အခန်း ၁၂၇၀
Vol. 85 Ch. 1270
အခန်း (၁၂၇၀) ရှင်းပြရခက်သည်
မှန်သည်။ သင်လိုက်သည့် မှော်ပညာသည် မူလပုံစံအတိုင်း ဟုတ်ချင်မှဟုတ်မည်။
ကိုးဆမသေမျိုးစကားကြောင့် လုယန် ကိုယ့်အယူအဆကိုယ် ပိုယုံကြည်လာသည်။
"သမာဓိမီးတောက်၊ တစ်လက်မမြေချုံ့ပညာ၊ ခြေတစ်လှမ်းမိုင်ချီပညာတွေကရော ရှေးဟောင်းခေတ်မှာ ဘယ်လိုရှိခဲ့လဲ"
"ဘာကိုမေးတာလဲ"
"အဲဒီ့မှော်ပညာတွေဟာ ရှေးဟောင်းခေတ်ကပုံစံနဲ့ ဒီနေ့ပုံစံ ကွဲပြားမှုရှိလားလို့မေးတာပါ"
လုယန်မေးခွန်းကြောင့် ကိုးဆမသေမျိုး ပြုံးစေ့စေ့ဖြစ်သွားသည်။ သို့သော် အားလုံး၏မျက်နှာက လေးနက်တည်ကြည်နေသဖြင့် သူလွယ်လွယ် ကောက်ချက်မချရဲ။
"ပြောရခက်တယ်၊ ရှေးဟောင်းခေတ်မှာ မှတ်တမ်းမှတ်ရာ အရမ်းနည်းတယ်။ ဒီနေ့သိနေကြတဲ့ ရှေးဟောင်းသမိုင်းဆိုတာ မျိုးနွယ်စံဒကနေ ဆင်းသက်လာတဲ့ ဒဏ္ဍာရီတွေကနေ ဘယ်ဟာမှန်တယ် ဘယ်ဟာကပုံကြီးချဲ့ထားတယ်ဆိုတာကို ငါသေချာခွဲထုတ်ခဲ့တာတွေပါ။
ပြီးတော့ ဒဏ္ဍာရီအများစုက အမှန်နဲ့အမှား ခွဲခြားဖို့ခက်တယ်။ ဥပမာ အခုမျိုးတုန်းသွားပြီဖြစ်တဲ့ ခွာဖူမျိုးနွယ်က ချန်ခဲ့တဲ့ ဒဏ္ဍာရီတွေပေါ့။ ခွာဖူမျိုးနွယ်ဟာ လူ့ဘီလူးကြီးတွေလို့ ပြောကြတယ်။ သာမန်အဝတ်အစားတွေနဲ့ သူတို့ခန္ဓာကိုယ်ကို ဖုံးအုပ်ဖို့မလုံလောက်ဘူး။
ဒီတော့ သာမန်အဝတ်တွေကို ကြီးအောင်လုပ်နိုင်တဲ့ မှော်ပညာတွေ တီထွင်လေ့လာကြတယ်။ အရိပ်တုလက်သီးတို့ မိုးမြေနိယမပညာတို့ပေါ့။ အဲဒီ့ပညာတွေက မူလဇစ်မြစ်အတူတူပဲလို့ပြောကြတယ်"
"သဘောပေါက်ပါပြီ။ အခုလို ပြောပြတာ ကျေးဇူးတင်ပါတယ်"
လုယန် လက်နှစ်ဘက်ဆုပ် အရိုအသေပြုလိုက်သည်။
ကိုးဆမသေမျိုးက လက်ခါပြသည်။
"ဒါတွေက အထောက်အထားမခိုင်မာတဲ့ ဒဏ္ဍာရီတွေပါ။ ငါက ဟာသလို့သဘောထားပြီး ယင်ထန်တို့ကို ပြောပြတယ်။ ဒါပေမယ့် သူတို့က စိတ်မဝင်စားဘူးလေ။
အခု မိတ်ဆွေလု တံခါးပိတ်ကျင့်တာ ပြီးသွားပြီ။ နတ်မယ်လည်းရောက်လာပြီဆိုတော့ လောကမှော်စက်ဝန်းကို ဖျက်လို့ရပြီဆိုတဲ့သဘောလား"
ကိုးဆမသေမျိုး စိတ်အားတက်ကြွနေည်။ ယနေ့အတွက် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ခဲ့သည်။ သူမသေမျိုးဆင်းရဲဖြတ်ကျော်စဉ်ကထက် ပိုခမ်းနားအောင် ပြင်ဆင်ထားသည်။
နတ်မယ်လက်ခံရန်ပြင်နေစဉ် လုယန်က ကြားဖြတ်ပြောသည်။
"တစ်ချို့ကိစ္စလေးတွေ အတည်ပြုရဦးမယ်။ အတည်ပြုပြီးရင် နတ်မယ်အနေနဲ့ အကြီးအကဲလေးယောက်ကို အင်ပါယာနန်းတော်မှာ အတူစုစည်းပေးဖို့ အဆင်ပြေတယ်မဟုတ်လား"
"ပြေမှာပါ"
ကိုးဆမသေမျိုး တော်ဝင်ကျောင်းမှ ဘာမှမသိသည့်ပညာရှင်များနဲ့ ဆက်၍ငြင်းခုန်မနေတော့ဘဲ အားလုံးကိုစောင့်ဖို့ အင်ပါယာနန်းတော်သို့ ထွက်သွားသည်။
ကိုးဆမသေမျိုးထွက်သွားပြီးနောက် နတ်မယ် တွေးမရသဖြင့် မေးသည်။
"ငါတို့မှာ လုပ်စရာရှိသေးတယ်ပေါ့"
"နတ်မယ်၊ ခင်ဗျားကျုပ်ကိုသင်ပေးတဲ့ အနာဂတ်မြင်ပညာကို အချိန်မသေမျိုးဆီကနေသင်ခဲ့တာမဟုတ်လား။ ဒီပညာဘယ်ကလာတယ်ဆိုတာ ကျုပ်သွားမေးချင်တယ်"
အချိန်မသေမျိုးသည် ယခုလက်ရှိတွင် ရွှေစီးပွားကုန်သည်အသင်းဌာနချုပ်၌ ရှိနေကြောင်း အင်ပါယာရှားထံမှ သိရသည်။
အားလုံး တော်ဝင်ကျောင်းမှထွက်၍ ကုန်သည်အသင်းဌာနချုပ်သို့ ဦးတည်ကြသည်။
ယွမ်ကျိမှလွဲလျှင် ကျန်သည့်လူအားလုံး ကုန်သည်အသင်းဌာနချုပ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ လောကနံပတ်တစ် စီးပွားရေးလုပ်ငန်းဆိုသည့် ဂုဏ်ပုဒ်နှင့်ညီမျှသည်။ တကယ်ခမ်းနားထည်ါသည်။
ဝိညာဉ်ကျောက်များဖြင့် ထုလုပ်ထားသည့် လာဘ်ကောင်ရုပ်ထုနှစ်ခု ဂိတ်တံခါးတွင်ရှိသည်။ ကြမ်းခင်းကို ကျောက်စီးနီခင်းထားသည်။ နွေရာသီတွင်အေး၍ ဆောင်းရာသီတွင်နွေးသည်။ နေရာတစ်ခုလုံးက စွမ်းအင်စုမှော်စက်ဝန်းကြီးတစ်ခုပေါ်တွင် တည်ရှိသည်။
ကျင့်ကြံမှုအတွက် အကူအညီဖြစ်သလို ဂုဏ်သရေထည်ဝါမှုကိုလည်း ထိန်းထားနိုင်သည်။ ထို့ပြင် အထပ်တစ်ခုတိုင်းတွင် စုစည်းခြင်းအဆင့် ကျင့်ကြံသူများ အမြဲစောင့်ကြပ်နေသည်။ ဌာနချုပ်အတွက် အမြင့်ဆုံးလုံခြုံရေးကို ချထားသည်။
ဝင်ထွက်နေကြသူများက ထိပ်တန်းကုန်သည်များ သို့မဟုတ် ဝိညာဉ်ပြောင်းအဆင့်နှင့်အထက် ကျင့်ကြံသူများဖြစ်သည်။
"လောင်မုန်၊ မင်းဒီကို တစ်ခါမှမရောက်ဖူးဘူးလား"
မုန်ကျင်းကျိုးက လူသစ်တစ်ယောက်လို ဘေးပတ်လည်ကို အကဲခတ်နေသဖြင့် လုယန်ကမေးလိုက်သည်။
"မရောက်ဖူးဘူး။ ငါ့မိသားစုကလူတွေ ဒီကိုလာရင် စီးပွားရေးလုပ်ငန်းအတွက်ပဲဆိုတော့ ငါ့ကိုခေါ်လာလို့မရဘူး။ ငါကျင့်ကြံမှုစပြီးတော့လည်း မြို့တော်ကို သိပ်မရောက်ဖြစ်ဘူး။ ရောက်ရင်လည်း မိသားစုနဲ့တွေ့ဖို့ပဲ။ ဒီကိုလာဖို့မလိုဘူးလေ"
"ဒါလည်းဟုတ်တာပဲ"
ယွမ်မုန်မုန်က သိပ်အံ့ဩဟန်မရှိ။
"ဒါက လောကနံပတ်တစ် ကုန်သည်အသင်းတဲ့လား။ ငါတို့ကောင်းကင်ဂိတ်တောင်ထိပ်ကို မမီလောက်ပါဘူး"
ရွှေစီးပွားကုန်သည်အသင်းသည် လောကစည်းစိမ်နှင့် ဓနဥစ္စာများ ပြည့်နေသည်ဟုပြောကြသည်။ သို့သော်ယခု သူ့အမြင်တွင် သာမန်သာဖြစ်သည်။ ဤနေရာမှ ပစ္စည်းများက ကောင်းကင်ဂိတ်တောင်ထိပ်မှ ပစ္စည်းများလောက်တန်ဖိုးမရှိ။
ဤနေရာမှလူများ၏ ကျင့်စဉ်အဆင့်ကလည်း သိပ်မမြင်ကြ။
"အချိန်မသေမျိုးက ဘယ်မှာလဲ"
"ပေါ်ဆုံးထပ်မှာ ရှိလောက်တယ်"
ယွမ်ကျိကပြောသည်။ အချိန်မသေမျိုး ဤနေရာသို့ ဘာကြောင့်ရောက်နေသလဲဟု သူတွေးနေသည်။ အားလုံးကိုဦးဆောင်၍ အပေါ်ထပ်သို့ ခေါ်သွားည်။
ပုံမှန်အားဖြင့် ကုန်သင်အသင်းဌာနချုပ်၏ အပေါ်ထပ်များသို့ အပြင်လူများဝင်ခွင့်မရှိ။ သို့သော် ယွမ်ကျိ၏ တင်းမာအေးစက်သည့်ဟန်ပန်ကြောင့် တားချင်သူများပင် ကြောက်လန့်တုန်လှုပ်၍ ဘေးဖယ်ပေးကြသည်။
လက်ထောက်တစ်ယောက်က သတ္တိမွေး၍ သူတို့ကိုတားဖို့ပြင်သည်။ ကြီးကြပ်သူက သူ့ကိုဆွဲထားသည်။
"အဲဒါ ယွမ်ကျိကွ။ သူ့ကိုတားဖို့မလိုဘူး"
"ယွမ်ကျိ..."
"ယွမ်ကျိဆိုတာ တာအိုလမ်းစဉ်ဂိုဏ်းက အမကြီး။ ပြီးတော့ ကုန်သည်အသင်းရဲ့ အရေးပါတဲ့ဖောက်သည်ပဲ။ သူဌာနချုပ်ကိုလာရင် လုံးဝမတားရဘူးလို့ ဥက္ကဌက သေချာညွှန်ကြားထားတယ်"
"အဲလိုမျိုးလည်း ရှိတာလား"
"မင်းမသိတာလည်း မဆန်းပါဘူး။ သူဒီကိုမလာတာ နှစ်တစ်ရာကျော်ကြာပြီ"
ယွမ်ကျိက အားလုံးကို အပေါ်ဆုံးထပ်မှ ဥက္ကဌအခန်းသို့ ခေါ်သွားသည်။
တံခါးမခေါက်မီ တံခါးက အလိုလိုပွင့်သွားသည်။ အချိန်မသေမျိုးက ဥက္ကဌထိုင်ခုံတွင်ထိုင်၍ သူ့ရှေ့မှ ကျောင်းသားနှစ်ယောက်ကို သင်ကြားပို့ချနေသည်။
တစ်ယောက်ကိုတော့ လုယန်မှတ်မိသည်။
သူခိုးဘုရင်။
နောက်တစ်ယောက်က ခြေတစ်ဘက်သာရှိသည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူခိုးဘိုးဘေးဖြစ်လိမ့်မည်။
ယွမ်ကျိမှလွဲလျှင် သူခိုးလောကထိပ်သီးနှစ်ယောက် ကုန်သည်အသင်းဌာနချုပ်တွင် ဘာကြောင့်ရှိနေသည်ကို တွေးမရကြ။
လုယန်နှင့်မုန်ကျင်းကျိုးကို မြင်ချိန်တွင် သူခိုးဘုရင် အလိုလိုကြက်သီးထလာသည်။ ကျုန်းရှန်မှ ကြောက်စရာကောင်းသည့် အဖြစ်အပျက်များကို ပြန်သတိရသည်။
"အကြီးအကဲက သင်ခန်းစာပို့ချနေတာလား"
အချိန်မသေမျိုးက ရယ်၍ထရပ်လာသည်။
"ကျင့်စဉ်လမ်းနဲ့ပတ်သက်ပြီး ငါသူတို့နဲ့ နည်းနည်းရေစက်ပါတယ်။ ဒါကြောင့် အသိပညာတစ်ချို့ မျှဝေပေးနေတာပါ။...ကဲ၊ ငါကိစ္စလေးတွေရှိသေးတယ်။ မင်းတို့ အရင်အောက်ကိုဆင်းနှင့်ပါ"
သူခိုးဘုရင်နှင့် သူခိုးဘိုးဘေးက လေးလေးစားစားဦးညွှတ်၍
"နားလည်ပါပြီ"
နှစ်ယောက်လုံးက အမြန်နှုန်းအရိယဖလလမ်းစဉ်များဖြစ်သည်။ အချိန်အရိယဖလရဖို့ မျှော်မှန်းထားကြသည်။ အချိန်မသေမျိုး မြို့တော်သို့ရောက်နေသည်ဟုကြား၍ အထူးတလည်ဖိတ်ခေါ်ပြီး လမ်းညွှန်သင်ပြပေးဖို့ တောင်းဆိုထားခြင်းဖြစ်သည်။
ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။ ထိုလောက်တော့ သူခန့်မှန်းမိသည်။ အချိန်မသေမျိုး ကုန်သည်အသင်းဌာနချုပ်သို့ ရောက်နေသည်မှာ သူခိုးဘုရင်၊ သူခိုးဘိုးဘေးတို့နှင့်သာ ပတ်သက်စရာရှိသည်။
"မိတ်ဆွေလေးလု ကျင့်ကြံတာ ပြီးသွားပြီလား။ မင်းက အတော်တိုးတက်ခဲ့ပုံပဲ။ အခု လောကမှော်စက်ဝန်းကို ဖျက်ကြတော့မလား"
လုယန်က လက်နှစ်ဘက်ဆုပ်ဦးညွှတ်၍
"ပြီးခဲ့တဲ့တစ်ခေါက်က လမ်းညွှန်ပေးခဲ့တာကျေးဇူးတင်ပါတယ်အရှင်။ ကျုပ်အခုလာတာက မှော်စက်ဝန်းဖွင့်ဖို့လည်းပါပါတယ်။ ပြီးတော့ မေးချင်တာလည်းရှိလို့ပါ"
"ဪ...ဘာမေးမလို့လဲ"
"မသေမျိုးအရှင်က ထာဝရနတ်မယ်ကို အနာဂတ်မြင်ပညာ သင်ပေးခဲ့တယ်မဟုတ်လား။ အဲဒီ့မှော်ပညာကို အရှင်တီထွင်ခဲ့တာလား"
"ဖန်တီးတယ်ဆိုတာထက် ဒီပညာနဲ့မွေးလာတာလို့ပြောရင် ပိုမှန်လိမ့်မယ်"
"ဒီပညာနဲ့မွေးလာတာလား"
နတ်မယ်အပါအဝင် အားလုံးအံ့အားသင့်သွားကြသည်။ ထိုနတ်စွမ်းပညာကို အချိန်အရိယဖလနားလည်မှုဖြင့် အချိန်မသေမျိုးကိုယ်တိုင် တီထွင်ခဲ့သည်ဟု နတ်မယ်လည်းထင်ခဲ့သည်။
"ဒါက နတ်ဆိုးမျိုးနွယ်တွေ သွေးဆက်ဗီဇအရ တတ်ကျွမ်းနေတဲ့ မှော်ပညာမျိုးပါ။ မင်းတို့လည်းသိတာပဲ။ ငါ့ခန္ဓာကိုယ်က လောကသစ်ပင်လေ။
ငါအသိစိတ်စပေါ်လာတော့ မှော်ပညာတစ်ခု အလိုလိုတတ်နေသလို ခံစားရတယ်။ အသိစိတ်ဖွံ့ဖြိုးလာတော့ ဒီပညာက ပိုသိသာလာတယ်။ ဒါကိုသုံးရင်အနာဂတ်အဖြစ်အပျက်တွေကို မြင်နိုင်တယ်။
ဒါကြောင့် အနာဂတ်မြင်ပညာလို့ နာမည်ပေးခဲ့တာ"
အချိန်မသေမျိုးထံမှ ထိုအဖြေမျိုးရလာမည်ဟု လုယန်ထင်မထား။
ဗီဇစွမ်းရည်ဆိုလျှင် ဘာမှနားရှုပ်စရာမရှိတော့။
သို့သော် ဘာကြောင့် အနာဂတ်ကိုမြင်နိုင်သနည်း။ ဘာကြောင့် အချိန်လမ်းကြောင်းများကို မြင်နိုင်သနည်း...
ရုတ်တရက် ကိစ္စတစ်ခု လုယန်ပြန်သတိရလာပြီး အတွေးတစ်ခုပေါ်လာသည်။
"ဒါနဲ့..တစ်ချိန်တုန်းက လောကသစ်ပင်ဟာ ကပ်ဆိုးတစ်ခုကြုံလို့ ခါးလည်ကနေကျိုးပြီး အသက်ဝိညာဉ်လုံးဝ ကင်းမဲ့သွားတယ်လို့ မသေမျိုးအရှင်ပြောဖူးတယ်မဟုတ်လား။
အရှင်က အဲဒီ့သစ်ပင်ဟောင်းကနေ ကြီးထွားလာတဲ့ လောကသစ်ပင်အသစ်မဟုတ်လား"
"ဟုတ်ပါတယ်"
"အဲဒီ့ကပ်ဆိုးဆိုတာ ဘယ်လိုဟာမျိုးလဲ"
အချိန်မသေမျိုး ခေါင်းခါသည်။
"ငါမသိဘူး။ အဲဒီတုန်းက ငါအသိစိတ်မရသေးဘူး။ အသိစိတ်ဖွံဖြိုးလာပြီးမှ ငါ့ခန္ဓာအခြေအနေကိုကြည့်ပြီး သုံးသပ်ထားတဲ့ ခန့်မှန်းချက်တစ်ခုပါပဲ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ ဗီဇအနာဂတ်မြင်ပညာ၊ လောကသစ်ပင် ခါးလည်မှကျိုးခြင်း၊ ထို့နောက် ယခုသူတတ်ထားသည် ပုံစံကွဲအနာဂတ်မြင်ပညာ။
ထိုသုံးခုကြားတွင် ဆက်စပ်မှုတစ်ခု ရှိနေသလော...
လုယန် ထိုသို့တွေးနေစဉ် အရိပ်ထဲမှမျက်လုံးတစ်စုံက စိုက်ကြည့်နေသည်ကို ဘယ်သူမှသတိမထားမိကြ။
******************************