← Chapters

အခန်း ၁၂၇၂

Vol. 85 Ch. 1272

အခန်း ၁၂၇၂

Vol. 85 Ch. 1272

အခန်း (၁၂၇၂) မူမမှန်မှုများ ပေါ်လာခြင်း

ယခု ကျင့်ကြသူလောကတွင် သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ ဘယ်တိုက်နယ်က သတ္တဝါဖြစ်စေ အားလုံးက လုပ်လက်စအလုပ်များကိုရပ်ပြီး ရှေးဟောင်းမသေမျိုးလေးယောက် အရောင်လေးမျိုးအလင်းတန်းအဖြစ်ပြောင်း၍ မြင်ကွင်းတစ်ဆုံး အဝေးသို့ပြေးထွက်သွားသည်ကို လည်ဆန့်၍ကြည့်နေကြသည်။

အမြင်အာရုံအထက်မြက်ဆုံး ကျင့်ကြံသူများပင် တိုက်နယ်တစ်ခုတည်းတွင် ရပ်မနေနိုင်ကြ။ တစ်ခြားတိုက်နယ်များအထိ သွား၍ကြည့်ကြသည်။

"ရှေးဟောင်းမသေမျိုးလေးယောက်က မှော်စက်ဝန်ကိုချိုးဖျက်တော့မှာလား"

"ဟုတ်လောက်တယ်"

မသေမျိုးလေးယောက်ပေါ်လာချိန်က ခန့်မှန်းချက်သက်သက်မျှသာဖြစ်သည်။ ကိုယ်တွေ့မမြင်ရဘဲ ဘယ်သူမှကောက်ချက်ချနိုင်မည်မဟုတ်။

အားလုံးသံသယဖြစ်နေချိန်တွင် ကျယ်လောင်သည့်မိုးချုန်းသံများ သူတို့ဦးခေါင်းထက်တွင် ဆက်တိုက်ပေါ်လာသည်။ တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

"ဘာလို့ရုတ်တရက် လျှပ်စီးတွေပေါ်လာတာလဲ။ ဒီလောက်အရေးကြီးတဲ့အချိန်မှာ ဘာလို့ပေါ်လာတာလဲ။ ဒါကိုဘယ်သူဖယ်ရှားမှာလဲ"

စုစည်းခြင်းဆင့်ကျင့်ကြံသူတစ်ယောက် မျက်မှောင်ကျုံ့သွားသည်။ ရှေးဟောင်းမသေမျိုးငါးယောက် ဘာလုပ်နေသည်ကို သူမမြင်နိုင်သော်လည်း လျှပ်စီးကြောင့် မြင်ကွင်းဖုံးနေခြင်းမျိုးတော့ မဖြစ်သင့်။

လျှပ်စီးတိမ်တိုက်များကို ရှင်းထုတ်ဖို့ မှော်ပညာတစ်ခု ထုတ်သုံးရန်ပြင်သည်။

"မဟုတ်ဘူး။ ဒါက သာမန်လျှပ်စီးမဟုတ်ဘူး"

အမြင်စူးရှသည့် ကျင့်ကြံသူတစ်ယောက်က သူ့အဖော်ကိုတားသည်။

"သေချာကြည့်ပါ။ လျှပ်စီးတွေထဲမှာ အပြောင်းအလဲတွေဖြစ်နေတယ်"

ငွေရောင်လျှပ်စီးက တိမ်မည်းများကို ထိုးဖောက်၍ ကောင်းကင်တွင် လူးလွန့်လှုပ်ရှားနေသည်။ လျှပ်စီး၏ထုထည်က အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်သည်။ မျဉ်းကြောင်းဖြင့် ရေးဆွဲသကဲ့သို့ ပုံရိပ်အမျိုးမျိုးဖြစ်ပေါ်နေသည်။

"ရှေးဟောင်းမသေမျိုးလေးယောက်ရဲ့ပုံရိပ်တွေပဲ"

တိမ်မည်းများကို နောက်ခံအဖြစ်၊ လျှပ်စီးကို ဆေးသားအဖြစ်သုံးသည်။ ငွေရောင်အမျှင်တန်းများ လူးလွန့်နေသည်။ မသေမျိုးလေးယောက် အတူလက်တွဲ၍ ကောင်းကင်ဖွင့်သည့်မြင်ကွင်းကို ပုံဖော်သည်။

ယခုချိန် လူတစ်ယောက်သာ နေမင်းနေရာတွင် ရပ်နေလျှင် တိုက်နယ်ငါးခုလုံး၏ အထက်ကောင်းကင်ထက်၌ ထူထဲသည့်ခဲသားရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည်ကိုမြင်ရမည်။ အလင်းရောင်မထိုးဖောက်နိုင်။

သတ္တဝါများအားလုံး ကောင်းကင်ဖွင့်သည့်ဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခွင့်ကြုံရမည့် သဘောဖြစ်သည်။

သေမျိုးများ အဆင့်နိမ့်ကျင့်ကြံသူများ အလတ်တန်းကျင့်ကြံသူများက ထိုမြင်ကွင်းကိုကြည့်၍ ပျော်နေကြရုံသာရှိသည်။ အဆင့်မြင့်ကျင့်ကြံသူများက အကြီးအကျယ် အံ့ဩနေကြသည်။

ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ ယခုလို ကောင်းကင်လျှပ်စီးအသွင်အမျိုးမျိုးပြောင်းသည်ဟု တစ်ခါမှမကြားဖူးကြ။

"ဒီအချိန်က သမိုင်းမှာ အလွန်အရေးပါလို့ မိုးမြေအတွက် ထူးခြားတဲ့အဓိပ္ပါယ်ရှိနေလို့ ကောင်းကင်ကဒါကို လျှပ်စီးနဲ့ မှတ်တမ်းတင်ချင်တာများလား"

"ဟုတ်တယ်။ အဲလိုပဲဖြစ်ရမယ်"

.......

"ငါနဲ့အင်ပါယာ မသေမျိုးနန်းတော်မှာမနေဘဲ မဟာချန်မှာသာနေခဲ့မယ်ဆိုရင် နိုင်ငံလုံးဝပျက်စီးခဲ့မှာမဟုတ်ဘူး"

ကွမ်းရှန်ဟိုင်က အေးစက်စက်နှာခေါင်းရှုံ့သည်။

"မဟာချန်ပျက်စီးတာဟာ သမိုင်းအမှန်တရားပဲ။ မသေမျိုးနန်းတော်မှာ မင်းနေတာမနေတာနဲ့ ဘာမှမဆိုင်ဘူး။ နတ်သခင်နေရာအရေအတွက်က တရားသေဖြစ်နေပြီ။ မင်းရဲ့နတ်သခင်တစ်ယောက်ချင်းစီက နေရာတစ်ခုယူထားတယ်။

မင်းက ဒီနေရာတွေကို တစ်ခြားလူတွေလက်ထဲ အသာတကြည့်လွှဲပေးမှာလည်းမဟုတ်ဘူး။ ဒီတော့ အောက်ဘက်ကလူတွေ တက်လာစရာနေရာမရှိဘူး။ နိုင်ငံတစ်ခုလုံး တင်းကြပ်နေတယ်။ မင်းရဲ့နတ်သခင်တွေက ရာထူးသာယူထားပြီး ဘာမှပြန်ဖြည့်ဆည်းမပေးဘူး။

အောက်ဘက်က ကျင့်ကြံသူတွေ သေချာပေါက်ပုန်ကန်ကြမှာပဲ။ လူမသိသူမသိ မသေမျိုးတစ်ဝက်တွေ မသေမျိုးတွေ ဖြစ်လာတဲ့လူ သေချာပေါက်ရှိမှာပဲ။ သူတို့က မဟာချန်ကို ပုန်ကန်ကြမှာပဲ။

နှိုင်းယှဉ်ပြီးပြောရရင် ငါတို့မဟာယုက နတ်သခင်စနစ်ကို အစကတည်းကစွန့်လွှတ်ပြီး နိုင်ငံဆရာစစ်နစ်ကို တည်ထောင်ခဲ့တာ။ ဝူယော်သာမဖျက်ဆီးခဲ့ရင် အခုထိငါ မဟာယုမှာ ရှိနေဦးမှာပဲ။

နောက်ဆက်ခံတဲ့ နိုင့်ငံဆရာတွေကလည်း အင်ပါယာကို သစ္စာရှိရှိကူညီနေဦးမှာပဲ။ မဟာယု ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး။

အင်ပါယာချန်ကလည်း အထင်မကြီးဟန်ဖြင့် အေးစက်စက်နှာခေါင်းရှုံ့သည်။

"ဒါက မင်းအထင်ပါ။ မင်းရဲ့မဟာယုမှာ လူချမ်းသာမိသားစုတွေပြည့်နေတာ။ အင်ပါယာတစ်ယောက်ပြောင်းတိုင်း မိသားစုတွေအများကြီးမြင့်တက်လာတယ်။ အထောက်အပံ့ရဖို့အတွက် အရင်မိသားစုတွေနဲ့ ပြိုင်ဆိုင်ကြတယ်။

မိသားစုပြဿနာတွေ နိုင်ငံတွင်း ပဋိပက္ခတွေ...ဒါတွေကို နိုင်ငံ့ဆရာစနစ်စက ဘယ်လိုဖြေရှင်းမှာလဲ။

ငါနဲ့ထိန်းချုပ်သူသခင်သာ မဟာချန်မှာနေပြီး နတ်သခင်ပြဿနာတွေ ဖြေရှင်းခဲ့ရင် မဟာချန်ဟာ မျိုးဆက်တစ်ထောင် တည်တံ့ခဲ့မှာသေချာတယ်...

"မဟာယုနိုင်ငံမတည်ထောင်ခင် ငါနဲ့ဝူယော် လေ့လာခဲ့ပြီးသားပါ။ မင်းရဲ့ နတ်သခင်ပြဿနာက ဖြေရှင်းလို့မရဘူး။ အစကတည်းက ချွင်းချက်ရှိနေတာ..."

အဖွဲ့နှစ်ခုခေါင်းဆောင်များ နိုင်ငံပျက်စီးရသည့် အကြောင်းရင်းကို အဆက်မပြတ် ငြင်းခုန်နေကြသည်။ ဘယ်ဘက်ကမှ အလျှော့မပေးကြ။

မသေမျိုးတစ်ဝက်များ ကူးဖြတ်ခြင်းအဆင့်များ ဘာမှမပြောရဲကြသည်။ သူတို့အများစုက'နတ်သခင်များ' 'မိသားစုခေါင်းဆောင်များ' ဖြစ်သည်။

"ကြည့်ကြဦး၊ ကောင်းကင်မှာ အပြောင်းအလဲတွေဖြစ်နေတယ်"

တစ်ယောက်က အော်ဟစ်လိုက်သည်။ အကျဉ်းသားအားလုံး မော့ကြည့်ကြသည်။

သူတို့ဦးခေါင်းထက်တွင် ထူထဲသည့် တိမ်မည်းများကို မြင်ရသည်။ လျှပ်စီးများက 'ကောင်းကင်ဖွင့်မြေပုံ'ကို ပုံဖော်ပြသနေသည်။ အဖွဲ့နှစ်ခုမှခေါင်းဆောင်များ ယာယီရန်ပွဲရပ်သွားကြသည်။

"ကောင်းကင်ဖွင့်နေကြတာလား။ လုပ်ပုံကိုင်ပုံ တကယ်တော်တာပဲ။ လျှပ်စီးအရိယဖလသုံးပြီး ကောင်းကင်လျှပ်စီးကို ဖန်တီးတယ်။ ဒီမြင်ကွင်းကို ငါတို့တင်မြင်ရတာမဟုတ်လောက်ဘူး။ ကျင့်ကြံသူလောကတစ်ခုလုံး မြင်ကြလောက်တယ်"

ကောင်းကင်အင်ပါယာ တအံ့တဩ စုပ်သပ်နေသည်။

"ငါတို့မဟာချန်ရဲ့ နတ်ဘုရားချုပ်နှောင် အခမ်းအနားပွဲက ခမ်းနားလှပြီထင်တာ။ ရှေးဟောင်းမသေမျိုးလေးယောက် တကယ်ပီသတာပဲ။ သူတို့လုပ်ပုံကိုင်ပုံတွေက ပိုပြီးတောင်ခမ်းနားသေးတယ်"

ထိန်းချုပ်သူသခင်က နောင်တရနေသည့်လေသံဖြင့်

"အရိယဖလကို ဒီလိုသုံးဖို့ ငါဘာလို့မတွေးမိခဲ့တာလဲ။ ဉာဏ်အလင်းအရိယဖလနဲ့ နတ်ဘုရားချုပ်နှောင်စင်မြင့်ကိုသာ အသက်သွင်းခဲ့ရင် ကောင်းကင်ဆန္ဒကို ကိုယ်စားပြုတဲ့ နတ်ဘုရားချုပ်နှောင်သခင်အဖြစ် ငါဟန်ဆောင်လို့ရခဲ့မှာ"

ကွမ်းရှန်ဟိုင်လည်း ထိန်းချုပ်သူသခင်နှင့် အတွေးချင်းတူသည်။ နှစ်ယောက်လုံး ဝမ်းနည်းနေကြသည်။

"ငါတို့မဟာယုရဲ့ နိုင်ငံတည်အခမ်းနားက အရမ်းရှေးရိုးဆန်လွန်းတယ်။ ပုံသွန်းအရိယဖလနဲ့ ထိပ်တန်းဝိညာဉ်ကျောက်တွေ ပုံသွန်းပြီး မီးရှူးမီးပန်းတွေလို ပစ်ဖောက်ခဲ့ရမှာ"

နတ်ဆိုးနယ်မြေ။

ချင်ဟဲက ရတနာအိတ်တစ်လုံးကိုင်ထားသည်။ အဖိုးတန်ရတနာတစ်ခု တွေ့ထားသလို ခံစားရသည်။ ဤအိတ်ထဲမှ မျိုးစေ့များသည် ယခုခေတ်တွင် မျိုးတုန်းနေပြီဖြစ်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင်သာ စိုက်ပျိုးလျှင် သူ့သခင်က သေချာပေါက် ဆုချီးမြှင့်လိမ့်မည်။

"ဘာလို့ မှောင်မဲသွားတာလဲ"

ချင်ဟဲ မော့ကြည့်သည်။ ကောင်းကင်က တိမ်မည်းများဖုံးလွှမ်းနေသည်။ ခံ့ညားထည်ဝါသည့် သဏ္ဌာန်လေးခုက လောကမှော်စက်ဝန်းကို ဖွင့်နေကြသည်။

"ဘုတ်'

ချင်ဟဲ ကောင်းကင်ကို ငေးကြောင်၍ကြည့်နေသည်။ ရတနာအိတ် မြေပြင်ပေါ်ပြုတ်ကျသွားသည်။

ယင်ထန်ညီအကိုလေးယောက် မှော်စက်ဝန်းဖွင့်နေသည်ဆိုလျှင် သူ့သခင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး နန်းမြို့တော်သို့ သွားသည့်သဘောဖြစ်သည်။

သူသခင်သာမဟုတ်။ သူသိသည့်လူအားလုံး ထိုနေရာတွင် ရှိနေလိမ့်မည်။

သခင်တံခါးပိတ်ကျင့်စဉ်ထွက်လာချိန်နှင့် သူလွဲခဲ့ပြီလော။

ဝူလင်တိုက်နယ်၏ ကောင်းကင်ထက်တွင် မသေမျိုးလေးယောက် မိုးမြေနိယာမပညာသုံး၍ ကောင်းကင်ဖွင့်မည့် လူ့ဘီလူးကြီးမားအသွင်ပြောင်းလိုက်သည်။

ထိုလူ့ဘီလူးကြီးမား၏ ခြေထောက်အောက်တွင် ရွှေကြာပွင့်များ ရှိနေသည်။ ခြေတစ်လှမ်းလှမ်းတိုင်း မြေပြင်အက်ကွဲ၍ ရွှေရောင်ကြာပန်းများ ဖူးပွင့်လာသည်။

သန်းချီသည့်နတ်ဆိုးသားရဲအရိပ်များ ပေါ်လာသည်။ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည့် နတ်ဆိုးသားရဲများလည်းပါသည်။ ထိုသားရဲများက ချီလင်မသေမျိုးကို ပြိုင်တူဦးညွှတ်ကြသည်။ နတ်ဆိုးအားလုံး၏ မဟာစုဝေးပွဲတစ်ခုဖြစ်သည်။

ယင်ယန်ချီများ ပေါင်းစပ်သည်။ ထိုက်ချီပုံရိပ်က ဝူလင်တိုက်နယ်မြေပြင်တစ်ခုလုံးပေါ် တံဆိပ်ကပ်ထားသည်။ ဓာတ်နှစ်မျိုးမှ လက္ခဏာလေးပါး ဖန်တီးသည်။ လက္ခဏာလေးပါးမှ ရှစ်မြှောင့်တြိဂံပေါ်လာသည်။ အဆုံးအစမရှိ။

ထို့ပြင် ခေါင်းလောင်းသံများလည်း ထွက်ပေါ်လာသည်။ ကောင်းကင်‌အောက်မှ သက်ရှိအားလုံးကို ကြေညာနေသည်။ အချိန်စီးကြောင်းကို ဝိုးတဝါးမြင်ရသည်။ ဉာဏ်သားရဲက ထိုစီးကြောင်းအတိုင်း ကဆုန်စိုင်းပြေးလွှားလာသည်။

ထူးခြားသည့် နိမိတ်ပုံရိပ်အားလုံး လောကတစ်ခွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။ မြင်သူတိုင်း အံ့အားသင့်ကြရသည်။

ထိုအဖြစ်မျိုး အရင်က တစ်ခါမှမပေါ်ခဲ့ဖူး။ ယနေ့ အားလုံးတစ်ပြိုင်တည်းပေါ်လာသည်။ ထိုမြင်ကွင်းကိုမြင်သူတိုင်း ရှေးဟောင်းမသေမျိုးလေးယောက် အလုံပိတ်မှော်စက်ဝန်းကိုဖျက်၍ လောကကိုဖွင့်ခြင်းသည် အလွန်ထူးကဲသည့် ကိစ္စဖြစ်ကြောင်း နားလည်ကြပေလိမ့်မည်။

ကောင်းကင်ကပင် ပုံမှန်မဟုတ်သည့် လက္ခဏာများဖြင့် ဂုဏ်ပြုချီးမြောက်သည့် ကိစ္စဖြစ်သည်။

ကျင့်ကြံသူများစွာ လေးစားအားကျနေသည်။ ယောက်ျားတစ်ယောက်သည် ထိုသို့ဖြစ်နေရမည်ဟု တွေးမိကြသည်။ ကြိုးကြိုးစားစားလေ့ကျင့်ပြီး ရှေးဟောင်းမသေမျိုးလေးယောက်၏ခြေရာကိုနင်းမည်ဟု စိတ်ပိုင်းဖြတ်ကြသည်။

လုယန်တို့အဖွဲ့က ခပ်တေးဝေးမှ ကြည့်နေသည်။ မှတ်တမ်းမှော်ဖန်လုံးများထဲ ကိုယ့်ပုံရိပ်ပါမသွားအောင် ကြိုးစား၍ရှောင်သည်။

အောင်းလင်း ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေတို့က မှော်ဖန်လုံးတစ်ခုစီကိုင်၍ ကောင်းကင်ဖွင့်ဖြစ်စဉ်ကို ရှုထောင့်စုံမှ မှတ်တမ်းယူသည်။

"နတ်မယ်၊ မှော်ဖန်လုံး‌ရှေ့မှာ မျက်နှာမပြချင်ဘူးလား"

"မပြချင်ပါဘူး။ ဒုက္ခများတယ်"

မသေမျိုးလေးယောက်နှင့်ယှဉ်လျှင် နတ်မယ်က ခပ်လျှိုလျှိုသာနေသည်။ ရှေးဟောင်းမသေမျိုးလေးယောက်သည် မသေမျိုးတစ်ယောက်ဟန်ပန်ထိန်းသိမ်းနည်းများဆွေးနွေးရန် မကြာခဏ ကြားနာပွဲများကျင်းပလေ့ရှိသည်။

နတ်မယ်က ဘေးမှသာ နားထောင်နေတတ်သည်။

မှော်စက်ဝန်းဖွင့်ရုံလောက်ဆိုလျှင် လုပ်ရမည့်လုပ်ငန်းစဉ်နှင့် နည်းလမ်းများက ထိုမျှမရှုပ်ထွေးလှ။ နတ်မယ်လို ဘေးမှ အသံတိတ်အားထုတ်လျှင်လည်းရသည်။ တစ််ခြားလူများက သူအရိယဖလ အသက်သွင်းနေသည်ကိုပင် သတိထားမိမည်မဟုတ်။

သို့သော် ရှေးဟောင်းမသေမျိုးလေးယောက်က ကိုယ့်စိတ်ကူးနှင့်ကိုယ်ရှိကြသည်။

*******************************

All Chapters