အခန်း ၆၃
Vol. 7 Ch. 63
အပိုင်း ၆၃ - လင်းစုယွီ၏ တန်ပြန်တိုက်စစ် (၁)
လီရှင်းရှင်းသည် အသည်းနှလုံးမရှိအောင် ယုတ်မာလွန်းလှသည်ဟု ဆိုရပေမည်။ သူမ၏ မွေးမိခင် ဆေးရုံတွင် ရောဂါဖြင့် ကွယ်လွန်ချိန်၌ပင် သားသမီးကျင့်ဝတ်နှင့်အညီ နောက်ဆုံးပြုစုမှုကို မလုပ်ဆောင်ခဲ့ဘဲ ယခုချိန်မှာလည်း လူတစ်စုကို ခေါ်ဆောင်ကာ လင်းစုယွီအား ပြန်ပေးဆွဲရန် သူမ၏အိမ်သို့ ချီတက်လာခဲ့သည်။
နေဝင်ရိုးရီ အချိန်တွင် အိမ်တိုင်း၌ ညစာအတွက် ပြင်ဆင်နေကြပြီး လင်းစုယွီမှာလည်း ထိုနည်းအတိုင်းပင်။ သူမသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန် အလုပ်များနေခဲ့သည်။ ယခုအခါ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးသွားပြီဖြစ်၍ မိမိကိုယ်ကိုယ် ကောင်းမွန်သော အစားအစာဖြင့် ဆုချသင့်သည်ဟု သူမ ခံစားမိသည်။
သူမသည် နေရာလွတ် အတွင်းရှိ ကြက်ခြံထဲမှ ကြီးမားထွားကြိုင်းသော ကြက်တစ်ကောင်ကို ရွေးချယ်လိုက်သည်။ နေရာလွတ်ထဲ၌ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ကြက်ကိုသတ်ခြင်း၊ အမွှေးနုတ်ခြင်း၊ အရိုးနွှင်ခြင်းနှင့် ခုတ်ထစ်ခြင်းတို့ကို အားစိုက်စရာမလိုဘဲ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်လိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်အမင်း အဆင်ပြေချောမွေ့လှသည်။
အသားအစာသွတ်ပြုလုပ်ခြင်း၊ မုန့်သားနယ်ခြင်းနှင့် ဖက်ထုပ် ထုပ်ခြင်းတို့ကိုလည်း နေရာလွတ် ထဲတွင်ပင် တိုက်ရိုက်စီမံလိုက်သည်။ ပေါများလှသော ဝိညာဉ်စွမ်းအားရှိခြင်းမှာ အမှန်တကယ်ပင် အသုံးဝင်လှပေသည်။ လင်းစုယွီ တစ်ယောက် နေရာလွတ်ထဲတွင် အလုပ်ရှုပ်နေစဉ် ပြင်ပခြံဝင်းအတွင်းမှ လှုပ်ရှားသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသဖြင့် နေရာလွတ်ထဲမှ အမြန်ဆုံး ပြန်ထွက်လာခဲ့သည်။
"အစ်ကိုကြီးမာ၊ ဒါ လင်းစုယွီရဲ့ အိမ်ပဲ"
ခြံဝင်းတံခါးအပြင်ဘက်တွင် လီရှင်းရှင်းက အစ်ကိုကြီးမာကို ဆွဲကာ လင်းစုယွီ၏ ခြံဝန်းကျင်ကို လက်ညှိုးထိုးပြရင်း တိုးတိုးလေး ပြောလိုက်သည်။ အစ်ကိုကြီးမာက ပတ်ဝန်းကျင်အခြေအနေကို သေသေချာချာ အကဲခတ်နေသည်။
"ကောင်းပြီ၊ ငါသိပြီ။ အခုက လက်စွမ်းပြရမယ့်အချိန် မဟုတ်သေးဘူး။ ညကျမှ ပြန်လာခဲ့ကြမယ်။"
'လီရှင်းရှင်းပါလား! လက်စွမ်းပြရမယ့်အချိန် မဟုတ်သေးဘူး ဟုတ်လား။' အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော လင်းစုယွီသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ တံခါးအပြင်ဘက်မှ လူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ရာ ၎င်းတို့၏ စကားသံများကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။
လီရှင်းရှင်းက နောက်ဆုံးတော့ သူမကို ရန်စဖို့ မအောင့်အီးနိုင်တော့ဘူးပေါ့။ ဒီလိုဖြစ်လာမှတော့ သူမဘက်ကလည်း အစီအစဉ်ဆွဲရတော့မည်။ မိမိအပေါ် ရန်ငြိုးထားသူကို လွှတ်ထားခြင်းမှာ အကျင့်ကောင်းတစ်ခု မဟုတ်ပေ။
သူမသည် အေးချမ်းသာယာသော ခေတ်ကာလမှ ကူးပြောင်းလာသူဖြစ်သော်လည်း လီရှင်းရှင်း၏ ရန်လိုမှုကို လျစ်လျူရှုထား၍ မရတော့ပေ။ ဤတစ်ကြိမ်တွင် လင်းစုယွီသည် သူမ၏ အေးဆေးလှသော စိတ်နေစိတ်ထားကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်သည်။
ခြံတံခါးအပြင်ဘက်တွင်မူ အစ်ကိုကြီးမာက လီရှင်းရှင်းကို ညစာ အရင်စားရန် ခေါ်ဆောင်သွားပြီး သန်းခေါင်ယံအချိန်ကျမှ တံတိုင်းကို ကျော်တက်ကာ ပြန်ပေးဆွဲရန် စီစဉ်လိုက်သည်။
ခြံထဲတွင်မူ လင်းစုယွီသည် လူတစ်ဦးအသွင် ရုပ်ဖျက်ထားပြီးဖြစ်ကာ မိမိနှင့်မတော်သည့် ဆိုဒ်ကြီးသော ဖိနပ်ကို စီး၊ ဦးထုပ်ဆောင်းကာ လီရှင်းရှင်းတို့အနောက်သို့ တိတ်တဆိတ် လိုက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
လီရှင်းရှင်းဆိုသည့် ပြဿနာထုပ်ကို ဖြေရှင်းရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် လင်းစုယွီသည် မိမိ၏ နယ်မြေအတွင်း၌ အရေးယူရန် အစီအစဉ်မရှိဘဲ အပြင်ဘက်တွင်သာ အပြတ်ရှင်းရန် ပြင်ထားသည်။
မူလက အစ်ကိုကြီးမာသည် လီရှင်းရှင်းအား ညစာကောင်းကောင်း ဝယ်ကျွေးခိုင်းရန် ရည်ရွယ်ထားသော်လည်း လီရှင်းရှင်းမှာ အသားဝယ်ဖို့နေနေသာသာ ရေခဲချောင်းပင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲမွဲတေနေရှာသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် အစ်ကိုကြီးမာသည် စိတ်မပါ့တပါဖြင့် ဈေးအပေါဆုံး ဂျုံကြမ်းမုန့်လုံးအချို့ကို ဝယ်လိုက်ရပြီး လီရှင်းရှင်းကို ခွဲဝေကျွေးရခြင်းကြောင့် ပို၍ပင် နှမြောတသ ဖြစ်နေသည်။
ပိုက်ဆံ အကုန်အကျ မများချင်သဖြင့် အစ်ကိုကြီးမာသည် သူ၏ လက်ပါးစေများကို ညစာ သွားစားကြရန်နှင့် ခဏနေမှ ပြန်လာရန် ပြောကာ အရင်ပြန်လွှတ်လိုက်သည်။
"အစ်ကိုကြီးမာ၊ စိတ်မပူပါနဲ့။ ခဏနေရင် လင်းစုယွီရဲ့ ပစ္စည်းတွေကို ခွဲဝေပြီးတာနဲ့ စားသောက်ဆိုင်သွားပြီး အသားတွေ အဝစားကြတာပေါ့"
ပိုက်ဆံနှင့် ကူပွန်များအတွက် နှမြောနေသော အစ်ကိုကြီးမာကို ကြည့်ကာ လီရှင်းရှင်းက နှစ်သိမ့်စကား ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ညည်းတွားနေမိသည်။ သူမသည် ဤကဲ့သို့သော ဂျုံကြမ်းမုန့်မျိုးကို မစားရသည်မှာ ကြာပြီဖြစ်ကာ သူမ၏ အစ်ကိုပင်လျှင် သူမအတွက် ဂျုံနုစပ်မုန့်မျိုး ရအောင် ရှာဖွေပေးလေ့ရှိသည်။
ချွေတာရာမှ ဇိမ်ခံဖို့က လွယ်သော်လည်း ဇိမ်ခံရာမှ ပြန်လည် ချွေတာရန်မှာ ခက်ခဲလှပေသည်။ အစ်ကိုကြီးမာကမူ စိတ်ထဲမှ "နင့်မျက်နှာပေါ်က မခိုးမခန့် အမူအရာကို ငါ မမြင်ဘူးမှတ်နေလား" ဟု တွေးနေသည်။
ထိုနှစ်ယောက်သည် မုန့်လုံးများကို ဝါးစားရင်း လူသူကင်းဝေးရာသို့ လျှောက်သွားကြပြီး လင်းစုယွီက အကွာအဝေးတစ်ခုမှ နောက်ယောင်ခံ လိုက်လာခဲ့သည်။
ရှေ့မှ လူနှစ်ယောက်သည် သူမ ယခင်က လူများကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ဖူးသော တောအုပ်ငယ်လေးဆီသို့ ဦးတည်နေသည်ကို မြင်သောအခါ လင်းစုယွီ ဝမ်းသာသွားသည်။ ကောင်းကင်ဘုံက သူမကို ကူညီနေသည်မှာ အမှန်ပင်။ ညစာစားချိန်တွင် ဤနေရာမှာ လမင်းကြီး၏ အလင်းရောင်ဖျော့ဖျော့မှလွဲ၍ ပိန်းပိတ်အောင် မှောင်နေတတ်သည်။
ညအချိန်တွင် အနီးအနားရှိ လူများသည် ဤနေရာကို ဖြတ်သွားဖို့ထက် လမ်းကြိုလမ်းကြားမှ ပတ်သွားရန်သာ ရွေးချယ်ကြမည်ဖြစ်ပြီး ဤမှောင်မည်းလှသော တောအုပ်ထဲသို့ ဝင်ရန်ကား လုံးဝ စဉ်းစားမည်မဟုတ်ပေ။
"အစ်ကိုကြီးမာ၊ တစ်ခုခုကြားလိုက်လား။ ကျွန်မ တစ်မျိုးကြီး အေးစိမ့်လာသလိုပဲ"
အစ်ကိုကြီးမာက ပတ်ဝန်းကျင်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် မခိုးမခန့်ပုံစံဖြင့် ကြွားဝါလိုက်သည်။
"ဘာအသံလဲ။ ကိုယ့်ဘာသာကိုယ် မခြောက်လှန့်စမ်းနဲ့။ ငါရှိနေတာပဲ၊ ဘာကို ကြောက်နေတာလဲ!"
သူမသိသည်မှာ လင်းစုယွီသည် လမ်းဘေးနံရံတစ်ခုကို မှီကာ ၎င်းတို့ သတိပြုမိစေရန် တိတ်တဆိတ် စောင့်နေခြင်းပင် ဖြစ်သည်။ သို့သော် ထိုလူမှာ အနီးအနားကို ကြည့်သော်လည်း မျက်စိကန်းနေသကဲ့သို့ ဘာမျှ မမြင်ချေ။
ကောင်းပြီလေ၊ သူတို့က မလှုပ်ရှားဘူးဆိုမှတော့ ဒါဟာ တိုက်ခိုက်ဖို့ အခွင့်ကောင်းပဲ။ လင်းစုယွီသည် သူမ၏ နေရာလွတ် ထဲမှ လျှော်ကြိုး နှစ်ချောင်းကို ထုတ်ကာ ကွင်းလျှောထုံးများ ပြုလုပ်လိုက်သည်။
အစ်ကိုကြီးမာ တစ်ယောက် လီရှင်းရှင်းအား ကြွားလုံးထုတ်နေစဉ်မှာပင် လင်းစုယွီက အနောက်မှနေ၍ ၎င်းတို့နှစ်ဦးကို ကြိုးကွင်းဖြင့် ပစ်ဖမ်းလိုက်သည်။ ကြိုးကို ခပ်ပြင်းပြင်း ဆွဲလိုက်သည့်အခါ ၎င်းတို့ ရုန်းမရအောင် အချည်ခံလိုက်ရပြီး သူမသည် အစ်ကိုကြီးမာကို လက်ဝါးဖြင့် တစ်ချက်ရိုက်ကာ သတိလစ်သွားစေခဲ့သည်။
လီရှင်းရှင်းက အော်ဟစ်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် လင်းစုယွီက လင်းမိသားစု မီးဖိုချောင်မှ အဝတ်စုတ်ကို သူမပါးစပ်ထဲ ထိုးထည့်လိုက်သည်။ အမှိုက်ကို ပြန်လည်အသုံးပြုရခြင်းမှာ အတော်လေး ကောင်းလှပေသည်။
ဤလုပ်ဆောင်ချက် တစ်ခုလုံးကို လင်းစုယွီ၏ စိတ်ထဲတွင် အကြိမ်ကြိမ် ပုံဖော်ကြည့်ပြီးသား ဖြစ်သဖြင့် စတင်ချိန်မှ ပြီးဆုံးသည်အထိ စက္ကန့်ပိုင်းသာ ကြာမြင့်ပြီး ရေစီးသကဲ့သို့ ချောမွေ့လှသည်။
သိုင်းပညာရှိရခြင်း၏ အရသာမှာ ဤသို့ပင် ဖြစ်လေသလော! ခဏတာ ရင်ခုန်သွားပြီးနောက် လင်းစုယွီသည် လီရှင်းရှင်း၏ မျက်လုံးထဲမှ ကြောက်လန့်တကြား တောင်းပန်နေသည့် အကြည့်များကို လျစ်လျူရှုလိုက်သည်။
သူမသည် တစ်ဖက်လျှင် လူတစ်ယောက်စီ မကာ တောအုပ်ထဲရှိ ဟောင်းနွမ်းပျက်စီးနေသော သက်ကယ်တဲလေးဆီသို့ ဦးတည်လိုက်သည်။ အတော်လေး ကောင်းမွန်သော နေရာတစ်ခုပင်။
သူမသည် ဤနေရာ၌ ချန်နှင့် ကျူးမိသားစုကို နှံစားသီးနှံများ ရောင်းချခဲ့ဖူးပြီး ယခုမူ လီရှင်းရှင်းကို ဤနေရာမှာပင် အပြတ်ရှင်းတော့မည်။ အခြားသူများက ကပ်ရောဂါကဲ့သို့ ရှောင်ကြဉ်သော ဤနေရာမှာ လင်းစုယွီ၏ လျှို့ဝှက်အခြေစိုက်စခန်းငယ်လေး ဖြစ်လာခဲ့ပြီ။
"ဘုန်း" ခနဲ မြည်အောင် သတိလစ်နေသော အစ်ကိုကြီးမာကို ပစ်ချလိုက်ရာ သူ ပြန်နိုးလာခဲ့သည်။
"မင်း... မင်းက ဘယ်သူလဲ"
လျှော်ကြိုးကို ရုန်းကန်ရင်း အစ်ကိုကြီးမာက လင်းစုယွီကို မေးလိုက်သည်။ ပါးစပ်ထဲ အဝတ်စုတ် ထည့်ခံထားရသော လီရှင်းရှင်းကို မြင်သောအခါ အစ်ကိုကြီးမာသည် အနီးအနားရှိလူများ ကြားစေရန်အသံကျယ်ကျယ်ပြုလုပ်ရန် ချက်ချင်း စဉ်းစားလိုက်သည်။
ဖြန်း! လင်းစုယွီသည် သူ၏ ရည်ရွယ်ချက်ကို ကြိုတင်သိရှိသဖြင့် ပါးကို ခပ်ပြင်းပြင်း ရိုက်လိုက်ရာ အစ်ကိုကြီးမာ၏ မျက်နှာမှာ ချက်ချင်း ဖူးယောင်သွားခဲ့သည်။
"အော်ကြည့်လေ။ နင်အော်တဲ့ တစ်ခါတိုင်းမှာ ငါက နင့်ကို ရိုက်မှာပဲ။ စမ်းကြည့်ချင်ရင် အော်လိုက်လေ"
ဒါ ဘယ်လို မိစ္ဆာမမျိုးလဲ။ လင်းစုယွီ၏ ပြုံးယောင်သန်းနေသော အကြည့်အောက်တွင် အစ်ကိုကြီးမာသည် အလွန်အမင်း ကြောက်လန့်သွားပြီး ပါးစပ်ထဲမှ သွေးများကိုပင် ထွေးထုတ်ဖို့ မဝံ့ဘဲ ပြန်မျိုချလိုက်ရသည်။ ထို့နောက် တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
"ရဲဘော်... အစ်ကိုကြီး! ကျွန်တော့်ကို ဘာလို့... ဘာလို့ ကြိုး ချည်ထားတာလဲ"
သူသည် အင်အားကြီးသူများကို တစ်ခါမျှ မစော်ကားဖူးသည့် လမ်းဘေးလူမိုက် အသေးစားလေးသာ ဖြစ်သဖြင့် အစ်ကိုကြီးမာသည် အဘယ်ကြောင့် ယခုလို ခံစားနေရသည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေသည်။
ဖြန်း! နောက်ထပ် ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာပြန်သည်။ ယခုမူ အစ်ကိုကြီးမာ၏ မျက်နှာနှစ်ဖက်လုံး ညီတူညီမျှ ဖူးယောင်သွားပြီဖြစ်သည်။
"နင်တို့နှစ်ယောက် ဒီည ဘာလုပ်ဖို့ ကြံစည်ထားလဲဆိုတာ သေသေချာချာ စဉ်းစားစမ်း!"
လင်းစုယွီသည် အလွန် ကြင်နာတတ်သေးသည်ဟု ဆိုရမည်။ သူမသည် အစ်ကိုကြီးမာအား အရိပ်အမြွက်ပြကာ မှန်ကန်သောအဖြေပေးရန် အားပေးသည့်အကြည့်ဖြင့် စောင့်ကြည့်နေသည်။
ထိုမျှ သိသာသော အရိပ်အမြွက်ကြောင့် အစ်ကိုကြီးမာ ချက်ချင်းပင် ကြောက်ရွံ့သွားသည်။ ပါးစပ်ထဲမှ သွေးကို မျိုချရင်း လီရှင်းရှင်းကို တစ်ချက်ကြည့်ကာ အမှန်အတိုင်း အကုန်ပြောရန် ဆုံးဖြတ်လိုက်သည်။
'လီရှင်းရှင်း၊ ငါ မင်းကို သစ္စာဖောက်တယ်လို့ အပြစ်မတင်နဲ့။ ဒီလောက် အစွမ်းထက်တဲ့သူကို သွားရန်စတဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်တော့။'
လင်းစုယွီ၏ ပါးရိုက်ချက် နှစ်ချက်မှာ သာမန်ယောက်ျားတစ်ယောက်ထက်ပင် ပိုအားပါပြီး သူမသည် အလွန် လွယ်ကူသဘာဝကျကျ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူတို့လို လူမိုက်လေးများ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ကြောင်း အစ်ကိုကြီးမာ သိလိုက်ပြီ။
"အစ်ကိုကြီး၊ ကျွန်တော် ပြောပါ့မယ်၊ အခုပဲ ပြောပါ့မယ်။ ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့၊ ကျွန်တော့်သွားတွေတောင် နဲ့ကုန်ပြီ"
"ဒါတွေအားလုံး လီရှင်းရှင်း ခိုင်းတာပါ။ သူမက မိဘမဲ့ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကျွန်တော့်ကို ပြောခဲ့တာ။ လင်းစုယွီ ဆိုတဲ့ အဲဒီမိန်းကလေးက အရမ်းချမ်းသာတယ်၊ သူကို ဖမ်းပေးရင် ရတဲ့ပိုက်ဆံကို ခွဲပေးမယ်လို့ လီရှင်းရှင်းက ပြောပါတယ်"
အစ်ကိုကြီးမာသည် အလွန် သတိထားကာ ပြောဆိုနေခြင်းဖြစ်ပြီး၊ အလွန်အမင်း ကြောက်လန့်နေသဖြင့် လီရှင်းရှင်းက လင်းစုယွီကို ပြန်ရောင်းစားရန် ကြံစည်ထားသည့် အချက်ကိုမူ ဖုံးကွယ်ထားခဲ့သည်။
ယခုအချိန်တွင် အစ်ကိုကြီးမာမှာ သေလောက်အောင် ကြောက်နေပြီဖြစ်သည်။ အကယ်၍ သူတို့၏ ရည်ရွယ်ချက်မှာ လူကုန်ကူးသူများထံ ရောင်းစားရန်ဖြစ်ကြောင်း ဝန်ခံလိုက်ပါက ဤလူက သူ့ကို သတ်ပစ်မည်လားဟု သူ စိုးရိမ်နေမိတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း