အခန်း ၁၂၇၄
Vol. 85 Ch. 1274
အခန်း (၁၂၇၄) နယ်စပ်အလွန်
ခေတ်နိုင်ငံအဆက်ဆက် ပြောင်းလဲခဲသော်လည်း မှော်ကမ္ဘာသည် အမြဲတမ်း အထက်ကောင်းကင်တွင် ရှိခဲ့သည်။ ထူးခြားဆန်းကြယ်ပြီး အသိခက်သည်။ ဒဏ္ဍာရီအားလုံး၏ ရင်းမြစ်ဖြစ်သည်။
မှောကမ္ဘာအရွယ်အစားကိုပင် အတိအကျ မသိကြ။
မှော်ကမ္ဘာပွင့်လာချိန်တွင် ဘေးပတ်လည်မှကြယ်များ အသက်ဝင်လာသယောင်ရှိသည်။ မူလပတ်လမ်းမှ ခွဲထွက်သွားကြပြီး ခန့်မှန်းမရဖြစ်လာသည်။ မှော်ကမ္ဘာကို အလေးအမြတ်ကြိုဆိုနေသလို ထင်ရသည်။
ဘာဒဏ္ဍာရီ၊ ဘာအယူအဆ ဘာအတွေ့အကြုံမှ ထိုဖြစ်စဉ်ကို ရှင်းမပြနိုင်ကြ။
မှော်ကမ္ဘာမှထွက်လာသည့် နေအလင်းကျရောက်လာပြီးနောက် မြင်းဖြူနိုင်ငံတစ်ခုလုံး ဆုတောင်းရေရွတ်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်အကာအကွယ်ကို တောင်းခံကြသည်။
"တာဝန်ခံ၊ မင်းကြီးက လူလွှတ်စုံစမ်းခိုင်းလိုက်တယ်..."
တော်ဝင်နက္ခတ်တာရာဌာနမှ လက်ထောက်တာဝန်ခံက သတင်းပို့သည်။
တာဝန်ခံ မျက်ခုံးတစ်ချက်လှုပ်၍ မျက်နှာပျက်သွားသည်။ ငိုရခက်ရယ်ရခက်ဖြစ်နေသည်။
"သူကငါ့ကို ဘာမေးတာလဲ။ မှော်ကမ္ဘာကိစ္စလား"
ဒါက ငါရှင်းပြနိုင်မယ့်အရာမျိုး မို့လို့လား...ငါမပြောနဲ့၊ ခေတ်အဆက်ဆက်က တာဝန်ခံတွေ ပြန်အသက်ရှင်လာလို့ အတူစုပေါင်းပြီးဆွေးနွေးရင်တောင် ဘာမှရှင်းပြနိုင်မှာမဟုတ်ဘူး။
"အဖေ၊ မှော်ကမ္ဘာရဲ့ ဟိုအစိတ်အပိုင်းက တဖြေးဖြေးကြီးလာသလိုပဲ"
အသံတိတ်နေသည့် သူ့သားက ရုတ်တရက်ပြောသည်။
တာဝန်ခံနှင့် ဒုတာဝန်ခံ နှစ်ယောက်လုံးမော့ကြည့်ကြသည်။ ရင်တဒိန်းဒိန်းခုန်ပြီး အသက်ရှူမဝသလိုဖြစ်လာသည်။
မှော်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုက မြင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်၍ သူတို့ဆီ တဖြေးဖြေးချဉ်းကပ်လာသည်။
သူ့သား စမြင်သည့်အချိန်က နှမ်းစေ့လောက်အရွယ်အစားသာရှိသည်။
"လောကဖျက်ကပ်ဆိုး...ဆင်းလာပြီလား"
တာဝန်ခံ နှုတ်ခမ်းများ တုန်ရင်နေသည်။ ထိတ်လန့်ခြောက်ခြားလာသည်။ သဘာဝကပ်ဆိုးတစ်ခုဖြစ်ကြောင်း သူသိသည်။ ဘယ်သူမှ တားဆီးနိုင်မည်မဟုတ်။
ထိုကမ္ဘာအစိတ်အပိုင်း ကျလာလျှင် မြင်းဖြူနိုင်ငံ ပျက်စီးမည်။ ခေတ်နိုင်ငံအပြောင်းအလဲများ နိုင်ငံရေးပြဿနာများသည် အဓိပ္ပါယ်ရှိတော့မည်မဟုတ်။
သူတို့စိတ်ဓာတ်ကျနေစဉ် အလွန်တရာကြီးမားသည့် လက်တစ်ဘက်ပေါ်လာသည်။ ကမ္ဘာအစိတ်အပိုင်းကို ကျောက်စရစ်ခဲတစ်ခုလို ညှပ်ဖမ်းလိုက်သည်။ အစိတ်ပိုင်းက လေထဲတွင် ရပ်တန့်သွားသည်။
တာဝန်ခံ မြေပေါ်သို့ လဲကျသွားသည်။ တစ်ကိုယ်လုံး အားအင်လုံးဝမရှိတော့။
သူ့ဘက်တစ်လျှောက်ကြုံခဲ့ရသည့် ဘဝအတွေ့အကြုံများ ယနေ့ညအဖြစ်ကို မမီနိုင်တော့။
အရင်က ဤလောကတွင် မသေမျိုးများရှိသည်ဆိုသည့် အယူအဆကို သူမယုံခဲ့။ သို့သော်ယခု ယုံကြည်ရတော့မလိုဖြစ်လာသည်။
ကျယ်ပြန့်သ်ည့ စကြာဝဠာတွင် နဂါးငွေ့တန်းက ပြောင်းပြန်ဖြစ်သွားသည်။ ကြယ်များ တလက်လက်တောက်ပနေသည်။ သက်ရှိလူတို့၏ ဖြစ်တည်မှုက အလွန်တရာသေးငယ်နေသလိုရှိသည်။
ကြယ်များက လက်တစ်ကမ်းအတွင်း ရှိနေသယောင်ထင်ရသည်။ လက်ဆန့်လိုက်လျှင် ထိကိုင်၍ရတော့မလို ခံစားရသည်။
ဝူလင်တိုက်နယ်၏ အစိတ်အပိုင်းများက သူတို့ဘေးတွင် မီးပန်းများလို ပေါက်ကွဲထွက်သွားသည်။
အချိန်ရပ်တန့်နေဆဲဖြစ်သည်။ လုယန်တို့အဖွဲ့ လှပသည့်မြင်ကွင်းကို ယစ်မူးသာယာနေသည်။ ကိုယ့်အဖြစ်ကိုယ် မေ့လျော့နေသည်။
ကျန်းပင်ကန်းနှင့်မုန်ကျင်းဇီအတွက် အဆုံးစမဲ့ကြယ်ကောင်းကင်သို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်၍ အမြင်ကျယ်သွားသလို ခံစားရသည်။
နတ်မယ်နှင့် တစ်ခြားရှေးဟောင်းကျင့်ကြံသူများက မြင်ကွင်းကို သာယာခံစားနေသည်။ ရှေးဟောင်းခေတ်က အဖြစ်အပျက်မျိုးစုံကို ပြန်အောက်မေ့မိကြသည်။
ယွမ်ကျိလည်း ထိုနည်းတူပင်ဖြစ်သည်။ ကလေးဘဝက မြက်ခင်းပေါ်လဲလျောင်း၍ ကြယ်များကြည့်ရသည်ကို သူနှစ်ခြိုက်ခဲ့သည်။
"နေဦး၊ ဘာလို့ အနီးအနားမှာ ကြယ်တွေရှိနေတာလဲ"
မူမမှန်သည့်အဖြစ်ကို လုယန်က ပထမဆုံးသတိထားမိသည်။ ရှေးဟောင်းမသေမျိုးလေးယောက် ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ် သန့်စင်ချိန်တွင် လက်တစ်ကမ်းအတွင်းမှ ကြယ်များအားလုံးကို သန့်စင်ခဲ့သည်မဟုတ်လော။ ပုံမှန်ဆိုလျှင် အလုံပိတ်လောကအနီးတွင် ကြယ်များမရှိသင့်။
ယခု ကြယ်ကောင်းကင်ကို သာယာခံစားရမည့်အချိန်မဟုတ်သေး။ ဝူလင်တိုက်နယ်၏ အသေးငယ်ဆုံး အစိတ်အပိုင်းများပင် ကြယ်ပေါင်းရာချီဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုအစိတ်အပိုင်းတစ်ခု တိုက်မိသည့်သည်ဒဏ်ကို ဘယ်ကြယ်ကမ္ဘာမှ ခံနိုင်ရည်ရှိမည်မဟုတ်။
ထိုအစိတ်အပိုင်းက သက်ရှိနေထိုင်သည့် ကြယ်ကမ္ဘာတစ်ခုကို တိုက်မိလျှင် ပို၍ဆိုးဦးမည်။
လုယန် ဗုဒ္ဓလက်ဝါးသုံး၍ အဝေးဆုံးလွင့်ပျံသွားသည့် အစိတ်အပိုင်းကို လှမ်းဖမ်းသည်။
သူ့လုပ်ရပ်ကိုကြည့်၍ တစ်ခြားလူများလည်း အသိပြန်ဝင်လာသည်။ ပြန့်ကျဲသွားသည့် ဝူလင်တိုက်နယ်အစိတ်အပိုင်းများကို မှော်ပညာကိုယ်စီသုံး၍ တည်ငြိမ်အောင် ထိန်းကြသည်။
မိုးမြေနိယာမပညာ၊ နတ်ဆိုးမျိုးနွယ် မူလအသွင်၊ ခေါင်းသုံးလုံးလက်ခြောက်ခု၊ စည်းမျဉ်းစွမ်းအား...
ဝူလင်တိုက်နယ်အစိတ်အပိုင်းများက ကြယ်များကို ဝင်တိုက်တော့မည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် တစ်ခုနှင့်တစ်ခု များစွာဝေးကွာသေးသည်။ အန္တရာယ်လုံးဝမရှိ။
ဖြစ်နိုင်ခြေရှိသည့်အန္တရာယ်ကို သိပြီးနောက် အလွယ်တကူ ဖယ်ရှားလိုက်နိုင်သည်။
"ကြယ်ကမ္ဘာတွေရော အလုံပိတ်လောကပါ ရွေ့လျားနေတယ်ဆိုတာ ငါတို့မေ့သွားတယ်။ လွန်ခဲ့တဲ့နှစ်လေးသိန်းက ကြယ်ကမ္ဘာတည်နေရာတွေက သေချာပေါက် ကွဲပြားနေပြီပေါ့"
မသေမျိုးလေးယောက် ရောက်လာသည်။
အလုံပိတ်လောကဖွင့်သည်နှင့် တိမ်မည်းများနှင့် လျှပ်စီးများ ပျောက်ကွယ်သွားသည်။ လောကထဲမှလူများက သူတို့ကို ဆက်မကြည့်တော့သဖြင့် သူတို့အသွင်သဏ္ဌာန်ကိုလည်း ထိန်းထားစရာမလိုတော့။
ချီလင်က တိုက်နယ်အစိတ်အပိုင်းတစ်ခုပေါ်တွင် လဲလျောင်း၍ ကြောင်တစ်ကောင်လို အကြောဆန့်နေသည်။
"အပြင်လောကကြီးက တကယ်ပိုပြီး သက်တောင့်သက်သာရှိတာပဲ"
"ဟုတ်တယ်၊ အပြင်လောကမှာ မှော်ပညာတွေ နတ်စွမ်းအားပညာတွေနဲ့တိုက်ခိုက်လည်း စိုးရိမ်စရာမလိုဘူး"
ယန်ထန်က ပြောသည်။
အလုံပိတ်လောကတွင် လူများစုပြုံနေသည်။ မသေမျိုးအဆင့်ရောက်သည်နှင့် အသေးအဖွဲလှုပ်ရှားမှုတိုင်းက အနီးအနားမှ တစ်ခြားလူများအပေါ် သက်ရောက်နိုင်သည်။
စကြာဝဠာထဲတွင် ထိုသို့မဟုတ်။ လူမနေသည့် ကြယ်ကမ္ဘာတစ်ခုရှာ၍ စိုးရိမ်စရာမလိုဘဲ ကိုယ့်စိတ်ကြိုက် လုပ်ချင်ရာလုပ်နိုင်သည်။
.....
ကျင့်ကြံသူလောက၏ တိုက်နယ်မျိုးစုံတွင် လူသားမျိုးနွယ် နတ်ဆိုးမျိုးနွယ်များအားလုံး တိမ်တိုက်များနောက်ကွယ်မှ ပေါ်လာသည့် စကြာဝဠာအကြောင်း စိတ်လှုပ်ရှားစွာပြောနေကြသည်။
"ငါတို့လောကရဲ့ အပြင်ဘက်မှာရှိနေတာက အဲဒါလား။ ငါတို့မြင်နကျ ကြယ်ကောင်းကင်နဲ့ ဆင်တူလိုပါပဲ"
အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့သည်။ ထင်ထားသလောက် စိတ်လှုပ်ရှားစရာမကောင်းသဖြင့် သူစိတ်ပျက်သည်။
သူ့အကြီးအကဲက ဝိညာဉ်ပြောင်းအဆင့်ဖြစ်၍ သူ့ထက်ပိုနားလည်သည်။
"ဒါက မင်းရဲ့ကျင့်စဉ်အဆင့် နိမ့်သေးလို့ပါ။ ကျင့်စဉ်အဆင့်မြင့်လာရင် အပြင်လောကဟာ ငါတို့လောကထက် အများကြီးပိုကြီးတယ်ဆိုတာ မင်းသိလာမှာပါ။ ပြီးတော့ အပြင်လောကမှာ ရှိနေတာက တကယ့်ကြယ်အစစ်တွေပဲ"
စုစည်းခြင်းအဆင့်ကျင့်ကြံသူများ အတူစုစည်း၍ အစီအစဉ်ကြီးတစ်ခုအတွက် စိတ်အားထက်သန်စွာ အသင့်ပြင်ကြသည်။
"လောကအကာအကွယ်ကို ဖွင့်လိုက်ပြီ။ ငါတို့တိုင်ပင်ထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ကြစို့"
စုစည်းခြင်းအဆင့်သုံးယောက် နန်းမြိုတော်သို့သွားသည်။ မဟာရှားက တည်ထောင်ထားသည့် အပြင်လောကစူးစမ်းလေ့လာရေးဌာနရှိသည်။ တန်းစီ၍ လျှောက်လွှာများယူသည်။ ကိုယ်ရေးအချက်ဖြည့်သည်။
အဖွဲ့လိုက် ခရီးထွက်ရသည့် ရည်ရွယ်ချက်များ အာမခံချက်များဖြည့်သည်။ ထို့နောက် လျှောက်လွှာတင်ပြီး သုံးသပ်ချက်ကို စောင့်သည်။
အပြင်လောကစူးစမ်းလေ့လာရေးဌာနမှ ဝန်ထမ်းအမျးစုသည် လော်ရွှေအစောင့်တပ်မှလူများဖြစ်သည်။ နတ်ဆိုးဂိုဏ်းနှင့် ရှေးဟောင်းကျင့်ကြံသူပြဿနာများ ဖြေရှင်းပြီးဖြစ်၍ အလုပ်ဖိအား သိသိသာသာလျော့ပါးသွားသည်။
ထိုဌာနသည် အဆင့်မြင့်ကျင့်ကြံသူများနှင့် အဓိကဆက်ဆံရသဖြင့် ဝန်ထမ်းလိုအပ်ချက်ရှိနေသည်။ ထို့ကြောင့် ရှားရုံးတောက သူတို့ကို ထိုဌာနသို့ပြောင်းရွေ့လိုက်ခြင်းဖြစ်သည်။
ဗုဒ္ဓနိုင်ငံ၊ အရှေ့ပင်လယ်နဓှင့် နတ်ဆိုးနယ်မြေတို့တွင်လည်း အလားတူဌာနအဖွဲ့အစည်းများရှိသည်။ ထိုဌာနများ၏ ရည်ရွယ်ချက်က ကျင့်ကြံသူများ စည်းကမ်းတကျ အပြင်လောကသို့ သွားရောက်လေ့လာစေဖို့ဖြစ်သည်။
လောရွှေတပ် ကိုးနန်းတော်အဖွဲ့ဝင် ယွီချန်က စုစည်းခြင်းအဆင့်သုံးယောက်ကို သတိပေးသည်။
"ဂုဏ်ယူပါတယ်။ အပြင်လောကခရီးသွားခွင့်အတွက် မင်းတို့လျှောက်လွှာကို အတည်ပြုလိုက်ပြီ။ အသစ်ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ မင်းတို့လက်မှတ်ထိုးထားတဲ့ ကတိကဝတ်တွေကို မမေ့ကြနဲ့။
အပြင်လောကမှာ စည်းကမ်းချိုးဖောက်ရင် ဘယ်နေရာပြေးပြေး မင်းတို့ကို အရေးယူအပြစ်ပေးမယ်"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ တာအိုရှင်ယွီလည်း ကျုပ်တို့စရိုကို သိပြီးသားပဲ။ ဘာပြဿနာမှမဖြစ်စေရဘူးလို့ ကျုပ်တို့အာမခံပါတယ်"
စုစည်းခြင်းအဆင့်သုံးယောက် ပြုံးရွှင်နေကြသည်။ သူတို့လျှောက်လွှာ ထိုမျှမြန်မြန်ကျလာမည်ဟု ထင်မထား။
သွေးသောက်ညီအကိုသုံးယောက် မဟာရှားမှ အတူပျံနက်သွားသည်။ မှော်စက်ဝန်းကိုဖြတ်သည် အပြင်လောကသို့ ချောမွေ့စွာရောက်လာသည်။
ဤမှော်စက်ဝန်းက ခရီးမထွက်မီ ယူသွားသည့် ပစ္စည်းများ၊ အပြင်မှ ပြန်ယူလာသည့် ပစ္စည်းများကို အလိုလိုခွဲခြားနိုင်သည်။ အလုံပိတ်လောကမှ ဝိညာဉ်စွမ်းအင်များ အပြင်လောကသို့ ယိုစိမ့်မသွားအောင်လည်း ကာကွယ်ပေးသည်။
"ဒါက အပြင်လောကပေါ့။ အကျယ်ကြီးပါလား"
ခေါင်းဆောင်က မှတ်ချက်ပေးသည်။ သူ့မြင်ကွင်းကိုပိတ်ဆိုနေသည့် ကြယ်ကမ္ဘာတစ်ခုကို ဘေးသို့အသာဖယ်ထုတ်လိုက်သည်။
"ဒါပေမယ့် ဒီအပြင်လောကမှာ ဝိညာဉ်စွမ်းအင်မရှိတာက တကယ့်ပြဿနာပဲ"
"ဒါဆို ဝိညာဉ်စွမ်းအင် ချွေတာကြမယ်လေ။ ရုပ်ခန္ဓာစွမ်းအားနဲ့ ကြယ်ကမ္ဘာတွေကြားမှာ ခုန်ကူးပြီးသွားကြတာပေါ့"
"ဟုတ်တယ်။ အနီးအနားက ကြယ်ကမ္ဘာတွေကို အရင်စစ်ဆေးကြည့်ရအောင်။ သက်ရှိကြယ်ကမ္ဘာတွေရှိသလေား ကြည့်ကြတာပေါ့။
သတိတော့ မလစ်စေနဲ့။ အပြင်လောက သက်ရှိတွေက ငါတို့သုံးယောက်ထက် ပိုစွမ်းအားကြီးချင်ကြီးနေမှာ"
************************************