အခန်း ၁၂၆၇
Vol. 85 Ch. 1267
အခန်း (၁၂၆၇) ထူးဆန်းသည့်အရိယဖလသန္ဓေ
"နတ်မယ်၊ ကျုပ်အရိယဖလသန္ဓေက ဘဝရဲ့ကျယ်ပြန့်မှုကို ကိုယ်စားပြုတယ်။ ဘဝနှစ်ခုဖြတ်ကျော်ပြီး (လူဝင်စား)သံသရာအကြောင်း နားလည်ခဲ့တယ်။
အချိန်အရိယဖလကနေ စပြီးဆင်ခြင်တယ်။ ကျင့်ကြံမှုလောကမှ လှည့်ပတ်ပြီး မိတ်ဆွေတွေ အကြီးအကဲတွေဆီကနေ သူတို့ရဲ့အရိယဖလ အယူအဆတွေအကြောင်း သင်ယူခဲ့တယ်။
ဘဝအမြင်ကို ဆွေးနွေးတယ်။ ကျုပ်အရိယဖလသန္ဓေက အဲဒီအတွေအကြုံတွေအားလုံးရဲ့ ရလာဒ်ပဲ။ ကျင့်စဉ်အဆင့် နှိမ့်ချရုံတင်မဟုတ်ဘူး...အင်း ထားပါတော့လေ။ ပြိုင်ဘက်ကို ကျင့်စဉ်အဆင့်ကျအောင်လုပ်ပြီး အနိုင်ယူတာပါပဲ"
နေ့တစ်ပိုင်းကြာအောင် ရှင်းပြပြီးနောက် အမှန်တကယ်ပင် နတ်မယ်ပြောသည့် သဘောတရားသာဖြစ်ကြောင်း လုယန်နားလည်လာသည်။
...သောက်လခွမ်းပဲကွာ...ဇစ်မြစ်အရိယဖလသန္ဓေကို ငါတည်ဆောက်နိုင်တာ ပြိုင်ဘက်ကင်းမူလဝိညာဉ်နဲ့ ပေါင်းစပ်ခဲ့လို့များလား...
သူမသေမျိုးဖြစ်လာလျှင် ဇစ်မြစ်အရိယဖလသည် မသေမျိုးတစ်ယောက်ကို မသေမျိုးတစ်ဝက်အဆင့်လျော့ကျအောင်လုပ်နိုင်မည်။ အမယွမ် ပေါင်းစပ်ခြင်းအဆင့်မရောက်အောင် တားဆီးနိုင်မည်ဟု သူမျှော်လင့်ထားသည်။
မနီးမဝေးသစ်ပင်ပေါ်တွင်ထိုင်၍ တိုက်ပွဲကြည့်နေသည့် ယွမ်မုန်မုန်၏ မျက်လုံးတွင် လေးစားရိပ်များပြည့်နေသည်။ ဒုခေါင်းဆောင်သည် တကယ်စွမ်းအားးကြီးသည်။ ပြိုင်ဘက်ကို ကျင့်စဉ်အဆင့်ကျအောင် လုပ်နိုင်သည်က တကယ်သေချာပေါက်အနိုင်ရမည့် ဗျူဟာဖြစ်သည်။
ထိုဘာကြောင့် ထိုဗျူဟာကို မစဉ်းစားခဲ့မိသည်မသိ။
"ဒီပွဲကို မင်းမနိုင်နိုင်ဘူး"
ဇစ်မြစ်အရိယဖလသန္ဓေသဘောကို နားလည်သွားသဖြင့် မုန်ကျင်းကျိုး ချက်ချင်းအညံ့ခံသည်။
နှစ်ယောက်လုံး ကူးဖြတ်ခြင်းအလတ်တန်းဆင့်ဖြစ်လျှင် လက်ရည်ညီနိုင်သော်လည်း သူကယခု ကူးဖြတ်ခြင်းအခြေခံအဆင့်ရောက်နေသည်။ ဆက်တိုက်ခိုက်လည်း ဘာမှအကျိုးမထူး။
သူဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ သူ့ထက်ကျင့်စဉ်အဆင့်မြင့်သည့် လောင်လုကို ယှဉ်နိုင်မည်မဟုတ်။
အညံ့ခံလိုက်ခြင်းက ဝေဒနာခံစားရသက်သာသည်။
"အဲလိုနဲ့တော့ လက်မလျှော့လိုက်နဲ့လေ။ ငါတို့ စတောင်မတိုက်ရသေးဘူး။ မင်းစိတ်ဓာတ်တွေ ဘယ်လိုဖြစ်သွားတာလဲ"
လုယန် မုန်ကျင်းကျိုးနှင့် တကယ်တိုက်ခိုက်ချင်သည်။ အစောပိုင်းကတိုက်ခိုက်ခဲ့သည်မှာ သွေးပူလေ့ကျင့်ခန်းဟုပင် ပြော၍မရ။
မုန်ကျင်းကျိုးက ဘုကြည့်ကြည့်သည်။
"မင်းအရှက်နည်းနည်းတော့ ရှိစမ်းပါကွာ"
"မင်းနားလည်မှုလွဲနေပြီ ညီလေး။ ငါတို့က ညီအကိုတွေပဲလေ။ ငါက ကျင့်စဉ်အဆင့်မတူဘဲ မင်းကိုတိုက်ပါ့မလား"
လုယန် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ဇစ်မြစ်အရိယဖလသန္ဓေစွမ်းအား ပြန်ရုတ်သိမ်းသည်။ မုန်ကျင်းကျိုး ကူးဖြတ်ခြင်းအလတ်တန်းဆင့် ပြန်ရောက်လာသည်။
"ဒီလိုလုပ်ပါ။ အရိယဖလသန္ဓေကို ငါမသုံးဘူး။ အခုတကယ်တိုက်ကြမယ်လေ။ ဘယ်လိုလဲ"
"အဲဒါပိုကောင်းတာပေါ့"
နှစ်ယောက်သား ကန်ရေပြင်ပေါ်ရပ်ကြသည်။ စိတ်ဓာတ်မြှင့်တင်သည်။ နောက်တစ်ကြိမ်တိုက်ခိုက်ရန် အသင့်ပြင်သည်။
ချက်ချင်းဆိုသလိုပင် နှစ်ယောက်လုံး နေရာမှပျောက်သွားသည်။ ရေကန်အလယ်တွင် ပေါ်လာသည်။ ဘာပညာ ဘာတိုက်ကွက်မှမသုံးဘဲ ရှေးအကျဆုံး တိုက်ခိုက်နည်းဖြင့် ရင်ဆိုင်သည်။
"ဘုန်း"
ကန်ရေပြင်ပေါက်ကွဲ၍ ရေပန်းများ လိမ့်တက်သွားသည်။ ရေမှုန်များအဖြစ် ပြန်ကျလာသည်။
အရိပ်နှစ်ခုက ရေမှုန်များကြား ဝင်လိုက်ထွက်လိုက် တိုက်ခိုက်ကြသည်။ ထောင်ချီသည့်အရိပ်များ နေရာစုံတွင်ပေါ်လာသည်။ တိုက်ပွဲသံက မိုးခြုန်းသလိုညံနေသည်။ တဝုန်းဝုန်းမြည်ဟိန်းနေသည်။
လှုပ်ရှားမှုအရှိန် မြန်ဆန်လွန်းသဖြင့် သာမန်လူများအတွက် အရိပ်များကိုသာမြင်ရလိမ့်မည်။ မူလခန္ဓာအစစ်ကို ခွဲခြားနိုင်မည်မဟုတ်။
"မဆိုးဘူး လောင်လု၊ မင်းကျင့်စဉ်အဆင့်ရော ရုပ်ခန္ဓာရော နောက်ကျမကျန်ခဲ့ဘူး။ မင်းရဲ့ခန္ဓာကိုယ်ကို များများလေ့ကျင့်သင့်တယ်။ မဟုတ်ရင် အမယွမ်ကမင်းကို ဆေးမီးဖိုထဲ ပစ်ထည့်လိမ့်မယ်။
အပူလောင်မှာကို ကြောက်နေရင်ဒီတိုက်ကွက်ကို မင်းဘယ်လိုခုခံနိုင်မှာလဲ"
သန့်စင်ယန်မီးတောက်နှင့် ဖီးနစ်မီးတောက်များ မုန်ကျင်းကျိုးဘေးတွင် ပေါ်လာသည်။ ပြင်းထန်သည့်မီးတောက်များကြောင့် ရေကန်ဆူပွက်လာသည်။ ရေများအငွေ့ပျံလာသည်။ အခိုးအငွေ့များ လေထဲတွင်ပြည့်သွားသည်။
သူတို့သဏ္ဌာန်ကိုကြည့်ဖို့ ပို၍ခက်ခဲလာသည်။
"မင်းကငါ့ကို အလစ်တိုက်ခိုက်မယ်ပေါ့"
လုယန် ဒေါသထွက်သွားသည်။ မုန်ကျင်းကျိုးက အနီးကပ်တိုက်ပွဲတွင် မှော်ပညာသုံးပြီး အလစ်တိုက်ခိုက်ဖို့ချောင်းနေသည်။
အမှန်တော့ သူအရင်အလစ်တိုက်ခိုက်ခွင့်မရသဖြင့် ဒေါသထွက်ခြင်းဖြစ်သည်။
"ဒါကို ဗျူဟာကျလှုပ်ရှားတယ်လို့ ခေါ်တယ်ကွ"
လောင်လု သူအလစ်တိုက်ခိုက်မည်ကို ကြိုတွေးမထားဟု သူလုံးဝမယုံကြည်သည်။
ကူးဖြတ်ခြင်းအလတ်တန်းဆင့်၏ သန့်စင်ယန်မီးတောက်နှင့် ဖီးနစ်မီးတောက်များက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသည်။
မီးတောက်စစ်နှစ်ခုလုံး သန့်စင်ယန်စွမ်းအင် အထောက်အပံ့လိုသည်။ မုန်ကျင်းကျိုးသည် သန့်စင်ယန်ခန္ဓာပိုင်ရှင်ဖြစ်သည်။
သန့်စင်ယန်မီးတောက်က မဟာနေမင်းလို တောက်ပ၍ အလင်းဖြာနေသည်။ ဖီးနစ်မီးတောက်က ဖီးနစ်အော်သံတစ်ခုသယ်လာသည်။ မီးတောက်ဖီးနစ်အဖြစ် အသွင်ပြောင်းသွားသည်။
မီးတောက်စစ်နှစ်ခုလုံးကို အဆုံးစွန်ထိ သန့်စင်ထားခြင်းဖြစ်သည်။
"မီးတောက်စစ်လား။ ငါလည်းဒါမျိုးလုပ်နိုင်တယ်ကွ"
လုယန်လက်ဝါးမှ အခိုးအငွေ့ထွက်လာသည်။ မီးတောက်နှစ်မျိုးပေါ်လာသည်။
"ရသာသုံးမျိုးမီးတောက်။ ရွေငှက်မီးတောက်"
လုယန်ကို ကိုယ့်ကိုယ်ကို အထင်ကြီးနေသည်ဟု မုန်ကျင်းကျိုးလှောင်ပြောင်ရန် ပြင်နေသည်။ ထိုစဉ် ရသာသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်က အဆပေါင်းသန်းထောင်ချီ တိုးပွားလာသည်။
မီးသတ္တဝါနှစ်ကောင်လို ဖြစ်လာသည်။ အထူးသဖြင့် ရွှေငှက်မီးတောက်စစ် သူ့ဖီးနစ်မီးတောက်စစ်ထက် ပို၍လောင်ကျွမ်းအားကောင်းသည်။ သန့်စင်ယန်မီးတောက်ထက် ပိုပူပြင်းသည်။
သူ့နောက်ကွယ်တွင် ထိုမီးတောက်စစ်နှစ်ခုကို ထိုအတိုင်းအတာထိ လုယန် ဘယ်အချိန်သန့်စင်ထားသည့်မသိ။
ရသာသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်က လေဟာနယ်ကိုဖိနှိပ်သည်။ ကောင်းကင်ကိုလောင်ကျွမ်းသည်။
"လောင်မုန်။ ဘေးဖယ်လိုက်။ ငါ့မီးတောက်စစ်က ရိုးရိုးမဟုတ်ဘူး။ ဇစ်မြစ်အရိယဖလသန္ဓေက လှုံ့ဆော်ထားတာ"
လုယန်လည်း ထိုအခြေအနေကို နားမလည်။ သိစိတ်အာရုံမှ မုန်ကျင်းကျိုးကို အမြန်သတိပေးသည်။
"နောက်ကျသွားပြီကွ"
မီးတောက်စစ်များ ဝင်လာသည်။ မုန်ကျင်းကျိုး ရှောင်ထွက်ချိန်မရသဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
မီးတောက်စစ်လေးခု ရင်ဆိုင်တွေ့ချိန်တွင် မုန်ကျင်းကျိုး အကြီးအကျယ် မျက်နှာပျက်သွားသည်။ တကယ်ထိတွေ့ပြီးမှ လုယန်၏မီးတောက်စစ်များ ဘယ်လောက်ကြောက်စရာကောင်းမှန်း နားလည်လာသည်။
"ဘုန်း"
ကန်ရေများ အငွေ့ပျံသွားသည်။ မုန်ကျင်းကျိုး ကမ်းစပ်သို့ လွင့်ထွက်သွားသည်။ သူ့အဝတ်အစားများ လောင်ကျွမ်းသွားသည်။
"လောင်မုန်၊ မင်းအဆင်ပြေရဲ့လား"
ထင်မှတ်မထားသည့် အပြောင်းအလဲကြောင့် လုယန် အတော်လန့်သွားသည်။ အခြေအနေကို အမြန်သွားစစ်ဆေးသည်။
တိုက်ပွဲကြည့်နေသည့် ယွမ်မုန်မုန်လည်း ပြေးလာသည်။
"အဟွတ် အဟွတ်။ အသက်တော့ရှင်သေးတယ်ထင်တာပဲ"
မုန်ကျင်းကျိုးတစ်ကိုယ်လုံး ကြပ်ခိုးများစွဲ၍ အတော်ဖရိုဖရဲဖြစ်နေသည်။
သူ့ခန္ဓာမာကျောရုံမက ယန်ချီကလည်း ရွှေငှက်မီးတောက်စစ်နှင့် သဟဇာတဖြစ်၍သာ တော်တော့သည်။ စွမ်းအားကို အပြန်အလှန်ချေဖျက်သည်။
တစ်ခြားကူးဖြတ်ခြင်းအဆင့်သာဆိုလျှင် ဒဏ်ရာအပြင်းအထဏ်ရပြီး ဆေးသောက်နေရလောက်သည်။
"မင်းမီးတောက်စစ်က ဘာလို့ဒီလောက်စွမ်းအားကြီးတာလဲ။ အရင်က မင်းဒါကိုသုံးတာ ငါမမြင်ဖူးပါဘူး"
မုန်ကျင်းကျိုးက မကျေမနပ်ပြောသည်။
လုယန်က အရိုးခံမျက်နှာဖြင့်
"ဘာလို့ငါ့မီးတောက်စစ် ဒီလောက်အားပြင်းနေတယ်ဆိုတာ ငါလည်းမသိဘူး။ အစက ရသာသုံးမျိုးမီးတောက်နဲ့ ရွှေငှက်မီးတောက်ကို အယောင်ပြသုံးပြီး အာရုံလွှဲမယ်။ ပြီးမှမင်းကို အလစ်တိုက်ခိုက်မယ်လို့ တွေးထားတာ။
ဒါပေမယ့် ဒီမီးတောက်စစ်တွေ ထုတ်လိုက်တော့ ဇစ်မြစ်အရိယဖလသန္ဓေလည်း အသက်ဝင်လာတယ်။ အာနိသင်ကို မင်းလဲမြင်တာပဲ။ မီးတောက်စစ်စွမ်းအားက အရမ်းပြင်းထန်တယ်"
မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။
"အရိယဖလသန္ဓေမသုံးဖို့ ငါတို့သဘောတူထားတယ်မဟုတ်လား"
လုယန် အမြန်ရှင်းပြသည်။
"ငါမသုံးချင်ပါဘူး။ သူ့ဘာသာ အသက်ဝင်လာတာ။ ပြောရရင်..."
လုယန် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် တိကျသည့်အဖြေရလာသည်။
"ပြောရရင် မီးတော့်စစ်နှစ်ခုနဲ့ ဇစ်မြစ်အရိယဖလသန္ဓေကြားမှာ ဆက်စပ်မှုတွေ အများကြီးရှိနေသလိုမျိုးပဲ။ ဒီမီးတောက်စစ်တွေသုံးတာနဲ့ အရိယဖလသန္ဓေကိုလည်း ပြိုင်တူအသက်သွင်းရမယ့်သဘောမျိုးပေါ့.."
"နတ်မယ်..ဘာလို့ဒီလိုဖြစ်တာလဲ ခင်ဗျားသိလား"
နတ်မယ်လည်း တွေးမရ။
"ဒီလိုအခြေအနေမျိုး ငါတစ်ခါမှမမြင်ဖူးဘူး။ ဒီမီးတောက်စစ်နှစ်ခုရဲ့စွမ်းအားက ယင်ယန်အရိယဖလသန္ဓေစွမ်းအားနဲ့ ထုတ်လွှတ်တဲ့ မီးတောက်စစ်နဲ့ တန်းတူရှိတယ်"
ကူးဖြတ်ခြင်းအဆင့်များထက် မသေမျိုးတစ်ဝက်များက များစွာသာလွန်ခြင်းမှာ အရိယဖလသန္ဓေကြောင့်ဖြစ်သည်။ အရိယဖလသန္ဓေဖြင့် အသက်သွင်းသည့် မှော်ပညာများက သာမန်ထက် များစွာပိုစွမ်းအားကြီးသည်။
ဥပမာ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်သုံးသည့် 'လျှပ်စီးငါးမျိုးပညာ'သည် လျှပ်စီးအရိယဖလသန္ဓေမှထုတ်လွှတ်သည့် လျှပ်စီးစွမ်းအားထက် သေချာပေါက်နိမ့်လိမ့်မည်။
ထို့ကြောင့်လည်း ခုနက ရသာသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်က သန့်စင်ယန်မီးတောက်နှင့် ဖီးနစ်မီးတောက်ကို အတင်းဖိနှိပ်လွှမ်းမိုးနိုင်ခြင်းဖြစ်သည်။
"ဘာလို့ ဒုခေါင်းဆောင်ရဲ့ ဇစ်မြစ်အရိယဖလသန္ဓေက မီးတောက်စစ်နှစ်ခုကို ပိုအားဖြည့်ပေးနိုင်တာလဲ"
ယွမ်မုန်မုန် စဉ်းစားမရ။ ယင်ယန်အရိယဖလသန္ဓေ မီးတောက်စစ်ကို အားဖြည့်နိုင်သည်မှာ နားလည်ရလွယ်ကူသည်။ မီးတောက်စစ်သည် ယန်ဓာတ်ဖြစ်သည်။ သို့သော် ဇစ်မြစ်အရိယဖလသန္ဓေနှင့် မီးတောက်စစ်ကြား ဘယ်လိုဆက်စပ်နေသနည်း။
"ပြီးတော့ နောက်တစ်ခုက မီးတောက်စစ်နှစ်ခုသုံးရင် ဇစ်မြစ်အရိယဖလသန္ဓေကို ဘာလို့အသက်သွင်းရတာလဲ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။
"ဒီမီးတောက်စစ်နှစ်ခုက 'မူလဇစ်မြစ်'ကနေ ဆင်းသက်လာတာများလား"
****************************