← Chapters

အခန်း ၁၂၆၈

Vol. 85 Ch. 1268

အခန်း ၁၂၆၈

Vol. 85 Ch. 1268

အခန်း (၁၂၆၈) ငါတတ်ထားတာက အမှန်

လုယန်စကားထဲမှ သွယ်ဝိုက်အဓိပ္ပါယ်ကို နားလည်လာသဖြင့် မုန်ကျင်းကျိုးအကြည့်က နည်းနည်းထူးဆန်းလာသည်။

"ဒါဆို သမာဓိမီးတောက်ကို အရင်က ရသာသုံးမျိုးမီးတောက်၊ ရွှေကျီးကန်းမီးတောက်ကို အရင်က ရွှေငှက်မီးတောက်လို့ခေါ်တယ်လို့ မင်းပြောချင်တာလား"

လုယန်အသွင်က ဉာဏ်အလင်းရခါနီး လူတစ်ယောက်ကဲ့သို့ တည်ငြိမ်အေးဆေးသည်။

"ဟုတ်တယ်။ ငါပြောချင်တာ အဲဒီ့သဘောပဲ။ မယုံမရှိနဲ့၊ ငါအတည်ပြောနေတာ"

ထိုမှန်းဆချက်သည် ကြောင်းကျိုးယုတ္တိကျသည်ဟု လုယန်ယူဆသည်။

"နတ်မယ်၊ သမာဓိမီးတောက်နဲ့ ရွှေကျီးကန်းမီးတောက်ကို ဘယ်သူဖန်တီးခဲ့တာလဲ"

နတ်မယ်က သူ့ဘဝတလျှောက် လေ့လာထားသမျှ ပြန်စဉ်းစားသည်။

"ဒီမီးတောက်စစ်နှစ်ခုလုံး အရမ်းရှေးကျတဲ့ခေတ်က ပေါ်ခဲ့တာ။ ငါတို့ခေတ်ထက်တောင် အများကြီး ပိုရှေးကျတယ်။ ကျင့်ကြံမှုစနစ် တီထွင်နေတဲ့ခေတ်မှာ စပြီးပေါ်ခဲ့တာဖြစ်လောက်တယ်။

သမာဓိမီးတောက်ကို ဘယ်သူဖန်တီးခဲ့သလဲဆိုတာတော့မသိဘူး။ ဒါပေမယ့် ရွှေကျီးကန်းမီးတောက်ကိုတော့ ရွှေကျီးကန်းမျိုးနွယ်က ဖန်တီးခဲ့တာဖြစ်ဖို့များတယ်"

လုယန် လက်ခုပ်တစ်ချက်တီးလိုက်သည်။

"ဒါဆို ဟုတ်သွားပြီ။ ရှေးဘိုးဘေးတွေက ခက်ခဲတဲ့အခြေအနေမှာ ရှင်သန်နေထိုင်ခဲ့ရပေမယ့် မီးတောက်စစ်မှော်ပညာတွေ တီထွင်လိုက်တော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အခြေခံစွမ်းရည် ရှိလာတယ်။

ဒီတော့ အရိုးသားရဲတွေကို အမဲလိုက်ဖို့ မခက်တော့ဘူး။ အစားအသောက်နဲ့ အနွေးဓာတ်ကို ဂရုစိုက်ကြရတော့ နောက်တစ်ဆင့်က ပိုကောင်းအောင် ဘယ်လိုစားမလဲဆိုတာ စဉ်းစားဖို့ပဲ။

ငရုပ်သီး၊ သစ်ဂျပိုးနဲ့ သကြားလို ဟင်းခတ်ပစ္စည်းတွေက ရှေးဟောင်းခေတ်မှာ ရဖို့မလွယ်လောက်ဘူး။ ဒီတော့ ရှေးဘိုးဘေးတွေက ရသာသုံးမျိုးမီးတောက်ကို ဖန်တီးတယ်။ အရသာပိုကောင်းအောင်လုပ်နိုင်တဲ့ မီးတောက်ပေါ့။

အသားတွေချက်ပြုတ်ဖို့ရော အရသာပိုရှိဖို့ရော သုံးနိုင်တယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ ရှေးဟောင်းခေတ်မှာ စာရေးတဲ့စနစ်ဟာ အစပျိုးရုံပဲရှိသေးတယ်။

ရှေးဘိုးဘေးတွေက မီးတောက်စစ်ကို နာမည်ပေးဖို့ 'သမာဓိ'ဆိုတာလို အဆင့်မြင့်တဲ့နာမည်မျိုးကို မစဉ်းစားနိုင်ဘူး။ စကားလုံးကို အရှိအတိုင်းပဲ အဓိပ္ပယ်ဖွင့်ကြတယ်။ ဒါကြောင့် အရသာသုံးမျိုးရှိတဲ့ မီးတောက်စစ်ကို ရသာသုံးမျိုးမီးတောက်လို့ပဲ နာမည်ပေးလိုက်တယ်။

ပြီးတော့ အကြောင်းတစ်ခုကြောင့် ဒီမီးတောက် ပျောက်ကွယ်သွားတယ်။ ဒါမှမဟုတ် နာမည်ပဲကျန်ခဲ့တယ်။ နောက်ပိုင်းမျိုးဆက်တွေက အဆင့်မြင့်မြင့်စကားလုံးပြောင်းလိုက်တော့ သမာဓိမီးတောက်ရယ်လို့ ဖြစ်လာတယ်။

ကဲ ကြည့်လေ၊ ဒီသုံးသပ်ချက်က ယုတ္တိမကျဘူးလား"

ဘေးဘယ်ညာနှစ်ဘက်မှ နတ်မယ်နှင့် ယွမ်မုန်မုန်၏ လက်ခုပ်တီးသံ တစ်ပြိုင်တည်းပေါ်လာသည်။ စကားဖြင့်လည်း ထောက်ခံသည်။

"ရှောင်ယန်ရဲ့အတွေးက ငါပြောချင်တာနဲ့ တစ်ထပ်တည်းပဲ"

"ဒုခေါင်းဆောင်သုံးသပ်တာ တကယ်ကြောင်းကျိုးဆီလျော်တာပဲ"

မုန်ကျင်းကျိုး "..."

မင်းတို့ထာဝရမျိုးဆက်က လူများတယ်ဆိုတိုင်း မင်းတို့မှန်တယ်လို့ ထင်မနေနဲ့ကွ...

"ဒါဆို ရွှေငှက်မီးတောက်စစ်ကိုရော ဘယ်လိုရှင်းပြမလဲ"

လုယန်မဖြေမီ ယွမ်မုန်မုန်က လက်မြှောက်၍ အရင်ဖြေသည်။

"ဒါတော့ ငါသိတယ်။ ရှေးဟောင်းရွှေကျီးကန်းမျိုးဆက်ဟာ ခြေနှစ်ချောင်းပဲရှိတယ်။ နောက်မှ ခြေသုံးချောင်းသတ္တဝါအဖြစ် အသွင်ပြောင်းသွားတာ"

ရွှေငှက်မီးတောက်စစ်နှင့် ရွှေကျီးကန်းမီးတောက်စစ်ကြား အကြီးဆုံးကွာဟချက်က ခြေတစ်ချောင်းလျော့ခြင်းသာဖြစ်သည်။

လုယန်ကလည်း သံယောင်လိုက်သည်။

"တွေ့လား။ အဲဒါ အဖြေပဲ"

ထာဝရမျိုးဆက်သုံးယောက် သဘောတူကြသည်။ မုန်ကျင်းကျိုးက သံသယမကင်းသေး။

"...နောက်ထပ်မှော်ပညာတစ်ခုလောက် မင်းစမ်းသပ်ကြည့်သင့်တယ်ထင်တယ်"

"မြေစုံ့ပညာနဲ့ တစ်လက်မချုံ့ပညာကို ငါစမ်းကြည့်မယ်"

(**ယွမ်ကျိက မြေကြောချုံ့သည့်ပညာကို သင်ပေးခဲ့သည်။ လုယန်က မြေစုံ့(အောင်း)ပညာနှင့် ကိုယ်ချုံ့ပညာ နှစ်မျိုးတတ်ခဲ့သည်)

လုယန် ချက်ချင်းထရပ်၍ ပုံမှန်အတိုင်း မြေစုံ့ပညာကိုသုံးသည်။

ဝှစ်ခနဲ မြေထဲသို့အောင်းသွားသည်။ မုန်ကျင်းကျိုး ဝိညာဉ်အာရုံဖြင့် လုယန်၏မြေအောက်လှုပ်ရှားမှုကို စောင့်ကြည့်သည်။

သို့သော် လုယန်လှုပ်ရှားမှုက အံ့ဩစရာကောင်းလောက်အောင် မြန်လွန်းသည်။ သိပ်မကြာမီ မုန်ကျင်းကျိုး၏ ဝိညာဉ်အာရုံစက်ကွင်းကို ကျော်လွန်သွားသည်။

လုယန် မြေကြီးထဲမှ ပေါ်လာချိန်တွင် အနက်ရောင်မြေကြီး လက်တစ်ဆုပ်ကိုင်ထားသည်။

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။

"ဒါက အောက်ဆုံးမှာရှိတဲ့ လောကမှော်စက်ဝန်းနံရံနဲ့ ထိနေတဲ့ မြေနက်မဟုတ်လား"

"ဟုတ်တယ်"

မြေပြင်ပေါ်မှ အောက်ဘက်အနက်ဆုံးအထိ အသက်တစ်ရှူစာအတွင်း ဆင်းသွားသည့်သဘောဖြစ်သည်။

"မြေစုံ့ပညာ သုံးလိုက်တဲ့အချိန်မှာလည်း ဇစ်မြစ်အရိယဖလသန္ဓေကို ငါအလိုလိုအသက်သွင်းမိတယ်။ ဒီတစ်ခါ ငါမြေအောင်းတဲ့နှုန်းက မြန်လွန်းလို့ တီကောင်တွေရဲ့ ဘုရင်ဖြစ်တဲ့ ငွေလက်စွပ်တီကောင်ဘုရင်တောင် ငါ့ကိုအမီလိုက်နိုင်မှာမဟုတ်ဘူး"

"တစ်လက်မချုံ့ပညာစွမ်းအား"

လုယန် တစ်လက်မကိုယ်ချုံ့ပညာကိုသုံး၍ တစ်လက်မရွယ် လူအသေးစားလေးအဖြစ် အသွင်ပြောင်းသည်။

ထိုမျှသေးငယ်သည့် လုယန်ကို ယွမ်မုန်မုန် ယခုမှမြင်ဖူးသဖြင့် အတော်သဘောကျပြီး လက်ချောင်းဖြင့်တုံ့ကြည့်သည်။

ထိုအဖြစ်က ဒုခေါင်းဆောင်ဂုဏ်ပုဒ်နှင့်မကိုက်ညီဟု ယူဆသဖြင့် လုယန် သုံးလက်မအရွယ်သို့ တဖြေးဖြေးဆန့်ထုတ်သည်။ ထို့နောက် တစ်မီတာ သုံးမီတာ...နောက်ဆုံးတွင် မီးတာထောင်ချီမြင့်သည့် လူ့ဘီလူးတစ်ယောက်ဖြစ်လာသည်။

သို့သော် ကြီးထွားသည့်ဖြစ်စဉ်က တစ်လက်မချင်းရှည်ထွက်လာခြင်းဖြစ်သည်။

"ဟားဟား၊ ငါအခု မိုးမြေနိယာမပညာအစစ်ကို ငါကျွမ်းကျင်ပြီကွ"

သူ့စကားသံက ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ ကောင်းကင်တိမ်တိုက်များ လွင့်ပါးပျောက်ကွယ်သွားသည်။

သိပ်မကြာမီ လုယန် ပုံမှန်အရွယ်အစား ပြန်ပြောင်းသည်။

"ဒီတစ်လက်မမြေချုံ့ပညာကို မင်းဘယ်လိုရှင်းပြမလဲ"

အစောပိုင်းက လုယန်၏ ရူးကြောင်ကြောင့် ရှင်းလင်းချက်များကို မုန်ကျင်းကျိုး နည်းနည်းယုံချင်သလိုဖြစ်လာသည်။ တစ်ခြားဖြစ်နိုင်ခြေများလည်း တွေးမရသောကြောင့်ဖြစ်သည်။

နတ်မယ်ရော ယွမ်မုန်မုန်ပါ မဖြေကြ။ လုယန်က အဖြေတစ်ခုပေးသည်။

"ဒါက ရှင်းပြရလွယ်ပါတယ်။ ခုနက 'လက်မ'အတိုင်းအတာနဲ့ ငါကြီးထွားခဲ့တာလေ။ 'တစ်လက်မချုံ့'တယ်ဆိုတာ ရှေးဟောင်းခေတ်က သုံးလေ့ရှိတဲ့ စံနှုန်းအတိုင်းအတာဖြစ်မှာပေါ့။

မြေချုံ့တယ်ဆိုတာကတော့ မြေကြီးထဲအောင်းတာကို ပြောတာပါပဲ"

"မင်းဘယ်လိုလုပ်ပြီး ဘာမှမဆိုင်တဲ့စကားနှစ်လုံးကို အတူတွဲပြီးတွေးတာလဲ"

"'မြေကြီးထဲ သုံးပေနက်အောင် တူးရမယ်ဆိုရင်တောင် ငါတွေ့အောင်ရှာမယ်'တဲ့။ ဒီစကားပုံကို မင်းကြားဖူးလား"

မုန်ကျင်းကျိုးခေါင်းငြိမ့်သည်။ မကြားဖူးသူရှိနိုင်မည်လော။

"နတ်မယ်။ ရှေးဟောင်းခေတ်မှာရော ဒီလိုပြောကြလား"

"ပြောပါတယ်"

လုယန် မေးကိုပွတ်၍ သုံးသပ်သည်။

"ငါ့ခန့်မှန်းမိသလောက် ဒီစကားပုံဟာ ရှေးဟောင်းခေတ်မှာ ပေါ်ခဲ့တာဖြစ်မယ်။ ဥပမာ...မျိုးနွယ်တစ်ခုကနေ ပစ္စည်းတစ်ခု အခိုးခံရမယ်ဆိုပါတော့။

မျိုးနွယ်ခေါင်းဆောင် မျိုးနွယ်ဝင်အားလုံးကို မြေကြီးထဲသုံးပေနက်အောင်တူးပြီးရှာရမယ်ဆိုရင်တောင် တွေ့အောင်ရှာကြလို့ အမိန့်ပေးမယ်။

ဒါပေမယ့် သုံးပေဆိုတာ ဘယ်လောက်လဲ။ ပြောဖို့ခက်တယ်လေ။ ဒါကြောင့် လက်မသုံးဆယ်...ဒါမှမဟုတ် သုံးပေအရပ်မြင့်တဲ့ ဘိုးဘေးတွေက မြေကြီးထဲကိုအောင်းပြီးတိုင်းတာကြည့်ရတယ်။

အဲလိုလုပ်လိုက်တော့ သုံးပေဆိုတာ ဘယ်လောက်လဲ ရှင်းမသွားဘူးလား"

မုန်ကျင်းကျိုး "..."

လောင်လု၊ ငါမင်းစကားကို ယုံချင်ပါတယ်ကွာ။ ဒါပေမယ့် ဒီထက်နည်းနည်းပိုပြီး ယုံကြည်လောက်အောင် ရှင်းပြလို့မရဘူးလား။

လုယန် တွေးလေလေ သူ့ခန့်မှန်းချက်မှန်သည်ဟု ထင်လာလေဖြစ်သည်။

"စကားလုံးအရ စဉ်းစားမယ်ဆိုရင်လည်း တစ်လက်မမြေချုံ့ပညာဆိုတာ လေဟာနယ်မှော်ပညာလိုလို ဖြစ်နေတယ်။ ဒါပေမယ့်မဟုတ်ဘူးလေ။

ရှေးဘိုးဘေးတွေရဲ့ခေတ်က စာရေးစနစ်တီထွင်စအချိန်ဆိုတော့ သူတို့မှော်ပညာတွေကိုလည်း တိုက်ရိုက်အဓိပ္ပါယ်အတိုင်းပဲ နားလည်ရမယ်။

နောက်ပိုင်းမျိုးဆက်တွေက ဒီပညာကို နားလည်မှုလွဲကြတာ။..ငါပြောတာမယုံရင် ညီလေးအရိုးရိုင်းကိုမေးကြည့်ပါ။ တစ်လက်မမြေချုံ့ပညာကို သူစမြင်တော့ ဒါကိုလေဟာနယ်ပညာလို့ ထင်ရဲ့လားလို့"

ထို့နောက် လုယန် ခြေတစ်လှမ်းမိုင်ချီပညာသုံး၍ နေရာမှပျောက်သွားသည်။

ပြန်ရောက်လာချိန်တွင် ဗုဒ္ဓနိုင်ငံမှသဲများ၊ မြောက်ပိုင်းတိုက်နယ် ရေခဲများ၊ အရှေ့ပင်လယ် ဆားငန်ရေများ...စသဖြင့် သူ့လက်ထဲတွင်ပါလာသည်။

အချိန်တိုအတွင်း နေရာဘယ်လောက်များများ သူရောက်ခဲ့ကြောင်း သက်သေပြသည်။

အရင်က ခြေတစ်လှမ်းမိုင်ချီပညာကို သူသုံးလျှင် ချောက်ကမ်းပါးထက်သို့ ရောက်ချင်ရောက်သွားတတ်သည်။ သို့သော် ဇစ်မြစ်အရိယဖလသန္ဓေနှင့် တွဲဖက်သုံးချိန်တွင် ရလာဒ်က အတော်ကွဲပြားသွားသည်။

ဘယ်ကျောက်ကမ်းပါးတွင် ပေါ်လာချင်သည်ကို ရွေးချယ်နိုင်လာသည်။

"ဒီတော့ ဒါက ဘာကိုသက်သေခံနေလဲ။ ငါသင်ခဲ့တဲ့မှော်ပညာတွေဟာ အမှန်ဆိုတဲ့သက်သေပဲ။ မင်းတို့သင်ထားတာတွေက မှားနေတာ"

လုယန် လက်ပိုက်၍ ဝင့်ကြွားရိပ်ပေါ်နေသည်။ အချိန်ကြာမြင့်စွာ အပုပ်ချခံရပြီးနောက် ယခုလို သက်သေပြနိုင်မည့်နေ့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။

ကိုယ့်မှော်ပညာပါရမီကောင်းမှန်း ကိုယ့်ကိုယ်ကိုသိသည်။ မှားယွင်းသင်မိစရာ အကြောင်းမရှိ။

အချိန်အတော်ကြာအောင် ရှင်းပြခဲ့သော်လည်း လုယန်တကယ်ပြောချင်သည်က ဤနောက်ဆုံးစကားတစ်ခွန်းသာဖြစ်မည်ဟု မုန်ကျင်းကျိုး ထင်မိသည်။

*******************************

All Chapters