အခန်း ၁၂၆၉
Vol. 85 Ch. 1269
အခန်း (၁၂၆၉) ခြေနှစ်ချောင်း ရွှေကျီးကန်း
ညီအကိုကောင်းတစ်ယောက်အနေဖြင့် လုယန်ကိုနှစ်သိမ့်ပေးဖို့လိုသည်ဟု မုန်ကျင်းကျိုးခံစားရသည်။
"လောင်လု၊ ပုံမှန်ပဲလုပ်ပါကွာ။ မင်းရဲ့ မှော်ပညာပါရမီကို လူတိုင်းသိပါတယ်။ မှော်ပညာတွေကိုမင်းက နည်းနည်းထူးဆန်းတဲ့နည်းနဲ့ တတ်ကျွမ်းပေမယ့် အပြင်လောကရောက်ရင် မင်းကိုပါရမီရှင်ဆိုပြီး ငါတို့အားလုံး ချီးကျူးကြပါတယ်။
မင်းမှော်ပညာသင်တဲ့အခါ လမ်းကြောင်းလွဲလွဲသွားတယ်ဆိုတာ ငါတို့ဘယ်တုန်းကမှ မပြောပါဘူး။ ကိုယ့်ကိုယ်ကို ဖိအားအများကြီးမပေးပါနဲ့"
"ပုံမှန်ပါပဲ။ ကြည့်လေ၊ ကောင်းကင်မျိုမြေစားပညာတို့ သေဟန်ဆောင်ပညာတို့ကို ငါမှန်မှန်ကန်ကန် တတ်ထားတာပဲ။ ကောင်းကင်မျိုမြေစားပညာဆိုတာ ထောင်ထျဲ့မျိုးနွယ်ရဲ့ ဗီဇနတ်စွမ်းအးပါ။ မူလဇစ်မြစ်က အရာအားလုံးကို ဝါးမျိုတာမဟုတ်ဘူး။ ဝိညာဉ်စွမ်းအင်နဲ့ မြေကြီးကို စားနိုင်တာပါ"
"ဟုတ်တယ်၊ ငါဒါကိုသက်သေခံနိုင်တယ်"
နတ်မယ်ကပြောသည်။ လုယန်၏ ကောင်းကင်မျိုမြေစားပညာကို သူသင်ပေးထားခြင်းဖြစ်သည်။
"ပြီးတော့ သေဟန်ဆောင်ပညာကလည်း နတ်မယ်သင်ပေးထားတာပဲ။ ငါသင်ထားတဲ့ပညာတွေက မူလပုံစံအတိုင်းပဲ။ ဘာမှလမ်းလွဲတာမရှိဘူး"
မုန်ကျင်းကျိုး သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ထိုသို့တွေးပြန်တော့လည်း ဟုတ်သလိုလိုရှိသည်။
...ဒါဆို အခုကျင့်ကြံနေကြတဲ့ မှော်ပညာတွေဟာ မူလပုံစံဟုတ်ချင်မှဟုတ်မယ်ပေါ့...
ဇစ်မြစ်အရိယဖလသန္ဓေက မှော်ပညာတွေရဲ့ ဇစ်မြစ်ကို ခြေရာခံပြီး မူလပုံစံအတိုင်း ပြန်ပြောင်းနိုင်တယ်ပေါ့...
"အမယွမ်ကို မေးကြည့်ကြမလား"
"ကောင်းပြီလေ"
အရိယဖလသန္ဓေတည်ဆောက်ပြီးကြောင်း အမယွမ်ကို သတင်းကောင်းမျှဝေဖို့ အခွင့်ကောင်းတစ်ခုလည်းဖြစ်သည်။
ရေကန်ကိုပြန်ပြင်ပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ အမယွမ်ကို သွားတွေ့ကြသည်။
ထာဝရမျိုးဆက်အဖွဲ့နှင့် မုန်ကျင်းကျိုးတို့ ယွမ်ကျိ၏လှိုဏ်ဂူသို့ ရောက်လာသည်။
ယွမ်ကျိသုံးနေသည့် လက်ဖက်ရည်အိုးနှင့်ခွက်များက သူလက်ဆောင်ပေးထားသည့်ပစ္စည်းများဖြစ်နေသည်ကို လုယန်မြင်ရသည်။
"ဘာကိစ္စလဲ"
ယွမ်ကျိက လက်ဖက်ရည်ခွက်ကိုချ၍ အားလုံးထိုင်ကြရန် လက်ဟန်ပြသည်။
ယွမ်မုန်မုန်က ခွေးခြေထိုင်ခုံတစ်လုံးယူလာပြီး ယွမ်ကျိဘေးတွင်ထိုင်၍ စိတ်အားတက်ကြွစွာ ပြောသည်။
"ရှောင်ကျိ၊ ဒုခေါင်းဆောင်က အရမ်းတော်တယ်။ သူအခု မသေမျိုးတစ်ဝက်ဖြစ်လာပြီ။ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ။ ခေါင်းဆောင်ကတောင် ပြိုင်ဘက်ကင်းသန္ဓေရဲ့ အနှစ်သာရကို နားလည်တည်ဆိုပြီး ချီးကျူးတယ်။
ခေါင်းဆောင်နဲ့တွေ့တာ နောက်ကျသွားတယ်။ မဟုတ်ရင်ငါလည်း ကိုယ်ပိုင်ပြိုင်ကင်းသန္ဓေ..."
ယွမ်ကျိက ဘေးစားပွဲပေါ်မှ မုန့်တစ်ခုယူပြီး ယွမ်မုန်မုန်ပါးစပ်ထဲ ထိုးထည့်၍ နှုတ်ပိတ်လိုက်သည်။
"ရှောင်လု၊ မင်းပြောပါ"
"အမယွမ်၊ အရိယဖလသန္ဓေတစ်ခု ကျုပ်တည်ဆောက်ပြီးပါပြီ။ ဇစ်မြစ်အရိယဖလသန္ဓေလို့ နာမည်ပေးထားတယ်။ အရာအားလုံးကို မူလဇစ်မြစ်ပုံစံ ပြန်ပြောင်းလဲပေးနိုင်တယ်။
ဒါပေမယ့် တည်ဆောက်ပြီးစဆိုတော့ စွမ်းအားမလုံလောက်သေးဘူး။ လောင်မုန်ကို ကူးဖြတ်ခြင်းအလတ်တန်းဆင့်ကနေ အခြေခံဆင့်ရောက်အောင်ပဲ ပြောင်းပေးနိုင်တယ်"
မုန်ကျင်းကျိုးက လုယန်ကိုစိုက်ကြည့်သည်။
...မင်းအရိယဖလသန္ဓေအကြောင်းပြောတာ ငါ့ကိုဘာလို့ဆွဲထည့်နေတာလဲ...
ယွမ်ကျိခန္ဓာကိုယ် နည်းနည်းတုန်ခါသွားသည်။ သူ့ဆရာတူမောင်လေးတည်ဆောက်သည့် အရိယဖလသန္ဓေ၏ ရည်ရွယ်ချက်ကို သူနားလည်သည်။
ရှောင်လုမသေမျိုးဖြစ်လာလျှင် သူ့ကို ပေါင်းစပ်ခြင်းအခြေအနေမှ တကယ်ပြန်ဆွဲခေါ်နိုင်လောက်သည်။
သူ့စိတ်ထဲ နည်းနည်းအပြစ်မကင်းသလို ခံစားရသည်။ အမကြီးတစ်ယောက်အနေနှင့် ရှောင်လုကို ကာကွယ်ပေးရမည့်တာဝန်ရှိသည်။ ယခု ရှောင်လုက သူ့အတွက် စိုးရိမ်ပေးနေသည်။
သူ့အကြည့် နည်းနည်းပျော့ပျောင်းသွားသည်။
"ဒါပေမယ့် အရိယဖလသန္ဓေကို သုံးတဲ့အချိန်မှာ ပြဿနာလေးနည်းနည်းကြုံတယ်"
လုယန် နည်းနည်းရှက်နေသည်။ မသေမျိုးတစ်ဝက်ဖြစ်သည့်တိုင် အမယွမ်ထံမှ အကြံဉာဏ်တောင်းနေရသောကြောင့် ဖြစ်သည်။
"ဘာပြဿနာလဲ"
လုယန် အဖြစ်တစ်ခုလုံးနှင့် သူ့သုံးသပ်ချက်များကို ပြန်ပြောပြသည်။
သူ့စကားဆုံးပြီးနောက် အမူအရာလုံးဝပြောင်းလဲလေ့မရှိသည့် ယွမ်ကျိ၏မျက်လုံးထောင့်များ နည်းနည်းတွန့်သွားသည်။
ရှေးဘိုးဘေးတို့လုပ်ရန်များနှင့်ပတ်သက်သည့် လုယန်၏သုံးသပ်ချက်က စိတ်ကူးယဉ်ဆန်လွန်းနေသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ယုတ္တိမကျဟုလည်း ပြော၍မရ။
"ဒီပြဿနာကိုတော့ ငါလည်းရှင်းမပြတတ်ဘူး"
သူသည် သမိုင်းကြောင်းကို ရှေးဟောင်းမသေမျိုးဖြစ်သည့်နတ်မယ်လောက် မကျွမ်းကျင်။ နတ်မယ်ပင် အတည်ပြုမပေးနိုင်လျှင် သူလည်းဘယ်လို သေချာပြောနိုင်မည်နည်း...
"ခန့်မှန်းချက်တစ်ခုခုကို အတည်ပြုရင် ကောင်းမယ်ထင်တယ်"
ရုတ်တရက် နတ်မယ်မျက်လုံးများ အရောင်လက်လာသည်။
"အဲ ဟုတ်သားပဲ။ ကိုးဆမသေမျိုး ငါ့ကိုတစ်ခါပြောဖူးတယ်။ ရွှေကျီးကန်းမျိုးနွယ်ဟာ အရင်က ခြေနှစ်ချောင်းပဲရှိတာတဲ့"
လုယန်လည်း ပြန်သတိရလာသည်။ ရွှေငှက်မီးတောက်စစ်အကြောင်း သူစလေ့လာစဉ်က နတ်မယ်ထိုသို့ပြောဖူးသည်။
ကိုးဆမသေမျိုးကို သွားတွေ့ခြင်းက ပိုကောင်းသည်။
"ကိုးဆမသေမျိုးက ဘယ်မှာလဲ"
"နန်းမြို့တော်မှာပါ"
ယွမ်ကျိကပြောသည်။
"လောကဖွင့်ဖို့ အစောပိုင်းဆင့်ကြိုတင်ပြင်ဆင်မှုတွေ ပြီးသွားပြီ။ အကြီးအကဲနတ်မယ်ရဲ့ ထာဝရအရိယဖလအကူအညီပဲ လိုတော့တယ်။ မသေမျိုးလေးယောက်လုံး နန်းမြို့တော်မှာရှိတယ်။
ရှောင်လု တံခါးပိတ်ကျင့်ကြံတာ ပြီးသွားရင် နတ်မယ်နဲ့အတူ နန်းမြို့တော်ကို လာခဲ့ဖို့ ကျွန်မကို မှာလိုက်တယ်။။ ရှောင်လုကို မဖြစ်မနေလာဖို့လည်း သေချာပြောလိုက်တယ်"
လုယန် လေပေါ်ပျံချင်သလိုဖြစ်သွားသည်။ မသေမျိုးလေးယောက် သူ့ကိုထိုမျှအလေးထားမည်ဟု ထင်မထား။
"သူတို့လောကဖွင့်တ့ အဖြစ်အပျက်ကို သတင်းစာထဲမှာကောင်းကောင်းရေးပေးရမယ်တဲ့"
လုယန် "..."
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမိသွားသည်။
"သွားစို့၊ ငါလည်းအတူလိုက်ခဲ့မယ်"
ယွမ်ကျိ လက်ဖက်ရည်အသုံးအဆောင်များကို သိမ်းလိုက်သည်။ သမိုင်းဝင်အဖြစ်အပျက်တစ်ခုကို လက်လွတ်သွားလျှင် နောင်တရစရာဖြစ်လိမ့်မည်။
ယွမ်ကျိ၊ နတ်မယ်၊ ယွမ်မုန်မုန်၊ လုယန်နှင့် မုန်ကျင်းကျိုးတို့ နန်းမြို့တော်ဆီ အတူချီတက်ကြသည်။
ယွမ်ကျိ၏ဦးဆောင်မှုဖြင့် နန်းမြို့တော်သို့ ချက်ချင်းရောက်လာသည်။
မသေမျိုးလေးယောက်က မြို့တော်တွင်ရှိသော်လည်း အတူမနေကြဘဲ ကိုယ့်ဘဝနှင့်ကိုယ် ပျော်နေကြောင်း အင်ပါယာရှားကပြောသည်။
ဥပမာ ကိုးဆမသေမျိုးက တော်ဝင်ကျောင်းတော်တွင် ပညာသင်နေသည်။
တော်ဝင်ကျောင်းတော်သည် သမိုင်းလေ့လာမှုကို အလေးပေးသည့် နေရာဖြစ်သည်။ မဟာရှား၏သမိုင်းပညာရှင်အားလုံး စုဝေးနေသည့်နေရာဖြစ်သည်။
လုယန် တော်ဝင်ကျောင်းတော်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာသဖြင့် အတိတ်ကို ပြန်အောက်မေ့မိသည်။
"တော်ဝင်ကျောင်းတော်ရဲ့ နောက်ဆုံးမော်ကွန်းထိန်းက ကွမ်းရှန်ဟိုင် ဖြစ်ခဲ့တာပဲ"
ကိုးဆမသေမျိုးက သင်ကြားရေးခန်းမတွင် ပညာရှင်များနှင့် သမိုင်းကိစ္စများ ဆွေးနွေးနေသည်။ ထိုပညာရှင်များက ကိုးဆမသေမျိုး၏ သရုပ်မှန်ကိုမသိ။ အဆင့်မြင့်နောက်ခံရှိသည့် ဆရာတစ်ယောက်ဟုသာ ယူဆကြသည်။
"ပြောရရင် ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှာ ကိုးဆမသေမျိုးက စွမ်းအားအကြီးဆုံးဆိုတာ ရှိတယ်။ သမိုင်းအထောက်အထားလည်းရှိတယ်။ ကြည့်ပါ၊ ဒါက ကိုးဆမသေမျိုးရဲ့ မသေမျိုးမှတ်စုပဲ"
"ဟုတ်တယ်၊ ဒါကတကယ် ကိုးဆမသေမျိုးရဲ့လက်ရေးပဲ။ ဒါပေမယ့် စာအုပ်က ဘာလို့အသစ်လိုဖြစ်နေတာလဲ"
ကိုးဆမသေမျိုးစိတ်ထဲ ကိုယ့်အဖြစ်ကိုယ် ကျိတ်ဆဲလိုက်သည်။ အချိန်မသေမျိုးကို စာအုပ်သက်တမ်းမြှင့်ခိုင်းဖို့ သူမေ့သွားသည်။
ယွမ်ကျိက ကိုးဆမသေမျိုးကို အပြင်သို့ခေါ်ထုတ်ရန်ပြင်သည်။ သို့သော် လုယန်ကတားသည်။
"အမယွမ်၊ အဲလိုလုပ်လို့အဆင်မပြေဘူးထင်တယ်။ ကိုးဆမသေမျိုးက နာမည်မဖော်ဘဲ ဒီမှာလာနေတာဆိုတော့ သူသရုပ်မှန်ကို လူမသိစေချင်လို့ဖြစ်မယ်။ ကျုပ်တို့ အတင်းဝင်သွားရင် သူ့အကြောင်းဖော်ထုတ်လိုက်သလို ဖြစ်သွားမယ်"
ယွမ်ကျိ ခေါင်းငြိမ့်သည်။ ရှောင်လု၏အတွေးက တကယ်စေ့စပ်သည်။ သိစိတ်အာရုံလှိုင်းမှ လှမ်းခေါ်ဖို့သာ ရွေးချယ်လိုက်သည်။
ကိုးဆမသေမျိုးက ပညာရှင်တစ်ယောက်နှင့် ဆွေးနွေးနေစဉ် သိစိတ်အသံလှိုင်းမှ ခေါ်သံကြားသဖြင့် သင်ကြားရေးခန်းထဲမှ ထွက်လာသည်။
လုယန်တို့ကိုကြည့်၍ မင်သက်မိနေသည်။ မျက်လုံးတွင် စိတ်ပျက်သည့်အရိပ်များ ပြည့်နေသည်။
"အဲ၊ မင်းတို့အားလုံး ရောက်လာတာလား။ ရောက်လာရင်လည်း ခန်းမထဲဝင်ပြီး 'ကိုးဆမသေမျိုး၊ အချိန်ကျပါပြီ။ လောကကိုဖွင့်ပါတော့'လို့ ပြောပါလား။ အဲလိုဆို တောင်ဝင်ကျောင်းတစ်ခုလုံး ငါဘယ်သူလဲဆိုတာ သိသွားမယ်လေ"
"ကိုးဆအရှင်က သရုပ်မှန်ဖုံးကွယ်ချင်လို့ ဒီမှာခပ်လျှိုလျှိုပဲနေတာမဟုတ်ဘူးလား"
လုယန် မေးလိုက်သည်။
"ငါ့သရုပ်မှန် ငါဖော်ထုတ်တာနဲ့ တစ်ခြားလူကဖော်ထုတ်တာ မတူဘူးလေ"
"ဒါလည်းဟုတ်တာပဲ"
နတ်မယ်က ကိုးဆမသေမျိုး အသိဉာဏ်ဖြန့်ဖြူးနေသည်ကို စကားဖြတ်၍ ဝင်ပြောသည်။
"ကိုးဆ၊ ရွှေကျီးကန်းမျိုးနွယ်တွေဟာ အရင်က ခြေနှစ်ချောင်းပဲရှိတာလို့ နင်ပြောဖူးတယ်မဟုတ်လား"
ကိုးဆမသေမျိုး အူကြောင်ကြောင်ဖြစ်သွားသည်။ ဘယ်အချိန်ကတည်းက ထာဝရနတ်မယ် သမိုင်းလေ့လာမှုကို ထိုမျှစိတ်ဝင်စားလာသည်မသိ။
"ဟုတ်တယ်။ ရှေးဟောင်းခေတ်မှာ ရွှေကျီးကျန်းမျိုးနွယ်တွေဟာ ခြေနှစ်ချောင်းပဲရှိတယ်။ နောက်တော့ ရှေးဘိုးဘေးတွေက ပိုစွမ်းအားကြီးလာတယ်။ ရွှေကျီးကန်းတွေက ယန်အားတိုးစေတယ်ကြားတော့ စပြီးအမဲလိုက်ကြတယ်။
အသက်ရှင်ဖို့အတွက် ရွှေကျီးကန်းတွေက အခြေအနေနဲ့ လိုက်လျောညီထွေ အသွင်ပြောင်းလာတယ်။ တဖြေးဖြေးနဲ့ ခြေသုံးချောင်းသတ္တဝါတွေ ဖြစ်လာတယ်။
ရှင်သန်နိုင်ဖို့အတွက် တောက်တဲ့အမြီး ပြန်ပေါက်တာကလည်း ရွှေကျီးကန်းတွေဆီကနေ နည်းယူထားတာပဲ။ သူတို့ပုံစံက ဒီလိုမျိုးပေါ့"
ကိုဆမသေမျိုး လက်တစ်ဘက်မြှောက်၍ တောက်ပသည့် ခြေနှစ်ချောင်းရွှေငှက်ပုံရိပ်တစ်ခု ဖန်တီးလိုက်သည်။
လုယန်၏ မီးတောက်စစ်ထဲမှ ရွှေငှက်ပုံရိပ်နှင့် ချွတ်စွပ်တူနေသည်။
******************************