← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အပိုင်း ၆၈ - နေ့စဉ်ဘဝ

“ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်မ ခုလေးတင် ပြောပြီးပြီမလား။ ကျွန်မတို့ကလေးက အခုမှ ၁၂ နှစ်၊ ၁၃ နှစ်ပဲ ရှိသေးတာ။ အရင်က ဒုက္ခတွေအများကြီး ကြုံခဲ့ရတာဆိုတော့ အခု အာဟာရဖြစ်အောင် သေချာကျွေးမွေးဖို့ လိုနေလို့ပါ။ မဟုတ်ရင် နောက်ပိုင်း မိန်းကလေးကိစ္စတွေ စဖြစ်လာတဲ့အခါ ကျန်းမာရေး ထိခိုက်မှာစိုးလို့”

အဒေါ်ထောင်က လင်းစုယွီ အရွယ်ရောက်လာပြီဆိုတာ သိတာနဲ့ အာဟာရဖြစ်မယ့် အစားအသောက် ဝယ်လို့ရအောင် ရိက္ခာလက်မှတ်လေး ဘာလေး ရမလားဆိုပြီး ဆရာဝန်ကို အတင်းပူဆာနေခြင်း ဖြစ်သည်။

ဒီဘက်ခေတ်မှာ ရိက္ခာလက်မှတ်ဆိုတာ ရဖို့ အလွန်ခက်ခဲသည်။ အာဟာရဖြစ်တာတစ်ခုခု ဝယ်ချင်ရင်တောင် လက်မှတ်ရဖို့ အမျိုးမျိုး ကြံဖန်ရသည်။ လင်းစုယွီကလည်း ဆေးရုံတက်နေရတာမို့ ဒီအခွင့်အရေးကို အသုံးချပြီး အိမ်အပြန်မှာ သကြားညိုဝယ်လို့ရမယ့် လက်မှတ်လေး ဘာလေး ရအောင်ယူမယ်လို့ အဒေါ်ထောင်က အပိုင်တွက်ထားခြင်း ဖြစ်သည်။

“ကဲပါ... ကဲပါဗျာ၊ ကျွန်တော် သကြားညို နှစ်ကျပ်သားစာ လက်မှတ်ပဲ ပေးနိုင်မယ်။ ဒါပဲရှိတော့တယ်” ဟု ပြောပြီး ဆရာဝန်ကြီးမှာ အမြန်ခြေဦးလှည့် ထွက်သွားတော့သည်။

ဆရာဝန်တွေဘက်ကလည်း မလွယ်လှပေ။ ဆေးရုံလာသမျှ လူတိုင်းက သူတို့ဆီကနေ ရိက္ခာလက်မှတ် ညှစ်ထုတ်ဖို့ပဲ ကြိုးစားနေကြသည် မဟုတ်ပါလား။

ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်သည့်အခါ အဒေါ်ထောင်က အစ်မရှောင်ကို သူ့ကလေးတွေကို သွားကြည့်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့ လင်းစုယွီအိမ်မှာ နေရစ်ခဲ့သည်။ ထို့နောက် ဆေးရုံမှာတုန်းက ပြောလက်စ စကားကို ပြန်စလိုက်သည်။

“စုယွီ၊ သမီးက နှစ်သစ်ကူးပြီးရင် ၁၃ နှစ်ထဲ ရောက်ပြီမလား။ ဒါကြောင့် ဒီနေ့ အဒေါ်က သမီးကို မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်တဲ့အကြောင်းလေး ပြောပြချင်လို့”

လင်းစုယွီ ဖျားနေတာကို မြင်လိုက်ရတဲ့အခါ အဒေါ်ထောင်က စုယွီအသက်အရွယ်ကို သတိရသွားခြင်း ဖြစ်သည်။ တစ်ခါတလေ မိန်းကလေးတွေ အပျိုဖော်ဝင်ကာစမှာ အကြောင်းရင်းမရှိဘဲ ဖျားတတ်သည် မဟုတ်ပါလား။

လင်းစုယွီမှာ ဒါတွေကို သွန်သင်ပေးမယ့် လူကြီးမိဘ မရှိတာကြောင့် အဒေါ်ထောင်က စိုးရိမ်စိတ်နဲ့ ကြိုတင်ရှင်းပြထားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မိန်းကလေးတစ်ယောက် အရွယ်ရောက်လာပြီး ကလေးမွေးနိုင်တဲ့ အရည်အချင်းရှိလာပြီဆိုရင် လစဉ်ဓမ္မတာ လာလိမ့်မယ်။ အဲ့ဒီလိုမျိုး အကြောင်းရင်းမရှိဘဲ သွေးဆင်းလာတာ မြင်ရင် မထိတ်လန့်နဲ့နော်။ အဒေါ့်ကိုပဲဖြစ်ဖြစ်၊ မမဟွေ့ယီကိုပဲဖြစ်ဖြစ် ခေါ်လိုက်”

လင်းစုယွီ လန့်သွားမှာစိုးလို့ အဒေါ်ထောင်က စကားလုံးတွေကို ရွေးချယ်ပြီး အသာအယာ ပြောပြနေရှာသည်။ လင်းစုယွီက ကလေးအစစ်မှ မဟုတ်တာ၊ ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်း သိပြီးသားပါ။ ဒါပေမဲ့ အဒေါ်ထောင်ရဲ့ စေတနာကို မဖျက်ချင်တာကြောင့် ရှက်သွေးဖြန်းသလိုမျိုး ခေါင်းလေးငုံ့ပြီး ဟန်ဆောင်နေလိုက်သည်။

“အဲ့ဒီလို လာတဲ့အခါ ဗိုက်ထဲမှာ တင်းသလိုလို၊ အောင့်သလိုလို ခံစားရလိမ့်မယ်။ ဒါတွေက ပုံမှန်ပဲ။ တစ်ကယ်လို့ သမီးက ‘နွေရာသီ အနားယူခြင်း’ မျိုး လိုချင်ရင်၊ ဆိုလိုတာက အရမ်းပူတဲ့ နွေလတွေမှာ ဓမ္မတာမလာချင်ဘူးဆိုရင်တော့ ပတ်တီးစတွေကို ကြိုပြင်ထားဖို့ လိုတယ်”

အဒေါ်ထောင်က ရှေးလူကြီးတွေလက်ထက်ကတည်းက ဆင်းသက်လာတဲ့ အတွေ့အကြုံတွေကို တတွတ်တွတ် ပြောပြနေသည်။ လင်းစုယွီကတော့ “နွေရာသီ အနားယူခြင်း” ဆိုတဲ့ စကားလုံးအသစ်ကို ကြားလိုက်ရတဲ့အခါ စိတ်ဝင်စားသွားသည်။

နွေရာသီမှာ လအနည်းငယ်လောက် ဓမ္မတာမလာအောင် လုပ်လို့ရတယ်ပေါ့လေ။ ဒီလောက်ကောင်းတဲ့အရာရှိရင် သူမ နားထောင်ကြည့်ချင်သည်။ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင်တော့ သူမ စမ်းကြည့်ဖို့ ဝန်မလေးဘူး။

“အဒေါ်ထောင်၊ မိန်းကလေးတွေ အရွယ်ရောက်ရင် ဓမ္မတာလာတတ်တယ်ဆိုတာတော့ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ‘နွေရာသီ အနားယူခြင်း’ ဆိုတာ ဘာကို ပြောတာလဲဟင်” ဟု လင်းစုယွီက သိချင်စိတ်ဖြင့် မော့ကြည့်ပြီး မေးလိုက်သည်။

ထိုအရာကတော့ မိန်းကလေးတစ်ယောက် ပထမဆုံးအကြိမ် ဓမ္မတာလာတဲ့အခါ ဂျင်းရည်စိမ်ပြီး နေလှန်းထားတဲ့ ပတ်တီးစကို သုံးစွဲခြင်း ဖြစ်သည်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် နောင်နှစ်တွေရဲ့ နွေရာသီတိုင်းမှာ သုံးလလောက် ဓမ္မတာ ကင်းဝေးစေတယ်လို့ ဆိုသည်။

အိုကေ... ဗဟုသုတအသစ်တစ်ခု ထပ်တိုးသွားတာပေါ့။

ဒီခေတ်မှာ အိမ်သာသုံးစက္ကူတောင် ရှားပါးနေတာ၊ လစဉ်သုံးပစ္စည်းဆိုတာ ဝေးရော။ အကယ်၍ နွေရာသီရဲ့ ပူအိုက်တဲ့ သုံးလမှာ ဒီဒုက္ခကနေ ကင်းဝေးမယ်ဆိုရင် ဒါဟာ တကယ်ကို ကောင်းတဲ့အချက်ပဲလို့ လင်းစုယွီ တွေးလိုက်သည်။

ဒါတင်မကသေးဘူး၊ ဒီနည်းလမ်းက ခန္ဓာကိုယ်ကိုလည်း မထိခိုက်စေသလို ကလေးရနိုင်စွမ်းကိုလည်း မနှောင့်ယှက်ဘူးဆိုတာကို မေးမြန်းအတည်ပြုပြီးနောက် လင်းစုယွီကတော့ အဲ့ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

အဲ့ဒီနေ့ညနေမှာတော့ ချန်ဟွေ့ယီ ရောက်လာပြီး လင်းစုယွီကို ဒီနေ့သင်ခန်းစာတွေ ပြန်နွှေးပေးပြီးမှ ပြန်ဖို့ပြင်သည်။

အဒေါ်ထောင်ကတော့ လင်းစုယွီ ညဘက် ပြန်ဖျားမှာစိုးလို့ အိပ်ဖော်လာလုပ်ပေးချင်သော်လည်း လင်းစုယွီက သူမ နေကောင်းသွားပြီဖြစ်ကြောင်းနဲ့ အဒေါ်ထောင်ကို သူ့မိသားစုဆီကနေ ခွဲမထားချင်တာကြောင့် ငြင်းဆန်လိုက်သည်။

“အဒေါ်ထောင်၊ မမဟွေ့ယီနဲ့ပဲ အိမ်ပြန်လိုက်ပါ။ သမီး တကယ် နေကောင်းနေပါပြီ၊ ဒီည မဖျားတော့ပါဘူး” ဟု လင်းစုယွီက အတင်းပြောမှပဲ သားအမိနှစ်ယောက် အိမ်ပြန်သွားတော့သည်။

သို့သော်လည်း တစ်ခုခုဖြစ်ရင် လှမ်းခေါ်ဖို့၊ အိမ်ချင်းနီးတာကြောင့် အော်လိုက်ရင် ကြားနိုင်ကြောင်းကိုတော့ အထပ်ထပ် မှာသွားကြသေးသည်။

မအိပ်ခင်မှာတော့ လင်းစုယွီက မနေ့ညက ဖြစ်ရပ်တွေကို ပြန်စဉ်းစားနေမိသည်။ လီရှင်းရှင်း ပျောက်သွားတာကို လီမိသားစုတွေ သိသွားရင် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သူမ သိချင်နေမိသည်။

နောက်ပြီး လူကုန်ကူးတဲ့ဂိုဏ်းကို နှိမ်နင်းဖို့အတွက် တိုင်ကြားစာ အသေးစိတ်ကိုလည်း နောက်ရက်တွေမှာ ပြင်ဆင်ရဦးမည်။ ထိုလူကုန်ကူးသူတွေ စုဆောင်းထားတဲ့ ငွေတွေကိုတော့ သူတို့ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို လျော်ကြေးပေးတဲ့နေရာမှာ သုံးစေချင်သည်။

သို့သော်လည်း လီမိသားစုက သားအဖနှစ်ယောက်လုံးကတော့ လီရှင်းရှင်း ပျောက်နေတာကို သတိတောင်မထားမိကြပေ။ တစ်ယောက်က အိမ်က ကလေးတွေကို ဂရုမစိုက်တာ ကြာပြီဖြစ်သလို၊ ကျန်တဲ့တစ်ယောက်ကလည်း လီရှင်းရှင်းဆီမှာ ပိုက်ဆံနဲ့ လက်မှတ်တွေ ရှိနေတာကြောင့် ဒုက္ခမရောက်နိုင်ဘူးလို့ပဲ တွေးနေကြသည်။

အစပိုင်းမှာ လီမိသားစု သားအဖနှစ်ယောက်က လီယန်ပင်း အမေရဲ့ နာရေးကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေကြသည်။ လာသမျှ ဆွေမျိုးတွေက လီရှင်းရှင်း ဘယ်ရောက်နေလဲ မေးကြပေမယ့် သူမကပဲ အိမ်ကနေ ဇွတ်တရွတ် ထွက်ပြေးသွားတာလို့ သိလိုက်ရတဲ့အခါ ဘယ်သူမှ ထပ်မမေးကြတော့ပေ။

အစ်ကိုကြီးမာဆိုတဲ့ လူကိုတော့ မိုးလင်းမှ လမ်းဘေးမှာ အိပ်ပျော်နေတာကို တွေ့ကြပြီး ခြေထောက်မှာလည်း ဒဏ်ရာ ရနေသည်။ လမ်းသွားလမ်းလာတွေက သူ့ကိုနှိုးပြီး ဆေးရုံပို့ပေးကြပေမယ့် သူ့ဆီမှာ ပိုက်ဆံမှ မရှိတာ၊ ဆေးရုံလို ဈေးကြီးတဲ့နေရာကို ဘယ်လိုလုပ် သွားနိုင်မှာလဲ။

အဲ့ဒီအချိန်မှာ အစ်ကိုကြီးမာက ဆိုက်ကားတစ်စီးကို ပြား ၂၀ ပေးပြီး ငှားကာ အိမ်ပြန်လိုက်သည်။ ထို့နောက် သူ့တပည့်တွေကို အရိုးဆက်ပေးတဲ့ ဆရာတစ်ယောက်ဆီပဲ ခေါ်သွားခိုင်းလိုက်တော့သည်။

လီရှင်းရှင်းနဲ့ ပတ်သက်ပြီးတော့လည်း အစ်ကိုကြီးမာက သူမကို မသိတော့ဘူးလို့ပဲ တဲ့တိုးပြောလိုက်ပြီး သူ့တပည့်တွေကိုလည်း သူမအကြောင်း မဟဖို့ အမိန့်ပေးလိုက်သည်။

နောက်တစ်နေ့မနက်မှာတော့ လင်းစုယွီ နေကောင်းသွားပြီမို့ ကျောင်းပြန်တက်နိုင်ခဲ့သည်။ အတန်းထဲ ရောက်တာနဲ့ လျန်ဟွေ့က သူမဆီ အမြန်ပြေးလာပြီး ကျန်းမာရေးအခြေအနေကို မေးမြန်းကာ မနေ့က ဘာလို့လာမကြည့်ဖြစ်လဲဆိုတာကို ရှင်းပြရှာသည်။

အကြောင်းရင်းကတော့ သူမရဲ့ ဒုတိယအစ်ကို လျန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာကောင်းသူမို့ လူကြီးတစ်ယောက်က သဘောကျပြီး သူ့သမီးနဲ့ မိတ်ဆက်ပေးချင်နေခြင်း ဖြစ်သည်။

ဒီတစ်ခါ ဒုတိယအစ်ကို လျန်ကို သဘောကျနေသူကတော့ စက်မှုဝန်ကြီးဖြစ်ပြီး စက်ရုံမှူးလျန်ရဲ့ အထက်လူကြီးဟောင်းလည်း ဖြစ်နေသည်။ ဒါကြောင့် မျက်နှာပျက်စရာ မဖြစ်အောင် ရှောင်လွှဲလို့ မရပေ။

ထို့ကြောင့် ဒုတိယအစ်ကို လျန်မှာ တစ်ဖက်မိသားစုနဲ့ တရားဝင် လူတွေ့နှုတ်ဆက်ပွဲ သွားရတော့သည်။ အဲ့ဒီလို မိသားစုချင်း တွေ့ဆုံပွဲမို့ ညီမအငယ်ဆုံးဖြစ်တဲ့ လျန်ဟွေ့ပါ အတူလိုက်သွားခဲ့ရခြင်း ဖြစ်သည်။

“ဟူး... ငါ့ရဲ့ ဒုတိယအစ်ကိုကတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ။ တကယ်တော့ သူက ပိုပြီး တက်တက်ကြွကြွရှိရင် အဆင်ပြေနေမှာကို၊ အခုတော့ အမူအရာတွေ လုပ်နေရင်းနဲ့ သူများက ဝင်ကြိုက်သွားတာ ခံလိုက်ရပြီ။ သူ ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့”

လျန်ဟွေ့က မသိနားမလည်တဲ့ ကောင်မလေး မဟုတ်ပါဘူး။ သူမ အစ်ကိုရဲ့ လှည့်ကွက်လေးတွေကို ကောင်းကောင်း ရိပ်မိနေသည်။

လင်းစုယွီက သံသယရှိသလို ကြည့်နေတာကို မြင်တော့ လျန်ဟွေ့က ချက်ချင်း ထပ်ဖြည့်ပြောလိုက်သည်။

“ဒါ ငါ့တတိယအစ်ကို ပြောပြတာနော်။ သူကတော့ ပြောတယ်... ဒုက္ခပါပဲ အစ်ကိုက မြေခွေးပဲတဲ့။ တစ်ဖက်လူကို ကြိုက်နေတာကို သူက အရင် စမပြောပဲ ဟိုဘက်က အရင်စပြော လာအောင် စောင့်နေတာတဲ့”

ဪ... ဒါကြောင့်ကိုး။ တတိယအစ်ကို လျန်က ရိပ်မိနေတာကိုး။

“ဒါဆို ဒုတိယအစ်ကို လျန်က ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

“ဟဲဟဲ... သူကတော့ ပြောတာပဲ၊ ကျောင်းဆင်းရင် ငါ့ကို လာကြိုမယ်တဲ့။ ပြီးရင်... အဲ့ဒီနီးစပ်မှုကို သုံးပြီး တစ်ဖက်လူရဲ့ စိတ်ကို ရအောင်ယူမလို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဂရုမစိုက်ဘူး။ စုယွီ ငါတို့ သူ့ကို နိုင်ငံပိုင် စားသောက်ဆိုင်မှာ ထမင်းတစ်နပ်လောက် ဝယ်ကျွေးခိုင်းလို့ ရတာပေါ့”

လျန်ဟွေ့ကတော့ တကယ်ကို ချစ်ဖို့ကောင်းပြီး စိတ်ရင်းစေတနာရှိတဲ့ ညီမလေးပါ။ အစ်ကိုဖြစ်သူကို မုန့်ဝယ်ကျွေးခိုင်းဖို့ကတော့ သူမရဲ့ အကျွမ်းကျင်ဆုံး အနုပညာတစ်ခု ဖြစ်နေသည်။

“အော်... ဒါနဲ့ စုယွီ၊ မနေ့က ကျောင်းကို ဆရာအသစ်တစ်ယောက် ရောက်လာတယ် သိလား။ သူက တတိယတန်းနဲ့ စတုတ္ထတန်းက တရုတ်စာအတန်းတွေကို တာဝန်ယူမှာဆိုတော့ ဆရာမချန်လည်း အသက်ရှူချောင်သွားပြီပေါ့”

“ဒါဆို ကောင်းတာပေါ့။ ဆရာမချန် အလုပ်သိပ်မရှုပ်တော့ရင် အချိန်ပိုတွေ ထွက်လာမယ်။ အဲ့ဒါဆို အစ်ကို လျန်အတွက် အခွင့်အရေး ပိုမရဘူးလား”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြတာ သိသာသော်လည်း တရားဝင်ဖြစ်ဖို့ကျတော့ တွန့်ဆုတ်နေကြတုန်းပင်။

“စုယွီ၊ အဲ့ဒီ ဆရာပိုင်က မနေ့က အတန်းထဲတောင် လာသေးတယ်။ ပြီးတော့ နင့်အကြောင်းလည်း မေးသွားတယ်”

လင်းစုယွီ - ငါ့ကို‌မေးတယ်လား။ ငါ ဘယ်ဆရာပိုင်ကိုမှ မသိပါဘူး။ ငါသိတဲ့ ဆရာပိုင် ဆိုတာရှိလို့လားး။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters