← Chapters

အခန်း ၁၂၇၁

Vol. 85 Ch. 1271

အခန်း ၁၂၇၁

Vol. 85 Ch. 1271

အခန်း (၁၂၇၁) လောကဖွင့်ခြင်း

ထိုမျက်လုံးရှင်သည် ဤလောကတွင် မရှိသကဲ့သို့ လောကအကြာင်းအကျိုးတို့နှင့် မဆက်စပ်သကဲ့သို့ ထင်ရသည်။

"ငါ့အကြောင်း နောက်ထပ်သဲလွန်စတစ်ခု တွေ့သွားပြန်ပြီပေါ့။ တကယ်ဒုက္ခပေးတဲ့ကောင်လေးပဲ။ နောင်တစ်ချိန် အရှုပ်အထွေးဖြစ်မလာအောင် သတ်လိုက်ရင်ကောင်းမလား"

နန်းမြို့တော်တွင် မသေမျိုးများစွာ စုဝေးနေသော်လည်း လှုပ်ရှားဖို့ အဆင်မပြေဟုတော့ မဆိုလို။

"ဒါမှမဟုတ် အချိန်လမ်းကြောင်းကိုပြင်ပြီး အမှန်တရားကို ပြောင်းလိုက်ရမလား"

လုယန်ကို စိုက်ကြည့်၍ သူအတော်ကြာအောင် စဉ်းစားနေသည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်နှစ်ခုလုံးကို ခေါင်းထဲမှထုတ်လိုက်သည်။

"မဖြစ်ဘူး၊ ဒီလိုလုပ်လို့မဖြစ်ဘူး။ အလုံပိတ်လောက ဖွင့်ကြတော့မယ်။ အခုချိန်လှုပ်ရှားရင် ကြိုးစားထားသမျှ အချည်းနှီးဖြစ်ကုန်လိမ့်မယ်။

ငါ့ကို ယော်စိန့်လို့ သူတို့ယုံကြည်အောင် အများကြီးအားထုတ်ခဲ့ရတာ။ ငါသေပြီလို့ သူတို့ထင်နေကြပြီ။ လုယန် ဒီကိစ္စကို ထူးဆန်းတယ်လို့ ခံစားမိရင်တောင် ငါ့ကိုတော့ သံသယမဝင်လောက်ဘူး။

ဟုတ်တယ်။ သူတို့အမြင်မှာ ဒီကိစ္စက အဆုံးသတ်သွားပြီ။ အားလုံးပြန်ပြီး ငြိမ်းချမ်းလာပြီ။ ဒီလိုအသေးအဖွဲသံသယတွေအတွက် ငါလူလုံးထွက်ပြစရာမလိုဘူး။

ပြီးတော့ လုယန်က ဒုက္ခပေးနိုင်ပေမယ့် သူ့အတွေ့အကြုံတွေက အတော်စိတ်ဝင်စားစရာကောင်းတယ်။ ငါမလှုပ်ရှားချင်ဘူး။ အခုကျန်နေတဲ့ တစ်ခုတည်းသောစိုးရိမ်စရာက ဟိုလူဝင်စား ဘယ်ရောက်နေလဲဆိုတာပဲ။

အင်း...စိုးရိမ်စရာရယ်တော့လည်း မဟုတ်ပါဘူးလေ။ ငါတောင်သူ့ကိုရှာမတွေ့ဘူးဆိုရင် တစ်ခြားလူတွေလည်း ရှာမတွေနိုင်ပါဘူး"

ထိုလူအကြည့်က လုယန်ဆီ နောက်တစ်ကြိမ် ပြန်ရောက်သွားသည်။ သူ့အမူအရာ နည်းနည်းထူးဆန်းနေသည်။

ဤကောင်လေးလုယန်သည် ခန့်မှန်းသုံးသပ်ရာတွင် တကယ်တော်သည်။ မှော်ပညာဇစ်မြစ်နှင့်ပတ်သက်၍ သူ့ကောက်ချက်များက လုံးဝနီးပါး တိကျသည်။

လုယန် အတော်ကြာအောင် စဉ်းစားနေပြီးနောက် စိတ်လျှော့လိုက်ဟန်ဖြင့် ပြုံး၍ခေါင်းမော့လာသည်။

"ကျုပ်မတွေးတတ်တော့ဘူး။ ဒီတော့ ဒီကိစ္စကို မစဉ်းစားတော့ဘူး။ ဒီမှာအချိန်ကုန်မခံတော့ဘဲ အင်ပါယာနန်းတော်ကို သွားကြတာပေါ့"

"အင်ပါယာနန်းတော်..."

အချိန်မသေမျိုး နားရှုပ်သွားသည်။

"ဪ...မသေမျိုးအရှင်လေးယောက်ကို အင်ပါယာနန်းတော်မှာဆုံကြဖို့ တောင်းဆိုထားလို့ပါ။ အဆင်ပြေတယ်မဟုတ်လား"

"မှော်စက်ဝန်းကို ဖွင့်တော့မှာလား"

အချိန်မသေမျိုး စိတ်အားတက်ကြွလာဟန်ဖြင့် လက်နှစ်ဘက်ကိုပွတ်နေသည်။ အခုမှ အချိန်ရောက်လာသည်။

နတ်မယ်ကလည်း အားလုံးကို ပြုံးပြသည်။

"နင်တို့ဘယ်သူမှ ကြယ်ကောင်းကင်အစစ်ကို မမြင်ဖူးကြဘူးမဟုတ်လား။ ဒီနေ့ နင်တို့ကို ငါလက်တွေ့ပြမယ်"

မုန်ကျင်းကျိုးနှင့် ယွမ်မုန်မုန်တို့နှစ်ယောက်လုံး မျှော်လင့်ချက်အပြည့်ဖြစ်နေသည်။ လျှို့ဝှက်နယ်မြေမှထွက်၍ ရှောင်ကျိနောက်သို့လိုက်လာသည်မှာ ဘဝတစ်သက်တာတွင် အမှန်ဆုံးဆုံးဖြတ်ချက်ဟု ယွမ်မုန်မုန်ခံစားရသည်။ အသစ်အဆန်းများ အမြဲကြုံတွေ့ရသည်။

သူတို့လူစု တော်ဝင်နန်းတော် ညီလာခံခန်းမသို့ ရောက်လာသည်။ အင်ပါယာရှား၊ ကိုးဆမသေမျိုး၊ ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့သာရှိသည်။

"ဘိုးဘေး"

မုန်ကျွင်းဇီကို မုန်ကျင်းကျိုးက အထူးတလည် အရိုအသေပေးသည်။

"တော်သားပဲကောင်လေး။ ကူးဖြတ်ခြင်း အလတ်တန်းဆင့်ပေါ့။ မင်းဘိုးဘေးဂုဏ်ယူရအောင် လုပ်နိုင်သားပဲ"

မုန်ကျွင်းဇီ သဘောကျ၍ အော်ဟစ်ရယ်မောနေသည်။

သုံးလေးနှစ်အတွင်း ကူးဖြတ်ခြင်းအလတ်တန်းဆင့်သို့ရောက်သည်။

"ငါ့မျိုးဆက်သစ်က အဆင့်တက်ပြီ လောင်ကျန်း။ အကြီးအကဲတစ်ယောက်အနေနဲ့ ဂုဏ်ပြုလက်ဆောင်လေးဘာလေး ပေးမှပေါ့"

မုန်ကျွင်းဇီက မုန်ကျင်းကျိုးပုခုံးကိုဖက်ရင်း ကျန်းပင်ကန်းရှေ့တွင် ကြွားလုံးထုတ်သည်။

"သူကစားဖို့အတွက် မင်းရဲ့ထိုက်ရှန်းဓားလေး နှစ်ရက်သုံးရက်လောက် ငှားလိုက်ပါလား"

ကျန်းပင်ကန်း ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပြူးထွက်လာသည်။

"ငါ့ဓားအရသာ မင်းကိုမြည်းကြည့်ခိုင်းမယ်လေ။ အဲဒါက ပိုကောင်းပါတယ်"

"အဲလောက်ကပ်စေးမနည်းပါနဲ့ကွာ။ ထိုက်ရှန်းဓားမဟုတ်ရင်တောင် တော်ဝင်ကျောက်စိမ်းတံဆိပ် လွှဲပေးရင်လည်း အဆင်ပြေပါတယ်"

ကျန်းပင်ကန်း ဒေါသမထိန်းနိုင်တော့။ တော်ဝင်ကျောက်စိမ်းတံဆိပ်တုံးဖြင့် မုန်ကျွင်းဇီကို လွှဲရိုက်သည်။ မုန်ကျွင်းဇီက အသာအယာရှောင်တိမ်းသည်။

"ဒါက နန်းပလ္လင်လား"

ယွမ်မုန်မုန်က ဘုံကျောင်းမြေအထက်မှ ပလ္လင်ကို လှည့်ပတ်၍ လက်ဖြင့်ခေါက်ကြည့်သည်။

"ထိုင်လို့ မကောင်းလောက်ဘူး။ ရှောင်ကျိရဲ့ ထိုင်ခုံလောက် သက်တောင့်သက်သာမဖြစ်လောက်ဘူး"

အင်ပါယာရှားကို ကရုဏာသက်ဟန်ဖြင့် သူကြည့်သည်။

"အင်ပါယာတစ်ယောက်ဖြစ်ရတာ တကယ်ဒုက္ခများတာပဲ"

"မင်းတို့က အချိန်မသေမျိုးနဲ့ သွားတွေ့တာလား"

ကိုးဆမသေမျိုး ပြုံးနေသည်။

"ချီလင်နဲ့ယင်ထန်ကို အကြောင်းကြားဖို့ လူလွှတ်ထားပြီးပြီ။ သိပ်မကြာခင် ရောက်လာကြလောက်တယ်"

"ဟားဟား၊ ငါတံခါးဝရောက်တဲ့အချိန် တစ်ယောက်ယောက် ငါ့အကြောင်းပြောနေတာ ကြားလိုက်သလားလို့"

ယင်ထန်မသေမျိုး အော်ဟစ်ရယ်‌ေမော၍ ခန်းမထဲဝင်လာသည်။ ဘေးပတ်လည်ကို လှည့်ကြည့်သည်။

"ငါနောက်အကျဆုံးလူဖြစ်မှာ စိတ်ပူနေတာ။ ကြည့်ရတာ ချီလင်က နောက်ဆုံးပိတ်ပဲ"

ထိုစဉ် ချီလင်မသေမျိုးက အောင်လင်းတို့နှင့်အတူ ရောက်လာသည်။ ယန်ထန်ထက် ခြေတစ်လှမ်းသာနောက်ကျသည်။

အောင်းလင်းတို့က နတ်မယ်နှင့်လုယန်ကို ပြုံး၍နှုတ်ဆက်သည်။

"အကိုလုယန်ရောက်နေပြီဆိုတော့ အရိယဖလသန္ဓေ တည်ဆောက်တာ အောင်မြင်သွားတဲ့သဘောပေါက်။ ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်"

"ဒါပေါ့။ ရှောင်ယန်ကို လမ်းညွှန်သင်ပြပေးနေတာ ဘယ်သူထင်လို့လဲ"

နတ်မယ်က ကြွားလုံးထုတ်သည်။

"ရှောင်ယန်က ပြိုင်ဘက်ကင်းသန္ဓေကို အပြည့်အဝနားလည်ပြီး အရိယဖလသန္ဓေ တည်ဆောက်ခဲ့တာ။ နင်တို့နှစ်ယောက်ထက် အများကြီးပိုစွမ်းအားကြီးတယ်"

အောင်းလင်းနှင့် ကျန်းလျန်ယိက အနေခက်ဟန်ဖြင့်ပြုံးသည်။

"အဲလိုမှမဟုတ်ရင် ကျွန်မတို့က အကိုလုယန်လို့ ဘာလို့ခေါ်နေမှာလဲ။ ညီမတို့နှစ်ယောက် အကိုလုနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

"အကြီးအကဲတို့နှစ်ယောက်က မြှောက်ပင့်လွန်းနေပြီ..."

အောင်းလင်းက စိတ်ဆိုးချင်ယောင်ဆောင်၍

"မသေမျိုးတစ်ဝက်နီးပါး ဖြစ်နေတာတောင် ငါတို့ကို အကြီးအကဲလို့ ခေါ်နေတုန်းလား"

ရွေးစရာမရှိသဖြင့် လုယန် သတ္တိမွေး၍ အခေါ်အဝေါ်ပြောင်းလိုက်သည်။

"ညီမတို့က မြှောက်ပင်လွန်းနေပါပြီ"

'ညီမ'ဟုအခေါ်ခံရသဖြင့် အောင်းလင်းတို့မျက်နှာ ချက်ချင်းပြုံးလာသည်။

"ဒီအကြောင်းတွေ ထပ်မပြောတော့ဘူး။ အားလုံးရောက်လာပြီဆိုတော့ အကြီးအကဲတို့ စလှုပ်ရှားကြတော့မလား"

လုယန် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"စကြတော့မလား"

"လုပ်စို့လေ"

...

"ဟိုမှာကြည့်ဦးဟေ့၊ တော်ဝင်နန်းတော်မှာ တစ်ခုခုထူးခြားနေတယ်"

နန်းတော်အပြင်ဘက်မှ အာရုံထက်မြက်သည့် ကျင့်ကြံသူတစ်ယောက်က ထူးခြားချက်ကို အရင်ဆုံး သတိပြုမိသည်။

နန်းတော်အထက်တွင် အသွင်ကွဲပြားသည့် သဏ္ထာန်လေးခု ရှိနေသည်။ တစ်ယောက်က ကောင်းကင်ရွေးချယ်ခံသားတော်ကဲ့သို့ လျှပ်စီးများဖုံးလွှမ်းနေသည်။

တစ်ယောက်က လက်သီးတစ်ဘက်ထောက်၍ မုဆိုးထိုင်ထိုင်နေသည်။ တစ်ယောက်က လက်ပိုက်ထားသည်။ တည်ကြည်ပြတ်သားသည့် မျက်လုံးမျိုးရှိသည်။

တစ်ယောက်က လေထဲတွင် တင်ပျဉ်ခွေထိုင်၍ မန္တာန်များ တီးတိုးရွတ်ဆိုနေသည်။

လူလေးယောက်၊ အသွင်လေးခု၊ စွမ်းအင်ရောင်လေးမျိုး။ တစ်ယောက်ချင်းစီက သီးခြားရပ်တည်နေသည်။ သို့သော် လေးယောက်ပေါင်းစည်းထားသည့် စွမ်းအားက ဖျက်ဆီးမရနိုင်သည့် အရှိန်အဝါမျိုးရှိနေသည်။

"အဲဒါ ရှေးဟောင်းမသေမျိုးလေးယောက်ပဲ"

မြို့တော်ထဲမှလူများ ထိုလေးယောက်ဆီ လက်ညှိုးထိုး၍ စိတ်လှုပ်ရှားနကြသည်။ ရှေးဟောင်းမသေမျိုးလေးယောက် မြို့တော်တွင် တစ်ပြိုင်တည်းပေါ်လာမည်ဟု ထင်မထားကြ။

ဘဝတစ်သက်တာတွင် ထိုလေးယောက်လုံးကို တစ်ပြိုင်တည်းမြင်ခွင့်ရသူ ဘယ်လောက်များများရှိမည်နည်း။

"သူတို့ဘာလုပ်နေတာလဲ"

စုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နိုင်ခြေကို စဉ်းစားကြသည်။ ခံစားချက်မျိုးစုံ ပြည့်နေသည်။

"လောကမှော်စက်ဝန်းကို ဖွင့်ကြတော့မလို့များလား"

"သိပ်သေချာတာပေါ့"

စုစည်းခြင်းကျင့်ကြံသူများ ပျော်ရွှင်လာသည်။ အပြင်လောက ဘယ်လိုပုံစံရှိသည်ကို သူတို့မသိကြ။

ယင်ထန်က ဖြေးညှ်းစွာ ခေါင်းမော့လာသည်။ သူ့အကြည့်က စူးရှနက်ရှိုင်သည်။ အနန္တလေဟာနယ်ကို ထိုးဖောက်သည်။ ဦးခေါင်းအထက်မှ ဝူလင်တိုက်နယ်ကိုကြည့်၍ လေးနက်တည်ကြည်သည့်လေသံဖြင့်ပြောသည်။

"အချိန်ရောက်လာပြီပေါ့"

ချီလင်လည်း မုဆိုးထိုင်အနေအထားမှ ထရပ်လာသည်။ လူအများမသိကြသည့် အတိတ်အကြောင်းတစ်ခု ပြန်ပြောပြသည်။

"ဘယ်သူထင်ထားမှလာလဲ။ အမြင့်ဆုံးအဓိပဓိစွမ်းအား အတိတ်က တိုက်ပွဲတစ်ခုကြောင့် ဒီမှော်စက်ဝန်းဟာ နှစ်သုံးသိန်းကြာခဲ့ရတယ်။

ကိုးဆမသေမျိုးကလည်း လေးနက်သည့်အကြည့်ဖြင့် မှော်စက်ဝန်းဆီကြည့်သည်။

"အင်အာကြီးရန်သူ သေသွားပြီ။ ခေတ်အဆက်ဆက်လှုပ်ရှားခဲ့တဲ့ လောကလည်ပတ်မှုစနစ် ပုံမှန်ဖြစ်သွားပြီ။ ဒီမှော်စက်ဝန်းလည်း ပျောက်သွားသင့်ပြီ"

အချိန်မသေမျိုးက မန္တာန်ရွတ်နေရမှရပ်သည်။ အကိုကြီးတစ်ယောက် ဟန်ပန်ဖြင့် စကားသံက လေးနက်တည်ကြည်သည်။ မတိုးမကျယ်လေသံက ဩဇာရိပ်များပြည့်နေသည်။

"ဒီမှော်စက်ဝန်းဟာ လောကကို ပိတ်လှောင်ထားတာ ကြာပြီ။ အခု ဒါကိုချိုးဖျက်ပြီး မိုးမြေကိုဖွင့်ရမယ့်အချိန်ရောက်ပြီ။ ကောင်းကင်ဆိုတာဘာလဲ စကြာဝဠာဆိုတာဘာလဲ လူအများကို သိခွင့်ပေးရမယ်"

မသေမျိုးလေးယောက် ပြိုင်တူမော့ကြည့်သည်။ အရောင်လေးမျိုး အလင်းတန်းလေးခုအသွင်ပြောင်း၍ ဝူလင်တိုက်နယ်ဆီ ပျံတက်သွားသည်။

ထိုအလင်းလေးခုကြောင့် တောက်ပသည့်နေမင်းပင် အရောင်မှိန်သွားသည်။

အရှေ့ပင်လယ်၊ နတ်ဆိုးနယ်မြေ၊ ဗုဒ္ဓနိုင်ငံနှင့် မြောက်ပိုင်းတိုက်နယ်တို့မှ သက်ရှိအားလုံး အလင်းတန်းလေးခုကို သတိထားမိကြသည်။

လောကကြီး တိတ်ဆိတ်နေသည်။ မသေမျိုးလေးယောက်ကို အာရုံစိုက်၍ကြည့်နေသည်။ မိုးမြေကြားတွင် သူတို့လေးယောက်တည်း ရှိသယောင်ထင်ရသည်။

လုယန် စိတ်ဝင်တစားကြည့်နေသည်။ ကိုးဆမသေမျိုးက သူ့စွမ်းအားဖြင့် နေအလင်းကို နည်းနည်းမှိန်အောင် လုပ်ထားမှန်းသိသည်။

ထိုကိစ္စမျိုးကို သတင်းစာတွင် အမှန်အတိုင်း ရေးသားဖော်ပြသင့်သလော...

*******************************

All Chapters