အခန်း ၁၂၇၅
Vol. 85 Ch. 1275
အခန်း (၁၂၇၅) မြင်းဖြူနိုင်ငံ
"ငါတို့လောကနဲ့ ဒီလောက်နီးတဲ့နေရာမှာ သက်ရှိတွေ ရှိနေမယ်လို့ ထင်မထားဘူး"
လုယန် မြင်းဖြူနိုင်ငံဝတ်စုံများ ပြောင်းပြီးနောက် လမ်းပေါ်တွင် လက်နှစ်ဘက်အိတ်ကပ်ထဲလျှို၍ လမ်းလျှောက်နေသည်။
သူသည် အပြင်လောကသို့ထွက်သည့် ပထမဆုံးကျင့်ကြသူအုပ်စုတွင် ပါဝင်သည်။ ဘာအတည်ပြုထောက်ခံချက်မှ မလို။
အပြင်လောကသို့ရောက်ချိန်တွင် အားလုံးအတော်စိတ်လှုပ်ရှားနေကြသည်။ အပြင်လောကအခြေအနေစူးစမ်းရန် နေရာစုံသို့ ပျံထွက်သွားကြသည်။
တိုက်တိုက်ဆိုင်ဆိုင် လုယန်က အနီးအနားတွင် ကြယ်ကမ္ဘာတစ်ခုတွေ့သည်။
"နှစ်တစ်ထောင်သမိုင်ကြောင်းရှိတဲ့ မြင်းဖြူနိုင်ငံတဲ့လား။ စိတ်ဝင်စားစရာပဲ"
ဤကြယ်ကမ္ဘာကို မြင်းဖြူဂြိုလ်ဟု ယာယီနာမည်ပေးလိုက်သည်။
ခဏစုံစမ်းကြည့်ပြီးနောက် မြင်းဖြူဂြိုလ်၏ အခြေအနေကို အကြမ်းဖျင်းသဘောပေါက်လာသည်။
မြင်းဖြူနိုင်ငံသည် ဤဂြိုလ်ပေါ်တွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ဘေးပတ်လယ်တွင် နိုင်ငံငယ်များဝန်းရံနေသည်။ မြင်းဖြူနိုင်ငံ၏ လက်အောက်ခံနိုင်ငံငယ်များရှိသည်။ တစ်ချို့နိုင်ငံငယ်များက ဝေးကွာလွန်းသည်။ နိုင်ငံဟူသည့် ကိုယ်ပိုင်အယူအဆ စတင်တည်ဆောက်နေသည့် နိုင်ငံငယ်များဖြစ်သည်။
ဤနေရာတွင် ဝိညာဉ်စွမ်းအင် အလွန်ပါးလွှာသည်။ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ချီစတင်စုပ်ယူဖို့ပင် ခက်ခဲသည်။ ထို့ကြောင့် ခန္ဓာကျင့်ကြံမှုလမ်းစဉ်နှင့် ဆင်တူသည့် သိုင်းပညာလမ်းစဉ်ကိုသာ လိုက်စားကြသည်။
စွမ်းအားအကြီးဆုံး သိုင်းဆရာသုံးယောက်က သိုင်းပညာမဟာမိတ်ခေါင်းဆောင်၊ နိုင်ငံစစ်သူကြီး၊ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်တို့ဖြစ်သည်။ ပေါင်ရာချီလေးသည့် ကျောက်တုံးများကို မ,နို်သည်။ လူအများက စွမ်းအားရှင်များအဖြစ် သတ်မှတ်ကြသည်။
"သူတို့ဒဏ္ဍာရီထဲက မှော်ကမ္ဘာဆိုတာ ငါတို့လောကကိုပြောတာဖြစ်မယ်။ ဝူလင်တိုက်နယ်ပျက်စီးတာကိုမြင်ခဲ့လို့ ကြောက်နေကြတာဖြစ်မယ်။ သူတို့မလိုအပ်ဘဲ ထိတ်လန့်မနေအောင် အင်ပါယာနဲ့သွားတွေ့ပြီး အခြေအနေရှင်းပြတာကောင်းလိမ့်မယ်"
"ဘာလို့ အင်ပါယာကို တိုက်ရိုက်သွားမတွေ့တာလဲ။ ဘာလို့ လှည့်ပတ်စုံစမ်းနေသေးတာလဲ"
နတ်မယ် နားမလည်။
လုယန် ခေါင်းခါသည်။
"ကျုပ်တို့က ယဉ်ကျေးမှုဖလှယ်ဖို့ ရည်ရွယ်ချက်နဲ့ လာကြတာလေ။ သူတို့ဓလေ့ထုံးစံကို လေးစားရမယ်။ သူတို့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို နားလည်ရမယ်။
ဒါမှ သူတို့နဲ့ဆက်သွယ်တဲ့အခါ အထင်လွဲစရာတွေမဖြစ်အောင် ထိန်းသိမ်းနိုင်မှာ။ ဘာပဲပြောပြော အခုကျုပ်တို့က ကျင့်ကြံသူလောကကို ကိုယ်စားပြုထားတာ။
ပထမဆုံးအမြင်က အရေးကြီးတယ်။ ကျုပ်တို့ဘက်က မောက်မာလို့မရဘူး။ အောက်ကျို့လို့လည်း မရဘူး"
"ဪ"
လုယန်ပြောနေသည့် စကားများကို နတ်မယ် နားမလည်။
အင်ပါယာနန်းတော်ရှိသည့်ဘက်ကို နတ်မယ်လက်ညှိုးညွှန်ပြသည်။
"သူတို့ ပြောဆိုဆက်သွယ်ပုံက အတော်ကောင်းတယ်ထင်တယ်။ သူတို့ဆီကနေ နင်တစ်ခုခုပညာရနိုင်တယ်"
ထိုခဏမှာပင် ကြောက်စရာစွမ်းအင်ရောင်တစ်ခု မြင်းဖြူနိုင်ငံအင်ပါယာနန်းတော်မှ ထိုးထွက်လာသည်။
.....
မြင်းဖြူနိုင်ငံ ရုံးတော်ညီလာခံခန်းမ။
မနေ့ညက ကြောက်စရာကောင်းသည့် ဖြစ်ရပ်များကြောင့် အင်ပါယာမှအစ ဝန်ကြီးများအထိ အားလုံးစိုးရိမ်ထိတ်လန့်နေကြသည်။
မနေညက ဘာဖြစ်သွားသည်ကို အားလုံးက သိချင်ကြသည်။ တန်ခိုးရှင်တစ်ယောက် နိမိတ်ပြခြင်းလော။
သူတို့အဆက်အသွယ်များသုံး၍ ဗေဒင်ဆရာများကို မေးကြည့်ခဲ့သည်။ သို့သော် အဖြေမရသေး။
"ဝန်ကြီးဝမ်၊ မနေ့ညက မှော်ကမ္ဘာရဲ့ ထူးဆန်းတဲ့နိမိတ်တွေဟာ ဘာကြောင့်ဖြစ်တာလဲ။ ကောင်းချီးနိမိတ်လား။ ဒါမှမဟုတ် ကျိန်စာလား"
မနေ့ညက အင်ပါယာက တော်ဝင်နက္ခတ်တာရာအဖွဲ့တာဝန်ခံ ဝန်ကြီးဝမ်ကို မေးခဲ့သည်။ ဝန်ကြီးဝမ်က ကောင်းသည့်နိမိတ်ဖြစ်ကြောင်းပြော၍ နှစ်သိမ့်ထားခဲ့သည်။
ထို့ကြောင့် မနက်ပိုင်းညီလာခံတွင် အင်ပါယာက ဝန်ကြီးများ အရာရှိများရှေ့တွင် ထပ်ပြောခိုင်းသည်။
တာဝန်ခံဝမ်စိတ်ထဲ မချိပြုံးပြံဒးနေသည်။ ထိုကိစ္စသည် တကယ်နိမိတ်ကောင်းဖြစ်ပါစေဟု ဆုတောင်းနေရသည်။ အကယ်၍ ကပ်ဆိုးတစ်ခုခုပေါ်လာလျှင် တာဝန်ခံရာထူး လစ်သွားတော့မည်။
ဝန်ကြီးများကလည်း သူ့အဖြေကို ကြားချင်နေကြသည်။
"မင်းကြီး..."
တာဝန်ခံဝမ် မနေ့ညကအဖြေကို ထပ်ပြောရန်ပြင်နေစည် ရယ်မောသံတစ်ခုလွင့်ပျံလာသည်။
"ဒီမှာကောင်းတာတစ်ခုခုရှိရမယ်"
လူသုံးယောက် ရုတ်တရက်ပေါ်လာသည်။ နန်းတော်အထက်တွင် ဝဲပျံနေသည်။ ထူးဆန်းသည့်အလင်းရောင်များဖြာထွက်နေသည်။ ဒဏ္ဍာရီထဲမှ နတ်ဘုရားများနှင့်တူသည်။
"မင်းကြီးကိုကာကွယ်ကြ"
ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်က အင်ပါယာကို သူ့လူများနှင့်အတူ ကာကွယ်ပြီး လူသုံးယောက်ကို သတိဖြင့်ကြည့်နေသည်။
ထိုအဖြစ်ကိုကြည့်၍ လူသုံးယောက်က ပြုံးသည်။
"မင်းက မြင်းဖြူနိုင်ငံရဲ့ သိုင်းသခင်သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းလုန်ဟန်ဆိုတာဖြစ်မယ်။ ပေါင်ရာချီလေးတဲ့ကျောက်တုံးကို မ,နိုင်တယ်လို့ကြားတယ်၊ အဲဒါဟုတ်လား။ မစိုးရိမ်ပါနဲ့။ ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး"
အားလုံး ရင်ထိတ်နေကြဆဲဖြစ်သည်။ သူတို့စကားကို မယုံကြည်ကြ။
တစ်ယောက် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ လူအားလုံး လေထဲသို့အလိုလိုလွင့်တက်သွားသည်။ ကျန်းလုန်ဟန်ပင် ဘာမှမတတ်နိုင်။
သူဂုဏ်ယဓရသည့်ခွန်အားက ထိုသုံးယောက်နှင့်ယှဉ်လျှင် ဘာမှမဟုတ်။ သူ့ကို သာမန်လူတစ်ယောက်လိုသာ သဘောထားကြသည်။
ထိုလူက နောက်တစ်ကြိမ်လက်ဖျောက်တီးသည်။ အားလုံး မြေပေါ်သို့ အသာအယာပြန်ကျလာသည်။
ပျံသန်းခြင်း။ မသေမျိုးများသာ လုပ်နိုင်သည့်ကိစ္စဖြစ်သည်။ သိုင်းသမားတစ်ယောက် ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မပျံသန်းနိုင်။
"ငါတို့ကိုယ်ငါတို့ မိတ်ဆက်ပါရစေ။ ငါတို့က မဟာရှားနိုင်ငံက စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေပါ။ ငါ့နာမည်က စွေ့ဟန်။ ပထမအဆင့်ဂိုဏ်းဖြစ်တဲ့ စွေ့ဟန်ဂိုဏ်းရဲ့ ခေါင်းဆောင်ပါ။
ဒီနှစ်ယောက်က တာအိုရှင်ရွှမ်ယိနဲ့ တာအိုရှင်ဝမ်ပါ"
အစက သတိဖြင့်ရှေ့ဆက်တိုးဖို စီစဉ်ခဲ့ကြသည်။ သို့သော် မြင်ဖြူနိုင်ငံကိုတွင် သူတို့ကိုခြိမ်းခြောက်နိုင်သည့်အရာ ဘာမှမရှိကြောင်းတွေ့လိုက်ရသည်။
"မနေ့ညက အဖြစ်အပျက်က ငါတို့လည်း ထင်မှတ်မထားတဲ့ကိစ္စပါ။ ရှင်းအောင်ပြောရရင် မသေမျိုးအရှင်လေးယောက်က လောကမှော်စက်ဝန်းကိုဖွင့်ပြီး ငါတို့လောကထဲကနေ အပြင်ကိုထွက်ခွင့်ပြုလိုက်တာ"
"ဪ...အဲလိုလား"
အင်ပါယာ တအံ့တဩတုံ့ပြန်သည်။
စွေ့ဟန်က အင်ပါယာကို စိတ်အားထက်သန်စွာကြည့်သည်။
"တကယ်တော့ ကျုပ်တို့အဆိုပြုစရာ ကိစ္စလေးတစ်ခုရှိပါတယ်။ ခင်ဗျားတို့နိုင်ငံမှာ လူတွေအများကြီရှိတယ်။ ကျင့်ကြံမှုအတွက် ပါရမီပါမယ့်လူတွေလည်း အများကြီးရှိတာသေချာတယ်။ ဒါပေမယ့် ဝိညာဉ်စွမ်းအင်လျော့နေတယ်။
ဒီနိုင်ငံက ကလေးတွေအားလုံးစုစည်းပေးနိုင်မလား။ ဒါမှ ဝိညာဉ်မြစ်ပါမပါ ကျုပ်တို့စမ်းသပ်လို့ရမှာပါ။ သူတို့ကျင့်ကြံဖို့ဆန္ဒရှိရင် ကျုပ်တို့စွေ့ဟန်ဂိုဏ်းကို ဝင်လို့ရပါတယ်"
စွေ့ဟန်ဂိုဏ်းသည် ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ပထမအဆင့်ဂိုဏ်းများထဲတွင် သာမန်ဂိုဏ်းတစ်ခုသာဖြစ်သည်။ မသေမျိုးဂိုဏ်းဖြစ်သည့် ထောင်ချုပ်ဂိုဏ်းနှင့် မဟာထိပ်သီးဂိုဏ်းဖြစ်သည့် ချီထိန်းချုပ်ဂိုဏ်းအနီးတွင် တည်ရှိသည်။
ထို့ကြောင့် ဂိုဏ်းဝင်သစ်စုစည်းရာတွင် ပြိုင်ဆိုင်ခွင့်မရခဲ့။
တစ်ခြားဂိုဏ်းများ ဤနေရာသို့ရောက်မလာမီ ပါရမီကောင်းသည့် တပည့်တစ်ချို့ သူတို့ဂိုဏ်းထဲရောက်အောင် စည်းရုံးနိုင်လျှင် သူတို့လာခဲ့ရသည့်ခရီး၏ အကြီးမားဆုံး အောင်မြင်မှုဖြစ်လာမည်။
အင်ပါယာနှင့်ဝန်ကြီးများအားလုံး မင်သက်မိနေကြဆဲဖြစ်သည်။ ထိုအခြေအနေကိုကြည့်၍ ရွှမ်ယီက စွေ့ဟန်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"အကိုကြီး၊ ဘယ်လိုအကျိုးအမြတ်တွေရမလဲဆိုတာ အကိုမပြောရသေးဘူးလေ"
"ဪ ဟုတ်သားပဲ။ စိတ်လှုပ်ရှားတာများသွားလို့ ငါမေ့နေတယ်"
စွေ့ဟန် ခံတွင်းတစ်ချက်ရှင်းသည်။
"ဘာပဲပြောပြော ကလေးတွေကို စုစည်းဖို့ဆိုတာ ခင်ဗျားအတွက် လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဒီတော့ ဒီလိုလုပ်ပါလား။ ခင်ဗျားတို့တောင်းဆိုစရာရှိရင် ပြောပါ။ ကျုပ်တို့ဖြည့်ဆည်းပေးနိုင်ပါတယ်"
"ဘာဖြစ်ဖြစ်တောင်းဆိုလို့ရလား"
မသေမျိုးများကို စော်ကားသလိုဖြစ်မည်စိုး၍ အင်ပါယာ စကားလုံးကိုသတိထား၍မေးသည်။
"ပင်လယ်ရေမြင့်တက်နေတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးလို့ရလား"
"ရပါတယ်။ မှော်ပညာတစ်ခုနဲ့ ပင်လယ်တစ်စိတ်တစ်ပိုင်းကို အေးခဲပြီး ရေခဲနယ်မြေတစ်ခု တည်ဆောက်လိုက်ရုံပါပဲ။
ပင်လယ်ရေက အလိုလိုပြန်လျော့သွားပါလိမ့်မယ်"
ပင်လယ်တစ်စိတ်တစ်ပိုင်းကို အေးခဲဖို့ စွေ့ဟန်အတွက် ဘာမှမခက်လှ။
"တစ်ခြားတောင်းဆိုစရာရှိသေးလား"
"ကပ်ဆိုးဂြိုလ်ကိစ္စရော ရှင်းပေးလို့ရလား။ အဲဒီ့ကပ်ဆိုးဂြိုလ်ကြောင့် ကျုပ်တို့နိုင်ငံ အမြဲတမ်းသဘာဝဘေးအန္တရာယ်တွေ ကြုံနေရတာလို့ ဝန်ကြီးဝမ်ကပြောတယ်"
"ကပ်ဆိုးဂြိုလ်ဆိုတာ တကယ့်ကြယ်အစစ်လား။ ဘယ်နေရာမှာလဲ"
စွေ့ဟန် မေးစေ့ကိုသပ်နေသည်။ ထိုကိစ္စက အတော်ခက်လောက်သည်။
တာဝန်ခံဝမ်က ကြယ်တာရာမြေပုံတစ်ခုထုတ်၍ တစ်နေရာို ထောက်ပြသည်။
ကြယ်မြေပုံကို စွေ့ဟန် ယခုမှမြင်ဖူးခြင်းဖြစ်သည်။ အတော်စိတ်ဝင်စားသွားသည်။
"ဒီမြေပုံက အတော်ကောင်းတာပဲ။ ခင်ဗျားဆီကနေ မိတ္တူမြေပုံတစ်ခု ဝယ်လို့ရလား"
အပြင်လောကခရီးတွင် လမ်းကြောင်းမသိသဖြင့် သူတို့စိုးရိမ်နေခဲ့သည်။ ယခု မြေပုံတစ်ခုရလာသည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရသည်ဆိုသည်မှာ တကယ်မှန်သည်။
"ခင်ဗျားကိုပေးပါတယ်။ လက်ဆောင်ပေးပါတယ်"
အင်ပါယာ ထပ်တလဲလဲပြောသည်။
စွေ့ဟန်နှင့် အဖော်နှစ်ယောက် အတော်ကြာအောင်လေ့လာပြီးနောက် ကြယ်မြေပုံကို နားလည်လာသည်။ ကပ်ဆိုးဂြိုလ်၏ တည်နေရာကို သိလာသည်။
ရွေ့ယီပညာကို သူအသက်သွင်းလိုက်သည်။ ကြီးမားသည့်လက်ဖြင့် နန်းတော်ခေါင်မိုးကို ဖယ်ရှားလိုက်သည်။
"ကပ်ဆိုးဂြိုလ်က အဲဒီဘက်မှာမဟုတ်လား"
အရုဏ်ချိန်ရောက်ပြီဖြစ်၍ ကောင်းကင်တွင် အလင်းမှိန်မှိန်ပေါ်လာသည်။ ကြယ်ကောင်းကင်ကိုတော့ ထင်ရှားစွာမြင်နိုင်သေးသည်။ ကပ်ဆိုးဂြိုလ်က တလက်လက်တောက်ပနေသည်။
ထိုကပ်ဆိုးဂြိုလ်သည် သာမန်ကြယ်ကမ္ဘာတစ်ခုသာဖြစ်သည်။ သို့သော် ဤနိုင်ငံသားများက ထိုအချက်ကို နားမလည်ကြ။
စွေ့ဟန်၏ အသက်နှောင်ရတနာက ရေခဲလေးကိုင်းဖြစ်သည်။ လေးကိုင်းကိုဆွဲ၍ ရေခဲမြားကိုတင်သည်။ ကပ်ဆိုးဂြိုလ်ကို တည့်တည့်ပစ်ခတ်လိုက်သည်။
သိပ်မကြာမီ ကပ်ဆိုးဂြိုလ် ပေါက်ကွဲထွက်၍ ပျောက်ကွယ်သွားသည်ကို အားလုံးမြင်ကြရသည်။
"မဆိုးဘူး။ သိပ်တော်လည်း မခက်လှပါဘူး။ အခုကိစ္စပြီးသွားပြီ"
လူအားလုံး ကြောက်လွန်းသဖြင့် ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။ ဘယ်လိုနတ်စွမ်းအားမျိုးမှန်းမသိ။ လေးကိုင်းတစ်ခုဆွဲ၍ ကြယ်တစ်လုံးကို ဖျက်ဆီးလိုက်သည်။
သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဒဏ္ဍာရီတစ်ခု အသက်ဝင်လာသလိုဖြစ်နေသည်။
ရုတ်တရက် နန်းတော်အထက်တွင် ရေနဂါးသုံးကောင်ပေါ်လာသည်။
"နဂါးတွေ။ သူတို့က နဂါးတွေပဲ"
ဝန်ကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။ သူတို့ဒဏ္ဍာရီအရ နဂါးသည့် မင်္ဂလာရှိသည့် အထွတ်အမြတ်သတ္တဝါဖြစ်သည်။
စွေ့ဟန်တို့သုံးယောက် မျက်မှောင်ကျုံ့သွားသည်။ ထိုနဂါးသုံးကောင်သည် အရှေ့ပင်လယ်နဂါးမျိုးနွယ်မှဖြစ်ကြောင်း သူတို့သိသည်။ ဤနေရာကို ဘယ်လိုရှာတွေ့ခဲ့သည်မသိ။
"ဒီမှာ သေမျိုးတွေ အများကြီးရှိနေတာပဲ"
ခေါင်းဆောင်နဂါးက စွေ့ဟန်ကို မမြင်ချင်ယောင်ဆောင်၍ လူအသွင်ပြောင်းပြီး အင်ပါယာကို ဆွဲထူသည်။
"ကျုပ်က ခင်ဗျားတို့လန့်သွားအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်"
"ရ...ရပါတယ်"
"တာအိုရှင်စွေ့ဟန်က ကျုပ်တို့အခြေအနေကို ခင်ဗျားနဲ့ ဆွေးနွေးပြီးပြီထင်ပါတယ်။ ခင်ဗျားနိုင်ငံက ကျုပ်တို့ရေနဂါးမျိုးနွယ်ရဲ့ ကာကွယ်မှုကို ခံယူလိုသလားဆိုတာ သိချင်ပါတယ်။
ကျုပ်တို့အကာအကွယ်အောက်ကိုဝင်ရင် ခင်ဗျားတို့ကို သက်ရှည်နည်းလမ်းတွေ ကျင့်စဉ်တွေ သင်ပေးမယ်။ တစ်ခြားအကျိုးအမြတ်တွေလည်း အများကြီးရမယ်။
စွေ့ဟန်တို့သုံးယောက် မျက်မှောင်ကျုံ့သွားသည်။
"ကာကွယ်မှုအောက်ကို သိမ်းသွင်းတယ်ဆိုတာ နယ်မြေချဲ့ထွင်တဲ့ပုံစံတစ်မျိုးးပဲ။ မြင်းဖြူနိုင်ငံကို မင်းတို့နယ်မြေအဖြစ် သတ်မှတ်ချင်တာလား။ ဒါတော့ ခွင့်မပြုနိုင်ဘူး"
ရေနဂါးက ပြုံး၍ပြောသည်။
"နှစ်ဦးနှစ်ဘက်သဘောတူရင် ဘာမဖြစ်နိုင်စရာရှိလဲ"
"ဒီမြင်းဖြူနိုင်ငံက အဆင်ပြေတယ်။ ငါတို့လူတွေ ဒီကိုရွှေ့ပြောင်းလာလို့ရတယ်"
စုစည်းခြင်းအဆင့်ကျင့်ကြံသူသုံးယောက် ပေါ်လာသည်။ အေးစိမ့်သည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေသည်။
ရေနဂါးများ မျက်မှောင်ကျုံ့သွားသည်။
"မြောက်ပိုင်းတိုက်နယ်က လူတွေလား"
မြောက်ပိုင်းနယ်မှလူများနှင့် သူတို့အဆက်အဆံသိပ်မရှိ။
စုစည်းခြင်းအဆင့်သုံးယောက်က အင်ပါယာနားသို့ လျှောက်လာသည်။
"ခင်ဗျားက ဒီနိုင်ငံရဲ့အင်ပါယာလား။ ကျုပ်တို့လူတစ်ချို့ ခင်ဗျားနယ်မြေထဲကို ပြောင်းရွှေချင်ပါတယ်"
"တာအိုရှင်၊ မင်းတို့ စည်းကျော်နေပြီနော်"
ရေနဂါးခေါင်းဆောင် သတိပေးသည်။ မြင်းဖြူနိုင်ငံသည် သူတို့နယ်မြေဖြစ်သည်။ မြောက်ပိုင်းနယ်မြေမှလူများကို အဝင်မခံနိုင်။
မြောက်ပိုင်းကျင့်ကြံသူများက လှောင်ပြုံးပြုံးသည်။
"စည်းကျော်တယ်တဲ့လား။ ခုနက မင်းပဲပြောခဲ့တာလေ။ နှစ်ဦးနှစ်ဘက်သဘောတူရင် ဘာပြဿနာရှိလို့လဲ"
နန်းတော်လေထုက ချက်ချင်းအေးစိမ့်လာသည်။ အဖွဲ့သုံးခု၊ စုစည်းခြင်းအဆင့်ကိုးယောက် မြင်းဖြူနိုင်ငံကို ပစ်မှတ်ထားနေကြသည်။
"တိုက်ကြမလား"
"ဘယ်သူက ကြောက်နေလို့လဲ"
"ဒါဆို လုပ်လိုက်လေ"
ဘယ်သူမှ အလျှော့မပေးချင်ကြ။ အကြည့်များက အေးစက်တင်းမာသည်။ မှော်စွမ်းအားကိုယ်စီ စတင်အသက်သွင်းကြသည်။
အင်ပါယာနှင့်ဝန်ကြီးများ ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ထွက်ပြေးရန်ပြင်သည်။
"ဪ..ကြည့်ရသေးတာပေါ့။ ဘယ်သူတွေ တိုက်ခိုက်ချင်နေတာလဲ"
လူငယ်တစ်ယောက် ခန်းမတံခါးဘောင်ကိုမီ၍ မပွင့်တပွင့်ပြုံးနေသည်။ သို့သော် သူ့မျက်လုံးများက စုစည်းခြင်းအဆင့်ကိုးယောက်ကို အေးစက်စက်စိုက်ကြည့်နေသည်။
"ဘယ်သူလဲကွ"
လူငယ်ကို မြင်ပြီးနောက် ကိုးယောက်လုံး ရေခဲရေထဲ နှစ်ချခံရသကဲ့သို့ ဒေါသများ ချက်ချင်းငြိမ်သက်သွားသည်။
လုယန်။
လုယန်က လဲကျနေသည့် ဝန်ကြီးဝမ်ကို ဆွဲထူပြီးနောက် အဖွဲ့သုံးခုဆီ ပြုံး၍လျှောက်လာသည်။
"အတော်အတင့်ရဲနေတယ်ပေါ့။ စည်းမျဉ်းတွေကို မေ့သွားကြပြီလား။ အပြင်လောက လေ့လာရေးခရီးထွက်ရင် ကြယ်ကမ္ဘာတွေပေါ်က သတ္တဝါတွေကို အနှောက်အယှက်မပေးရဘူးဆိုတာလေ။
တစ်ယောက်က ဝိညာဉ်မြစ်ရွေးဖို့၊ တစ်ယောက်က နယ်မြေသိမ်းသွင်းဖို့၊ တစ်ယောက်က နေရာပြောင်းရွှေ့ဖို့တဲ့လား။ အားလုံးက တကယ်စွမ်းဆောင်ရည်မြင့်ကြတာပဲ"
စုစည်းခြင်းအဆင့်ကိုးယောက် ခေါင်းငုံ့နေသည့် ပြန်မပြောရဲကြ။
လုယန်သည် နံပတ်တစ်ပါရမီရှင်သာမဟုတ်။ ကူးဖြတ်ခြင်းအဆင့်လည်းဖြစ်သည်။ သူတို့ရန်မစရဲကြ။
အင်ပါယာနှင့်ဝန်ကြီးများအမြင်တွင် လုယန်သည် ပဟေဠိဆန်သည့်လူဖြစ်သည်။
ထိုစွမ်းအားရှင်ကိုးယောက်က ကောင်းကင်သို့တက်နိုင်သည့် စွမ်းအားမျိုးရှိသည်။ သို့သော် ထိုလူငယ်ကိုမြင်သည်နှင့် စကားမပြောရဲလောက်အောင် ကြောက်ရွံ့နေသည်။
ထိုလူငယ်သည် ဘယ်လိုလူမျိုးဖြစ်မည်မသိ။
"ခင်ဗျားတို့ကို ထွက်ခွင့်ပေးလိုက်တာ အပြင်လောကကို လေ့လာဖို့ပါ။ စွမ်းအားပြခွင့်ပေးလိုက်တာမဟုတ်ဘူး။
လုယန်က နောက်လှည့်ပြီး အင်ပါယာစိတ်အေးစေရန် နှစ်သိမ့်သည်။
"ကျုပ်တို့က ငြိမ်းချမ်းရေးကိုလိုလားတာပါ။ ကျုပ်ရှိနေရင် ဘာအမှားမှမဖြစ်ပါဘူး"
ထို့နောက် အင်ပါယာက ဒူးထောက်၍ တော်ဝင်ကျောက်စိမ်းတံဆိပ်ကို ရိုရိုသေသေ ပေးအပ်လာသည်ကို မြင်ရသည်။
"သခင်၊ ကျုပ်တို့မြင်းဖြူနိုင်ငံက သခင့်ကို အညံ့ခံလိုပါတယ်"
လုယန် "..."
မဟုတ်ဘူး...မဟုတ်ဘူး။ ကျုပ်လာတာ ဒီအတွက်မဟုတ်ဘူး။
************************************
(**နောက်ပိုင်းအခန်းများတွင် ခေတ်အသုံးအနှုန်းများ ပါလာပါမည်)