← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အပိုင်း ၆၆ - “ကိုယ်ဖော်သည့်ဆေးခါး ကိုယ်ပြန်သောက်ရခြင်း"

မိနစ်အနည်းငယ်ကြာအောင် တူးဆွပြီးနောက်တွင်တော့ သူမသည် မြေအောက်ခန်းအဝင်ဝသို့ နောက်ဆုံး၌ ရောက်ရှိသွားခဲ့သည်။ မြေကြီးများကို ဖယ်ရှားပြီးသည်နှင့် လင်းစုယုက မြေအောက်ခန်းတံခါးကို ဖွင့်လိုက်ရာ ပုပ်စော်နံသော အနံ့ဆိုးတစ်ခုက သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ လင်းစုယွီ ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ မြေအောက်ခန်းအတွင်းရှိ အခြေအနေများက သူမအတွက် အနည်းငယ် အခက်တွေ့စေသည့်ပုံပင်။

အထဲဝင်သွားလျှင်လည်း လေထုက မသန့်ရှင်းသည့်အပြင် အနံ့ဆိုးများကလည်း လှိုင်နေသည်။ မဝင်ဘဲနေပြန်လျှင်လည်း အထဲတွင် ကလေးတစ်ယောက်စာ ဝင်ဆံ့နိုင်သော သေတ္တာကြီး တစ်ဒါဇင်ကျော် ရှိနေသည်မဟုတ်ပါလား။ သေတ္တာအချို့တွင် ရွှေတုံးများကို စနစ်တကျ စီထည့်ထားပြီး အချို့တွင်တော့ ရှေးဟောင်းစာအုပ်များနှင့် စာလိပ်မူများ ရှိနေသည်။ ကျန်ရှိသော သေတ္တာများထဲတွင်တော့ ပုလဲကုံးများနှင့် အဖိုးတန် ကျောက်စိမ်းရတနာများဖြင့် ပြည့်နှက်နေသည်။

ဒီခေတ်ကို ကူးပြောင်းလာကတည်းက သူမ၏ ငွေဝင်ကံမှာ သိသိသာသာ ကောင်းမွန်နေသည်ဟု လင်းစုယွီ ခံစားမိသည်။ သို့သော်လည်း သူမမှာ လူယုတ်မာများနှင့်တော့ အမြဲလိုလို ဆုံတွေ့နေရတတ်သည်။

ရုတ်တရက်ပင် သူမ၏စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။ ယခင်ဘဝက သူမဖတ်ဖူးသော ဝတ္ထုများထဲတွင် စိတ်ဝိညာဉ်စွမ်းအားကို နေရာလွတ် နှင့် ပေါင်းစပ်ပြီး အဝေးကနေ ပစ္စည်းများကို လှမ်းယူနိုင်သည်ဟု ပါရှိသည်။

သူမအနေဖြင့် ထိုသေတ္တာများကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ရစ်ပတ်ပြီး အဝေးကနေ သူမ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းနိုင်မလားဟု တွေးတောမိသွားခြင်းဖြစ်သည်။ စမ်းကြည့်ရတာ ဘာမှမရှုံးပါဘူး၊ ပိုက်ဆံကုန်တာမှ မဟုတ်တာ၊ အသက်အန္တရာယ်လည်း ရှိနိုင်တာမှ မဟုတ်ဘဲ။ လင်းစုယွီသည် မြေအောက်ခန်းအဝင်ဝတွင် ရပ်လျက်ပင် သူမ၏ ဝိညာဉ်စွမ်းအားကို အထဲရှိ သေတ္တာများဆီသို့ ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။

ထိုသေတ္တာများကို သူမ၏နေရာလွတ်ထဲသို့ ရွှေ့ပြောင်းရန် စိတ်ကူးလိုက်စဉ်မှာပင် ပြင်းထန်သော နာကျင်မှုတစ်ခုကြောင့် သူမ မြေပြင်ပေါ်သို့ ခွေကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ အောင်မြင်သွားခဲ့သည်၊

သို့သော်လည်း စွမ်းအင်သုံးစွဲမှုက အလွန်အမင်း များပြားသွားခဲ့သည်။ ယခုအခါ လင်းစုယွီ၏ ဦးခေါင်းမှာ သံတူနှင့် အထုခံလိုက်ရသလိုမျိုး ခံရခက်လောက်အောင် ထိုးကိုက်နာကျင်နေတော့သည်။

စိတ်ဝိညာဉ်စမ်းရေကို အချိန်မီသောက်လိုက်ရ၍သာ တော်တော့သည်၊ မဟုတ်လျှင်တော့ သူမ မြေပြင်ပေါ်မှာ လူးလှိမ့်နေလောက်ပြီဖြစ်သည်။ စမ်းသပ်ကြည့်ပြီးနောက်တွင်တော့ စိတ်ဝိညာဉ်စွမ်းအားကို မဆင်မခြင် အသုံးပြုခြင်းသည် အသက်အန္တရာယ်ရှိနိုင်ကြောင်း လင်းစုယွီ နားလည်သွားခဲ့သည်။

"စမ်းသပ်မှု" ကနေ "သေဆုံးမှု" ဆီသို့ ဦးတည်သွားနိုင်သည် မဟုတ်ပါလား။ ဤအတွေ့အကြုံကြောင့် နောင်တွင် လုပ်ဆောင်မှုမှန်သမျှကို ပို၍ သတိထားရန် ဆုံးဖြတ်လိုက်သည်။

အတော်ကြာ အနားယူပြီးနောက်တွင်တော့ လင်းစုယွီမှာ နေသာထိုင်သာ ရှိလာပြီး မြေအောက်ခန်းအဝင်ဝကို မြေပြန်ဖုံးရန် ထလိုက်သည်။ အားလုံးကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ပြီးနောက်တွင်တော့ လင်းစုယွီ အချိန်မဖြုန်းလိုတော့ပေ။ လီရှင်းရှင်းနှင့် လူကုန်ကူးသူများ ချိန်းဆိုထားသည့် အချိန်မှာ နီးကပ်နေပြီဖြစ်သည်။

ဤညသည် အမှန်ပင် အလုပ်များသော ညတစ်ည ဖြစ်နေတော့သည်။ သူမအနေဖြင့် ခရီးတစ်ခုထွက်ပြီး လီရှင်းရှင်းကို လူကုန်ကူးသူများလက်ထဲ အပ်နှံရန် ကြိုးစားရပေဦးမည်။ လင်းစုယွီသည် သတိမေ့နေသော လီရှင်းရှင်းကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး အစ်ကိုကြီးမာကိုတော့ လက်တစ်ဖက်ဖြင့် မလိုက်သည်။ ဤလူကို အဝေးတစ်နေရာတွင် သွားရောက်စွန့်ပစ်ရမည်။

မဟုတ်လျှင်တော့ သူမ ချန်မိသားစုနှင့် ကျူးမိသားစုထံသို့ ဆန်ရောင်းချနေသည့် လျှို့ဝှက်စခန်းလေးမှာ ပေါ်သွားနိုင်ခြေ ရှိသည်။ ယခုအချိန်မှာ ညဉ့်နက်သန်းခေါင်ယံဖြစ်၍ လူအများစုမှာ အိပ်မောကျနေကြပြီဖြစ်သည်။ လင်းစုယွီသည် ခြေထောက်ကျိုးနေသော အစ်ကိုကြီးမာအား လမ်းဘေးတစ်နေရာတွင် ပစ်ထားခဲ့ပြီး လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။

ကံကောင်းသည်မှာ ဆောင်းဦးရာသီသာ ရှိသေး၍ လမ်းဘေးတွင် စွန့်ပစ်ခံရသော်လည်း အစ်ကိုကြီးမာမှာ အအေးမိရုံသာ ရှိမည်ဖြစ်ပြီး သေမှာ‌တော့မဟုတ်ပေ။ အလွန်ဆုံး သူနိုးလာလျှင် လီရှင်းရှင်းနှင့် စကားများပြီးနောက် လီရှင်းရှင်းက လူလွှတ်ကာ သူ့ကို ချုံခိုတိုက်ခိုက်သည်ဟုသာ ထင်သွားပေလိမ့်မည်။

အမှန်စင်စစ် လင်းစုယွီသည် သူ၏စိတ်ထဲတွင် လီရှင်းရှင်းအကြောင်းကို ပြန်မပြောချင်တော့အောင် စီစဉ်ထားပြီးသားဖြစ်သည်။ အစ်ကိုကြီးမာ၏ တပည့်များအတွက်မူ အစ်ကိုကြီးမာကိုယ်တိုင်ပင် ရှင်းပြလိမ့်မည်ဖြစ်ပြီး၊ ရှင်းမပြနိုင်သည်များကိုတော့ အာဏာသုံး၍ ဖိနှိပ်ထားလိမ့်မည်ဖြစ်သည်။ လင်းစုယွီအနေဖြင့် ဤလူမိုက်များနှင့် လမ်းသရဲများမှာ နောက်နောင်တွင် သူမကို ပြဿနာလာရှာတော့မည် မဟုတ်ကြောင်း ယုံကြည်ချက်ရှိနေသည်။

သူမသည် လင်းမိသားစုပိုင် ၂၈ လက်မ ဘီးကြီး စက်ဘီးကို ထုတ်ယူလိုက်သည်။ ကလေးမလေးတစ်ယောက် စက်ဘီးစီးနေခြင်းမှာ လူအာရုံစိုက်မှုကို ခံရနိုင်ပြီး တစ်စုံတစ်ယောက်က စပ်စုကာ စစ်ဆေးကြည့်လျှင် ဤစက်ဘီးသည် လင်းမိသားစုပိုင်ဖြစ်ကြောင်း လွယ်လွယ်နှင့် သိသွားနိုင်သည်။ ထို့ကြောင့်ပင် ညဉ့်နက်သန်းခေါင်အချိန်မှသာ လင်းစုယွီက ထုတ်စီးရဲခြင်းဖြစ်သည်။ လင်းစုယွီမှာ အရာရာတွင် အမြဲတစေ သတိကြီးစွာ ထားတတ်သူပင်။

မြို့ပြင်ရှိ ချိန်းဆိုထားသောနေရာသို့ ရောက်သောအခါ လင်းစုယွီသည် ဦးစွာပထမ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို သုံး၍ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်သည်။ ထို့နောက် လီရှင်းရှင်းကိုထည့်ထားသော အိတ်အား စက်ဘီးနောက်ထိုင်ခုံတွင် တင်လိုက်ပြီးနောက် လီရှင်းရှင်း ချိန်းဆိုထားသော လူနှင့်တွေ့ရန် ရှေ့သို့ တိုးသွားခဲ့သည်။

အနားသို့ ချဉ်းကပ်သွားစဉ် လမ်းဘေးချုံပုတ်ထဲတွင် ပုန်းအောင်းနေသော လူသန်ကြီးတစ်ယောက်နှင့် လဲလျောင်းနေသော စက်ဘီးတစ်စီးကို မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။ အကယ်၍ ချုံခိုတိုက်ခိုက်မည့်သူမှာ တစ်ယောက်တည်းဆိုလျှင်တော့ လင်းစုယွီအတွက် ဘာမှစိုးရိမ်စရာမရှိပေ။

“နင်က ဘယ်သူလဲ”

လီရှင်းရှင်းကို စောင့်နေသောသူမှာ လင်းစုယွီကို မြင်သောအခါ လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ လာရမည့်သူ မဟုတ်ဘဲ တခြားသူ ဖြစ်နေသဖြင့် သူသည် သတိကြီးစွာဖြင့် အကဲခတ်နေတော့သည်။ ချုံထဲမှ လူသည်လည်း အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေ၏။

လင်းစုယွီက ထိုသူ၏မေးခွန်းကို ပြန်မဖြေဘဲ ရှေ့သို့ အရှိန်ဖြင့် တိုးဝင်ကာ လူကုန်ကူးသမား၏ လက်နှစ်ဖက်လုံးကို ဖြုတ်ချပစ်လိုက်သည်။ ဤလုပ်ရပ်က ရှေ့ကလူကို ကြောက်လန့်သွားစေရုံသာမက ချုံထဲကလူကိုလည်း မဆင်မခြင် မလှုပ်ရှားရဲအောင် ခြောက်လှန့်လိုက်သလို ဖြစ်သွားသည်။

“ငါ ဘယ်သူလဲဆိုတာ နင်သိဖို့မလိုဘူး။ အခု ဒီအရောင်းအဝယ်က ပိုင်ရှင်အသစ် ပြောင်းသွားပြီဆိုတာ ပြောဖို့လာတာ။ ဒီပစ္စည်းကို ယူမလား၊ မယူဘူးလား”

လူကုန်ကူးသမားမှာ လက်မှ နာကျင်မှုကို အံကြိတ်ခံရင်း ချွေးစေးများ ထွက်လာသော်လည်း အသံတစ်ချက်ပင် မထွက်ခဲ့ပေ။

လူကုန်ကူးသမား စိတ်ထဲတွင်တော့ 'ငါက သန်မာလို့ မဟုတ်ပါဘူး၊ နင့်နောက်ခံက ဘာလဲဆိုတာ မသိလို့ ဘာမှမလုပ်ရဲတာပါ' ဟု တွေးနေရှာသည်။ လင်းစုယွီက ချုံထဲကလူကိုပါ ထိုးသိပ်လိုက်ပြီးနောက် သူမရှေ့က လူကုန်ကူးသမား၏ စိတ်ထဲသို့ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ သူမ အထူးသတိထားရမည်။ လီရှင်းရှင်း ကိစ္စပြီးသွားလျှင် ဤလူကို ရဲစခန်းမှာ အပြစ်ဝန်ခံခိုင်းရဦးမည်ဖြစ်ရာ သူသည် အရူးတစ်ယောက် ဖြစ်သွား၍ မဖြစ်ပေ။ ယခုမှာ တတိယအကြိမ်မြောက် ဖြစ်သဖြင့် သူမအတွက် ပို၍ ကျွမ်းကျင်လာခဲ့ပြီဖြစ်သည်။

လူကုန်ကူးသမား၏ မှတ်ဉာဏ်ကို သူမအလိုရှိသလို ပြောင်းလဲပစ်လိုက်ပြီးနောက် ဖြုတ်ထားသော လက်မောင်းများကိုလည်း ပြန်တပ်ပေးလိုက်သည်။ ဤသူမှာ ခေါင်းဆောင်အငယ်စားဖြစ်ပြီး ချုံထဲကလူမှာ အစေအပါးမျှသာ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

သူမသည် ချုံထဲကလူ၏ မှတ်ဉာဏ်ကိုလည်း အလားတူပင် ပြောင်းလဲလိုက်ရာ ထိုလူနှစ်ယောက်လုံးက လင်းစုယွီကို လီရှင်းရှင်းဟု ထင်မှတ်သွားကြတော့သည်။

“လူက ဘယ်မှာလဲ၊ ဘာလို့ အခုမှ ရောက်လာတာလဲ။ မြန်မြန်လုပ်၊ ပစ္စည်းကို ယူလာခဲ့၊ အချိန်မဆွဲနဲ့တော့” ဟု လူကုန်ကူးသမားက လင်းစုယွီကို လီရှင်းရှင်းအမှတ်ဖြင့် ပြောလိုက်သည်။

“ဟိုက အိတ်ထဲမှာ” လင်းစုယွီက စက်ဘီးဘေးက အိတ်ကို ညွှန်ပြလိုက်သည်။

“လောင်ဟန်၊ အပြင်ထွက်ခဲ့တော့ အလုပ်လုပ်ရမယ်”

လူကုန်ကူးသမားက ချုံပုတ်ဆီသို့ လှမ်းအော်လိုက်သည်။ ဘာတုံ့ပြန်မှုမှ မရှိသဖြင့် သူကိုယ်တိုင် သွားရောက်ကာ ထိုလူကို ကန်နိုးလိုက်ရသည်။

“နင် သေချင်နေတာလား။ အလုပ်လုပ်လို့ ပြောနေတယ်လေ။ အခုက အိပ်ရမယ့် အချိန်လား။ မြန်မြန်၊ ငါ အရင်က မှာထားတဲ့အတိုင်း အိတ်ထဲက ပစ္စည်းကို ဝယ်မယ့်သူဆီ အခုချက်ချင်း သွားပို့လိုက်တော့”

မူလက လီရှင်းရှင်းသည် လူကုန်ကူးသမားများအား စိတ်ကြမ်းကိုယ်ကြမ်းရှိသော မုဆိုးဖိုကြီးတစ်ယောက်ကို ရွေးချယ်ခိုင်းထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာသည် ကျင်းမန်မြို့နှင့် သိပ်မဝေးသော်လည်း တောင်တက်တောင်ဆင်း အဆင့်ဆင့် ကျော်ဖြတ်ရသည့် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သည်။

“ကဲ အားလုံး အဆင်ပြေသွားပြီ။ လောင်ဟန်က ဖြတ်လမ်းကနေ ပစ္စည်းသွားပို့လိမ့်မယ်။ နောက်ဆုံး မနက်ဖြန် မွန်းတည့်ချိန်ဆိုရင် ဝယ်တဲ့သူလက်ထဲ ရောက်သွားလိမ့်မယ်” ဟု ပြောပြီးနောက် ထိုလူက အဆင်သင့်ပြင်ထားသော ငွေ ၁၀၀ ယွမ်ကို ထုတ်၍ လင်းစုယွီကို ပေးလိုက်သည်။

“အရောင်းအဝယ်ရဲ့ အများစုကို နင်ယူမယ်လို့ ငါတို့ သဘောတူထားတာလေ။ ရော့၊ ဒါ နင့်အတွက် ၁၀၀ ယွမ်။ ကတိအတိုင်းသာ လုပ်ပါ၊ နောက်လည်း လူရှိရင် ငါ့ဆီကိုသာ ပို့လိုက်” ဟု သူက ဆိုသည်။

လီရှင်းရှင်းကို သူတို့အဖွဲ့ထဲ ပါလာအောင် ဆွဲဆောင်သည့်အနေဖြင့် လူကုန်ကူးသမားက ငွေအမြောက်အမြား ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ မသိလိုက်သည်မှာ လီရှင်းရှင်းကို သွားပို့သော လောင်ဟန် ပြန်ရောက်လာသည်နှင့် သူတို့အားလုံး ရဲစခန်းကိုသွား၍ အပြစ်ဝန်ခံကာ သေဒဏ်ပေးခြင်းကို ခံရတော့မည် ဆိုသည့်အချက်ပင်။

“ဒါနဲ့... နင့်ရဲ့ ပိုက်ဆံနဲ့ ပိုင်ဆိုင်မှု အားလုံးကို အိမ်မှာပဲ စုထားဖို့ မမေ့နဲ့ဦး၊ နင့်တပည့်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အိမ်မှာပဲ ထားခိုင်းလိုက်” ဟု လင်းစုယွီက စိတ်ဝိညာဉ်စွမ်းအားသုံး၍ မှာကြားလိုက်သည်။ လူကုန်ကူးသမားမှာ မိန်းမောစွာဖြင့် ခေါင်းညိတ်ပြပြီးမှ သတိပြန်ဝင်လာသည်။ ရုတ်တရက်ပင် သူသည် သူ၏ပိုင်ဆိုင်မှုများကို အိမ်မှာစုထားမှသာ စိတ်ချရမည်ဟု အပြင်းအထန် ခံစားလိုက်ရတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters