အခန်း ၁၂၆၁
Vol. 85 Ch. 1261
အခန်း (၁၂၆၁) လုယန်ပြဿနာ
အားလုံးစိတ်ထဲ အတွေးတစ်ခုပါ်လာသည်။ တကယ်ကောင်းသည့် နည်းလမ်းဟုထင်ကြသည်။
သို့သော် ထိုကိစ္စကို ဆက်မပြောတော့။ အသေးအဖွဲကိစ္စအတွက် စည်းဝေးပွဲနှောင့်နှေး၍မဖြစ်။
ထို့နောက် စည်းဝေးပွဲက လွတ်လပ်သည့်ဆွေးနွေးပွဲအဖြစ် ဆက်သွားသည်။
စိတ်အေးလက်ေးရှိသည့် အခြေအနေတွင် ပွင့်လင်းစွာဆွေးနွေးခြင်းက ရလာဒ်ကောင်းများ ပိုထွက်နိုင်သည်ဟု ယုံကြည်သည်။
နေကြာစေ့စားရင်း လောကဖွင့်လျှင် ဖြစ်လာနိုင်သည့် ပြဿနာများကို ဆွေးနွေးကြသည်။ ရပ်၍စကားပြောနေလျှင် မသင့်တော်သဖြင့် မြက်ခင်းပေါ်တွင် ထိုင်ကြသည်။
ရွာအဝင်တံခါးဝမှ အဘိုးကြီးအဘွားကြီးများ၏ စကားဝိုင်းနှင့်တူနေသည်။
ဆွေးနွေးပြောဆိုသည့် ကိစ္စများကတော့ ပို၍ကြီးမားသည်။
"မှော်စက်ဝန်းဖွင့်ဖို့ ဘယ်လိုလုပ်ကြမလဲ။ အရင်အတိုင်း အပြည့်အဝပြန်ပြောင်းမလား။ ရှေးဟောင်းခေတ်ကလို တိုက်နယ်တွေကို ကြယ်ကမ္ဘာတွေဖြစ်အောင် ပြန်ဖန်တီးကြမလား"
ယန်ထန်ကမေးသည်။
တိုက်နယ်များကို ကြယ်ကမ္ဘာအဖြစ်ပြောင်းလျှင် ရှေးဟောင်းမသေမျိုးလေးယောက် ပူးပေါင်းဆောင်ရွက်စရာမလို။ ထိန်းချုပ်သူသခင်၏ ဉာဏ်အလင်းအရိယဖလက ထိုသို့လုပ်နိုင်သည်.
"ဒါတော့ မဖြစ်ဘူး။ လောကတစ်ခုလုံး ဖရိုဖရဲဖြစ်လာလိမ့်မယ်"
ကျန်းပင်ကန်း မျက်မှောင်ကျုံ့လျှက် စက္ကူထုပ်ကို နှိုက်သည်။ သို့သော် နေကြာစေ့များ ကုန်နေပြီဖြစ်သည်။
"ကျုပ်နေကြာစေ့နည်းနည်းထပ်သွားယူမယ်"
လုယန် ထွက်သွားသည်။ ပြန်လာချိန်တွင် နေကြာစေ့ပန်းကန်တစ်ချပ် မုန့်ပန်းကန်တစ်ချပ်နှင့် ကောင်းမည်ထင်သည့် သစ်သီးဖျော်ရည်ခွက်များ ပါလာသည်။
စကားဝိုင်းတွင် သူပြန်ထိုင်သည်။ နတ်မယ်က မကြာခဏ သူ့ခန္ဓာကိုယ်ကိုဝင်ထိန်းချုပ်၍ မုန့်တစ်ချို့ဝါးသည်။
"အလုံပိတ်သေတ္တာတစ်ခုလုံးကိုဖွင့်လိုက်ရင်ကောင်းမလား"
ယင်ထန်က လက်ဝါးပေါ်တွင် ကုဗတုံးပုံရိပ်တစ်ခုဖန်တီးသည်။ ထိုကုဗတုံး၏အနားများက အလယ်ပိုင်းတိုက်နယ်ကိုဗဟိုထား၍ ရေပြင်ညီကွင်းပြင်အဖြစ် ပွင့်သွားသည်။
"ဒီလိုပေါ့"
အောင်းလင်းက ခေါင်းခါသည်။
"မကောင်းဘူး။ နယ်စပ်ကလူတွေကြားမှာ နယ်မြေစည်းအမှတ်မှားစရာဖြစ်လာမယ်။ ပြီးတော့ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်နဲ့ ဗုဒ္ဓနိုင်ငံကလူတွေ နယ်မြေတိုက်ရိုက်ဖြတ်လို့ရသွားမယ်။
ဒီတော့ အလယ်ပိုင်းတိုက်နယ်ကို ဖြတ်ကူးချင်စိတ် ပေါ်လာကြလိမ့်မယ်"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ"
လောကပြန်ဖွင့်သည့်ကိစ္စက ပြဿနာတစ်ခုဖြစ်လာမည်ဟု ကိုးဆမသေမျိုး ထင်မထားခဲ့"
"ဝူလင်တိုက်နယ်ကိုပဲဖွင့်ရင်ရော ဘယ်လိုလဲ"
လုယန်က အကြံပြုသည်။
"အဖုံးတစ်ခုဖွင့်သလိုပေါ့။ ဝူလင်နယ်မြေမှာ လူမရှိတော့ လောကဖွင့်တဲ့ကိစ္စ ဘယ်သူမှမထိခိုက်နိုင်ဘူး"
"အကိုလုအကြံက ကောင်းတယ်"
ကျန်းလျန်ယိ ခေါင်းငြိမ့်ထောက်ခံသည်။ ချီလင်ဘေးသို့ မသိမသာရွှေ့နေသည့် ကျင်းချိုင်ဝေ၏ကျားမြီးကို အသာဆွဲထားသည်။
"ကျွန်မလည်း အကိုလုအကြံကို သဘောကျယ်"
ထိုသို့ပြောရင်း အောင်းလင်းကလည်း ကျင်းချိုင်ဝေ၏လက်ကို အသာဖိထားသည်။
နဂါးနှင့်ဖီးနစ် ပူးပေါင်းဖိနှိပ်မှုကြောင့် ခြေလက်များရုန်းကန်ရင်း အော်ချင်စိတ်ပေါက်သည်။ သို့သော် အရေးကြီးသည့်ကိစ္စ ဆွေးနွေးနေသည်ဖြစ်၍ အသံမထွက်ဘဲ ပါးစပ်ဟ၍သာ မကျေနပ်ကြောင်းပြရသည်။
သိပ်မကြာမီ အားလုံးက လုယန်၏အကြံကို တစ်ညီတစ်ညွတ် ထောက်ခံကြသည်။
ကိစ္စအတော်များများ သူတို့ဆွေးနွေးကြသည်။ အသေးစိတ်အချက်အလက်များကို သတ်မှတ်သည်။ အိမ်ပြန်ရောက်သည်နှင့် တာဝန်ကိုယ်စီဆောင်ရွက်ဖို့ ဆုံးဖြတ်ကြသည်။
ချင်ဟဲက စည်းဝေးပွဲမှတ်တမ်းတစ်ခုလုံးကို ဘေးမှ သေချာရေးချနေသည်။
လောကဖွင့်သည့်ကိစ္စသည် နောက်မျိုးဆက်များအတွက် အရေးကြီးသည့် သမိုင်းကြောင်းတစ်ခုဖြစ်လာမည်မှာ သေချာနေသည်။ အပြည့်အစုံမှတ်တမ်းမတင်လျှင် သမိုင်းရေးဝန်ကြီးဖြစ်သည့် သူ့လိုအပ်ချက်သာ ဖြစ်လာမည်။
"စည်းဝေးပွဲသိမ်းပြီ။ အားလုံးပြန်လို့ရပါပြီ"
လုယန် ကြေညာသည်။ တွေးမိသမျှကိစ္စအားလုံး ဆွေးနွေးပြီးဖြစ်သည်။ ဆွေးနွေးပွဲက သူထင်ထားသည်ထက် ပိုချောမွေ့ခဲ့သည်။
အားလုံးပြိုင်တူလက်ခုပ်တီးသည်။ ရယ်မောသံများ လေထဲတွင်လွင့်ပျံနေသည်။
စည်းဝေးပွဲပြီးသော်လည်း ဘယ်သူမှအလျင်စလို မပြန်ကြသေး။ ထိုသို့အတူဆုံဖြစ်ဖို့က လွယ်သည်မဟုတ်။
"ခင်ဗျားတို့လေးယောက် အလျင်မလိုရင် ကျုပ်တို့အင်ပါယာနန်းတော်ကို လိုက်လည်ပါလား"
ကျန်းပင်ကန်းက ဖိတ်ခေါ်သည်။ သူတို့ကျင့်စဉ်အဆင့်တွင် အဆင့်တူချင်းတွေ့ရဖို့ ခဲယဉ်းသည်။ ရှေးဟောင်းမသေမျိုးလေးယောက်နှင့် ကျင့်စဉ်အတွေးအမြင်ဖလှယ်ခွင့်ရလျှင် သူနှင့်မုန်ကျင်းဇီအတွက် များစွာအကျိုးရှိလာမည်။
"ဒါဆို မိတ်ဆွေကိုပဲ ဒုက္ခပေးရတော့မယ်"
ယင်ထန်တို့လေးယောက်က လက်ဆုပ်အရိုအသေပြုသည်။ သူတို့လည်း အဆင့်တူများနှင့် အတွေးအမြင်ဖလှယ်ချင်သည်။
အောင်းလင်းနှင့် ကျန်းလျန်ယိက ကျင်းချိုင်ဝေကိုခေါ်၍ အရှေ့ပင်လယ်သို့သွားသည်။ စည်းဝေးပွဲအတွင်း ဆုံးဖြတ်ခဲ့သည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်ဖို့ဖြစ်သည်။
ကျူးထန်တစ်ယောက်တည်း နတ်ဆိုးနိုင်ငံသို့ပြန်၍ စီမံစရာကိစ္စများကို စီမံသည်။
လုယန်က စုတ်တံရိုးကိုကိုက်၍ လောကဖွင့်သည့်ကိစ္စ ပြည်သူများနှင့် ကျင့်ကြံသူများ နားလည်လွယ်အောင် ဘယ်လိုသတင်းရေးရမည်ကို စဉ်းစားသည်။
........
ကောင်းကင်ဂိတ်တောင်ထိပ်။
လုယန် ယွမ်ကျိ၏ လှိုဏ်ဂူတံခါးကိုခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
ယွမ်ကျိစကားသံက လှိုဏ်ဂူထဲမှ လွင့်ပျံလာသည်။
လုယန် ဝင်သွားသည်။ လှိုဏ်ဂူက အတော်တိတ်ဆိတ်နေသည်။ ယွမ်ကျိ၏ စာရွက်တဖျတ်ဖျတ်လှန်နေသံသာ ကြားရသည်။
ယွမ်ကျိက တည်ငြိမ်သည့်မျက်လုံးဖြင့် မော့ကြည့်သည်။
"ကိစ္စရှိလို့လား"
လုယန် သွားဖြဲပြုံး၍ မျက်လှည့်ဆရာတစ်ယောက်ကဲ့သို့ နောက်ဘက်မှ သစ်သားသေတ္တာတစ်လုံးဆွဲထုတ်သည်။ သေတ္တာက လက်ရာမြောက်စွာဖန်တီးထားသည်။ ကျောက်မျက်မျိုးစုံစီချယ်ထားသည်။ ထည်ဝါမှုမရှိသော်လည်း အဓိပ္ပါယ်ရှိသည်။
"ဒါကဘာလဲ"
"အမယွမ်အတွက် လက်ဆောင်ပါ။ ကြည်လိုက်ပါလား"
ယွမ်ကျိ သေတ္တာကိုဖွင့်ကြည့်သည်။ သစ်သားလက်ဖက်ရည်သုံးပစ္စည်းများ ပေါ်လာသည်။ အစိတ်အပိုင်းအားလုံးကို အပြစ်အနာအဆာမရှိအောင် သေသေသပ်သပ်ပြုလုပ်ထားသည်။
"အမယွမ် လက်ဖက်ရည်ကြိုက်မှန်းသိလို့ ကျုပ်လက်ဆောင်ပေးတာပါ"
လုယန်က ရှက်ကိုးရှက်ကန်းဟန်ဖြင့်ပြောပြီး ယွမ်ကျိမျက်နှာကို အကဲခတ်နေသည်။
သို့သော် ခါတိုင်းလိုပင် ယွမ်ကျိအမူအရာက အပြောင်းအလဲမရှိ။ လက်ဆောင်ကို ကြိုက်မကြိုက် ခန့်မှန်းမရ။
"မင်းက ဒီလောက်ထိတောင် အပင်ပန်းခံထားတယ်ပေါ့"
ယွမ်ကျိက သေတ္တာအဖုံးကိုပိတ်၍ သိမ်းထားလိုက်သည်။
"ရှောင်ယန်၊ ဒါတော့မတရားဘူး။ ငါ့ကျတော့ တစ်ခါမှလက်ဆောင်မရဖူးဘူး"
နတ်မယ်က သိစိတ်နယ်မြေတွင် ခြေဆောင့်နေသည်။ အစက လုယန် ကျူးထန်ကို ထိုလက်ဖက်ရည်သုံးပစ္စည်းများ လုပ်ခိုင်းသည်မှာ ကိုယ့်အတွက်သုံးဖို့ဟု ထင်ခဲ့သည်။ ရှောင်ယွမ်အတွက်လက်ဆောင်ဖြစ်မည်ဟု ထင်မထား။
နတ်မယ်က မထင်မှတ်ဘဲ ဂျီတိုက်နေသဖြင့် လုယန် ဖျောင်းဖျရသည်။
"နတ်မယ်၊ ခင်ဗျားလည်း ဒါမျိုးတစ်ခုရမှာပါ။ သေချာပေါက်ရစေရမယ်"
"တကယ်လား"
နတ်မယ်က မသင်္ကာသည့်မျက်လုံးဖြင့် ကြည့်သည်။
လုယန် အထပ်ထပ်ခေါင်းငြိမ့်သည်။ သူ့မျက်နှာက လေးနက်တည်ကြည့်သည်။
"တကယ်ပါ နတ်မယ်။ ကျုပ်ခင်ဗျားကို ဘယ်တုန်းကလိမ်ဖူးလို့လဲ။ အချိန်မကျသေးလို့ပါ"
"ဟွန်း...နင်လိမ်ရဲမယ်လည်း ငါမထင်ပါဘူး"
နတ်မယ် လက်ပိုက်၍ နှာခေါင်းရှုံ့သည်။
"အမယွမ်၊ ကျုပ်သိစိတ်နယ်မြေကို ခဏဝင်ခဲ့ပါလား။ ကျုပ်မေးစရာတစ်ခုရှိလို့ပါ"
လုယန် ခေါင်းကုတ်၍ပြောသည်။ ဤရက်ပိုင်းအတွင်း ထိုမေးခွန်းက သူ့ခေါင်းထဲတဝဲလည်လည်ဖြစ်နေသည်။ မဖြေရှင်းနိုင်သေး။
လက်ဆောင်ယူလာသည်က အကြောင်းပြချက်သာဖြစ်သည်။
"ကောင်းပြီလေ"
ယွမ်ကျိသိပ်မတွေးတော့။ မူလဝိညာဉ်ကို ခန္ဓာကိုယ်မှခွဲထုတ်၍ အလင်းတန်းအသွင်ဖြင့် လုယန်၏သိစိတ်နယ်မြေထဲ ဝင်သွားသည်။
သိစိတ်နယ်မြေကို နတ်မယ်အပိုင်စီးထားသော်လည်း ထိုနေရာသည် လုယန်၏ကိုယ်ပိုင်မြေဖြစ်သည်။ သူ့ကို လုံခြုံမှုပေးသည့်နေရာဖြစ်သည်။
"မင်းက ဘာမေးချင်လို့လဲ"
လုယန်က ယွမ်ကျိကို အလေးအနက်ကြည့်၍ပြောသည်။
"အမယွမ်၊ တိုက်ပွဲမှာတုန်းက ယော်စိန့်ကပြောတယ်။ အချိန်ကြာလာရင် အမယွမ်က တာအိုနဲ့ တဖြေးဖြေးပေါင်းစပ်သွားမယ်ဆိုတာ တကယ်လား"
ယွမ်ကျိမျက်နှာက ခံစားချက်ကင်းမဲ့သည်။
"ဒါက မင်းသိသင့်တဲ့ကိစ္စမဟုတ်ဘူး"
ပုံမှန်ဆိုလျှင် လုယန် ထပ်မေးတော့မည်မဟုတ်။
သို့သော် ဤကိစ္စက အရေးကြီးသည်။ ထိုကိစ္စကို သူနားလည်မှဖြစ်မည်။
ထို့ကြောင့်လည်း သိစိတ်နယ်မြေတွင် မေးခြင်းဖြစ်သည်။
လုယန် ယွမ်ကျိမျက်လုံးကိုစိုက်ကြည့်ပြီး အရဲစွန့်၍ ထပ်မေးသည်။
"အမယွမ်၊ ယော်စိန့်ပြောတာ တကယ်အမှန်ပဲလား"
သူ့ဆရာတူမောင်လေး ဤတစ်ကြိမ် ထိုမျှခေါင်းမာမည်ဟု ယွမ်ကျိထင်မထား။ သို့သော် သူလိမ်ပြော၍မရ။ သူ့မျက်နှာ ထူးထူးခြားခြားပျော့ပြောင်းသွားသည်။ သူ့လေသံကလည်း ထူးထူးဆန်းဆန်း နူးညံ့လာသည်။
"ဟုတ်တယ်။ တစ်နေ့ကျရင် ငါက တာအိုနဲ့တစ်သားတည်းဖြစ်သွားမှာ"
**************************************