ပူးပေါင်းလိုက်ပြီး တံခါးပေါက်ကို မျက်နှာမူလိုက်ကြသည်။ လှိုင်းထနေသော ထိုမျက်နှာပြင်သည် တစ်ဖက်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို မည်သို့သော အရိပ်အယောင်မျှ ပြသနေခြင်း မရှိခဲ့ချေ။

"ငါတို့ အတူတူ ဝင်သွားကြမယ်..."

စကိုင်းဆွန်းက ပြောသည်။ သူမ၏ ခေါင်းပေါ်ရှိ တိမ်တိုက်က လိမ့်ဆင်းနေသလို ထင်ရ၏။

လင်းတုန်းက အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။ ယီရင်က သူ၏ ဘယ်ဘက်လက်မောင်းပေါ်သို့ လက်တင်ကာ သူ့ကို တားဆီးလိုက်လေ၏။

သူမသည် စကားပြောရန် ကြိုးစားလိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေသည့်အလား ဖြစ်နေခဲ့သည်။ သူမသည် လည်ချောင်းတစ်ချက် ရှင်းလိုက်လေ၏။

"နင် သတိထားဦးနော်..."

နောက်ဆုံးတွင် သူမက ပြောလိုက်သည်။

မာစီက သူ့ကို လက်လှမ်းပြ နှုတ်ဆက်လိုက်လေ၏။

“ကျေးဇူးပါပဲ..."

လင်းတုန်းက သူတို့နှစ်ဦးစလုံးကို အရိုအသေပေးသည့်အနေဖြင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

ထို့နောက် တစ်ဖက်တွင် အော်သိုနှင့် အခြားတစ်ဖက်တွင် ရန်ဖေးတို့ကို ဝန်းရံလျှက် သူသည် ကျောက်စိမ်းတံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

ယခင်က သူ ကြုံတွေ့ခဲ့ဖူးသည့်အတိုင်းပင်၊ ကမ္ဘာကြီးတစ်ခုလုံးသည် အဆုံးအစမရှိ ထူထဲလှသော အပြာရောင် အလင်းတန်းကျယ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေ၏။ သူသည် လက်ကို ဆန့်ထုတ်၍ မျက်နှာဖုံးဇာပုဝါကို ပွတ်ဆွဲလိုက်သကဲ့သို့ ထိုအလင်းတန်းကို စမ်းသပ်ကြည့်နိုင်မည်ဟုပင် ထင်မှတ်ရသည်။ သို့သော်... ဤတစ်ကြိမ်တွင်မူ ၎င်းက တစ်ခဏမျှသာ ကြာမြင့်ခဲ့လေသည်။ လေထုသည် စုတ်ပြဲသွားသော စာမျက်နှာတစ်ခုကဲ့သို့ ကွဲအက်သွားလေ၏။

လင်းတုန်းသည် တံခါးပေါက်ကို ဖြတ်သန်းကာ ရဲတိုက်တစ်ခုစာမျှ ကြီးမားသော လေဟာနယ်ပူဖောင်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ ဖိနပ်သည် သမုဒ္ဒရာကြမ်းပြင်ရှိ ခြောက်သွေ့နေသော သဲပြင်ပေါ်သို့ ကျွတ်ကနဲ နင်းမိသွားလေ၏။

ထိုသဲပြင်သည် ပူဖောင်း၏ အစွန်းများအထိ သူ၏ အရှေ့တွင် ကျယ်ပြန့်စွာ တည်ရှိနေသည်။ လိမ်ကောက်နေသော ကျောက်တုံးများနှင့် စုတ်တံကဲ့သို့သော ပေါင်းပင်အစုအဝေးများသည် ဟိုတစ်ကွက် ဒီတစ်ကွက် ပေါက်ရောက်နေကြသည်။ ဂဏန်းငယ်လေးများသည်လည်း အရိပ်တစ်ခုမှ အခြားတစ်ခုဆီသို့ လျင်မြန်စွာ ပြေးလွှားသွားလာနေကြလေ၏။

ပူဖောင်း၏ အပြင်ဘက်ရှိ ရေများသည် မှင်ရည်ကဲ့သို့ မည်းမှောင်နေခဲ့သည်။ သို့သော် အလယ်ရှိ နေရာလွတ်မှာမူ လင်းထိန်နေလေ၏။

ထိုအလင်းရောင်ပေးနေသည့်အရာကို "သစ်ပင်" ဟု ခေါ်ဆိုရန် လင်းတုန်း တုံ့ဆိုင်းနေခဲ့မိသည်။ ၎င်းသည် သစ်ပင်တစ်ပင်ကို ကိုယ်စားပြုရန် ရည်ရွယ်၍ ဖန်တီးထားသော တောက်ပနေသည့် စိတ်ကူးယဉ် ပန်းပုရုပ်တုတစ်ခုနှင့် ပိုတူနေပေသည်။

အပြာရောင် ပြွန်ချောင်းများစွာသည် အမြစ်များကဲ့သို့ ဖြာထွက်နေပြီး ပင်စည်တစ်ခုဖြစ်လာစေရန် အချင်းချင်း ရစ်ခွေထားကြလေ၏။ ထို့အပြင် အရွက်များရှိရမည့် ထိပ်ပိုင်းတွင်မူ တောက်ပနေသော အဝါရောင် အလင်းတန်းအစုအဝေးများ ရှိနေခဲ့သည်။ ၎င်းတို့သည် စိုက်ကြည့်ရခက်လောက်အောင် အလွန်အမင်း တောက်ပမနေခဲ့ချေ။ သို့သော် အားလုံးပေါင်းစပ်လိုက်သောအခါ ပူဖောင်းတစ်ခုလုံးကို ညနေစောင်းအချိန်ကဲ့သို့ လင်းထိန်သွားစေလေ၏။

သမုဒ္ဒရာကြမ်းပြင်ရှိ ဤကွက်လပ်သည် ကုန်းမြေများတွင် မည်သည့်အခါမျှ မရှိနိုင်သော တိတ်ဆိတ်မှုမျိုးဖြင့် ငြိမ်သက်နေခဲ့သည်။ ဤအပင်များကို တိုက်ခတ်သွားမည့် လေမရှိသလို၊ အနီးအနားတွင် ရိုက်ခတ်နေမည့် လှိုင်းလုံးများလည်း မရှိပေ။ တစ်ခါတစ်ရံ ကြားရတတ်သော သဲပွတ်တိုက်သံ သို့မဟုတ် ညင်သာစွာ ကျဆင်းလာသော ရေသံလေးများကသာ ဤတိတ်ဆိတ်မှုကို နှောင့်ယှက်နေခဲ့လေ၏။ လေထုထဲတွင် ဆားငန်ရည်နှင့် အပင်စိမ်းများ၏ အရသာကို ခံစားရလေသည်။

လင်းတုန်းသည် ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသကဲ့သို့ ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော ခံစားမှုတစ်ခုက လေဟာပြင်ထဲတွင် လေးလံစွာ လွှမ်းမိုးနေခဲ့သည်။ မမြင်ရသော ဖိအားတစ်ခုက သူ့အပေါ်သို့ ဖိနှိပ်ထားလေရာ၊ အထက်ရှိ သမုဒ္ဒရာကြီးတစ်ခုလုံး၏ အလေးချိန်ကို သူ ပခုံးပေါ်တွင် ထမ်းထားရသကဲ့သို့ ခံစားရလေ၏။

ခဏအကြာတွင်မှ ထိုဖိအားမှာ သူ၏ စိတ်ကူးသက်သက် မဟုတ်ကြောင်း သူ သတိပြုမိသွားခဲ့သည်။ ထိုအချိန်တွင် ရန်ဖေးက ရပ်တန့်သွားသည်ကို သူ သတိထားမိလိုက်လေ၏။

သူမ၏ လက်တစ်ဖက်သည် တူပေါ်တွင် ရှိနေပြီး၊ လှည့်ပတ်နေသော မာဒြာ များက သူမ၏ သံချပ်ကာပတ်လည်တွင် မည်းမှောင်သော တိမ်ခိုးများကို ဆွဲငင်ယူဆောင်လာခဲ့သည်။ အော်သိုက သဲပြင်များပင် တုန်ခါသွားလောက်အောင် အသံနိမ့်နိမ့်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

ပူပေါင်းထဲတွင် သူတို့တွေချည်း ရှိနေခြင်း မဟုတ်ပေ။

အနီးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် လူရွယ်တစ်ဦး တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူ၏ ဝတ်ရုံများမှာ အဖြူရောင်ဖြစ်ပြီး ချည်နှောင်မထားသော ဆံပင်များသည် ကျောပြင်ပေါ်သို့ ပြန့်ကျနေလေ၏။ သူ၏ မျက်နှာသွင်ပြင်မှာ အလွန်နူးညံ့လှသောကြောင့် အစပိုင်းတွင် လင်းတုန်းက မိန်းမတစ်ဦးဟုပင် ထင်မှတ်မှားသွားခဲ့သည်။ သူ၏ ဦးခေါင်းနောက်ဘက်တွင် အမည်းရောင် အလင်းကွင်းတစ်ခုကဲ့သို့ အရိပ်အပြားတစ်ခု လွင့်မျောနေခဲ့သည်။

လင်းတုန်း၏ အာရုံကို ပထမဆုံး ဖမ်းစားနိုင်သည့် အခြားသူများလည်း ရှိနေခဲ့သည်။ သို့သော် ဤလူကမူ လင်းတုန်း၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းကို သံလိုက်တစ်ခုကဲ့သို့ ဆွဲငင်နေခဲ့လေ၏။ သူသည် နက်နဲ၍ မှောင်မိုက်သော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် လင်းတုန်းသည် ထိုလူရွယ်၏ စိတ်ဝိညာဉ်ကို မထိတွေ့မိခင် သူ၏ အာရုံကို အမြန်ရုပ်သိမ်းလိုက်ရလေ၏။

ထိုသူသည် ယခုအခါ မျက်လုံးများကို မှိတ်ထားပြီး အသက်ရှူမှန်မှန်ဖြင့် စွမ်းအင်လှည့်ပတ်နေခဲ့သည်။ သို့သော် လင်းတုန်းကမူ အနည်းငယ်မျှ ထိတွေ့မိလိုက်လျှင်ပင် သူ့ကို နိုးသွားစေမည်ကို စိုးရိမ်နေခဲ့မိသည်။

ထိုကွက်လပ်၏ အခြားတစ်ဖက်အစွန်းဖြစ်သော ပူဖောင်း၏ အနားသတ်နှင့် သဲပြင်တို့ ထိစပ်နေသည့် နေရာတွင်မူ၊ ရွှေရောင် မာဒြာ များဖြင့် ဖွဲ့စည်းထားသော ဖြန့်ကြက်ထားသည့် နန်းတော်ငယ်လေးတစ်ခုက အလင်းရောင်အောက်တွင် တောက်ပနေခဲ့သည်။

တံခါးအဖြစ် အသုံးပြုထားသော ကန့်လန့်ကာရှေ့တွင် ရိုးရှင်းပြီး ပုံစံတူ အဖြူရောင် ကုတ်အင်္ကျီများကို ဝတ်ဆင်ထားသော အစေခံ နှစ်ဦးက သတိအနေအထားဖြင့် ရပ်နေကြလေ၏။ ထိုကန့်လန့်ကာနောက်မှ... သတ္တဝါတစ်ကောင်... ထွက်လာခဲ့ပြီး ၎င်းက နန်းတော်ထက်ပင် ပိုမိုတောက်ပနေခဲ့သည်။

သူမသည် နဂါးတစ်ကောင်နှင့် ပေါင်းစပ်ထားသော အမျိုးသမီးတစ်ဦးနှင့် တူနေသည်။ တစ်ကိုယ်လုံးတွင် ရွှေရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး လူတစ်ယောက်ထက် ဖွတ်မြွေတစ်ကောင်၏ မျက်နှာနှင့် ပိုမိုတူညီနေလေ၏။ သူမ၏ လည်ပင်းတွင် ကျောက်စိမ်း၊ ငွေနှင့် ပုလဲကုံးများကို အထပ်ထပ် ဆွဲထားလေသည်။ ထို့အပြင် ကျင့်ကြံသူ တစ်ဦး၏ ဝတ်ရုံကို ဝတ်ဆင်မထားဘဲ အရောင်စုံ ပိုးသားများကို သူမ၏ ကိုယ်ပေါ်တွင် ပတ်ရစ်ထားလေ၏။ လူသစ်များကို မြင်လိုက်ရသောအခါ သူမ၏ သားရေကဲ့သို့ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ကျယ်ပြန့်သွားခဲ့သည်။

ထို့နောက် သူမသည် တောက်ပနေသော ရွှေရောင် မာဒြာ တစ်စက်ကို သူမ၏ လက်သည်းများကြားတွင် ပေါ့ပေါ့ပါးပါးပင် ဖန်တီးပေါ်ထွက်လာစေခဲ့လေ၏။

လင်းတုန်းသည် မဟူရာ မီးတောက် ကို စတင် လှည့်ပတ်လိုက်သည်။ တစ်ကြိမ်တွင် သူသည် အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို အငိုက်ဖမ်းကာ ထိုလူ၏ လက်တစ်ဖက်ကို လောင်ကျွမ်းပစ်ခဲ့ဖူးလေ၏။ အကယ်၍ သူသာ သဲမြွေပွေး ဂိုကရန်ကို ထိုမျှလောက် အပြင်းအထန် ဒဏ်ရာရစေနိုင်ခဲ့လျှင်၊ ဤသူစိမ်းများကို တိုက်ခိုက်ရာတွင်လည်း အခွင့်အရေး ရနိုင်ပေသည်။ သူတို့က သူ့ကို အရင် သတိမထားမိသရွေ့ပေါ့။

သူ၏ အာရုံသည် ပိုမို သေစေနိုင်လောက်သော အန္တရာယ်တစ်ခုထံသို့ ဆွဲငင်ခံလိုက်ရသည်။ ၎င်းမှာ စွမ်းအင်လှည့်ပတ်နေသော လူနှင့် နဂါးအမျိုးသမီး နှစ်ဦးစလုံးနှင့် အလှမ်းကွာဝေးသော ဘယ်ဘက်ဆီမှ လင်းလက်လာသော အနီရောင် အလင်းတန်းတစ်ခုပင် ဖြစ်လေ၏။

ထိုအရောင်ကို သူ မှတ်မိနေသည်။ သူ၏ စိတ်ဝိညာဉ် ထဲမှ ထိုခံစားမှုကိုလည်း မှတ်မိနေခဲ့သည်။ ကြက်သွေးရောင် ပင်လယ်ထဲတွင် နစ်မြုပ်နေသော အလောင်းထောင်ပေါင်းများစွာ၏ ကြောက်မက်ဖွယ်ရာ ပုံရိပ်များပင် ဖြစ်လေ၏။

မိန်းမငယ်တစ်ဦး ရှေ့သို့ ထွက်လာခဲ့သည်။ သွေးအရိပ်သည် သူမကို ဝတ်ရုံတစ်ခုကဲ့သို့ ဖုံးလွှမ်းထားလေ၏။ သူမ၏ ဆံပင်များက မျက်လုံးများပေါ်သို့ ကျဆင်းနေပြီး သူမ၏ မျက်နှာထားကို ဖုံးကွယ်ထားသည်။ သို့သော် သူမ၏ ခြေထောက်များဆီမှ သွေး မာဒြာ များက ယိုစိမ့်ထွက်ကျနေပြီး သဲပြင်တစ်လျှောက် တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့လေ၏။

သူမသည် သူမ၏ စိတ်ဝိညာဉ် ကို ဖုံးကွယ်ထားရန် ဂရုမစိုက်ခဲ့ချေ။ ထို့ကြောင့် လင်းတုန်း၏ အာရုံထဲတွင် သူမသည် သွေးစွန်းနေသော မီးတိုင်တစ်ခုကဲ့သို့ တောက်လောင်နေခဲ့လေသည်။ သူမသည် သံသယဖြစ်ဖွယ်မရှိ အလွန်အားကောင်းသော အစစ်အမှန် ရွှေအဆင့် တစ်ယောက် ဖြစ်သည်။

သူမသည် လင်းတုန်းအား ရန်ဖေး သို့မဟုတ် ပိုင်ရိုကဲ့သို့သော ခံစားမှုကို ပေးစွမ်းနိုင်ပြီး၊ သူတို့ထက် အနည်းဆုံး ဆယ်နှစ်ခန့် ပိုငယ်ရွယ်ပုံရလေ၏။

ထို သွေးနီလဂိုဏ်း မှ အမျိုးသမီးပါဆိုလျှင် သုံးယောက်ရှိသွားပြီ ဖြစ်သည်။ သို့သော် အနီးအနားတွင် စတုတ္ထမြောက် ရှိနေသူတစ်ဦးလည်း ရှိနေသေးလေ၏။

သူသည် သူ၏ အာရုံကို ဖြန့်ကြက်လိုက်ရာ ညာဘက်ရှိ တဲအိမ်သေးသေးလေး တစ်လုံးကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ ထိုအရာသည် ရွှံ့နှင့် ခြောက်သွေ့နေသော မြက်ခြောက်စည်းများကို အကြမ်းဖျင်း ပုံဆောက်ထားသကဲ့သို့ ရှိလေ၏။ သို့သော် သူ၏ ပတ်ဝန်းကျင် မည်သည့်နေရာတွင်မျှ ထိုပစ္စည်းများကို သူမမြင်တွေ့ခဲ့ရချေ။

လင်းတုန်းနှင့် ရွယ်တူခန့်ရှိမည့် အခြား လူရွယ်တစ်ဦးသည် သင်္ချိုင်းထဲမှ တွားသွားထွက်လာသော အလောင်းကောင်တစ်ခုကဲ့သို့ တဲအိမ်၏ တံခါးပေါက်မှနေ၍ သူ့ကိုယ်သူ ဆွဲထုတ်လာခဲ့သည်။ သူ၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး တစ်ဝက်မျှသာ ပွင့်နေလေ၏။ သူ၏ မီးခိုးရောင် ဝတ်ရုံမှာလည်း အစွန်းအထင်းများနှင့် ညစ်ပတ်နေခဲ့သည်။ သူ၏ နဖူးပေါ်တွင် အစိမ်းရောင် ဦးချိုနှစ်ခုက အပေါ်သို့ ထောင်ထွက်နေလေ၏။

လင်းတုန်းသည် သူ၏ ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းဖြင့် ထိုလူ၏ စိတ်ဝိညာဉ်ကို မတော်တဆ ထိတွေ့မိသွားခဲ့သည်။ ထို့ကြောင့် သူ အမြန် ပြန်ရုပ်သိမ်းလိုက်လေ၏။ ထိုလူက သတိထားမိပုံ မရချေ။ သို့သော် သူ၏ အော်ရာ သည် တောင်တစ်တောင်၏ အမြစ်များကဲ့သို့ အားကောင်းပြီး တည်ငြိမ်နေသည်ကို ခံစားရလေ၏။

သူသည် ဤနေရာမှလွဲ၍ အခြားမည်သည့်နေရာတွင်မဆို ရှိနေချင်သည့်ဟန်ဖြင့် အခြေအနေကို လေ့လာလိုက်သည်။ လင်းတုန်း သိမြင်နိုင်သလောက် ထိုလူက မည်သည့်အရာမျှ လုပ်မထားခဲ့သော်လည်း၊ ရွှေရောင် အကြေးခွံများနှင့် အမျိုးသမီးသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်သွားခဲ့ပြီး သူ့ဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်လေ၏။ သွေးနီလဂိုဏ်း မှ ကောင်မလေးကမူ သူတို့အားလုံးကို စောင့်ကြည့်နေခဲ့သည်။

"မင်းတို့က ဘယ်သူတွေလဲ..."

ဦးချိုများနှင့် လူက စကိုင်းဆွန်းကို မောပန်းနွမ်းနယ်နေသော လေသံဖြင့် မေးလိုက်သည်။

ရန်ဖေးသည် သူမဘာသာ တီးတိုးရေရွတ်နေခဲ့သည်။

"ပိုင်ရို... နောက်က မလိုက်ခဲ့နဲ့၊ ငါ ထပ်ပြောမယ်၊ မင်းရဲ့ နေရာမှာပဲ နေပြီး စစ်ကူခေါ်လိုက်၊ ရန်သူတွေ အများကြီးပဲ၊ ငါတို့ ဆုတ်ခွာဖို့ ကြိုးစားမယ်..."

ထိုလူက သူမကို စကားလှမ်းပြောလိုက်သောအခါ သူမသည် ကိုယ်ကို မတ်လိုက်ပြီး လက်ကို သူမ၏ လက်နက်ဆီမှ သတိထား၍ ဖယ်ခွာလိုက်လေ၏။ သူမ၏ ခေါင်းပေါ်ရှိ အမည်းရောင် တိမ်တိုက်သည် လိမ့်ဆင်းလာပြီး တဝုန်းဝုန်း မြည်ဟည်းနေခဲ့သည်။

"ငါတို့က မဟူရာ မီးတောက် အင်ပါယာက စကိုင်းဆွန်း တွေပဲ..."

ရန်ဖေးက ကြေညာလိုက်သည်။

"သွေးဖီးနစ်ငှက် ဖြတ်သန်းသွားပြီးတဲ့နောက် ဒီအဆောက်အအုံဝန်းကျင်မှာ အနှောင့်အယှက်တွေ ရှိနေတယ်ဆိုတဲ့ သတင်းပို့ချက်တွေကြောင့် ငါတို့ လာရောက်စစ်ဆေးတာပဲ..."

***

All Chapters