အခန်း ၁၂၆၆
Vol. 85 Ch. 1266
အခန်း (၁၂၆၆) ဇစ်မြစ်
"ဇစ်မြစ်အရိယဖလသန္ဓေတဲ့လား"
နတ်မယ် တွေးမရဟန်ဖြင့် အထပ်ထပ်ပြောနေသည်။
"ဇစ်မြစ်ကို ခြေရာခံပြီး စမှတ်ကိုပြန်သွားတာပါ"
လုယန်ရှင်းပြသော်လည်း နတ်မယ် နားမလည်သေး။
"ဒါက ဘယ်လိုသုံးရတာလဲ"
လုယန် ခပ်ညှင်းညှင်းရယ်သည်။
"ခဏစောင့်ပါ။ စမ်းသပ်လေ့ကျင့်ဖို့ လူတစ်ယောက်ရှာလိုက်မယ်။ ဒါဆို ခင်ဗျားသဘောပေါက်လာမှာပါ"
လုယန် အကြာတစ်ချက်ဆန့််လိုက်သည်။ အရိယဖလသန္ဓေတည်ဆောက်ရင်း အချိန်ဘယ်လောက်ကုန်သွားသည်မသိ။ ကျင့်စဉ်ဝင်ချိန် ဘယ်လောက်ကြာခဲ့သည်မသိ။ အချိန်ကြာသည်ကတော့ သေချာသည်။ တစ်ကိုယ်လုံးတောင့်တင်းနေသည်။
လှိုဏ်ဂူထဲမှ သူထွက်လိုက်သည်။ မနက်ခင်းနေရောင်ခြည်က တောက်ပနေသည်။
"ဘာလို့ဒီမှာ ဆေးပင်တွေအများကြီးရှိနေတာလဲ"
လုယန် အံ့အားသင့်သွားသည်။ ဆေးစိုက်ခင်းများက တောင်ထိပ်မှ တောင်ခြေအထိ တစ်မျှော်တစ်ခေါ််ရှိနေသည်။ ထိပ်တန်းဝိညာဉ်ကျောက်ဖြင့်ပင် ဝယ်မရနိုင်သည့် သက်တမ်းရင့်ဆေးပင်များဖြစ်သည်။ ဆေးပင်တိုင်းက အပြင်လောကသို့ရောက်လျှင် စုစည်းခြင်းဆင့်များ အရူးတစ်ပိုင်းဖြစ်သွားလိမ့်မည်။
သူ့ကျင့်စဉ်ဝင်နေသည်မှာ ဘယ်လောက်ကြာပြီမသိ။ ကောင်းကင်ဂိတ်တောင်ထိပ်က ဆေးစိုက်ခင်းအဖြစ် ဘယ်လိုပြောင်းလဲသွားသည်မသိ။
ယွမ်မုန်မုန်က မြက်ဦးထုပ်ဆောင်းထားသည်။ လက်ထဲတွင် ကျောက်စိမ်းပုလင်းကိုင်၍ သစ်ရွက်ထိပ်ဖျားမှလိမ့်ကျလာသည်။ နှင်းစက်များကို စုစည်းနေသည်။
"ဒုခေါင်းဆောင်။ တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား"
ယွမ်မုန်မုန်က ကျောက်စိမ်းပုလင်းကိုင်ရင်း ဆေးစိုက်ခင်းကိုဖြတ်၍ လုယန်ဆီပြေးလာသည်။
"ငါအခုမှစုထားတဲ့ နှင်းရည်လေး သောက်ကြည့်ပါ"
"နှင်းရည်..."
"သိပ်မကြာသေးခင်ကမှ ငါသိထားတာ။ မနက်ခင်းနှင်းရည်က စိတ်ကိုကြည်လင်လန်းဆန်းစေတယ်"
လုယန် တွေးရခက်သွားသည်။
"ဘာလို့ မှော်ပညာနဲ့ မစုစည်းတာလဲ"
နှင်းရည်များကို ကျောက်စိမ်းပုလင်းဖြင့် တစ်စက်ချင်းစုရသည်က အလွန်ဒုက္ခများသလိုရှိသည်။ မှော်ပညာတစ်ခုသုံးလျှင် သုံးလေးပုလင်း ချက်ချင်းစုစည်းနိုင်သည်။
"ဒါက ဘဝနေထိုင်မှုလို့ခေါ်တယ်"
လုယန်ခေါင်းငြိမ့်၍ နားလည်ချင်ယောင်ဆောင်သည်။ နားမလည်သော်လည်း အယူအဆကို လေးစားသည်။
နှင်းရည်တစ်ငုံသောက်လိုက်သည်။ စိတ်ကြောင့်လား အရသာစစ်လားတော့မသိ။ အတော်ထူးခြားသည်။
"တကယ်လန်းဆန်းသွားတာပဲ"
"ဟုတ်လား"
"ဒီဆေးစိုက်ခင်းက ဘယ်လိုဖြစ်လာတာလဲ။ ဂိုဏ်းရဲ့ဆေးစိုက်ခင်းကို နေရာရွှေ့လာတာလား"
"ချက်ဖို့ပြုတ်ဖို့ ဆေးစိုက်ခင်းသွားသွားပြီး ဆေးပင်တွေခူးနေရတာ ဒုက္ခများလို့လေ။ ချင်ဟဲနဲ့ငါ ဒီတောင်ပေါ်မျာ ဆေးပင်တစ်ချို့စိုက်ထားတာ။
အပင်တွေက မယုံနိုင်လောက်အောင် အကြီးမြန်တယ်။ တစ်နှစ်သားဆေးပင်တွေက ဆယ်နှစ်သားအရွယ်လောက် ကြီးလာတယ်။
ငါက ထာဝရအရိဖလသန္ဓေပိုင်ပြီး သူက သက်ရှည်အရိယဖလသန္ဓေပိုင်ထားလို့ ဒီလိုဖြစ်တာလို့ပြောတယ်။ ဒီအရိယဖလသန္ဓေနှစ်ခုလုံးက ဆေးပင်တွေရဲ့ကြီးထွားနှုန်းကို မြှင့်တင်ပေးနိုင်တယ်"
နတ်မယ်၏ ထာဝရအရိယဖလက ဆေးဘုရင်လေးများအပေါ် ဘယ်လောက်ဆွဲဆောင်နိုင်စွမ်းရှိသည်ကို ပြန်တွေးမိသည်။
"အဲ..ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်။ ဟိုနားကိုသွားရအောင်။ ကောင်းတာလေးတစ်ခုရှိတယ်"
ကိစ္စတစ်ခုကို ယွမ်မုန်မုန် ရုတ်တရက် သတိရလာသည်။ လုယန်ကို တောင်ခါးလယ်ဆီ ဆွဲခေါ်၍ဆင်းသွားသည်။ တောင်ခါးလတ်သို့ရောက်ချိန်တွင် အနီရောင်အပြာရောင်မြင်ကွင်းများက ဆီးကြိုနေသည်။
ပန်းပွင့်များက ကောင်းကင်ဂိတ်တောင်တန်းတစ်ခုလုံး ဖုံးလွှမ်းနေသည်။ တကယ်စွဲမက်စရာမြင်ကွင်းဖြစ်သည်။
"ဒါကဘာလဲ"
"ဒုခေါင်းဆောင် တံခါးပိတ်ကျင့်တာ ထွက်လာရင် ဂုဏ်ပြုဖို့လေ။ အတော်လှတယ်မဟုတ်လား"
"ဒါက ချင်ဟဲနဲ့ငါ စိတ်ကူးမိတဲ့အကြံပါ။ တောင်ခြေကနေ တောင်ထိပ်အထိ ပန်းပွင့်တဲ့ရာသီ ဆယ့်နှစ်ခုခွဲထားတယ်။ ပထမဆုံးလမှာ တောင်ခြေကဆေးပင်တွေ ပန်းပွင့်တယ်။ အဲလိုနဲ့နောက်ဆုံးလမှာ တောင်ထိပ်ထိရောက်လာတယ်။
ဒီတော့ ဒုခေါင်းဆောင် ဘယ်အချိန်ပဲ တံခါးပိတ်ကျင့်ရာကထွက်လာလာ ပန်းပွင့်တွေကို မြင်ရမယ်လေ"
ယွမ်မုန်မုန်က အပြစ်ကင်းသည့်အပြုံးဖြင့် ရှင်းပြသည်။
နတ်မယ် ပျံထွက်လာပြီး ပုံမှန်လေသံဖြင့် မှတ်ချက်ပေးသည်။
"လှတယ်တဲ့လား။ ဒါက ရှောင်ယန်အတွက် အထူးသီးသန့်ပေါ့"
ယွမ်မုန်မုန် ပြန်စဉ်းစားပြီးဖြေသည်။
"ခေါင်းဆောင်အတွက်ရောပေါ့။ ဒုခေါင်းဆာင် တံခါးပိတ်ကျင့်နေချိန်အတွင်းမှာ ခေါင်းဆောင်ကလည်း အပင်ပန်းခံပြီး အဖော်ပြုပေးခဲ့ရတာလေ"
"ဟွန်း၊ ငါမသေမျိုးလည်းပင်ပန်းမှန်း နင်သိရင်ပြီးတာပဲ"
နတ်မယ်အပြုအမူက နည်းနည်းထူးဆန်းသလို ယွမ်မုန်မုန်ခံစားရသည်။ သို့သော် ထပ်မတွေးတော့။
"ဒုခေါင်းဆောင်၊ နင်ဒီလောက်အကြာကြီး တံခါးပိတ်ကျင့်ခဲ့တာဆိုတော့ အခုပြီးသွားပြီလား"
"ပြီးပြီလေ"
"နင်က အရိယဖလသန္ဓေတစ်ခု တည်ဆောက်ထားတာပဲ။ အဲဒါဘယ်လိုသုံးတာလဲ"
ယွမ်မုန်မုန် အတော်စိတ်ဝင်စားလာပြီး မျက်လုံးများ အရောင်တောက်လာသည်။
လုယန် နည်းနည်းတုံ့ဆိုင်းသွားသည်။ ယွမ်မုန်မုန်ကိုစမ်းသပ်ဖို့ သူအားနာသည်။
"လောင်မုန်ကို သွားရှာပြီး စမ်းကြည့်တာပေါ့"
လမ်းတွင် လုယန်ကမေးသည်။
"အမချင်ဟဲမရှိဘူးလား"
"နတ်ဆိုးနယ်မြေရဲ့ ဖန်တီးခြင်းရှေးဟောင်းလျှို့ဝှက်မြေမှာ မျိုးတုန်းပျောက်ကွယ်ခဲ့တဲ့ ဆေးပင်တွေအများကြီးရှိတယ်တဲ့။ ဒီမှာဆေးပင်အမျိုးအစားမစုံသေးလို့ ဆေးပင်သွားရှာတယ်"
ဖန်တီးခြင်းရှေးဟောင်းမြေသည် တစ်ချိန်က ကျန်းလျန်ယိ အိပ်စက်ခဲ့သည့်နေရာဖြစ်သည်။ ရှေးဟောင်းဆေးပင်များစွာရှိသည်။ လုယန်လည်း ဆေးပင်နည်းနည်းယူဖို့ စဉ်းစားခဲ့သည်။
သို့သော် ဆေးပင်များက နူးညံ့လွန်းသည်။ အပြင်ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်မည်မဟုတ်။
ချင်ဟဲက အပြင်လောကတွင် ရှင်သန်အောင် စိုက်ပျိုးနိုင်သည့် နည်းလမ်းတစ်ခုရှိထားပုံရသည်။
ထာဝရမျိုးဆက်အဖွဲ့ဝင်များ မုန်ကျင်းကျိုးလှိုဏ်ဂူသို့ ရောက်လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် တံခါးပိတ်ကျင့်ရာမှ အကြောဆန့်၍ အပြင်ထွက်လာသည့် မုန်ကျင်းကျိုးကိုတွေ့သည်။
"လောင်မုန်၊ ကျင့်စဉ်ထွက်လာပြီလား။ အဆင့်တက်သွားပြီလား"
ကျင့်စဉ်အဆင့်ကို ဝိညာဉ်အာရုံဖြင့် အာရုံခံစရာမလို။ လောင်မုန်၏ ဝင့်ကြွားသည့်အမူအရာကိုကြည့်ရုံဖြင့် အဆင့်တက်သွားပြီဖြစ်ကြောင်း သိနိုင်သည်။
"ဘာရယ်မဟုတ်ပါဘူး။ ကူးဖြတ်ခြင်းအလတ်တန်းဆင့်လေးပါပဲ"
မုန်ကျင်းကျိုးက သိပ်အရေးမကြီးသည့်လေသံဖြင့် ပြောသည်။ လုယန်၏ဝင့်ကြွားသည့် အမူအရာကိုလည်း သူရိပ်မိသည်။
"မင်လည်း အဆင့်တက်ပြီလား"
"မသေမျိုးတစ်ဝက်အဆင့်လေးပါပဲ။ ဘာရယ်ဟုတ်ပါဘူး"
"မင်းတကယ်အောင်မြင်သွားပြီပေါ့"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ သူကျင့်စဉ်မဝင်မီက လုယန် တစ်လောကလုံးပတ်၍ အရိယဖလသန္ဓေတည်ဆောက်ဖို့ ဗဟုသုတများ ရှာဖွေနေကြောင်း ကြားခဲ့ရသည်။
ထင်မထားဘဲ လုယန်က ကူးဖြတ်ခြင်းအလတ်တန်းဆင့် မသေမျိုးတစ်ဝက်အဖြစ် ပြန်ထွက်လာသည်။
"တစ်နေရာရာမှာ လက်ရည်ယှဉ်ကြမလား"
"လုပ်လိုက်လေ"
နှစ်ယောက်လုံးက အဆင့်တက်ထားသူများဖြစ်၍ လက်ရှိစွမ်းရည်ကို စမ်းသပ်လိုကြသည်။
ဂိုဏ်းအတွင်းပိုင်း လူမရှိသည့်နေရာတစ်ခု ရွေးချယ်သည်။ ယွမ်မုန်မုန်က သစ်ပင်တစ်ပင်ပေါ်မှ တိုက်ပွဲကြည့်သည်။
"ရှင်းအောင်ပြောထားမယ်နော်။ ငါတို့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ ယှဉ်ကြမယ်။ မင်းလည်း အရိပ်တုလက်သီး မသုံးရဘူး။ ငါလည်း ဘိုးဘေးဆီက စွမ်းအားငှားမသုံးဘူး"
ပြီးခဲ့သည့်တစ်ခေါက်တိုက်ပွဲကို မုန်ကျင်းကျိုး ပြန်သတိရသည်။လောင်လုက အရှက်မရှိ အောက်တန်းကျသည့်နည်းလမ်း သုံးခဲ့သည်။
အရိပ်တုလက်သီးဖြင့် စွမ်းအားငှားရုံသာမက ထာဝရအရိယဖလသန္ဓေကိုလည်း သုံးခဲ့သည်။ သူမနိုင်သည်မှာ မဆန်းလှ။
"ကောင်းပြီလေ"
တောင်တန်းပတ်လည်ဝိုင်းနေသည့် ဤနေရာတွင် ကျယ်ပြန့်သည့်ရေကန်တစ်ခု ရှိသည်။ နှစ်ယောက်သား ရေမျက်နှာပြင်ပေါ်တွင် ရပ်လိုက်သည်။
ရေပြင်က လုံးဝလှိုင်းတွန့်မထ။
မုန်ကျင်းကျိုး၏ကြွက်သားများ ဖောင်းထလာသည်။ သွေးကြောများ ပေါ်လာသည်။ ခန္ဓာကိုယ်က သားကောင်ကိုခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်လို ခွန်အားအပြည့်သွင်းထားသည်။
လုယန် ချင်ဖုန်းဓားကိုဆွဲထုတ်၍ ဇစ်မြစ်အရိယဖလသန္ဓေစွမ်းအာကိုး ဓားသွားထဲပေါင်းစပ်လိုက်သည်။
လုယန်လှုပ်ရှားသည်နှင့် မုန်ကျင်းကျိုး ဝုန်းခနဲပြေးဝင်လာသည်။ ရေကန်ထဲတွင် ကြီးမားသည့်လှိုင်းလုံးတစ်ခု မြင့်တက်လာသည်။ သူ့လှုပ်ရှားမှုက လှိုင်းလုံးများထက်ပင် ပိုလျှင်မြန်သည်။
အဝေးမှကြည့်လျှင် လှိုင်းများက သူ့ခြေလှမ်းများနောက် လိုက်လာသယောင် ထင်ရသည်။
လုယန်က ရိုးစင်းသည်ဟုထင်ရသည့် ဓားပညာတစ်ခုသာသုံး၍ မုန်ကျင်းကျိုး၏ နံရံလိုမာကျောသည့်အသားကို ခုတ်လိုက်သည်။
မင်းကျင်းကျိုး လက်မြှောက်၍ ကာကွယ်သည်။
"ချွင်"
ချင်ဖုန်းဓားက လက်မောင်းပေါ်တွင် အပေါ်ယံဒဏ်ရာတစ်ခုသာထင်သည်။ သန့်စင်ယန်သွေးတစ်စက် ကျသည်။
"လောင်လု၊ ထမင်းမစားရသေးဘူးလား။ မင်းအတော်အားနည်းနေတာပဲ"
မုန်ကျင်းကျိုး အော်ဟစ်ရယ်မောနေသည်။ ထိုဒဏ်ရာလောက်က အတွေးတစ်ချက်ဖြင့် ချက်ချင်းကုသနိုင်သည်။
နားလည်ရခက်သည့် အပြုံးတစ်ခု လုယန်နှုတ်ခမ်းပေါ်တွင် ပေါ်လာသည်။
"တကယ်ရော အဲလိုဟုတ်ရဲ့လား"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။
"မင်းဘာပြောချင်တာလဲ"
စကားဆုံးသည်နှင့် သူအကြီးအကျယ်မျက်နှာပျက်သွားသည်။ သူတက်ခဲ့သည့်ကျင့်စဉ်အဆင့် လုံးဝပျောက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း ကူးဖြတ်ခြင်းအလတ်တန်းဆင့်မှ အခြေခံဆင့်သို့ ကျသွားသည်။
"ဒါကဘာလဲ"
ပုံရိပ်ယောင်ပညာထဲ ပိတ်မိနေခြင်းမဟုတ်ကြောင်း မုန်ကျင်းကျိုး သေချာသိသည်။ အစစ်အမှန် ကျင့်စဉ်တန်းကျသွားခြင်းဖြစ်သည်။
လုယန်မျက်နှာက ပြုံးနေဆဲဖြစ်သည်။ သူပြုံးနေရသည့်အကြောင်းရင်းကို မုန်ကျင်းကျိုး နားလည်လာသည်။
"ငါတည်ဆောက်ထားတဲ့ ဇစ်မြစ်အရိယဖလသန္ဓေပါ။ ဇစ်မြစ်ကိုခြေရာခံပြီး မူလအစကို ပြန်ရောက်အောင်လုပ်နိုင်တယ်။ အရာအားလုံးက သံသရာစက်ဝန်းထဲမှာရှိနေတာ။
ဘဝဆိုတာလည်း ဒီလိုပဲ။ ကျင့်ကြံမှုဆိုတာလည်း ဒီလိုပဲ။ ပိုရှင်းအောင်ပြောရရင် မင်းကူးဖြတ်ခြင်းအဆင့် တက်ပြီးစအချိန်ကို ပြန်ရောက်အောင်လုပ်တာ"
မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။ မူလစမှတ်ကို ပြန်ရောက်သည်။ ကျင်စဉ်အဆင့်ကို ကျအောင်လုပ်သည်။
သဘာဝအစီအစဉ်ကို ဆန့်ကျင်သည့် စွမ်းရည်တစ်မျိုးဖြစ်သည်။
နတ်မယ်လည်း ချက်ချင်းသဘောပေါက်သွားသည်။ လုယန်၏ အရိယဖလသန္ဓေရည်ရွယ်ချက်ကို သူနားလည်လာသည်။ အတော်ကျေနပ်သွားသည်။
"ရန်သူရဲ့ကျင့်စဉ်အဆင့်ကို ကိုယ်ထက်ကျသွားအောင် ဖိနှိပ်ပြီးတော့ အနိုင်ယူတာပဲမဟုတ်လား။...ရှောင်ယန်၊ ပြိုင်ဘက်ကင်းသန္ဓေရဲ့ အနှစ်သာရကို နင်နားလည်သွားပြီပဲ"
လုယန် "..."
မဟုတ်သေးပါဘူး နတ်မယ်။ ကျုပ်ရဲ့နက်နဲသိမ်မွေ့တဲ့ စွမ်းအားတွေက ခင်ဗျားပါးစပ်ထဲရောက်မှ ဘာလို့အပေါစားဆန်သွားတာလဲ...
************************************