အခန်း ၁၂၇၃
Vol. 85 Ch. 1273
အခန်း (၁၂၇၃) ကောင်းကင်ဖွင့်ပြီ
မဟာတာအိုသံစဉ် မိုးမြေကြားတွင် ပဲ့တင်မြည်ဟိန်းနေသည်။ ရှေးဟောင်းမှော်အမှတ်သားများစွာ မသေမျိုးလေးယောက် ဘေးပတ်လည်တွင် ပေါ်လာသည်။ ထိုအမှတ်အသားများက သူတို့အရိယဖလ၏ အသက်သွေးကြောများဖြစ်သည်။
မှော်အမှတ်အသားများက တဖျတ်ဖျတ်လင်းလက်၍ ဝူလင်တိုက်နယ်ထဲသို့ ပေါင်းစပ်သွားသည်။ အောက်ခြေနံရံမှ လောကမှော်စက်ဝန်းကိုထိသည်။
လောကမှော်စက်ဝန်းကို မသေမျိုးလေးယောက်က သူတို့အရိယဖလများအတူတွဲသုံး၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ယင်ယန်အရိယဖလက ယင်ယန်ချီဓာတ်များကို မှော်စက်ဝန်းအုတ်မြစ်အဖြစ်သုံးသည်။
အချိန်အရိယဖလက အချိန်နောက်ပြန်လှည့်စွမ်းအားဖြင့် မှော်စက်ဝန်းပျက်စီးလျှင် ပြန်ပြုပြင်သည်။
ရှင်သန်မှုအရိယဖလက တူညီသည့်တိုက်ခိုက်မှုဖြင့် နှစ်ကြိမ်တိုက်ခိုက်၍မရအောင် အားဖြည့်သည်။
လျှပ်စီးအရိယဖလက 'အနန္တလျှပ်စီး'စွမ်းရည်ကို မှော်စက်ဝန်းနှင့်ချိတ်ဆက်သည်။ ပုံမှန်မဟုတ်သည့် အဆုံးစမဲ့ အပြောင်းအလဲများစွာ ဖန်တီးသည်။ ပြင်းထန်သည့်အားလှိုင်းဖြင့် တစ်ချက်တည်းချိုးဖျက်မှသာ ရနိုင်မည်။
အရိယဖလလေးမျိုး ပေါင်းစပ်ထားသည့်စွမ်းရည်က သူတို့လေးယောက် တစ်ပြိုင်တည်း တိုက်ခိုက်လျှင်ပင် မှော်စက်ဝန်းကို ဖျက်ဆီးနိုင်မည်မဟုတ်။
သူတို့အရိယဖလများကို ထိန်းချုပ်၍ မှော်စက်ဝန်းအားနည်းအောင်လုပ်ပြီး နတ်မယ်၏ အဆုံးစမဲ့ခန္ဓာဖောက်ခွဲမှုဖြင့်သာ မှော်စက်ဝန်းကို ချိုးဖျက်နိုင်လိမ့်မည်။
"မလုံလောက်သေးဘူး။ ငါတို့စွမ်းအားနည်းနည်း ထပ်မြှင့်မှရမယ်"
ကိုးဆမသေမျိုးက အလေးအနက်လေသံဖြင့်ပြောသည်။
"ဒါပေမယ့် အဲဒါငါတိ့စွမ်းအား အကုန်ပဲလေ"
ချီလင်က အမှန်တရားကို ခါးသီးစွာလက်ခံသည်။
နောက်ထပ်နည်းနည်းမြင့်ရမည်။ နည်းနည်းသာ ထပ်မြှင့်ရမည်။
အချိန်မသေမျိုး အသံတိတ်သွားသည်။ မှော်အမှတ်အသားများကို အဆက်မပြတ်အသက်သွင်းထားမှ မှော်စက်ဝန်းကိုဖွင့်နိုင်မည်။
သူတို့စကားသံများက မကျယ်သော်လည်း ရင့်ကျက်တည်ငြိမ်သည့် ဩဖာရိပ်လွှမ်းနေသည်။ ကောင်းကင်လျှပ်စီးများကိုဖြတ်၍ ကျင့်ကြံမှုလောကတစ်ခုလုံးသို့ ပျံ့နှံ့သည်။
လောကတစ်ခုလုံး မသေမျိုးလေးယောက်၏ စိတ်ပျက်အားငယ်မှုကို ခံစားကြရသည်။
ယင်ထန်က မျက်လုံးကို ဖြေးညှင်းစွာ မှိတ်လိုက်သည်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ရှိသည်။
"မဟုတ်ဘူး။ ဒါက ငါတို့စွမ်းအားအကုန်မဟုတ်သေးဘူး။ နောက်ဆုံးနည်းလမ်းတစ်ခု ကျန်သေးတယ်"
ကျန်သည့်မသေမျိုးသုံးယောက် အံ့အားသင့်သွားသည်။
"မှော်စက်ဝန်းကို ငါတို့မသေမျိုးခန္ဓာနဲ့ တိုက်ဖွင့်ရမယ်လို့ ပြောတာလား"
ယင်ထန်မသေမျိုး ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။ ဒီနည်းလမ်းတစ်ခုပဲ ကျန်တော့တယ်"
"ဒါပေမယ့် အဲလိုလုပ်ရင် ငါတို့.."
"'ဒါပေမယ့်'ဆိုတာ မရှိဘူးကွ"
နောက်ဆုံးတွင် ရှေးဟောင်းမသေမျိုးလေးယောက် အားလုံးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ သူတို့လေးယောက် ဝူလင်တိုက်နယ်၏ ထောင့်လေးထောင့်ဆီ ပျံသန်းသွားပြီး ရုတ်တရက် ခန္ဓာကိုယ်ဖောက်ခွဲလိုက်သည်။
လောကတစ်ခုလုံး စိတ်မကောင်းဖြစ်ကြရသည်။
ခန္ဓာကိုယ်ဖောက်ခွဲပြီးနောက် ရှေးဟောင်းမသေမျိုးလေးယောက်ကိုယ်ပေါ်တွင် မသေမျိုးသွေးများ ချင်းချင်းနီသွားသည်။ မြင်ရသည်မှာ နာကျင်ဝမ်းနည်းစရာကောင်းသည်။
"မလုံလောက်သေးဘူး။ ဆက်လုပ်မယ်"
အားလုံး အံတင်းတင်းကြိတ်၍ ခန္ဓာကိုယ် ဆက်ဖောက်ခွဲသည်။
တစ်လောကလုံး ထိုမြင်ကွင်းကိုကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။ မှော်စက်ဝန်းဖွင့်ဖို့ ရှေးဟောင်းမသေမျိုးလေးယောက် များစွာအနစ်နာခံနေကြသည်။
တစ်ချို့လူများက ထိုအဖြစ်ကိုကြည့်၍ မျက်ရည်ကျနေကြသည်။
ကျင့်ကြံသူလောကတစ်ခုလုံး ဖြန့်ကျက်ထားသည့် မဟာတာအိုသံစဉ်က ယခု ဆွေးမြေ့ကြေကွဲဖွယ်ဖြစ်နေသည်။
လုယန်လည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ မသေမျိုးလေးယောက်၏ သရုပ်ဆောင်ချက်က တကယ်လက်လန်သည်။
လောကကိုဖွင့်ဖို့ မသေမျိုးတစ်ယောက်အနေဖြင့် မှော်စက်ဝန်းအားနည်းအောင်လုပ်ရုံဖြင့်မရ။ ခန္ဓာကိုယ်ဖောက်ခွဲဖို့လိုသည်။
ထို့ကြောင့် ယင်ထန်တို့လေးယောက်က နတ်မယ်ကို 'ထာဝရစွမ်းရည်' ခဏငှားဖို့ တောင်းဆိုခဲ့ကြသည်။ မှော်စက်ဝန်းကို ခန္ဓာကိုယ်နှင့် ဟန်ဆောင်တိုက်ဖွင့်ချိန်တွင် ပေါက်ကွဲမှုဖြစ်လာသည်။
ထိုပေါက်ကွဲမှုကြောင့် သူတို့ခန္ဓာကိုယ်ဖောက်ခွဲမှု ဆက်တိုက်လုပ်နေသယောင် ထင်ရသည်။
သွေးသံရဲရဲဖြစ်နေသည့်ပုံစံကြောင့် အတွေးမမှားသင့်။ အမှန်တော့ သူတို့လုံးဝထိခိုက်ခြင်းမရှိ။
သူတို့ကိုယ်ပေါ်မှ မသေမျိုးသွေးများသာ အစစ်အမှန်ဖြစ်သည်။ စတင်အစီအစဉ်ချကတည်းက ကိုယ်ထဲမှသွေးကို ကြိုထုတ်ထားခဲ့ကြောင်း လုယန်သိရသည်။
သို့သော် ဟာကွက်လေးတစ်ခုတော့ရှိသည်။ လုယန်မေးလိုက်ချင်သည်။ ယင်ထန်မသေမျိုးနှင့် အချိန်မသေမျိုးက ဘာကြောင့်သွေးထွက်မည်နည်း။
တစ်ယောက် မသေမျိုးရွှေဖြင့် တည်ဆောက်ထားသည့်ခန္ဓာ၊ နောက်တစ်ယောက်က ဗုဒ္ဓယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ထားသည့် ရွှေခန္ဓာ။ သူတို့ကိုယ်တွင် သွေးတစ်စက်ပင် ရှိသလော။
ယွမ်ကျိက ဘေးမှရှင်းပြသည်။
"သူတို့ရဲ့မသေမျိုးသွေးတွေကို ကိုးဆမသေမျိုးနဲ့ ချီလင်မသေမျိုးဆီက ငှားထားတာပါ"
လုယန်"..."
ညီအကိုချင်း တကယ်သွေးစည်းညီညွတ်ကြသည်။ ထိုအရာမျိုးကိုပင် ချေးငှားပေးသည်။
"ဘုန်း"
နောက်ဆုံးအကြိမ် ခန္ဓာကိုယ်ဖောက်ခွဲပြီးနောက် ရှေးဟောင်းမသေမျိုးလေးယောက် အားအင်ကုန်ခမ်းသွားသည်။ တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်နေသည်။ ပျံသန်းဖို့ အင်အားမရှိတော့ဘဲ မြေပေါ်သို့ လဲပြိုကျသွားသည်။
သို့သော် လောက၏အာရုံက မသမျိုးလေးယောက်ထံတွင် မရှိတော့။
ဝူလင်တိုက်နယ်မှော်စက်ဝန်း ကျိုးပျက်သွားသည်။
"ဖျောက် ဖျောက် ဝုန်း"
ဝူလင်တိုက်နယ်မျက်နှာပြင် အက်ကွဲ၍ ဆက်တိုက်ပြိုကျလာသည်။ ဘေးပတ်လည်တိုက်နယ်လေးခုမှ တဖြေးဖြေးကွဲထွက်သွားသည်။
....
"အဖေ၊ ညာဉ့်နက်နေပြီ။ အိပ်ချိန်ရောက်ပြီ"
လူငယ်က လက်ဖက်ရည်ခွက်ကို စင်မြင့်ပေါ်ယူလာသည်။ သူ့ဖခင်က တော်ဝင်နက္ခတ်တာရာစောင့်ကြည့်ရေးအဖွဲ့၏ တာဝန်ခံဖြစ်သည်။
ဤနေရာသည် မြင်းဖြူနိုင်ငံ၏ တော်ဝင်နက္ခတ်တာရာစောင့်ကြည့်ရေးဌာနဖြစ်သည်။ မြင်ဖြူနိုင်ငံတွင် အမြင့်ဆုံး အဆောက်အဦးဖြစ်သည်။
ကြယ်တာရာရွေ့လျားမှုများကို စောင့်ကြည့်နိုင်အောင်၊ နေလည်ပတ်ပုံ တွက်ချက်နိနိုင်အောင်၊ တစ်နှစ်တာပြက္ခဒိန်ထုတ်နိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။
တာဝန်ခံက သမ်းတစ်ချက်ဝေပြီ။နောက်
"ဒီအချိန်တောင် ရောက်ပြီလား"
"အဖေအမြဲပြောတယ်လေ။ ကြယ်တာရာလှုပ်ရှားမှုတွေဟာ စနစ်တစ်ခုရှိတယ်။ ကျုပ်တို့တော်ဝင်နက္ခတ်တာရာစောင့်ကြည့်ရေးအဖွဲ့ဟာ နှစ်တစ်ထောင်သမိုင်းကြောင်းရှိတယ်။
ကြယ်ရွေ့လျားမှု ဥပဒေသတွေကို စုစည်းထားပြီးပြီဆို။ ဘာလို့အိပ်ရေးပျက်ခံပြီး ကြယ်တာရာတွေကို စောင့်ကြည့်နေသေးတာလဲ"
လူငယ်က နည်းနည်းမကျေနပ်ဟန်ဖြင့် ပြောသည်။ သူဖခင်မအိပ်သဖြင့် သူလည်း စိတ်အေးလက်အေး အိပ်မပျော်။
"ငါငယ်ငယ်က ဒီလိုအချိန်ဆို ကြယ်တာရာပုံစံတွေကို အမြဲစောင့်ကြည့်ခဲ့တာ။ ဒါက အကျင့်ဖြစ်နေပြီ"
တာဝန်ခံသည် ဖခင်တစ်ယောက်ဖြစ်၍ သူ့သားကို အတော်အလေးထားသည်။
"ဒါပေမယ့် မင်းပြောတာလည်း မှန်ပါတယ်။ ငါတို့နက္ခတ်တာရာအဖွဲ့က ကြယ်တာရာရွေ့လျားမှုစနစ်တွေကို နားလည်ထားပြီးပြီ။ ဒီလောက်အပင်ပန်းခံစရာ မလိုတော့ပါဘူး။
အထူးသဖြင့် ငါတို့ခေါင်းပေါ်က ဒီ'မှော်ကမ္ဘာ'ဟာ ခေတ်တွေပြောင်းပေမယ့် ပြောင်းလဲမသွားဘူး။ နောက်ထပ်စောင့်ကြည့်လည်း အကျိုးမရှိဘူး"
တာဝန်ခံကပြုံး၍ ထူးဆန်းသည့်ဒဏ္ဍာရီများပြည့်နေသည့် အဆုံးမဲ့ကောင်းကင်ထဲမှ 'မှော်ကမ္ဘာ'ကို လက်ညှိုးထိုးပြသည်။
ဤဂြိုလ်ပေါ်တွင် လူသားယဉ်ကျေးမှု စပေါ်လာကတည်းက ထိုလောကသည် ဦးခေါင်းအထက်တွင် လွင့်မျောနေခဲ့သည်။ ထိုမှော်ကမ္ဘာရှေ့မှ ကြယ်များသည် မြူမှုန်များလို မထင်မရှားသာရှိသည်။
နိုင်ငံခေတ်ဆက်ဆက် အစဉ်အလာကို ထိန်းသိမ်းဖို့ သူတို့အားလုံး မှော်ကမ္ဘာထဲမှ အဖြစ်အပျက်များကို နိမိတ်ဖတ်ခဲ့ကြသည်။
ဒဏ္ဍာရီအရ ဉာဏ်အလင်းရပုဂ္ဂိုလ်များသည် မသေမျိုးလောကဟုခေါ်သည့် မှော်ကမ္ဘာကို နေ့အချိန်တွင် တက်နိုင်သည်။
"တာဝန်ခံရာထူးကို တစ်နေ့မျာ မင်းဆက်ခံရမှာ။ ဘာပဲပြောပြော မြင်းဖြူနိုင်ငံတစ်ခုလုံးမှာ ငါတို့ပဲ ကြယ်တာရာစန်စကို နားလည်ကြတာ။ ဒါပေမယ့် အရမ်းလက်လွတ်စပယ်နေလို့လည်း မဖြစ်ဘူး။
မင်းကို ကြယ်တာရာဥပဒေသတွေ စိတ်ထဲစွဲနေအောင် ငါသင်ပေးတယ်။ ဒါဟာ ငါတို့ရပ်တည်နေတဲ့ အခြေခံအုတ်မြစ်ပဲ။ ဥပမာ ပြီးခဲ့နှစ်ပိုင်းက ပင်လယ်ရေမြင့်တက်လာတယ်။ ကမ်းရိုးတန်းမြို့တွေ ရေကြီးရေလျှံဖြစ်တယ်။
မင်းကြီးက ငါတို့တော်ဝင်နက္ခတ်တာရာအဖွဲ့ကို အဲလိုဘာကြောင့်ဖြစ်တာလဲလို့ မေးတယ်။ မင်းကြီးနန်းတက်တာ တရားမဝင်လို့ ကောင်းကင်က ဒေါသဖြစ်ပြီး လူတွေအပေါ် အမျက်ဒဏ်သင့်တာလို့ ငါတို့ကပြောလိုက်တယ်။
ငါတို့ပြောတာ မင်းကြီးယုံမယုံ ခန့်မှန်းကြည့်ပေါ့"
တာဝန်ခံက ကောင်းကင်မှ ထိုအဆုံးမဲ့လောကကို နောက်တစ်ကြိမ်မော့ကြည့်၍ လှောင်ပြုံးပြုံးသည်။
"ဒီမှော်ကမ္ဘာ ဆိုတာက ဘာမှအခြေအမြစ်မရှိတဲ့ ဒဏ္ဍာရီတစ်ခုပါ။ ဒီလောကမှာ ဘာမသေမျိုးမှမရှိဘူး။ ဒဏ္ဍာရီထဲက မသေမျိုးဆိုတာ ရှေးလူတွေဆင်ခြင်ဉာဏ်နည်းလို့ ပြောကြတာပါ။ သိုင်းပညာရှင်တွေကို မသေမျိုးတွေလို့ အမှတ်မှားကြတာ"
သိုင်းပညာရှင်များ ကတ္တီတစ်ထောင်အလေးချိန်ရှိသည့်် ကျောက်တုံးတစ်တုံးကို မ,နိုင်သည်မှာ ဘာမှမဆန်းလှ။ ထိုအဖြစ်ကို မသေမျိုးဟု အမှတ်မှားကြသည်။
တာဝန်ခံ လည်ပင်းတစ်ချက်ဆန့်၍ အိပ်ယာဝင်ရန်ပြင်သည်။ သူ့သားက ကောင်းကင်ကို ငေးကြောင်၍ကြည့်နေသည်ကို မြင်ရသည်။
သူနည်းနည်း စိတ်သက်သာရာရသွားသည်။ သူ့သားသည် ဘာကိုမှအလေးအနက်မထား။ နက္ခတ်တာရာပညာကိုလည်း အပေါ်ယံလောက်သာ သင်ယူသည်။
သူ့သားနောင်ရေးအတွက် စိတ်ပူခဲ့ရသည်။
ယခု သူ့သားက ကြယ်တာရာများကို စိတ်ဝင်စားနေသည်။ လမ်းမှန်ပေါ်ပြန်ရောက်လာသည်ဟု ဆိုနိုင်သည်။
တာဝန်ခံက သူ့သားပုခုံးကိုပုတ်၍
"ကဲ၊ ဆက်မကြည့်နဲ့တော့။ သွားအိပ်တော့။ ကြည့်ချင်ရင် နေ့ခင်းပိုင်း အိပ်ရေးဝအောင်အိပ်ထား။ ဒါမှ ညဘက်ကျရင် မင်းစိတ်ကြိုက် ကြည့်နိုင်မှာ"
သူ့သားက ပြန်မဖြေ။ တစ်ကိုယ်လုံး ကျောက်ရုပ်လိုဖြစ်နေပြီး ကောင်းကင်ကိုသာ လက်ညှိုးထိုးပြသည်။
တာဝန်ခံ မောကြည့်သည်။ ထိတ်လန့်လွန်းသဖြင့် ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။ ရင်ဘတ်ကို လက်ဖြင့်ဖိထားရပြီး သွားများတဂတ်ဂတ်အသံမြည်နေသည်။
ဘယ်တုန်းကမှမပြောင်းလဲခဲ့သည့် မှော်ကမ္ဘာက တုန်ခါကွဲအက်လာသည်။ ထို့နောက် အက်ကွဲကြောင်းများမှ စူးရှသည့်အလင်းများ ထွက်ပေါ်လာသည်။
ထိုအလင်းကြောင့် သူတို့မြင်းဖြူနိုင်ငံ၏ ညပိုင်းအချိန်က နေ့ခင်းဘက်အဖြစ် ပြောင်းသွားသည်။ ယင်နှင့်ယန် ပြောင်းပြန်ဖြစ်လာသည်။
ရာစုနှစ်များစွာရှိခဲ့သည့် အမွေအနှစ်၊ တော်ဝင်နက္ခတ်တရာအဖွဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သည့် အတွေ့အကြုံများ။ ယခုအားလုံးပျောက်ကွယ်သွားသည်။
တာဝန်ခံ၏ဦးနှောက်ထဲ ဗလာဖြစ်နေသည်။ သူပြောနေသည့်စကားကိုပင် သတိမထားမိတော့။ အိပ်ပျော်ရင်း စကားပြောနေသလို ထင်ရသည်။
"မှော်..မှော်ကမ္ဘာ..ပွင့်လာပြီပေါ့.."
************************************