အခန်း ၆၄
Vol. 7 Ch. 64
အပိုင်း ၆၄ - လင်းစုယွီ၏ တန်ပြန်တိုက်စစ် (၂)
"ဖြန်း" ခနဲ မြည်သံနှင့်အတူ မကျိုးတကျိုး ဖြစ်နေသော မောင်ကြီးမား၏ သွားတစ်ချောင်းသည် နောက်ဆုံးတွင် အမြစ်ပြုတ်ထွက်သွားလေတော့သည်။
"ငါ့ ရှေ့မှာ လာလိမ်တာကို အမုန်းဆုံးပဲ၊ အထူးသဖြင့် ငါ့ကို လှည့်စားဖို့ ကြံစည်ပြီး လိမ်တာမျိုးဆိုရင်ပေါ့"
"ဝူး... ဝူး... ဝူး..." အစ်ကိုကြီးမာခမျာ တကယ်ပင် ငိုကြွေးမိတော့သည်။ သူသည် ရိုက်ထုတ်ခံလိုက်ရသော သွားကို ထွေးထုတ်လိုက်၏။ ၎င်းက ခံရခက်လောက်အောင် နာကျင်လွန်းလှသည်။
"အစ်ကိုကြီးရယ်... မရိုက်ပါနဲ့တော့၊ အရမ်းနာလို့ပါ။ လီရှင်းရှင်း ဘာတွေးနေလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ဒါပေမဲ့ သူ လူကုန်ကူးတဲ့သူတစ်ယောက်နဲ့ သိနေတာတော့ သိတယ်။ ဒါကြောင့် အဲ့ဒီကောင်မလေးကို သူ ရောင်းစားချင်နေတာလို့ပဲ ကျွန်တော် ခန့်မှန်းခဲ့တာပါ"
'ကိုယ့်ကိုယ်ကိုယ် အနာခံမယ့်အစား သူပဲ ခံပါစေတော့' ဟု တွေးကာ အစ်ကိုကြီးမာသည် ဆက်ဖုံးကွယ်ထား၍ မရတော့သည့်အဆုံးတွင် အပြစ်အားလုံးကို လီရှင်းရှင်းအပေါ် ပုံချလိုက်သည်။ သူသာ သက်သာခွင့်ရမည်ဆိုလျှင် အရာအားလုံးကို ဝန်ခံရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"အွန်... ဝူး... ဝူး!" လီရှင်းရှင်းသည် မျက်လုံးအပြူးသားဖြင့် အစ်ကိုကြီးမာကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ လင်းစုယွီ၏ ရက်စက်မှုကို မြင်တွေ့ထားရသဖြင့် သူမကိုယ်တိုင်လည်း ပါးရိုက်ခံရမည်ကို အလွန်ကြောက်လန့်နေ၏။
"စကားပြောချင်တယ်ပေါ့။ ရတာပေါ့။ ဒုက္ခတော့ နည်းနည်းပေးရမယ်၊ သူ့ပါးစပ်ထဲက အဝတ်စကို ဆွဲထုတ်ပေးလိုက်ဦး!"
လင်းစုယွီသည် ထိုအဝတ်စကို ရွံရှာသဖြင့် အစ်ကိုကြီးမာအား လီရှင်းရှင်းပါးစပ်ထဲမှ ဆွဲထုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
လင်းစုယွီ၏ အမိန့်ကို ကြားသောအခါ အစ်ကိုကြီးမာသည် လီရှင်းရှင်းကို မျက်နှာနားကပ်ရန် အချက်ပြလိုက်သည်။ သို့သော် လင်းစုယွီက အဝတ်ကို အတင်းအကျပ် ထိုးသိပ်ထားခဲ့သဖြင့် ပြန်ထုတ်ရန် အတော်ပင် အချိန်ယူလိုက်ရသည်။
လီရှင်းရှင်းသည် ပါးစပ်ထဲမှ အညစ်အကြေးများကိုပင် ဂရုမစိုက်နိုင်တော့ပေ။ လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေသကဲ့သို့ ယားယံပြီး နေရခက်သော ဝေဒနာကြောင့်သာ ဆက်တိုက် ချောင်းဆိုးနေမိသည်။
"တော်တော့။ ဆက်ပြီး ချောင်းဆိုးနေရင် လေထုတစ်လုံး နင့်ရဲ့ ရွံစရာကောင်းတဲ့ အနံ့တွေနဲ့ ပြည့်သွားလိမ့်မယ်"
လီရှင်းရှင်း ချောင်းဆိုးလိုက်သည်နှင့် လင်းစုယွီသည် ရွံရှာလွန်းသဖြင့် ပါးစပ်ကို ပိတ်ကာ မီတာအတော်ဝေးဝေးသို့ ဆုတ်ခွာသွားသည်။
"လီရှင်းရှင်း၊ အဲ့ဒီကလေးမလေးကို ပြန်ပေးဆွဲဖို့ နင်ပဲ ခိုင်းတာလို့ မြန်မြန်ပြောလိုက်စမ်း! နင် သူ့ကို ရောင်းစားဖို့ ကြံနေတာ မဟုတ်လား"
တာဝန်ယူရမည်ကို ကြောက်လှသဖြင့် အစ်ကိုကြီးမာသည် ဦးအောင် လက်ဦးမှုယူကာ အစီအစဉ်အားလုံးမှာ လီရှင်းရှင်း၏ အကြံဖြစ်ကြောင်း ဝန်ခံခိုင်းလေသည်။
လီရှင်းရှင်းသည်လည်း လူအ မဟုတ်သလို တစ်ကိုယ်ကောင်းဆန်တတ်သည့် အကျင့်ကလည်း အမြစ်တွယ်နေသူ ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် သူမကိုယ်တိုင် ကြိုးကိုင်သူဖြစ်ကြောင်း မည်သို့ ဝန်ခံဝံ့ပါမည်နည်း။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ မလုပ်ဘူး! ကျွန်မက အလယ်တန်းကျောင်းသူလေးပဲရှိသေးတာ၊ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"
"ဟေ့... လီရှင်းရှင်း၊ နင် ငြင်းဖို့ မကြိုးစားနဲ့! လင်းစုယွီက ငယ်ငယ်ကတည်းက နင့်အနိုင်ကျင့်တာ ခံလာရတာ၊ အခု သူက နင့်ကို ပြန်တော်လှန်လာတော့ နင်က မကျေနပ်ဖြစ်နေတာလို့ နင်ကိုယ်တိုင် ပြောခဲ့တာလေ။ ဪ... ဒါနဲ့ နင့်မှာ လင်းရှင်းယောင် ဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရှိသေးတယ် မဟုတ်လား။ အဲ့ဒီလူကပဲ အဲ့ဒီကလေးမလေးကို ရောင်းစားဖို့ နင့်ကို ပြောခဲ့တာလေ"
"လီရှင်းရှင်း၊ နင်က နင့်သူငယ်ချင်းလိုပဲ တကယ့်ကို ရက်စက်တဲ့သူပဲ။ နောက်ပြီး ငါက လင်းစုယွီဆိုတဲ့ ကောင်မလေးကို သိတောင်မသိတာ။ ငါ့မှာ သူနဲ့ ဘာရန်ငြိုးမှ မရှိဘဲ ဘာလို့ ဒုက္ခပေးရမှာလဲ။ နင် လင်းစုယွီအကြောင်း လာပြောလို့သာ ငါ ဒီနာမည်ကို သိတာ။ နင် ဘယ်လိုမှ ရုန်းထွက်လို့ မရတော့ဘူး လီရှင်းရှင်း!"
ထပ်မံ၍ အရိုက်မခံလိုတော့သဖြင့် အစ်ကိုကြီးမာသည် သူသိသမျှ အရာအားလုံးကို ရေပက်မဝင်အောင် ဖော်ကောင်လုပ်လေတော့သည်။
"ရှင် လိမ်နေတာ! ရှင်ပဲ ကျွန်မကို ခြိမ်းခြောက်ပြီး ဆက်ကြေးတောင်းခဲ့တာလေ! ကျွန်မမှာ ပိုက်ဆံမရှိတော့လို့ လင်းစုယွီအကြောင်း ပြောပြလိုက်ရတာ!"
လီရှင်းရှင်းသည် ယုတ်မာသော်လည်း အခြေအနေအရ ဉာဏ်နီဉာဏ်နက် ထုတ်လိုက်ပြီး အစ်ကိုကြီးမာအား ကျောင်းသားများထံမှ ဆက်ကြေးတောင်းသည့် လူမိုက်အဖြစ် တိုက်ရိုက် စွပ်စွဲလိုက်သည်။ သူမသည် အစ်ကိုကြီးမာ၏ ခြိမ်းခြောက်မှုကြောင့်သာ လင်းစုယွီကို ဖော်ပေးလိုက်ရခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးလိုက်သည်။
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အပြစ်ပုံချနေကြသည့် 'ခွေးအချင်းချင်း ကိုက်နေကြသော' မြင်ကွင်းကို ကြည့်ရင်း လင်းစုယွီသည် ငြီးငွေ့လာတော့သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ အိမ်ပြန်ပြီး အေးအေးဆေးဆေး အိပ်စက်နိုင်ရန် ဤရှုပ်ထွေးမှုများကို မြန်မြန်ရှင်းလင်းပစ်ဖို့ပင် ဖြစ်သည်။
မည်သူက အမှန်အတိုင်းပြောနေပြီး မည်သူက ဆင်ခြေပေးနေသည်ကို လင်းစုယွီသည် သဘာဝကျကျပင် သိရှိနေသည်။ ထို့ကြောင့်ပင် အပြစ်လုပ်ရဲသော်လည်း တာဝန်မယူရဲဘဲ နှုတ်မှ လိမ်လည်မှုများသာ အမြဲတမ်း ပြည့်နှက်နေသည့် လီရှင်းရှင်းကဲ့သို့ လူစားမျိုးကို သူမ ပို၍ပင် မုန်းတီးမိသည်။
လီရှင်းရှင်း၏ မျက်နှာပေါ်သို့ ပါးရိုက်သံ တစ်ချက် ဟိန်းခနဲ ကျရောက်သွားသည်။ လင်းစုယွီ၏ ဤရိုက်ချက်သည် လီရှင်းရှင်း၏ သွားတစ်ချောင်းကိုပါ ကျွတ်ထွက်သွားစေခဲ့သည်။ ၎င်းမှာ အစ်ကိုကြီးမာကို ရိုက်ခဲ့သည့် အားထက် အဆပေါင်းများစွာ ပို၍ နာကျင်စေမည်မှာ အသေအချာပင်။
"ငါ့ရှေ့မှာ လာလိမ်တာကို အမုန်းဆုံးလို့ ငါပြောပြီးပြီလေ။ နင် တော်တော်လေး လုပ်နိုင်တယ် လီရှင်းရှင်း"
ထိုခေတ်ကာလတွင် အမျိုးသမီးများအပေါ်လက်ပါခြင်း နှင့် ပတ်သက်၍ အမျိုးသားများ၌ ထွေထွေထူးထူး အသိမျိုး မရှိကြချေ။ ထို့ကြောင့် လီရှင်းရှင်း အရိုက်ခံရသည်ကို မြင်သောအခါ အစ်ကိုကြီးမာသည် ကျေနပ်သွားပြီး သူမကို ပြန်လှောင်လေသည်။
"လီရှင်းရှင်း၊ နင်ကတော့ တကယ့်ကို လိမ်လည်မှုတွေနဲ့ ပြည့်နေတာပဲ။ အမှန်အတိုင်း ဝန်ခံလိုက်ရင် မကောင်းဘူးလား။ အစ်ကိုကြီးက နင့်ကို လက်ညောင်းအောင် ပါးရိုက်ပေးမှပဲ အမှန်တရားကို ပြောချင်တာလား"
လင်းစုယွီ၏ ပါးရိုက်ချက်ကြောင့် လီရှင်းရှင်းမှာ နာကျင်လွန်း၍ ရှိုက်ကြီးတငင် ငိုနေရစဉ် အစ်ကိုကြီးမာက မီးလောင်ရာလေပင့်ကာ ထပ်မံ ရန်စနေခဲ့သည်။
"ကျွန်မ မှားသွားပါပြီ၊ နောက်တစ်ခါ မလုပ်တော့ပါဘူး! ကျေးဇူးပြုပြီး လွှတ်ပေးပါ! ကျွန်မက လင်းစုယွီကို စနောက်ရုံသက်သက်ပါ၊ တကယ်ပါ! နောက်ဆို သူ့ကို ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး!"
အခြေအနေ မဟန်တော့သည်ကို သိသောအခါ လီရှင်းရှင်းသည် အမြန်ပင် ဒူးထောက်ကာ အသနားခံတော့သည်။ သူမ၏ ထိုကဲ့သို့သော စရိုက်က လင်းစုယွီကို ယင်ကောင်တစ်ကောင် မျိုချလိုက်ရသကဲ့သို့ အလွန်တရာ ရွံရှာမိစေသည်။
ထို့ကြောင့် လင်းစုယွီသည် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ရာ လီရှင်းရှင်း၏ ကျန်မျက်နှာတစ်ခြမ်းပါ ဖူးရောင်သွားလေသည်။ လီရှင်းရှင်း၏ ဖော်လံဖားသော မျက်နှာပေးကို ကြည့်ရသည်ထက် ပေါက်စီကဲ့သို့ ဖောင်းကားနေသော မျက်နှာကို ကြည့်ရသည်က ပို၍ စိတ်ချမ်းသာစရာ ကောင်းသည်ဟု သူမ ယူဆလိုက်သည်။
"လင်းစုယွီကို ဘယ်သူ့ဆီ ရောင်းဖို့ ကြံနေတာလဲ။ သူတို့နဲ့ ဘယ်လို ဆက်သွယ်ခဲ့တာလဲ"
၎င်းမှာ လင်းရှင်းယောင် သိကျွမ်းပြီး လီရှင်းရှင်းကို မိတ်ဆက်ပေးထားသူဖြစ်သောကြောင့် နောင်တစ်ချိန်တွင် လင်းရှင်းယောင်၏ လက်ပါးစေများ၏ ပစ်မှတ်ထားခံရခြင်းမှ ကင်းဝေးစေရန် တစ်ခါတည်း အမြစ်ပြတ် ရှင်းပစ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
လင်းစုယွီ မေးခွန်းထုတ်သောအခါ ထပ်မံအရိုက်ခံရမည်ကို အသေအလဲ ကြောက်နေသော လီရှင်းရှင်းသည် နောက်ဆုံးတွင် အကြံအဖန် မလုပ်ဝံ့တော့ပေ။ လင်းရှင်းယောင် ပေးထားသော လိပ်စာနှင့် နာမည်ကို အမှန်အတိုင်း ဝန်ခံလိုက်သည်။
အရာအားလုံး ပြောပြပြီးနောက် သူမသည် လင်းစုယွီ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်လိုက်သော်လည်း လင်းစုယွီမှာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးထားဆဲ ဖြစ်သည်။
"ဒီတစ်ခါတော့ တကယ်မလိမ်ပါဘူး၊ ကျွန်မပြောတာ အားလုံး အမှန်တွေပါ"
လီရှင်းရှင်းသည် ယခုအခါ သေလောက်အောင် ကြောက်လန့်နေ၏။ သူမ၏ မျက်နှာတစ်ခုလုံးသည်လည်း မီးလောင်သကဲ့သို့ ပူစပ်ပူလောင် ဖြစ်နေပြီး သွားဖုံးများမှလည်း သွေးများ ထွက်နေသည်။
"နင်တို့နှစ်ယောက် မဝန်ခံရသေးတာ ဘာရှိသေးလဲဆိုတာ သေသေချာချာ စဉ်းစားစမ်း။ ငါ ၁၀ မိနစ် အချိန်ပေးမယ်။ အကုန်လုံးကို အသေးစိတ်ပြောပြတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ မဟုတ်ရင်တော့... ဟွန်း!"
အမှန်စင်စစ် လင်းစုယွီသည် သူတို့နှစ်ဦးကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားရန် အချိန်ယူလိုခြင်း ဖြစ်သည်။ အစ်ကိုကြီးမာကိုမူ ခြေထောက်နှစ်ဖက်ကို ရိုက်ချိုးပြီး ယနေ့ဖြစ်ပျက်ခဲ့သမျှ မှတ်ဉာဏ်များကို ဖျောက်ဖျက်လိုက်လျှင် လုံလောက်ပြီဟု တွေးလိုက်သည်။
အဓိက အကြောင်းရင်းမှာ သူမ၏ နေရာလွတ်အဆင့်မြင့်လာပြီးနောက် သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် မှတ်ဉာဏ်များကို ပြုပြင်ပြောင်းလဲနိုင်သည့် စွမ်းရည် ရရှိလာသောကြောင့် စမ်းသပ်ကြည့်ရန် လိုအပ်နေခြင်း ဖြစ်သည်။ မှတ်ဉာဏ်များကို ပြောင်းလဲနိုင်လျှင် လုံးဝဖျောက်ဖျက်ပစ်တာမျိုးလဲ လုပ်နိုင်မည်လား။
သူမသည် ဤအရာအားလုံးကို စမ်းသပ်လိုသော်လည်း ထိုစမ်းသပ်မှုများမှာ အန္တရာယ်ရှိသည်။ အကယ်၍ စိတ်ဝိညာဉ်စွမ်းအားကို ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ပါက လူ၏ ဦးနှောက်အတွင်းရှိ မှတ်ဉာဏ်သိုလှောင်ရာအပိုင်းကို ပြန်လည်ကုစား၍မရနိုင်သော ပျက်စီးမှုများ ဖြစ်စေနိုင်ပြီး ထိုသူအား လူအ ဖြစ် သွားအောင် လုပ်မိနိုင်သည်။
ထိုကဲ့သို့ စွန့်စားရမည်ဖြစ်သောကြောင့် သူမသည် လီရှင်းရှင်းကိုသာ အစမ်းသပ်ခံအဖြစ် ရွေးချယ်လိုက်သည်။ အကယ်၍ သူမ၏ ပထမဆုံးသော စမ်းသပ်မှုမှာ မကျွမ်းကျင်သေးဘဲ လီရှင်းရှင်းသာ လူအ ဖြစ်သွားခဲ့မည်ဆိုလျှင်လည်း ၎င်းမှာ ထိုမိန်းကလေး ကျူးလွန်ခဲ့သော အပြစ်များ၏ ဝဋ်ကြွေးသာ ဖြစ်ပေလိမ့်မည်။
အစ်ကိုကြီးမာက သူမ၏ စမ်းသပ်မှုကို နှောင့်ယှက်မည်စိုးသဖြင့် လင်းစုယွီသည် သူ့ကို ဦးစွာ သတိမေ့သွားအောင် လုပ်လိုက်သည်။ အစ်ကိုကြီးမာမှာ တစ်ညတည်းတွင် နှစ်ကြိမ်တိုင်တိုင် သတိမေ့သွားရရှာသဖြင့် တကယ့်ကို ဒုက္ခရောက်ရှာပေသည်။
"နင်... နင်... နင် ဘာလုပ်မလို့လဲ"
လင်းစုယွီက အစ်ကိုကြီးမာထကို သတိမေ့အောင် လုပ်လိုက်သည်ကို မြင်သောအခါ လီရှင်းရှင်းသည် ကြောက်လန့်တကြား ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။ ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးတစ်ယောက် မဟုတ်လား။
သူမရှေ့တွင် ရှိနေသူမှာ အရပ်မရှည်သလို အသက်လည်း သိပ်မကြီးသေးပုံရကာ မိန်းမဆန်ဆန် ယောက်ျားဆန်ဆန် ရုပ်ရည်မျိုး ရှိနေသည်။ 'သူ ငါ့ကို တစ်ခုခု လုပ်ဖို့ ကြံနေတာလား'
လီရှင်းရှင်းသည် အလွန်အမင်း ကြောက်လန့်နေသော်လည်း ယခုတစ်ကြိမ်တွင်မူ မအော်ဝံ့တော့ပေ။ သူမသည် မျက်လုံးများကိုသာ တင်းတင်းပိတ်ပြီး ရင်ထဲမှ ကြောက်စိတ်ကို အောင့်အည်းထားလိုက်ရသည်။
လီရှင်းရှင်း ဤသို့ တွေးနေသည်ကိုသာ လင်းစုယွီ သိသွားခဲ့လျှင် လီရှင်းရှင်း၏ စိတ်ကူးယဉ်မှုများကို သေချာပေါက် လှောင်ပြောင်မိမည်ဖြစ်သည်။ ရွှံ့နွံထဲတွင် လူးလှိမ့်နေပြီး ရွံစရာကောင်းအောင် ညစ်ပတ်နေသော လီရှင်းရှင်း၏ ပုံစံကိုသာ ကြည့်ပါဦး။
လင်းစုယွီသည် လီရှင်းရှင်း၏ စကားများကို လျစ်လျူရှုကာ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို လီရှင်းရှင်း၏ စိတ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်စေလိုက်သည်။
အစပိုင်းတွင် ခုခံမှု အလွှာတစ်ခုကို ခံစားလိုက်ရသော်လည်း ထိုအလွှာကို ဖြတ်ကျော်ပြီးနောက်တွင် မှတ်ဉာဏ်များ သိုလှောင်ရာနေရာကို ရှာတွေ့သွားသည်။ လီရှင်းရှင်း၏ လတ်တလော မှတ်ဉာဏ်အစိတ်အပိုင်းများ အားလုံးမှာ ဤနေရာတွင် ရှိနေသည်။
"ငါ အသာအယာလေး လုပ်မှ ဖြစ်မယ်။ ဒီနေရာက မှတ်ဉာဏ်တွေကို ဆွဲထုတ်ပြီး ဖျက်ဆီးပစ်လိုက်ရင် အဲ့ဒီမှတ်ဉာဏ်တွေ ပျောက်သွားမှာလား"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း