အခန်း ၁၂၆၄
Vol. 85 Ch. 1264
အခန်း (၁၂၆၄) လူဝင်စားအဓိပ္ပါယ်
လောကတစ်ခုလုံး မကြာခင်ဖွင့်တော့မည့် လောကမှော်စက်ဝန်းအတွက် ပျားပန်းခတ်မျှလှုပ်ရှားနေသည်။
လုယန်၏လှိုဏ်ဂူထဲတွင် တိတ်ဆိတ်နေသည်။ မြက်ဖျာပေါ်တွင်ထိုင်၍ ယွမ်ကျိကို ပေါင်းစပ်ခြင်းအခြေအနေမှ ရုန်းထွက်နိုင်အောင်ကူညီနိုင်မည့် အရိယဖလအမျိုးအစားကို စဉ်းစားနေသည်။
"နတ်မယ်၊ ခင်ဗျားမှာ အကြံတစ်ခုခုရှိလား"
နတ်မယ်က သူ့လောက်စိတ်မပူသည်ကို သူသတိထားမိသည်။ ခါတိုင်းလို ရွှင်လန်းတက်ကြွနေဆဲဖြစ်သည်။ စိတ်ထဲတွင် အကြံတစ်ခုရှိလောက်သည်။
"နည်းလမ်းတစ်ခုတော့ရှိပါတယ်"
လုယန်မျက်လုံးများ အရောင်တောက်လာသည်။ အရေးကြီးသည့်အချိန်များတွင် နတ်မယ်သည်တကယ်အားကိုးရသည်။
"ငါလွှမ်းခြုံခြင်းအဆင့်ရောက်ပြီးထဲထိစောင့်ပါ။ ပြီးရင် ငါမဖြေရှင်းနိုင်တဲ့အဆင့်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ရှောင်ယွမ်ကိစ္စကို လွယ်လွယ်လေးဖြေရှင်းနိုင်မှာပါ"
လုယန် "..."
(**လွှမ်းခြုံခြင်းဆိုသည်မှာ 'အားလုံးသိခြင်း'ကိုဆိုလိုပါသည်။ လွန်မြောက်ခြင်းအဆင့်သည် ကံကြမ္မာနှောင်ကြိုးအားလုံးဖြတ်တောက်ပြီး သူ့အကြောင်း 'ဘယ်သူမှမသိနိုင်'တော့ခြင်းဖြစ်သည်။ (ပဲပြာအရှင်လို)
ပေါင်းစပ်ခြင်းအဆင့်သည် လောကတစ်ခုလုံးနှင့် 'သဟဇာတဖြစ်ခြင်း'ကိုဆိုလိုသည်)
ပြန်စဉ်းစားကြည့်လျှင် နတ်မယ်ကိုယုံကြည်ရသည့်အချိန်က အတော်ရှားကြောင်း သူနားလည်လာသည်။ ကိုယ့်ကိုယ်ကို အားကိုးသည်က ပိုကောင်းသည်။
သူဆန္ဒရှိလျှင် ထာဝရအရိယဖလသန္ဓေကို အချိန်မရွေးတည်ဆောက်နိုင်သည်။ စွမ်းအားအကြီးဆုံး မသေမျိုးတစ်ဝက်ဖြစ်လာမည်။
သို့သော် ထာဝရအရိယဖလသည် သူ့လမ်းကြောင်းမဟုတ်။
ရှိပြီးသား တစ်ခြားအရိယဖလများဖြစ်သည့် ယင်ယန်အရိယဖလသန္ဓေ၊ လေဟာနယ်အရိယဖလသန္ဓေတို့သည်လည်း သူကြိုးစားအားထုတ်လျှင် တည်ဆောက်နိုင်သည်။ သို့သော် အမယွမ်ပြဿနာကို မဖြေရှင်းနိုင်။
"အရိယဖလသန္ဓေအမျိုးမျိုးကို လေ့လာကြည့်ရင် အတွေးအမြင်သစ်ရလာနိုင်တယ်"
လုယန် စဉ်းစားသည်။ များများလေ့လာသုံးသပ်မှ အတွေးအမြင်သစ်ရမည်ဟု ယုံကြည်သည်။
ထာဝရအရိယဖလသန္ဓေနှင့် သူအတော်ရင်းနှီးသည်။ နောက်ထပ်လေ့လာစရာမလိုတော့။ အကြီးအကဲအောင်းလင်းဆီသွားလည်ရမည်ထင်သည်။
ရုတ်တရက် သူအတွေးရပ်သွားသည်။ သူ့ဘေးနားတွင် နောက်ထပ်အရိယဖလသန္ဓေတစ်မျိုးရှိသည်။
ချင်ဖုန်းဓားထဲမှ သစ်ပင်ပေါက်နှင့်လူဝင်စားအရိယဖလကို ဆွဲထုတ်လိုက်သည်။
ချီလင်လူဝင်စားအရိယဖလသန္ဓေကိုရပြီးနောက် နတ်မယ်က စိတ်ဝင်စားသဖြင့် သူ့ဘာသာသိမ်းထားလိုက်သည်။ ချီလင်ကိုပြန်မပေးရသေး။
လူဝင်စားအရိယဖလသန္ဓေ လုယန်လက်ထဲသို့ ရောက်လာသည်။ အဖြစ်အပျက်များ ဆက်တိုက်ကြုံနေသဖြင့် ယခုထိ သူ့လက်ထဲတွင်သာ ရှိသေးသည်။
..ညီလေးလီကိုယ်ထဲမှာရှိနေတာ ဒါများလား...
လုယန် မျက်လုံးဖြေးညှင်းစွာမှိတ်လိုက်သည်။ အသက်ရှူနှုန်းထိန်းညှိသည်။ သိစိတ်အာရုံကိုရှင်းလင်းသည်။ သမာဓိထူထောင်သည့်အဆင့်သို့ရောက်သည်။
လောကတစ်ခုလုံး အမှောင်ကျသလိုဖြစ်လာသည်။ သစ်ပင်ပေါ်မှလူဝင်စားအရိယဖလသာ ကျန်နေသည်။
လုယန်စိတ်ထဲ မှတ်ဉာဏ်များစွာပေါ်လာသည်။ အဆုံးအစမရှိ မရပ်မနားဆက်ဖြစ်နေသည်။ ကူးဖြတ်ခြင်းအဆင့်အတွေ့အကြုံများ...လေဟာနယ်အဆင့်အတွေ့အကြုံများ...ထို့နောက် ဝိညာဉ်ပြောင်းအဆင့်...ရွှေသန္ဓေအဆင့်...အခြေတည်အဆင့်...ချီအဆင့်..တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်ခြင်း။ ထို့နောက် ဝိညာဉ်ပြောင်းမလာမီက အဖြစ်များ။
တဖြးဖြေးအမှောင်လောကကြီးက အလင်းမျှင်များပေါ်လာသည်။ အစပိုင်းတွင် ရှုပ်ထွေးနေသည်။ ဘာကိုမှခွဲခြားမရ။ သို့သော် အတိတ်ဘဝအကြောင်းစဉ်းစားချိန်တွင် ထိုရှုပ်ထွေးသည့် အလင်းမျှင်များက ပုံသဏ္ဌာန်ပေါ်လာသည်။ အတိတ်လုယန်၏ပုံရိပ်ပေါ်လာသည်။
အမှောင်လောက ကြေမွပျက်စီးသွားသည်။ လုယန် ဖျတ်ခနဲမျက်လုံးပွင့်လာသည်။ အသက်ကိုမောပန်းစွာရှူရှိုက်လိုက်ရသည်။ အချိန်ကြာမြင့်စွာမရပ်မနားပြေးလွှားပြီးမှ အသက်ရှူခွင့်ရလိုက်သလို ဖြစ်နေသည်။ မောပန်းနွမ်းနယ်နေသည်။
"ရှောင်ယန်၊ နင်အဆင်ပြေရဲ့လား"
နတ်မယ်က စိတ်ပူပန်စွာမေးသည်။ လုယန်ကို သူအနီးကပ်စောင့်ကြည့်နေခဲ့သည်။
လုယန် လက်တစ်ဘက်ဝှေ့ယမ်း၍ စိုးရိမ်ဖို့မလိုကြောင်း အချက်ပြသည်။ စကားမပြောနိုင်လောက်အောင် မောပန်းနေဆဲဖြစ်သည်။
ပုံမှန်ပြန်ဖြစ်ဖို့ အချိန်အတော်ယူလိုက်ရသည်။ သူကြုံခဲ့ရသည့်အဖြစ်အပျက်များကို ပြန်ပြောပြသည်။
"ကျုပ်အဆင်ပြေရုံတင်မဟုတ်ဘူး။ ဒီလူဝင်စားအရိယဖလသန္ဓေနဲ့ပါ ချိတ်ဆက်မိသွားတာ။ ဒါကိုပိုင်ဆိုင်ဖို့ဆို ကျုပ်အတွေးတစ်ချက်ပဲလိုတယ်"
"ဒါဆိုအခု နင်က လူဝင်စားအရိယဖလသန္ဓေကို ကျွမ်းကျင်ပြီပေါ့"
နတ်မယ် အံ့အားသင့်သွားသည်။ လုယန်ကျွမ်းကျင်သည်က မြန်လွန်းနေသည်။
လုယန် သုံးသပ်သည်။ ထိုမျှမြန်မြန်ကျွမ်းကျင်သည်မှာ အတွေးအမြင်သက်သက်ကြောင့် မဖြစ်နိုင်။
"ဒါက အလုံပိတ်လောကအပြင်ဘက်က ကျုပ်အတွေ့အကြုံတွေနဲ့ ဆက်စပ်နေတာဖြစ်မယ်။ အပြင်ဘက်မှာ တစ်ခါသေပြီး လူဝင်စားသံသရာကို ကြုံခဲ့ရတယ်။ ဒါကြောင့် မထင်မှတ်ဘဲ ဒီအရိယဖလသန္ဓေရဲ့ သဘာဝနဲ့ ကိုက်ညီသွားတာဖြစ်မယ်"
"နင်က လူဝင်စားအရိယဖလသန္ဓေပိုင်တဲ့ မသေမျိုးတစ်ဝက်ဖြစ်ချင်တာလား"
လုယန်ခေါင်းခါသည်။ လူဝင်စားအရိယဖလသန္ဓေကိုပိုင်ဆိုင်လျှင် သေဆုံးပြီးလျှင် နောက်တစ်ဘဝ ပြန်ဝင်စားနိုင်ရုံသာဖြစ်သည်။ သူလိုချင်သည့် အကျိုးကျေးဇူးမျိုးမဟုတ်။
သို့သော် ခန့်မှန်းချက်တစ်ခုတော့ရှိသည်။ လူဝင်စားအရိယဖလသန္ဓေသည် သူ့မသေမျိုးတစ်ဝက်ဖြစ်လာဖို့နှင့် တစ်ခုခုဆက်စပ်နေသည်ဟု ခံစားရသည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်ဆယ်ရက် ကုန်လွန်သွားသည်။ လုယန်၏လှိုဏ်ဂူတံခါးပွင့်သွားသည်။ တံခါးရှေ့ သစ်ပင်ကြီးနှစ်ပင်ကြားတွင် လွှဲပုခက်တစ်ခုဆွဲထားသည်။ ထိုပုခက်ပေါ်တွင် ယွမ်မုန်မုန် အိပ်ပျော်နေသည်။
တံခါးပွင့်သည်နှင့် ပုခက်ကိုလွှဲယမ်းပြီး လုယန်ရှေ့သို့ခုန်ဆင်းလာသည်။
"ဒုခေါင်းဆောင်၊ တံခါးပိတ်ကျင့်တာ ပြီးသွားပြီလား"
လုယန် ခေါင်းခါသည်။
"ပင်ပန်းလို့ ခဏနားဖို့ထွက်လာတာပါ"
"အဲ၊ ကျင့်စဉ်ဝင်ရင်းလည်း အနားယူလို့ရတယ်ပေါ့"
ယွမ်မုန်မုန်က တံခါမှတံခါးပိတ်ကျင့်စဉ်မဝင်ခဲ့ဖူး။ ထိုကိစ္စများကို သူနားမလည်။
"ညီမမုန်မုန်၊ ငါနဲ့အတူ ဂိုဏ်းထဲကို လမ်းလျှောက်လိုက်ခဲ့မလား"
"လိုက်မယ်လေ"
နှစ်ယောက်သား တောင်ပေါ်မှဆင်းလာချိန်တွင် လုယန်အံ့အားသင့်သွားသည်။ ဂိုဏ်းအခြေအနေက သာမန်ရက်များထက် ထူးထူးခြားခြားခြောက်ကပ်နေသည်။
"ဂိုဏ်းကလူတွေ ဘယ်မှာလဲ"
ယွမ်မုန်မုန် ဂိုဏ်းဂိတ်တံခါးဆီ လက်ညှိုးထိုးပြသည်။
"ဒီနေ့ကငါတို့ တပည့်သစ်စုစည်းတဲ့နေ့လေ။ အားလုံးက စမ်းသပ်ပွဲကြီးကြပ်ဖို့ သွားကြတယ်"
"ဪ၊ ဒုတိယလ ဒုတိယနေ့ ရောက်ပြန်ပြီလား"
လုယန် နည်းနည်းငေးငိုင်သွားသည်။ အရင်က သူဘာမှမသိနားမလည်သည့်အချိန်တွင် လောင်မုန်၏မြင်းရထားကိုစီး၍ အမယွမ်ရှေ့တွင် စမ်းသပ်ပွဲ၌ လှည့်စားဖို့ကိစ္စ ဆွေးနွေးခဲ့သည်ကို ပြန်သတိရလာသည်။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သည်။
ဂိတ်တံခါးသို့ရောက်ချိန်တွင် ပထမဆုံး ဝိညာဉ်မြစ်စမ်းသပ်ချက် စတင်နေသည်။ အရင်အတိုင်းပင်ဖြစ်သည်။ အကိုတိုင်က ရှေ့တွင်ထိုင်၍ စမ်းသပ်နေသည်။
လုယန်တို့အချိန်ကနှင့် တစ်ခုတည်းသောကွာခြားချက်က ဂိုဏ်းဝင်ခွင့်လျှောက်သည့် လူငယ်အရေအတွက် အရင်ထက် နှစ်ဆတိုးလာခြင်းဖြစ်သည်။
"ဟိုမှာကြည့်ဦး။ အဲဒါလုယန်လား"
တန်းစီနေသည့်လူငယ်တစ်ယောက်က လုယန်ကို လက်ညှိုးထိုးပြသည်။
အတိအကျပြောရလျှင် တာအိုလမ်းစဉ်ဂိုဏ်းသို့ လူပေါင်းများစွာရောက်လာခြင်းမှာ လုယန်နှင့်မုန်ကျင်းကျိုး၏ နာမည်ဂုဏ်သတင်းကြောင့်ဖြစ်သည်။
ထိုပါရမီရှင်နှစ်ယောက်က ကျော်ကြားသည်။ အသက်ငယ်သော်လည်း သက်ကြီးပိုင်းကူးဖြတ်ခြင်းကျင့်ကြံသူအတော်များများထက် အတွေ့အကြုံပိုစုံသည်။
"ဘယ်မှာလဲ၊ ဘယ်မှာလဲ"
"ဟိုဝါးတောအစပ်မှာလေ။ ကြည့်လိုက်ဦး"
"ဟုတ်တယ်၊ အဲဒါသူပဲ"
"လုယန်ဘေးမှာရပ်နေတာ ဘယ်သူလဲ။ လှလိုက်တာ။ သူ့အကြောင်း ငါတို့တစ်ခါမှမကြားဖူးပါလား"
"ငါလည်းမသိဘူး"
အစောပိုင်းက အစီအစဉ်တကျ တန်းစီနေသည့် လူငယ်များ နည်းနည်းမငြိမ်သက်ဖြစ်လာသည်။ လုယန်ကို ချက်ချင်းအာရုံစိုက်လာကြသည်။ အကိုတိုင်က သေချာတန်းစီကြဖို့ ညွှန်ကြားရင်း လုယန်ဘက်သို့ခေါင်းလှည့်၍ စိုက်ကြည့်သည်။
ဘာအမှားမှမလုပ်ထားသော်လည်း လုယန် အပြစ်ရှိသလို ခံစားရသဖြင့် လူငယ်များမမြင်နိုင်သည့် ဝါးတောထဲသို့ ပြန်သွားရသည်။
"အကို"
"အကိုလု"
"ညီမထောင်၊ ညီလေးလီ၊ မင်းတို့လည်း ဝင်ခွင့်စမ်းသပ်ပွဲကို ကြီးကြပ်နေကြတာလား"
"ဟုတ်တယ်။ အကိုတိုင်ကပြောတယ်။ စိတ်ချရတဲ့ အကူအညီလိုနေတဲ့။ ဒါကြောင့် ကျုပ်တို့ကိုခေါ်ထားတာ"
လီဟော်ရန်က ပြုံး၍ပြောသည်။
"အကိုလု၊ မတွေ့ဖြစ်တာတောင် အတော်ကြာပြီနော်"
ထောင်ယော်ယဲ့ မကျေမနပ်လေသံစွက်၍ပြောသည်။ အထူးသဖြင့် ယွမ်မုန်မုန်ကို လုယန်နှင့်အနီးကပ်မြင်ရသောကြောင့်ဖြစ်သည်။
"အခုရက်ပိုင်း ငါအတော်အလုပ်များနေတယ်။ တကယ်အချိန်မရှိလို့ပါ"
လုယန် နည်းနည်းအားနာသွားသည်။
စကားပြောနေကြရင်း လုယန်အကြည့်က စမ်းသပ်ပွဲဝင်နေသည့် လူတန်းဆီ မကြာခဏရောက်သည်။
ထိုအဖြစ်ကို ထောင်ယော်ယဲ့က သတိထားမိသည်။
"ကျွန်မတို့ စမ်းသပ်ပွဲဝင်ခဲ့တဲ့အချိန်ကို ပြန်သတိရတယ်နော်"
"ဟုတ်တယ်"
လီဟော်ရန်လည်း ထိုခံစားချက်မျိုးရှိနေသည်။
တစ်ချိန်က သူတို့အားလုံး မထင်မရှားလူများသာဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ ယခုသူတို့အားလုံး လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားသူများ ဖြစ်လာသည်။
ထိုနှစ်ယောက်ပြောသည့်စကားကြောင့် လုယန် မင်သက်မိသွားသည်။ စိတ်ကူးတစ်ခုရလာသည်။ လူဝင်စားသံသရာအကြောင်း သူသိထားသည့်အမြင်က ကျဉ်မြောင်းလွန်းနေကြောင်း နားလည်လာသည်။
လီဟော်ရန်အဖြစ်နှင့်နှိုင်းယှဉ်၍ ဝိညာဉ်ပြောင်းသည့်အဖြစ်ကိုသာ သံသရာဟု သူတွေးခဲ့သည်။
ဆင်တူသည့်အဖြစ်များ ထပ်တလဲလဲဖြစ်နေသည်ကလည်း သံသရာတစ်မျိုးပင်မဟုတ်လော။
****************************************